❝ ငါးသောင်းသုံးထောင့်ငါးရာ ❞
▢ မိုးဟန်ဂျွန်
လောကတွင် မြန်မြန်ကုန်လွန်ဖို့ အကြာညောင်းဆုံး အချိန်တွေဟာ စာသင်ချိန်တွေပဲလား မသိ။ ခုလည်း ကြည့်လေ ပါရီမှ ပြန်လာတာ သိပ်မကြာသေးသည့် ဆရာမက စင်မြင့်ပေါ်ကနေ ပြင်သစ်လိုတွေချည်း တောက်လျှောက် ပြောသွား၏။ အသံ အနိမ့်အမြင့် အတက်အကျ မရှိဘဲ ကရားရေလွှတ် ပြောနေသော ဆရာမ၏ ပြင်သစ်စာ အသံထွက်တွေကို ကြိုးစားပြီး အာရုံစိုက်နေစဉ် နေ့လယ်ထမင်းစားချိန်တုန်းက ဝက်သားနှင့် မျှစ်ချဉ်ဟင်းတန်ခိုးက ဤအချိန်တွင် အစွမ်းပြလေပြီ။ အိပ်ချင်သည့် စိတ်ကို မည်သို့မျှ မထိန်းချုပ်နိုင်ခဲ့။ ဆရာမ ဘာတွေ ပြောနေပါလိမ့်။ Je voudraisetre... အဲဒါပဲ ကြားလိုက်သည်။ ကျန်တာ ဘာတွေ ပြောနေမှန်း မသိ။ ကိုယ့်ရှေ့ တည့်တည့်မှ စာရေးခုံက ကိုယ့်မျက်နှာနှင့် နီးသွားလိုက်၊ ဝေးသွားလိုက်။ တစ်ခါတလေ ဦးခေါင်းက ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်ဖြင့် ရှေ့တိုးနောက်ငင် နံဘေးဘယ်ညာ ယိမ်းကာ တစ်ပတ်လည် အိပ်ငိုက်နေသော ကိုယ့်အဖြစ်ကိုယ်လည်း မရှက်မိပါ။ ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်တဲ့။ ကိုယ်လိုပဲ သူများတွေလည်း မသိမသာ ခိုးငိုက်နေကြတာပဲ။ ဘာပဲဖြစ်ဖြစ် အိပ်ငိုက်တာ အခံရခက်လှပေမဲ့ အရသာတော့ ရှိလှသည်။ စာသင်နေတုန်းလေး ငိုက်ခွင့်ရှိတာ မဟုတ်လား။ ခုနေ ဆရာမက စာသင်ချိန်ပြီးပြီ ငိုက်နေတဲ့သူတွေ အိပ်ကြလို့ ပြောကြည့်ပါလား။ မျက်လုံးတွေက ပိဿာလေးတုံးနှင့် ဖိထားလျှင်တောင် ပိတ်မှာ မဟုတ်တော့ ပြူးကြောင်နေတော့မှာ။ အဲသည်တော့ ခိုးပြီး ငိုက်ခွင့်ရှိတုန်းလေး ငိုက်ဦးမှပဲ။
“ဟေ့... မွန်ဆယာ ညက စာတွေ ကြိုးစားကျက်ခဲ့တယ်နဲ့ တူတယ်”
ဆရာမအသံက နားထဲမှာ ဗုံးတစ်လုံး ပေါက်သလိုပင် ကျယ်လောင်မြည်ဟည်းသွား၏။ ဘာပဲဖြစ်ဖြစ် ခုချိန် မှာ ဆရာမနှုတ်ဖျားမှ မြန်မာသံစစ်စစ်ကို ကြားရပြီ။
“သူအိပ်ငိုက်တာကလည်း တစ်မျိုးပဲ၊ ချာချာလည်ပြီးတော့ကို ငိုက်နေတာ”
အနောက်ဘက်မှ ခပ်ကျယ်ကျယ် ရယ်သံတချို့ကို ကြားလိုက်ရသည်။ ထို့နောက် သူတို့အားလုံး မျှော်လင့်နေကြသော အတန်းပြီးဆုံးချိန်သို့ ရောက်တော့၏။ ကျောင်းဆင်းတော့ ထက်ဝေယံနိုင်က သူ့အနားသို့ ရောက်လာပြီး-
“ဟေ့ကောင် သည်ည မင်းတို့ တိုက်ခန်းမှာ ဝိုင်း ဖြစ်လား”
ကျွတ်... အရေးထဲ ဒီကောင်က တစ်မှောင့်။
“ဟိုနေ့က လှည်းတန်းက ကောင်တွေဆီမှာ ရှုံးထားလို့ အားလုံး ခွေးဖြစ်နေကြတာ ဘာဝိုင်းမှ မရှိဘူး”
ထို့နောက် သူသည် အငှားကား ငှားမည် လုပ်ပြီးမှ တစ်စုံတစ်ခုကို သတိရသွားကာ လှည်းတန်းမီးပွိုင့်အထိ လမ်းလျှောက်ပြီးမှ YBS ဖြင့် ပြန်ဖို့ပဲ ဆုံးဖြတ်လိုက်၏။ အိမ်က ပေးထားသည့် တစ်လစာ အငှားကားခလည်း မနေ့က လှည်းတန်းအဆောင် ဖဲဝိုင်းမှာ ပြောင်ခဲ့ပြီလေ။ တစ်လ မုန့်ဖိုး ကြိုတောင်းထားရ ကောင်းမလားဟု စဉ်းစားလိုက်တော့ အမေ့မျက်နှာကြီးကို ထိတ်လန့်တကြား မြင်ယောင်မိပြီး အစီအစဉ်ကို ပယ်ဖျက်လိုက်ရသည်။ အရင်လတုန်းကလည်း ခုလိုပဲ ကြိုတောင်းထားခဲ့သည် မဟုတ်လား။
“နေစမ်းပါဦး ကျေးဇူးရှင်၊ နင်က မုန့်ဖိုးကို ကြိုပြီး ထုတ်ထားရအောင် ဘာတွေ အကုန်အကျ များနေလို့လဲ။ အိမ်က အလုပ်သမားတွေကို လခကြိုပေးထားရတာကမှ အချိန်တန်ရင် သူတို့လုပ်အားခထဲက ပြန်ဖြတ်လို့ ရသေးတယ်။ နင်ကတော့ ငါ ဘာနဲ့ သွားနှိမ်ရမလဲ ပြော”
ထိုနေ့က ခဲရာခဲဆစ် ကြိုတင် မုန့်ဖိုးလေး ရခဲ့ပါသည်။
“နင့်အဖေ သိရင်တော့ အသ,တ်ခံရပြီသာမှတ်၊ သတိထားပြီးနေ၊ ငါလည်း မကယ်နိုင်ဘူး”
သူ့လက်ထဲသို့ ဆတ်ခနဲ ထည့်ပေးသွားသော ထိုပိုက်ဆံကို သူ့မှာ လက်ပူအောင်ပင် မထားလိုက်ရ။ လှည်းတန်းက သူငယ်ချင်းတွေ အဆောင်၌ ဝိုင်းကောင်းသည်ဆို၍ သွားပြီး ကံစမ်းကြည့်လိုက်တာ ကျောက်ခဲကို ရေထဲ ပစ်ချလိုက်တာကမှ “ပလုံ” ဆိုသည့်အသံကို ကြားလိုက်ရဦးမည်။ လှည်းတန်းမှတ်တိုင်သို့ ရောက်တော့ ဘတ်စ်ကားက တော်တော်နှင့် ရောက်မလာသေးသည်ကို စောင့်ရသေး၏။
ထိုစဉ် သူ့မျက်လုံးထဲ သို့ အနီရောင် အရာဝတ္ထုလေး တစ်ခု တိုးဝင်လာ၏။ ကြွပ်ကြွပ်အိတ်အနီရောင်လေးအား ခေါက်တွန့်ချည်ထားပြီးမှ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့ဟန် ရှိသော ရှည်မျောမျော အထုပ်ကလေးသည် ပလက်ဖောင်း၏ အောက်ခြေမှ တစ်ထွာသာသာ အကွာအဝေး၌ လဲလျောင်းနေ၏။ လူတချို့က သတိမမူမိဟန်ဖြင့် ကျော်သွားသူများရှိသလို တက်နင်းသွားသူများလည်း ရှိ၏။ သူသည် ထိုအနီရောင် အိတ်အထုပ်လေးကို သိလိုစိတ်ဖြင့် ကောက်ယူကြည့်လိုက်၏။ မတော်တဆ ပိုက်ဆံဖြစ်နေလျှင် ဘယ့်နှယ်လုပ်မလဲ။ သူ ထင်သည့်အတိုင်းပါပဲ။ သူ့လက်တွေက ထို ကြွပ်ကြွပ်အိတ်ဆီသို့ မရောက်သေးမီ လက်တစ်ကမ်းအလို မှာပင် ပိုက်ဆံတွေမှန်း သိလိုက်ပြီ။ သူ ကပျာကသီ ပိုက်ဆံတွေကို ရေကြည့်လိုက်တော့ ငါးထောင်တန် ဆယ်ရွက်၊ တစ်ထောင်တန် သုံးရွက်၊ နှစ်ရာတန် နှစ်ရွက်နှင့် ငါးဆယ်တန် နှစ်ရွက် စုစုပေါင်း ငါးသောင်းသုံးထောင့်ငါးရာ။ သူ ပျော်လွန်း၍ ခြေတွေ လက်တွေရော တုန်ယင်နေ၏။ သူ့ကို သည်နေ့ သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေ မ,စလိုက်တာပဲ။ ထို့နောက် ပိုက်ဆံတွေကို သေသေချာချာလေး ပြန်ခေါက်ကာ ကျောပိုးအိတ်၏ ကျောကပ် အိတ်လေးထဲသို့ ဇစ်ဆွဲ ဖွင့်ပြီး ထည့်လိုက်ကာ အသင့် ထိုးဆိုက်လာသော YBS ပေါ်သို့ ပေါ့ပါးသွက်လက်စွာဖြင့် လှမ်းတက်လိုက်ပါတော့သည်။ ဘတ်စ်ကားပေါ်တွင် ထိုင်စရာ ခုံတွေ တွေ့ပါလျက် ရုတ်တရက်ဖြစ်ပေါ်လာသည့် အပျော်စိတ်ကြောင့် ဝင်မထိုင် ဖြစ်ဘဲ နောက်မှ တက်လာသူတွေကို လောကွတ်လုပ်လိုက်၏။
သူ့မျက်နှာသည် လပြည့်ဝန်းကြီးပမာ အစွမ်းကုန် ပြုံးရယ်လျက်ရှိနေသည်။ ပိုက်ဆံကောက်ရသည့် အချိန်မှစပြီး သူ့အတွက် လောကကြီးသည် နေရထိုင်ရတာ အဆင်ပြေပြီး သဟဇာတ ဖြစ်လျက်ရှိ၏။ စံပြမှတ်တိုင် ကို မြန်မြန်ရောက်ချင်လှပြီ။ YBS က သည်နေ့မှ ပိုပြီး နှေးနေသလားလို့။ စိန်ဂျွန်း မှတ်တိုင်ကို ရောက်တော့ မကြာခင် စံပြမှတ်တိုင်ကို ရောက်တော့မည်။ စံပြမှတ် တိုင်ရောက်တော့ သူသည် ကားပေါ်မှ ဆင်းလိုက်ပြီး ကျောပိုးအိတ်ထဲမှ ပိုက်ဆံလိပ်လေးအား ပြန်ပြီး ထုတ်ယူလိုက်တော့...။ လောကကြီးနှင့် သူသည် ခေတ္တခဏတော့ အဆက်အသွယ်ပြတ်သွားသလို ဖြစ်သွား၏။ သူ့ကျောပိုးအိတ် နောက်ကပ်အိတ်လေးသည် တစ်စုံတစ်ဦး၏ လက်ချက်ဖြင့် ပေါက်ပြဲလျက်ရှိပြီ။ အတိအကျပြောရလျှင်တော့ အိတ်၏ အောက်ခြေအား ဓားဖြင့် ခွဲသွားသည့် ပုံစံပါပဲ။ သူသည် မျှော်လင့်ချက်ရေးရေးလေးဖြင့် အိတ်ထဲသို့ လက်နှိုက်လိုက်တော့ သူ့ လက်ငါးချောင်းသည် အောက်ခြေအပေါက်မှ ပြန်ထွက်သွား၏။
နှမြောလိုက်တာ။ ခုလေးတင် ကံထူးစွာဖြင့် ကောက်ရထားသည့် ပိုက်ဆံတွေ။ နှမြောလွန်း၍ ခေါင်းမီးတောက်ကာ ရင်တွေ တဒိုင်းဒိုင်းတုန်၏။ ဒူးတွေ ညွတ်ခွေကျမတတ် ဖြစ်ကာ အောက်ခံမြေကြီးနှင့် ခြေထောက်တွေ မထိသလိုမျိုးဖြစ်နေ၏။
“တရားနဲ့သာ ဖြေပါ ငါ့ညီမရယ်၊ ဘယ်တတ်နိုင်ပါ့မလဲ”
ကျွတ်... အရေးထဲ သူတို့ကတစ်မှောင့်၊ စိတ်ညစ်လို့ ကမ်းနားထိုင်နေခါမှ သပွတ်အူ မျောလာသည်ထက် ပိုဆိုးနေ၏။ ကားမှတ်တိုင် အမိုးအောက်၌ အသက်လေးဆယ်ကျော်ခန့် အမျိုးသမီးနှစ်ယောက်အနက် တစ်ယောက်မှာ ငိုနေ၍ ကျန်တစ်ယောက်က နှစ်သိမ့်နေခြင်း ဖြစ်၏။ သူ စိတ်ပျက်စွာ လှည့်ထွက်မည်အလုပ်...။
“ကျွန်မ သေသေချာချာကို ကြွပ်ကြွပ်အိတ်လေးနဲ့ ထည့်လိုက်တာပါ အစ်မရယ်၊ အဲသည်ပိုက်ဆံ ခုနစ်သောင်းမှာ အိမ်က ကလေးတွေအဖေ အတွက် ဆေးရယ်၊ ဓာတ်စာရယ်၊ ကလေးတွေအတွက် မုန့်ပဲသရေစာ ဝယ်လို့ ပိုတာ ငါးသောင်းခွဲတိတိ၊ ထောင့်ငါးရာကို လမ်းစရိတ် ဖယ်ထားပြီး ကျန်တဲ့ ငါးသောင်း သုံးထောင့်ငါးရာကို ကြွပ်ကြွပ်အိတ်ထဲထည့်ပြီး သေသေချာချာ ထုပ်ထားခဲ့တာ။ ခုတော့...။ အိမ်ကို ဘယ်လို ပြန်ရမှန်းတောင် မသိတော့ဘူး။ ဟိုဘက်ကမ်းကူးတဲ့ လှေပေါ်ကနေ တစ်ခါတည်းသာ ခုန်ချလိုက်ချင်တော့တာပဲ”
“အို.... မကြံကောင်းမစည်ရာ ညီမရယ်”
ရုတ်တရက် ကြားလိုက်ရသော စကားကြောင့် သူ မြဲမြံစွာ ရပ်တည်နေသော ခြေအစုံတို့သည် ညွှတ်ခွေယိုင်ကျသွားမတတ် ဖြစ်သွား၏။ ဒါ... ဒါဟာ တမင်တကာ လုပ်ကြံဖန်တီးပြီး ပြောဆိုနေတာများလား။ ခု ခေတ်က အလိမ်အညာတွေ များပါဘိနဲ့။
“ကလေးတွေအဖေက နေမကောင်းလို့ အလုပ်မဆင်းနိုင်။ ကလေးတွေရဲ့ ကျူရှင် လခနဲ့ အိမ်စရိတ်အတွက် အရေးတကြီး ငွေလိုနေလို့ အမေ့နားကပ်လေး ပေါင်ပြီး သုံးပေါ့လို့ မနက်ကတင် အမေ ... ချွတ်ပေးခဲ့တာပါ အစ်မရယ်”
ဘဝသရုပ်ဖော် မြန်မာဝတ္ထုတွေထဲက အဖြစ်အပျက် တစ်ခုဟာ ယခု သူ့ရှေ့တွင် သက်ဝင်လှုပ်ရှားနေပြီ။ နေလောင်ဒဏ်ခံထားရသော ပါးပြင်ပေါ်သို့ ဒလဟော သွန်ကျလာသည့် မျက်ရည်တို့ကို သူ မသိမသာ စောင်းငဲ့ကြည့်မိနေ၏။ ထိုအမျိုးသမီး၏ သောကအပူမီးသည် သူ့ထံသို့ ကူးစက်လောင်ကျွမ်းလာ၏။ ထိုပိုက်ဆံကို ကောက်ရထားပြီးခါမှ ပြန်ပျောက်သွား၍ အလွန်တရာမှ နှမြောတသ ဖြစ်နေသေးတာ။ ယခု ကာယကံရှင်အမျိုးသမီးဆိုလျှင် မည်မျှ ဝမ်းနည်းပြီး နှမြောလိုက်လေမလဲ။
နေစမ်းပါဦး၊ ဘာမှ သေသေချာချာ မသိသေးဘဲ ကြိုတင်ပြီး စိတ်သောက မရောက်လိုက်လေနဲ့။ ဒါဟာ သူတစ်ပါးဆီက အကူအညီရလို့ရငြား လုပ်ကြံဇာတ်ခင်း နေတာရော မဖြစ်နိုင်ဘူးလား။ ခုခေတ်ကြီးမှာ သည် လို ဇာတ်လမ်းတွေက ရိုးနေပြီလေ။ သို့သော် ထိုအမျိုးသမီး၏ ဗလာမျက်လုံးတွေ အောက်၌ တသွင်သွင်စီးကျနေသော သောကအပူမျက်ရည်တို့က ဖြစ်ရပ်မှန်ကို ဖော်ပြနေကြ၏။ ပြီးတော့ လုပ်ကြံဇာတ်ခင်းပြီး နံဘေးကလူတွေ မကြားကြားအောင် ပြောနေစေဦး တော့ “ငါးသောင်းသုံးထောင့် ငါးရာ” ဟူသော ပိုက်ဆံအရေအတွက်က အဘယ်သို့ တိုက်ဆိုင်နေမည်နည်း။ ယခု သူ့ လက်ထဲတွင် မပျောက်မပျက်ဘဲ ကျန်ရှိနေပါက သူသည် ထိုကာယကံရှင် အမျိုးသမီးအား အကုန်ပြန်ပေးလိုက်မည် ဖြစ်ကြောင်း ဘုရားအဆူဆူ ရှေ့တွင် ကျိန်တွယ်ပြီး ပြောရဲပါ၏။ ယခုတော့ မိမိ၏ ပေါ့လျော့မှုကြောင့် ကူညီဖို့ အခွင့်အရေး ရလျက်သားနှင့် လွဲချော်ခဲ့ရပြီ။
သူသည် ထိုဝမ်းနည်းကြေကွဲဖွယ် မြင်ကွင်းအား မကြည့်ချင်တော့၍ မျက်နှာကို တစ်ဖက်သို့ လွှဲပစ်လိုက်ကာ လေးကန်သော ခြေလှမ်းတို့ဖြင့် စတင်ထွက်ခွာလာခဲ့၏။ လောကတွင် ပိုက်ဆံ ငါးသောင်းခွဲခန့်ဖြင့် ဘဝပျက်မတတ် ခံစားနေရသူတွေ ရှိကြောင်း သူငယ်ချင်းတွေကို ပြောပြရမည်။ စံပြရုပ်ရှင်ရုံမှ တစ်ဖက်ကားလမ်းသို့ ကူးသည်အထိ အမျိုးသမီး၏ ခံစားချက်မဲ့နေသော ဗလာမျက်လုံးများသည် သူ့အား လွှမ်းမိုးနေ၏။
လူတွေဟာ လောကဓံတရားနှင့် ပတ်သက်၍ ခံစားရဖန် များလာသည့်အခါ နှလုံးသားတွေလည်း ထုံထိုင်းသွားကာ ဗလာနတ္ထိ ဟု ခေါ်သော ခံစားချက်တွေ မဲ့သွားတတ်လေသလား။ မိမိ အိမ်ပြန်အလာကို မျှော်လင့်ချက်များစွာဖြင့် အိမ်ရှေ့ထွက်မျှော်နေမည့် သားသမီးတွေကို သူ မည်ကဲ့သို့ ရင်ဆိုင်ရမည်နည်း။ ရုပ်ရှင်တွေထဲကအတိုင်း သား သမီးတွေကို ဆွဲယူ ကျုံးပွေ့ လိုက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးလိုက်လေမလား။ ထို အတွေးဖြင့် သူသည် မိမိကိုယ် မိမိ ခွင့်မလွှတ်နိုင်အောင် ဖြစ်သွားသည်။
ထို့နောက် သူ့မျက်လုံးတွေ ချက်ချင်း ဝေဝါးလာကာ ပါးပြင်ပေါ်သို့ ပူနွေးသောအရာများ စီးဆင်းလာ၏။ အလို သူ့ ပါးပြင်ပေါ်မှာလည်း မျက်ရည်တွေနှင့်ပါလား။
▢ မိုးဟန်ဂျွန်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၂၀၂၀
No comments:
Post a Comment