Saturday, November 7, 2026

အိပ်၍ မပျော့်တပျော်

❝ အိပ်၍ မပျော့်တပျော် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

ဆွေးဆွေးမြည့်မြည့်နိုင်လှသော ဗုံရှည်သံသဲ့သဲ့ကို ကြားရပြီ။ မောင်ကိုကြီးသည် ပုရပိုက်တန်းရွာဘက် လည်ပင်းရှည်ကြည့်၏။

တာလမ်းအတိုင်း တောင်မှ မြောက်သို့ တရွေ့ရွေ့ လာနေသော ဖုန်လုံးကြီး။ သည်ဖုန်လုံး၏ ရှေ့ဆုံး တွင် ဖန်ဝါနီမြန်း မြတ်သင်္ကန်းနှင့် ရဟန်းတော်များ။ သည့်နောက်၌ တငြိမ့်ငြိမ့် ရွေ့နေသော ယာယီခုံ။ ထို့နောက် ဗုံရှည်ဝိုင်း။ နောက်ဆုံးတွင် ကိုဘညိန်း၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်သူများ။

ပုတီးပင်ဘုရားမှ ငွေဆည်းလည်းသံသည် တွင်း တူးသူများအား တရားဟောနေဘိသို့ ရှိသည်။ အထူး သဖြင့် မောင်ကိုကြီးအား တရားပြနေလေသလော ထင်ရသည်။ သို့သော် မောင်ကိုကြီး တရားသဘော မဆင်ခြင်နိုင်ပါ။ သံဃာတော်များ၏ နောက်ပါးမှကပ်ပါလာသော ယာယီခုံကို စိုးရိမ်တကြီး ကြည့်နေမိ၏။

ဖြောင့်ဖြောင့်တန်းတန်းမှ လာပါ၏လော။ တုံ့ဆိုင်း ခုန်ပေါက်နေသလော။ မောင်ကိုကြီးသည် ဂေါ် ပြားကို မြေမွပေါ်သို့ ထိုးစိုက်လိုက်သည်။

“ရင်ဆို့လောက် နက်ရင် တော်ပြီဟေ့”

လှည့်မကြည့်ဘဲ ပြောသည်။ သူ့အကြည့်က အသုဘယာယီခုံတွင်သာ ရှိသည်။ ယာယီခုံသည် တည့်တည့် မသွား။ ဘေးသို့ ထိုးသွားသည်။ ခုန်ဆွ ခုန်ဆွ ဖြစ်နေသည်။

ယာယီခုံကို ‘ထမ်းပေါင်’ ကပ်ပေါ်တွင် တည်ဆောက်ထားသည်။ အသုဘခေါင်းကို ထိုထမ်းပေါင်ပေါ်တွင် တင်ထားသည်။ လက်မအရွယ် လေးလွန်းတင် အုန်းဆံကြိုးဖြင့်လည်း တုပ်ထားသေးသည်။ တုပ်ထားငြား မသေချာလျှင် ခက်၏။

“ထမ်းပေါင်ပေါ်က ခေါင်းကြီး လွင့်ကျလာမှဖြင့်၊ လွင့်ကျရုံမက ရုပ်ပျက်ဆင်းပျက် အဖုံးကြီး ပွင့်သွားမှဖြင့်...”

စိုးရိမ်စိတ်သည် မောင်ကိုကြီး၏ ငယ်ထိပ်သို့ ကပ်နေ၏။

သို့ကြောင့် အသုဘချလာရာသို့ ဒလဟောထိုး ပြေးလာသည်။

“လွမ်းပုံကို.. မဖန်တီးနိုင်ဘူး၊ မြိုင်ကြီးရယ်တဲ့... သေလာငူ၊ ဖော်ကွာသူ ဆွေးစေဖို့၊ ငှက်ကျေးသာရကာ ဘာသာနှော”

စည်းဝါးက အနှေး၊ တေးသံက မှိုင်။ မည်သို့မျှ မြူးထူးရွှင်ပျစရာ မရှိ။ သို့ပါလျက်နှင့် အသုဘ အထမ်းသမားများသည် ထန်းရည် အာရုံ၊ အရက် အသိဖြင့် ခုန်ဆွခုန်ဆွ လုပ်၏။ ဘယ်ယိမ်း ညာယိုင် လုပ်၏။ ညာဘက်က ဆွဲလိုက်သောအခါ ဘယ်ဘက်က ကန်ထားလျှင် ကောင်း၏။ ယခု ဤသို့မဟုတ်။ ညာဘက်သို့ ယာယီခုံကြီး ဝေါခနဲ ပါလာလေသည်။ ဤသို့ပါလာစဉ် ညာဘက်က လူတွေ ခွေကျခဲ့သော် ကျော်မကောင်း ကြားမကောင်း၊ မြင်မကောင်း ရှုမကောင်း ဖြစ်ရော့မည်။ ဘယ်ဘက်ရှိ အမူးသမားများက သူတို့ဘက်သို့ ဆွဲ၍ တစ်ပြုံကြီး တစ်အုံကြီးပါလာကာ လဲပြိုကုန်လျှင်လည်း အရုပ်ဆိုးမည်သာ။ ဤသည်ကို မောင်ကိုကြီး အလျင် တွေးပူသူများ ရှိသည်။

“ဟေ့ကောင်တွေ မူးရင် အေးအေးမူး၊ သူများရဲ့ ပူဆွေးသောကကို လာပြီး မလုပ်နဲ့”

ကြိုတင်ငေါက်ငမ်းသူက ငေါက်ငမ်းသည်။ မထမ်း သော်ငြားဘေးက ရံသူရံထားသည်။ မောင်ကိုကြီး သည် ခရီးတစ်ဝက်တွင် အသုဘနှင့် တွေ့၏။ အထမ်းသမား ထက်ဝက်ကျော်မှာ ဒေါင်ချာစိုင်းနေ၏။ အသုဘယာယီခုံသည် တန်းတန်းမတ်မတ် မသွားရသောကြောင့် ခရီးဖင့်နေပြီ။

“ခင်ဗျားတို့ ဒါလောက် ပျော်ချင်ရင် ဗုံရှည်ဝိုင်း ရှေ့မှာ သွားကပါလား။ ကျုပ်ဘထွေးရဲ့ မသာကိုတော့ မလုပ်ကြပါနဲ့ဗျာ”

မူးနေသူကို ဤသို့ ပြောခါမျှဖြင့် အဘယ်မှာရပါမည်နည်း။ သို့ဖြစ်သောကြောင့် ခုန်ဆွခုန်ဆွလုပ် သူတွေ၊ သိုင်းကွက်နင်းသူတွေကို မောင်ကိုကြီး ဆွဲထုတ်ပစ်သည်။ ငမူးများက နပ်သည်။ မောင်ကိုကြီးအား ကလန်ကဆန် လုပ်ပါက အသားနာမည်ဟု သိသည်။ သိသောကြောင့် အသာကလေး ထွက်သွားသည်။

သို့သော် ရှေ့က ဆွဲထုတ်လျှင် ဘေးသို့၊ နောက်သို့ သွားထမ်းသည်။ ဘယ်က ဆွဲထုတ်လျှင် ညာဘက်မှာ သွားထမ်းသည်။ ငမူးများကို မောင်ကိုကြီး မဖြို နိုင်ငြား အသုဘသည် ဖားပြုပ်ပင်သုသာန်သို့ လျင်မြန်စွာ ရောက်လာသည်။

“နောက်လာဦးမလား”

“မလာတော့ပါဘူး၊ သည်တစ်ခါတည်းပါ”

မောင်ကိုကြီးတွင် အသုဘအတွေ့ အကြုံရှိကား ရှိ၏။ သို့သော် အထမ်းသမားမဟုတ်၊ အပို့သမား ဖြစ်သည်။ ယခု ခေါင်းမြှုပ်မည့် တွင်းဘေးရှိ လူများက အော်မေးပုံ၊ ထမ်းလာသူများက ပြန်ဖြေပုံကို ထူးဆန်းနေသည်။ ပို၍ ထူးဆန်းသည်မှာ တွင်းဘေးရှိ လူများက ခဲဖြင့် ဆီးကြိုပစ်ခတ်ခြင်းဖြစ်ပေသည်။ ခဲဖြင့် ပစ်ပေါက်ရာတွင်လည်း ‘စတိ’ သဘောမဟုတ်၊ လူအုပ်ထဲသို့ သဲကြီးမဲကြီး ပစ်သွင်းခြင်းဖြစ်သည်။

“မလာခဲ့နဲ့”

“နောက်ကို မလာပါဘူး၊ သည်တစ်ခါတည်းပါ”

“နောက်လာဦးမလား”

“မလာတော့ပါဘူး”

မေးလိုက် ပစ်လိုက်ဖြင့် ပစ်ခတ်နေရာ သံရောင် ထနေသော တူးရွင်းစာ အခဲတစ်ခဲသည် မောင်ကိုကြီး၏ နဖူးကို ထိတော့သည်။

“ဟေ့လူတွေ သည်မှာ မျက်လုံးမျက်ဆန် မှန်ရင် ကန်းကုန်လိမ့်မယ်”

မောင်ကိုကြီးသည် အော်လည်းအော်၏။ ခဲပစ်သူ များထံသို့လည်း ပြေးသွားကာ တွန်းထိုးပစ်၏။

ခဲပစ် ရပ်တော့မှသာ ယာယီခုံကြီးမှာ မြေညီတွင် ကျကျနန ရပ်နိုင်တော့သည်။ တရားနာ၊ အမျှဝေပြီးနောက် အသုဘရှုလာသူ အများစုက ကိုဘညိန်း၏ အခေါင်းပေါ်သို့ မြေကြီး တစ်ဆုပ်စီ ပစ်ဖို့ပေးခဲ့ကြသည်။

ဒွေးလေးလှမေနှင့် သားသမီး၊ မြေးများ ငိုယိုလျက် ပြန်လာကြသည်။ သစ်ခက်တစ်ခက်ကိုလည်း ချိုးလာကာ လှေကားဘေးထရံတွင် ထိုးစိုက်ထားကြသည်။ မောင်ကိုကြီးကမူ မည်သည့်အရာကိုမျှ သယ်ဆောင်လာခြင်း မရှိဘဲနှင့် ပါလာသည်။ ထိုအရာကား နဖူးပေါ်ရှိ ကွမ်းသီးလုံးအရွယ် အဖုကြီးပေတည်း။ သည်အဖုကြီးကို နဖူးပေါ်တွင် တင်ထားရသည့်အတွက် မောင်ကိုကြီး မကြည်ရွှင်။ ရက်လည်ဆွမ်းသွတ်သည့်နေ့အထိ သူ့မျက်နှာမှာ ရွာတော့မည့် မိုး အသွင်မှ မပြယ်။

‘ဆွမ်းစဉ်’ သို့ တရားချီးမြှင့်ရန် ကြွရောက်တော် မူလာသော သရက်ချင်ရွာကျောင်းဆရာတော်မှာ မောင်ကိုကြီး၏ ဆရာဖြစ်သည်။ ဆရာဖြစ်သော ကြောင့်လည်း မျက်နှာ မကြည်မသာ ဖြစ်နေသည်ကို မသိဟန်ဖြင့် မေးတော်မူ၏။

“ဒကာ မောင်ကိုကြီး၊ နေကောင်းလား”

“တင်ပါ့ဘုရား”

“ဘထွေးကို ပြုစုလိုက်ရတာ တော်တော်ပင်ပန်းမှာပဲ”

“မှန်ပါဘုရား၊ လူပင်ပန်းတာက တော်တော်ရယ် ဘုရာ့၊ စိတ်ကတော့ အတော့်ကို ဆင်းရဲသားဘုရား”

မောင်ကိုကြီးမှာ ပြောစရာစကားစကို ရှာနေသူ ဖြစ်ရာ အလောတော်ကျသွားတော့သည်။

“သက်ရှိသတ္တဝါတိုင်း သေမျိုးတွေမို့ သေကြတယ်။ သေပြီးတဲ့နောက် ရပ်ထဲရွာထဲမှာ ထားရင် မဖြစ်လို့ သုသာန်ပို့ပြီး မြေမြှုပ်ရတာကို နောက် လာဦး မလားဆိုပြီး ခဲနဲ့ဆီးပေါက်တယ်ဘုရား။ ကြည့်ပါဦး ဘုရား၊ တပည့်တော်မှာ ကံကောင်းလို့ မျက်လုံးနဲ့ သီသီကလေးရယ်”

မောင်ကိုကြီးက သူ့နဖူးပေါ်ရှိ အမာရွတ်ကို ပြသည်။ ရယ်မောသူက ရယ်မော၊ ပြုံးသူက ပြုံး။

“အဲသည်လို ခဲနဲ့ ဆီးပေါက်လို့ နောက်မလာတော့ပါဘူး၊ သည်တစ်ခါတည်းပါလို့ ပြောတော့ကော မသေကြတော့ဘူးလားဘုရား”

“သားရေ.. အယူသီးတာတွေ လျှောက်ပြောရင် ဆုံးတော့မှာ မဟုတ်ဘူး”

ဝင်ပြောသူက ရီးဆေးရိုး ဖြစ်သည်။

“သေပါပြီ ဆိုမှတော့ ထင်းတုံး၊ သစ်တုံး ဖြစ်သွားပြီပဲ။ အဲသည် အလောင်းကြီးစားဖို့ ‘စားမြိန်စာထုပ်’ တဲ့။ ခေါင်းပေါ်မှာ တင်ပေးလိုက်ရတဲ့ ထမင်းထုပ်ဟာ တစ်လမယ်ချက်အောက် မလျော့ဘူး။ ငါတို့ အမယ်ကြီး၊ အဘိုးကြီးအို တစ်နပ်စာ ရှိတယ်ကွ။ ဘယ် လောက် နှမြောစရာ ကောင်းသတုံး”

“မြေးအဘိုးကတော့ လိုက်ပါ့ကွာ” ဟု ရီးသာဒွန်းသည် ထောင့်တစ်ထောင့်မှ မြည်တမ်းအပြီး၌ လှမ်း ပြော၏။

“ဆေးရိုးရ.. မီးလောင်ရာ လေမပင့်ပါနဲ့ကွာ”

“မဟုတ်မဟတ်တွေကို ထုံးစံဆိုပြီး လုပ်နေကြတာ အများကြီးရှိတယ်လို့ လူကလေးကို နားချမလို့ပါကွာ။ မင်း စဉ်းစားကြည့်လေ၊ မကြာမီရက်ပိုင်း အတွင်းမှာ အရိုးကျပြီး ပျောက်ပျက်သွားမယ့်အလောင်းကောင်ကြီးသုံးစွဲဖို့ ‘ကူးတို့ခ’ တဲ့၊ ငါးကျပ်တန်ကို အသုဘရဲ့ လက်ထဲ ထည့်ပေးလိုက်ရတာ ဘယ်လောက် နှမြောဖို့ ကောင်းသလဲ”

“ဟုတ်တယ်နော် ဘ”

သူ့အဘိုးက သူ့စိတ်နှင့် တစ်ထပ်တည်းကျနေ သောကြောင့် မောင်ကိုကြီးမှာ ရွှင်လန်းစွာပြောနိုင်ချေပြီ။

“အိမ်မှာ လှေကားရှိသားပဲ၊ အလောင်းကို လှေကားအတိုင်း ချပါတော့လား။ အခုတော့ လူတွေ မပင်ပန်း ပင်ပန်းအောင် ပြတင်းပေါက်က ထုတ်ရသတဲ့။ အမယ်… ဒါနဲ့ မပြီးသေးဘူး၊ ရေအိုးက ခွဲရသေး။ ရေအိုးတစ်လုံးကို မပေးရဘူး ဆိုတာတောင် ဆယ့်လေးငါးကျပ်ကွ”

“မင်းတို့ မြေးအဘိုးကတော့ကွာ” ရီးသာဒွန်း ကြားဝင် မြည်တွန်တောက်တီးရာက “သူများကို သွားမပြောနဲ့၊ ကျီးဒန်ကို သွားပြော” ဟု ခနဲ့သည်။

ဆရာတော်သည် ခေါင်းတညိတ်ညိတ်ဖြင့် ပြုံးတော်မူရာက ကွမ်းတစ်ယာယာပြီး ဝါးတော်မူ၍ “ဘုန်းကြီးလည်း ကြွဦးမှ” ဆိုကာ ထတော်မူသည်။

စကားဝိုင်းမှာ ခဏမျှသာ တိတ်သွားသည်။ ကျောင်းသား အလုံအလောက် ပါသဖြင့် မောင်ကိုကြီး လည်း လက်အုပ်ချီရုံသာ ချီမိ၏။ ထို့နောက် ချက်ချင်းပင် ရီးသာဒွန်းဘက်သို့ ခေါင်းလှည့်၏။

“ဘကြီးသာဒွန်းက အမေကြီးကို အယူသီးတယ် မှတ်နေလား။ ရွာချတာတို့၊ ခေါ်ပုံတောင်းပစ်တာတို့ကို အမေကြီးက မကြိုက်ဘူးဗျ”

ရီးသာဒွန်း တုံ့ဆိုင်းသွားပြီးမှ “အင်း.. အဲဒါတွေ ကတော့ စုန်းတစ္ဆေ ကိစ္စပေကိုးကွ။ ထုံးစံကတော့ အထူးသဖြင့် အသုဘမှာ လုပ်လေ့လုပ်ထရှိတဲ့ ထုံးစံက ဆိုးတယ်ကွ။ ကိုယ့်ဘာသာကိုယ် အလျင်စလို သွားလို့ ခလုတ်တိုက်တာကို ကူးတို့ခ မထည့်လိုက်လို့ သေသူက မကျွတ်မလွတ်ဘဲ နှောင့်ယှက်သလိုလို၊ အစားမဆင်ခြင်လို့ ဝမ်းလျှောတာကိုပဲ ရေလုံအိုး မခွဲလို့ ခိုက်သလိုလို၊ ထင်ကြမှာစိုးလို့ လုပ်ကြရတာ” ဟု ရှင်းပြသည်။

“ဘကြီး သတင်းစာ ဖတ်ရင် သတိထားမိပါဗျာ၊ ပုံတူ ဆိတ်တဲ့၊ ပုံတူ သိုးတဲ့၊ သိပ္ပံပညာ ဒါလောက် တိုးတက်နေတဲ့ အချိန်၊ ကမ္ဘာ့ ဟိုဘက်ဖျားက သတင်းကို သည်ဘက်ဖျားက မိနစ်ပိုင်းအတွင်း သိနေရချိန်ကြီးမှာဗျာ၊ အဓိပ္ပာယ်မရှိ”

ဆွမ်းစဉ်တရားနာလာသော ပရိသတ်လည်း တဖွဲဖွဲ ထပြန်ကြပြီ။ မောင်ကိုကြီး၏ တူများ၊ တူသမက် များသည် ဘုံပိုင်သင်ဖြူးများ၊ ဖျာများကို သိမ်းဆည်းကြပြီ။ ရီးဆေးရိုးနှင့် ရီးသာဒွန်း၊ မောင်ကိုကြီးတို့ ထိုင်နေသော ဖျာနှစ်ချပ်သာ ကွက်ပြီး ကျန်တော့သည်။

“သားရေ အဓိပ္ပာယ် မရှိတာကတော့ အများကြီးပဲဟ။ ‘ဒေါ်စလိုက် မော်စလိုက်’ ဆိုတာလို အများ လုပ်တာကို လိုက်လုပ်ရတာပဲ”

ရီးဆေးရိုး ဖျန်ဖြေသော်ငြား မောင်ကိုကြီး မပြေ။

“မဟုတ်လွန်းလို့ပါ ဘရာ.. သင်္ချိုင်းက ဆီးပြီး ခဲနဲ့ပေါက်တာနဲ့ပဲ ရွာတွေမှာ လူတွေ မသေတော့ဘူးလား။ အသုဘထမ်းလာတဲ့ လူတွေက နောက်မလာပါဘူး၊ သည်တစ်ခါတည်းပါလို့ ပြောရုံနဲ့ လူတွေ အသေအပျောက် ကင်းသွားရောလား။ သက်သက် ဒဏ်ရာအနာတရ ဖြစ်အောင်”

ရီးဆေးရိုးသည် တွေတွေကြီး စဉ်းစားရင်းက ရီးသာဒွန်းအား လှမ်းကြည့်သည်။

“ဟေ့ သာဒွန်း၊ အသုဘကို ခဲနဲ့ဆီးပစ်တဲ့ သည်ထုံးစံဟာ တို့ရွာမှာ အရင်တုန်းက မရှိပါဘူး”

“အေး ဟုတ်တယ်၊ ဘယ်အရပ်ကဟာကို ဘယ်သူတွေက စပြီး အတုခိုးလာသလဲ မသိပါဘူးကွာ”

“ကဲ လူလေးရာ၊ စိတ်လျှော့ဟ စိတ်လျှော့။ အရပ် ပေါင်းစုံက လူပေါင်းစုံတွေနဲ့ ဆိုတော့ ဟုတ်တာရော မဟုတ်တာရောပေါ့ကွာ”

သူတို့သည် သိမ်းဆည်းမည့် ဖျာပေါ်တွင် ထိုင်နေမိပါကလားဟု ယခုမှ သတိထားမိကာ ထရပ်ကြသည်။ မောင်ကိုကြီးလည်း ထရပ်ရင်း ရွာခရိုးကို ကျော်၍ ကြည့်မိသည်။

မောင်ကိုကြီး ပေါက်စန အရွယ်တွင် လယ်ထွန်စက် တစ်စီးတလေ၊ ကားတစ်စီးနှစ်စီးသာ အသွားအလာရှိခဲ့သော တာလမ်းမကြီးဝယ် မှန်လုံခရီးသည် တင်ကားတွေ၊ ကားငယ်ကလေးတွေ၊ ထရော်လာဂျီတွေ ဖုန်တန်းချင်းဆက်အောင် ပြေးဆွဲနေကြသည်။ ကောက်ပင်စိမ်းစိမ်း၊ နှံစားပြောင်းဝါဝါတို့ ဖုံးလွှမ်းနေကျ လယ်မြေများတွင် စက်မှုလယ်ယာက တစ်ပိုင်း၊ သစ္စာမြိုင်ရပ်ကွက်ဟူသည့် ရမ်းဘိုကုန်းထက် လေးဆမျှ ကြီးသော ရပ်ကွက်ကြီးက တစ်ပိုင်း ရောက်ရှိ ဖြစ်တည်နေချေပြီ။

ကိုဘညိန်း၏ အိမ်ကြီးသည် တိတ်ဆိတ်စွာ ကျန်ခဲ့၏။

ရီးဆေးရိုးတို့ မြေးအဘိုးသည် ရွာလယ်လမ်း အတိုင်း တိတ်ဆိတ်စွာ လျှောက်လာကြသည်။ ဓာတ်ပေါင်းစုဘုရားဘက်မှ လေပြည်တစ်ချက် သုတ်၏။ မောင်ကိုကြီး၏ ရင်ထဲ၌ တစ်ဆို့နောက်ကျိနေမှုများ ပြေစင်မည်သို့ရှိစဉ် သစ်ရွက်ခြောက်များ လွင့်လူးလိမ့်မျောသံကို ကျောဘက်မှ ကြားရသဖြင့် လှည့်ကြည့်၏။

ဆန်ကောဝိုင်းအရွယ် လေပွေတစ်ခု။

မောင်ကိုကြီးသည် ဘကို လမ်းဘေးသို့ ဆွဲခေါ်ကာ လေပွေကို ကျောပေးထားလိုက်မိလေ၏။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment