❝ ကျွန်တော် မမှားပါဘူးနော် ❞
[ ၁ ]
ဟော ရောက်နေတာ ကြာပြီလား ။ ဆောရီး ဗျို့ - ကျွန်တော် နောက်ကျ သွားတယ် ။ နေပါစေ ၊ နေပါစေ စောစောက ပဲ ကျွန်တော် သောက်ခဲ့ပြီးပြီ ။ တကယ် ပြောတာပါ ။ ဘာ ရှက်စရာ ရှိလို့လဲဗျာ ။ ခင်ဗျား လည်း ကျွန်တော့် အကြောင်း သိနေသား ဥစ္စာ ။ ကျွန်တော့် မလဲ အခုမှ ကလေး ပြန် ဖြစ်နေတယ် ။ မနက် လင်း လာရင် ကျွန်တော် သွားဖို့ ဆိုပြီး ဒေါ်ရီရီမြင့် က တစ်နေ့ တွက် ငွေ ၂ဝိ/ - ထုတ် ပေးတယ်လေ ။ မုန့်ဖိုး ပေါ့ ဗျာ ။
ခင်ဗျား သိသားနဲ့ ။ ဒီနေ့ ကုန်ဈေးနှုန်း အခြေအနေ နဲ့ ဘယ် လောက်နိုင်မလဲ ။ တစ်ယောက်တည်း လက်ဖက်ရည် ဆိုင် ထိုင် ရင် ကို လက်ဖက်ရည် တစ်ခွက် နဲ့ အီကြာကွေး တစ်ချောင်း စားတာ နဲ့ ငွေ ၇ဝိ/ – ကုန်သွားပြီ ။ နေ့ခင်း နဲ့ ညနေ ပိုင်း ကျန်သေးတယ် ။ ကျွန်တော် က လက်ဖက်ရည် ကြိုက် တဲ့ သူ ဗျ ။ လက်ဖက်ရည် သောက် ရင် လည်း မုန့်လ ည်း စား ရဦး မှ ။ တစ်ခါတလေ မြို့ ထဲ ကို ထွက် လို့ များ အပေါင်းအသင်း မိတ်ဆွေတွေ နဲ့ တွေ့ မှာ တောင် စိုးရိမ်ရတယ် ။ တွေ့ ရင် ရှိတဲ့ ပိုက်ဆံလေး နဲ့ မလောက်တော့ ကျွေးချင် မွေးချင် စေတနာတွေ ရှိပေမဲ့ အားနာ မျက်နှာ ပူရတယ် ဗျာ ။ ကျွန်တော့် ပင်စင်လစာ တော့ ရှိတာပေါ့ ။ ဒေါ်ရီရီမြင့် က အပိုင် သိမ်း ထားတယ်လေ ။ ပင်စင် ထုတ် ပြီး ရင် သူ့ ကို ပဲ အကုန် အပ် ရတယ် ။ ပြီးတော့မှ သူ က နည်းနည်းချင်း ကျွန်တော် သုံးဖို့ ဆိုပြီး ပြန် ပေးတယ် ။ အကြောင်းပြချက် က တော့ ရှိ ရင် ရှိ သလို သုံးလို့ ကုန်မှာ စိုးလို့တဲ့ ။
ဒါပေမဲ့ ကျွန်တော် က လည်း ဘယ် ခေမလဲ ။ သူ မသိ တဲ့ တချို့ ကိစ္စလေးတွေ ကျတော့ အကွက် ဖျောက် ကလေး တွေ လုပ် ရတာပေါ့ ။ ဟို တစ်နေ့ က မုံရွာ ကို ခဏ သွား လိုက် တယ် ။ မုံရွာ က တပည့်တွေ က ငွေ တစ်ထောင် ၊ အိန္ဒိယ လုံချည် က နှစ်ထည် ၊ ပြီးတော့ ဘုတလင်စောင် က သုံးထည် ဆရာကြီး အတွက် ဆိုပြီး ကန်တော့ လိုက် ကြတယ် ။ ကျွန်တော့် တပည့်တွေ ကျန်းမာချမ်းသာကြပါစေ ၊ နောက် လည်း မုံရွာ ကို ကျွန်တော် ရောက်ရင် သည့်ထက် မ က ကန်တော့ နိုင်ကြပါစေ ။
ဒီမယ် ခင်ဗျ ၊ ပင်စင်စား ဆိုပေမဲ့ ကျွန်တော်တို့ ကျောင်းဆရာ ပင်စင်စားတွေ က လည်း မျက်နှာ မငယ်ရပါ ဘူး ။ ဘယ်နေရာ သွားသွား ၊ ဘယ်နား နေနေ ကိုယ့် တပည့် တပန်းတွေ နဲ့ တွေ့ တတ် ပါတယ် ။ အရပ်ဘက် ဖြစ်ဖြစ် ၊ စစ်ဘက် ဖြစ်ဖြစ် တပည့်တွေ ရှိ နေကြပါတယ် ။ ကျွန်တော့် ကျောင်းဆရာ လုပ်သက် နည်းရိုးလား ဗျာ ၊ လုပ်သက် အနှစ် ၃ဝ ကျော် မှာ မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ရန်ကုန်တိုင်း နဲ့ ပဲခူးတိုင်း တွေ မှာ အလုပ် လုပ် ခဲ့ရတာ ။ နယ်စုံဒေသစုံ တပည့်တွေ က လည်း များ မှ များပါဘိသနဲ့ ။ ကျောင်းသား တုန်း က ဆိုး တဲ့ တပည့် ရော ၊ တော် တဲ့ တပည့် တွေ ပါ ကျွန်တော့် ကို ပြန် တွေ့ရင် ဆရာကြီး − ဆရာကြီး နဲ့ ကျွေးချင် မွေးချင် ကန်တော့ချင် ကြတယ် ။
မုံရွာ က ပြန် လာတော့ ဒေါ်ရီရီမြင့် ကို “ တပည့်တွေ က ကန်တော့လိုက်ကြတာဟေ့ ” ဆိုပြီး လုံချည် နဲ့ စောင် ကို ပေးလိုက်တယ် ။ ဟို - ငွေ တစ်ထောင် လား ၊ အမယ်လေး ဒါလေး တော့ လည်း သည်း သည်းခံပါ ။ ဒေါ်ရီရီမြင့် ကို မအပ်နိုင်ပေါင် ဗျာ ။ သူ့ ဆီ ရောက်သွားရင် ပြန်လမ်း မရှိဗျ ။ ကျွန်တော့် မလဲ အိပ်ကပ် ထဲ မှာ ငွေပို ငွေလျှံလေးတွေ ထားဦး မှ ဖြစ်မယ် ။ အင်း ဒီ လျှို့ဝှက်ချက်ကြီးများ သိ သွား ရင် ဒေါ်ရီရီမြင့် က ကျွန်တော့် ကို ဆူတော့မှာ ပဲ ။ မသကာ စကား တောင် များကြရဦးမယ် ။
အသက်အရွယ် ကြီးလာတဲ့ အချိန် မှာ စကား များ ရန်ဖြစ် ကြရင် ရယ်စရာကြီး ပေါ့ ဗျာ ။ ဒါပေမဲ့ ရန်ဖြစ်စရာ ရှိ ရန်ဖြစ်ကြတုန်းပဲ ။ အရင် လို သာ မဟုတ်တာ ။ ဆင်ခြင်တုံ တရား နဲ့ ထိန်းရပြီ လေ ။ အော်ကြီးဟစ်ကျယ် နဲ့ သူ တစ်ခွန်း ငါ တစ်ခွန်း မပြောကြတော့ပါဘူး ။ သူ့ ဘက် က လည်း လျှော့ ၊ ကိုယ့် ဘက် ကလ ည်း လျှော့ ပေါ့ ။ ကလေးတွေ က လည်း အရွယ်ရောက် လို့ လုပ်ငန်း ကိုယ်စီ နဲ့ ဖြစ် ကုန်ကြပြီ ။ နောက် ကျွန်တော်တို့ နှစ်ယောက် အသက်က လည်း ၆ဝ ကျော် ၊ ၇ဝ ဖက် ရောက်နေပြီပဲ ခင်ဗျ ။ စိတ်နောက် ကိုယ်ပါ မလိုက်နိုင် ကြတော့ပါဘူး ။ ကျွန်တော်တို့ လည်း နောက်ထပ် ကျန်းကျန်းမာ နဲ့ နေရလှ မသကာ ၁ဝ နှစ် ပေါ့ဗျာ ။ မသေခင်လေး မှာ ပျော်ပျော်ရွှင်ရွှင် အေးအေးဆေးဆေး နေ ချင်ပါတယ် ။
ရန်ဖြစ်တာလား ၊ ခင်ဗျား နှယ် ကျွန်တော် နဲ့ ဒေါ်ရီရီ မြင့် က ရ ကတည်း က ရန်ဖြစ် ခဲ့ကြတာ ။ မရယ်နဲ့ လေ ။ ခင်ဗျားတို့ က လူငယ်တွေ ဆို တော့ ကျွန်တော့် အကြောင်းတွေ ကို ပြောရဦးမယ် ။ ရင်ဖွင့်တယ် ဆိုပါစို့ ဗျာ ။ အင်း ရင်ဖွင့် လိုက်တော့ လည်း ရင် ထဲ မှာ အနာတွေ နဲ့ ။ ဒီ အရွယ်ကြီး ရောက် မှ ကလေး စကား ပြောတယ်လို့ တော့ မထင်နဲ့ ဗျို့ ။
ကျွန်တော် နဲ့ ဒေါ်ရီရီမြင့် က သမီးရည်းစား ဘဝ ကတည်း က သိပ် ချစ်တာ ။ ရီ တဲ့ ၊ မောင် တဲ့ အဲဒီလို ခေါ်ခဲ့ကြ တာနော် ။ ချစ်တာပေါ့ ဗျာ ။ သိပ် ချစ်တာပေါ့ ။ အဲဒီတုန်းက ခေတ်စား နေတဲ့ သက်ဝေ သီချင်း ထဲ က လိုပေါ့ ။ ဒါပေမဲ့ ချစ် တာ သာ ချစ်တာ နော ။ အိမ်ထောင် ကျ လို့ လခ ထုတ်တဲ့ ရက် လည်း ရောက် ရော ၊ စောစော က ရီ တွေ ၊ မောင် တွေ ဘေးဖယ် ပြီး သူ နဲ့ ကျွန်တော် အကြီးအကျယ် ရန်ဖြစ်ကြ တော့တာပါပဲ ။ အဖြစ်က ဒီလိုလေ ဗျာ ။ သူ က လည်း အ ထက်တန်းပြ ဆရာမ ၊ ကျွန်တော် က လည်း အထက်တန်းပြ ဆရာ ။ လခ ထုတ်တဲ့ အခါကျ ရတဲ့ လခလေး ထဲ က သူ့ ဘက် ကိုယ့် ဖက် ကို ပေးချင် ကမ်းချင် ကြတယ် ။ နှစ်ဘက် စလုံး ဘယ်သူ မှ မပြည့်စုံဘူး ။
ကျွန်တော့် မှာ လည်း သား အကြီးဆုံး ဆိုတော့ တာဝန် ရှိတယ် ။ သူ က လည်း သမီး အကြီးဆုံး မို့ သူ့ မောင်တွေ ၊ ညီမတွေ ကို ပေးချင်ရှာ မှာပဲ ။ ဉာတကာနဉ္စသင်္ဂဟော လို့ ဆိုထား ပေမယ့် ကျွန်တော်တို့ လင်မယား မှာ တော့ ဉာတကာတွေ များ လွန်းတော့ ဘယ်သူ့ဘက် ကို မှ ဦးစား အပေး မခံချင်ဘူး ။ လခ ထုတ်တိုင်း စကား များကြရတယ် ။ ကျွန်တော်တို့ အိမ်ထောင်သက် နှစ်ပေါင်း ၄၀ နီးပါး ရှိပြီပဲ ခင်ဗျာ ။ အဲဒီ အနှစ် ၄ဝ လုံးလုံး စကား များခဲ့ရတာ ။ အခုထိ အခုထိ ပါပဲ ။ နောက်တော့ ကျွန်တော် က လည်း သူ မသိ အောင် ကျွန်တော့်ဘက် ကို ခိုး ပေးရတယ် ။ သူ က လည်း ကျွန်တော့် လို နေမှာပဲ ပေါ့ ။ အဲဒီမှာ တင် ကျွန်တော် အသိတရား တစ်ခု ရခဲ့တယ် ။ အင်း - ဘယ်လောက်ကြီး ပဲ ပညာ တွေ တတ်တတ် တစ်ဦး ကို တစ်ဦး နားလည် ပြီး ချစ်ကြ ပေ မဲ့ အိမ်ထောင် တစ်ခု မှာ စီးပွားရေး မဟန် ရင် အဆင်ပြေ နိုင်ပါ့မလား ပေါ့ ။
ကျွန်တော့် မှာ သား ၃ ယောက် ရှိခဲ့ပါတယ် ။ သား ၃ ယောက် စလုံး ကို ကျူရှင် တစ်ခု မှ မထားဘဲ RIT ရောက် အောင် ကျွန်တော် ကိုယ်တိုင် စာ သင် ပေးခဲ့တာ ခင်ဗျ ။ အခု ဆို ရင် အကြီးဆုံး သား မောင်မိုးသန်း က ပျဉ်းမနားသကြား စက်ရုံ မှာ အရာရှိ ။ လုပ်သက် တောင် ၁၄ နှစ် နီးပါး ရှိနေပြီ ။ သားလတ် မောင်တိုးသန်း က အာခီတက် က ဆင်းပြီး မန္တလေး မှာ ပဲ ကန်ထရိုက် လုပ်နေတယ် ။ အငယ်ဆုံးလေး မောင်စိုးသန်း က တော့ သင်္ဘောသား လေ ။
သားတွေ အားလုံး သူတို့ စီးပွားရေး နဲ့ သူတို့ အဆင် ပြေ ကြပါတယ် ။ ငယ်ငယ်တုန်း က တော့ ကလေးတွေ ခမျာ လည်း အဖေ နဲ့ အမေ ခဏခဏ ရန်ဖြစ်တာ မြင်တိုင်း စိတ် ဆင်းရဲ ရှာမှာပေါ့ ဗျာ ။ ဒါပေမဲ့ ကလေးတွေ က တော်သဗျ ၊ သိလား ။ သားသမီး ဆိုပေမယ့် မိဘ ဆီ က ကောင်းတဲ့ စရိုက် လက္ခဏာ ကောင်းမွေ ကို သာ ယူခဲ့ကြတယ် ။ သူတို့လေး တွေ အိမ်ထောင်စု အကြောင်း မေးရင် ရန်ဖြစ်တယ် ဆိုတဲ့ အသံ မကြားရဘူး ။ သူတို့ ကို မေးပြီး မှ ကျွန်တော့် မှာ သာ သာဓု ခေါ်ရင်း စိတ် ထဲ မှာ ရှက် သွားတယ် ။
••••• ••••• •••••
[ ၂ ]
၁၉၅၂ ခုနှစ် မှာ ကျွန်တော် အင်တာ အောင် ပါတယ် ။ အဲဒီ အချိန် မှာ အိမ် က စီးပွားရေး ချွတ်ခြုံကျ နေပြီ ။ ကျွန်တော့် အဖေ့ က ဦးဖိုးလူ တဲ့ ။ အမေ က ဒေါ်လှစိန် တဲ့ ။ ရွာ မှာ တော့ ပဂေး ပေါ့ ခင်ဗျာ ။ ယာ ဧက ၅ဝဝ ကျော် တောင် ပို င် တယ် ။ ဝါ ထွက်ချိန် ရောက်ရင် မြင်းမူ က ဝါစက်သူဌေး ဦးစိန်း ဆီ မှာ ကျွန်တော့် အဖေ က ဝါ သွား ရောင်းလေ့ ရှိတယ် ။ ကျွန်တော့် အဖေ ရဲ့ ဝါလှည်းတွေ က တစ်ခေါက် ထွက် ရင် လှည်း အစီး ပေါင်း ၅ဝ ကျော် ။
စိတ်ကူးယဉ် ကြည့်မိပါ ရဲ့ ။ တစ်ကြိမ် တစ်ခါ လောက် မြေးတွေ ၊ သားတွေ နဲ့ မိသားတစ်စုသိုက်သိုက်ဝန်းဝန်း တစ်ရက်တလေ လောက် နေချင်လိုက်တာ လေ ။ သူတို့ ခေတ် မှာ စီးပွား ရှာ တာ သက်စွန့်ဆံဖျား နဲ့ အန္တရာယ် ကြီးလှပါတယ် ဗျာ ။ ဟို တလော က သားငယ် က ဂျပန် က နေပြီး လူကြုံ နဲ့ ဖေဖေ့ အတွက် တဲ့ ဂျာကင်အင်္ကျီ တစ်ထည် နဲ့ ရက်လေဗယ် တစ်လုံး ဗျား ၊ ကျွန်တော် အရက် ကြိုက်မှန်း သိလို့ ပို့ လိုက်ရှာတာ ပေါ့ ။ တစ်ပက် ဘယ်လောက် ကျ မှန်း မပြောတတ်ပါဘူး ။
ကျွန်တော့် ဘဝ မှာ ဒီလောက် တန်ဖိုး ကြီးတဲ့ အရက်မျိုး တစ်ခါမှ မသောက် ခဲ့ ဖူးဘူး ။ ဪ - ငါ့ သားငယ် ကျေးဇူး ကြောင့် အဖိုးတန် အရက် ကို အာ စွတ်ရုံတင် မက တဝကြီး သောက်ရတော့မဟဲ့ လို့ တွေး ပြီး စိတ်ချမ်းသာ လိုက်တာ ။ ဘယ် သောက်ရမလဲ ဗျာ ၊ ဒေါ်ရီရီမြင့် လေ ပုလ င်းကို တစ်ခါ တည်း သိမ်း သွားပြီး ဈေးချို ကို တောင်ဘက် အိမ် က ကောင်လေး သွား ရောင်း ခိုင်းတယ် ။ ပြီးမှ မောင် ကြိုက်တဲ့ အာမီရမ် တဲ့ ဗျာ ။ ကျွန်တော် ဒေါသ ဖြစ်လွန်းလို့ စကား ကို မပြော နိုင် ဘူး ။ တစ်ခါတလေ တော့ နည်းနည်း ကြမ်း ပြတာပေါ့ဗျ ။ ဟ ကိုယ့် ပင်စင် လစာ ကိုယ့် ဘာသာ သုံးတာပဲ ။ ခင်ဗျား က ဘာ ပြောစရာ ရှိလို့လဲ ဆိုပြီး အာဠာဝက ဝင် ကြည့်တယ် ။ မရဘူး ဗျာ ၊ သူ့ ဘက် က လည်း လုံးဝ ကို မလျှော့တာ ။ ဒေါသ ဖြစ်လွန်း လို့ အိမ် ရှေ့ က တူရွင်းပြား ကို ကောက် ကိုင် လိုက်တယ် ။ အဲဒါ နံဘေးအိမ် က မောင်ကျော်ဦး တို့ လင်မယား က ဆရာကြီး လွန်မယ် လွန်မယ် ဆိုပြီး လာ ဆွဲကြတယ်လေ ။ ဟ - ကျွန်တော် က ဘာ လုပ်မှာမို့ တုန်း ။ ကျွန်တော် ဒေါသ ဖြစ်ရင် တူးရွင်းပြား ယူပြီး မြေကြီး တွေ လျှောက်ဆွ ၊ သစ် သစ်ပင် စိုက်တာ ဗျ ။ အခုတော့ မောင်ကျော်ဦး တို့ က စေတနာ နဲ့ အပူအပန် ကြီး တော့ ဆရာကြီး တို့ လင်မယား ရန်ဖြစ်လို့ ဆို ပြီး ရပ်ကျော် ရွာကျော် ဖြစ်ကုန်ပါရော လား ။ လူ့ ဘဝ ဆိုတာ ဒီလိုပါပဲ လေ ။ ပျော်တာ လည်း ရှိ ၊ ဝမ်းနည်း တာ လည်း ရှိ ၊ ပြည့်စုံ တာ လည်း ရှိ ၊ မပြည့်စုံ တာ လည်း ရှိ ။ စီးပွားရေး ကို ကျားကုပ်ကျားခဲ ရှာ ။ ကလေးတွေ ကို ပြုစု ပျိုးထောင် ပေး ။ အခု ချိန် ကျ တော့ ကိုယ့် အနား မှာ တစ်ယောက် မှ မရှိတော့ဘူး ။ နှစ်ယောက် နဲ့ စ ခဲ့ကြတဲ့ ဘဝ ဟာ နှစ်ယောက် နဲ့ အဆုံးသတ် ကြရမှာ ဖြစ်မြဲ မ္မတာပါပဲ ။ အတောင် စုံ တော့ အဝေး ပျံကြမှာပေါ့ ဗျာ ။ သူတို့လေးတွေ အပြစ် လည်း မဟုတ်ပါဘူး ။ အခြေအနေ တွေ က ဖန်တီး ခဲ့တာ ကိုး ။ ရွာ က ဆွေ မကင်း မျိုး မကင်း ကလေးမလေး တစ်ယောက် ခေါ် ထား ရတယ် ။ ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ တဲ့ စိတ် ကို မှီပြီး ရုပ် ဖြစ်ရတာ ။ အဲဒီ ခန္ဓာရုပ်ကြီး ဟာ အချိန်မရွေး ဖောက်ပြန် နိုင်တယ် ။ ရုပ် မှာ မှီတွယ် နေတဲ့ ပထဝီ ၊ တေဇော ၊ အာပေါ ၊ ဝါယော ဓာတ်တွေ ဟာ အသက် ကြီး လာလေ ချွတ်ယွင်း လာ လေ ပဲ ဗျ ။
••••• ••••• •••••
[ ၄ ]
“ ဖေဖေ တို့ လည်း အသက် ကြီးပါပြီ ။ အခု အချိန်မှာ ဖေဖေ တို့ အနား ကို ကျွန်တော် ဖြစ်ဖြစ် ညီငယ် နဲ့ ညီညီ ဖြစ်ဖြစ် တစ်ယောက် ယောက် နေ သင့်ပါတယ် ။ ကျွန်တော် လည်း အလုပ် ကို မန္တလေး ပြောင်းဖို့ လျှောက်လွှာ တင် ထား ပါတယ် ။ ဖေဖေ့ သမီး က လည်း မန္တလေး ကို ပြောင်းဖို့ စိတ် ထက်သန်ပါတယ် ”
သား အကြီး ဆီ က စာ ရတော့ ကျွန်တော် တို့ အဘိုးကြီး အဘွားကြီး နှစ်ယောက် စလုံး ပျော် သွားတယ် ။ စာ လည်း ဖတ် ပြီးရော ဒီ အလုပ် ပြောင်းဖို့ ရွှေ့ဖို့ အတွက် ဘယ်သူ့ ဆီ သွား ပြောရမလဲ ။ ဘယ်လို လုပ်ရင် ရမလဲ ဆိုပြီး ဟို စုံစမ်း ရ ၊ ဒီ စုံစမ်းရ နဲ့ သားကြီးတို့ ဌာန မှာ ကျွန်တော့် တပည့် ဘယ်သူတွေများ ရှိ ကြသလဲ ပေါ့ ။ ရှိရင် ပြောတန် ပြောရ မှာ ပေါ့ မဟုတ်ဘူးလား ။ သားကြီး မိန်းမ က တံတားဦး သူ ၊ ကလေးမလေး မိဘများ ကလည်း ကျွန်တော် တို့ လို ပါပဲ ။ အစိုးရ ဝန်ထမ်း တွေ ပေါ့ ။ ပြောရဦးမယ် ၊ အဲဒီ ဘက် က လည်း စီးပွားရေး မကောင်းကြဘူး တဲ့ ။ ဒါပေမဲ့ တောနေ ဆိုတော့ မြို့ မှာ နေကြတဲ့ သူတွေ လောက် မကျပ်တည်းကြဘူးပေါ့ ။ ပြီးခဲ့တဲ့ နွေ မှာ သား အကြီး က သူ့ ကလေး နှစ်ယောက် ကို ကျွန်တော် တို့ ဆီ အရင် ပို့ လိုက်တယ် ။ ဒီ နှစ် ထဲ မန္တလေး ကို ပြောင်းရွှေ့ဖို့ အမိန့် ကျ လာရင် ကလေးတွေ ပညာ သင် တာ နှောင့်နှေး သွားမှာ စိုးလို့ တဲ့ ။ ဒါကြောင့် ကလေးတွေ ကို အရင်ပို့ လိုက်ရတာပေါ့ တဲ့ ။ သားကြီး က မှာ လိုက်တာ လေ ။ ဟောဗျား - ကောင်း ရော ။ အကြီးမလေး ခင်ငြိမ်းသစ် က ၂ တန်း ၊ အငယ်ကောင် ကျော်စွာထွန်း က ၁ တန်း တောင် ရောက်နေ ကြပြီ ။ သူတို့ မောင်နှမ နှစ်ယောက် ကို အမှတ် ( ၁၃ ) ကျောင်း မှာ သွား အပ်ရတယ် ။ မနက် လင်း ရင် ကလေး နှစ်ယောက် ကို ဆိုင်ကယ် ပေါ် တင် ၊ ကျောင်း ပို့ ၊ နေ့ခင်း မှာ မုန့်သွား ကျွေး ၊ ညနေ ကျ တစ်ခါ ပြန် ကြို ၊ အရင် က လို လွတ်လွတ်လပ်လပ် မထွက် နို င် တော့ ဘူးခင်ဗျ ။ ဒီ ကလေး နှစ်ယောက် ဂျူတီ နဲ့ ပိ နေတယ် ။ ဒေါ်ရီရီမြင့် လည်း မလှုပ်နိုင်ဘူး ။ မနက် လင်း ရင် ကလေးတွေ ကို ချက် ပြုတ် ကျွေး ၊ ညနေ ကလေးတွေ ကျောင်း က ပြန်လာ ရင် ကျူရှင် ပေးရ နဲ့ အင်း - သား အချစ် ၊ မြေး အနှစ် ပေကိုး ။ စနေ - တနင်္ဂနွေ ကျောင်းပိတ်ကြ တော့ လည်း မနားရ ပြန် ပါဘူး ။ ဘဘ မန္တလေးတောင် လိုက်ပို့ပါဦး ။ ဘုရားကြီး သွားချင်တယ် ။ နန်းတွင်း ထဲ သွားချင်တယ် ဆိုတော့ မနေ သာပါဘူး ဗျာ ။ သားကြီး ပြောင်းလာမယ့်သ တင်း ကို သားလတ် က သိ တော့ တယ်ပြီး မကြည်လင်ချင်ဘူး ။ ဒီ အိမ် က သူ ဆောက်ပေး ထားတာ မဟုတ်လား ။ ညီအစ်ကို ချင်း ချစ် ကြပေမယ့် အားလုံး သား နဲ့ မယား နဲ့ ဖြစ် ကုန်ကြပြီလေ ။ သူတို့ က မပြော တောင် သူတို့ ရဲ့ မယားတွေ က ကျေနပ် ချင် မှ ကျေနပ် မှာ ။ ကျွန်တော် က တော့ ချွေးမ သုံးယောက် စလုံး ကို တန်းတူ ရည်တူ ဆက်ဆံရတယ် ။ ဘယ် ချွေးမ တော့ ဘယ်လို ဆိုတာမျိုး အဖြစ် မခံရဲဘူး ။ အိမ် ဆောက်တာ သားကြီး တို့ ၊ သားငယ် တို့ ပိုက်ဆံ ပါ ပေမယ့် သားလတ် ရဲ့ ပိုက်ဆံ က အများဆုံး မဟုတ်လား ။ ဘာပဲ ဖြစ်ဖြစ်ပေါ့ နော - သားကြီး မန္တလေး ကို ပြောင်း လာရင် ပွင့်ပွင့်လင်းလင်း ပြော မှ ဖြစ် မယ် ။ ညီအစ်ကို တစ်တွေ စိတ်ဝမ်း မကွဲစေချင်ဘူး လေ ။ သားကြီး က အရိုး အအေး ၊ ငယ်ငယ် ကတည်း က သူ့ ညီတွေ ကို လည်း သိပ် ချစ်ပြီး အနစ်နာ ခံရှာတာ ။
သီတင်းကျွတ် ကျောင်းပိတ်ရက် ရောက်တော့ သားကြီး တို့ လင်မယား ရောက် လာကြတယ် ။ အပြီး ပြောင်းလာ တဲ့ သဘောပဲ တဲ့ ။ ရုံး မှာ ခွင့်ရက်ရှည် တင်လာခဲ့တာ တဲ့ ။ ခွင့်ရက် စေ့ လို့ ပြောင်းခွင့် မရသေး ရင် တစ်ခါတည်း ထွက် စာ တင်တော့မယ် တဲ့ ။ ကျွန်တော် က ဘာမှ မပြောသေးပါ ဘူး ။ အခု လောလောဆယ် အစီအစဉ် တော့ ဘယ်လို ရှိသလဲ လို့ မေးကြည့်မိပါတယ် ။ သားကြီး က ..
“ ကျွန်တော်တို့ စု ထားတာ ငွေ ၅ သောင်း လောက် ရှိတယ် ဖေဖေ ၊ အဲဒါ ဖေဖေ တို့ ဆီ က ငွေ ခဏ ဖြည့်ပြီး တရုတ်တန်းဈေး မှာ အထည်ဆိုင် ထွက်ချင် ပါတယ် ။ ဖေဖေ့ သမီး က လည်း အရင်တုန်း ကတည်း က ဈေးရောင်း ခဲ့ ဖူးတော့ အဆင်ပြေ သွားမယ် ထင်တယ် ” လို့ ပြောတယ် ။ ဒီ ကိစ္စ ဆုံးဖြတ် ပြီးပြီလား လို့ သားအကြီး ကို မေးလို့ မှ မဆုံးသေး ဘူး ဒေါ်ရီရီမြင့် က ဗျာ ၊ မပူနဲ့ သား မေမေ့ မှာ ရှိပါတယ် ဆိုပြီး သူ ဘယ်တုန်းက စုထားမှန်း မသိတဲ့ ငွေတွေ ကို သာ ရှေ့ချ ပြ ပါလေ ရော ၊ ဒီလိုနဲ့ သူတို့ သားအမိ တစ်တွေ တရုတ်တန်းဈေး ဆိုင်ခန်း ငှား ဖို့ သွား မေး ၊ ငှားမည့် ဆိုင်ခန်း နေရာ လိုက်ကြည့်နဲ့ တစ်လ အတွင်း စဘော် ပေးပြီး အထည်ဆိုင် ဖွင့် လိုက်ကြတာပဲ ။ ကျွန်တော် လား ကျွန်တော် က ဘယ် နေရာ မှ မပါလိုက်ရဘူးလေ ။ ကလေးတွေ ကျောင်းပို့ ကျောင်းကြို အတွက် ကျွန်တော့် ကို လုံးဝဥဿုံ တာဝန် လွှဲ အပ်ထားတာ ခင်ဗျ ။ နောက် သူတို့ လင်မယား ဈေးထွက် တော့ လည်း ကျွန်တော့် မှာ ကလေးတွေ ကျောင်းပို့ ကျောင်းကြို ရုံ တ င်မဟုတ်ဘူး ။ သူတို့ လင်မယား ဆီ ကို ထမင်း ပို့ ရတဲ့ တာဝန်ပါ ယူရတယ် ။
တစ်ရက် က တရုတ်တန်းဈေး မှာ ထမင်း ပို့ ဖို့ သွား တုန်း ဆေးရုံကြီး ထောင့် မှာ သားလတ် နဲ့ သွား တွေ့ တယ် ။ ဆန်နီကား ပေါ် က ဆင်း လာတဲ့ သားလတ် ရဲ့ မျက်နှာ က တယ်ပြီး ကြည်ကြည်လင်လင် မရှိဘူး “ ဖေဖေ ၊ ဘယ်လဲ ” လို့ မေးတော့ ဈေး ထမင်း သွားပို့ဖို့ လို့ ပြောရတော့တာ ပေါ့ ၊ ညာ လို့ လည်း မဖြစ်ဘူး လေ ။ သားလတ် က ဖေဖေ ဘာကြောင့် အပင်ပန်း ခံရတာလဲ တဲ့ ဖေဖေကြောင့် ခက်ပါ တယ် လို့ ပြောပြီး ကားပေါ် ပြန် တက် မောင်းထွက် သွား တယ်ဗျာ ။ ကျွန်တော့် မှာ ဘာမှ ပြောခွင့် တောင် မရလိုက် ပါဘူး ၊ ဆိုင်ကယ် ပေါ် က ထိုင်ရင်း သား ကို ငေးကြည့် နေ မိတယ် ။ ဒီ အစီအစဉ်တွေ က ဒေါ်ရီရီမြင့် အစီအစဉ်တွေ ပါ ဗျာ ။ သားတွေ က အထင် လွဲ တော့ ကျွန်တော့် အပေါ် မှာ သားတွေ ထဲ မှာ သားလတ် က စိတ် ထက်တယ် ။ မထင် ရင် မထင် သလို ပြော တာ ။ တစ်ခါတုန်း က ကျွန်တော့် ကို ဘယ်လို ပြောတယ် ထင်လဲ ။ ဖေဖေ ဟာ သူ့ ဘဝ တစ်လျှောက်လုံး ဘယ်တော့ မှ အမှား မလုပ်ခဲ့ဘူး တဲ့ ။ ညီအစ်ကို ချင်း ပြောခဲ့တာ ကို ကျွန်တော် ပြန် ကြားရတာ ။
ခုခေတ် ကလေး တွေ က သိပ် တတ်ကြပါတယ် ။ အိမ် က မြေးလေး ကျော်စွာထွန်း ဆိုရင် လည် လိုက်တာ ဗျာ ။ တစ်ရက် က သူ့ အဖေ ကို သွား ကြိုဖို့ မေ့နေတယ် ။ အဲဒါ ဘဘ ၊ ဖေဖေ့ ကို သွား ကြိုပေးပါ တဲ့ ။ ကျွန်တော့် ကို ပြော တာနော် ။ ဘဘ ဆိုင်ကယ် က ဆီ မရှိဘူးကွ လို့ မြေး ကို ပြော တော့ ဆီ မရှိရင် ဘွားဘွား ဆီ က ပိုက်ဆံ တောင်းပြီး ထည့် ပါ တဲ့ ။ ဟား ဟား ဟုတ်ပေ့ဗျာ ။ သူ့ အဘွား ဆီ က ပိုက်ဆံ တောင်း ပြီး ဆိုင်ကယ် ဆီ ထည့် တာ သိနေတာ ကိုး ။ ကလေး ဆိုပေမယ့် သူ့ အဖေ ကျတော့ သိ လိုက်တာ ပြောပါတယ် ။ တစ်လ လောက် ကြာ တော့ သူတို့ အရောင်းအဝယ် က မဆိုး ဘူးဗျ ။ တစ်မနက် ၁ဝဝ လောက် အသားတင် ကျန်တာတဲ့ ။ အဆင်ပြေတယ် ဆိုတော့ ဝမ်းသာစရာပါ ပဲ ဗျာ ။ မိန်းမ က ဆိုင် ဖွင့် သားကြီး က လိုအပ် တာ ကူညီ ၊ ညနေ ဆိုင်သိမ်း ပြန် လာ လုပ်ငန်း က လည်း မြတ် နေတော့ သား က စိတ်ဝင်စား လာပြီ ။ တစ်လ တစ်ထောင် ကျော် ရတဲ့ သူ့ လုပ်ငန်း ကို သတိ မရဘူး ။ ပြောင်းလို့ ရ ရင် ရ မရ ရင် ထွက်တော့မယ် ဆိုတဲ့ စကား ကို ပဲ အမြဲ ပြော နေတာပဲ ။ ကျွန်တော် လည်း စိတ်အားထက်သန် နေတဲ့ သား ကို ကြည့်ပြီး ဘယ် က နေ စပြီး ပြောရမလဲ လို့ စဉ်းစား နေမိတယ် ။ ဒီ စကားတွေ ဟာ မပြောလို့ လည်း မဖြစ်ဘူး ။ သားကြီး ရဲ့ ဘဝ တစ်လျှောက် လုံး နဲ့ ဆိုင်မယ့် ကိစ္စ ၊ ဘဝ မှာ အဆုံးအဖြတ် တစ်ချက် မှား သွားရင် အဖတ်ဆယ်လို့ ရမှာ မဟုတ်ဘူး ။ သား ကို ဒီ စကား တွေ သိပ် ပြောချင်တယ် ။ ကျွန်တော် နဲ့ တွေ့တိုင်း ဖေဖေ ရ တစ်နာရီ အတွင်း အထည်တွေ ဘယ်လို ရောင်းရ တာ ၊ ဘယ်လို မြတ်လိုက်တာပေါ့ လေ ၊ စန်းစန်းဝေ က သိပ် ဈေးရောင်းတတ်တယ် ဖေဖေ ရ ဆိုပြီး သူ့ မိန်းမ ကို လည်း အမွှန်းတင် ပြ ၊ လုပ်ငန်း အကြောင်း ပြောတဲ့ သား ကို ကျွန်တော့် ရင် ထဲ က စကားတွေ ကို ပြော မှ ဖြစ်တော့မယ် လို့ ဆုံး ဖြတ် လိုက်တယ် ။
“ သား - ဖေဖေ ပြောချင်တယ် ကွာ ။ ဖေဖေ ပြောမယ့် စကားတွေ ကို လည်း သား လက်ခံ ချင် မှ လက်ခံပါ ။ ဒါပေမဲ့ ဖေဖေ က တော့ ပြောရမှာ ပဲ ။ အခု သား စိတ်ကူး က မန္တလေး မှာ ဖေဖေ တို့ နဲ့ အိုးမကွာ အိမ်မကွာ နေပြီး သား ဇနီး နဲ့ စီးပွားရေး လုပ်ငန်း လုပ်ကြမယ် ။ ဖေဖေတို့ ကို လည်း ပြုစု လို့ ရတယ်ပေါ့ နော် ။ မိဘ အပေါ် မှာ ထားတဲ့ သား မေတ္တာ စေတနာ ကို ဖေဖေ နားလည် သဘောပေါက် ပါတယ် သား ရယ် ။ သာဓု လည်း ခေါ် ပါတယ် ။ ဒါပေမဲ့ အခြေအနေ အရပ်ရပ် ကို တွက်ဆဦး သား ။ အလျင်စလို မဆုံးဖြတ် နဲ့ ။ ညီလတ် ကို လည်း ဘယ်လိုမှ မအောက်မေ့နဲ့ နော် ။ သား က ဖေဖေ တို့ နဲ့ နေပါပြီ တဲ့ ။ ညီလတ် က ဘယ်လိုမှ သဘော မထား တောင် ညီလတ် ရဲ့ မိန်းမ နဲ့ ရန်ကုန် က ညီငယ် ရဲ့ မိန်းမတွေ က တို့ တစ်တွေ ဆောက်ပေး ထားတဲ့ အိမ် ပေါ် မှာ သူတို့ လင်မယား အခန့်သား တက် နေကြတယ် လို့ မမြင် ပေဘူးလား ။ နောက်ပြီး ဖေဖေ ပြောဦးမယ် ။ သား က အလုပ် ထွက်ပြီး သားဇနီး နဲ့ အတူ အရောင်းအဝယ် မှာ ကူ မယ်ပေါ့ နော် ။ သား ရယ် စဉ်းစားကြည့်ဦး ။ ဒီ အရောင်း အဝယ်အလုပ် က သား မိန်းမ က ဦးစီး လုပ်တာ ။ လုပ်ငန်း အကြောင်း သား က ဘာမှ သိသေးတာ မဟုတ်ဘူး ။ အလုပ် ဆိုတာ အဆင်ပြေ တဲ့ အခါ ရှိသလို အဆင် မပြေတာ လည်း ကြုံရမယ် ၊ သား မိန်းမ ဘက် က လည်း အခု အချိန်မှာ ပြည့်စုံ ကြတာ မဟုတ်ဘူး ။ လုပ်ငန်း အဆင်ပြေ လို့ သား မိန်းမ က သူ့ ဘက် က ဆွေမျိုးတွေ ကို ပေးရင် သား ဘယ်လို မြင်မလဲ ဟင် ။ နောက် တစ်ခါ လုပ်ငန်း အဆင်မပြေ တဲ့ အခါ ကျ တော့ စိတ် အကျဉ်းအကျပ် ဖြစ်ပြီး တစ်ဦး ကို တစ်ဦး အပြစ် ရှာ တာမျိုး ဖြစ်တတ်တယ် ။ သား စဉ်းစားဖို့ ဖေဖေ ပြောတာပါ ။ နေဝင်ချိန် ရောက်နေတဲ့ ဖေဖေ တို့ ဘဝလေး ကို ငဲ့ကွက်ပြီး သား ရဲ့အခွင့်အရေးတွေ ကို မစွန့်လွှတ်ချင်ပါ နဲ့ သား ရယ် ။ အခု သား ရဲ့ဘဝ ကို ကြည့်စမ်း ၊ ရတဲ့ လစာ နဲ့ လောက်ငတယ် ။ ရေမီး အပြည်အစုံ နဲ့ အိမ် ရတယ် ။ စဉ်းစားပါဦး သား ရယ် ။ အလုပ် ထွက်ပြီး သား မိန်းမ နဲ့ စီးပွားရေး အတူ လုပ်ကြတယ် ဆိုပေမယ့် ဖေဖေ ပြောချင်တယ် သား ။ အရောင်းအဝယ် လုပ်ငန်း မှာ သား မိန်းမ က ငွေရေးကြေးရေး ကို ချုပ် ထား ရင် သား ဘယ်လိုမှ မတတ်နိုင်ဘူး ။ ယုတ်စွ အဆုံး ၊ သား က ဖေဖေ တို့ ကို ပေးချင်ဦး သား စေတနာ လိုအင် ကို သား မိန်းမ က နားလည် သဘောပေါက် မှ ဖြစ်မှာ ။ ဖေဖေ က ဘယ်လို အမြင် ဘယ်လို အတွေး နဲ့ မှ ပြောတာ မဟုတ်ဘူး နော် ။ သား မိန်းမ အပေါ် မှာ မကောင်းမြင် တဲ့ အတွေးတွေ နဲ့ ယူဆ သုံးသပ်တာ မဟုတ်ဘူး နော် ။ ဖြစ်လာတတ်တဲ့ သဘော ကို ပဲ ဖေဖေ က ပြော ပြတာ ။ ဖေဖေ ပြော သလိုပဲ ဖြစ် ချင် မှ လည်း ဖြစ်မယ် ၊ ဆုံးဖြတ်မယ် ဆိုရင် လည်း အားလုံး ထောင့်စေ့ အောင် ကြည့်ပြီး မှ ဆုံးဖြတ် စေချင်တယ် သား ”
ကျွန်တော် က ပြော လိုက်တော့ သားကြီး ခမျာ ငိုင် ကျ သွား ရှာတယ် ။ မတတ်နိုင်ဘူးဗျ ၊ သားကြီး က သိပ် ရိုး အေးတာ ။ သူ့ ရှေ့ရေး အတွက် ပြောလိုက်ရတာပဲ ။ ကျွန်တော် ဟာ ကျောင်းဆရာ ပါ ဗျာ ။ ဆရာ ဆိုတာ ကိုယ် တတ်သိ နားလည်ခဲ့တဲ့ ပညာတွေ ကို တပည့်တွေ အပေါ် မှာ ဆုံးမ သွန်သင် ပညာ အမွေ ပေးခဲ့ရတာ မဟုတ်လား ။ ဒါပေမဲ့ ကျွန်တော့် သား ကို တော့ ကျောင်းပညာ တင် မဟုတ်တော့ပါဘူး ၊ နှစ်ပေါင်း များစွာ ကျွန်တော့် ဘဝ နဲ့ ရင်း ခဲ့တဲ့ အသိ ပညာ ကို ပါ ပြောပြ သင်ပေး လိုက် ရပါတယ် ။ အခု အချိန် မှာ ဖေဖေ ဘာဖြစ်နေလဲ ၊ ဖေဖေ့ ကို ကြည့် ပြီးမှ သား ဆုံးဖြတ် စေ ချင်တယ် လို့ သားကြီး မောင်မိုးသန်း ကို ပြော လိုက်ရတယ် ။ ဒီလို ပြောလိုက်တာ ကျွန်တော် မမှားပါဘူး နော် ... ။
◾ညိုထွန်းလူ
📖 မြန်မာ့ဓန မဂ္ဂဇင်း
၁၉၉၂ ၊ ဧပြီ
#ကိုအောင်နိုင်ဦး
.