❝ တိုက်ပွဲ ❞
▢ ငွေဇင်ယော်ဦး ( မိုးကုတ် )
မကြုံကြိုက်ခဲ့ရတာ ကြာပြီဖြစ်စွာ ခြိမ့်ခြိမ့်သဲ ကျင်းပမည့် အလှူတန်းကြီး လှည့်လာခါနီးပြီဖြစ်၍ ကျွန်မတို့ လမ်းသွယ်ရပ်ကွက် အိမ်တန်းတစ်လျှောက် အိမ်တိုင်းကိုယ်စီ ကိုယ်ငှ လှုပ်လှုပ်ရွရွ ဖြစ်နေကြပါ၏။
မကြုံဆို ဒီဘက်ခေတ်တွေ နောက်ပိုင်း စီးပွားရေးမကောင်းကြတော့သဖြင့် တစ်နိုင်တစ်ပိုင် အလှူလေးတွေလောက်ပဲ များကာ အရင်ခေတ်တွေလို ငွေကုန်ချင်သ လောက်ကုန် ချဲ့နိုင်သမျှ ချဲ့ကားပြီး လှူကြသည့် ထိတ်ထိတ်ကြဲ အလှူကြီးမျိုးက ရှားသွားပြီလေ။
ယခုအလှူရှင်ကတော့ တော်တော်ကြီးကို ရက်ရက် ရောရော အကုန်ကျခံကာ ရှင်လောင်း အပါးတစ်ရာအထိ တစ်ဦးတည်း အလှူရှင်အနေဖြင့် တာဝန်ယူ ရှင်ပြုပေးသည့်အပြင် ရှင်လောင်းမိဘများ ဝတ်ဖို့သာမက အလှူပွဲ လိုက်ပါကြမည့် အပျိုလူပျိုများအတွက် အထိပါ အဝတ်အစားတွေ အလှူလက်ဆောင်အဖြစ် ပေးကမ်းတာ ဖြစ်သည်။ လူတွေ စိတ်အဝင်စားဆုံးကတော့ မြန်မာ့ရိုးရာ ဝင်းခင်းသဘင်တွေပါ ထည့်သွင်းလှည့်လည်မည့် ကိစ္စဖြစ်သည်။ ခေတ်သစ်ဝင်းပီပီ ဝင်းမှ သာမန် ပုဂံဝင်း၊ ရတနာပုံဝင်းတို့လို ဝင်းတွေပင် မကဘဲ မြို့ကလေး၌ မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားဝင်းများနှင့် ဂေါ်ရခါးဝင်း၊ တရုတ်ဝင်းတွေပါ ထူးထူးဆန်းဆန်း ထည့်ထားသေးသည်မို့ လူတွေ စိတ်ဝင်စားမိကြတာလည်း မဆန်းဟု ဆိုရမည်။ ဒီတော့ အလှူလှည့်ရန် ကြော်ငြာထားသည့် နေ့ခင်းနှစ်နာရီမထိုးခင် တစ်နာရီဝန်းကျင်လောက် ကတည်းက ကျွန်မတို့ လမ်းသွယ်အထွက် မိန်းလမ်းမကြီးပေါ် ထိုထိုဤဤမှ အလှူလှည့်လာကြသည့် ကလေးလူကြီးတွေ နှင့် လမ်းဘေးဝဲယာနှစ်ဖက် ပြည့်ညပ်လျက် ရှိနေလေပြီ။
လမ်းမကြီးပေါ် ပြည့်ကျပ်နေသဖြင့် ကျွန်မတို့ လမ်းသွယ် ထဲအထိပါ တချို့ ဖိတ်လျှံကျ လာသေးသည်။ အလှူတန်းက ကျွန်မတို့ လမ်းသွယ်ထဲမှ အတွင်းပိုင်း လမ်းအဆုံး ချိုးကွေ့တက်သွားကြရသည့် ဘုန်းကြီးကျောင်းထဲမှ ထွက်လာကြမည်ဖြစ်ရာ ကျွန်မတို့ကတော့ ကိုယ့်အိမ်ရှေ့ ဖြတ်သွားတုန်း ကြည့်လိုက်ကြရုံပင်။ တစ်နေ့တာ၏ နေအပူဆုံးအချိန်မှာ လမ်းပေါ် ထွက်ကြည့်လိုက်ရလျှင် မသက်သာတာမို့ ကျွန်မတို့ လမ်းထဲမှ လူတွေ ကံကောင်းသည်ဆိုရပါမည်။
ကိုယ့်အိမ်ဝရန်တာပေါ် ကိုယ် ထွက်ကြည့်ရုံဆိုပေမယ့် နှစ်နာရီ မထိုးသေးမှန်းလည်း သိသိကြီးနှင့်ကို အပြင်၌ လူသံသူသံ ကြားလိုက်၊ စိတ်စောစွာ ထွက်ကြည့်မိလိုက်၊ အထဲ ပြန်ဝင်လိုက်နှင့်ဆိုတော့ မထူးဟု ဆိုကာ ကျွန်မတို့ သားအမိနှစ်ယောက် တစ်ခါတည်းသာ ထွက်ရပ်စောင့်နေလိုက်ကြတော့တာ ဖြစ်ပါ၏။
ထိုစဉ်မှာပဲ ကျီးဇာတ်လမ်းကို မြင်တွေ့ခွင့်ရလိုက်ကြတာဖြစ်ပါ၏။
ကျွန်မတို့ ဝရန်တာ၌ ရပ်နေကြဆဲမှာ မနီးမဝေး ကောင်းကင်ပေါ် လူးလာခေါက်တုံ့ ပျံဝဲ ခြေရှုပ်လျက် ရှိနေကြသည့် ကျီးကန်းတွေကို မနည်းမနော အရင် စမြင်ရသည်။ အသံတွေကလည်း တအားအားနှင့် နားမခံသာလောက်အောင် ဆူညံနေကြတာမို့ မဖြစ်မနေ သတိပြုမိကုန်ကြရတာပင်။
ဒါကိုမြင်တော့ အမေက “ဟဲ့ ဒီနား တစ်ဝိုက်မှာ အသား တစ်တွေဘာတွေ ရှိနေလို့များလား” ဟု တွေးကာ မျက်စိနှင့် လိုက်ရှာကြည့်နေ၏။ ကျွန်မကတော့ ထိုဆူညံနေရာ ကျီး တစ်အုပ်တို့ ကျွန်မတို့ ရပ်ကြည့်နေကြရာတွေဆီ အမှတ်မထင် ထိုးဆင်းလာကြမည်ကို တွေးပြီး စိုးရိမ်နေမိသည်။ သူတို့ သဘာဝနှင့် သူတို့ ဘာတွေ့၍ ဤမျှအထိ ဆူညံပွက်လော ရိုက်အောင် အော်ဟစ်ကာ ရေးကြီးသုတ်ပျာ ရှိနေကြမှန်း မသိပေမယ့် ပုံစံတွေက ခုချက်ချင်းပဲ မြေပြင်ပေါ် ဒါမှမဟုတ် အောက်သို့ ထိုးဆိုက်ဆင်းလာတော့မည့် ဟန်တွေ ဖြစ်ရာ ဘာရယ်မဟုတ် တွေးပူမိခြင်း ဖြစ်သည်။
ကျွန်မတို့သားအမိ စိုးရိမ်သလိုပင် ကျန်အနီးအပါးမှ ကိုယ့်အိမ် သူ့အိမ် ဝရန်တာတွေပေါ် အသီးသီး ထွက်ရပ်ကြည့်နေကြသူတွေလည်း ထိုကျီးတစ်အုပ်ရှိရာ မနိမ့်မမြင့် ကောင်းကင်ပေါ်သို့ စိတ်မချစွာ သတိပြုစောင့်ကြည့်လျက် ရှိနေကြတာ တွေ့ရသည်။
ခဏကြာတော့ သူတို့ ဤသို့ ဖြစ်နေရပုံ အကြောင်းရင်းကို ကျွန်မတို့ သိခွင့်ရရှိ လိုက်ကြပါ၏။
လက်စသတ်တော့ ကျွန်မတို့ ဘေးခြံ၏ စည်းရိုး အုတ်တံတိုင်းအပြင်ဘက်လမ်းမှာ ကျနေသည့် သူတို့အမျိုး အဆွေ ကျီးနာလေး တစ်ကောင်ကြောင့်ပင်။ ကျီးကလေးက ဘယ်လိုဖြစ်ထားမှန်းတော့ မသိ။ တော်တော်ကြီး အနာတရ ဖြစ်နေတာ သိသာလှသည်။ လမ်းပေါ်မှာ အတောင် တဖျပ်ဖျပ်၊ ယက်ကန်ကန်နှင့်။ ကြည့်ရတာ အတောင်ပံကော ခြေထောက်မှာပါ ဒဏ်ရာရထားပုံ ပေါ်သည်။ ကျွန်မတို့ သတိပြုမိပြီး လှမ်းကြည့်မိကြချိန်မှာပင် ခမျာ အတောင်ပံလေးဖြန့်ကာ ပျံရန် ကြိုးစားကြည့်လိုက်။ ဒယိမ်းဒယိုင်နှင့် ဖြစ်သွားလိုက်နှင့်။
“ဒုက္ခပါပဲ” ဟု ကျွန်မ လွှတ်ခနဲ ရေရွတ်မိသွားသည်။ အမေကလည်း ကျွန်မလိုပဲ တွေးလိုက်မိဟန်ဖြင့် “ဒီပုံနဲ့ဆို ဒီကျီး ဒုက္ခရောက်တော့မှာပဲ။ တော်ကြာကျရင် အလှူတန်းကြီးက လမ်းထဲ ဝင်လာတော့ မှာ” ဟု ပူပန်စွာ ပြောနေသည်။ အလှူလှည့် ဆိုတော့ သိကြသည့်အတိုင်း လူတွေသာမက မောင်ရင်လောင်းစီးဖို့ မြင်းတွေမှန်း မသိ၊ ကားတွေ ဆိုင်ကယ်တွေမှန်း မသိပါ ဆိုင်းသံဗုံသံတွေနှင့် ဆူညံရှုပ်ထွေးလျက် ပါလာကြမည်ဖြစ်ရာ ကျီးကလေး မပျံနိုင် မရှောင်နိုင်တာတွေနှင့်တော့ ဒုက္ခလှလှတွေ့ ပေတော့မည်။
“အဲဒါကြောင့် အပေါ်က ကျီးအုပ်စုကြီး ဒီလောက် ယောက်ယတ်ခတ်နေကြတာကို”
အမေက မှတ်ချက်ပြုသည်။
ကျွန်မကတော့ “ကျီးအာသလို ဝိုင်းအာသည်” ဟူသည့် စကားအဓိပ္ပာယ်ကို ခုမှလက် တွေ့ကြုံဖူးစွာ လက်ခံလိုက်မိတာပင်။ ကျီးကန်းဟူသည့် တိရစ္ဆာန်များသည် သူတို့အမျိုး၊ သူတို့အဆွေကို သိတတ်လွန်းလိုက်ကြတာဟုလည်း တအံ့တသြ ချီးကျူးမိသည်။ လူတွေကို ကယ်ပါယူပါဟုပဲ ဟစ်အော်ကာ အကူအညီတောင်းခံပေး နေကြလေရော့သလား မသိပါချေ။
“မဖြစ်သေးပါဘူး။ ညည်းမောင်ကို ခေါ်စမ်း။ အလှူလှည့် မလာခင် ကျီးကို တော်ရာရွှေ့ ခိုင်းထားပေးလိုက်ရအောင်”
ကျွန်မတို့ ဘေးခြံက လူ မရှိသည်မို့ ကျွန်မတို့နှင့် အနီး ဆုံးလို ဖြစ်နေရာ အမေက စီမံသည်။ ကျွန်မက အိမ်အောက် ကပျာကယာ ဆင်း၍ ကျွန်မ၏မောင်လေးကို အကျိုးအကြောင်း ပြောပြလိုက်တော့ မောင်လေးက ခြံပြင်ဘက်သို့ ထွက်သွားသည်။ ကျွန်မ အပေါ် ပြန်ရောက်တော့ မောင်လေးက ကျီးနာလေး အနား ကပ်သွားပြီး ကောက်ကိုင်ဖို့ ကြိုးစားနေတာ တွေ့ရသည်။ ကျီး ဆိုသည့်သတ္တဝါတွေက နဂိုကတည်းက လူယဉ်သည့် သတ္တဝါမျိုး မဟုတ်တာကြောင့် ချက်ချင်း အကိုင်မခံဘဲ ပြန်လှန်ထိုးဆိတ်ဖို့ ကြိုးစားတာကို တွေ့ မြင်ရပါ၏။ “အလားလား နာတယ်ဗျ။ ဒီကောင် တကယ် ဆိတ်တာပဲ” ဟု ကျွန်မမောင်လေး အော်သံကြားရ၍ အမေနှင့် ကျွန်မ သူတို့ ဖြစ်နေပုံကို သဘောကျပြီး ရယ်မိကြသည်။ မောင်လေးက ခဏအကြာမှာတော့ ကျီးနာလေးကို အောင်မြင်စွာ ကိုင်တွယ်မိနိုင်သွားလေသည်။ ထို့နောက် သူ ပြုတ်ကျနေရာ အုတ်တံတိုင်းအမြင့်ပေါ်သို့ တင်ပေးရန် ကြိုးစားလိုက်သည်။
ထိုစဉ်မှာပဲ ထင်မှတ်မထားတာ တစ်ခု ဖြစ်လာပါ၏။ ကျီးနာလေးကို မဲပြီး ကြည့်နေခိုက် ကျွန်မတို့ ခေတ္တ မေ့လျော့နေမိကြသည့် ကောင်းကင်ပေါ်မှ သူ့အဖော် ကျီးကန်းတစ်အုပ်တို့ ဗြုန်းခနဲ စုပြုံ ထိုးစိုက်ဆင်းလာကြခြင်း ဖြစ်ပါသည်။ ကျွန်မ မောင်လေးမှာ “ဟိုက် အကျိုးနဲ” ဟုဆိုကာ လက်ထဲမှ ကျီး ကို အုတ်တံတိုင်းပေါ် ကမန်းကတန်း ပစ်တင်၍ အိမ်ထဲ ဝင်ပြေးရတော့သည်။ သူတို့မျိုးဆွေကို အန္တရာယ်ပြုနေသည် ထင်ပြီး ဝိုင်းဝန်ထိုးဆိတ်ရန်ပြုရန် ပြုံခနဲ ဆင်းချလာကြခြင်း ပင်။ မျက်စိလျင်ကာ အပြေးမြန်၍ မောင်လေး တစ်ယောက် သူတို့ ရန်မှ သီသီလေး လွတ်သွားပေမယ့် သူ အလောသုံး ဆယ် ပစ်တင်ခဲ့ရသည့် ကျီးနာလေးမှာတော့ အုတ်တံတိုင်းပေါ် မိမိရရ မတင်မိလိုက်ဘဲ မြေပြင်ပေါ်သို့ ဘုတ်ခနဲ ပြန်ကျ သွားလေတော့သည်။ အတောင်ပံကလည်း အသုံးပြု၍ မရရာ ခမျာ မိအေး နှစ်ခါနာရရှာတော့တာပင်။ ကျီးအုပ်စုကြီးကတော့ စောစောကထက် ပိုနိမ့်သည့် နေရာအထိ ဆင်းလာကာ ခေါက်တုံ့ပျံဝဲ ဆူညံနေကြတော့သည်မို့ မောင်လေးလည်း တံခါးဝ၌ ပြူတစ်ပြူတစ် လုပ်နေရုံမှအပ ထပ်ထွက်မလာရဲတော့ပေ။
ထိုခဏ၌ ကျွန်မတို့ အားလုံး မကြာခင်လာတော့မည့် အလှူပွဲကို မေ့ကာ ကျီးတွေကိုပဲ စိတ်ဝင်စားနေမိကြသည်။ အမေကတော့ သူ့စေတနာ အထမမြောက်လိုက်ရ၍ ကျီးတွေအပေါ် ကရုဏာဒေါသောဖြင့် တဖျစ်တောက်တောက် လုပ်နေပါ၏။
“တိရစ္ဆာန်ဆိုတော့လည်း အခက်သား။ သူတို့ လူ၊ သူတို့ ဘက်သား ဒုက္ခရောက်မှာ စိုးလို့ စေတနာနဲ့ ကယ်ပေးလို့ ကယ်ပေးမှန်း မသိ။ ကူညီပေးနေမှန်းလည်း နားမလည်။ တော်ကြာနေ အလှူတန်းက ထွက်လာကြတော့မှာ”
ဘယ်သူမှလည်း ထပ် ထွက်မလာရဲဘဲ စိတ်တွေ တထင့်ထင့် ရှိနေကြဆဲမှာပဲ သူရဲကောင်း ပေါ်ထွက်လာလေသည်။ ကျွန်မတို့ မျက်နှာချင်းဆိုင်အိမ်မှ ဘကြီးဖြိုးပင် ဖြစ်သည်။ ဘကြီးဖြိုးက အသက်ခြောက်ဆယ်ခ န့်ရှိပြီး၊ ဝဝပုပု၊ ထိပ်ပြောင်ပြောင်နှင့် ဖြစ်ပါ၏။ ကူကယ်မည့်သူ မရှိခင်က မရှိသည့်အလျောက် ကျီးနာလေးအတွက် ပူပင်ပေးမိသလို ကူကယ်မည့်သူ ပေါ်လာတော့လည်း ကူကယ်မည့်သူအတွက် ကျွန်မတို့ တစ်မျိုး ပူပန်ပေးမိကြရပြန်ပါ၏။
“ဘကြီးဖြိုးတော့ အဆိတ်ခံရတော့မှာပဲ အမေရယ်”
“ကျီးကို မြန်မြန်ကောက်တင်ပြီး ပြေးရင်တော့ မပြောတတ်ဘူး”
အမေက သူ ဖြစ်ချင်သည့် ဆန္ဒကို ဆွဲတွေးနေ၏။ ပြောမည့်သာ ပြောနေသည်။ လူငယ်ပီပီ သွက်လက်မှုလည်း ရှိပြီး အရပ်လည်း မြင့်သည့် ကျွန်မ မောင်လေးပင် သူ့အရပ်နှင့် ကျီးကလေးကို ထိုအုတ်တံတိုင်းပေါ် အမိအရ မတင်နိုင်သေးလျှင် အသက်လည်း ကြီးပြီး အရပ်လည်း မောင်လေးလို မမြင့်သည့် ဘကြီးဖြိုးက အမြန်တင်၍ ပေါ့ပေါ့ပါးပါး ပြန်လှည့်ပြေးဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဘကြီးဖြိုး၏ သမီးတွေကလည်း သူတို့အဖေအတွက် စိတ်ပူစွာဖြင့် တစ်ယောက်တစ်ပေါက် လှမ်းအော်ခေါ်နေကြသည်။ ဘကြီးဖြိုးကတော့ ဆုံးဖြတ်ချက်ပိုင်နိုင်စွာ ချမှတ်ပြီးမှ ထွက်လာဟန်ဖြင့် လှည့်မကြည့်ချေ။ အပေါ်သို့ တစ်ချက်မျှ မော့ကြည့် အကဲခတ်လိုက်ကာ ကျီးနာလေး ရှိရာသို့ သတိ အနေအထားဖြင့် ချဉ်းကပ်သွားသည်။ ထို့နောက် ကျွန်မမောင်လေးကဲ့သို့ ချိန်ဆမနေဘဲ ကျီးနာကို မြန်မြန်ဆန်ဆန်ပင် ဆတ်ခနဲ ကောက်ယူလိုက်တော့သည်။ ကာယကံရှင် ဘကြီးဖြိုးတော့ ဘယ့်နှယ်နေမည် မသိ။ လှမ်းကြည့်နေကြသည့် ကျွန်မတို့တွေမှာတော့ ရင်တဖိုဖို၊ အသည်းတယားယား။ လျှို့ဝှက်သည်းဖိုကားပဲ ကြည့်နေရသလိုမျိုး။ ဘကြီးဖြိုးက နာနေသော ကျီးကလေးကို ကောက်ယူပြီးသည်နှင့် အုတ်တံတိုင်းပေါ်သို့ ပစ်တင်ရန် ကြိုးစားလိုက်သည်။ အရပ်ပုနေသဖြင့် ပထမတစ်ချီမှာ အရာမရောက်လိုက်ဘဲ ကျီးက အုတ်နံရံနှင့် ရိုက်မိပြီး ဘုတ်ခနဲ ပြန်ကျလာသည်။ ကျွန်မတို့တတွေလည်း ဟာခနဲဖြစ်ကုန်ကြသည်။ ဘကြီးဖြိုးက မဆိုင်းမတွ ပြန်ကောက်ယူလိုက်ကာ နောက်တစ်ချီ ပြန်တင်ပြန်သည်။ မမီပြန်ချေ။
“ငါ့နှယ် သေသာသေလိုက်ချင်တော့တာပဲ။ နင်တို့ ဘကြီးဖြိုးလုပ်ပုံနဲ့ ကျီးနာက ကျိုးရုံမကဘဲ အသက်တောင် ထွက်တော့မယ်ဟဲ့”
အမေက အားမလိုအားမရ ညည်းသည်။ အမေ့ကို ကြည့်ရသည်မှာ ဘောလုံးပွဲ ကြေညာနေသူလို ဖြစ်နေသည်။ ဘောလုံးကို ဘယ်သူ ယူသွားပြီဖြင့် ယူသွားပြီ၊ ဂိုးသွင်းလျှင် သွင်းပြန်ပြီစသဖြင့် ဘကြီးဖြိုးနှင့် ကျီးတွေ ဖြစ်နေပုံကို ကြည့်ပြီး လေသံ အနိမ့်အမြင့်နှင့်ကို လိုက်ပြောနေတော့သည်ပင်။ ကျန်သည့်အချိန်တွေသာဆို ရယ်စရာပေမယ့် ခုနေခါမှာဖြင့် ကျွန်မမှာ အမေ့ကို ကြည့်ပြီး မရယ်နိုင်ပေ။ ကျွန်မလည်း အမေ့လိုပဲ ဖြစ်နေမိတာ မဟုတ်လား။
ကျွန်မတို့ ဘေးလူတွေ ထိုသို့ဖြစ်နေချိန်မှာ ဘကြီးဖြိုး ခမျာမှာလည်း ခေါင်းပေါ် မည်းနေအောင် ဝဲပျံနေသည့် ကျီးတွေရန်ကိုက ကြောက်ရသေး။ ကျီးနာလေးကို သူ့အရပ်လေး မမီမကမ်းနှင့် ကယ်တင်လိုဇောနှင့် တတ်နိုင်သမျှ အားကြိုးမာန်တက် လုပ်ဆောင်နေရ ရှာသေးတာပင်။ ကြည့်နေကြတုန်းမှာပဲ ကျီးအုပ်ကြီးက နောက်တစ်ချီ အလုံးအရင်းနှင့် ထိုးဆင်းလာကြပြန်လေသည်။ ဘကြီးဖြိုးက ကျွန်မမောင်လေးလို ပြန်လှည့်မပြေးဘဲ ကျီးနာကို ရလိုရငြား နောက်တစ်ကြိမ် ပြန်တင်ဖို့ ကြိုးစားသဖြင့် ကျီးတွေဝိုင်းဆိတ်ကြတာကို ခံရတော့သည်။ ချက်ခြင်းပင် ဘကြီးဖြိုး၏ နဖူးပြောင်ပြောင်ပေါ်မှာ သွေးစသွေးနတွေ မြင်လိုက်ကြရသည့်မို့ မျက်လုံးပြူးကုန်ကြသည်။ ဘကြီးဖြိုးသမီးတွေကတော့ “အဖေ မျက်စိတွေဘာတွေ ထိုးဆိတ်မိကုန်လိမ့်မယ်။ ထားခဲ့လိုက်ပါတော့။ ပြန်လာခဲ့ပါ အဖေရဲ့” ဟု ဝိုင်းအော်ခေါ်နေကြလေပြီ။ ဘကြီးဖြိုးလည်း ကျီးကလေးအရေး လှည့်မကြည့်နိုင်အားတော့ဘဲ သူ့အိမ်ဝင်းထဲ တန်းနေအောင် သုတ်ခြေတင် ပြေးဝင်ရရှာတော့သည်။ ဒါတောင် ထိုးဆိတ်ရန် အငြိုးတကြီး လိုက်ပါသွားသည့် ကျီးတွေက လိုက်ပါသွားကြသေးသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ကျွန်မသည် တိရစ္ဆာန်ဖြစ်လင့်ကစား ကိုယ့်အမျိုးအဆွေကို ကိုယ်သိတတ်လိုက်လေခြင်းဟု စောစောတုန်းက ချီးကျူး အားကျမိထားသမျှ ပျက်ပြယ်ကာ ကရုဏာဒေါသစိတ် ခိုဝင်လာမိတော့သည်။ ဘယ့်နှယ် သူတို့ကိုယ် သူတို့တော့ သူတို့အသိဉာဏ်နှင့်နှိုင်းဆကာ ကိုယ့်အမျိုးကိုယ် ရဲဘော်ရဲဘက်ကဲ့သို့ ဝိုင်းကာကွယ်ပေးနေကြခြင်းဟု အထင်ရောက်နေကြပေလိမ့်မည်။ ယုံကြည်နေကြ လိမ့်မည်။ ယင်းကြောင့်လည်း ယခုလို လုပ်ဆောင်နေကြသည်ပင်။ သူတို့ အခုလို ကာကွယ် ပေးလိုက်မှပဲ သူတို့ မျိုးနွယ်တူ ကျီးနာလေးအတွက် ပိုဒုက္ခရောက်အောင် တွန်းပို့ပေးလိုက်မိရာ ကျနေပြီဖြစ်ကြောင်း သူတို့ မစဉ်းစားတတ်ကြ။ အင်းလေ စဉ်းစားမိကြရအောင်ကလည်း လူလို အသိဉာဏ်မျိုး ရှိမထားသည့် တိရစ္ဆာန်လေးတွေ ဆိုတော့လည်း ... ။
ဒီလိုဆိုတော့ လျှပ်တစ်ပြက် ခိုတွယ်ဝင်ရောက်လာမိသည့် ကရုဏာဒေါသစိတ် ပျောက်သွားကာ သနားစရာ အသိဉာဏ်မဲ့ သူတို့ ဘဝလေးတွေအပေါ် သနားစိတ်တို့ ဝင်ရောက်လာရပြန်သည်။ ကံ ကံ၏အကျိုးကို သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာဝင်ပီပီ ဖြစ်လေရာဘဝတိုင်း ဒီလို အသိဉာဏ်မဲ့ အဟိတ်တိရစ္ဆာန်ဘဝမျိုး ရောက်ရမည်ကိုလည်း အတွေးနှင့်ပင် စိုးကြောက်မိရသည်။
ခဏကြာတော့ ကျီးတွေ ဝိုင်းဆိတ်သဖြင့် ဝင်ပြေးသွားသည့် ဘကြီးဖြိုးတစ်ယောက် သူ့အိမ်ဝင်းလေးထဲမှ ပြန်ထွက်လာသဖြင့် ကျွန်မတို့ အားလုံး အံ့အားသင့်ကုန်ကြသည်။ စောစောက ကျီးတွေ ဝိုင်းဆိတ်ခံထားရသည့် ဒဏ်ရာတွေကိုတော့ ပတ်တီးစည်းလာပါ၏။ ဒီတစ်ခါတော့ လူချည်း မလာ။ လက်ထဲမှ ထိုင်ခုံအမြင့်တစ်ခုံ နှင့် ရေပုံးတစ်ပုံး ဆွဲလာသည်။ အားလုံးက ဘကြီးဖြိုးတစ်ယောက် ဒီလောက် အထိုးဆိတ် ခံထားရတာပင် မမှတ်သေးဘဲ ထပ်ထွက်လာတာကို အပြစ်တင်လိုဟန် ကြည့်သူတွေက ကြည့်ကြသည်။ သူတို့ထိုက်နဲ့ သူတို့ကံ နေပါစေတော့လားဟု မချင့်မရဲ လှမ်းအော် အကြံပြုသူက ပြုနေကြသေးသည်။ လူတွေဆိုတာကလည်း အခက်သား။ ကိုယ်တိုင်ကသာ အလုပ် အားလုံးကို မလုပ်နိုင်သည်။ လုပ်နိုင်သည့် သူတွေက လုပ်ပြန်တော့လည်း အားမလို အားမရ ပြစ်တင်ဝေဖန်ချင်သူတွေ၊ ဆရာ လုပ်ချင်သူတွေကလည်း အများသား။ လောကမှာ အလွယ်ဆုံးကလည်း ဘေးမှနေ၍ ပါးစပ်ကလေးဖြင့် ဆရာ လုပ်ရသည့် အလုပ်ပဲပေကိုး။ အဲ လောလောဆယ်တော့ ထိုလူစားတွေထဲ ကျွန်မပါ အပါအဝင်ပေါ့။ ခုလည်း ဘကြီးဖြိုး ဘာလုပ်ပြန်ဦးမည်နည်းဟု မျက်လုံးပြူးကာ အားလုံးဝိုင်းကြည့် အကဲခတ်နေကြသည်။ ငိုအားထက် ရယ်အားသန် ဆိုသလို ဘကြီးဖြိုးက သူ ကိုင်လာသည့်ပုံးကို ခေါင်းပေါ် စွပ်ချလိုက်သဖြင့် အားလုံးရယ်ချင် ပက်ကျိ ဖြစ်ကုန်ကြသည်။
ဘကြီးဖြိုးကတော့ ဘယ်သူတွေ ဘာပြောပြော ဘယ်လို မျက်လုံးတွေနှင့်ပဲ ဝိုင်းကာ ကြည့်နေနေ သူ့ယုံကြည်ချက် နှင့်သူ ခပ်တည်တည်ပင်။
အမေ တစ်ယောက်တော့ဖြင့် ဝမ်းသားအားရ ချီးကျူးနေသည်။
“ဟယ် အခုလိုကျတော့လည်း ညည်းတို့ ဘကြီးဖြိုးက ဖြတ်ထိုးဉာဏ် ကောင်းသားဟဲ့” ဆိုပဲ။ ကျွန်မကတော့ ရေပုံး ခေါင်းပေါ် စွပ်ချလျက် ကျီးနာလေးကို ကယ်ရန် ချဉ်းကပ် သွားသည့် ဘကြီးဖြိုးကို ကြည့်ပြီး ရယ်ချင်စိတ်တစ်ဝက် လောကကြီး၏ သဘာဝမကျစွာ ဖြစ်ပျက်တတ်သည့် သဘာဝတချို့အပေါ် တရား ကျမိခြင်းတစ်ဝက်နှင့် ရှိနေသည်။ ခမျာ တစ်ဖက်သား ဒုက္ခတွင်းထဲ မကျစေရန် ကူညီကယ်မဖို့အရေး ကိုယ့်ပြန် ရန်ပြုခြင်းမခံရအောင် သံရေပုံးကို အရင်ဆုံး ခေါင်းစွပ်ထားရသည့် ဘဝလေ။ နားလည်သဘောပေါက်အောင် နင်လား ငါလား ဖက်ပြိုင်ပြောဆို ရှင်းပြရအောင်ကလည်း တစ်ဖက်က စဉ်းစားဉာဏ် နုံနဲ့ရှာသည့် သတ္တဝါလေးတွေ။ ဉာဏ်ရည်တူ သတ္တဝါချင်းတွေသာ ဆိုလျှင်လည်း ဒါတွေက ရှင်းပြပြောဆိုနေစရာ အကြောင်း မရှိတော့ပါ။ ခုတော့။
ရေပုံးကို ခေါင်းပေါ် ဟန်ကျပန်ကျ စွပ်ပြီးသွားပြီ ဖြစ်သည့် ဘကြီးဖြိုးတစ်ယောက်ကတော့ ဘယ်သူ့ကိုမှ လှည့်မကြည့်အားပဲ သူ လုပ်စရာရှိသည်တို့ကို ဆက်လုပ်နေပြီပင်။ ကျီးနာလေးကို ကောက်ကိုင်ကာ၊ လူက ထိုင်ခုံပေါ် တက်ရပ်။ ထိုအခါ ကိုယ်တိုင်ဆင်းလာ ကယ်တင်ဖော်ဖြင့် မရကြဘဲ ကောင်းကင်ပေါ်မှ ဝိုင်းစောင့်ရှောက်ကာကွယ်ပေးလျက် ရှိနေကြသည့် အဖော်ကျီးကန်း တစ်အုပ်ကြီးကလည်း သူတို့အလုပ် သူတို့ လုပ်ကြပြန်လေသည်။ စောစောကလိုပင် နား မခံသာလောက်အောင် တအာအာ အော်မြည်လျက် စိုက်ခနဲ ထိုးဆင်းလာကြပြန်သည်။ ဒီတစ်ခါတော့ သံပုံးခေါင်းစွပ်ထားသည်မို့ ဘကြီးဖြိုး ခေါင်းဆိတ်ခံရသည့် အဖြစ်မှတော့ လွတ်သွားသည်။ ထိုင်ခုံပေါ် သေချာတက်ရပ်ကာ မိမိရရ တင်ပေးနိုင်သွားသည်မို့ ကျီးကလေးလည်း တစ်ခါတည်းနှင့် အုတ်တံတိုင်းပေါ် ရှောရှောရှူရှူ ရောက်ရှိသွားပါ၏။ တိုင်ပင်ထားစရာ မလိုဘဲ ကိုယ့်အိမ်ပေါ် သူ့အိမ်ပေါ် တက်ရပ်ကြည့်နေသူအားလုံး ဝိုင်းလက်ခုပ်တီးပေးမိကြသည်။ ခေါင်းကို ဝိုင်းဆိတ်ကြသည့်ရန်မှ လွတ်သွားပေမယ့် စွပ်ကျယ်အင်္ကျီဝတ်ထားရာ လွတ်နေသည့် လက်မောင်းသားနေရာတွေကို ထိုးဆိတ်ခံရသည့် ဘကြီးဖြိုးမှာတော့ ထူးပြီး သက်သာသည် ရယ်တော့ဖြင့် မဆိုနိုင်ပြန်ပါ။
သို့သော် ရည်ရွယ်သလို ကျီးကလေး ဘေးကင်းရာတော့ ရောက်ရှိသွားပြီမို့ ဘကြီးဖြိုးနှင့် အတူ ကျွန်မတို့ ဝိုင်းကြည့်နေကြသူတွေပါ စိတ်အေးလက်အေး ဖြစ်သွားရပြီ ဆိုတာဖြင့် အမှန်။ အမေကတော့ သူစိတ်ပူနေသည့် ကျီးနာလေး လောလောဆယ် ဘေးကင်းလုံခြုံရာ ရောက်သွားပြီမို့ ဘကြီးဖြိုးကို အကြိမ်ကြိမ် သာဓုခေါ်မဆုံးဖြစ်နေလသည်။
သူ လုပ်စရာရှိတာတွေ ပြီးမြောက်သွားပြီမို့ ဘကြီးဖြိုးက ခုံတွေမကာ ရေပုံးခေါင်းစွပ်လျက်သားကြီးနှင့် သူ့အိမ်လေး ထဲ အေးအေးဆေးဆေးပင် ပြန်ဝင်သွားသည်။
“တော်သေးတာပေါ့အေ။ ဘကြီးဖြိုး အနာခံပြီး ဝင်ကယ် ပေးပေလို့။ နို့မို့ဆို နှစ်နာရီက ထိုးတော့မှာ။ အလှူတန်းကြီး လှည့်လာရင် ဘယ်လိုမှ လွတ်မှာ မဟုတ်ဘူး။ ကားတွေ ဆိုင်ကယ်တွေ တက်ကြိတ်မိရင် ကြိတ်မိ ဒါမှမဟုတ်လည်း ဒီနား တစ်ဝိုက်က အိမ်တွေမှာ ခွေးတွေကြောင်တွေကလည်း ပေါပါဘိသနဲ့။ အခုတောင် ဘာအကောင်မှ မတွေ့ကြသေး လို့ ခမျာ ဘေးရန်ကင်းနေရှာတာ”
ပြောနေရင်းမှ “ဟဲ့” ဟု ဆိုကာ အမေ့အသံ ရုတ်တရက် တိတ်ဆိတ်သွားသဖြင့် ကျွန်မလည်း ယောင်ရမ်းပြီး အမေကြည့် နေရာဘက်ဆီ လိုက်ကြည့်မိသွားသည်။ ကျွန်မပါ နှုတ်ဆိတ်ကာ မျက်လုံး ပြူးကျယ်သွားရပါ၏။ စောစောက ဘကြီးဖြိုး အနာခံကာ အား ကြိုးမာန်တက် ကောက်တင် ပေးသွားခဲ့သည့် ကျီးကလေးက အုတ်တံတိုင်းပေါ်မှာ မဟုတ်တော့ဘဲ မြေကြီးပေါ် ပြန်ရောက်နေပြီလေ။ ကြည့်ရသည်မှာ သူ့ဘာသာ လူးလွန့်ရင်းပဲ မတော်တဆ ပြန် ပြုတ်ကျလာသည်လား။ ဒါမှမဟုတ် အန္တရာယ်မကင်းဟု ထင်ပြီးပဲ တမင် ခုန်ချလာသလားတော့ဖြင့် ကျွန်မတို့လည်း သေချာမမြင်လိုက်ကြရ၍ မသိပေ။
သေချာတာက ဒီတစ်ခါ ပြုတ်ကျလာသည်က စောစောကလို အုတ်တံတိုင်းနံရံနှင့် ကပ် လျက် နီးနီးပင် မဟုတ်ဘဲ လမ်းဘက် တော်တော်ရောက်သည့် နေရာအထိ ကျသွားတာပင်။ အဲဒါမှ ဒုက္ခ။ အလှူလှည့်ကလည်း လာတော့မည်။ စိတ်ထင်၍ပဲလား မသိ။ မကြာခင် ထွက်လာတော့မည်ဖြစ်ကြောင်း ရှေ့တော်ပြေး ဆိုင်းသံဗုံသံများပင်လျှင် နားထဲသဲ့သဲ့ ကြားလာရပြီလိုလို။ ကျွန်မတို့ ငေးကြည့်နေမိကြဆဲမှာပဲ သူ့ကျီးကလေးကို စိတ်မချ၍ သူ့အိမ်ပြတင်းဝ လာရပ်ကြည့်ပုံရသည့် ဘကြီးဖြိုးကို မြင်လိုက်ရတော့သည်။ ခဏမျှ မျက်မှောက်ကြုတ်သွားပြီးနောက်မှာ ဘကြီးဖြိုးတစ်ယောက် ပြတင်းဝမှ လှစ်ခနဲ ပျောက်သွားလေသည်။
အန္တရာယ်ကင်းအောင် ဘာတွေ ထပ်ပြင်ဆင်ပြီး ဘကြီးဖြိုး ထွက်လာဦးမည်နည်းဟု သိချင်စိတ်က တစ်ဖက်၊ စိုးရိမ်စိတ်က တစ်ဖက်။
ကျွန်မတို့နှင့် မနီးမဝေး အပေါ်ဘက်ဆီမှာတော့ ကောင်းကင်တစ်ခုလုံး မှောင်ရိပ်ကျအောင် ကျီးအုပ်ကြီးက မည်းနေပြန်လေပြီ။ ။
▢ ငွေဇင်ယော်ဦး (မိုးကုတ်)
📖 စုံနံ့သာ မဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၂၀၁၄
No comments:
Post a Comment