Friday, November 13, 2026

ကမ်းခြေစောင့်များ


❝ ကမ်းခြေစောင့်များ ❞  
      ▢  ညိုနှင်းအိမ်

အမေ ပြောပြတဲ့ ကဏန်းမနဲ့ ကျီးငှက် ပုံပြင်ပါ။

အမေ့ အရပ်ဒေသက ပင်လယ်ကြီးနဲ့ မကင်းနိုင်လေတော့ အမေ့ ပုံပြင်မှာ ပင်လယ်လေစိမ်းတွေ၊ ပင်လယ်ပြင်ပေါ် ဖြာကျနေတဲ့ နေရောင်တွေ၊ ကဏန်းနဲ့ ကျောက်ဆောင်၊ သဲသောင်ပြင်တွေ ပါဝင်နေပါတယ်။ လူတံငါ၊ ငှက်တံငါတွေလည်း ပျော်မွေ့ကြတာမို့ သားတစ်ငါးတစ် စိုစိုစွတ်စွတ် ရှိတတ်တဲ့ သဲသောင်ပြင်မှာ ကျီးငှက်တွေလည်း ကျက်စားလေ့ ရှိကြပါတယ်။ မနက်စောစော နေမင်း ထွက်ပြူစအချိန် ပင်လယ်ပြင်ကြီး တစ်ခုလုံး နီမြန်းတောက်ပနေချိန်မှာ ကဏန်းမ တစ်ကောင်ဟာ သဲသောင်မွမွ ထက်မှာ နေစာလှုံနေပါသတဲ့။

အဲဒီအချိန်မှာ ကျီးမည်းတစ်ကောင် ကောင်းကင်က ထိုးဆင်းလာပြီး ခွန်းဆင့်သံ ချိုချိုသာသာနဲ့ ကဏန်းမလေးကို မိတ်ဆွေဖွဲ့ပါတော့တယ်။ သတိကြီးတဲ့ ကဏန်းမလေးက ခပ်ရှင်းရှင်းပဲ ကျီးနက်ရဲ့သဘောကို စူးစမ်းလိုက်ပါတယ်။

“စီးစီးစောစော...ကိုနက်ကျော...ဘာသဘောနဲ့လာ”

ပုံပြင်ထဲမှာတော့ ကျီးကလည်း သူ့ သရုပ်မှန်ကို မကွယ်မဝှက် လှစ်ဆိုပြတာပါပဲ။

“အသားထူထူ ... ဝမ်းဆူဆူ ... မင့်ယူဖို့လာ”

“အလိုတော်... မလုပ်ပါနဲ့... ပလုံတုံ့စွပ်”

ကဏန်းမလေးဟာ ကျီးငှက်ရဲ့ သဘောမနောကိုလည်း သိရော တွေဝေ မနေဘဲ ကဏန်းတွင်းထဲ စွပ်ခနဲ ခုန်ဆင်းသွားပါသတဲ့။ ကျီးငှက်လည်း ကဏန်းသားဆူဆူ မစားရတော့ဘဲ မောဟိုက်ကျန်ရစ်ခဲ့တာပေါ့။

အမေ့ ဆိုလိုရင်းက မိန်းမသားလေးတွေဟာ ကဏန်းမနဲ့ တူတယ်။ ကျီးငှက်ရဲ့ မိတ်ဆွေဖွဲ့မှုကို ရှောင်နိုင်ရမယ်။ သူ့သဘော၊ သူ့မနော အစစ်အမှန်ကို စောကြောနိုင်ရ မယ်။ ကျီးရန်က လျင်လျင်မြန်မြန် ရှောင်နိုင် တိမ်းနိုင်ရမယ်ပေါ့။

ဒါ...ဘဝနဲ့ ရင်းပြီး သင်ခန်းစာ။ ရင်ကွဲနာ ကနေ ထွက်ပေါ်လာတဲ့ အမေ ရလာတဲ့ အမေ့အယူအဆ၊ အမေ့ ဆုံးမစာပါ။ အမွန် ကတော့လေ အမေ ဒီလောက်သွန်သင်ဆုံးမ သတိပေးနေပါလျက် ကဏန်းတွင်းထဲ ခုန်ဆင်းဖို့ မမီခဲ့ပါဘူး။ နံနက်ခင်း နေခြည်အောက်မှာ အေးမြတဲ့ပင်လယ်လေစိမ်းကို တဝကြီး ရှူရှိုက်ရင်း နေစာလှုံခဲ့တယ်။ ကျီးငှက်ရဲ့ မိတ်ဆွေဖွဲ့မှုမှာ သာယာခဲ့တယ်။ ကျီးငှက်ရဲ့ ခွန်းဆင့်သံချိုမှာ မိန်းမောနေခဲ့တယ်။ ကဏန်းတွင်းထဲ ခုန်ချဝင်ပုန်းဖို့ နှောင့်နှေးခဲ့ပါတယ်။

••••• ••••• •••••

အမွန် တွေ့မြင်နေရတဲ့ ရေပြင်စိမ်းစိမ်းဟာ အမွန့်အတွက် ပိုစိမ်းကားနေသလိုပါပဲ။ အဲဒါ အမွန့် ငရဲတွင်းပါ။ မကြာခင် သည်ငရဲတွင်းထဲကို အမွန် ခုန်ဆင်းတော့မှာပါ။ အမွန် ကြားဖူးပါတယ်။ လောကကို လက်မြှောက်အရှုံးပေးသွားသူတွေအတွက် ပတ်ဝန်းကျင်ဆိုတာ အလင်းတစ်စတောင် မရှိပါဘူးတဲ့။

ဒါ...တကယ့်ကို မှန်တာပါ။ အမွန့် မျက်လုံးတွေ ပြာဝေနေပါတယ်။ နားတွေလည်း အူနေပါတယ်။ အမိုက်တကာ့ အမိုက်ဆုံး အလုပ်ကို ရူးရူးနှမ်းနှမ်း လုပ်ဆောင်နေချိန်မှာ ဒီလို ပူထူနေတာ မဆန်းပါဘူး။ ပုံမှန် အသိဉာဏ်တွေ ပျောက်ဆုံးကုန်မှ ဒီလို အဖန် ငါးရာ ငါးကမ္ဘာ အမိုက်ဇာတ်ကို ကျူးလွန်ဝံ့မှာပါ။

အမွန်...ကျောက်ဆောင်ကြိုကြားကနေ တဖြည်းဖြည်း ရေနက်သည်ထက် နက်အောင် ဆင်းသွားခဲ့ပါတယ်။ အေးစိမ့်စိမ်းမြနေတဲ့ ရေတွေဟာ အမွန့် ဒူးဆစ်အထိ စွတ်စိုနေပါပြီ။ အဲဒီ ရေတွေကလည်း အဆက်မပြတ် ရုန်းကန်လှုပ်ရှားနေတဲ့ လှိုင်းတွေမို့ ... အမွန့် အတွက် အချိန် သိပ်မကျန်တော့ပါဘူး။

အမွန့်ရဲ့ မထွေးနိုင်မအန်နိုင်ဇာတ် ဒီမှာ အဆုံးသတ်သွားမှာပါ။

“ခဏလေးအစ်မ...ခဏလေးပါဗျ။ အဲဒီ ကျောက်ဆောင်ကို မှီပြီး ခဏလေး ရပ်နေလိုက်ပါ”

အဝေးကြီးက အသံလား။ ဘယ်သူ ပြောနေတာလဲ။ အမွန့်ကို ပြောတာလား။ ဘာလို့ ပြောရတာလဲ။ သူကတားတာလား။ သူနဲ့ ဘာဆိုင်လို့လဲ။ ဘယ်သူ တားတာလဲ။ မောင့် အသံလား၊ မောင် ပြန်လာပြီလား။ စက္ကန့်ပိုင်း အလိုမှာ မောင်က အချိန်မီ ပြန်ရောက်ချလာတာလား။

အမှန်တော့ အမွန်က သတ္တိရှိလှသူ မဟုတ်ပါဘူး။ မရဲတရဲ ဆုံးဖြတ်ဆောင်ရွက်နေမိပေမယ့် အလွန်အမင်း ကြောက်လန့်တုန်လှုပ်နေသူပါ။ ဒီလို စကားသံ ကြားလိုက်ရ တော့ အမွန် လန့်သွားပါတယ်။ နဂိုက တဆတ်ဆတ်တုန်နေတဲ့ ဒူးတွေ၊ ယိုင်လဲ မတတ်ပါဘဲ။ မောင့် အသံလားလို့ တွေးမိတာနဲ့တင် မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်လျှံသွားပါတယ်။

ထားခဲ့ရက်သူကတော့ ဘယ့်နှယ်နေမယ် မသိ။ အထားခံရသူကတော့ နေ့တိုင်း ရူးရူးနှမ်းနှမ်း မျှော်နေမိပါတယ်။ ခု... နောက်ဆုံးစက္ကန့်အထိ မသိစိတ်က မိုက်မိုက်မဲမဲ မျှော်နေဆဲပါ။ အမှန်တော့ လောကက အယုံလွယ်လွန်းသူအဖြစ် စီရင်ချက်သာ မချခဲ့ရင် မောင့်ကို နောက်ဘဝအထိ မျှော်စောင့်ချင်တဲ့ အမွန်ပါ။

ခုနေ အမွန် သေရင် ကျောက်ဆောင်ကြီး ဖြစ်သွားပါစေ။ ရေလှိုင်းတွေ ပုတ်ခတ်တဲ့ ဒဏ်ကို ကြံ့ကြံ့ခံရင်း အမွန် ခိုင်ခိုင်မာမာ မရွေ့မလျား မလှုပ်မယှက် မောင် ပြန်လာ တဲ့အထိ စောင့်ပါရစေ။

ခုတော့ အမွန်က လောကရဲ့အပြစ်ပေးခံရသူပါ။ ပြစ်ဒဏ်ခံယူရမယ့် သူပါ။ အမွန် ပြိုလဲပါတော့မယ်။ အမွန် ကျောက်ဆောင်ကြီး ဘေးမှာ တစ်ခဏ မှီကပ်နေပါရစေ။

“ဟုတ်ပြီ အစ်မ...ဟုတ်ပြီ။ အဲ့လိုလေး အသာ မှီနေလိုက်။ ကျွန်တော် ဓာတ်ပုံ ရိုက်ချင်လို့ပါဗျ”

အမွန့် နားမှာ လျှပ်ပြက်လိုက်သလို ခံစားလိုက်ရပါတယ်။ ပိန်းပိတ်အမှောင် မဟုတ်တော့ပါဘူး။ ဪ... အမွန်ထားရစ်ခဲ့ရမယ့် လောကကြီးက သက်ရှိထင်ရှားရှိနေတုန်းပါပဲလား။ အင်း... အမွန် ရေထဲ ဆက် ဆင်းလို့ မဖြစ်တော့ပါဘူး။ ဘယ်သူမှ မရှိဘူးလို့ ထင်ခဲ့တဲ့ နေရာမှာ အခြားလူ တစ်ယောက် ရှိနေခဲ့ပါပြီ။ အမွန် အသက်ကို ဖြည်းဖြည်း ပြန်ရှူလိုက်ရင်း ကမ်းပေါ်ကို မော့ကြည့် လိုက်ပါတယ်။ အမွန့် မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်နေမှာပါ။

မင်း ဘယ်လိုယူဆမှာလဲ ဓာတ်ပုံသမားလေး။ မင်းဘယ်လို ယူဆယူဆ ငါ ဂရုမစိုက်ပါ ဘူးကွယ်။ ငါက ဘဝကို အဆုံးထားပြီးသားပါ။ မင်း နှောင့်ယှက်လို့ ဒီနေ့ မဆုံးရင် မနက်ဖြန် ဆုံးမှာပါ။

“အစ်မ ပြန်တက်ရ ခက်နေလား။ ကျွန်တော် လာကူမယ်။ အစ်မ ကျွန်တော့်ကို လက်ကမ်းပေးလိုက်”

အမွန် သူ့ကို လက်ကမ်းမပေးပါဘူး။ သူက အတင်းလက်ဆွဲပြီး ကမ်းပေါ်ရောက်အောင် ခေါ်တင်သွားတာပါ။ ကမ်းပေါ်ရောက်တော့ အမွန် သက်မဲ့ တစ်ယောက်လိုပဲ သူ့ဘေးက ထွက်ခွာလာခဲ့ပါတယ်။

ခုနက အမွန်က သေဆုံးသွားခဲ့ရပါပြီ။ ခု အမွန်က မနက်ဖြန် သေရမယ့် အမွန်ပါ။ ဘယ်သူ့ကို ဘာစကားပြောဖို့ လိုပါသေးသလဲ။ ကျေးဇူးတင်စကားလား။

ဟင့်အင်း။ ကျေးဇူးမတင်ပါဘူးကွယ်။

••••• ••••• •••••

အိမ်ပြန်ရောက်တော့၊ မောင်မင်းကြီးသားကို ကျေးဇူးတင်ရုံမက ထိုင်ဦးချချင်စိတ်တောင် ပေါက်လာပါတယ်။ ကံကောင်းပေလို့၊ သူ နှောင့်ယှက်ပေလို့ အမွန် အိမ်ပြန်ခွင့်ရတာပါ။ အိမ်မှာ အမေက ရင်ကျပ်လို့ အသက်ရှူမဝ ဆောက်တည်ရာမရ ဖြစ်နေရှာပါပြီ။ အမေ့ကို ဘယ်သူက ဆေးရုံတင် ကုသပေးမှာလဲ။ အမေ့ ဘေးနားမှာ ဘယ်သူ ရှိမလဲ။ အမေက ဆေးရုံတက်ဖို့ အမွန့်ကို စောင့်နေတာတဲ့။ နဖူးမှာ ချွေးစေးတွေ စိုနစ်နေတဲ့ အမေ့ကို ဖက်ထားရင်း အမွန် သည်းသည်းထန်ထန် ရှိုက်ငိုမိပါတယ်။

ဪ.. အမိုက်မ ဆိုပေမယ့် လောကမှာ တစ်နေရာရာတော့ အသုံးဝင်နေသေးတာပါလား။ အမေ့ကို ဆေးရုံစောင့်ပေးရင်း သုံးရက် ကြာမြင့်သွားပါတယ်။ အဲဒီအချိန်မှာ နဂိုကမှ သတ္တိ မရှိတဲ့ အမွန်၊ သွေးဖြူစ ပြုနေပါ ပြီ။ ညနေဘက် ကမ်းခြေနားတောင် မသွားလိုတော့ပါဘူး။ အမွန် မရှိရင် အမေ့ကို ဘယ်သူ စောင့်ရှောက်မှာလဲဆိုတဲ့ အသိက၊ အမွန် ဆက်ရှိနေရင် အမေ အရှက်ရ စိတ်ထိခိုက် လိမ့်မယ်ဆိုတဲ့ အသိကို ဖုံးလွှမ်းသွားခဲ့ပါ တယ်။ ဟုတ်သည်၊ မဟုတ်သည်ကို မငြင်းလိုပေမယ့် အမွန်ဟာ အမေ့အတွက်ပဲ အသက်ရှင်နေရသလိုလို အတွေးတွေ ထွေပြားလာပါတယ်။

ပထမအကြိမ် ဆုံးဖြတ်လိုက်တုန်းက အလွန်ပြတ်သားပေမယ့် နောက်ထပ် အကြိမ်များစွာ တွေဝေနေခဲ့ပါတယ်။ အမေ ရုတ်တရက်ကြီး မကျန်းမမာ ဖြစ်သွားတာဟာ အမွန် သက်ဆိုးရှည်ဖို့ပါပဲ။

ရက်တွေ၊ လတွေ ကြာလာတော့လည်း ဖြစ်လိုရာဖြစ်စေဆိုတဲ့ တုံးတိတိ အတွေးက စိုးမိုးလာပါတယ်။ ချီးမွမ်း ၇ ရက်၊ ကဲ့ရဲ့ ၇ ရက် ဆိုတဲ့ စကားမျိုး ရှာကြံ တွေးတတ်လာပါတယ်။

အမွန် မငိုတော့ပါဘူး။ မျက်ရည်တွေ ခန်းကုန်ပါပြီ၊ သတ္တိလည်း မရှိပါဘူး၊ အားလုံးကို အရှုံးပေးပါတယ်။ သူများတံတွေးခွက် ပက်လက်မျောရင် ဘယ့်နှယ်နေမလဲ။ ထုံနေတဲ့ နှလုံးသား နာကျင်စရာ ကျန်ပါဦးမလား။ အမွန် ရှေ့လည်း မဆက်၊ နောက်လည်း မဆုတ်ပါဘူး။

လဲကျ... ကျသွားတဲ့ အတိုင်း ထုံပေပေကြီး လှဲအိပ်နေတာပါ။ တက်နင်းသွားကြလည်း ခံယူဖို့ အသင့်ပါပဲ။ အမွန့် နှလုံးသားက ထိရှလို့ မနာတော့ပါဘူး။

အမွန် ဒီအတိုင်းကြီး ဖြစ်လိုရာဖြစ် အပေအတေ ရပ်တန့်နေခဲ့တာပါ။

••••• ••••• •••••

ပင်လယ်ဟာ ရှိသမျှ အမှိုက်အားလုံးကို မျိုချလိုက်သလိုပဲ အမေဟာ အမွန့်ရဲ့ အပူသောက အားလုံးကို သူ့ရင်ထဲမှာ ဖွက်လိုက်ပါတယ်။ အမေ ဒီကိစ္စကို သိသွားရင် ငိုမယ်၊ ဆူမယ်၊ ထရိုက်လိမ့်မယ်လို့ တွေးမိခဲ့ပါတယ်။ တကယ်တမ်း ရင်ဆိုင်ရတော့ အမေ အလွန် တည်ငြိမ်နေပါတယ်။ မျက်ဝန်းမှာတော့ မျက်ရည်တွေ ဝေ့လာလိုက်၊ ဝေဝါးသွားလိုက်၊ နီမြန်းလာလိုက်နဲ့ အမေ အများကြီးတွေးနေပုံပါပဲ။ မျက်ရည်တွေ ပါးပြင်ပေါ် ကျမလာဘဲ မျက်ဝန်းထဲမှာတင် ဝေ့လည်နေပါတယ်။

အမွန်ကတော့ ရှက်ကြောက်စိတ်ကြောင့် ချက်ချင်းလဲသေပစ်ချင်တာပါ။ အမေ့ ရှေ့မှောက်က အငွေ့ပျံပျောက်သွားချင်ပါတယ်။ အမေ အတော်ကြာ ငြိမ်သက်နေပြီးမှ အမွန့်ခါးတုတ်ကလေးကို စေ့စေ့ကြည့်ရင်း မေးပါတယ်။

“ဘယ်နှလလဲ” တဲ့

“လေးလပါအမေ” လို့ ပြောရင်း အမွန့် အရှက်မျက်ရည်တွေ ပါးပြင်ပေါ် တလိမ့်လိမ့် ကျဆင်းလာပါတယ်။

“ဒါဆို အထုပ်အပိုး ပြင်တော့၊ ရေချိုကို ပြန်ကြစို့” တဲ့။

အမွန် မောင်းမကန်ရွာလေးမှာ နေခဲ့တာ အမွန့်တစ်သက်နီးပါးပါပဲ။ သည်ရွာရဲ့ မူလတန်းကျောင်းလေးမှာ ဆရာမအဖြစ် အမွန့်ဘဝ အစိတ်အပိုင်းအချို့ဟာ ကျေနပ်ပျော်ရွှင်ဖွယ် ကောင်းခဲ့ပါတယ်။ ခုတော့ အမွန့်ကလေးငယ်လေးတွေကို ခွဲရပါတော့မယ်။ ဒါပေမယ့် အမွန်ကလောကကြီးကိုပါ ထားရစ်ခဲ့ဖို့ ဆုံးဖြတ်ပြီးသူပါ။ အမေ စီမံရာက အမွန့်အတွက် အသင့်တော်ဆုံးပါပဲ။

ရေချိုရွာဟာ မောင်းမကန်နဲ့ ဘုတ်တောင်ကြီး တစ်တောင်လုံး ခြားနေပါတယ်။ အမွန့်သတင်းတွေက ဘုတ်တောင်ကြီးကို ကျော်ဖြတ်ဖို့ ခက်ခဲလိမ့်မယ်လို့ အမေ ထင်ဟန် ရှိပါတယ်။ ဘုတ်တောင်ကြီးကို အကွေ့အကောက် များစွာနဲ့ ကျော်ဖြတ်၊ ပုလောချောင်းကို ဖြတ်၊ ရှပ်ပုံရွာကနေ မုတ်တောင်ကြောအတိုင်း ဆက်လာခဲ့ရင် ရေချိုရွာကို ရောက်ပါတယ်။ ရေချိုက အမေ့ရွာပါ။ ပင်လယ်နဲ့ ကပ်နေပေမယ့် ရေငန်ကို တမံ တုပ်ထားပြီး ဆန်စပါး စိုက်ကြပါတယ်။ ရေချိုကျော်ရင်တော့ ရေငန်ကို ထိန်းနိုင်ခဲ့ပါတယ်။ စပါးတွေ ဝါကုန်တတ်ပါတယ်။ ရွာကထွက်၊ ဖိုးရှမ်းတောင်ကို ရောက်ရင် အဆုံးအစမဲ့ ပင်လယ်ကြီးကို တွေ့နေရပါပြီ။

ရေချိုနဲ့ ရေငန်ကို တမံတုပ်ထားတော့ သူတို့ ရောယှက်လို့ မရနိုင်ပါဘူး။ အမွန်နဲ့ သူလည်း ဘုတ်တောင်၊ မုတ်တောင်ကြီးတွေကို ကျော်ဖြတ်လာတာနဲ့ တခြားစီ လွင့်သွားပြီလို့ ခံစားရပါတယ်။ အမွန် ရေချိုမှာ ခိုအောင်းနေခဲ့ပါတယ်။

အမေက အမွန့်ကိစ္စကြီး တစ်ခုလုံးကို ချိုသည်၊ ခါးသည် မဝေဖန်ဘဲ စကားတစ်ခွန်းကိုပဲ ညည်းညူသလို ပြောခဲ့ပါတယ်။

ပတ်ဝန်းကျင်ကတော့ ဒီပုတ်ထဲက ဒီပဲပဲ ထွက်ပါလားလို့ ပြောကြတော့မှာပဲတဲ့။ ဒီစကားက မှန်ကန်လွန်းတာမို့ အမွန့်နှလုံးသားကို မြားတစ်စင်းလို စိုက်ဝင်သွားပါတယ်။ အမွန့်အတွက် အချက်ရာထောင် ရိုက်နှက်ဆုံးမတာထက် နာကျင်စေပါတယ်။ အရှက်ကြောင့် ထူပူထုံထိုင်းနေပေမယ့် အမေ့ရဲ့ ကဏန်းမနဲ့ ကျီးငှက်ပုံပြင်ကို အမွန် သတိရနေ မိပါတယ်။ သောင်ပြင်တိုင်းမှာ ကဏန်းခြေရာတွေ ရှိစမြဲပါပဲ။ သူတို့ ခြေရာက ခြေချောင်းကလေးတွေ သဲထဲ နစ်ဝင်စေခဲ့တဲ့ ပုံစံမျိုးပါ။ သူ ဟိုးအဝေးကြီးက ပင်လယ်ထဲက တက်လာတဲ့ပုံပါ။ သူ သွားရာလမ်းက အရှည်ကြီးပါ။

ဟော... သူ့ခြေရာ ဆုံးသွားပြီ။ သည်နား တစ်ဝိုက်မှာ ကဏန်းတွင်း ရှိနေလို့လား။ ဒီလိုလည်း မဟုတ်။ အလို... ကျီးခြေရာတွေကတော့ သုံးလေးခုရယ်ပါ။ ခဏတစ်ဖြုတ် ဆင်းအသုတ်မှာ ကဏန်းမလေး ဖြုတ်ခနဲ ပါသွားပြီ ထင်ပါရဲ့။ အမေ ပြောပြခဲ့တဲ ကဏန်းမနဲ့ ကျီးပုံပြင်ကတော့ မျက်စိရှေ့မှာတင် ဖြစ်ပျက်သွားခဲ့ပါပြီ။ အမေ အမွန်ငယ်စဉ် ကတည်းက ပုံပြင်လေးတွေ နားဝင်အောင် ပြောရင်း ဒီဘဝဒီနှယ် မကြုံဆုံရအောင် ကြိုတင်တားရှာပါတယ်။ ဒါပေမယ့် အမွန်က ဒီအဆင် ဒီအကွက်ထဲ လည်စင်း ဝင်ခဲ့တာပါပဲ။ တားမနိုင်ဆီးမရ ဒီပုတ်ထဲက ဒီပဲ ဖြစ်စဉ်ဟာ ဖြစ်ပျက်သွားခဲ့ပါတယ်။

••••• ••••• •••••

သဲပလုပ်တွေကို ရေစင်အောင် ဆေးရင်း အသည်းဒဏ်ရာက သွေးစက်စက်ယို နေဆဲပါ။ အမွန့်ချစ်သူအတွက် သဲပလုပ်ကို အကြိမ်ကြိမ် ဆေးပေးခဲ့ရပါတယ်။ လက်ဖဝါး ပဲကြီးရေခွံ လိုက်ပါစေ သူ နှစ်သက်လွန်းတဲ့ အစားအစာမို့ မညည်းမညူ ကြည်ကြည်ဖြူဖြူပါ။

သဲပလုပ်ကို မွှေးမွှေးကြိုင်ကြိုင်၊ ချဉ်ချဉ်စပ်စပ် သုပ်ပြီး စားချင့်စဖွယ် ပြင်ဆင်ပေးရပါတယ်။ အပန်းဖြေသူများက သန့်စင်တဲ့ ပင်လယ်လေကို ရှူရှိုက်ရင်း သောင်ပြင်မှာ ခုံခင်း လွတ်လွတ်လပ်လပ် စားသောက်ရတာကို နှစ်ခြိုက်ကြပါတယ်။

ပင်လယ်ကြီးကို မျက်နှာမူပြီး ကမ်းခြေ စားသောက်ဆိုင်က စားပွဲမှာ လူတစ်ယောက် ထိုင်နေပါတယ်။ သဲပလုပ် မှာတာ သူပဲ ဖြစ်မှာပါ။ ထမင်းဖြူ၊ ရှပ်ဟင်းချိုနဲ့ အအေးဘူးလည်း မှာထားပါတယ်။ အမွန်သူကို မြင်ဖူးပါတယ်။ ချက်ချင်း မှတ်မိပါတယ်။ သူ့မျက်ဝန်းက ညိုပြီး စိုနေပါတယ်။ အမွန့်ကို ကြည့်နေရင်း သူ့မျက်ဝန်းတွေက ဖျတ်ခနဲ အရောင် ပြောင်းသွားပါတယ်။ ပြီး… သူ ဝုန်းခနဲ ထ ရပ်လိုက်ပါတယ်။

“အစ်မ …. ဟိုတစ်လောက အစ်မပါနော်။ အစ်မရယ် ပျောက်ချက်သားကောင်းလိုက်တာဗျာ”

သူ့မျက်ဝန်းမှာ မှိုင်းညိုရိပ်တွေ ရုတ်ချည်း ပျောက်ကွယ်သွားပါတယ်။ သူ အလွန် ဝမ်းသာနေပုံပါပဲ။ သူ သိပ်ဉာဏ်ကောင်းတဲ့ သူပါ။ အမွန့်ကို သူ ဖြတ်ထိုးဉာဏ်ကောင်းကောင်းနဲ့ အသက်ကယ်ခဲ့ဖူးပါတယ်။ အမွန် သူ့ကို ကျေးဇူးတင်စကား မပြောရသေးပါဘူး။

အမွန် သူ့ရှေ့က ခုံမှာ အေးအေးဆေးဆေး ထိုင်လိုက်တော့ သူ ကိုယ်ရှိန်သတ်သွားပြီး နေရာမှာ ပြန်ထိုင်လိုက်ပါတယ်။ ပြီး ရှက်သယောင် အပြုံးတစ်စနဲ့ ပြောလိုက်ပါတယ်။

“ကျွန်တော် စိတ်လောသွားတယ်။ အစ်မ ပြန်ပြေးသွားမှာ စိုးလို့” တဲ့။

သူ အမွန့်ထက် ငယ်မှာပါ။ သူ့အပြုအမူတွေက သွက်လက်ဖျက်လတ်နေပါတယ်။ အချိန်ကာလ တစ်နှစ်ကျော်မှ အမွန် သူ့ကို ကျေးဇူးတင်စကား ပြောဖြစ်သွားပါတယ်။ အမွန်သာ သေဖြစ်ခဲ့ရင် အရိုးကျလောက်ပါ ပြီ။

သူ့နာမည်က “ကိုထိုက်ဇော်” တဲ့။

သူလည်း မောင်းမကန်ကို တာဝန်နဲ့ ရောက်လာတဲ့ ဝန်ထမ်းတစ်ဦးပါပဲ။ ငှက်ဖျား တိုက်ဖျက်ရေးဌာနကပါ။ ထူးတော့ သိပ်မထူးခြားပါဘူး။ ဧည့်သည်ပါပဲလေ။

••••• ••••• •••••

အမွန်နဲ့ သူ ပင်လယ်ကမ်းစပ် ကဏန်းခြေရာတွေကြားမှာ မကြာခဏ ဆုံတွေ့ဖြစ်ပါ တယ်။

“အဲဒီအချိန်တုန်းက ကျွန်တော်အစ်မကို ပြေးပြီးလိုက်ဆွဲရင် မမီတော့ဘူးဗျ။ ဒါကြောင့် ကျွန်တော် ပြောမိပြောရာ လွှတ်ခနဲ ပြောချလိုက်တာ။ အစ်မကို သတိပေးလိုက်တဲ့ သဘောပါပဲ။ အဆင်ပြေသွားလို့ တော်သေးတာပေါ့ အစ်မရယ်။ အဲဒီတုန်းက အစ်မဓာတ်ပုံလေး ကျွန်တော် ကူးထားပါ တယ်။ နောက်နေ့တော့ ယူလာပါ့မယ်”

“ဟင့်အင်း … ရုပ်ပျက်ဆင်းပျက် စိတ်ဓာတ်ကျနေတဲ့ပုံကြီး မကြည့်ချင်ပါဘူး”

“လှပါတယ် အစ်မရဲ့။ မျက်ဝန်းတွေ ငိုနေတာက လွဲလို့”

အမွန် မဲ့ပြုံးလေး ပြုံးပြနေရင်း ခေါင်းခါယမ်းမိပါတယ်။ အဲဒီဓာတ်ပုံတင် မကဘူး အမွန်က ဖြစ်ပျက်သမျှ ဘဝတစ်စိတ်တစ်ပိုင်းကို ပြာချပစ်ချင်သူပါ။

အမွန် လှတယ်ဆိုတဲ့ စကားကို ဒုတိယအကြိမ် ပြည်လည်တွေ့ဆုံကတည်းက သူ လွှတ်ခနဲ ပြောခဲ့ပါတယ်။ အမှန်တော့ အဲဒီအချိန်မှာ အမွန်က မလှတော့ပါဘူး။ လှတဲ့ပန်းလို့ ယူဆရင်တောင် နွမ်းနေပါပြီ။ အမွန် ရေချိုမှာ ကလေးတစ်ယောက်ကို တိတ်တဆိတ် မွေးဖွားပြီးလို့ ကလေးက တစ်နှစ်နဲ့ နှစ်လအရွယ် ရောက်နေပါပြီ။ တစ်သားမွေး တစ်သွေးလှ ဆိုပေယ့် အမွန်က ခိုးကြောင်ခိုးဝှက် အထိတ်ထိတ်အလန့်လန့် မွေးဖွားခဲ့ရသူပါ။ မျက်ရည်လည်ရွဲနဲ့ အံတင်းတင်း ကြိတ်ပြီး မွေးဖွားခဲ့ရသူပါ။ ကိုယ့်ရင်သွေးလေး ဝါးခနဲ ငိုချလိုက်မယ့် အသံကိုတောင် ထိတ်လန့်နေရသူပါ။ အမွန် ဘယ့်နှယ် တစ်သွေးလှနိုင်ပါ့မလဲ။

အမေနဲ့ အမွန်ဟာ ကံဆိုးသူများပါ။ အမွန်တို့ ဘဝက ဒီကဏန်းမပုံပြင်ထဲမှာပဲ ဝဲလှည့်နေချင်တော့ အမွန်မွေးတဲ့ ကလေးကလည်း မိန်းကလေးပါပဲ။ ဒီကလေးရဲ့ အရှုံးမျက်နှာက အမွန့်လူနဲ့ အတော်ဆင်ပါတယ်။ လောကကြီးက အမွန့်ဘက်က လိုက်ပြီး ရပ်တည်ပေးတာဆိုလို့ ဒီတစ်ကွက်ပဲ ရှိပါတယ်။ ဒါပေမယ့် ဒီတစ်ကွက်ကိုပဲ အမွန် မကျေနပ်ပါဘူး။ ဒီမျက်နှာ၊ ဒီအကြည့်တွေကို မြင်ရလေတိုင်း အမွန့်ရင်ထဲက ဒဏ်ရာ မကျက်နိုင်တော့ပါဘူး။ အမြုံနာက လှိုက်စားပြီး ဒုက္ခပေးနေပါတယ်။ ဒါပေမယ့် အမွန့် သမီးလေး ပုံပြင်ကြိုက်မယ့် အရွယ်မှာ အမွန် ပထမဦးဆုံး ပြောပြမှာက ကဏန်းမနဲ့ ကျီးငှက် ပုံပြင်ပါ။ ပင်လယ်လေရဲ့ အေးမြလတ်ဆတ်မှု၊ နေရောင်ခြည်ရဲ့ နွေးထွေးမှု၊ မိတ်ဆွေသစ်ရဲ့ ဆွဲဆောင်မှုမှာ သာယာ မနေဘဲ ကဏန်းတွင်းထဲ သွက်သွက်မြန်မြန် ခုန်ဆင်းဖို့ သင်ကြားပေးရပါဦးမယ်။

မီးဖွားပြီးလို့ တစ်လ အကြာမှာပဲ အမွန် ငါးခြောက်လှန်း၊ ငါးခွဲတဲ့ လုပ်ငန်းခွင်ကို ပြန်ရောက်သွားပါတယ်။ အမေတစ်ယောက်တည်း နေပူကျဲကျဲမှာ ဝမ်းစာရှာနေရတာကို မကြည့်ရက်လို့ပါ။ ကမ်းခြေက အမေ့အသိရဲ့ စားသောက်ဆိုင်မှာလည်း ဝင်ကူခဲ့ပါတယ်။ ဒီလို လုပ်ပေးရင်း သူနဲ့ ပြန်ဆုံကြတာပါ။

သူကတော့ နွမ်းနေတဲ့ ပန်းအလှကို ကြည့်ဖို့ အမောအပန်းခံပြီး ရေချိုကို ခဏ ခဏ ရောက်လာပါတယ်။ ဘုတ်တောင်ကြီး နဲ့ မုတ်တောင်တန်းတွေ ခြားထားတဲ့ ရေချိုဟာ လွယ်လွယ်ကူကူ ခရီးသွားဟန်လွှဲ ရောက်နိုင်တဲ့ နေရာ မဟုတ်ပါဘူး။ အလုပ် ကိစ္စလေးလည်း ရှိလို့ ဒီဘက် ရောက်လာတာ ပြောပေမယ့် သူ့ အငြိအတွယ်ကို အမွန့်ရင်ထဲက သိနေပါတယ်။

“စီးစီးစောစော... ကိုနက်ကျော ... ဘာသဘောနဲ့ လာ” လို့ အမွန် မေးသင့်နေပါပြီ။ ဒါပေမယ့် ဦးနှောက်က နက်နက်နဲနဲကြီး သိနေပြန်ပါတယ်။ သူ သားစိမ်းကြိုက်တဲ့ ကျီးငှက် မဟုတ်နိုင်ဘူး ဆိုတာကိုပါ။

ဒါကြောင့် ဒီမေးခွန်းမေးမယ့်အစား သူ့မျက်နှာကိုပဲ ငေးကြည့်နေမိပါတယ်။ အမွန့် နှလုံးသားထဲမှာတော့ ရင်ခုန်သံ လှိုင်းလုံးတွေဟာ အလူးလူး အလိမ့်လိမ့်ပါပဲ။

••••• ••••• •••••

သူ ကျီးငှက်တစ်ကောင် မဟုတ်ဘူးလို့ ယူဆနေဆဲမှာပဲ ကဏန်းမလေးက သူ မေးမြန်းစောကြောသမျှကို ဖြေကြားနေရ ပြန်ပါတယ်။

“အမွန် ကျွန်တော့်ကို ပြောပြမယ်လို့ ကတိပြုထားခဲ့တဲ့ အမွန့်အကြောင်း ကျွန်တော် သိသင့်ပြီ ထင်ပါတယ်” တဲ့။

သူ လောဘ သိပ်မကြီးပါဘူး။ အမွန့် ဆီက တောင်းဆိုနေတာ ဒီတစ်ချက်တည်းပါပဲ။ အမွန်ကလည်း ရင်ထဲက ပြည်တည်နာကို တူးဆွရမှာမို့ ခံရခက်လှပါတယ်။ ဒါပေမယ့် ဒီအနာ ပြည်ပေါက်ထွက်သွားသင့်ပါပြီ။

အမွန် သက်ပြင်းရှည်ကြီးနဲ့ အတူ အဝေးကြီးမှာ ကျန်ခဲ့တဲ့အတိတ်။ ဒါပေမယ့် ခုတိုင် တစ္ဆေတစ်ကောင်လို ခြောက်လှန့်နေဆဲ အတိတ်ကို တောင်းဆိုသူ ရှိနေပြီမို့ ပြန်ငဲ့ ကြည့်ရပါတော့မယ်။

“သူ့နာမည်က ကိုမိုးဝေ”

“ဆောက်လုပ်ရေး အင်ဂျင်နီယာ”

“မောင်းမကန်မှာ တာဝန်ကျတယ်”

“သူနဲ့ ပတ်သက်လို့ အမွန် တိတိကျကျ သိတာ ဒီအချက်တွေပဲ ရှိပါတယ်”

အမွန့် အသံလှိုင်းတွေက မတည်ငြိမ်ပါ ဘူး။ တိုးညင်းပေမယ့် လှုပ်ခါနေပါတယ်။ အမွန့် စိတ်အစဉ်က ဒီပုံ၊ ဒီသဏ္ဌာန်မျိုးပါပဲ။

“သူလည်း ကိုထိုက် လိုပါပဲ၊ ပင်လယ်ပြင်ကို ငေးမောရင်း သဲပလုပ်ကို အရသာ ခံစားတတ်ပါတယ်။ သူ့မိဘများက ရန်ကုန်မှာ နေတယ်လို့ ပြောပါတယ်။ အမွန်တို့ လက်ထပ်ဖို့ ဆုံးဖြတ်အပြီးမှာ သူ့မိဘတွေကို အသိပေးဖို့ ရန်ကုန်ခဏ ပြန်သွားပါတယ်။ အမွန့်လက်ထဲမှာ ဒီကိစ္စအတွက် သက်သေ ဆိုလို့ သူ ပေးသွားတဲ့ ဖုန်းနံပါတ် တစ်ခုပဲ ကျန်ခဲ့ပါတယ်။ ဒီနံပါတ်ကလည်း အမွန် အကြိမ်ကြိမ်ဆက်ပေမယ့် အသုံးပြုသူ မရှိတော့တဲ့ ဖုန်းဖြစ်နေပါတယ်။

ယုံလို့ ပုံမိတာဟာလည်း ရိုးသားခြင်း တစ်မျိုးပါလို့ အချို့က အယူခံဝင်ကြပါတယ်။ အမွန် ကတော့ အယုံလွယ်တာ အပြစ်တစ်ခုလို့ နားလည်ပါတယ်။ အယုံလွယ် အငိုလွယ်ပြီး အရှိုက်ခက်တဲ့ မိန်းမသားဘဝပါ။ အမွန် ရိုးသားခြင်းနဲ့ ထုံအခြင်း အဓိပ္ပာယ် အတော် ခြားနားတာကို လက်ခံလိုပါတယ်။ ဘာပဲပြောပြော ပင်လယ်ပြင်မှာ တိုက်သမျှ လေစိမ်းတွေချည်းပါပဲ။ အမှန်တရားဟာ ဖုံးဖိထားလို့ မရပါဘူး။

“သူ ပြန်တော့မယ်ဆိုတော့ အမွန် အရမ်း အားငယ်ပါတယ်။ အန္တရာယ်ကို ကြိုသိနေသလိုပါပဲ။ သူ့ခြေထောက်ကို ဆွဲဖက်ငိုယိုပြီး တားလိုက်ချင်ပါတယ်။ သူဟာ အမွန့် ဘဝမှာ မရှိမဖြစ်ပါ။ သူ့ကို အမွန် ကမ်းခြေစောင့်ကျောက်ဆောင်ကြီးများ အကြောင်း ပြောပြပါတယ်။ ဒါ... ပင်လယ်နေ လူအများ ပြောလေ့ရှိတဲ့ ပင်လယ်ဇာတ်လမ်း တစ်ပုဒ်ပါ။ ကမ်းစပ်က ကျောက်ဆောင်ကြီးတွေဟာ သူတို့ကို ပြန်လာခေါ်မယ့်သူတွေကို မျှော်ရင်း စောင့်ရင်း ဘဝပြောင်းသွားကြသူတွေပါတဲ့။ လှိုင်းတွေ တဝုန်းဝုန်းနဲ့ ရိုက်ခတ်ရင် သူတို့လည်း မျက်ရည်လည်ရွဲငိုတာပါပဲတဲ့။ နေရောင်အောက်မှာ၊ လရောင်အောက်မှာ၊ မုန်တိုင်းကြားမှာ အသက်တောင် ပြင်းပြင်း မရှူဝံ့ဘဲ နေရာက တစ်လက်မ မရွှေဝံ့ဘဲ ပြန်လာမယ့် ချစ်သူကို စောင့်နေပါသတဲ့။ သူက အမွန့်ကို ကမ်းခြေစောင့် ကျောက်ဆောင်ကြီးတွေဘဝ မရောက်စေရဘူးလို့ ကတိပေးခဲ့ပါတယ်”

မလှပတဲ့ ဇာတ်ကို ပြန်ခင်းပြရတာ ခံရခက်လှပါတယ်။ အဟောင်းတွေ အသစ် ဖြစ်ကုန်ပါတယ်။ ချစ်သူက ကိုယ့်ကို တန်ဖိုးထားတယ်၊ မြတ်နိုးတယ် ဆိုတာကို သက်သေပြတဲ့ လူသိရှင်ကြား မင်္ဂလာပွဲကြီးတွေ၊ သမီးဦးရတနာ မွေးဖွားသန့်စင်ခြင်းဆိုတဲ့ မင်္ဂလာ သတင်းတွေဟာ အမွန့်ကို လှောင်ပြောင်နေကြသလိုပါပဲ။ အမွန်က စွန့်ပစ်ခံရသူပါ။ ဒီအကြောင်းတွေကို ဘယ်တော့မှ ပြန်မတွေးတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ကိုထိုက် ကိုတော့ ပြောပြသင့်တယ်လို့ ယူဆပါတယ်။ အကြွေပန်းရဲ့ အနှိမ်ခံဘဝကို သူ သိသင့်ပါတယ်။

“စိတ်တော့ မရှိပါနဲ့ အမွန်။ ကျွန်တော် သိပ်သိချင်နေလို့ပါ။ အခု...အမွန့် ရင်ထဲမှာ သူ ရှိနေသေးလားဟင်”

အမွန့်အတွက် ဖြေရခက်တဲ့ မေးခွန်းမျိုးပါ။ ဒါပေမယ့် အမွန် ဖြေပါ့မယ်။

“အမွန့်ရင်ထဲမှာ သူ ရှိနေသေးလား အမွန် အမှန်အတိုင်းဖြေပါ့မယ်။ ကိုထိုက်နဲ့ စတွေ့တဲ့နေ့က အမွန် ရေထဲ မဆင်းခင် နောက်ဆုံးစက္ကန့်ပိုင်းအထိ သူ့ဖုန်းနံပါတ်ကို ခေါ်ကြည့်နေမိပါတယ်။ ဒါပေမယ့် ဒီနေ့ ဒီရက်အထိ အမွန် သူ့ကို ဆက်လက်စွဲလမ်း တသ နေရလောက်အောင် အမွန် မရူးပါဘူး။ သူနဲ့ ရုပ်ချင်းဆင်တဲ့ သမီးလေးမျက်နှာ မြင်မိတိုင်း အရှုံးတစ်ခုကို ထင်ထင်ရှားရှား တွေ့လိုက်ရသလို ရင်နာမိပါတယ်”

သူ့ထံက သက်ပြင်းချသံ ပြင်းပြင်းကြား လိုက်ရပါတယ်။ ပြီး စိတ်လက်ပေါ့ပါးသွားဟန်နဲ့ သူ ဗြုန်းစားကြီး ထရပ်လိုက်ပါတယ်။ သူ စိတ်လှုပ်ရှားနေပြီ ထင်ပါတယ်။ လက်ဖဝါးနှစ်ဖက်ကို ခပ်ကြမ်းကြမ်းပွတ်လိုက်ရင်း ပြောပါတယ်။

“ကျွန်တော်တော့ အမွန့်ကို ကျောက်ဆောင်ကြီးဘဝရောက်အောင် ညှဉ်းပန်းသွားတဲ့ ဒီလူကို မကျေနပ်ဘူး။ ကျွန်တော်ကတော့ ကျောက်ဆောင်ကြီးကို ကရိန်းနဲ့ မပြီး သွားလေရာ အပါ ခေါ်သွားမှာ... အမွန် လိုက်မယ် မဟုတ်လားဟင်”

အမွန် ဘာပြန်ပြောရပါ့မလဲ။ အမွန်က ကျောက်ဆောင်ဘဝကို မုန်းတီးနေသူပါ။ ဒီဘဝက လွတ်ချင်သူပါ။ သူ့စကားက အမွန့် မျက်ရည်စက်တွေကို တစ်ခဏ ခန်းခြောက်စေခဲ့တာလည်း အမှန်ပါပဲ။ အမွန် သူရဲ့ တက်ကြွတဲ့ ဟန်ပန်ကို ကြည့်ရင်း ရင်ထဲပေါ့ပါးစပြုလာပါတယ်။ အမွန် သိနေပါတယ်။ သူ ကတိတွေ အထပ်ထပ်ပေးမယ့်လူ မဟုတ်ပါဘူး။ ကျီးငှက်တစ်ကောင်လည်း မဟုတ်လောက်ပါဘူး။ ပင်လယ်လေစိမ်းလည်း ဟုတ်မယ် မထင်ပါဘူး။ ဒါပေမယ့် သူဟာ အမွန်ရဲ့ အသက်သခင်တော့ ဖြစ်ခဲ့ဖူးပါတယ်...။

••••• ••••• •••••

အချိန်တန်တော့လည်း ဧည့်သည်ဟာ အိမ်ပြန်ရတော့တာပါပဲ။ ကိုထိုက် အိမ်ခဏပြန်မယ်ဆိုတော့ အမွန် အကြီးအကျယ် တုန်လှုပ်သွားပါတယ်။ ကိုထိုက် ဆိုတာ အမွန် သိစိတ်နဲ့ ဟန့်တားနေတဲ့ ကြားက မသိစိတ်က လက်ခံလိုက်တဲ့ အမွန်ရဲ့ ဒုတိယ အချစ်ပါ။ အမွန် သမီးလေးကို ပွေ့ပြီး သူ့ရင်ခွင်ထဲ ခိုနားဖို့ ဆုံးဖြတ်ပြီးပါပြီ။ အမွန် အချစ် ဆိုတာ ဘာလဲလို့ စဉ်းစားခဲ့ဖူးပါတယ်။

ကိုမိုးဝေနဲ့ တွေ့ခဲ့စဉ်က အချစ်က အတော် ပြင်းထန်ပူလောင်ပါတယ်။ ရင်ထဲမှာ နေ့တိုင်း ဆူပွက်နေတာပါ။ သူ့ကို ချစ်လို့၊ သူ့ကို တွေ့ချင်လို့၊ သူ ထားခဲ့မှာ စိုးလို့၊ အမွန် အချစ်ကြောင့် ရူးသွပ်နေသလိုပါပဲ။ သူ မရှိရင် အမွန် သေပြီလို့တောင် တွေးခဲ့ဖူးပါတယ်။

ကိုထိုက်နဲ့ တွေ့တော့ အချစ်ဟာ အဆင် ပြောင်းသွားပါတယ်။ အမွန် အရှက်မဲ့တယ်ပဲဆိုဆို ကိုမိုးဝေ မဟုတ်တဲ့ အခြား ယောက်ျားလေး တစ်ယောက်ကို ထပ်ချစ်မိသွားတာ ဝန်ခံပါတယ်။ ဒါပေမယ့် ဒီအချစ်က အေးမြပါတယ်။ သူ ပျော်ပါစေ၊ သူ စိတ်ချမ်းသာပါစေ၊ သူ့ ရင်ခွင်ထဲ ပြေးဝင်ဖို့ထက် သူ့ကို တစိမ့်စိမ့် ကြည့်နေရုံနဲ့ ကျေနပ်ပါတယ်။ ၅၂၈ သွယ် နီးပါး အေးမြကြည်လင်နေတယ်။ အလိုဆန္ဒရမ္မက် နည်းလွန်းပေမယ့် စွဲမြဲတည်ငြိမ်လွန်းတယ်လို့ အမွန် ထင်ပါတယ်။

သူ ပြန်တာကတော့ မိဘထံမှာ ခွင့်တောင်းဖို့ မဟုတ်ပါဘူး။ သူ့မှာ မိဘတွေ မရှိတော့ပါဘူး။ သူ့ကို ငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့တဲ့ ဦးကြီးကို အသိပေးရုံလေး သွားပြောမှာပါ။ ဦးကြီးကလည်း ကျွန်မတို့ ဇာတ်လမ်းကို သေသေချာချာ ရှင်းပြရင် လက်ခံသွားမှာပါလို့ ပြောပါတယ်။ အမွန် ကတော့ ရန်ကုန်တို့၊ အိမ်တို့ ကြားရုံနဲ့ သွေးပျက်နေပါပြီ။

သူ ပြန်သွားတဲ့ ရက်သတ္တပတ်ဟာ အမွန့်အတွက် စက္ကန့်နဲ့အမျှ ရှည်လျားလှပါတယ်။ အမွန် သူ မပြန်လာတော့ဘူးလို့ ထင်နေပါတယ်။ လာမှာပါလို့လည်း ကိုယ့်ကိုယ်ကိုယ် အားပေးနေမိပါတယ်။ ဘာလုပ်လုပ် အယောင်ယောင် အမှားမှားပါပဲ။ အမွန် ဒီလို ဆောက်တည်ရာမရ ခံစားရပြန်တော့လည်း သူ့ကို ငါ အတော်ချစ်မိသွားပြီပဲလို့ တွေးမိပါတယ်။ကိုမိုးဝေနဲ့တုန်းက ရူးခဲ့ရသလို ကိုထိုက်နဲ့ ကျပြန်တော့လည်း နှလုံးသား အသစ်လဲလိုက်သလို ထပ်မံ ခံစားနေမိပါ တယ်။ ဒီတစ်ပတ် ကုန်ဆုံးဖို့ စောင့်ရင်း... စောင့်ရင်း အမွန် မောဟိုက်လာပါတယ်။

ခဲမှန်ဖူးတဲ့ စာသူငယ် ခဲနဲ့ ထပ်ရွယ်ပြန်ပြီဆိုတော့ ကြောက်ရွံ့တာ မဆန်းပါဘူး။

ကမ်းခြေမှာ ကျောက်ဆောင်တွေက အလကား ရှိနေတာ မဟုတ်ဘူး။ သူတို့ အားလုံး... အားလုံး သက်ဆိုင်သူတွေကို မျှော်စောင့်တဲ့ အလုပ်တစ်ခုပဲ သူတို့ ကျွမ်းကျင်ကြတာ။ အမွန်ကတော့ မျှော်စောင့်ရတဲ့ အလုပ်ကို မုန်းလှပါပြီ။

နောက်ဆုံးမှာတော့ အမွန် ပင်ပန်းကြီးစွာ မျှော်စောင့်နေတဲ့ တနင်္ဂနွေဟာ ရောက်ရှိလာပါတယ်။ အဲဒီအချိန်မှာ စိုးရိမ်တုန်လှုပ်ခြင်းနဲ့ အမွန့် သွေးတွေ ဖြူဖျော့လာပါပြီ။ အမွန် အဆုံးစွန်ကို တွေးပြီး စိတ်လျှော့ထားပါတယ်။ အမွန့် ရင်ထဲမှာ အေးစက်ထုံထိုင်းနေသလို အဲဒီနေ့မှာ ပင်လယ်ဟာလည်း မိုးနဲ့ ဆောင်း ရောထွေးနေပါတယ်။ မိုးငွေ့နဲ့ နှင်းငွေ့ကြောင့် ဝန်းကျင်ဟာ မှုန်မှိုင်းပြီး အေးစက်နေပါတယ်။ ကြမ်းတမ်းတဲ့ ပင်လယ်လေစိမ်းမှာ ရွက်ကြွေလေးတွေများ တလွင့်လွင့် မျောပါသွားလိုက်တာ ဦးတည်ရာမဲ့ ဆောက်တည်ရာ မရ။

အမွန့်စိတ်တွေ အထူးကိုလေးလံ ထိုင်းမှိုင်းနေပါတယ်။ မိုးရေစက်လက် ကြားမှာ ထီးကလေးတစ်ချောင်းနဲ့ ကိုထိုက်ကို အကြို ထွက်ခဲ့ပါတယ်။ ရန်ကုန်... အဲဒီကတစ်ဆင့် မော်လမြိုင်၊ နောက်တစ်ဆင့် ရှပ်ပုံရွာ အထိ ဆက်ထွက်လာမယ့် ကားဟာ ရှပ်ပုံရွာထိပ်ကို ညနေ ၆ နာရီခွဲလောက် ဝင်တတ်ပါတယ်။ ကိုထိုက် ဒီအချိန်၊ ဒီကားနဲ့ ပါလာမယ်လို့ မှာထားခဲ့ပါတယ်။

ကောင်းကင်မှာ ပျံသန်းနေတဲ့ ဗျိုင်းတစ်အုပ်ဟာ မိုးလေကြမ်းတာကြောင့် ဟိုယိုင် ဒီထိုးနဲ့ ဖရိုဖရဲ ပျံသန်းနေပါတယ်။ သူ လာမှာလား၊ သေချာပါ့မလား။ ကားဂိတ်ထဲဝင်လာတော့ အမွန့်ရင်တွေ တဒိုင်းဒိုင်း ခုန်နေပါတယ်။ သူ မပါလာရင်ဆိုတဲ့ အတွေးက ခေါင်းထဲကို ခဏခဏ ဝင်ဆောင့်ပါတယ်။ ဟိုင်းလပ်ကားပေါ်က လူတွေ ဝန်စည်စလယ်တွေ ရောထွေးပြီး ပြိုဆင်းလာပါတယ်။

ဟော... ဂျင်းဦးထုပ် အပြာရောင်ကလေး အဲဒါ ကိုထိုက်ပဲ။ ကိုထိုက် သေချာတာပေါ့။ သူ့ကို တွေ့လိုက်ရတော့ ရင်ထဲမှာ လှိုက်ခနဲ ပျော်သွားပါတယ်။ ကတုန်ကယင်နဲ့ မျက်ရည်တောင် ဝဲလာပါတယ်။ ကိုထိုက် ဆိုတာ ဒီလိုလူစားပါ။ အပြောနဲ့ အလုပ် ထပ်တူကျတဲ့လူမျိုး။ အမွန့်ရင်ထဲက နှလုံးသွေးတွေ ပျော်လွန်းလို့ ကခုန်နေကြပြီ။ ကိုထိုက်က အမွန့်ကို မြင်တာနဲ့ လက်တစ်ဖက် ဝှေ့ယမ်းပြပြီး အမွန်က လုပ်မိလုပ်ရာ ထီးကို မြှောက်ပြလိုက်ပါတယ်။ ဒီလိုအချိန်မှာ ကိုထိုက် နောက်က လူနှစ်ယောက်လောက် ခြားပြီး ဆင်းလာတဲ့သူ့ကို အမွန် တွေ့လိုက်ရ ပါတယ်။ သူမှ သူ အစစ်ပါ။ အမွန့် နှလုံးသား မှာ အကြာကြီး ခတ်နှိပ်ထားခဲ့တဲ့ ရုပ်ပုံလွှာ ဘယ်လို ပျောက်ပျက်သွားနိုင်ပါ့မလဲ။ ကမ္ဘာကုန်ကျယ်သရွေ့ ဘယ်မေ့နိုင်ပါ့မလဲကွယ်။

သူ... အင်္ကျီလက်ရှည် အကွက်ကို လက်ခေါက်ပြီး ဝတ်ဆင်မြဲ။ နဖူးပြေပြေပေါ်မှာ မျက်ခုံးစိမ်းစိမ်းထိအောင် ဆံပင်တွေ စင်းကျနေမြဲ။ အဲဒါ အိပ်မက် မဟုတ်ပါဘူး။ တကယ်ပါ သူလည်း အမွန့်ကို မြင်သွားပါ တယ်။ အမွန့်ဆီ လူနှစ်ယောက် ခပ်သွက်သွက် လှမ်းလာနေကြပါတယ်။ “အမွန်... အမွန်” လို့ အော်ခေါ်လိုက်တဲ့ အသံကို ကြားလိုက်ရတဲ့အခါ ကိုထိုက် တုံ့ခနဲ ရပ်ပြီး နောက်လှည့်ကြည့်လိုက်ပါတယ်။

သူလေ ငြိမ်သက်သွားလိုက်တာ ကျောက်ရုပ်တစ်ရုပ်လိုပါပဲ။ သည်အချိန်မှာ နောက်က လူက ကိုထိုက်ကို ကျော်တက်သွားပါတယ်။

ကိုမိုးဝေက မိုးတဖွဲဖွဲကြားမှာ ခြေလှမ်းကျဲကျဲနဲ့ လျှောက်လာရင်း အမွန့်ထီးအောက်ကို ပေါ့ပေါ့ပါးပါးပဲ ခိုဝင်လိုက်ပါတယ်။ ဒါ... သူ အကြိမ်ပေါင်းများစွာ ခိုဝင်ခဲ့ဖူးတဲ့ ထီးရိပ်မို့ သူ့အတွက် မရွံ့မရဲ ခံစားချက် လုံးဝ မရှိသလိုပါဘဲ။

“တိုက်တိုက်ဆိုင်ဆိုင်ကွာ။ အမွန် ကားဂိတ်ရောက်နေတယ်။ ကိုယ် အမွန့်ကို ပြောစရာတွေ အများကြီးရှိတယ်။ အမေကော ကျန်းမာရဲ့လား”

အဲဒီအချိန်မှာ ကိုထိုက်က သူ ရပ်နေတဲ့ နေရာမှာ မလှုပ်မရှား ဆက်ရပ်နေမြဲပါပဲ။ အံ့ဩနေတဲ့ မျက်ဝန်း၊ ကြေကွဲတဲ့ မျက်ဝန်းတွေနဲ့ အမွန်တို့ကို သူ ငေးကြည့်နေပါတယ်။ အမွန်နဲ့ မျက်ဝန်းချင်း အဆုံမှာ သူ ခေါင်းတစ်ချက် ညိတ်ပြပြီး တစ်ဖက်ကို လှည့်ထွက်သွားပါတယ်။ အမွန်တို့နဲ့ ဝေးရာကိုပါ။

အမွန်တို့ အိမ်ထဲ ဝင်လိုက်တာနဲ့ ဆောင်းတွင်းမိုးဟာ လွှမ်းမိုးသွားပြီမို့ ဝန်းကျင်တစ်ခုလုံး အေးစိမ့်စိုထိုင်းနေပါ တယ်။ အိမ်ထဲမှာလည်း အခါလွန်မှ ကသောကမျော ရောက်ချလာတဲ့ ဆောင်းတွင်းမိုးကြီး သည်းသည်းထန်ထန် ရွာနေပါတယ်။

အမွန်နဲ့ အမေ့ကို သူ့ အဖြစ်အပျက်တွေ ရှင်းပြပါတယ်။ ရန်ကုန် ရောက်သွားချိန်မှာ သူ့အမေ နှလုံးရောဂါပြန်ထနေတာနဲ့ တိုက်ဆိုင်နေကြောင်း၊ အမေ လက်ခံနိုင်မယ် ထင်ပြီး အမွန်တို့အကြောင်း ဆွေးနွေးလိုက်တော့ အမေ ခါးခါးသီးသီးဖြစ်ပြီး အမောဖောက်သွားကြောင်း၊ ဆေးရုံမှာ အသက်လု နေရတဲ့ အချိန်မို့ ဒီကိစ္စ မပြောဝံ့မဆက်ဝံ့တော့ကြောင်း၊ သည့်နောက်ပိုင်းကတော့ အများ ကြားဖူးနေကျ ဇာတ်လမ်းတွေ ဆက်ဖြစ်တာပါပဲ။ အမေ စိတ်ချမ်းသာအောင် အမေ သဘောကျတဲ့ မိန်းမကိုယူ ရှေ့ခရီးကိုဆက် အမွန့်ကို ထားရစ်ခဲ့တာပါ။ ဒါပေမဲ့ အမှန်တော့ သူ အမွန် တစ်ယောက်တည်း ထင်ပြီး ပစ်ပစ်ခါခါ ပြုမိသွားတာပါ။ ရန်ကုန်မှာ မမျှော်လင့်ဘဲ ဆုံလိုက်ရတဲ့ မောင်းမကန်က အမွန်နဲ့ အလုပ်အတူ လုပ်ဖက် ကျောင်းဆရာမလေးနဲ့ တွေ့လိုက်ရမှ အမွန့်ရဲ့ မထွေးနိုင်၊ မအန်နိုင် ဇာတ်ကြီးကို သိလိုက်ရပါ သတဲ့။ အဲဒီအချိန်မှာ သူ့အမေကလည်း ဆုံးသွားခဲ့ပါပြီ။ သူနဲ့ ဟိုအမျိုးသမီးလည်း ဘယ်လိုမှ ဆက်စပ်လို့ မရလို့ ကွာရှင်းပြီး ဖြစ်နေပါပြီ။

အရင်က ဒီစကားတွေ ကြားရရင် အမွန် အရမ်းပျော်မှာပါ။ သူ ပြန်လာတာ မြင်လိုက်ရတာ တစ်ခုတည်းနဲ့ကို ပျော်လွန်းလို့ သောင်ပြင်ပေါ် လျှောက်ပြေးနေမိမယ် ထင်ပါတယ်။ ခုတော့ ဒီမိုးက ကဖျက်ယဖျက် မိုး၊ ချိန်ခါလွန်မိုး ဖြစ်နေပါပြီ။ အမေက သူရဲ့ ဆောင်းတွင်းမိုး ဇာတ်လမ်းကို ခေါင်းတညိတ်ညိတ်နဲ့ နားထောင်ရင်း ပုခက်လွှဲ ပျက်သွားတော့ သမီးက စောင်ပုခက်ထဲကနေ ငိုသံ ပြုရင်းနိုးလာပါတယ်။ သူက သမီးလေးကို ကျွန်တော်ချီပါရစေ အမေတဲ့။ သမီးလေးက သူနဲ့ မျက်နှာပေါက် အတော်ဆင်တဲ့ လူစိမ်းကို တအံ့တဩကြည့်ရင်း သူ့လက်ထဲ ပါသွားပါတယ်။ ငိုမဲ့မဲ့ လုပ်နေပေမယ့် မိုးရေတန်းတွေကို ပြပြီး သူက ချော့တော့ မျက်နှာလေး ပြန်ကြည်လင်သွားပါတယ်။ အမေက သွေးက စကားပြောတာပဲလို့ မှတ်ချက်ချလိုက်ပါတယ်။ အမွန် ကတော့ ရုတ်တရက် ပြောင်းလဲသွားတဲ့ ကံကြမ္မာကို လက်ခံနိုင်ဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ အမွန်က စက်ရုပ်မှ မဟုတ်ပဲ အမွန့်နှလုံးသွေးတွေ ပွက်ပွက်ဆူနေပါပြီ။

••••• ••••• •••••

စိတ်လွန်ဆွဲတဲ့ ညဟာ အလွန်ပင်ပန်းပြီး ချောက်ချားဖွယ်ကောင်းလှပါတယ်။ အမွန် တစ်မှေးမှ အိပ်စက်မပျော်နိုင်ပါဘူး။ မျက်စိ အကြောင်သားနဲ့ မိုးလင်းခဲ့ပါတယ်။ သက်ပြင်းရှည်ကြီးတွေ ချမိတာလည်း အခါခါပါပဲ။

အိပ်မရပါဘူး ဆိုမှ ရက်ရက်စက်စက် အိပ်မက်တစ်ခုကို အကြိမ်ကြိမ် ပြန်တွေးနေမိပါတယ်။ အဲဒီ အိပ်မက်က သမီးလေးကို ရပြီးမှ ညပေါင်းများစွာ မက်ခဲ့တဲ့ အိပ်မက်ပါ။ ဒီအိပ်မက်ကို အမွန် ကြောက်ပါတယ်။ နိုးလာချိန် ကျခဲ့ရတဲ့ မျက်ရည်တွေ ချောင်းဖြစ်လုပြီမို့ပါ။

အိပ်မက်ထဲမှာ သမီးလေးက ငါးနှစ် အရွယ်ရောက်နှင့်နေပါပြီ။ ဒီအဖြစ်အပျက်က မူလတန်းကျောင်းကလေးရဲ့ ကျောင်းအပ်ခြင်း စတင်လက်ခံတဲ့နေ့မှာ ဖြစ်ပျက်သွား ခဲ့တာပါ။ အမွန်နဲ့ သမီးလေးက ဆရာမရဲ့ စားပွဲရှေ့မှာ ရပ်နေကြပါတယ်။

ဆရာမက မေးပါတယ်။

“သမီးလေးနာမည်”

“ရည်ရည်မွန်ပါ”

“အဖေနာမည် ပြောပါ”

လူမှန်ရင် အဖေနာမည် ရှိရမှာပေါ့။ တာဝန်ယူသူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အမွန်...အဖေ မရှိလို့ မဖြေရဲပါဘူး။ တစ်ခုခုတော့ ဖြေရမှာပါ။ ရှင် အသိအမှတ်မပြုပေမယ့် အားတော့နာပါတယ်။ ခဏသုံးခွင့်ပြုပါ ကိုမိုးဝေ..

အမွန်...အတော်ကြာ နှုတ်ဆွံ့နေပြီးမှ အထစ်ထစ်အငေါ့ငေါ့နဲ့ ဖြေလိုက်ပါတယ်။

“ဦးမိုးဝေပါ”

ဒီလို ဖြေပြီးမှ လိပ်ပြာမသန့်သလို ခံစားရပါတယ်။ ဒီနေရာမှာ ဒီမေးခွန်း၊ ဒီကွက်လပ်ကို ဖြည့်ဖို့ အမွန့်အတွက် အလွန် ခက်ခဲပါ တယ်။ အရှက်အကြောက်ကြောင့် မျက်နှာပြင်တစ်ခုလုံး ထူပူနေပါတယ်။ ဒီလို ထည့်သုံးခွင့် အမွန့်မှာ ရှိပါရဲ့လား။ သူနဲ့ သူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းက သိသွားရင် ခွင့်ပြုပါ့ မလား၊ ကျေနပ်ကြပါ့မလား။ ဒါ... အမွန် တစ်ယောက်တည်း သိနေရုံနဲ့ မပြီးတဲ့ကိစ္စ မဟုတ်ပါလား။ အမွန့် ပတ်ဝန်းကျင်ကြီးကကော ပွဲကြီးပွဲကောင်းသဖွယ်၊ အမွန်... ကလေးအဖေနာမည် ဘယ်သူလို့ ထည့်လိုက်မယ်ဆိုတာ စိတ်ဝင်စားကြပေမယ့် ဒီနာမည်ကို သုံးလိုက်တဲ့အတွက် ကြည်ကြည်ဖြူဖြူ ရှိပါ့မလား။ လှောင်ပြောင်ပြုံးထေ့နေကြလေမလား။ ဘယ်သူ့ကို လက်လှမ်းမီရာ ဆွဲထည့်လိုက်သလဲကွဲ့ ဆိုပြီး ကဲ့ရဲ့ပြစ်တင်နေကြလေမလား။ သမီးလေးကတော့ ခုမှ ကြား ဖူးတဲ့ သူ့အဖေနာမည်ကို တအံ့တသြနဲ့ မှတ်သားနေပါတယ်။ အပြစ်ကင်းစင်တဲ့ သမီးလေးရဲ့ မျက်လုံးလေးတွေဟာ ကြည်စင်တောက်ပနေပါတယ်။

အမွန်တို့ ပြဿနာမှာ သမီးလေးက တစ်ထောင့်တစ်နေရာက ပါဝင်လှုပ်ရှားနေရပေမယ့် လူ့လောကရဲ့ အရှုပ်အထွေးတွေကို လုံးဝ မသိသေးတဲ့ အရွယ်ပါ။ ခုနေ ဒီဖခင်ပြဿနာကို မျက်လုံးဝိုင်းကလေးနဲ့ စောင့်ကြည့်နေနိုင်ပေမယ့် သူအရွယ်ရောက်လာရင်တော့ ဒီပြဿနာက သူ့နှလုံးသားကို ဒဏ်ရာ ဗရပွ ရသွားနိုင်ကြောင်း ခံစားဖူးတဲ့ အမွန်က အသိဆုံးပါ။ အမွန်က ဖခင်မဲ့ ကလေးတစ်ယောက်ရဲ့ ခါးသီးလှတဲ့ ဘဝ အရသာကို ခံစားဖူးသူပါ။

အသက် ငါးနှစ်အရွယ်မှာ ဒီမေးခွန်းကို ဆရာမက မေးခဲ့ပေမယ့် အရွယ်နည်းနည်း ရောက်လာတော့ ဒီမေးခွန်းကို မေးမယ့်သူတွေ အများကြီးပါ။ မင်္ဂလာဆောင်ဖိတ်စာ အထိ အရေးပါအရာရောက်မှု အမြင့်ဆုံးဖြစ်သွားနိုင်တဲ့ ဒီမေးခွန်းကို သမီလေး အကြိမ်ကြိမ် ဖြေရမှာပါ။ တစ်ခါ ဖြေတိုင်း၊ တစ်ခါ ခေါင်းငုံ့နေရရင်... တစ်ခါ အရှက်ကွဲနေရတယ် ဆိုရင်... ဒီပန်း နုနုနယ်နယ်ကလေး ဘယ် အဆင်ပြေနိုင်ပါတော့မလဲ။

ဒီမေးခွန်းကို အမွန်ကော သမီလေးပါ လိပ်ပြာသန့်သန့်နဲ့ ရဲရဲဝံ့ဝံ့ ဖြေခွင့်ရပါတယ်။ ရင်ထဲမှာ ဆူပွက်နေပေမယ့် အမွန်ဟာ သက်ရှိစက်ရုပ် တစ်ရုပ် ဖြစ်ခဲ့ပါတယ်။

••••• ••••• •••••

ယောက်ျားတစ်ယောက်က အမွန့်ကို ကမ်းခြေစောင့် ကျောက်ဆောင်ကြီးအဖြစ် ရက်ရက်စက်စက် ထားရစ်ခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ အမွန် စောင့်မျှော်ရင်း ရင်ကွဲသွားမှာစိုးလို့ အပြေးအလွှား အမွန့်အနား ပြန်ရောက်လာသူပါ။

ရက်စက်သူက အမွန့်လက်ကို မလွှတ်တမ်း ပြန်လည် ဆုပ်ကိုင်ထားတဲ့အခါမှာ နောက်လူကပဲ အမွန့်လက်ကို အသာတကြည် ဖြေလျှော့ပေးခဲ့ပါတယ်။ အခု... အမွန် အချစ်ဆိုတာကို စိတ်ကုန်သွားပါပြီ။ အချစ်မဲ့ နှလုံးသားကို တောင့်တမိပါတယ်။ မိန်းမသားဘဝ ဆိုတာကိုလည်း မုန်းပါတယ်။

မိန်းမသားဆိုတာ ပင်လယ်လေ ကြမ်းကြမ်းရမ်းရမ်းမှာ လွင့်ပါနေတဲ့ သစ်ရွက်ကြွေတွေလိုပါပဲ။ ပင်လယ်လေ ခြွေလို့ပဲ ကြွေခဲ့ပြီ။ ဒီလေကြမ်းထဲမှာပဲ မခွဲနိုင် မခွာနိုင် တလူးလူးတလိမ့်လိမ့် လွင့်မျောနေရပြန်ပါတယ်။

လွင့်သာလွင့် .. မျောသာမျော... မောတယ်လို့ မညည်းအားပါဘူး။ ကိုယ့် လက်ဖဝါးကို အားကိုးတကြီး ဆုပ်ကိုင်ထားတဲ့ လက်နုနုနယ်နယ်ကလေးအတွက် ဧရာမ သူရဲကောင်းကြီးလို ဟန်ဆောင်ရပါဦးမယ်။

အမွန်... ကျောက်ဆောင်ကြီး မဖြစ်တော့ပေမယ့် ပင်လယ်လေစိမ်းတွေ ကြားမှာ ကမ်းခြေစောင့်သဖွယ် ကျန်ရစ်ခဲ့ပါတယ်။ ။

  ▢  ညိုနှင်းအိမ်
📖 မဟေသီ မဂ္ဂဇင်း
      စက်တင်ဘာလ ၊ ၂၀၁၆

No comments:

Post a Comment