❝ ဖျင်းဖျင်းသုန်သုန် အသီးများ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
မြက်ဖျားကို အမြီးပြန် ခေါင်းပြန်စည်းပြီး ဖျာလိပ် သကဲ့သို့ လိပ်ကာ ကိုင်းပင်ဖြင့် စည်းနှောင်ထားသော လက်တစ်ဖက်စာရှိ မြက်ထုံးကို ကြည့်လျက် စိတ်မသက်မသာ ဖြစ်မိသည်။ ဟုတ်ပေ၏။ သူ ထုံးနှောင်ထားသော မြက်ထုံးမှာ ထွာဆိုင် လေးဆိုင်ကျော်မျှသာ ရှိ၏။
‘ရယ်စရာကြီးပါကလား’
ခွက်ပြီးသားပါးကြီး ပိုခွက်အောင် ပြုံးသည်။
‘အေးလေ ... ကိုယ်တတ်နိုင်တာက ဒါလောက်ပဲ တတ်နိုင်တော့တာကိုး’
ဖြေစိတ်ဖြင့် ရီးဆေးရိုးသည် မြက်ထုံးကို မ၏။ ခေါင်းပေါ်သို့ တင်၏။ မြက်ထုံးသည် ပခုံးပေါ်အထိသာ ရောက်၏။ ဦးခေါင်းတစ်လုံးသည် အဘယ်မျှ မြင့်မောက်ပါသနည်း။ အဘယ်မျှ ကြီးမားပါသနည်း။ ငယ်ထိပ် သို့မဟုတ် ဗွေသို့ ပခုံးမှ တစ်ထွာမျှသာ ဖြစ်ပါသည်။ သည်မျှသာ မြင့်သော်ငြား ရီးဆေးရိုး၏ လက်မောင်းကြွက်သားများက တွန်းမပို့နိုင်ပြီ။
‘သည်လိုပဲ ထမ်းသွားရတော့မှာလား’
မြက်ပင်အရင်းများ အဖျားများက ရီးဆေးရိုး၏ နားရွက်ကို ထိုးသည်။ လည်ပင်းကို ထိုးသည်။ အထိုးခံရမှုမှ သက်သာစေရန် ခေါင်းကို စောင်းထားရသည်။ လေးငါးဆယ်လှမ်းမျှ လှမ်းအပြီးတွင် ရီးဆေးရိုးမှာ လည်ပင်း ညောင်းလာသည်။ ထို့ကြောင့် အံကြိတ်လျက် မြက်ထုံးကို လှိမ့်တင်သည်။ လည်ပင်းနှင့် နားရွက်၊ နားထင်များကို မြက်စူးသည်။ အားအင်ကုန်ခန်းလုလုရှိတော့မှသာ မြက်ထုံးသည် ရီးဆေးရိုး၏ ခေါင်းပေါ်သို့ ရောက်သွားလေ၏။
နှမ်းခင်းများ၊ နေကြာခင်းများ၊ ပြောင်းခင်းများ။ နှမ်းခင်းမှလွဲလျှင် ကျန်အခင်းအားလုံးမှာ စာနှင်ကြရသည်။ ထိုနည်းတူ ကြက်တူရွေးကိုလည်း မောင်း ကြရသည်။ ဝါးလက်ခုပ်သံ တဖြောင်းဖြောင်း၊ သွပ်ပြားခေါက်သံ၊ သံပုံးတီးသံ တညံညံဖြင့်။ သည်ကြားထဲမှာမှ ထူးထူးခြားခြား နွေစပါးခင်းတစ်ခင်း၊ တစ်ဧကသာသာခန့် ရှိမည်။ ရီးဆေးရိုး၏ ခြေလှမ်းတွေ တန့်သွားသည်။ ရေတွင်းတူးပြီး စက်ဖြင့် ရေတင်စိုက်သော နွေစပါးခင်းမှာ အနှံထွက်နေပြီ။
‘ရပါစေ၊ အောင်မြင်ပါစေဗျာ’
ကြိုးစားအားထုတ်သူ မည်သူနည်း ရီးဆေးရိုး မသိငြား မုဒိတာစိတ်ဖြင့် မေတ္တာပို့မိသည်။ တစ်ပြိုင်နက်တည်း မုန်းမြောင်းကို လှမ်းကြည့်မိသည်။ မုန်းမြောင်းကား သဲတဖွေးဖွေးဖြင့် ခြောက်သွေ့စွာ လဲလျောင်းနေရှာချေသည်။
‘နှမ်းသမားတွေအတွက် သည်မြောင်းမှာ မြောင်းရေ လွှတ်ပေးမှာပါ။ ဘာဖြစ်လို့ မလာတာပါလိမ့်’
အကျင့်ပါနေသော ခြေထောက်များက ‘ရှားပင် ပေါင်း’ ဘက်သို့ လှမ်း၏။ စင်စစ်သော်ကား ဤမှာ ဘက်၌ လယ်ကွက်များ မရှိတော့ပြီ။ သစ္စာမြိုင်အမည် ရှိ လူနေရပ်ကွက်ကြီး ဖြစ်နေပြီ။
‘အေးလေ… လင်းဇင်းမြောင်းကို အသာထား၊ မုန်းမြောင်းတောင်မှ ရေမမှန်တော့တာကလား’
“အဘ ”
မြောင်းလက်တံ မြောင်းပေါင်ကိုင်းတောစပ်မှ လှမ်းခေါ်သော အသံကို ရီးဆေးရိုး မကြားပါ။ ရေမရှိသော မြောင်းထဲ၌ ရီးဆေးရိုး နစ်နေသည်။
‘ပင်းတောင် ပင်းခွင့် မရှိတဲ့ သည်မြောင်းမကြီးကို ချိုးပြီး ရေယူနေကြတာကိုး။ ဘယ်မှာ အောက်ကို ရေကျတော့မတုံး၊ အင်း...’
“အဘကလဲ ခေါ်လိုက်ရတာ ... နားကန်းနေသလား မသိဘူး”
အပါးသို့ မိန်းကလေးတစ်သိုက် ရောက်လာတော့မှသာ ပြောသံကို ရီးဆေးရိုး ကြားတော့သည်။ မြေးလတ် ခင်မောင်ငြိမ်း၏ သမီးကြီး ပြုံးပြုံးငြိမ်းဦးနှင့် အဖော်များဖြစ်သည်။ ရီးဆေးရိုးသည် ပြုံးပြုံးငြိမ်းဦး၏ ‘ဘေး’ ဖြစ်ငြား ‘ဘ’ ဟူ၍သာ ခေါ်သည်။
“ဘရဲ့မြက်ထုံးကို ပြုံးရဲ့ မြက်ထုံးပေါ်မှာ တင်ပေး လိုက်”
ဝမ်းသာစရာစကား ဖြစ်ငြား ရီးဆေးရိုး ဝမ်းမသာနိုင်။ နားကန်းနေသလား မသိဘူး ဟူသည့် ရိုင်းစိုင်းသော အပြောကြောင့် နှာခေါင်းများ မွှန်ထူနေသည့် အတွက် ဖြစ်သည်။
“ပေးပါဆိုနေမှ... တကတည်း အိုက်စကရင် ခံနေပြန်ပြီ”
ပြုံးပြုံးငြိမ်းဦးသည် ရီးဆေးရိုး၏ ခေါင်းပေါ်ရှိ မြက်ထုံးကို ဆွဲချသည်။ ဘေးဖြစ်သူ ဒယီးဒယိုင်ဖြစ်သွားသည်ကို ဂရုမထား၊ မြက်ထုံးကြီးပေါ်တွင် မြက် ထုံးကလေး တင်လျက် တဟီးဟီး တဟားဟားဖြင့် ထွက်ခွာသွားပြီ။
‘သည်မြက်ထုံးသာ ရွက်မလာမိရင် သည်လိုဖြစ်မှာ မဟုတ်ဘူး၊ အင်း ငါ့အပြစ်ပါကလား၊ ငါ့အမှားပါကလား’
ရီးဆေးရိုး၏ လယ်ပွဲကို လုပ်နေသော မြေးကြီး မောင်ကိုကြီးက “လယ်ပြင်ကို လာချင်လာပါ ဘရာ၊ မြက်မရိတ်ပါနဲ့၊ မြက်ထုံးလည်း မသယ်ပါနဲ့ ဘရာ” ဟု ပြောထားပါလျက်က ရိတ်လာမိ၊ ရွက်လာမိသည် မဟုတ်လား။ ရီးဆေးရိုးကလည်း မျက်စိမှုန်သော် ငြား မြက်ကိုကား မြင်ဖြစ်အောင် မြင်သည်။ သည် အတိုင်း ထားလိုက်ပါက ရင့်သွားပြီး အလဟဿ ဖြစ်ကုန်လိမ့်မည် တွေးမိသဖြင့် ရိတ်လာမိခြင်းဖြစ်သည်။ သို့ကြောင့် စိတ်မကြည်သာစရာအကြောင်း တရား၏ အရင်းခံတရားခံမှာ မိမိသာဟု သုံးသပ်ရတော့သည်။ ခေါင်းပေါ်က မြက်ထုံး မရှိတော့ငြား ရီး ဆေးရိုး မလန်းရွှင်ပါ။ ရင်မှာ မငြိမ်းချမ်း၊ ကိုယ်လည်း မငြိမ်းချမ်းသည်ကို ရီးကျီးဒန်၏ ဗျစ်တီးဗျစ်တောက် အသံက ဆီးကြိုသည်။
“ကျေးဇူးမတင် လင်မရ ဆိုတာ ဒါမျိုးပေါ့။ သည် မြက်ထုံးကို ဓားစင်ပေါ်တင်ပေးခဲ့ရင် ငါ့မြစ်ကလေး လိမ္မာလိုက်တာဆိုပြီး ကျေးဇူးတောင် တင်ဦးမယ်။ အခုလို ဖုန်ထဲ ပစ်ထားခဲ့တော့ ကျေးဇူးမတင်တဲ့အပြင် နင်းပြီး ဆုတ်ပစ်ချင်တယ်ဟေ့”
မေးရန် မလိုပါ။ ပြုံးပြုံးငြိမ်းဦးသည် ဘေးထံမှ ယူလာခဲ့သော မြက်ထုံးကို ဖြစ်ကတတ်ဆန်း ပစ်ချ ထားခဲ့၍ ဖြစ်ပေမည်။ ရီးဆေးရိုးသည် မန်ကျည်းပင်ရိပ်ရှိ ကွပ်ပျစ်တွင် တိတ်ဆိတ်စွာ ဝင်ထိုင်သည်။ အေးစက်နေသော ရေနွေးကြမ်းကို ငှဲ့သောက်သည်။ ငါးသေတ္တာဘူးခွံတွင်းမှ ဆေးလိပ်တိုကို ဆွဲယူရင်း အိမ်အောက်သို့ မျက်လုံးဝေ့၏။ ရီးဆေးရိုး၏ အိမ်မှာ လူတစ်ရပ် မလွတ်။ မလွတ်သော်ငြား နေ့လယ်နေ့ ခင်းတွင် အေးသည်ဆိုကာ မြစ်တွေ စုရုံးနေတတ်၏။ ခုလည်း အမေကြီး (ဘေးမကြီး) မြည်တွန်တောက် တီးနေသဖြင့် ငြိမ်သက်နေကြငြား တီးတိုးတွတ်ထိုးနေသည်။ ဘုတ်ကေဆီဆမ်း ကစားသူ၊ ဇယ်တောက်သူ။
“သတ္တိခဲ ရှိလားဟေ့”
မချောစိန်၏ သမီးငယ် မိမိထွေးခေါ် ငတက်ပြားမ ၏သား ဖြစ်သည်။ နေပူထဲမှ လာသောကြောင့် အလင်းနည်းသော အိမ်အောက်ရှိ ကလေးများကို မသဲကွဲ။
“ရှိတယ်၊ ဘာလုပ်မလို့တုံး”
ရီးဆေးရိုးသည် အိမ်ပေါ်ရှိ ဆေးတောင်းထဲမှ ဆေးလိပ်တစ်လိပ် ယူခဲ့ရန် ခိုင်းစေလို၍ ဖြစ်သည်။ သို့သော် ခိုင်းလိုစိတ် ကုန်သွားသဖြင့် ငြိမ်သက်နေလိုက်တော့သည်။ ရီးကျီးဒန်သည် ဓားစင်တွင် နွားစာစဉ်းရန် ဝင်ထိုင်ပြီးမှ ထလာသည်။ သတ္တိခဲကို ကုပ်မှကိုင်လျက် အိမ်အောက်မှ ဆွဲထုတ်လာသည်။
“ရှိပါတယ်ခင်ဗျာလို့ မပြောနဲ့ဦးဟယ်”
ဖြန်းခနဲ... ဖုန်းခနဲ... အုန်းခနဲ ထုရိုက်သံများ ပွက်လောထ၏။
“ရိုက်မနေပါနဲ့ ကျီးဒန်ရာ၊ ညည်းပဲ လက်မျက်တယ်၊ အကြောတင်တယ် ဖြစ်နေပါဦးမယ်”
“နောက်တစ်ခါဆိုရင် ဒီထက် နာမယ်”
ရီးကျီးဒန်က သတ္တိခဲကို လွှတ်ထားခဲ့ပြီး ရီးဆေး ရိုး၏ ဘေးမှာ လာရပ်သည်။
“ကျုပ်ကိုပဲ ခိုင်းပါတော်” ဟု ပြောသည်။
“မေကြီး၊ သမီးလုပ်ပေးမယ်လေ”
သတ္တိခဲ၏နှမ ရွှေရည်ဝင်းသည် ဘုတ်ကေဆီဆမ်း ကစားနေရာ အိမ်အောက်မှ ပြေးထွက်လာ၏။ ဖုန်ပေနေသော လက်နှစ်ဖက်ကို ရှင်မီးအင်္ကျီတွင် သုတ်ရင်း ရီးကျီးဒန်ဘေး၌ ရပ်၏။
“ဘဖို့ ဆေးလိပ်ယူပေးစမ်းပါအေ”
“ဘကလည်း ဒါလေးများ”
ရွှေရည်ဝင်းသည် ဖျိုးဖျိုးဖျတ်ဖျတ် ဆိုးဆိုးဆတ်ဆတ် ပြေးတက်သွားသည်။ ပြောင်းဖူးဖက် ဆေးလိပ်တစ်လိပ် ယူလာခဲ့ပြီး “ရော့ ဘ” ဆိုကာ ပစ်ပေးသွားသည်။ ရီးဆေးရိုး၏ ပေါင်ပေါ်သို့ ဆေးလိပ်ရောက်ချိန်တွင် ရွှေရည်ဝင်းမှာ ကစားဖော်၏ ရှေ့၌ ငုတ်တုတ်ထိုင်မိပြီးနေပြီ။
“လာခဲ့.. လာခဲ့၊ ပြန်ပေး "
ရီးကျီးဒန်က ပြန်ခေါ်သည်။ ရွှေရည်ဝင်း မကြည်မသာ ထလာ၏။
“လူကြီးကို ပေးရင် ဘယ်လို ပေးရသတုံး၊ ပြန်ပေး”
ရွှေရည်ဝင်းသည် ဘေးကြီးထံမှ ဆေးလိပ်ကို ယူကာ လက်နှစ်ဖက်ဖြင့် ပေးပါသော်လည်း တစ်ချက်မူ အခေါက်ခံရသေး၏။
“အဲသလို ပေးရတယ်ဟဲ့၊ မသေမချင်း မှတ်ထား”
“ညည့်လက်ဆစ်တွေ နာတာပဲ အဖတ်တင်မှာပါ ကျီးဒန်ရာ”
ရီးဆေးရိုး အားမရှိပါးမရှိ ညည်းတွားရာက မီးခတ်ကို ရှာသည်။
ရီးကျီးဒန်က ထန်းဖုံးဖတ် ထိုင်စရာကို လှမ်းဆွဲပြီး ရီးဆေးရိုး၏ ရှေ့ မြေပြင်ပေါ်၌ ထိုင်သည်။
“သူတို့ စကားပြောတတ်စကတည်းက “ဟုတ်ကဲ့” အပြောသင်လာခဲ့တာ၊ ဘယ်မှာ ပြောကြလို့တုံး။ တအင်းတည်း အင်းနေတာပဲ မဟုတ်လား”
“ဒါကြောင့်လည်း အိမ်ထောင်ပြု ဘုရားတည် ဆေးမင်ရည် စုတ်ထိုးလို့ ပညာရှိတွေက ဆုံးမခဲ့တာ ပေါ့”
ရီးကျီးဒန်က သဘောမပေါက်ဟန်ဖြင့် ရီးဆေးရိုးအား ပါးစပ်ဟလျက် မော့ကြည့်သည်။
“ဘုရားကို ပြီးကပစ် တည်လို့ ပြီးသွားခါမှ ဟာ... စောင်းနေတယ်ဆိုပြီး ပြင်ဖို့ မလွယ်သလို အိမ်ထောင်ပြုရာမှာလည်း အိမ်ထောင်ကျပြီး သူက ဘာဖြစ်တယ်၊ ငါက ဘာဖြစ်တယ်အကြောင်းပြပြီး ကွဲဖို့ကွာဖို့ မလွယ်တဲ့အတွက် သုံးနှစ်သုံးမိုးလုံးလုံး လည်ပတ်ပြီး လူကဲခတ်ကြတာပဲ။ ဒါကြောင့်လည်း သုံးနှစ်သုံးမိုး လေ့လာပြီးမှ ညားတဲ့အိမ်ထောင်တွေ ကွဲခဲတာကလား”
သည်အထိလည်း ရီးကျီးဒန် သဘောပေါက်ဟန် မပြ။ မော်၍ ကြည့်မြဲ ကြည့်နေသည်။
“သုံးနှစ်သုံးမိုး လည်တယ်ဆိုတာ အကြောင်းမဲ့မှ မဟုတ်တာကလား။ ဒီမိန်းကလေး ဒေါသကြီးသလား၊ စေ့စပ်ရဲ့လား၊ အပျင်းထူသလား ဆိုတာကအစ ယောက်ျားကလေးက အကဲခတ်သလို၊ မိန်းကလေးကလည်း ဒီလူဟာ မျိုးရိုးသန့်ရဲ့လား၊ သူတို့အမျိုးထဲမှာ သူခိုး ဓားပြ ဘိန်းစား ရှိသလား ဆိုတာမျိုးတွေပါ မကျန် မေးမြန်းစုံစမ်းတယ်။ လေ့လာတယ်၊ အကဲခတ်တယ်”
“ဟုတ်ပါ့တော် ဟုတ်ပါ့၊ ကျုပ်တို့ဖြင့် ငတက်ပြား မတို့ လင်ထောင်ပုံနဲ့တော့ ကွာပါ့”
ဆိုင်းမဆင့် ဗုံမဆင့်ဘဲ ရီးကျီးဒန် ဒေါသဖြစ်လာသည်။ အသက်မရှူဘဲ ပြောသောကြောင့် အသံပါ သြလာသည်။
“ဘယ့်နှယ်တော်...ဓာတ်ယာယီလည်း မသိ၊ အကြောလည်း မသိဘဲနဲ့။ ဘယ်ကလာပြီး ဘယ်ကို သွားမယ်မှန်း မသိတဲ့ ရေမျောကမ်းတင် ဒိုက်သရောကို ထမင်းဆာသလို ရေငတ်သလို ဖမ်းကြိုက်။ ကနေ့ တွေ့ ၊ နက်ဖြန် ကြိုက်၊ သန်ဘက်ခါ လိုက်ပြေး”
ငတက်ပြားမခေါ် မိမိထွေး၏ အိမ်ထောင်ဖက် အောင်ဘာလေမှာ အမည်မှ လွဲ၍ ကောင်းသော အခြား အရာ မရှိချေ။ အောင်ဘာလေ၏ မိဘ ဦးသာအိ၊ ဒေါ်ကြည်တို့မှာ စရိုက်လည်း ကြမ်းသည်။ ရမ်းဘိုကုန်းသား ရီးဆေးရိုး၏ မျက်စိဖြင့်ကြည့်သော် ရပ်ပြစ် ရှစ်ပါး ဖြစ်၏။ ဘုန်းကြီးကျောင်းနေခဲ့ဖူးသော ရီးဆေးရိုး၏ နားဖြင့် ထောင်သော် ပစ္စန္တရစ်သားများ ဖြစ်၏။
“ငါ ပြောချင်တာဟာ အဲဒါပဲ ကျီးဒန်။ မျိုးစေ့မမှန်၊ ပင်မသန်က၊ ဖူးတံငုံကင်း၊ အသီး ဖျင်းသတဲ့။ အခု ငါတို့ရဲ့မြစ်ကလေးတွေဟာ အသီးတော့ အသီးပဲ၊ ဒါပေမဲ့ အဆန်မပါဘူး။ မျိုးရိုးက ညံ့တာကိုး။ ရိုး တွင်းခြင်ဆီထဲမှာ ပါလာတဲ့ ရိုင်းစိုင်းမှုကို ညည်းနဲ့ ငါ ပါးစပ်နှစ်ပေါက်တည်းနဲ့ ဆုံးမသွန်သင်လို့တော့ မရဘူး၊ မိဘကပါ ဆုံးမနိုင်မှ”
“အို… တော်၊ သူတို့မိဘတွေကမှ ဘာမှ မသိတာ။ ကလေးတွေကို ဘယ်လိုလုပ် ဆုံးမမှာတုံး။ ကဲ.. တော်ပဲ စဉ်းစားကြည့်၊ အောင်ဘာလေ သေစာ ရှင်စာတောင် မနည်းဖတ်ရ ရေးရပါကလား။ ဟော... တော့် မြေး ငတက်ပြားမ ၁၅ နှစ်နဲ့ လင်နောက်လိုက် ပြေးတာ ဘာဆို ဘာမှ မသိဘူး။ ဒီတော့ ကလေးတွေကို ဘယ်လိုလုပ် ဆုံးမမှာတုံး”
ရီးဆေးရိုး သက်ပြင်းချသည်။
“အိမ်ထောင်ပြုဖို့က လွဲလို့ ဘာမှ မသိသူတွေ။ အိမ်ထောင်ပြုတဲ့ အတွက် ပေါက်ပွားလာတဲ့ ကလေး တွေဟာ ဟုတ်ဟုတ်ငြားငြား ဆုံးမသွန်သင်တာ မခံရရှာဘူး။ ရပ်ကျိုးရွာကျိုးကို အကျိုးမဖြစ်ရင် အဆိပ်ပေါ့”
နောက်ထပ် သက်ပြင်းတစ်ကြိမ် ထပ်ချရာက
“အေးလေ… ကမ္မသကာပဲ သဘောထားရတော့မှာပဲ” ဟု ရီးဆေးရိုး ညည်းတွားသည်။ သို့သော် နေပူကျဲကျဲတွင် အိမ်ဝိုင်းထဲသို့ မိန်းမတစ်ယောက် ဝင်လာသဖြင့် စကားကို မဆက်ဖြစ်။
တဘက်တစ်ထည်ကို ခေါင်းပေါ်တင်လာသူမှာ သမီးကြီးချောစိန်ဖြစ်မှန်း အရိပ်ထဲသို့ ရောက်တော့မှ ရီးဆေးရိုး သိသည်။ ဆံပင်တွေဖြူ၊ ပါးရေတွေတွန့်၊ သွားတွေကျိုးနေသော မချောစိန်၏ ရုပ်သွင်မှာ သူ့ အမေနှင့် နင်လားငါလား ဖြစ်နေ၏။
“နေပူလိုက်တာ သမီးရယ်”
မချောစိန်သည် ခေါင်းတင်တဘက်ကို ကွပ်ပျစ်ပေါ် တင်ရင်း၊ အမေ ဆွဲပေးသော ထန်းဖုံးဖတ်တွင် ထိုင်သည်။
“ပူပေမယ့် မလာရင် မဖြစ်လို့ အဖေရေ့”
“ဟေ” ခနဲ မြည်ကာ ရီးဆေးရိုး ထိတ်လန့်၏။ ရီးကျီးဒန်မှာ “ဟင်” တစ်လုံးရွတ်ပြီး ရင်ကိုဖိ၏။ သမက်ထွန်းရ မည်သို့ဖြစ်သနည်း။ မည်သည့်မြေး၊ မည်သည့် မြစ် အမှုအပေါက်ပေါ်သနည်း။
“မောင်လေးဘညိန်း အိပ်ရာထဲ လဲနေတာ သုံးရက်ရှိပြီတဲ့ အမေရဲ့”
“တို့ကို ဘာပြုလို့ အကြောင်းမကြားတာတုံး”
“လှမေမှာ ကိုယ်ခွဲမှ မရှိတာဘဲ အမေရာ”
ကိုဘညိန်း၊ မလှမေတို့တွင် မေကြည်၊ ခင်မောင်ငြိမ်း၊ မောင်မောင်လှ၊ ကျော်သူရ ဟူသော သားသမီး လေးယောက် ရှိပါလျက် ပြုံးပြုံးငြိမ်းဦး၊ ငြိမ်းပြုံးရည်၊ သူရကျော်၊ သူရသန်း၊ သူရထွန်း ဟူသည့် မြစ်တွေလည်း ရှိပါလျက် “ကိုယ်ခွဲ မရှိဘူး” ပြောသံကြားရသောအခါ ရီးဆေးရိုး တုန်ခါသွားသည်။
“ဪ သားသမီးမြေးမြစ် ဘယ်လောက်ပဲရှိရှိ၊ အလိမ္မာ အကြင်နာ နည်းပါးသူတွေ မွေးထားမိရင် အလကားပါကလား”
သို့ဖြစ်သောကြောင့် သမီးကြီးချောစိန်မှာ လှမေတို့ခေါင်းရင်းက ကလေး လာပြောလို့ ဘညိန်းသတင်းကို သိရကြောင်း၊ အမေတို့ မသွားနိုင်က မသွားပါရန်နှင့် သိစေရန် သတင်းပေးခြင်းသာဖြစ်ကြောင်း ဆက်လက် ပြောသံများကို ရီးဆေးရိုး မကြားတော့ပါ။
“သမီးပြန်ပြီ အဖေရေ့”
ရီးဆေးရိုး ခေါင်းမညိတ်မိ။
ခေါင်းကိုသာ တွင်တွင်ခါနေမိသည်။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment