Thursday, November 12, 2026

စက်သူဌေး


❝ စက်သူဌေး ❞
▢ မော်မော့်မောင်

( ၁ )

နေဝန်းနီမှ အနောက်ကမ္ဘာခြမ်းဆီ ရှော့ပင်းထွက်ဖို့ တာစူရုံရှိသေးတယ်။ ပါးစပ်က တံတွေးတပျစ်ပျစ် ထွေးပြီး လေချဉ် တဝေ့ဝေ့ တက်တတ်ကြသူတွေ။ အချိန်မှန် မှီဝဲသုံးဆောင်နေကျ မအိုဆေးတော်ကြီးကို အချိန်တန်လို့ မှ သောက်သုံးတော်မမူရရင် ခြေတုန်လက်တုန်ဖြစ်တတ်ကြသူတွေ။

ကိုယ့်ဆရာရဲ့ ပတ်ဝန်းကျင်မှာ အဲသလို လူမျိုးတွေကို တွေ့ဖူး၊ မြင်ဖူးမှာပါ။ အဲဒီအထဲမှာ ကိုယ့်ဆရာကိုယ်တိုင်တောင် ပါကောင်း ပါနေနိုင်ပါသေးတယ်။

ကိုယ့်ဆရာက ဘာလဲဆိုတာ ကျွန်တော် မသိလို့ ဘာကိုမှ ကံသေကံမ, မပြောနိုင်ပါဘူး။ကျွန်တော် အာမခံချက်ရဲရဲကြီး ပေးပြီး ပြောနိုင်တာတစ်ခုပဲ ရှိပါတယ်။ နေညိုရင် လေပြိုပြီး မသောက်ရရင် မနေနိုင်ပေါင်ဆိုတဲ့ အထဲမှာ ကျွန်တော် မပါဘူး ဆိုတာပါပဲ။ ဒါပေမဲ့ အခုတော့ ကျွန်တော့်လက်တွေဟာ တုန်တုန်ယင်ယင် ဖြစ်နေပါတယ်။

ကျွန်တော့်လက်တွေ တုန်နေတာဟာ အိမ်မြောင်ဥသွားကိုင်လို့ မဟုတ်ပါဘူး။ သက်မဲ့ပစ္စည်းလေး တစ်ခုကြောင့်ပါ။ ဒီထက်ပိုပြီး တိတိကျကျ ပြောရမယ်ဆိုရင် မွှေးရနံ့သင်းနေတဲ့ စာရေးစက္ကူလေး တစ်ရွက်ကြောင့် ဆိုပါတော့။ စက္ကူချည်း သက်သက်နဲ့ တော့ ကျွန်တော့်လက်တွေ တုန်နေစရာ အကြောင်းမရှိမှန်း ကိုယ့်ဆရာ ရိပ်မိပါလိမ့်မယ်။ ဟုတ်ပါတယ် ကိုယ့်ဆရာ။ ကိုယ့်ဆရာ တွေးထင်မိတဲ့ တိုင်းပါပဲ။

စာရေးစက္ကူပေါ်မှာ ညီညာဝိုင်းစက်တဲ့ လက်ရေးနဲ့ ရေးထားတဲ့ စာသားတွေပါ,ပါတယ်။ ဘာတွေ ရေးသားဖွဲ့နွဲ့ထားတယ် ဆိုတာကိုတော့ အထူး ပြောစရာတောင်လိုမယ် မထင်ပါဘူး။ စာရေးစက္ကူပေါ်မှာ ရေးလေ့ရေးထ ရှိတတ်ကြသလိုပါပဲ။ ချစ်ခြင်းရနံ့တွေ ထုံမွှမ်းနေတဲ့ စကားလုံးတွေ ဖောဖောသီသီနဲ့ပါ။ ဒီစာက ကောင်မလေးတစ်ယောက်ကို ပေးဖို့ ကျွန်တော် ရေးထားတာမဟုတ်ပါဘူး။ နန္ဒာအောင်က စာအိတ်လှလှလေးထဲထည့်ပိတ်ပြီး ကျွန်တော့်ကို ပေးလိုက်တာပါ။ စာအိတ်ပေါ်မှာ ကျွန်တော့်နာမည်ကိုတောင် ရေးထားပါသေးတယ်။ စာအိတ်နဲ့ ပေးတယ် ဆိုပေမယ့် စာတိုက်က တစ်ဆင့် ထည့်လိုက်တာ မဟုတ်သလို လူကိုယ်တိုင်လက်ထဲကို ရော့အင့် ဆိုပြီး ဗြောင်ကျကျ ပေးသွားတာမျိုးလည်း မဟုတ်ပြန်ပါဘူး။

ကိုယ့်ဆရာ အရည်လည်သွားအောင် ကျွန်တော်နောက်ကြောင်းပြန် မွှေနှောက်ပြပါ့မယ်။

ကျွန်တော်က စည်ပင်ကားပေါ်မှာ လိုက်ရတဲ့ အောက်ခြေဝန်ထမ်းတစ်ယောက်ပါ။ကျွန်တော့် နယ်မြေထဲမှာ မန္တလေးတက္ကသိုလ် တဝိုက်လည်း ပါ,ပါတယ်။ အဲဒီဘက်ကို ကျွန်တော်တို့ကား ရောက်တိုင်း နန္ဒာအောင်တို့ အဆောင်သူတွေက အမှိုက်ပစ်လေ့ရှိပါတယ်။ နာမည်ကို သူတို့ ချင်း ပြောတဲ့ စကားတွေက တစ်ဆင့် သိထားတာမျိုးမို့ နန္ဒာအောင်တို့နဲ့ ကျွန်တော် သိပ်ပြီး ရင်းနှီးမှုမရှိပါဘူး။ တစ်ပတ်တစ်ခါလောက် မြင်တွေ့နေရတော့လည်း ပြုံးပြတာမျိုး၊ တစ်ခါတလေ စကားတစ်ခွန်းစ၊ နှစ်ခွန်းစ ပြောဖြစ်သွားတာမျိုးတော့ ရှိတတ်ပါတယ်။

ဒီနေ့လည်း ထုံးစံအတိုင်း အဆောင်ရှေ့ကို အရောက်မှာ နန္ဒာအောင်တို့ ထွက်လာပြီး ကျွန်တော့်ဆီကို သူတို့ အမှိုက်ထုပ်တွေ လှမ်းပေးပါတယ်။ သူတို့က အမှိုက်တွေကို ပလပ်စတစ်အိတ် အကြည်သားနဲ့ ထုပ်ပြီး ပစ်နေကျပါ။ ကျွန်တော်ကလည်း သူတို့ အမှိုက်ထုပ်တွေကို စေ့စေ့စပ် စပ် စစ်ပြီးမှပဲ ယူပါတယ်။ အမှိုက်ထဲမှာ ချိန်ကိုက်ဗုံးထည့်ထားမှာ ကြောက်လို့ မဟုတ်ပါဘူး။ တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုခု ရောယောင်ပြီး ပါလာမှာ စိုးလို့ပါ။ ဒီလိုသတိထားဖြစ်သွားတာကလည်း အမှိုက်ထုပ်ထဲမှာ ဂျီပီနာရီ တစ်လုံးက တစ်ခါ၊ ဟန်းချိန်း တစ်ခုက တစ်ခါ နမော်နမဲ့နဲ့ ပါလာတာ ကြုံဖူးတာကြောင့်ပါ။

အဲဒီလို ဖြစ်ပြီးကတည်းက သူတို့ အမှိုက်ထုပ်တွေဟာကျွန်တော့်အတွက် ဗွီအိုင်ပီ ဖြစ်လာခဲ့တာပါပဲ။

ဗွီအိုင်ပီအမှိုက်ထုပ်တွေထဲမှာ အဖိုးတန်တာ ဘာမှ ပါမလာခဲ့ပေမယ့် ကျွန်တော့်နာမည် တပ်ထားတဲ့ စာအိတ်လှလှလေး တစ်အိတ်တော့ပါ ခဲ့ပါတယ်။ နန္ဒာအောင့် အမှိုက်ထုပ်ထဲမှာပါ။ စာအိတ်ကို တွေ့တော့ ကျွန်တော်အံ့ဩသွားမိပါတယ်။ အထဲမှာ ဘာတွေ ပါသလဲ။ နန္ဒာအောင်က ဘာလို့ ကျွန်တော့်ကို ဒီစာအိတ် ပေးရတာလဲ။ သိလိုစိတ်တွေ ပြင်းထန်နေပေမယ့် ကျွန်တော်ချက်ချင်း ဖောက်မကြည့်ဖြစ်ခဲ့ပါဘူး။ အိမ်ရောက်မှ အေးအေးဆေးဆေး ဖောက်ကြည့်တာ ပိုကောင်းမယ်လို့ တွေးလိုက်မိလို့ပါ။

စာအိတ်ကို ဖောက်,ဖောက်ချင်းမှာ ကျွန်တော့်လက်တွေဟာ ပုံမှန်အတိုင်းပါပဲ။ စာအိတ်ထဲက ထွက်လာတဲ့ စာကို တွေ့တော့လည်း အခြေအနေက မပျက်သေးပါဘူး။ စာကိုဖတ်ရင်းနဲ့ မှ တဖြည်းဖြည်း လက်တွေတုန်ယင်လာတာပါ။ စာက ကျွန်တော် ပြောသလို ရည်းစားစာ ဖြစ်နေတာကြောင့် မယုံကြည်နိုင်ခြင်း၊ ကြည်နူးဝမ်းသာခြင်းတွေရဲ့ တွန်းထိုးမှုဒဏ်ကို မခံနိုင်ဘဲ လက်တွေတုန်ယင်လာရတာလို့ ပြောလို့ရပါတယ်။

ကိုယ့်ဆရာလည်း ဒီလို အဖြစ်မျိုးနဲ့ ကြုံရင် ကျွန်တော့်လိုပဲဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော် ကျိန်းသေပြောရဲပါတယ်။ ကိုယ့်ဆရာပဲ စဉ်းစားကြည့်လေဗျာ။ ချစ်စရာရုပ်ရည်ပိုင်ရှင် တက္ကသိုလ်ကျောင်းသူတစ်ယောက်က ကျွန်တော့်လို ပါမွှားတစ်ယောက်ကို ရည်းစားစာ ပေးတယ်ဆိုတာ ယုံနိုင်စရာမှ မရှိဘဲကိုး။ ဒါပေမဲ့ ယုံကြည်စရာသက်သေတစ်ခု ဖြစ်တဲ့ ရည်းစားစာကတော့ ကျွန်တော့်လက်ထဲကို ရောက်နေပါပြီ။ ကျွန်တော် ထင်ပါတယ် ကိုယ့်ဆရာရယ်။ ဒါဟာ ကိုရီးယားယဉ်ကျေးမှုလှိုင်းရဲ့ ရိုက်ခတ်ခြင်းကို ခံရတာကြောင့် ဖြစ်မယ်လို့။

••••• ••••• •••••

( ၂ )

ညနေစာစားပြီးတာနဲ့ ကျွန်တော် ချောစုဆီကို ထွက်လာခဲ့ပါတယ်။ ချောစုက မနော်ဟရီလမ်းဘေးမှာ ကွမ်းယာရောင်းသူ တစ်ယောက်ပါ။

ကွမ်းတစ်ယာမှာ အဓိကကျတဲ့ ထုံး ကောင်းသလို သူကလည်း နံပါတ်မချိတ်ရသေးတဲ့ ညိုချောလေးတစ်ယောက် ဖြစ်နေတော့ သူ့ဆိုင်က ရောင်းအား ကောင်းပါတယ်။ စားသုံးသူ အများစုကတော့ သူ့ကို ရစ်နေကြတဲ့ ရွှေစွန်ညိုတွေချည်းပါ။ ချောစုကတော့ သူ့ကို ချဉ်းကပ်လာသူတိုင်းကို အပြုံးချိုချိုနဲ့ တန်းတူရည်တူ ဆက်ဆံနေဆဲပါပဲ။ ဘယ်သူ့ကိုမှ အခွင့်အရေး ပေးပြီး ပိုပိုသာသာ လုပ်တာမျိုး မရှိခဲ့ပါဘူး။ ဒီအထဲမှာ ကျွန်တော့်ကိုတော့ ခြွင်းချက်အဖြစ် ထားရပါလိမ့်မယ်။

ကျွန်တော်နဲ့ ချောစုရဲ့ အခြေအနေကတော့ တခြားသူတွေနဲ့ မတူပါဘူး။ တစ်ယောက် နှလုံးသားကို တစ်ယောက် အနှောင့်အသွား မလွတ်တဲ့ စကားသံတွေနဲ့ မျှားနေခဲ့တာ တော်တော်ကြာပါပြီ။ ချောစုရဲ့ အပြုအမူ၊ အပြောအဆိုတွေကို ခြုံငုံသုံးသပ်ကြည့်ရင် ကျွန်တော့်အပေါ်ညွှတ်နေပုံပဲလို့ သူငယ်ချင်းတွေက မှတ်ချက်ပေးကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာမျိုးမဟုတ်ပေမယ့် ကျွန်တော်ကလည်း သူတို့ ပြောတာကို တစ်တစ်ခွခွကြီး ယုံကြည်ပါတယ်။အဲဒါကြောင့်ပဲ ချောစုကို လွန်ခဲ့တဲ့ နှစ်ရက်က ရည်းစားစကား ပြောခဲ့တာပါ။ သူ့ဆီက အဖြေကိုတော့ ခုထိ မရသေးပါဘူး။ အဖြေမရသေးတာကပဲ ကျွန်တော့်အတွက် ခပ်ကောင်းကောင်း ဖြစ်နေပါပြီ။ မဟုတ်ရင် နန္ဒာအောင်နဲ့ ချောစု ကြားမှာ ကျွန်တော်ဗျာများ နေရဦးမှာ မို့ပါ။

ကိုယ့်ဆရာပဲ စဉ်းစားကြည့်လေ။ တကယ်လို့ ချောစုကသာ ကျွန်တော့်ကို ချစ်အဖြေ ပေးပြီးပြီဆိုရင် နန္ဒာအောင်က သနားရာပါပဲ။ သူ့ခမျာ မိန်းကလေးတန်မဲ့ အရှက်နဲ့ သိက္ခာကို မငဲ့ဘဲ ကျွန်တော့်ကို ရည်းစားစာပေးထားရတာ မဟုတ်လား။ ဒါကို ကျွန်တော်က ချောစုရှိပြီးသားမို့ ငြင်းလိုက်ရမယ်ဆိုရင် အားနာစရာကြီး ဖြစ်နေတော့မှာပါ။ သူ့ကို အားနာလို့ လက်ခံမယ် ဆိုပြန်တော့လည်း တစ်ဖက်က ချောစုကို ပြန်လှည့်ကြည့်နေရဦးမယ်။

နှစ်ယောက်စလုံးကို မလွှတ်ဘဲ ဖမ်းထိန်းထားဖို့က မဖြစ်ဖူး မဟုတ်ဘူး ။ ဖြစ်ပါတယ်။ ကျွန်တော်ကလည်း ကမ္ဘာပြားရဲ့ လူသားတစ်ယောက်ပဲ ကိုယ့်ဆရာရယ်။ ကိုယ့်ဆရာ ထင်သလောက် မညံ့ပါဘူး။ ဒါပေမဲ့ တစ်ပြိုင်တည်းနဲ့ ငါးရံနှစ်ကောင် ဖမ်းဖို့ ကျွန်တော့်သိစိတ်က လုံးဝ ခွင့်မပြုပါဘူး။ အပြင်းအထန် ကန့်ကွက်ရှုံ့ချပါတယ်။

အခုတော့ ချောစုဆီက ဘာအဖြေမှ ပြန်မရသေးလို့ ကျွန်တော့်မှာ ထောင့်ငါးရာ အနှောင်အဖွဲ့ ကင်းကင်းနဲ့ လွတ်လပ်စွာရွေးချယ်ခွင့် ရှိနေပါပြီ။ ကျွန်တော့်နေရာမှာ ကိုယ့်ဆရာဆိုရင် နန္ဒာအောင်နဲ့ ချောစု ဘယ်သူ့ကို ရွေးချယ်မလဲ။ ကျွန်တော်ကတော့ တက္ကသိုလ်ကျောင်းသူ ဖြစ်နေပါလျက်နဲ့ ကျွန်တော့်လို ကောင်ကို စတင် ချစ်ခွင့်ပန်လာတဲ့ နန္ဒာအောင် ကိုပဲ ဘဝကြင်ဖော်အဖြစ် လက်တွဲဖို့ ဆုံးဖြတ်ထားပါတယ်။ ချောစုနဲ့ နန္ဒာအောင် နှိင်းယှဉ်ကြည့်ရင် နန္ဒာအောင်က (ကျွန်တော့်အတွက်) ပိုပြီး သာလွန်ပြည့်စုံတယ် ထင်တာကြောင့်လည်း ပါတယ်ဆိုတာ ကျွန်တော် ဝန်ခံပါတယ်။

ဂျေမီရဲ့ သီချင်းထဲကလိုပေါ့ ကိုယ့်ဆရာရယ်။ ငပိရည်နဲ့ အမဲနှပ်တော့ ဘယ်သူက လဲမှာလဲ မဟုတ်ဘူးလား။

“မချောစု။ကျွန်တော် မချောစုကို ပြောစရာရှိလို့”

ချောစုရဲ့ ဆိုင်ရှေ့က တန်းလျားမှာ ကျွန်တော် ဝင်ထိုင်နေတာ ဆယ့်ငါးမိနစ်လောက် ကြာမှ ဆိုင်မှာ လူရှင်း သွားပါတယ်။ သူ့ဆိုင်က လူရှင်းသွားလည်း ခဏတစ်ဖြုတ်ပါပဲ။ နေ့လယ်နေ့ခင်းမှာတောင် နာရီဝက်ထက် ပိုမကြာပါဘူး။ အခုလို ညနေပိုင်း ဆိုရင် ပိုဆိုးပါတယ်။အဲဒါကြောင့် ကျွန်တော်က လူရှင်းတာနဲ့ ပြောစရာ ရှိတာပြောဖို့ စကားစလိုက်တာပါ။

“ပြောလေ။ ဘာပြောချင်လို့လဲ။ အဖြေတောင်းမယ် စိတ်ကူးထားရင်တော့ မပြောတာ ကောင်းလိမ့်မယ်နော်။ ကြောင်အစာတောင်းသလို တပူပူ တဆာဆာ လုပ်တာမျိုး ကျွန်မ, မကြိုက်ဘူး။ စဉ်းစားပေးပါ့မယ်လို့ ပြောထားပြီးသား ပဲဥစ္စာ။ အချိန်တန်တော့ ပေးမှပေါ့။ ကိုစိုးရာဇာကို ကျွန်မ,မမုန်းချင်ဘူး”

“မချောစု ပြောသလို အဖြေကိစ္စတော့ မှန်ပါတယ်။ ဒါပေမဲ့ မချောစု ထင်သလို အဖြေတောင်းဖို့တော့ မဟုတ်ပါဘူး။ ကျွန်တော့်ကို အဖြေပြန်ပေးဖို့ မလိုတော့ဘူးလို့ ပြောမလို့ပါ”

“ဘာ ... ဘယ်လို။ ကိုစိုးရာဇာ ဘယ်လို ပြောလိုက်တယ်။ အဖြေပေးဖို့ မလိုတော့ဘူး ဟုတ်လား။ ဒါ ဘာအဓိပ္ပာယ်လဲ”

ချောစုက ကျွန်တော့်ကို မသိနိုးနားနဲ့ ပြန်မေးပါတယ်။ ကျွန်တော်က မျက်နှာပူလို့ သူ့မျက်နှာကို မကြည့်ဘဲပြောလိုက်တာမို့ သူ့မျက်ဝန်းထဲက ခြေရာကို သဲလွန်စကောက်လို့ မရပါဘူး။ သေချာသလောက် ရှိတာက တော့ သူ့မျက်ဝန်းထဲမှာ အံ့သြရိပ်တွေ၊ နားမလည်ခြင်းတွေ အပြည့်နဲ့ ဖြစ်နေပါလိမ့်မယ်။

“ဒီလိုပါ မချောစု။ တကယ်တော့ ကျွန်တော် မချောစုကို ပြောခဲ့တာက အတည် မဟုတ်ပါဘူး။ စတဲ့ နောက်တဲ့ သဘောနဲ့ ပြောခဲ့တာပါ။ အဲဒါကို မချောစု စိတ်ထဲ ဘယ်လိုမှ သဘောမထားပါနဲ့ ။ ခင်လို့ မင်လို့ အပျော်သက်သက် စတယ်နောက်တယ်လို့ပဲ သတ်မှတ်လိုက်စေချင်ပါတယ်။ ကျွန်တော့်ကို ခွင့်ပြုပါဦး”

ပြောစရာရှိတာကို ပြောဆို အပြီးမှာပဲ ကျွန်တော်ချက်ချင်းထွက်လာခဲ့ပါတယ်။ ဒီလိုပြောခဲ့တာက ကျွန်တော် ချောစု အပေါ် နှမချင်းမစာနာလို့ မဟုတ်ပါဘူး ကိုယ့်ဆရာ။ သူ့ကို မျှော်လင့်ချက်တွေ ပေးပြီးမှ ဆန့်တငံ့ငံ့နဲ့ ဖြတ်ချထားသလိုကြီး ဖြစ်နေမှာ စိုးလို့ပါ။ အဲသလိုလုပ်တာက သူ့ အပေါ် ရက်စက်ရာကျလွန်းတယ်လို့ ထင်တာကြောင့် ဆိုပါတော့ဗျာ။

••••• ••••• •••••

( ၃ )

အဆောင်ရှေ့ မရောက်ခင်မှာပဲ နန္ဒာအောင့်ကို လှမ်းမြင်ရပါတယ်။ သူ့ခမျာ ရက်သတ္တတစ်ပတ်ကို စိတ်လှုပ်ရှားမှုများစွာနဲ့ ကျော်လွန် လာခဲ့ရပုံပါပဲ။ ခါတိုင်းလိုတောင် အဆောင်ရှေ့ ရောက်မှ သူငယ်ချင်းတွေနဲ့အတူ  ကမန်းကတမ်း ပြေးထွက်မလာဘဲ ကြိုစောင့်နေပုံကို ထောက်ရှုခြင်းအားဖြင့် ကျွန်တော့် အထင် မမှားနိုင်ပါဘူး။ ကျွန်တော့်မှာ သူ့ကို ကြည့်ရ င်းမိန်းမဈေးဖျက်သူလို့ မမြင်နိုင်ဘဲ ကြိုက်နေတော့လည်း မရှက်နိုင်အားတော့ဘူးပေါ့လို့ တွေးပြီး သနားစိတ်တောင် ဝင်လာမိပါသေးတယ်။

“အစ်ကို ... ဟို ... ဟိုလေ ... ပြီးခဲ့တဲ့ တစ်ပတ်က ညီမရဲ့ စာ” 

“အစ်ကို ဖတ်ပြီးပါပြီ ငါ့ညီမရယ်”

အဆောင်ရှေ့ကို အမှိုက်သိမ်းကား ရပ်,ရပ်ချင်းမှာပဲ နန္ဒာအောင်က မဝံ့မရဲ မေးလာပါတယ်။ ကျွန်တော်က သူ့အမေးကို ဆုံးအောင် မစောင့်ဘဲ ကြားဖြတ် အဖြေပေးရင်း ကားပေါ်က ခုန်ဆင်းလိုက်ပါတယ်။

ကားအောက် ရောက်တော့ ကျွန်တော် အံ့သြသွားရတော့တာပါပဲ။ နန္ဒာအောင့်မျက်နှာပေါ်မှာ ကျွန်တော်ထင်ထားသလို ရှက်ယောင်သမ်းမနေလို့ပါ။

“အစ်ကိုက ဘယ်စာကို ဖတ်ပြီးပြီ ပြောတာလဲ”

“ပြီးခဲ့တဲ့ တစ်ပတ်က ငါ့ညီမရဲ့ အမှိုက်အိတ်ထဲမှာ ထည့်ပေးလိုက်တဲ့ စာလေ။ စာအိတ်ပေါ်မှာတောင် ကိုစိုးရာဇာလို့ နာမည်တပ်ထားသေးတယ်”

“ဟုတ်တယ် ... ဟုတ်တယ်။အဲဒီ စာအိတ်ပဲ။ ညီမဖြင့်လိုက်ရှာတာ နှံ့နေပြီ။ ဒီနေ့မှ အမှိုက်ပစ်တဲ့အထဲ ပါသွားတာဖြစ်နိုင်တယ် ဆိုပြီး မေးကြည့်တာ။ ဒါနဲ့ နေပါဦး။ အစ်ကိုက ဘာကိစ္စနဲ့ စာကို ဖောက်ဖတ်ရတာလဲ”

ကျွန်တော့်မှာ စကားလုံး ပျောက်ဆုံးမှုနဲ့ ခဏတာ ကြုံလိုက်ရပါတယ်။ အလိုမကျသံ စွက်နေတဲ့ နန္ဒာအောင့်အမေးကို ဘယ်လို ပြန်ဖြေရမှန်း မသိ ဖြစ်သွားလို့ပါ။ နာမည် အတိအကျတပ်ပြီး ပေးတုန်းက ပေးခဲ့ပြီး အခုမှ အကြောင်လာရိုက်နေတာ ဘာသဘောလဲ။ သူ့ကိုယ်သူမိန်းကလေး ဖြစ်နေတာကို သတိရသွားလို့ ရှက်ရမ်း,ရမ်းတာမျိုးလား။ ကျွန်တော် စဉ်းစားလို့ မရပါဘူး။ ဘာပဲဖြစ်ဖြစ် အမေးရှိရင် အဖြေရှိရပါမယ်။

“ငါ့ညီမက စာအိတ်ပေါ်မှာ ကိုစိုးရာဇာလို့ ရေးထားတယ်မဟုတ်လား။ အဲဒါကြောင့် ဖောက်ဖတ်လိုက်တာပေါ့။ စိုးရာဇာဆိုတာ အစ်ကို့နာမည်ပဲလေ”

“ရှင် ...အစ်ကို့နာမည်က စိုးရာဇာ ဟုတ်လား။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အစ်ကိုရယ်။ ညီမကို အဖြေတောင်းထားတဲ့ ကျောင်းက လူရဲ့ နာမည်ကလည်း စိုးရာဇာပဲ။ အဲဒီစာက သူ့ကို အဖြေပြန်ပေးထားတာ”

“ဒါ ... ဒါဖြင့် အဲဒီစာက အစ်ကို့ကို ပေးတာ မဟုတ်ဘူး ပေါ့”

“ပေါက်ပေါက်နဲ့မှ ရှာရှာ အစ်ကိုရယ်။ အစ်ကိုမို့ အဲဒီလိုထင်ရဲတယ်။ ညီမလို မိန်းကလေးတစ်ယောက်က အစ်ကို့ကို ဘာအကြောင်းနဲ့ စာပေးရမှာလဲ။ ညီမတို့ဆီမှာ မိန်းကလေးတစ်ယောက်က စပြီး စာပေးတာမျိုး ဘယ်တုန်းက ရှိခဲ့ဖူးလို့လဲ။ ပြီးတော့ အစ်ကို့နာမည်ကိုလည်း ညီမမှ သိဘဲ။ အဲဒီစာက အစ်ကို့ကို ပေးတာ မဟုတ်မှန်းအသိသာကြီးပဲ ဥစ္စာ။ တကယ်ဆို လူတူမရှား နာမည်တူမရှား ဆိုတာကို အစ်ကို စဉ်းစားမိဖို့ ကောင်းတယ်။ ထားပါတော့လေ။ ဖြစ်သွားပြီးမှတော့ အပြစ်တင်နေလို့ လည်း အပိုပါပဲ။ အခု အဲဒီစာ ပါခဲ့လားဟင်”

နန္ဒာအောင့် အမေးကို ကျွန်တော့် ပါးစပ်က ပြန်မဖြေပါဘူး။ ရင်ဘတ် ကြားထဲမှာ တယုတယ သိမ်းထားတဲ့ စာအိတ်ကိုပဲ ထုတ်ပေးလိုက်ပါတယ်။ စာအိတ်ထဲမှာ သူ့စာအပြင် အပို ပါသွားတာတွေလည်း ရှိပါသေးတယ်။ ကျွန်တော့် ရင်ထဲမှာ တစ်ပတ်တိတိ ခိုအောင်းနေခဲ့တဲ့ ကြည်နူးဂုဏ်ယူ ဝံ့ကြွားစိတ်တွေပါပဲ။ မက်ခဲ့တဲ့ သိင်္ဂါရအိပ်မက်တွေလည်း အငွေ့ပျံ ပျောက်ကွယ်ကုန်ပါပြီ။ ထင်တစ်လုံးနဲ့ လက်မထောင်ခဲ့မိတဲ့ ရက်တွေအတွက် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ရှက်ရွံ့လို့ မဆုံးပါဘူး။

“အင်း ... အစ်ကိုကတော့ စာကို ဖတ်ပြီး တော်တော်လေး ဘဝင်မြင့်နေမှာပဲနော်။ ငါ့ကို တက္ကသိုလ်ကျောင်းသူတစ်ယောက်က စပြီး ရည်းစားစာ ပေးတယ် ဆိုပြီးတော့လေ။ အမှန်တော့ အဲဒါဟာ … အစ်ကို့ရဲ့ မဆင်ခြင်မစူးစမ်းမှုကြောင့် ဖြစ်ရတာပဲ။ ဒါပေမဲ့ ညီမ နမော်နမဲ့နိုင်လို့ ဖြစ်ရတာဆိုလည်း မမှားပါဘူး။ ဆိုတော့ အစ်ကို စိတ်ကူးနဲ့ မြူးခဲ့ရတဲ့ အချိန်တွေအတွက် ညီမ တောင်းပန်ပါတယ်”

နန္ဒာအောင်က အဆောင်ထဲကို ပြန်ဝင်သွားပါပြီ။ ကျွန်တော့်ကို မစောင့်ဘဲ မောင်းထွက်သွားတဲ့ အမှိုက်သိမ်းကား နောက်ကို ခေါင်းငိုက်စိုက်ချပြီး လိုက်လာခဲ့ပါတယ်။ အသည်းကွဲတာ မဟုတ်ပေမယ့် စိတ်တွေ မှုန်ရီအုံ့မှိုင်းနေလို့ပါ။ ဒါပေမဲ့ ကျွ န်တော်စိတ်ဓာတ်တော့ကျမသွားပါဘူး။ အမဲနှပ်ကို မစားရတော့လည်း ငပိရည်ဘက်ကို ပြန်ပြီး ခြေဦးလှည့်ရုံပဲပေါ့။

••••• ••••• •••••

( ၄ )

“မချောစု”

“ဘာလဲ”

ချောစုနဲ့ ကျွန်တော် ရောင်းသူဝယ်သူ အသံမတူဘူးလို့ ပြောရပါလိမ့်မယ်။ ကျွန်တော့်ခေါ်သံက စစ်ပြေးဒုက္ခသည်လို ဖြစ်နေသလောက် ချောစုရဲ့ ပြန်ထူးသံက ဆူနာမီလှိုင်းလုံးလို ဖြစ်နေလို့ပါ။ ချောစုရာသီဥတုက တော်တော်လေး ဆိုးရွားနေတာမို့ ကျွန်တော်က မျက်နှာငယ်လေးနဲ့ တောင်းပန်တိုးလျှိုးရပါတယ်။

“မချောစု ကျွန်တော့်ကို စိတ်ဆိုးနေတာလား။ စိတ်မဆိုးပါနဲ့ မချောစုရယ်။ ဟိုတစ်နေ့က ကျွန်တော်နောက်တာလို့ ပြောခဲ့တာက စိတ်ထဲကပါလို့ မဟုတ်ပါဘူး။ နောက်တာဆိုတဲ့ စကားကို နောက်ပြီး ပြောခဲ့တာပါ။ အမှန်တကယ်က ကျွန်တော် မချောစုကို မြတ်မြတ်နိုးနိုး နှစ်နှစ်ကာကာနဲ့ တစ်ဘဝစာလုံးအတွက် ရည်ရွယ်ပြီး ချစ်တာပါဗျာ”

“ဘာ ...တကယ် ချစ်တာပါ ဟုတ်လား။ ရှင်က ကျွန်မကို လမ်းဘေး ကွမ်းယာသည်မို့ စကားကို ရှုံ့ချည်နှပ်ချည်လုပ်ပြီး ပြောချင်သလို ပြောလို့ရမယ် ထင်လို့ သွေးတိုးစမ်းတာပေါ့လေ”

“မဟုတ်ရေးချ မဟုတ်ရပါဘူး မချောစုရယ်။ သွေးတိုးစမ်းရအောင် ကျွန်တော်က ဆရာဝန် မဟုတ်သလို မချောစုကလည်း လူနာမှ မဟုတ်ဘဲ။ ကိုယ့်ချင်းကိုယ့်ချင်းတွေပဲမို့ ချစ်လို့ စတဲ့ ဟာပဲဟာကို။ မချောစုက ဒီလိုထင်တယ် ဆိုတော့ ကျွန်တော် တကယ် စိတ်မကောင်းဘူးဗျာ”

“အဟွင်း... ရှင် ဒီလို ဖောရှော လာရိုက်ရုံနဲ့ ကျွန်မက စိတ်ပြောင်းသွားမယ် ထင်နေလား ကိုစိုးရာဇာ။ ဝေးပါသေးရဲ့။ ရည်းစားစကား ပြောတုန်းက ပြောခဲ့ပြီးမှ ဘွာတေးလုပ် အဲဒီ လုပ်ထားတဲ့ ဘွာတေးကိုပဲ ဘွာတေး ထပ်လုပ်တာကို လက်ခံရလောက်အောင် ကျွန်မက အပေါစား မဆန်ဘူး။ ရည်းစား လိုချင်လို့ ထွန့်ထွန့်လူးနေတဲ့ အထဲမှာလည်း ကျွန်မ မပါဘူး။ ဆိုတော့ ရှင် ကျွန်မရှေ့က ထွက်သွားပါ ကိုစိုးရာဇာ”

“တကယ်ပဲ လေစိမ်းတွေ တိုက်တော့မှာလား မချောစုရယ်။ ရှိခဲ့ဖူးတဲ့ သံယောဇဉ်လေးတွေကို ငဲ့ညှာ ...”

“ရှင့်ကို တစ်ခုခု မလုပ်မိခင် ကျွန်မရှေ့က ချက်ချင်းထွက်သွားလိုက်ပါ ကိုစိုးရာဇာ။ တစ်ခါတည်း ပြောလိုက်ရဦးမယ်။ ကျွန်မ ဆိုင်ရှေ့ကို နောက်လည်း ဘယ်တော့မှ မလာပါနဲ့ ။ ရှင့်မျက်နှာ မြင်ရတာ အော့နှလုံးနာလွန်းလို့”

ချောစုက ပြောပြောဆိုဆိုနဲ့ ကွမ်းယာညှပ်တဲ့ ကပ်ကြေးကို ကောက်ကိုင်ပါတယ်။ သူ့ပုံစံ ကြည့်ရတာ တကယ်ကြီး လုပ်မယ့် မျက်နှာထားနဲ့ပါ။

ကျွန်တော် ဘယ်လိုပဲ လေပြည်ထိုးထိုး သူ့ ဒေါသဒီဂရီကတော့ လျော့နည်းသွားမယ့်ပုံ မပေါ်ပါဘူး။ ဆက်ပြီးအပျော့ဆွဲ , ဆွဲလို့ လည်း ပျော့လာနိုင်စရာ အကြောင်းမရှိတဲ့ အပြင် ကပ်ကြေးစာပါ မိနိုင်တာမို့ ကျွန်တော် အမြန် ပြန်လစ်လာခဲ့ပါတယ်။

လမ်းမှာ ကိုယ့်အဖြစ် ကိုယ် ပြန်တွေးမိတော့ ကျွန်တော် တော်တော်လေး ဝမ်းနည်းသွားမိပါတယ်။ ခြံစည်းရိုးပေါ် ခွမထိုင်ချင်လို့ တစ်ဖက်ကို လုံးလုံးလျားလျား ခုန်ချလိုက်မှပဲ မျောက်သစ်ကိုင်းလွတ်တဲ့ အဖြစ်မျိုးနဲ့ ကြုံလိုက်ရလို့ပါ။ နှလုံးသားရေးရာမှာ တွက်ချက်မှု မှားယွင်းသွားတာနဲ့ပဲ ကျွန်တော်ဟာ အလိုမကြီးဘဲ ဘာမှလည်း မရခဲ့ပါဘူး။ အခုတော့ ကျွန်တော့်အဖြစ်က တွက်ရေးတော့ စက်သူဌေး တွက်ကြည့်တော့ စက်မရှိ ဆိုသလို ဖြစ်ခဲ့ရပြီပေါ့ ကိုယ့်ဆရာရယ်။

▢  မော်မော့်မောင်
📖 ပြုံးစရာ မဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၂ဝ၁၁

No comments:

Post a Comment