❝ အကြင်နာကလေး လန်းလန်းချိုချို ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
၁
ပုစဉ်းရင်ကွဲကောင်တို့၏ အော်မြည်သံသည် ကုန်ဆုံးလုလု နေ့တာကို ဝမ်းပန်းတသာ နှုတ်ဆက်နေကြသည်သို့ ရှိ၏။ ခရမ်းရောင် တိမ်နံရံတွင် အဝါရောင် သမ်းလာသည်။ သို့သော် အလင်းရောင် နည်းနေပြီ။ သို့ကြောင့် မည်သည့် အရောင်မျှ မပေါ်တော့ပါ။
ချုပ်ရီညသည် ရမ်းဘိုကုန်းရွာဘက်သို့ ခြေလှမ်း၏။ သည်နှယ် အချိန်မရှိတော့မှ ရမ်းဘိုကုန်းသူများ အပြေးအလွှား ချက်ပြုတ်ကြသည်။ ဟိုမီးဖိုကျင်းထဲက လက်ခနဲ၊ သည်မီးဖိုကျင်းထဲက လက်ခနဲ မီးနီစွယ် ကလေးများ တောက်လက်၏။
ညနေစောင်းလျှင် လေကျစမြဲမို့ ရီးကျီးဒန်မူ ဟင်းအိုးကို နေ့လယ် ကတည်းက တည်ခဲ့၏။ ထမင်းကိုမူ ညဉ့်နက်ခါမှ နက်စေတော့၊ မှောင်ခါမှ မှောင်စေတော့ စားခါနီးမှ ချက်၏။ အဘိုးကြီးအိုနှင့် အမယ်အိုကြီးမှာ ထမင်းအေး ထမင်းမာ မစားလိုကြပြီ။ သွားဟူ၍ ရှိမှ မရှိကြတော့ဘဲကိုး။ သို့ဖြင့် လေငြိမ်မှသာ ထမင်းအိုး တည်သည်။ ရွှေဝါထွန်း ပျော့ပျော့ အိအိထွေးထွေးကို ချဉ်ပေါင်ဟင်း ပူပူကလေးနှင့် မျှောချကြကုန်အံ့။ ထမင်းရည် ငှဲ့ပြီးသော ထမင်းအိုးကို ခွင်ဘေးက မီးကျီးခဲပေါ်မှာ နှပ်၏။ မီးဖို အားပြီမို့ ချဉ်ပေါင်ဟင်းအိုးကို မွှေးသည်။ အရည် မပူသေး၊ အငွေ့ မပျံသေးခင်ကပင် ချဉ်ရည်နံ့သင်းသည်။ ကြက်သွန်မြိတ် ဒုံးခြောက် ခရမ်းချဉ်သီးနှင့် မြန်မာနံနံမျှသာ ဟင်းခတ် အဖြစ်ပါငြား သွားရည်တောက်တောက် ယိုအောင် မွှေးသင်း၏။
မန်ကျည်းပင်အောက်ရှိ မီးဖိုကျင်းသည် လုံးဝ မှောင်ပြီ။ မှောင်သော်ငြား ရီးကျီးဒန် မီးမထွန်းသေး။ မီးခွက်သော်ကား ကျင်းဘေး မြေပေါင်တွင် အသင့်ရှိ၏။ ရေနံဆီ မရှိ၍ မဟုတ်၊ ရေနံဆီ တစ်ဝက်မျှ ရှိသေးသည်။ သို့ရာတွင် ဈေးကြီးလွန်းသဖြင့် မထွန်းလျှင် မဖြစ်မှ ထွန်း၏။ ရွာလယ် ခေါင်းရွက်ဈေးသည်တို့ ထံမှ တစ်ဆယ်သား ငါးကျပ်ဖြင့် ဝယ်ရသော လက်ဖြစ် ရေနံဆီ။ ဟင်းအိုးကို ကြည့်ချင်စိတ်ပေါ်လာတော့မှ ရီးကျီးဒန် မီးထွန်းသည်။
ဆီဝေ့နေသော ချဉ်ပေါင်ရွက် ညိုညိုအိအိတို့သည် ဟင်းရည်ပြင်ကို ဖုံးလွှမ်းထား၏။ ချဉ်ပေါင်ရွက်ဖတ်များ ကြားက ချဉ်ပေါင်ဖူး အဖတ်များသည် ဟိုတစ်ဖတ် သည်တစ်ဖတ် ပြန့်ကျဲ၏။ အရင်းကား၍ အဖျားစုနေပုံ နီကြင်ကြင် ဇာတိ မစွန့်ပုံက ရေကန်သာမှ ကြာနီမြူးသောနှယ်။ ကြာရွက်ကြာဖူးများ ကြား၌ လူးလာဆန်ခတ်သည့် ဟင်းရန်ဖူးနှယ်၊ ငရုတ်သီးအတောင့်စိမ်းများလည်း ပေါလော ပေါ်နေသေး၏။
“သည်ချဉ်ပေါင်ဖူးကို ပုစွန်ခြောက်ကလေးနဲ့များ ထောင်းလိုက်ရရင်”
စိတ်ကူးသည် လက်ခနဲ ဝင်၏။ လက်သည် မီးဖို ဘေး မှောင်ထဲသို့ ချက်ချင်းနှိုက်၏။ လက်တစ်ဖက်ဖြင့် မနိုင်ပါ။ မီးခွက်ကို မြေပေါင်ပေါ် တင်ပြီး နှစ်ဖက် မတော့မှ ငရုတ်ဆုံ ထွက်လာသည်။
ချာလည်လှည့်၍ ရသော အဖုံးပါသည့် နှစ်ဆုံတွဲ သစ်သား ငရုတ်ဆုံ။ ဆေးကြောရန် မလိုပေမယ့် မျက်စိ မှိတ်ထားပြီး ပါးစပ်ဖြင့် မှုတ်သည်။ မီးခွက်ကို ပြန် ယူကာ ငရုတ်သီးတောင့်ကို ဆယ်ထည့်သည်။ လေး ငါးတောင့်အရတွင် ဆိုးဆိုးဆတ်ဆတ် ထောင်းသည်။ ထောင်းထားပြီး မကုန်လျှင် “နင့်ဟာနင် ကုန်အောင် စား” အဘိုးကြီး၏ အမာန်အမဲ ခံရဦးမည်။ သည်တော့ တစ်တောင့်ဆယ်လိုက် ထောင်းလိုက်၊ ညက်သ လောက်ရှိမှ နောက်တစ်တောင့် ထည့်။ ငါးတောင့်မြောက် ညက်လောက်ချိန်တွင်ကား ငရုတ်သီး အဆယ် ရပ်သည်။ ထို့နောက် ချဉ်ပေါင်ဖူး။ ထို့နောက် မျက် လုံးကို ရှုံ့ကာ မီးခွက်ကို နှိမ့်ကာဖြင့် ရီးကျီးဒန်သည် ပုစွန်ခြောက် ရှာပုံတော် ဖွင့်ပြီ။
ကြေးဇွန်းကို ချဉ်ပေါင်ရွက်၊ ချဉ်ပေါင်ဖူးတို့၏ အောက်သို့ ထိုးသွင်းသည်။ အိုးဖင်ကို ဒုတ်ဒုတ်ထိ ခြစ်မိတော့မှ ဆွဲခြစ်ပြီး ပေါ်လာ၏။ ဇွန်းထဲတွင် ဟင်းရည် ပြည့်နေသည်။ ပြည့်နေသော ဇွန်းကို အသာတယာ စောင်းသွန်သည်။ ဟင်းရည် ကုန်ပြီ။
ဇွန်းမျက်နှာပြင်တွင် တစ်စုံတစ်ရာ ကျန်နေခဲ့၏။ ပုစွန်ခြောက်ပေလော။ ပုစွန်ခြောက်သည် သည်မျှ မသေးမျှင်တန်ရာ။ သို့တစေ ပုစွန်ခြောက်မှာ ရေနူးပြီး ပဲ့သွားနိုင်သည်။ ပုစွန်ခြေကျိုးကလေးလည်း မဖြစ်နိုင်သလော။ ထို့ကြောင့် မည်းသည်း ရှုံ့တွနေသော လက်နှစ်ချောင်းဖြင့် စမ်းကြည့်သည်။ ပုစွန်ခြောက် အမှုန်အမွှား အပဲ့အရွဲ့ မဟုတ်ပါ။ ကြက်သွန်မြိတ် တွန့်ခွေနေခြင်းမျှသာ။
ဇွန်းသည် ချဉ်ပေါင်ရွက်၊ ချဉ်ပေါင်ဖူး၊ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်နှင့် နံနံပင်များကြားမှ ဒုတိယအကြိမ် ငုပ်ဝင်သွားပြန်၏။ ရီးကျီးဒန်၏ သွားမရှိသည့် သွားဖုံးကြီးတွေ ပေါ်လာ၏။ ဇွန်းသည် ဟင်းရည်ဖြင့် နူးနေသော ပုစွန်ခြောက်တစ်ဖတ်ကို ဆယ်ယူလာနိုင်သောကြောင့်ပေတည်း။ ဆုံတွင်းနှင့် ကျည်ပွေ့ထိသံသည် စဉ့်ငရုတ်ဆုံနှယ် မမာကြမ်း။ မကျယ်လောင်။ အုပ်အုပ်ကလေးသာ ထွက်၏။ တတိယအကြိမ် ပုစွန်ခြောက်ဆယ်ပြန်သောအခါ ပါမလာ။ စတုတ္ထအကြိမ်တွင်လည်း ပါမလာချေ။ ဘယ်နှကောင်များ ထည့်မိပါလိမ့်။ ရီးကျီးဒန် စဉ်းစားရပြီ။
“တစ်ကောင်တော့ မကနိုင်ပါဘူးလေ”
သို့ဖြင့် ပုစွန်ခြောက် ရှာပုံတော်ကို ဆက်လက်ဖွင့် ပြန်လေ၏။
••••• ••••• •••••
၂
ရင်ကွဲကောင် အော်သံသည် တိခနဲ ရပ်၏။ အော်မြည်နေသော ရင်ကွဲကောင်သည် သူ့အနီးသို့ တစ်စုံတစ်ယောက် ရောက်လာပါက အအော်ရပ်လေ့ရှိ၏။ သို့ဖြစ်လျှင် အိမ်ဝိုင်းထဲသို့ တစ်ယောက်ယောက် ဝင်လာခြင်း ဖြစ်ပေမည်။ ဝင်လာသူသည် အဘိုးကြီး ဖြစ်ပါမူ မကျက်သေးဘူးလား၊ ဘယ်အချိန် ရှိပြီလဲ မေးလိမ့်မည်။
နေပါဦး၊ သူ ဘယ်သွားတာပါလိမ့်။
ဪ... ဪ.. ဟုတ်သားပဲ။ ဝါတွေ ‘ကြား’ တိုက်ဖို့ ကြားထွန် သွားငှားတာပါကလား။
သို့ရာတွင် အသံများ မသဲမကွဲ ကြားရသည်။ တစ်ယောက်တည်း စကားပြောလာခြင်းကား မဟုတ်တန်ရာ။ တစ်ယောက်ယောက် ပါလာသဖြင့် စကား ပြောရင်း ဝင်လာခြင်း ဖြစ်မည်။ မှောင်ကြီးမှောင်မှ ဘယ်သူပါလိမ့်။
“သားယောက်ျားလေးကလည်း မလိမ္မာ၊ သမီးမိန်းကလေးကလည်း မလိမ္မာနဲ့ သေသာ သေလိုက်ချင်တာပဲ အဖေရာ”
အသံများ နီးကပ်လာမှ သဲကွဲသည်။ သမီးကြီး ချောစိန်ပါတကား။ သမီးကြီးဟူ၍ သိသည်နှင့် တစ်ပြိုင်နက်တည်း ရီးကျီးဒန်မှာ ရင်ကို မ၏။ ဘယ်လို မကောင်းသတင်းတွေ ယူလာမှာပါလိမ့်။ သမီးကိစ္စလား၊ သားကိစ္စလား။ ဘုရားသိကြား မလို့ ကောင်းသတင်းပဲ ဖြစ်ပါစေ။
“အမေ၊ ကျက်ပြီလား”
မေးသံနှင့်အတူ မီးဖိုကျင်း ထိပ်တွင် လာထိုင်၏။
“ကျက်ပြီ ပြောပါတော့အေ”
ပြန်ဖြေရင်းက ဇွန်းထဲသို့ လက်နှိုက်၏။ ဇွန်းထဲတွင် မြင်ရသောအရာမှာ နံနံထွေး ဖြစ်၏။ နံနံပင် ဖြစ်ငြား လုံးကြွကုန်းထနေသည် ထင်သဖြင့် စမ်းကြည့်ရသည်။ ထင်သည့်အတိုင်း နံနံပင်နှင့် လုံးနေသော ပုစွန်ခြောက် ဖြစ်နေသည့်အတွက် ငရုတ်ဆုံထဲသို့ ဝမ်းသာအားရ ထည့်၏။ သတိဖြင့် ခပ်ဆဆကလေး ထောင်းမိမှ စကား ဆက်နိုင်သည်။
“ညည်းကော ကျက်ပြီလား၊ ဘာချက်သတုံး”
“ပုတတ်စဉ်းကော အမေရဲ့၊ အဲဒါကြောင့် မညှီအောင် ဆနွင်း(နနွင်း) ခတ်မယ် လုပ်တော့မှ ဆနွင်း တစ်မှုန့်မှ မရှိတော့တာနဲ့ အမေရေ့”
ဪ နနွင်းမှုန့် တောင်းရအောင် လာတာပါကလား အသိနှင့်အတူ ရီးကျီးဒန် လက်ကလည်း တစ်စုံတစ်ရာ သိ၏။ ထောင်းနေဆဲ ပုစွန်ခြောက်ဖတ်သည် ကျည်ပွေ့ အောက်မှာ မရှိ။ ထိုအခါ ကျည်ပွေ့သည် ဘေးအနှံ့ လိုက်ထောင်းရသည်။ သစ်သားငရုတ်ဆုံမှာ အနက်ကြီးလည်း မဟုတ်၊ အကျယ်ကြီးလည်း မဟုတ်သည့်အတွက် တစ်ချက်တွင် ဘေးသို့ ချော်တက်မိသည်။
မိမိရရ တက်လျှင် ဆုံနှုတ်ခမ်းပေါ် ရောက်သွားမည်။ မထိတထိ ချော်တက်သောကြောင့် တွင်းထဲသို့ အရှိန်ပြင်းစွာ ကျ၏။ မမြင်စမ်းတမ်းဖြင့် တအား ငုံ့ကြည့်နေရသော မျက်လုံးသည် စူးခနဲ ဖြစ်လေသည်။
“ရှူး” ခနဲ မြည်သံနှင့်အတူ ရီးကျီးဒန် မျက်လုံး မှိတ်၏။ တစ်ဖက်တွင်လည်း ကျည်ပွေ့ကို မလွှတ်ရဲ။ ကျည်ပွေ့ ကော်ပြီး လဲပါက မရှိမဲ့ ရှိမဲ့ ပုစွန်ခြောက်ကလေး ကျည်ပွေ့ဖျားမှာ ကပ်လျက်ပါသွားကာ မြေပေါ်သို့ ကျသွားလိမ့်မည်။ မျက်လုံးကလည်း စပ်သည်၊ စူးသည်။ ထို့ပြင် ပူလောင်သည်။ မျက်လုံးထဲသို့ ငရုတ်စေ့ပင် ဝင်သလော၊ ငရုတ်သီးဖတ်ပင် ရောက်နေပြီလော။ ပုစွန်ခြောက်၊ ချဉ်ပေါင်ဖူးနှင့် ငရုတ်သီး သုံးမျိုးစပ်အရည်ပင် ဝင်သလော။ မည်သို့ပင် ဖြစ်စေ စပ်ပူလောင်လှသည်။
“ပေးစမ်း ပေးစမ်း”
မချောစိန် ပျာယာခတ်သွားကာ ဟိုဟာ ကိုင်ရမလို သည်ဟာ ကိုင်ရမလို ဖြစ်ပြီးမှ
“ရေပေးစမ်း”
နောက်ဆက်သံ ပေါ်လာ၍ ရေတစ်မှုတ် ခပ်သည်။ သို့သော် မပေး။
“အမေ နည်းနည်းမော့်၊ နည်းနည်းမော့်၊ ဘယ် မျက်စိလဲ သိရအောင်”
ရီးကျီးဒန် မော့်သည်။ အမျက်ရှိသော သစ်ခေါင်းသစ်ပွေးနှယ် မျက်လုံး မှိတ်ထား၏။
ညာဘက်မျက်လုံး။
“နေနေ၊ ဘယ်ဘက် ခြေမကို သမီး လောင်းပေးမယ်”
ချောင်းရေအေးအေးသည် ဘယ်ဘက် ခြေမပေါ်သို့ ညင်သာစွာ ကျ၏။ ကမ္ဘာ့ကမ္ဘာက ဆေးမြီးတိုမှာ သည်တစ်ခါ မထိရောက်။ မျက်လုံးထဲက အစူးအစပ်နှင့် အပူသည် ပပျောက် မသွား။ လျော့ပါး မသွား။
“လောင်းပါဦးဟဲ့ နင့်ရေကို”
ရီးဆေးရိုး မနေသာတော့ပါ။
“မီးဖိုကျင်းထဲမှာ ရေမြုပ်ကုန်တော့မှာပဲဟာ”
ဆိုဆိုပြောပြောဖြင့် ကပြင်မှ လျှောဆင်းသည်။ မချောစိန်ထံမှ ရေမှုတ်ကို ဆွဲယူကာ ရေပြည့်အောင် ခပ်သည်။ ရီးကျီးဒန့်မျက်နှာ နားသို့ ကပ်ပေးသည်။
“ညည့်မျက်လုံးကို ရေထဲမှာ နှစ်ပြီး ဖွင့်လိုက် ပိတ်လိုက် လုပ်ပေးစမ်း”
အလိုက်သင့် ဖြစ်စေရန် ရေမှုတ်ကိုလည်း စောင်းပေးသည်။ ရီးကျီးဒန် မယုံကြည်သော်လည်း မငြင်းဆန်နိုင်ပါ။ မချိတရိ ပူလှစပ်လှပြီ မဟုတ်လား။ ရေနှင့် မျက်ခွံနှင့် တွေ့စဉ်မှာပင် ဝေဒနာသည်လျော့ပါး၏။ အေးမြသော အတွေ့သည် မျက်သားကို ယုယသောအခါ သိသာစွာ သက်သာ၏။
မျက်လုံးကို ဖွင့်ချည် ပိတ်ချည် လုပ်ပြီးသောအခါ ငရုတ်ဆုံနှင့် ငရုတ်ကျည်ပွေ့ ထိတွေ့သံသည် ဝါကြန့် ကြန့် မီးရောင်အောက်မှာ ဆက်လက် လွင့်ဝဲတော့သည်။
••••• ••••• •••••
၃
“ဥဩ...ဥဩ ”
ငှက်နက်ကျော၏ တွန်ကြော်သံသည် ဓာတ်ပေါင်းစုဘုရားဘက်မှ လွင့်လာ၏။ ငရုတ်ဆုံ အတွင်းမှ အသံသည် လိုဏ်သံ ပေါက်နေသည်။ နောက်ထပ် မျက်စိထဲ မစဉ်စေရန်နှင့် ဖိတ်စဉ်မကျရန် ရီးကျီးဒန့် ဘယ်လက်က ဆုံအဝကို အုပ်ထားသည်။
လိုဏ်သံ ညံနေသည့်အတွက် ဥသြသံကို ရီးကျီးဒန် မကြား။ တွန်ကြော်၍ အပြီး ထတည့်ပျံသန်းရင်း ကတောက်သွားသံကိုလည်း မကြားပါ။
မချောစိန်မူ နနွင်းအိုးကို ဖွင့်ဆဲမို့ ကြားရသည်။ ကြားသည့်အလျောက် “သည်ဥသြကလည်း ညကြီးသန်းခေါင်မှာတော်” ရေရွတ်သည်။ နနွင်းမှုန့် တစ်ကော်သည် အသင့်ပါလာသော စက္ကူစထဲသို့ ရောက်သွားပြီ။ ရောက်ငြား အရှိန်ရသွားပြီမို့ ပါးစပ် မပိတ်ဖြစ်။
“အမေတို့ကလည်း ရသာတဏှာကို သိပ်ပြီး အလိုလိုက်တာပဲ။ ချဉ်ပေါင်ဟင်းထဲက ပုစွန်ခြောက် ဖတ်ပဲ၊ ကောက်ယူပြီး ပါးစပ်ထဲ ထည့်ဝါးလိုက်လည်း သည်အရသာပဲ။ အခုတော့ ချဉ်ပေါင်ဖူးနဲ့ ထောင်းချင် ရတာနဲ့၊ ငရုတ်သီးနဲ့ ထောင်းချင်ရတာနဲ့။ မတော် ကန်းသွား ဘယ့်နှယ် လုပ်မလဲ”
ရီးကျီးဒန်ကား သမီး၏ မြည်တွန်သံကို သတိ ထားမိဟန် မရှိ။ ဆုံထဲသို့ လက်ညှိုးတို့ကြည့်ပြီး လက်ညှိုးကို လျှာဖြင့် လျက်ကြည့်သည်။ ချဉ်စပ်စိမ့်ကလေး၊ အပြေသားဟဲ့။ ငါးပိတော့ ပေါ့သလိုလိုပဲ။ အစားအစာ ပေါ့ရာတွင် ဆားပေါ့သော အပေါ့၊ ငါးပိ ပေါ့သော အပေါ့ ဟူ၍ ရှိသည်။ မြန်မာပါးစပ် စစ်လေလေ သိလေလေပင်။ သို့ရာတွင် ရီးကျီးဒန် မထချင်။ ငါးပိထုပ်စရာ ဖက်ရှာရဦးမည်။ မီးကျီးခဲကို ဖယ်ပြီး ဖုတ်ရဦး၊ ထည့်ထောင်းရဦးမည်။ အဘိုးကြီး စိတ်ကောင်းဝင်ခိုက် အမြန် လက်စသတ်မှ။
“သမီး ဆားကလေး နှစ်ပွင့် သုံးပွင့် နှိုက်လိုက်စမ်းအေ”
ဆားနှင့်ပင် တင်းတိမ်မည် ရည်ရွယ်ခါမှ မချောစိန် လေရှည်စရာ အခွင့်အလမ်းက ပွင့်လာ၏။
“ဒါလောက်ကြီး အပင်ပန်း ခံမနေပါနဲ့တော့ အမေရာ၊ အစားကလေး တစ်လုတ်အတွက် ပင်ပန်းလှပါတယ်။ တော်ရုံသဖြင့် ပေါ့တာ ငန်တာ စားသာ စားလိုက်ပါတော့။ ကိုယ့်အသက်ကို ကြံပြီး မွေးရမယ့် အရွယ်နော်”
ရီးကျီးဒန်သည် အလွန် အပေါက်ဆိုးသည့် အဘွား ကြီးအို ဖြစ်၏။ မြေးတွေကို ဆဲဆိုရာတွင် ပါးစပ်ယဉ်သည့် နည်းတူ ခေါက်ရန်ထစ်ရန်လည်း လက်မနှေး။ သမီးနှင့်ပင် ရန်ဖြစ်ဖူးသည်မှာ အကြိမ်ကြိမ်။ သို့ပါလျက် ယခု သည်းခံချက်သား ကောင်း၏။ သို့စဉ်တွင် ရီးဆေးရိုး ပါးစပ်က လှုပ်ရွလာပြီ။ ဆေးပေါ့လိပ်ကို ချွတ်ရကောင်းနိုး၊ အကြမ်းပန်းကန်ကို ချရ ကောင်းနိုး ဖြစ်လာသည်။ သမီးကြီး၏ အပြောအဆိုများ သဘော မတွေ့ချင်။
“ထမင်းလည်း မနက် ကတည်းက ချက်ထားလိုက် ပြီးရောပေါ့ အမေရာ၊ အခု လေငြိမ်မှ ချက်ရတော့ မမြင်မစမ်းနဲ့”
“ဟေ့ဟေ့ မိန်းကလေး”
ဖအေ့အသံကြောင့် မချောစိန် တန့်ရပ်၏။
“မအေကို မြည်တွန်တောက်တီး မနေနဲ့။ ရုပ်ကို အာဟာရ စောင့်သတဲ့။ ထမင်းကျန် အအေးအမာကြီးကို မျိုမကျလို့ အပင်ပန်းခံပြီး ချက်နေတာ။ အဖေတို့ အမေတို့မှာ သွားမရှိတော့ပါကလားလို့ မိန်းကလေး ဘယ်တုန်းက ဘာများ လာပို့ဖူးသလဲ။ မပို့နိုင်ရင်လည်း ဘယ်နှခါ လာပြီး ကူညီဖူးသလဲ”
ဖအေ၏ အပြောအဆိုကို ရှားပါးစွာ ခံရသည်။ မချောစိန်မှာ နားကြောစိမ့်၏။ သွေးတွေ ခဲသွားပြီ ထင်၏။ မအေသာ ဖြစ်လျှင် ပြန်ပက်မည့် ပါးစပ်သည် မဟရဲ။
“ထမင်းပူပူ ထွေးထွေးအိအိ ပျော့ပျော့ကလေး ဆိုတော့ ပိုပြီး ဝင်တယ် မိန်းကလေး။ မအေဟာ မိန်းကလေးတို့ မြည်တွန်တောက်တီးစရာ မဟုတ်ဘူး။ မိန်းကလေးလည်း ချက်ရာပြုတ်ရာက ပြေးလာရဟန် တူပါတယ်၊ ကဲကဲ…သွား”
ဒေါသ မထွက်ငြား၊ စိတ်နှင့် မတွေ့ပါ။ မတွေ့သော်လည်း လျှာဖျားသို့ ရောက်လာသမျှ စကားလုံးတိုင်းကို ရီးဆေးရိုး သွန်မချပါ။ သမီးကြီးသည် ကိုယ်လည်း မကူညီ၊ မစောင့်ရှောက်နိုင်သောကြောင့် ကရုဏာဒေါသော ပြောခြင်း မဖြစ်နိုင်သလော။
“အမယ်ကြီး၊ ကျက်ပြီ မဟုတ်လားဟ၊ စားကြစို့”
မေးမေးပြောပြော ထရပ်ရာက ထန်းဖုံးဖတ်ထိုင်ခုံများကို ရွှေ့သည်။
“ကျက်ပါပြီ၊ ဒါပေမဲ့”
“ဒါပေမဲ့ မနေနဲ့၊ ကပြင်ကိုလည်း ရွှေ့မနေနဲ့၊ သည်မီးဖိုကျင်းထိပ်မှာပဲ စားလိုက်ကြရအောင်။ ဟင်းအိုးကို သည်မှာ တင်၊ ညည့်အထောင်း ပန်းကန်ကို သည်ဖင် ထိုင်ခုံပေါ်မှာ ချ၊ ပေး ထမင်းပန်းကန်”
“အိုးစွပ် ခွက်စွပ်ကြီးတော်”
“ညည်း ပန်းကန် အဆေးရ သက်သာတာပေါ့အေ”
ရီးဆေးရိုးသည် ရေတစ်မှုတ် ခပ်ပြီး လက်ဆေးရာက ထမင်းပန်းကန်ကို လှမ်းယူသည်။ ထိုင်လျှင် ထိုင်ချင်း ချဉ်ပေါင်ဟင်းကို မြည်းကြည့်သည်။ ငါးပိ မကောင်းကြောင်း လျှာက သိငြား မျိုချသည်။ ချဉ်ပေါင်ဖူးထောင်းကို လက်ညှိုးဖြင့် ကော်ပြီး လျှာထိပ်မှာ တင်၏။ ညံ့သော အရသာများ ပျောက်ပြေကာ စပ်ခြင်းသည် ထင်ရှားလေ၏။
“အမယ်ကြီး မြင်ရရဲ့လား၊ မီးခွက်ကို သည်ဘက် တိုးလဟ”
ရီးကျီးဒန်သည် မီးဖိုကျင်းထဲမှာပင် ဟင်းကို လှမ်းခပ်ရာက “အရိုးပါတာမှ မဟုတ်တာဘဲတော်” ပလုတ်ပလောင်း ဖြေသည်။
“မျက်စိအစပ်ခံပြီး ထောင်းထားရတာ၊ စားလဟာ”
“စားပါတယ်တော့်”
“ဟင်းအိုးကော မီရဲ့လား၊ ရှေ့တိုး၊ အေးဟေ့ စားချင်တာ ရှိရင် လုပ်ပြီး စားသာ စားဟ။ စားချင်တာကလေးနဲ့ စားရမှ ထမင်းဝင်တာ၊ ထမင်းဝင်မှ အလုပ် လုပ်နိုင်မှာဟ”
“ဒါပေါ့တော်”
မမြင်မစမ်းနှင့်ပင် ပုစွန်ခြောက် ကွေးကွေးပွပွကို စမ်းမိသဖြင့် ရီးဆေးရိုး၏ ပန်းကန်ထဲသို့ ထည့်ပေး၏။
“ဟဲ့ ဘာထည့်တာတုံး”
“ပုစွန်ခြောက်လတော်”
“အောင်မယ်လေးဟဲ့” ဆိုကာ ရီးဆေးရိုး ခွက်ထိုးခွက်လန် ရယ်သည်။
“ပုစွန်ခြောက်ကလေး တစ်ကောင်များအေ”
ညည်းပြော ပြောပြန်သည်။
“ပုစွန်ခြောက်ကလေး မဟုတ်ဘူးတော်ရဲ့၊ ဒုံးခြောက် သိရဲ့လား၊ ဒုံးခြောက်။ ငါးကျပ်သားကို တစ်ဆယ်တောင် ပေးရတာ။ တစ်ခါတည်း မျိုမချနဲ့၊ သွားဖုံးနဲ့ ကြိတ်ဝါးပြီး အရသာခံ၊ သိပ်ချိုတာ”
ပေါပေါလောလော ရောင်းသော ပွယောင်းယောင်း မှိုတက်ဒုံးခြောက်များကို ဝယ်လာကတည်းက ရီးဆေးရိုး သတိထားမိပါသည်။ ညံ့လိမ့်မည် မျှော်လင့်ထားသည့် အတိုင်း ခုလက်တွေ့ သိရပြီ။ မည်သည့် အရသာမျှ မတွေ့ပါ။ မတွေ့ငြား ရီးကျီးဒန်က သိပ်ချိုတာဟု ပြောထားသည့်အတွက် ကြိတ်မှိတ်ပြီး ခေါင်းညိတ်လိုက်ပါသည်။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment