Sunday, November 22, 2026

ကိုဆေးရိုး၏ သူငယ်ချင်း

❝ ကိုဆေးရိုး၏ သူငယ်ချင်း ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

သည်လယ်ထွန်စက်က ထွန်ယက်သည့် အလုပ်မျှသာမက စပါးခြွေသည့် အလုပ်ကိုလည်း လုပ်ဖော်ရသည်။ ဘဆေးရိုးသည် တောင်းထဲသို့ ကျဆင်းလာသော စင်စင်သန့်သန့် စပါးစေ့များကို ပြုံးပြုံးကြီး စိုက်ကြည့်နေမိသည်။ အသက် ခုနစ်ဆယ်ကျော် ဘဘိုးအို တစ်ယောက်အတွက် စက်မှုနှင့် လက်မှုတို့၏ သိသာခြားနားမှုသည် ထင်ရှား၏။ ကောက်လှိုင်း တစ်ရာကို နွားတစ်ရှဉ်းဖြင့် တဟဲ့ဟဲ့ မောင်းနှင် နယ်ဖတ်ရချိန် နာရီ ၂ဝ ခန့်သည် ကြာညောင်းလွန်း၏။ ပျင်းရိသော်လည်း ပျင်းခွင့်မသာသော စပါးနယ်သမား။

“ကြည့်စမ်း၊ ကောက်လှိုင်းတစ်ရာစာကို ခြွေလိုက်တာ တစ်နာရီမှ ကြာရဲ့လား မသိဘူး”

တနဲ့နဲ့၊ တဟဲ့ဟဲ့ဖြင့် စပါးနယ်ခဲ့ဖူးသောကြောင့်လည်း စပါးခြွေ ကိရိယာသည် ဘဆေးရိုးအတွက် သိသာ ထင်ရှားစွာ အရေးပါ၏။ သူ့မြေး မောင်ကိုကြီးသည် ဆယ်တန်းအထိ ပညာသင်ဖူးသော်ငြား ဘဆေးရိုးနှယ် မတွေ့ထိခဲ့ရသဖြင့် မထင်ရှား။ မသိသာ။ မောင်ကိုကြီးတို့ လူမှန်းသိတတ်ချိန်တွင် ရမ်းဘိုကုန်း၌ တလင်းပျောက်စနစ် စတင်ခဲ့ပြီ။ သို့သော် မောင်ကိုကြီးတို့သိမီလိုက်သော တလင်းပျောက်စနစ်မှာ ‘တလင်းကြီး’ သာ ပျောက်သည်။ ‘တလင်းငယ်’ ကား ရှိနေသေးသည်။ နွားဖြင့် တမေ့တမော နင်းနယ်သည့် နည်းစနစ်အစား ရိုက်ခြွေသောနည်းကို အစားထိုးခဲ့သောကြောင့် ဖြစ်ပေသည်။ သို့ကြောင့် မိုးသံလေသံ မကြားမချင်း ထမင်းကြမ်းကို ယပ်ခတ်စားရင်း စပါးနယ်သော ခေတ်ကို ဘဆေးရိုးကသာ ပယ်ပယ်နယ်နယ် သိခြင်း ဖြစ်၏။ စပါးခံသော တောင်းကို ကြည့်နေဆဲဝယ် ဘဆေးရိုးသည် မတောင့်တ မတွေးတောဘဲ ဦးဟန်ထွန်းကို ပြေးပြီး သတိရလိုက်သည်။

ဦးဟန်ထွန်းသာ ရှိနေသေးလျှင် ဘဆေးရိုး အောက်ငယ်လှလျှင် တစ်နှစ် နှစ်နှစ်မို့ သူလည်း ခုနစ်ဆယ်ကျော်ပိုင်းတွင် ရှိနေရော့မည်။ ကိုဟန်ထွန်းသည် ရမ်းဘိုကုန်းရွာသား မဟုတ်။ တောင်ဘက် တစ်ခေါ်တွင် တည်ရှိသော ပုရပိုက်တန်း ရွာသားဖြစ်သည်။ ရွာချင်း ကွဲလွဲသော်ငြား ကိုဟန်ထွန်းနှင့် ကိုဆေးရိုးမှာ အလွန်ချစ်သည်။ အိမ်တွင် ကိုဆေးရိုး ပျောက်သွားသော် တခြားမှာ မရှာနှင့်၊ ကိုဟန်ထွန်းထံသို့ သွား၊ မုချ တွေ့ရမည်။ ကိုဟန်ထွန်းကလည်း ထိုနည်းတူပင် ဖြစ်သည်။ အလယ်တွင် ဆားတစ်ဆုပ် ပုံပြီး သရက်သီး တစ်ယောက် တစ်ကိုက်စီဖြင့် သရက်သီးကို ဆားဖြင့် တို့စားလိုက်၊ စကားပြောလိုက်၊ ပဲကြီးလှော် တစ်ပုံကို အလယ်တွင် ထားပြီး တစ်စေ့ကောက်ဝါးလိုက်၊ စကားပြောလိုက်။ “မင်းတို့ ဘာတွေ ဆွေးနွေးနေကြ သတုံး” မေးငြားအံ့၊ ဖြေစရာ မရှိ။ ဖြေစရာ မရှိသော်ငြား ကိုဆေးရိုး ညောင်းလျှင် ကိုဟန်ထွန်းထံသို့ ရောက် လာတတ်၏။ အလုပ်တွင် ကိုဟန်ထွန်း ငြီးငွေ့လာလျှင်လည်း ကိုဆေးရိုးထံသို့ ရောက်လာတတ်သည်သာဖြစ်၏။

“ကျီးဒန်ရေ၊ ဘာချက်သတုံး”

“ဪ ကိုဟန်ထွန်းပါကလား၊ ထုံးစံအတိုင်းပေါ့ တော်၊ ငရုတ်သီးချက်ပေါ့”

“ဟိုကောင် မမြင်ပါကလား”

“မမြင်ဆို မရှိလို့ပေါ့တော်”

ဤအဖြေကိုရလျှင် ရမ်းဘိုကုန်းရွာထဲသို့ ကိုဟန်ထွန်း ဝင်သည်။ လူစုစုမြင်ရာ အိမ်ကို ဝင်သည်။

“ဟေ့ကောင် ရှာလိုက်ရတာကွာ”

ကက်ဝိုင်းဘေးတွင် ထိုင်ပြီး သူတစ်ပါးအတွက် အခမဲ့ ဝမ်းနည်း ဝမ်းသာနေသော ကိုဆေးရိုးကို တွေ့သည်။ ရှာလိုက်ရတာကွာ ဆိုသော်ငြား ထူးထူးထွေထွေ အကြောင်းကြီးငယ် မရှိ။ စိတ်ကူးတည့်ရာ စကားများကို ပြောရင်း လမ်းသို့ ထွက်လာကြသည်။ တစ်ခုသော စပါးနယ်ရာသီတွင်လည်း ကိုဆေးရိုးသည် နွားစာ စဉ်းနေရာက ထရပ်သည်။ နွားစာစဉ်းဖတ်တွေ မကျုံးသေး။ ဓားကို မသိမ်းသေး။စဉ်းလက်စ ကောက် ရိုးတစ်ဆုပ်မှာ နန်းတိုင်တွင် တန်းလန်း။

“ဟင်းအိုးကျရင် ထမင်းစားမယ်နော်၊ ဝေးဝေးလံလံ လျှောက်သွားမနေနဲ့”

အကြီးမကလေး ချောစိန်ကို ရင်ခွင်ထဲထည့်ထားလျက် ထမင်းချက်နေရာက မကျီးဒန် လှမ်းပြောသည်။

“အေးပါ၊ ဘယ်မှမသွားပါဘူး၊ အညောင်းဆန့်တာပါ”

ကိုဆေးရိုး ထရပ်စဉ်ကမူ အမှန်ပင် အညောင်းဆန့်ရုံ  သက်သက်ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ သို့သော် သရက်ရွက်ခြောက်တွေ ဆူညံစွာအော်ဟစ်လျက် တောင်ဘက်ရိုးပြတ်တောမှ လေပွေတစ်လုံး ထလာသောအခါ ကိုဆေးရိုးသည် တောင်ဘက်သို့ မျှော်ကြည့်၏။ အဆက်မပြတ် ကူချွဲနေသော ချိုးကူသံနှင့် လွမ်းဖွယ့် ဥသြသံ။ မကျီးဒန် လှမ်းမကြည့်မီ ကိုဆေးရိုး၏ ခြေထောက်များသည် ရိုးပြတ်လယ်ကွင်းထဲသို့ ရောက်လာ၏။ ထောက်ခြစ်သံ တညံညံ၊ ခေါင်းလောင်းသံ တဆူဆူဖြင့် မြင်းရထားများ စုန်ဆန် သွားလာနေသော တာလမ်း။ သည်တာလမ်းပေါ်သို့ ခြေချမိချိန်ဝယ် ကိုဆေးရိုး၏ အာရုံကို သူငယ်ချင်းက စိုးမိုးပြီ။ စိုးမိုးစရာအဖြစ် ကိုဟန်ထွန်းကို လှမ်းမြင်နေရသည်။ နတ်စင်ဘေးရှိ ညောင်ပင်အောက်တွင် နွားမသားအမိနှင့် ခိုင်းနွားတစ်ရှဉ်းကို တွဲလျက် မပြီးနိုင် မစီးနိုင် တဟဲ့ဟဲ့ မောင်းရင်း စပါးနယ်နေသော ကိုဟန်ထွန်း။

“ငါတောင် ကောက်ပြန့်ပြီးလို့ နွားစာ သုံးလေးတောင်းရပြီ။ ဒီကောင် ဘာပြုလို့ ခုထက်ထိ နွားတွဲ မချရသေးတာပါလိမ့်”

နေကို တစ်ချက်မော့ကြည့်ပြီး ဆီမန်း မန်းရင်း တာလမ်းပေါ်မှ ကိုဆေးရိုး ဆင်းလာသည်။ ကိုဟန်ထွန်းကား ကောက်ပြန့်ဗဟိုကို မူသေ အနားထားကာ နွားလေးကောင်ကို အတွင်သာ တို့မောင်းနေ၏။

“ဟေ့ကောင် ဘယ်အချိန်ရှိပြီတုံးဟ၊ မနက်တုန်းက ဘာလုပ်နေလို့ အခုထက်ထိ နွားတွဲမချရသေးတာတုံး”

ကိုဆေးရိုးသည် အော်ဟစ်မေးမြန်းရင်း တလင်းရိပ်သို့ ဝင်လာသည်။

“ချတော့မှာပေါ့ကွာ၊ နည်းနည်းလေး”

ကိုဟန်ထွန်းက ‘ဗယီးဗယား’ ဖြေသော်ငြား မကြည်မသာ အသံတစ်ခုက ကောက်လှိုင်းဆိုင်အစပ်မှ ထွက်ပျံလာသည်။

“နေအေးတုန်းက အလုပ်ကောင်း သွားလုပ်နေလို့ တော်ရေ့”

“နင် တော်တော် ‘ပိန်းစား’ နေပါကလား”

ကိုဟန်ထွန်း လှမ်းငေါက်သော်ငြား သူ့ဇနီး၏ အသံက တန့်မသွားပါ။

“သူများတွေ ‘ကြက်ခွပ်လက်’ ပြတာ သွားငေးနေတယ်လေ”

“ဟုတ်လား၊ ဘယ်သူ့ကြက်တုံး”

မေးသာမေးငြား ကိုဆေးရိုး စိတ်ဝင်တစားမရှိ။ ကောက်လှိုင်းဆိုင်တွင် ထိုးထားသော ဝါးကောက်ဆွကို ဆွဲယူသည်။ ကောက်ပြန့်ကို သုံးလေးကြိမ် ထိုးကော်ပြီး စပါးစေ့တွေကို ခါချသည်။ ကောက်ရိုးတွေမှာ အနင်း ‘နာ’ ထားသောကြောင့် ငှက်မွေးတမျှ နူးညံ့နေပြီ။

“ရပါပြီကွ၊ ချပါတော့”

ကိုဆေးရိုးသည် အပေါ်ယံအလွှာများကို ကောက်ပြန့်ဘေးသို့ ကော်ချရာက လှမ်းပြောသည်။ ကိုဟန်ထွန်း စကားမပြန်နိုင်သေး။ ကြိုးတစ်ချောင်း လွတ်ကျပြီး နွားခွာကြားထဲ၌ ညပ်နေ၍ဖြစ်သည်။ နွား၏ နှာခေါင်းနှင့် နွား၏ခွာကြားရှိ ကန်ကြိုးအနေအထားမှာ တိုတောင်း၏။ လှုပ်ရှား၍ရနိုင်အောင် တိုတောင်း၏။ ထိုကန်ကြိုးကို ‘လည်ပင်းကြိုး’ နှင့် တွဲထားစေကာမူ နွားလှုပ်ပါက ‘နှာ’ ကို ထိမည်။ နဖားကြိုး ကြိမ်ဖန်များစွာအထိကြမ်းပါက နွား၏ နှာပျက်မည်။ သို့ကြောင့် ကိုဟန်ထွန်းသည် စုတ်သပ်သံပေးလျက် နွားခြေထောက်ကို မသည်။ ခွာကြားမှ ကန်ကြိုးကို ဖြုတ်ယူသည်။ သို့သော် နွားဘက်သို့ ငိုက်နေသော မျက်နှာ အမတ်တွင် နွားမြီးနှင့် ရိုက်မိသည်။ လယ်သမား၏ မျက်နှာကို နွားမြီးရိုက်သည်မှာ မဆန်းပါ။ မဆန်းသော်ငြား ဘယ်ဘက်မျက်လုံးကို ကိုဟန်ထွန်း လက်ဝါးဖြင့်အုပ်ရင်း ထရပ်သည်။ ကိုဆေးရိုး မြင်သော်ငြား မမေးမိ။ ဖြစ်နေကျ ကိစ္စပေကိုး။ သို့ကြောင့် ကောက်ပြန့်ပေါ်ရှိ ကောက်ရိုးများကို ကောက်ဆွဖြင့် ကော်လိုက် ခါလိုက်၊ ကောက်ပြန့်ဘေးသို့ ပစ်ချလိုက် ဆက်လုပ်နေသည်။

နွားတွေကို နွားစာခွက်ရှိရာသို့ ပို့ပြီးလျှင် ပြီးချင်း ကိုဟန်ထွန်း ရောက်မလာသေး။ ကိုဆေးရိုးက ကောက်ရိုးတွေ ချပေးလိုက်၊ ကိုဟန်ထွန်းဇနီး မဟန်မေက သယ်သွားလိုက်ဖြင့် ထွန်ခြစ်ဆွဲကာ ဆန်ခါချတော့မှ ကိုဟန်ထွန်း ပြန်ရောက်လာ၏။ ဘယ်ဘက်မျက်လုံးတွင် နို့ရည်တွေ ပေကျံနေသည်။ တလင်းနီးချင်း ကလေးအမေတစ်ယောက်ယောက်ထံတွင် ဒဏ်ကြေစေရန် နို့ရည်သွားရောက် ခတ်ခဲ့ခြင်းဖြစ်မည်။ စပါး အမှော်ခြစ်ရာသို့ ကိုဟန်ထွန်း ရောက်လာငြား ပေစောင်းစောင်း ဖြစ်နေသည်။ မျက်စိကြည့်၍ မကောင်းသောကြောင့် ဖြစ်နိုင်သည်။ နာသည်၊ အောင့်သည်၊ ကိုက်သည် ဟူ၍ကား မပြောချေ။ ကောက်လှိုင်းများ ပြန့်ရာတွင်လည်း မဟန်မေသာ ‘ကောက်လှိုင်းဆိုင်’ ပေါ်သို့ တက်ပြီး လှိမ့်ချပေးသည်။ ကိုဆေးရိုးက ကောက်လှိုင်းတွေ သယ်ပြီး ‘ပြန့်’ သည်။ သည်ပြန့်ပြီး သမျှ ကောက်လှိုင်းတွေရှိ ‘ဖွဲ့’ ကြိုးတွေကို တံစဉ်ဖြင့် ဖြတ်သည့်တာဝန်ကိုသာ ကိုဟန်ထွန်း ထမ်းဆောင်သည်။

“ဟေ့ကောင် … မပေါ့နဲ့နော်၊ ဆားကိုကြိတ်ပြီး ကွင်းပေး”

တလင်းရိပ်မှ ခွာခါနီးတွင် ကိုဆေးရိုးက ‘တခုတ်တရ’ မှာခဲ့သေးသည်။ သူ့တလင်းသို့ ကိုဆေးရိုး ပြန်ရောက်ချိန်ဝယ် ကောက်ပြန့်ပေါ်သို့ နေရောင် ထိုးနေပြီ။ မကျီးဒန်သည် ကလေးနို့တိုက်ရင်း ထမင်းပွဲ ဘေး၌ အိပ်ပျော်နေ၏။ ထမင်းပွဲကို မြင်မှ ထမင်းဆာရမှန်း ကိုဆေးရိုး သိသည်။ ကိုဟန်ထွန်းထံသို့ နောက်တစ်နေ့တွင် ကိုဆေးရိုး မရောက်။ ကိုဟန်ထွန်းလည်း ရောက်မလာခဲ့ချေ။ စပါးယပ် လက်စားလိုက်၊ စပါးခြင်အကူ၊ စပါးသွင်း လက်စားလိုက်ဖြင့် တလင်း နီးချင်းများ၏ ကိစ္စတွင် ကိုဆေးရိုး နစ်နေသည်။

တလင်းနီးချင်းတွေ တစ်ဦးပြီး တစ်ဦး ရွာထဲသို့ ဝင်ကုန်ကြပြီ။ ကိုဆေးရိုး အေးမနေရဲတော့ပါ။ ကောက်လှိုင်း တစ်ရာ ပြန့်နေကျမှ ၁၂ဝ သို့။ ထိုမှ ၁၅ဝ သို့ တိုးမြှင့်ပြန့်ခြင်းဖြင့် တက်သုတ်နှင်တော့သည်။ စပါးတွေ ကျီဝင်တော့မှ ကိုဆေးရိုးလည်း ပုရပိုက်တန်းဘက်သို့ လည်ဆန့်ကြည့်မိ၏။ ထိုအခါကျမှသာ “ဟာ ငါ့ကောင်ရဲ့မျက်စိ ဘယ်လိုနေပါလိမ့်” ဟု ရေရွတ်မိသည်။ ရပ်စကား ရွာစကားတွင် ‘မျက်စိအဆုံး၊ သွားအတုံး’ ဟု ဆိုကြသည်။သို့ကြောင့် ကိုဆေးရိုးမှာ ပုရပိုက်တန်းရွာ၏အရှေ့ဘက်ရှိ ညောင်ပင်အောက်သို့ အပြေးလာခဲ့ရသည်။

“ဟေ့ကောင်၊ မင်းမျက်စိ ဘယ့်နှယ်နေလဲ”

နောက်ဆုံး နယ်နေသော ကောက်ပြန့်ဘေးတွင် ရပ်မိလျှင် ရပ်မိချင်း ဦးစွာ မေးမိသော ကိုဆေးရိုး၏ ပူစောင့် ပူပန်စကား။ သို့သော် ကိုဟန်ထွန်းက အေးစက်စက်ပြန်ကြည့်၏။ မထီတရီ မေး၏။

“ဘယ်သူ ဘယ်တုန်းက ဘာပြုလို့တုံး”

ကိုဆေးရိုးမှာ ကိုယ့်ရင်ဘတ်ကို ကိုယ်လက်ဝါးဖြင့် ဖိမိ၏။ “ဩော် ငါ့မှာတော့ သူ့ကိုယ်စား ပူပန်လိုက်ရတာ၊ သူကတော့ ငါ့ကို ပြန်ပြီး အရူးလုပ်နေပါကလား” ဟု မသက်မသာ ညည်းတွားမှ ကိုဟန်ထွန်း ရယ်မော၏။

“မျက်စိကို နွားမြီးခတ်မိတာ အခုမှ သတိရသဟေ့”

ပြောပြောဆိုဆို ညာမျက်လုံးကို မှိတ်လျက် ဟိုကြည့် သည်ကြည့် ကြည့်၏။

“အေးဟ၊ ကြည့်ရတာ အားမရသလိုဘဲ”

ကိုဆေးရိုးသည် ကောက်ပြန့်ပေါ်သို့ တက်လာပြီး ကိုဟန်ထွန်းအား အသေအချာ စိုက်ကြည့်သည်။

“မျက်သားတွေ နီနေသေးတယ်ကွ။ သူငယ်အိမ်က တစ်ခုခု ကပ်နေသလိုပဲ။ မန်ကျည်းခေါက်သွေးပြီး လိမ်းစမ်းကွာ”

“နွားမြီးခတ်မိတာများ အရေးစိုက်လို့ကွာ၊ မသကာ ကန်းရုံပေါ့”

ဘေးလူက စိုးရိမ်သော်ငြား ကာယကံရှင်က ရယ်ကျဲကျဲပင်။ သို့သော် မျက်လုံးကို နွားမြီးခတ်ခံရသော အကြိမ်ပေါင်းများစွာအနက် သည်အကြိမ်မှာမူ ချက်ကောင်းကို ထိ၏။ သူငယ်အိမ်တွင် တစ်ခုခု ကပ်နေ သည်ဟု ကိုဆေးရိုး ထင်ခဲ့သော အရာသည် တိမ်ဖြစ်၏။ ထိုတိမ် ကြီးလာချိန်ဝယ် ဆေးပြင်းလိပ်မီးခိုးဖြင့် မှုတ်၏။ အမြင်အာရုံကို သိသာစွာ ထိခိုက်လာသောအခါ မျက်စဉ်းခတ်သည်။ မရတော့ပါ။ ဘယ်ဘက် ကွယ်သော် ညာဘက် ရှိသေးသည်ဟု အားခဲထားငြား ညာဘက်ပါ လိုက်ပြီး ကွယ်သည်။ စုန်းပြုစားသည် ပြောသူ ပြော၊ တလင်းလုပ်ရာ ညောင်ပင်ရှိ သဘက် ဖမ်းစားသည် ထင်မြင်ချက်ပေးသူပေးဖြင့် တစ်နှစ် အကြာတွင် ကိုဟန်ထွန်း ဆုံးသည်။ စီးပွားပျက်ပြီးမှ ကွယ်လွန်ရသောကြောင့် အသေဆိုးရသည်။ ကိုဆေးရိုး ကြေကွဲရသောအသုဘများအနက် အကြေကွဲရဆုံး အသုဘတစ်ခုဖြစ်သည်။ ကြာပြီ။ နှစ်ပေါင်းသုံးလေးဆယ် ကြာခဲ့ပြီ။ မျက်စိနှင့်ဆိုင်သော ဆေးပညာ ဗဟုသုတ ဘဆေးရိုးတို့တွင် မရှိ။ မျက်စိဆရာဝန်ဟူ သည်ကို ဘဆေးရိုးတို့ မကြားဖူးသေးသော ကာလ။ တောင်းအသစ်ထဲသို့ စပါးစေ့တွေ ကျသံ ပေါ်လာ၏။

ဘဆေးရိုး၏ အမြင်အာရုံတွင် မျက်မမြင်ဒုက္ခိတ ဦးဟန်ထွန်း၏ ပုံလွှာကွယ်သွားပြီး စပါးစေ့တွေ ရောက်လာ၏။

“ဘရေ၊ တစ်ဧက ခုနစ်ဆယ့်ငါးတောင်းတော့ ပြေးမလွတ်ဘူးဗျို့။ အပင်တိုင်းက အသီးတွေနဲ့ လေးနေတာပဲ”

မြေးကြီး မောင်ကိုကြီး၏အသံ ပေါ်လာသော်ငြား ဘဆေးရိုး မလှုပ်ရှားမိ။ စပါးစေ့များကိုသာ ငေးမော ကြည့်နေမိ၏။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment