❝ ကိုရှဲလ် ❞
SHELL ခေတ်ပေါ် တေးဂီတအဖွဲ့ ဧည့်ခံဖျော်ဖြေနေတဲ့ အချိန်။
အဆိုတော် အမျိုးသမီးလေးက မြူးမြူးကြွကြွ၊ စတိတ်ခုံပေါ်မှာ ကိုယ်ကို လှုပ်ကာနွဲ့ကာ ခပ်သွက်သွက် လှုပ်ရှားရင်း သီချင်းဆိုနေတယ်။ ဂီတာသမား သုံးယောက်ကလည်း သံစုံတီးခတ်လို့။ ဒရမ်သမားကလည်း မနားတမ်း လက်စွမ်းပြတယ်။
အဆိုရော အတီးပါ ကြိုးစားပမ်းစား လှုပ်ရှားသီဆို တီးခတ်နေကြတာမို့ တေးဂီတသံက မြိုင်တယ်။ ကြည့်လို့လည်း ကောင်းတယ်။
တီးဝိုင်းရဲ့ တစ်ထောင့်တစ်နေရာ ချောင်ထဲမှာ လူတစ်ယောက် ရှိတယ်။ သူ့ နားနှစ်ဖက်မှာ အီးယားဖုန်း တပ်ထားတယ်။ လက်ထဲမှာ ရီမုတ်ကွန်ထရိုး ကိုင်ထားလေ့ ရှိတယ်။ သီဆိုတီးခတ် ဖျော်ဖြေနေတဲ့ အသံတွေ အားလုံး ညီညွတ်မျှတပြီး သာသာယာယာဖြစ်အောင် သူက ထိန်းကိုင်ပေးနေတာ ဖြစ်ပါတယ်။ သူ့အမည်က ကိုကျော်ဝင်း။ အများကတော့ ကိုရှဲလ်လို့ ခေါ်ကြတာ များတယ်။
တီးဝိုင်းရဲ့ နောက်ကွယ်၊ ချောင်ထဲမှာ အမြဲနေလေ့ရှိပေမယ့် သူက တီးဝိုင်းပိုင်ရှင် ဖြစ်တယ်။ ကိုရှဲလ်နဲ့ ကျွန်တော် သိကျွမ်းခင်မင်ခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ SHELL တီးဝိုင်း ဧည့်ခံဖျော်ဖြေတာကိုလည်း အကြိမ်များစွာ ကြည့်ရှုနားဆင် နှစ်သက်ခဲ့ပါတယ်။
ကိုရှဲလ်ရဲ့ မိသားစုက အမေရိကန်ပြည်ထောင်စုမှာ အခြေချ နေထိုင်ကြတယ်။ သူက မန္တလေးမြို့မှာပဲ အခြေချနေထိုင်ပြီး သွားချည်ပြန်လှည့်။
အသံပိုင်းဆိုင်ရာ အတတ်ပညာတွေကို ကိုရှဲလ် စိတ်ဝင်စားတာ၊ အသံပိုင်းဆိုင်ရာ ပစ္စည်းကိရိယာတွေအတွက် ပိုက်ဆံ အများကြီး သုံးပြီး အသံထွက် ပိုကောင်းအောင် သူ ကြိုးပမ်းတာတွေကို ကျွန်တော် သိတယ်။ တစ်နေ့မှာတော့ သူနဲ့ ကျွန်တော် ကော်ဖီဆိုင် ထိုင်ရင်း တောရောက်တောင်ရောက် စကားပြောဖြစ်ကြပါတယ်။ အသံပိုင်းဆိုင်ရာမှာ ငွေကုန်ကြေးကျ အများကြီး ခံပြီး ကိုရှဲလ် ဘာကြောင့် သုံးစွဲနေတာလဲ ကျွန်တော် မေးခွန်း ထုတ်မိတယ်။
“ကျွန်တော့် ဦးနှောက်ထဲမှာ ဝင်နေတဲ့ စကားလေး တစ်ခု ရှိတယ်။ အရင် ( SHELL တီးဝိုင်း ) ကျွန်တော် စလုပ်ခါစမှာ ပစ္စည်းလေးတစ်ခု ရန်ကုန်ကို ကျွန်တော် သွားဝယ်တယ်။ ပစ္စည်းက တော်တော် ကောင်းတယ်။ ဈေးတွေဘာတွေ တည့်ပြီ ဆိုတော့ သူကမေးတယ်။ ခင်ဗျားတို့ ဘယ်မှာ သုံးမှာလဲတဲ့။ ကျွန်တော်တို့ မန္တလေးမှာ သုံးမယ်ဆိုတော့ ဒါကြီးတော့ ဝယ်မသွားပါနဲ့ဗျာ။ ခင်ဗျားတို့ ဆင်ဖြူတော်နဲ့ လယ်ထွန် သလို ဖြစ်နေမယ်တဲ့”
ကျွန်တော်တို့ နှစ်ယောက် ပြိုင်တူ ရယ်မောမိကြတယ်။
“အင်တာနေရှင်နယ်မှာ ကိုပဲ ဂျပန်ဆို တိုကျို၊ တရုတ်ဆို ဘေဂျင်း၊ အမေရိကန်ဆို ဝါရှင်တန်၊ နယူးယောက်ပေါ့။ မြို့ကြီး ဆိုတာ မြို့ကြီး အလျောက် အားသာချက် ရှိတော့ ရန်ကုန်က မန္တလေးကို အထင်သေးတာ သဘာဝကျပါတယ်။ ဒါပေမဲ့ ကိုယ်တို့လည်း လုပ်နိုင်ပါတယ် ဆိုတာ ဖြစ်အောင် ကြိုးစားကြရမှာပေါ့”
စားပွဲထိုးက ကျွန်တော်တို့ မှာထားတဲ့ ကော်ဖီခွက်တွေ လာချတယ်။ ကျွန်တော်က သူနဲ့ ဂီတ စတင် ပတ်သက်ခဲ့ကြတဲ့ သမိုင်းကြောင်းကို ခြေရာစ ကောက်ပါတယ်။
“ကျွန်တော်တို့ ငယ်ငယ်က ကျောက်မဲမှာ နေကြတာ။ မိသားစုက ဟိုင်ထုံစတိုး ဆိုပြီး တရုတ်ပရဆေးတွေ ရောင်းတယ်။ ကားနဲ့ လှည့်ပြီး အသံချဲ့စက်နဲ့ သီချင်းလေး ဖွင့်လိုက်၊ announce ( ကြေညာ ) လုပ်လိုက် လုပ်ကြတဲ့ ခေတ်ကိုး။ ဆိုင် ပြည်သူပိုင်သိမ်းသွားတော့ အသံချဲ့စက်ပစ္စည်း အစုံလိုက်ကြီး ကျန်နေရစ်ခဲ့တယ်”
သူက ခပ်ဟားဟား ရယ်တယ်။
“သူငယ်ချင်းတွေနဲ့ စုပြီး အသံချဲ့စက်လေးနဲ့ တီးဝိုင်းစထောင်တာ။ ဝင်းမြင့် တွင်ခုံက ဝန်ထမ်းတွေ ကထိန် လုပ်တော့ ကျွန်တော်တို့ကို လာ တီးပါလား ခေါ်တယ်”
“မန္တလေး လာတီးတာလား”
“ကျောက်မဲမှာ မွေးပြီး အဲဒီအချိန်က ကျွန်တော်တို့ မန္တလေး ရွေ့လာခဲ့ပြီ၊ စ တီးတော့ ကျွန်တော်က ဒရမ် တီးတာ”
“တီးဝိုင်းအမည် ပေးပြီလား”
“မြန်မာစာပါမောက္ခ ဆရာကြီး ဦးချမ်းမြရဲ့သား ကိုစိုးဝင်း ကလည်း ကျွန်တော်တို့ဆီမှာ အဆိုတော်ပေါ့၊ ဆရာကြီးက ကျွန်တော်တို့ အဖွဲ့ကို နေရဉ္စရာ လို့ နာမည်ပေးတယ်။ အဲဒီ နာမည်လေးနဲ့ လှုပ်ရှားဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော် တို့ကို အဲဒီခေတ်က လမ်းသရဲတီးဝိုင်းလို့ သတ်မှတ်ကြတာ”
ကိုရှဲလ်က တခစ်ခစ် ရယ်မောတယ်။
“ဆိုတာကလည်း လမ်းသရဲသီချင်းတွေ၊ တီးဝိုင်းနဲ့ နေရဉ္စရာ ဆိုတဲ့ နာမည်နဲ့ မလိုက်ဘူး ထင်တာနဲ့ နောက်ဆုံးကျတော့ နာမည်ကို ဟိုလိုစဉ်းစား ဒီလို စဉ်းစားရင်း ကျွန်တော်တို့ရဲ့ မိသားစုအမည် ရှဲလ် ဆိုတာကို ယူလိုက်တယ်”
“အဲဒါ ဘယ်နှခုနှစ်လောက် ဖြစ်မှာလဲ”
“၁၉၇၀ လောက်၊ ၁၉၈၀ လောက်မှာ ဂျေမောင်မောင် ရောက်လာတယ်။ အချစ်ရေ စီးရီး သွင်းကြတယ်”
“ရှဲလ်က အဆိုတော်တွေ အများကြီး စင်တင်ပေးနိုင်ခဲ့တယ်နော်”
“ဟုတ်ပါတယ်၊ ဂျေမောင်မောင်၊ ဘိုတောက်၊ ဝါဝါကျော်၊ စနေကျော်တို့၊ ဒီဘက်ခေတ်ဆို ဘိုဘိုတို့ အများကြီးပါပဲ”
“အဲဒီခေတ်က စတိတ်ခုံ အမြင့်ကြီးတွေ ဆောက်ပြီး ကြည့်ချင်ပွဲ သဘော ဖျော်ဖြေတာ၊ တော်တော် ခေတ်စားခဲ့တာ မှတ်မိသေးတယ်”
“အလှူပွဲ၊ ကထိန်ပွဲ၊ မင်္ဂလာပွဲ အားပေးကြတာ အများကြီးပဲ။ ကျွန်တော်တို့ကလည်း နိုင်ငံခြားပစ္စည်းအသစ်တွေ ဝယ်ဖြည့်တယ်။ ဖွံ့ဖြိုးလာပြီး ၁၉၈၀ မှာ အချစ်ရေ အောင်မြင် သွားတော့ တစ်ပြည်လုံး အတိုင်းအတာနဲ့ အားပေးကြတယ်”
သူ ပြောနေတဲ့ အချိန်မှာ အဆိုတော် ဂျေမောင်မောင် သီဆိုတဲ့ အချစ်ရေ နေလို့မှ ကောင်းရဲ့လား၊ အိပ်လို့ပျော်ပါစေဆိုတဲ့ သီချင်းသံ နားထဲမှာ ကြားယောင်လာတယ်။
“အဲဒီအချိန်ကျတော့ အောက်ပြည်က အသိအမှတ် ပြုလာတယ်။ SHELL အနေနဲ့ မြို့ကို တော်တော် စုံအောင် ရောက်ခဲ့ရတယ်။ ဒါကို တော်တော်ပဲ ဂုဏ်ယူမိပါတယ်”
သူတို့အတွက် မေ့မရနိုင်တဲ့ ပွဲတစ်ပွဲအကြောင်းကို ကျွန်တော်က မေးတယ်။
“ကိုစိုင်းထီးဆိုင်နဲ့ လဖုန်းကျောင်းမှာ၊ အရင်ကတော့ ဒေသကောလိပ်ပေါ့။ အဲဒီမှာ မန္တလေးရဲ့ ပထမဆုံး ပိုက်ဆံပေးပြီး ကြည့်ရတဲ့ပွဲ”
“လွယ်လွယ်ပြောရင် ရုံသွင်းတာလား”
“ရုံသွင်းတာပေါ့၊ အရင်ကတော့ မန္တလေးလမ်းဘေးမှာ ကြည့်ချင်ပွဲ တီးခဲ့ကြတာ။ ပိုက်ဆံပေးပြီး လာအားပေးကြတာ ကျွန်တော် ဂုဏ်ယူတယ်။ ဖားသားလဖုန်း ကျောင်းက Christmas fun fair လုပ်တာ။ စိုင်းထီးဆိုင်နဲ့ တီးခဲ့ကြတာ၊ အဲဒီအချိန်က ကိုထီး ( စိုင်းထီးဆိုင် )၊ ဆရာလိတ် ( စိုင်းခမ်းလိတ် )၊ ကိုတိုးကြီး ( ခင်မောင်တိုး ) တို့နဲ့ ဂီတကို ကြိုးစား နေကြတဲ့အချိန်ပေါ့။ စင်ပေါ်ကို မရောက်တရောက်လေး”
ကိုရှဲလ်က ပြောပြီး ရယ်တယ်။
SHELL ထူထောင် ဖြစ်ခဲ့တာကြောင့် ကိုရှဲလ်က ကျေနပ် ဂုဏ်ယူပုံ ရတယ်။ ကျွန်တော်က သူ့ပီတိကို မေးတယ်။
“ယခုတစ်ခေါက် အမေရိကန် ကိုသွားတော့ အယ်လ်အေမှာ စန္ဒရား ဆရာကြီး ဦးစိန်သောင်း မွေးနေ့မှာ ကိုသိန်းတန် ( ပလေးဘွိုင်း ) ကြီးက ဆိုတယ်၊ စက်အဖွဲ့ကို မိတ်ဆက်ပေးတဲ့ အချိန်မှာ ကျွန်တော့်ကို “အသံအင်ဂျင်နီယာ အဖြစ် ကိုင်တွယ် ပေးတာက SHELL ကိုကျော်ဝင်းပေါ့။ မန္တလေးက SHELL တေးဂီတပိုင်ရှင်” လို့ ပြောလိုက်တော့ နိုင်ငံခြားမှာ ရောက်နေတဲ့ ရွှေမြန်မာတွေကအစ အားရဝမ်းသာ အသိအမှတ် ပြုကြတာ တွေ့ရလို့ တော်တော်လေး ဝမ်းသာပီတိ ဖြစ်တာပေါ့”
တစ်ချိန်က လမ်းသရဲတီးဝိုင်းလို့ လူကြီးပိုင်းက သတ်မှတ်ခဲ့ဖူးတယ်။ နောက်ပိုင်းကျတော့ အားလုံးက နှစ်သက် လက်ခံလာကြတယ်။ အဲဒီ အပြောင်းအလဲ အကြောင်းကိုလည်း ပြောဖြစ်ပါတယ်။
“နောက်ပိုင်းကျတော့ နိုင်ငံတော်ပွဲတွေ၊ ရန်ပုံငွေပွဲတွေကို တလေးတစားနဲ့ခေါ်တာ၊ ခေတ်ပေါ်အနုပညာကို အင်အားတစ်ခု အနေနဲ့ အသိအမှတ်ပြု လက်ခံလာတာ တွေ့ရတယ်”
SHELL အတောက်ပဆုံး အချိန်အကြောင်း၊ ကိုရှဲလ်က အလှကုန် လုပ်ငန်းဘက် ငါးနှစ်လောက် နှစ်လုပ်ဖြစ်သွားလို့ SHELL တီးဝိုင်း အားနည်း သွားပုံနဲ့ ယခုအခါ SHELL ကို ပြန်ပြီး အားဖြည့် ရှင်သန်လာပုံတွေကို ဆက်ပြောဖြစ်ကြတယ်။ ကိုရှဲလ်ကို အသံပိုင်းဆိုင်ရာ နည်းပညာ စိတ်ဝင်စားတဲ့ အကြောင်း ကျွန်တော် မေးခွန်းထုတ်တယ်။
“အရင်ကတော့ ကျွန်တော် ကိုယ်တိုင် တီးတယ်၊ အသံချိန်တယ်။ နောက်ပိုင်းကျတော့ sound နဲ့ player နဲ့ကွဲတာ သိသွားတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ကျွန်တော် စက်ဘက်ပဲ လုံးလုံး ပြောင်းလုပ်တယ်။ ပိုပြီး အကျွမ်းတဝင် ဖြစ်သွားတယ်၊ တီးဝိုင်းတစ်ခုမှာ အသံပိုင်း အရေးကြီးတယ်၊ သူ့ဟာသူ ပျံလန်နေအောင် တီး၊ စက် မကောင်းလို့ကတော့ လက်လန်မှာပဲ”
အသံကိစ္စပိုင်းအတွက် သူက ငွေကုန်ကြေးကျ အများကြီး ခံသူဖြစ်လို့ သူ ငွေကုန်သလောက် ထိုက်တန်ရဲ့လားလို့ မေးပါတယ်။
“စီးပွားတွက်တော့ ကျွန်တော် မတွက်ဘူး။ ဒီအသံ ဒီအဖွဲ့အစည်း တစ်ခုရဲ့ အတိမ်အနက်ကို ပြတဲ့အတွက် အကျိုးအမြတ် မတွက်တော့ဘူး။ အဓိကကတော့ အရည်အသွေး ကောင်းဖို့ပဲ၊ အဲဒီထဲ ထည့်ပြီးရင်း ထည့်ရင်း လုပ်နေတာ၊ မန္တလေး မှာလည်း ဒီလိုကောင်းတဲ့ အသံ အရည်အသွေးရှိပါလားလို့ တုံ့ပြန်ရင်လည်း ပီတိဖြစ်ပါတယ်”
တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကျွမ်းဘားအဖွဲ့ အမျိုးသား ကဇာတ်ရုံမှာ လာရောက် ဖျော်ဖြေစဉ်က ကိုရှဲလ်က အသံပိုင်းဆိုင်ရာမှာ ပါဝင်ကူညီ လုပ်ကိုင်ပေးခဲ့တာ၊ ကိုရှဲလ်ရဲ့ ပစ္စည်းတွေကို အသုံးပြုခဲ့တာကို ကျွန်တော်က သိပါတယ်။ အဖွဲ့နဲ့အတူ ပါလာတဲ့ အသံအင်ဂျင်နီယာက ကိုရှဲလ်လို နားလည်တတ်ကျွမ်းသူ မြန်မာနိုင်ငံမှာ ရှိနေတာကို အထင်ကြီး လေးစားခဲ့တယ်။ အဲဒီအကြောင်းကို စကားဝိုင်းက ဦးတည်ပြီး ရောက်သွားတယ်။
“ကျွန်တော်က ကျွန်တော့်ကိုယ် ကျွန်တော် လုံးဝ ခြောက်သွေ့နေတဲ့ ဝါဂွမ်းကြီး တစ်ခုလို သဘောထားတယ်။ အမြဲကျင့်ကြံတယ်၊ ခြောက်သွေ့နေတဲ့ ဝါဂွမ်းဟာ စုပ်ယူအား ကောင်းတယ်။ ( တရုတ်အသံ အင်ဂျင်နီယာနဲ့ တွေ့တော့ ) ကျွန်တော် မသိတာလည်း သိရတယ်၊ ကျွန်တော့်ဆီမှာ ရှိပြီး ကျွန်တော် မသုံးတတ်တဲ့ ပစ္စည်းကို သူက သုံးပြတယ်။ ကျွန်တော့်ကို သင်ပေး လိုက်သလို တတ်သွားတယ်။ ဒါကို ပိုက်ဆံနဲ့ ပေးဝယ်လို့ မရဘူး၊ ပစ္စည်းက တန်ဖိုး အင်မတန်မြင့်တာ”
“အဲဒီပစ္စည်းကို ဘယ်လိုကြောင့် ဝယ်တာလဲ”
“အမေရိကား ရောက်ရင် ဝက်ဘ်ဆိုက်ပေါ် တက်ပြီး လိုက် ကြည့်တယ်၊ ဒါက ဘာလုပ်တဲ့ဟာလဲ ဆိုပြီး မှာလိုက်တာ ဒေါ်လာ ၄၈၀ ပေးရတယ်။ အပေါ်ယံကြောလေးပဲ သုံးတယ်။ သုံးလို့ရတာ အကုန်ထုတ် မသုံးဘူး၊ အသံကို ချိန်တဲ့ ကိရိယာပါပဲ။ ဒီဂျစ်တယ်ဇယားနဲ့ ပြတာ၊ တိတိကျကျ ရတယ်”
ကိုရှဲလ်က နိုင်ငံခြားရောက်တဲ့ အချိန်မှာ တီးဝိုင်းတွေ၊ ဂီတဖျော်ဖြေပွဲတွေမှာ အသံပိုင်း၊ မီးပိုင်း ဖန်တီးပြုလုပ်ချက်တွေကို လေ့လာကြည့်ရှု ဖြစ်တဲ့ အကြောင်း၊ မိုက်ကယ်ဂျက်ဆင်ရဲ့ ရှိုးပွဲ သွားကြည့်တဲ့ အတွေ့အကြုံတွေကို ပြန်ပြောပြတယ်။
ကျွန်တော်က SHELL တေးဂီတမှာ မီးပိုင်း အားဖြည့်မှုအပိုင်း မေးကြည့်တော့ ကွန်ပျူတာနဲ့ အလင်းအမှောင် ထိန်းညှိတဲ့ ပစ္စည်းသစ်တွေ ထည့်ထားတာကို ကိုရှဲလ်က ပြန်ပြောပြတယ်။ လူငယ်လူသစ်တွေ ဖြည့်တဲ့ အကြောင်းကို ကျွန်တော်က မေးမိတယ်။
“နောက်တက် လူငယ်တွေနဲ့ ကျွန်တော် သိထားတဲ့ အတွေ့အကြုံတွေ မျှဝေဖို့ အဆင်သင့်ပါပဲ။ ဒီလူတွေက ငါတို့ကို ဂရုစိုက်မှာ မဟုတ်ဘူး ဆိုတဲ့ အတွေး မရှိစေချင်ဘူး။ ကျွန်တော်ကတော့ အမြဲ welcome ဖြစ်ပါတယ်။ သူ့ဟာသူ ဟစ်ဟစ်ဟော့ဟော့ ကျွန်တော် လက်ခံတယ်။ အနုပညာဆိုတဲ့ လှေကြီးကို ကျွန်တော်တို့ အားလုံး ကိုယ်သန်ရာကနေ ဝိုင်းလှော်နေကြတာပဲ။ ဝမ်းပန်းတသာနဲ့ကို ကြိုဆိုလျက်ပါ”
⎕ ကျော်ရင်မြင့်
📖အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ
No comments:
Post a Comment