❝ ဈေးသွားကြည့် ❞
▢ ရွက်လှ ( ရန်ကင်း )
တစ်ဖက်ခန်းမှ အသံများ ဒီဘက်ခန်းက ကိုနန်း အခန်းသို့တိုင် ပျံ့လွင့်လာခဲ့လေ၏။ အိမ်ရှင်မ ဒေါ်သိန်း၏ တိုက်စစ်သံဖြစ်လေသည်။
“ရှင့်တို့ သားအဖကိုတော့ ပြောကို မပြောချင်ဘူး။ ဟိုဟာ မစားချင်၊ ဒီဟာ မကြိုက်ဘူးနဲ့ ဈေးထဲသွားကြည့်၊ ဟိုဟာ ဈေးတက်၊ ဒီဟာဈေးတက်နဲ့ ဈေးသွားနေတာ ပျော်လို့ သွားနေတယ်များထင်လား။ ဘယ်လောက် စိတ်ညစ်ရလဲ။ နေ့စဉ် စားဖို့ဟင်းစဉ်းစားရ၊ တစ်ပတ်စာ ဟင်းလည်း စီစဉ်ရနဲ့ ဦးနှောက် ဘယ်လောက်စားလဲ သိလား။ စိတ်ဘယ်လောက် မောရလဲသိလား။ ရှင်တို့က အချိန်တန်ရင် ဟင်းကျက်ပြီလား မေးပြီ။ စားချင်ပြီ။ စားဖို့ပဲ သိကြတဲ့သူတွေ ဝိုင်းကူမယ်တော့ မရှိကြဘူး။ ဟင်းစီစဉ်ရသူရဲ့ ဒုက္ခကိုလည်း စာနာ၊ နားလည်ကြဦး။ နောက်နေ့ ရှင်တို့ ကိုယ်တိုင် ဈေးသွား၊ ရှင်တို့ ဝယ်လာတာ ကျွန်မ ချက်ပေးမယ်”
အိမ်ရှင်မ ဒေါ်သိန်း၏ တိုက်စစ်ဖွင့်သံ ရပ်သွားသည်။ အိမ်ဦးနတ်ကြီး ဦးတင် ထံမှ တန်ပြန်ပြောဆိုသံ မကြားရ။ အသံတိတ် နှုတ်ဆိတ်နေလေ၏။
ထိုအချိန်တွင် မီးဖိုခန်းမှ ထွက်လာသော ကိုနန်း၏ မဟေသီက ကိုနန်းကို ပြောလေသည်။
“ဟိုဘက်ခန်းက မသိန်း ပြောတာ ကြားတယ်မဟုတ်လား။ သူ ပြောတာ အမှန်တွေချည်းပဲ။ ဈေးသွားတဲ့ အိမ်ရှင်မတိုင်း ကြုံတွေ့ရတဲ့ ဒုက္ခဆိုတာ သိတယ်။ ရှင်လည်း သတိထား။ မိန်းမ ချက်ကျွေးတာ အမြိုင့်သား စားနေပြီး ...” ကိုနန်းက ကြားဖြတ်ကာ
“အေးပါကွာ အေးပါ။ နောက်ဆို ငါလည်း မပြောတော့ပါဘူးကွာ” ဟု သူ့မဟေသီအား စကားနည်း ရန်စဲ ပြောလိုက်သည်။ ပြီးနောက် ခြေလှမ်းကျဲကျဲဖြင့် အိမ်ခန်းထဲသို့ အမြန် ဝင်ရောက်သွားလေတော့သတည်း။
▢ ရွက်လှ ( ရန်ကင်း )
📖 မဟေသီ မဂ္ဂဇင်း
နိုဝင်ဘာ ၊ ၂၀၁၉
No comments:
Post a Comment