❝ ဆွေပြမျိုးပြ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
“ဘထွေး ဦးဆေးရိုးကို တွေ့ချင်လို့ပါ”
ဘဆေးရိုး၏ ရင်ထဲတွင် သိမ့်ခနဲ ဖြစ်သွား၏။ သည်အနီးအနားတစ်ဝိုက်တွင် ဘထွေးဟု ခေါ်သူ မရှိ။ မည်သူနည်း။ ရင်ခုန်တစ်ဝက် မခုန်တစ်ဝက်ဖြင့်၊ ဝမ်းသာခြင်းတစ်ပိုင်း စူးစမ်းခြင်းတစ်ပိုင်းဖြင့် ဘဆေးရိုး လှည့်ကြည့်သည်။ အသက် ၆ဝ ရွယ် လူတစ်ယောက်ဖြစ်သည်။ အဝတ်အစား ခပ်လတ်လတ် ဝတ်ထားသည်။ ဘဆေးရိုး မမြင်ဖူးသူ ဖြစ်ငြား စိတ်ထဲက ရင်းနှီးနေ၏။ တစ်စုံတစ်ယောက်နှင့် တူသယောင်ယောင် ထင်မိ၏။
“အေး မင်းတွေ့ချင်တဲ့ ဆေးရိုးက ငါပဲ”
“ကျွန်တော် ဦးထွန်းကားရဲ့သား မောင်ကျော်ပါ ဘထွေး”
“ဟေ” ဟု အော်ရင်းက ဘဆေးရိုးမှာ မြောက်တက်သွားမတတ် ဝမ်းသာ၏။
ကျေးဇူးရှိသော အစ်ကို့သား၊ မိမွေဖမွေ တစ်စုံတစ်ရာ ခံစား မသွားရရှာသော အစ်ကိုကြီး၏သား။ သို့သော် အစ်ကို ငထွန်းကားနှင့် ကွဲကွာခဲ့သည်မှာ နှစ်ပေါင်း ၆ဝ ခန့် ရှိပြီ။ အစ်ကို ပြောင်းရွှေ့သွားသည့် အရပ်ဒေသမှာ မြို့ကြီးပြကြီး။ လူမျိုးစုံ။ အလုပ်အကိုင်မျိုးစုံဖြင့် စည်ကားလှသော အရပ်။ လူကောင်းသူကောင်း ပေါသည့်နည်းတူ လူလည်လူရှုပ်တွေလည်း ပေါများသည် ကြားဖူး၏။
ယခု ရောက်လာသူသည် အစ်ကိုငထွန်းကား အကြောင်းကို ချေးခါးအူမမကျန် သိထားသော အိမ်နီးချင်း လူလည် တစ်ယောက်ပေလော။ ထိုကဲ့သို့ သတိထားသောစိတ် ဝင်လာသည့်ခဏဝယ် ရင်းနှီးစိတ် လျော့ပါး၏။ သို့သော် အစ်ကိုငထွန်းကား၏ သားအရင်း ဖြစ်ကောင်းလည်း ဖြစ်နေနိုင်သေးသဖြင့် ဘဆေးရိုး ကြံဆအားထုတ်ရ၏။
“ကွဲသွားတာ နှစ်ပေါင်း ၆ဝ ကျော်ကျော်သာ၊ မအောက်ဘူးကွ။ အခု ငါ့အစ်ကိုနဲ့ ငါ့မရီး ဘယ်မှာ နေကြသတုံး၊ ဘာပြုလို့ ခေါ်မလာတာတုံး”
“အဖေရော၊ အမေရော ဆုံးသွားကြတာ ဆယ်နှစ် လောက်ရှိပါပြီ ဘထွေး”
“မင်းတို့ ညီအစ်ကို သုံးယောက်”
“သုံးယောက် မဟုတ်ပါဘူး ဘထွေးရဲ့၊ ဦးကျော် နဲ့ ဦးသော် နှစ်ယောက်တည်းပါ၊ ကျွန်တော်က ဦးကျော်ပါ”
အစ်ကိုငထွန်းကားတွင် ငကျော်နှင့် ငသော် အမည် တွင်သည့် သားနှစ်ယောက်ရှိကြောင်း ဘဆေးရိုး မမေ့ပါ။ ယခု “မင်းတို့ ညီအစ်ကို သုံးယောက်” ဟု ပြောခြင်းမှာ လူလိမ်လော၊ လူမှန်လော စစ်ဆေးခြင်းဖြစ်၏။
“သားရယ်၊ ဒါလောက်ကြီး ကြာမှ ရောက်လာရသလား၊ နေနိုင်လိုက်တာကွာ”
“ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ နေတုန်းကတော့ အနောက်ဘက်ကမ်းကို ကူးရမှာ ဝန်လေးသလိုကြီးပဲ ဘထွေးရဲ့။ ဒါပေမဲ့ မသွားဘဲ နေတာ များရင် ဆွေဆက်မျိုးဆက် ပြတ်တော့မှာပဲ ဆိုပြီး ကြိုးစားပြီး လာတာ ဘထွေးရဲ့”
“အမယ်ကြီးအိုရေ၊ ဧည့်သည် ထမင်းကျွေးရမယ်ဟေ့”
မီးဖိုဆောင်ဘက်သို့ လည်ပင်းရှည်ကာ အော်ပြောပြီးမှ စကားကျန်ကို ဘဆေးရိုး မေးဖြစ်သည်။
“အနို့ မင်းတစ်ယောက်တည်းလား”
“ကျွန်တော့်အလိုသာဖြင့် ဘယ်ရောက်မတုံး ဘထွေးရာ၊ သား လိုက်ပို့တာ။ သူလည်း တစ်အိမ်ဝင်၊ တစ်အိမ်ထွက် လျှောက်မေးနေတာ”
အမေကြီး ကျီးဒန်သည် မီးဖိုထဲမှ ထွက်လာ၏။
“အဘိုးကြီး ဘာပြောသတုံး၊ သူက ဘယ်သူတုံး”
“ဟောဒါက ငါ့အစ်ကိုကြီး ငထွန်းကားရဲ့ သား အကြီး မောင်ကျော်တဲ့၊ သူတို့ သားအဖကို ထမင်းကျွေးရမယ်”
ဘဆေးရိုးက လက်ညှိုးထိုးပြသည်။ အမေကြီး ကျီးဒန်က စိန်းစိန်းကြီး ကြည့်ရင်း ရှေ့တည့်တည့်တွင် ထိုင်၏။
“သွားလေသူ ငါတို့သား ဘညိန်းနဲ့ တူသလိုလို”
အမေကြီး ကျီးဒန်သည် ဦးကျော်ကို ကြည့်ပြီး မြည်တမ်း၏။ မြည်တမ်းအပြီး၌ ကောက်ကာငင်ကာ မေးခွန်းထုတ်၏။
“အသက် ၆ဝ ရှိပြီလား”
“အတိပါပဲ ခင်ဗျာ”
ဤသို့လျှင် အကောင်းသား မေးမြန်းပြောဆို နေရာက အမေကြီး ကျီးဒန်သည် လက်နှစ်ဖက်ကို မြှောက်ပြီး ငိုချင်းချလေ၏။
“သားရေ … သားရဲ့ ၊ အမယ်လေး ငဘညိန်း ပြန်ပြီးရှင်လာသလိုပဲတော့”
“အမယ်ကြီးအို ပေါက်ကရတွေ မပြောနဲ့၊ သွားစမ်း စားဖို့သောက်ဖို့ ပြင်ဆင်ချေ”
ဘဆေးရိုးသည် အမေကြီး ကျီးဒန်ကို ပါးစပ်ဖြင့် နှင်သည်။ လက်ဖြင့်လည်း တွန်းသည်။ ထို့နောက် သူ့တူကြီး ဦးကျော်ကို သေချာစွာ ကြည့်မိသည်။
“အေးကွ၊ မင့်ကို မြင်စတုန်းက တစ်ယောက်ယောက်နဲ့တူသလိုပဲ ထင်နေတာ၊ လက်စသတ်တော့ တလောက ဆုံးသွားတဲ့ သားအငယ်နဲ့ တူတာကိုး”
ဝမ်းသာဖွယ် ပြုံးရွှင်စဖွယ် စကားဖြစ်သော်ငြား ဘဆေးရိုး မျက်ရည်စမ်းစမ်း ဖြစ်နေသဖြင့် ဦးကျော်မှာ မပြုံးနိုင်ပေ။ သို့စဉ်တွင် အိမ်ဝိုင်းထဲသို့ မြင်းလှည်း တစ်စီး ဝင်လာသည့်အတွက် ဦးကျော် လှမ်းကြည့်ပြီး အသံမြှင့်ကာအော်၏။
“သားရေ အဖေသည်မှာဟေ့၊ ဘထွေး ဦးဆေးရိုးနဲ့ စကားပြောနေတယ်၊ တက်ခဲ့”
တစ်ခဏအတွင်း အိမ်ကလေး သိမ့်ခနဲဖြစ်သွား၏။ ဦးကျော်ထက် နှစ်ဆခန့် ထွားကျိုင်းသော အသက် ၄ဝ အရွယ် လူတစ်ယောက် ဦးကျော်ဘေးသို့ ရောက်လာ၏။
“ကျွန်တော့်သားအကြီးလေ ဘထွေး၊ ဗေဒါကြီးတဲ့”
ဘဆေးရိုး ပြုံးရသည်။
“မင့်ဘနဲ့ မင့်အမေကြီးက ဒီအရပ်သူ၊ ဒီအရပ်သားဖြစ်ပါလျက်နဲ့ မင်းက ဘယ်လိုလုပ်ပြီး ဆိုင်းဆရာစိန်ဗေဒါနဲ့ လာပြီး တူရတာတုံး” ဟု ပြုံးပြုံးကြီး မေးဖြစ်သည်။
“ဘထွေး ပြောမှ ကျွန်တော်လည်း သတိရတယ်။ သူ့အမေက မန္တလေးသူ ဘထွေးရဲ့။ ကူးသန်းသွားလာ ရောင်းဝယ်ဖောက်ကားရင်း ရေနံချောင်းမှာ စီးပွားဖြစ်တာနဲ့ ရေနံချောင်းမှာ အခြေချနေကြတာ”
“အင်း ကောင်းတယ် ကောင်းတယ်”
“ကျွန်တော်လည်း ခုနက ပြောသလိုပေါ့ ဘထွေးရဲ့၊ ဆွေပြတ် မျိုးပြတ် မဖြစ်အောင် မနက်ဖြန် သွားမယ်၊ သန်ဘက်ခါ သွားမယ်နဲ့ ကြံစည်လိုက်တာ။ ဒါတောင် ကျောင်းတော်ရာဘုရားလည်း ဖူးရင်း၊ သားကိုလည်း တွေ့ ရအောင်ဆိုပြီး ဒီဘက်ကို ကူးလာ၊ သားကလည်း စိတ်လိုလက်ရ လိုက်ပို့ပေးလို့”
“မင်းက ကျောင်းတော်ရာမှာ နေသလား”
ဗေဒါကြီးအား ဘဆေးရိုး လှမ်းမေးသဖြင့် ဗေဒါ ကြီး ခေါင်းညိတ်ပြသောအခါ ဦးကျော်က ရှင်းပြ၏။
“သူ့အိမ်ထောင်က ဘူးသည်ရွာက ဘထွေးရဲ့”
“အင်း အင်း ကုန်သည်ပွဲစား ထင်ပါ့”
ဖအေနှင့် အဆင်အသွေး များစွာခြားနားသော ဗေဒါကြီးကိုအကဲခတ်ရင်း ဘဆေးရိုး ခန့်မှန်းသည်။
အိမ်ကလေး ငြိမ့်ခနဲ ဖြစ်သွားသဖြင့် လှေကား အတက်သို့ ဘဆေးရိုး လည်ပင်းရှည်ကြည့်၏။ ပုဆိုးစုတ် တစ်ထည်ကို ခေါင်းတင်တဘက် လုပ်လျက် ရောက်လာသော သမီးကြီး ဒေါ်ချောစိန်ဖြစ်၏။
“သမီးရေ လာဟေ့၊ ဟော သူက အဖေ့အစ်ကို ငထွန်းကားရဲ့သားကြီး မောင်ကျော်တဲ့။ ဒီဘက်က သူငယ်ကတော့ မောင်ကျော်ရဲ့သား ဗေဒါကြီးတဲ့။ မောင်ကျော်နဲ့သမီးက မောင်နှမ၊ ဗေဒါကြီးနဲ့ တူအရီးပေါ့”
“ဘကြီး ငထွန်းကားအကြောင်းကို အဖေက မကြာခဏ ပြောတာ။ အဖေသေခါမှသာ ရောက်လာကြရင် ကျုပ်တို့ မောင်နှမတစ်တွေ သိကြမှာမဟုတ်ဘူး။ အခုလို ရောက်လာကြတော့ ကျုပ်တို့လည်း ဝမ်းသာ၊ အဖေလည်း”
သည်နေရာအရောက်တွင် ဒေါ်ချောစိန်မှာ လည်ပင်းနင်နေ၏။ အတန်ကြာအောင် စကားလုံး ရွေးချယ်ပြီးမှ “အဖေလည်း အနေဖြောင့်တာပေါ့” ဟု လျှော့ချပြီးခါမှ “ဒါထက် အဖေ၊ စောစောတုန်းက အမေ ငိုသလား” ဟု အသံနှိမ့်လျက် ဘဆေးရိုးထံ ဦးညွှတ်မေး၏။
“ငိုပါ့ဗျာ၊ ငိုပါ့”
ဖြေအပြီးတွင် ဘဆေးရိုးသည် မီးဖိုထဲသို့ မျှော်ကြည့်၏။ ထို့နောက် ဗေဒါကြီးကို တစ်လှည့်ကြည့် ပြီးမှ စကားဆက်သည်။
“ညည်းတို့မောင် မောင်ကျော်ကို ကြည့်စမ်း၊ ဘယ်သူနဲ့တူသတုံး”
ထိုအခါတွင်မှ ဒေါ်ချောစိန်မှာ “ဟောတော့်” ဟု အော်မိသည်။
“ဪ အင်း အင်း၊ ဒါကြောင့် အမေ ငိုတာကိုး” ဟု ဆက်လက်ပြီး မှတ်ချက်ချသည်။ ဦးကျော်သည် ကွယ်လွန်သူ ဦးဘညိန်းနှင့် များစွာ လာရောက် တူညီနေကြောင်း သတိထားမိသည့် ခဏအတွင်း ဒေါ်ချောစိန်မှာ ဦးကျော်ကို များစွာ ရင်းချာသောစိတ် ဖြစ်ပေါ်လာလေ၏။
“ဟုတ်ပါကလား၊ ငါ့မောင်က ငါ့မောင် ကိုဘညိန်းနဲ့ တော်တော် တူတာပဲ”
သည်မျှအထိမှာကား ဒေါ်ချောစိန်သည် ရွှင်ပျစွာ သွက်လက်စွာ ပြောနေနိုင်ချေသေး၏။
“ငါ့မောင်နဲ့ ငါ့မောင် ကိုဘညိန်းနဲ့ တွေ့မသွားရတာ နာလိုက်တာ၊ ဪ ဘညိန်း ဘညိန်း၊ ကိုယ့်ညီအစ်ကို ကိုတောင် မြင်မသွားရရှာဘူး”
သည်စကားများသို့ အရောက်တွင်ကား ငိုသံ တဖြည်းဖြည်းပါလာရာက ခေါင်းတင်ပုဆိုးစုတ်ဖြင့် မျက်နှာကို အုပ်၍ ငိုလေ၏။
“ဧည်သည့်တွေ ထမင်းကျွေးကြဦးစို့ အရီးရဲ့”
ဒေါ်ချောစိန်၏ချွေးမ မြင့်မြင့်သွေးသည် အိမ်ပေါ်သို့ မီးဖိုပေါက်မှ တက်လာဟန်တူသည်။
ထမင်းစားရာတွင် အသုံးပြုသည့် ခြေတံတို စားပွဲဝိုင်းကို ကလေးတွေ ခွေလှိမ့်ပုံမျိုးဖြင့် လှိမ့်ထုတ်လာရင်း မချောစိန်သို့ ပြော၏။ မချောစိန်မှာ ထိုအခါတွင်မှ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ရ၏။ စားပွဲခုံကို ခင်းပြီးနောက် စားပွဲခင်းဖြင့် ထပ်မံဖုံးအုပ်ချိန်တွင် အမေကြီးကျီးဒန်သည် ထမင်းထည့်သော ဆန်ဆေးတောင်းကို သယ်ထုတ်လာ၏။
“ဧည်သည့်လာတယ် ဆိုပြီး တကူးတက ချက်မနေနိုင်တော့ဘူး၊ ရှိတာနဲ့ပဲ”
“အို ဘယ့်နှယ် ရှိတာနဲ့ရမှာတုံး အမေရဲ့။ တစ်သက်မှာ တစ်ခါပဲ တွေ့ရ မြင်ရတဲ့ မောင်ဖားတူသားတွေပဲ”
ထိုတစ်ခဏတွင် အမေကြီးကျီးဒန်သည် ဒေါ်ချောစိန်အား မျက်စောင်းခဲမိသည်။ အမေကြီးကျီးဒန်သည် ငရုတ်သီးထောင်း လက်ကျန်၊ ငါးပိဖုတ်လက်ကျန်ကို ကင်ပွန်းဖူးဟင်းဖြင့် နံနက်စာ ပြီးလိုက်မည် ရည်ရွယ်ထား၏။ ဧည့်သည်ကို ထမင်းကျွေးရမည် သိချိန်ဝယ် ဘုန်းကြီးဆွမ်းခံ ပြန်နေပြီ။ ဟင်းလျာဝယ်ရန် ရှာဖွေရန် အချိန်မရှိတော့ပြီမို့ ရှိသည့် ငါးပိစိမ်းစားကို ငါးပိချက် ချက်ရတော့၏။
သို့အတွက် ‘ရှိတာနဲ့ပဲ’ ဟု ဖာထေးသည်ကို သမီး ဒေါ်ချောစိန်က ‘အို ဘယ့်နှယ် ရှိတာနဲ့ရမှာတုံး’ လုပ်ခြင်းသည် အမေ လက်ဖြင့် ရေးသည်ကို သမီးက ခြေဖြင့်ဖျက်ရာ မရောက်ပေလော။ သို့သော် အမေကြီး ကျီးဒန်သည် မျက်စောင်းသာ ထိုး၏။ နှုတ်မှာမူ မပြောချေ။
ဒေါ်ချောစိန်သည် ပြောပြောဆိုဆို ဆင်းသွား၏။ သူ၏ချွေးမ မြင့်မြင့်သွေးလည်း ပါသွားရာက မကြာမီ အုပ်ဆောင်းအုပ်ထားသည့် လင်ပန်းတစ်ချပ်ဖြင့် အိမ်ပေါ်သို့ ပြန်တက်လာ၏။
“ဖြည်းဖြည်း စားကြပါလို့ အရီးက မှာလိုက်ပါတယ်”
မြင့်မြင့်သွေးသည် ယောက္ခမများကို အရီး ဟူ၍သာ ခေါ်သည်။ သူသည် ပြောပြောဆိုဆို အုပ်ဆောင်းကို ဖွင့်ပြီး ဟင်းပန်းကန်များကို စားပွဲပေါ်သို့ တင်ပေး၏။ အမေကြီး ကျီးဒန် လှမ်းမကြည့်ဘဲ မနေနိုင်။ ကြက်သားဟင်း တစ်ပန်းကန်၊ အသုပ်တစ်ပန်းကန်နှင့် မောင်မခေါ် ခြောက်ခြောက်ချက် (ဆီပြန်) တစ်ပန်းကန်။
အမေ သည်မျှဆိုလျှင် ဖွယ်ဖွယ်ရာရာ ရှိပါပြီဟု ကြီးကျီးဒန် ကျိတ်ပြီး မှတ်ချက်ချနေစဉ် ခင်မောင်ငြိမ်း၏ဇနီး ရီရီပြုံးက ငရုတ်သီး အတောင့်ကြော် တစ်ပန်းကန်၊ ဦးဘညိန်း၊ ဒေါ်လှမေတို့၏ သမီးကြီး မေကြည်က ဟင်းချိုတစ်ချိုင့် ပို့လာပြန်သည်။ အမေကြီး ကျီးဒန် များစွာကျေနပ်သွားကာ ထမင်းစားနေသူများနှင့် ဟင်းလာပို့သူများအား ဝမ်းသာအားရ ဆွေမျိုး စပ်ပြနေသည်။ ။
အမေကြီး ကျီးဒန်မှာ အိမ်ပေါ်သို့ တဖွဲဖွဲ တက်လာသော မြေးများ၊ မြစ်များကို ပွဲထုတ်ပြနေရသော်ငြား စိတ်ထဲတွင် ထင့်နေ၏။
ဘဆေးရိုး တဖွဖွ ပြောဖူးသည်မှာ “အစ်ကိုကြီး ငထွန်းကားဟာ မိမွေဖမွေ ဘာမှ ခံစားမသွားရဘူး။ သူကိုယ်တိုင်ဖြစ်စေ၊ သူ့အမွေစား အမွေခံတွေဖြစ်စေ ရောက်လာရင် ရှိတာ ချကျွေး၊ ရှိတာ ချပေးလိုက်ကြ” ဟူ၍ဖြစ်သည်။ သို့ဆိုက ယခု ရောက်လာသော ဦးကျော် သားအဖအား ပေးနိုင်စွမ်းရှိသူမှာ ဘဆေးရိုး တစ်ဦး တည်းသာ ရှိသည်။ ဘဆေးရိုး၏ နှမမှာ မည်သည့် သောင် မည်သည့်ကမ်းသို့ ဆိုက်နေလေသနည်း။
ဒေါ်ချောစိန်သည် အမေကြီး ကျီးဒန် မျက်စောင်း အထိုးခံရပြီးနောက် တစ်ခုပြီးတစ်ခု လုပ်နေ၏။ ယခုလည်း ငှက်ပျောသီးတွေ၊ မုန့်တွေအပြင် ရေနွေးဖြင့် ဖျော်ရုံမျှဖြင့် ဖြစ်လာသော ကော်ဖီတွေပါ အိမ်ပေါ်သို့ တင်လာ၏။
“ဗေဒါကြီးတို့သားအဖ သောက်ကြပါ၊ စားကြပါ။ အဖေလည်း သောက်နော်”
မြင့်သွေးကိုနှင့် မြစ်များ၊ မြေးချွေးမများက ထမင်းပွဲကို သိမ်းနေကြစဉ် ဒေါ်ချောစိန်က ဧည့်ခံနေခြင်းဖြစ်သည်။ အမေကြီးကျီးဒန်ကား မြစ်တွေ၊ မြေး ချွေးမတွေကို လှမ်းပြီး ကြည့်ရုံသာ ကြည့်၏။ မီးဖိုထဲသို့ မဝင်တော့။ ဘဆေးရိုးကို တစ်လှည့်၊ ဧည့်သည်ကို တစ်လှည့်သာ ကြည့်နေမိတော့သည်။
“ဟေ့ မောင်ကျော်ရဲ့၊ ငါတို့မှာ စကားကောင်းနေလိုက်တာ၊ မောင်သော်ကိုတောင် မေ့နေကြပါကလား”
ထမင်းစားအပြီးတွင် ဘထွေး ဘဆေးရိုး ထံမှ ထွက်ပေါ်လာသော စကားဖြစ်သည်။
“မောင်သော်က ကျွန်တော်တို့ထက် ‘သောင်သာ’ ပါတယ် ဘထွေးရဲ့ ။ ဒါကြောင့် ကျွန်တော် ထည့် မပြောတာပါ။ သူက တောင်ငူဘက်မှာ ကွမ်းသီးခြံ၊ တညင်းခြံ၊ ဒူးရင်းခြံ သူဌေးဗျ ဘထွေးရ”
“အေး ဝမ်းသာသကွဲ့ ၊ အနို့ သားသမီးကကော”
“သားနှစ်ယောက်၊ သမီးနှစ်ယောက်မှာ သားနှစ်ယောက်လုံး ပန်းထိမ်ဖိုပိုင်ရှင်တွေ။ ရေနံချောင်းမှာ ရှိသဗျ။ သမီးနှစ်ယောက်မှာ တစ်ယောက်က ကျောင်းဆရာမ၊ တစ်ယောက်က ကုန်သည်၊ အားလုံး ချောင်ချောင်လည်လည်ပါပဲ ဘထွေးရဲ့”
အမေကြီး ကျီးဒန်မှာ ကောင်းသတင်းကြားရသောကြောင့် ဟင်းချမိသည်။ ဟင်းချရခြင်းမှာ ကိုယ့် ဝမ်းနာကို ကိုယ်သာ သိသောကြောင့် ဖြစ်သည်။
ဘဆေးရိုးနှင့် အမေကြီးကျီးဒန်တို့သည် အစ်ကိုကြီး ငထွန်းကား ရသင့်သော လက်ပံပင်ကုန်း တစ်ကျိပ်စိုက် လယ်ပွဲကို လုပ်ကိုင်စားလာကြသည်မှာ ကြာပြီ။ ငထွန်းကား ဘက်က တစ်ယောက်ယောက် ရောက်လာခဲ့သော် ထိုလယ်ပွဲကို ထိုးအပ်ရမည်။
လယ်ပွဲကို မပေးလိုသော် သင့်လျော်သောတန်ဖိုး။ လက်တွေ့တွင်ကား ပေးစရာ ငွေ မရှိ။ ထွန်တုံး ထွန်သန်နှင့် နွားတစ်ရှဉ်း၊ လှည်းတစ်စီးသာ ရှိသည်။ ပေးစရာ ငွေမရှိ။ ငွေမရှိသော်ငြား ဘဆေးရိုးသည် ရှိသည့်စပါးကို အကုန်ချရောင်းပစ်ကောင်း ပစ်လိမ့်မည်။ ငထွန်းကား၏သား ရောက်လာခိုက်တွင် ပေးဖြစ်အောင် ပေးပါက အရံအတား ပြုရလိမ့်မည်။ သို့အတွက် မြစ်တွေ၊ မြေးချွေးမတွေထက် ဘဆေးရိုး၏ ပါးစပ်က ပိုပြီးအရေးကြီးသည်။
“အေးကွယ်၊ မောင်သော်ရဲ့ သတင်းကြားရတော့ ဝမ်းသာသကွ၊ စိတ်အေးသကွ။ သို့သော်လည်း ဘထွေးမှာ အစ်ကိုကြီး ငထွန်းကား ရထိုက်တဲ့ တစ်ကျိပ်စိုက်လယ်ပွဲကို လုပ်စားလာတာ ကြာပြီကွဲ့”
အထုပ်တစ်ထုပ် ဆွဲချလာပြီး အမေကြီးကျီးဒန်အား ကန်တော့နေပြန်သည်။ အမေကြီးကျီးဒန်အတွက် ရင်အေးစရာ စိတ်ချမ်းသာစရာများပါပေတည်း။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment