Sunday, November 22, 2026

ဆောင်းရာသီသည် သူ့ရင်ခွင်ထဲက နွေကို မကျော်လွှားနိုင်


❝ ဆောင်းရာသီသည် သူ့ရင်ခွင်ထဲက နွေကို မကျော်လွှားနိုင် ❞
▢ မောင်သင်းထုံ ( ကျောက်မဲ )

“ပြင်ဦးလွင်မှာ ကိုခင်မောင်မြင့်တို့ ဝယ်တဲ့ မြေကွက်ကို ကိုသိန်းလွင်ပဲ ဝယ်ပေးတာမဟုတ်လား”

“တခြားပွဲစားတစ်ယောက် ဝယ်ပေးတာပါ။ ဒါပေမဲ့ အဲဒီ မြေကွက်ရဲ့ နေရာနဲ့ တန်ဖိုးကို ကျွန်တော် အကုန်သိပါတယ်။ ဘာပြုလို့ပါလိမ့်မလဲ”

“ကျွန်တော်တို့ကိုလည်း မြေကွက် တစ်ကွက်လောက်ရှာပေးပါဦး။ ဈေးသင်တင့်တဲ့ အထဲကပေါ့”

“သူတို့ထက် နေရာကောင်းကောင်း၊ မြေကွက်ကျယ်ကျယ်လေး ရှာပေးပါ။ ဈေး ပိုပေးချင် ပေးရပလေ့စေပါ”

ဒီတစ်ခါ ကိုသိန်းလွင်တို့ စကားဝိုင်းကို ဝင်ပြောလာသူက အမျိုးသမီးတစ်ယောက်ပါ။ ကြည့်ရတာ ညိုညိုသေးသေးနဲ့ ထက်မြက်မည့် ပုံစံပါ။ အသက် ၃ဝ လောက် ရှိနေ ပေမယ့် ခုထိကို ချောနေတုန်းပါ။ အင်း ကျောင်းနေတုန်းကများဆို ဒီမိန်းမ ဘယ်လောက် ချောလှ၊ ထက်လှလေမလဲ။ “ခင်စန်းတင့်” တဲ့ နာမည်က... အစောက ကိုသိန်းလွင်နဲ့ မြေကွက် အရောင်းအဝယ်ကိစ္စ ပြော နေကြတဲ့ ကိုလှမောင်ရဲ့ အမျိုးသမီးပါ။

ကိုလှမောင် ဆိုတာကလည်း အသက်ကတော့ ၃ဝ လောက်ပါပဲ။ လူပုံက အသား ဖြူဖြူ၊ မျက်လုံး ပြူးပြူး၊ ပါးစပ် ကြီးကြီး၊ နှာခေါင်း ကြီးကြီး၊ နားရွက် ကြီးကြီးနဲ့ ရိုးတဲ့ ပုံပါ။ ရိုးရုံတင် မကပါဘူး။ စကားလည်း အပို မပြောပါဘူး။ လိုသလောက်ပဲ ပြောတယ်။ အပြုံးအရယ် နည်းတယ်။ ကိုသိန်းလွင် ကတော့ သူတို့လင်မယားကို ခုမှ တွေ့ရပေမယ့် အများကြီးကို လေ့လာပြီးလိုက်ပါပြီ၊ သိလည်း သိလိုက်ရပါပြီ။

ကိုလှမောင်တို့ ခင်စန်းတင့်တို့ ပြင်ဦးလွင်မှာ မြေကွက် လာဝယ်ကြတာက သူတကာလို နွေရာသီ အပူရှောင်ဖို့လည်း မဟုတ်ပါဘူး။ လက်ထဲ ငွေပိုငွေလျှံတွေ ရှိလို့လည်း မဟုတ်ပါဘူး။ သူတို့တစ်တွေ အသက်ကြီးတဲ့အခါ၊ လာရောက် အနားယူကြဖို့ ရည်ရွယ်တာလည်း မဟုတ်ပါဘူး။ ဒီမြေကွက်ကို ဝယ်ချင်လို့ကို ဝယ်တာပါ။ ဘာပြုလို့လဲဆိုတော့ ဒီလူတွေ မြေကွက် လာဝယ်သာ ဝယ်ကြတာ ဒီကြားထဲလာလည်း မကြည့်၊ ခြံလည်း မရှင်း၊ အစောင့်လည်း မထားကြပါဘူး။ ဒီကတည်းက ဒီလူတွေ မြေကွက်သာ ဝယ်တာ၊ လူတကာလို အာရုံရလို့ ဝယ်တာ မဟုတ်လောက်ဘူး။ ကိုသိန်းလွင် သိသလောက် စဉ်းစား ပြောရရင်တော့ လူတကာ ဝယ်လို့ ဝယ်တာ၊ တစ်စုံတစ်ယောက်က ဝယ်လို့ လိုက်တုဝယ်တာ။ နေဖို့ ဘာညာ ရည်ရွယ်ချက် မရှိဘူးဆိုတာ သိသာပါတယ်။

ကိုသိန်းလွင်က မြေကွက်ပွဲစားသာ လုပ်တာ၊ သူ့ဌာနက ဆောက်လုပ်ရေးကပါ။ မဟုတ်လည်း ဌာနချင်းတွေဆိုတာ ဆက်စပ်နေလေတော့ မြေစာရင်းရုံးတို့၊ အထွေထွေ အုပ်ချုပ်ရေးရုံးတို့၊ မဟုတ်လည်း ရောက်နေ တဲ့ဟာ။ ရုံးအလုပ်တွေ အားတဲ့အချိန် လိုက်လုပ်ပေး၊ အကျိုးဆောင်ပေးရင်းက လုပ်ဖြစ်နေတော့တာပါ။ စဉ်းစားကြည့် မဟုတ်လည်း လမ်းဗိုလ်တွေ ဝန်ထောက်တွေက ငါ့ကို ဒါလေး သွားလုပ်ပေးဦး၊ ဂရန်လျှောက်ပေးဦး၊ ဦးပိုင်ပြောင်းပေးဦးနဲ့ လူကြီးတွေ အတွက် လုပ်ပေးရင်းက ဒီလမ်းကြောကို သိနေတော့ ပွဲစား အလုပ်ဖြစ်နေတာပါ။ တခြား ပွဲစားတွေလို မဟားတရားကြီး တိုက်ဆောက်၊ ကားစီးဖို့ လုပ်တာ မဟုတ်ပါဘူး။ အိမ်က ကလေးတွေ မုန့်ဖိုးပဲဖိုး ရရ၊ ကျောင်းစရိတ် ရရ၊ ထိုင် နေတာထက် စာရင်၊ လုပ်နေတာကမှ ပိုကောင်းဦးမယ်ဆိုတဲ့ သဘောနဲ့ မြေကွက် အရောင်းအဝယ်တွေမှာ အကျိုးဆောင် လုပ်နေတာပါ။ ဟုတ်ကဲ့ပါ။

“ညိုဦးလွင် ဆိုတဲ့ ကလောင်နာမည်နဲ့ ပြင်ဦးလွင်အကြောင်း တော်တော်များများ ကဗျာတွေ ရေးတာ ကိုသိန်းလွင်ဆို ကြည့်စမ်း၊ သိဘူးဗျာ။ ကဗျာတွေတော့ ဖတ်ဖတ်နေရ တာကြာပြီ။ ခင်ဗျားကလည်း ဘာမှ မပြောဘူးရယ်”

“တိုက်ဆိုင်ဦးမှဟာကို ဆရာရဲ့၊ တချို့ကလည်း စာဖတ်ရတာ ဝါသနာမှ မပါကြတဲ့ဟာ”

“ပါ ပါတယ်ဗျာ။ ခုဟာကလည်း ခင်ဗျား ဆရာ ဦးမင်းသစ်က လွှတ်လိုက်လို့ပါ။ ကူညီပါဦး”

“ရပါတယ် ဆရာ၊ ကျွန်တော် တတ်နိုင်သလောက် ကူညီပါ့မယ်”

တစ်မြန်နှစ်က မန္တလေးမှာ အပူလှိုင်း ဖြတ်တော့ သတင်းကြားလိုက်ကြတယ် မဟုတ်လား။ တချို့က ကားပေါ် ထိုင်နေရင်း ငုတ်တုတ်ကကို သေကြရတာ ဆိုတော့ လူတွေက အဲဒါ ကြောက်ပြီး မိအိုဖအိုတွေ ကလေးတွေကို ကားနဲ့ တင်ခေါ် ပြင်ဦးလွင် တက်လာနေကြ၊ အပူရှောင်ကြ ခေတ္တခဏ တည်းခိုခန်းတွေ၊ ဟော်တယ်၊ မော်တယ်တွေမှာ နေကြ၊ ဒီကတည်းက ပြင်ဦးလွင်မှာ မြေကွက်ဝယ်ဖို့ အကြံရကြပုံပါ။ ကြည့်ရတာ အဲဒီနှစ်တွေတုန်းကတော့ ကိုသိန်းလွင် သူ့ အလုပ်တွေ ခပ်စိပ်စိပ် လုပ်ရပါတယ်။ နောက်မှသာ မြေကွက်တွေ ဈေးအေးကုန်ကြတာ။

“ဒါနဲ့ ခင်မောင်မြင်ရဲ့ မြေကွက်ကရော ကျယ်ရဲ့လားဗျ။ ပေက ဘယ်လောက်တဲ့တုန်း။ မြို့သစ် ဘယ်အကွက်ထဲမှာတဲ့လဲ။ ခင်ဗျားကတော့ ပွဲစားဆိုတော့ နှံ့နှံ့စပ်စပ်သိမှာပါ”

“ဘာဖြစ်လို့လဲ ဆရာ၊ သူ့မြေကွက်က ပေ ၆၀ × ၄ဝ ပါ။ “အ” ရပ်ကွက်ထဲမှာ ရှိပါတယ်။ လမ်းမတန်း အကွက်ကျတဲ့ နေရာ မဟုတ်ပါဘူး။ အဲဒီလူမလည်း ငွေလေးအတန်ပိုလို့ ခြစ်ကုတ် ဝယ်ထားတာနဲ့ တူပါရဲ့။ ဘာဖြစ်လို့မေးတာလဲ ဆရာ”

“ဟာ... ဘာမှဖြစ်လို့ မေးတာ မဟုတ်ပါဘူးဗျ။ ကိုခင်မောင်မြင့် ဆိုတာက ကျွန်တော်တို့နဲ့ တစ်မြို့တည်းသားချင်းတွေ မို့ပါ။ တခြား အကြောင်းတော့ မဟုတ်ပါဘူးရယ်”

ကိုလှမောင်ကသာ အကြောင်းမရှိဘူးလို့ ကိုသိန်းလွင်ကို ပြောတာ။ သူတို့ မြေကွက် လိုက်လုပ်ပေးတုန်းမှာပဲ ခင်စန်းတင့် ပြောတဲ့ စကားတွေထဲမှာ ကိုခင်မောင်မြင့် နာမည် သုံး၊ လေးကြိမ်လား ပါတယ်။ ကိုလှမောင် ပါးစပ်ကတော့ ဘာမှ ပြောသံမကြားရပါဘူး။ မခင်စန်းတင့် ပြောတာကိုပဲ အလိုက်အထိုက် ပြောတဲ့သဘောပါ။ ကိုသိန်းလွင် စဉ်းစားနေတာက သူတို့တစ်တွေ ဘယ်လို ဘယ်ပုံ ပတ်သက်နေကြတာတဲ့လဲ။ ကိုသိန်းလွင် သိချင်တာပဲရှိတာ၊ ဟင့်အင်း မမေးပါဘူး။ ကြိုက်သော် ရှိ၊ မကြိုက်သော် ရှိ၊ စပ်လည်း မစပ်စုဘူး။

ဒီကြားကို မြေကွက်တွေက ဈေးအေးလိုက်တာ၊ တော်တော်ကြာမှ တစ်ကွက်လား အရောင်းအဝယ် ဖြစ်ပါတော့တယ်။ ဒီတော့လား ကိုသိန်းလွင် တစ်ယောက် သူ့ရုံးမှာပဲ ပြန်အထိုင်များပါတယ်။ ဒီကြားကို ကိုသိန်းလွင်ဆီ လာကြတဲ့ ဧည့်သည်တွေဆိုတာ မြေကွက် အရောင်းအဝယ်နဲ့ မပတ်သက်လည်း သွားလာနေကြတာပါပဲ။ လူမှုရေးက ရှိသေးဟာကိုဗျ - နောဗျာ။ တော်တော့ကို ကြာတော့ ဒီကြား လူတစ်ယောက်ကများ မြေ ဂရန်ကိစ္စ အကူအညီတောင်းလာခဲ့လို့ ရှိရင် မြန်ကောင်း သက်သာအောင် ဘယ်လို လုပ်ရပါ့။ ကိုသိန်းလွင် အတော်တော့ စဉ်းစားကြရမှာရယ်။

မြေကွက်အရောင်းအဝယ်က အေးတော့၊ ရုံးတက်လိုက် ကဗျာဈာန်ဝင်စားရင်း ထရေးလိုက် စိတ်တိုင်းကျတော့ မဂ္ဂဇင်းတွေပို့၊ ကိုသိန်းလွင် မတော့လား ပါရင် ပျော် မပါရင် မျှော်ပေါ့၊ မြေကွက်ကိစ္စသာ မဟုတ်ရင်ကာ ရှိမယ်။ ဒီကြား ဟိုက ဒီက ကိုသိန်းလွင်ဆီ ရောက်ရောက်လာကြတာလား ရှိပါ့ဗျာ။ ကဗျာဆရာ၊ စာရေးဆရာ၊ ဂျာနယ်လစ် အစုံပါပဲ။ ချယ်ရီပန်းများ၊ သစ္စာပန်းများ၊ စက်ဘီးစီးခြင်း၊ မြစ်ကျိုးအင်း၊ တစ်ခါတစ်ခါ တော့ သူ ရေးခဲ့တဲ့ကဗျာတချို့ကို လွမ်းပါရဲ့။

“ကိုသိန်းလွင် (ခေါ်) ကိုညိုဦးလွင်နော် ကဗျာဆရာ ဟုတ်ရဲလား”

“မှန်ပါ့ဗျာ။ အကြောင်းကိစ္စသာ ပြောပါ ဘာကူညီရမလဲ”

“စလင်း ကိုဌေးကြည်က လမ်းညွန်လိုက်လို့ ရောက်လာရတာပါဗျာ။ အလုပ်ကိစ္စကတော့”

မလုပ်တာကြာတဲ့ မြေကွက်ဂရန်ပေါက်ဖို့ကိစ္စ လိုက်လုပ်ပေးလိုက်ရတယ်။ အလုပ် ပြီးတော့ စာကဗျာအကြောင်း၊ တောအကြောင်း၊ တောင်အကြောင်းနဲ့ ပြောရင်းကနေ ကိုခင်မောင်မြင့်တို့ အကြောင်း ရောက်သွားခဲ့ရော။ ကိုလှမောင်နဲ့ ခင်စန်းတင့်တို့ အကြောင်း ရောက်သွားခဲ့ရော။ အဲဒီလူက အပြောကောင်းလေတော့ တကတဲဗျာ ကိုသိန်းလွင်ဆိုတာ ဇာတ်ကြောင်းပြောသူနောက် စီးမျောပါသွားခဲ့တာများ ငြိမ့်ငြိမ့်ညောင်းညောင်းပါလို့ ဆိုနေ အဟုတ်။

ဟို ... အညာမြို့ကလေး တစ်မြို့မှာ အတူတူ မွေးဖွားလာခဲ့ကြတာ။ ကျောင်းနေဖက် သူငယ်ချင်းတွေ သုံးယောက်။ ခင်မောင်မြင့်တဲ့ တစ်ယောက်က ခင်စန်းတင့်တဲ့။ နောက်တစ်ယောက်က လှမောင်တဲ့။ သူတို့ မိဘတွေကို ကြည့်ရင် မြို့မိမြို့ဖတွေပေါ့။ တောမြို့လေးဆိုတော့ အထိုက်အလျောက် စီးပွားဖြစ်ကြပါတယ်။ ဒီအထဲက လှမောင် တို့မိဘတွေက သာတာပေါ့။ ဟုတ်တယ် ပညာရေးဘက်က ကြည့်ရင်တော့ ခင်မောင်မြင့်က ဉာဏ်ထက်တယ်။ အတန်းထဲက မိန်းကလေးတွေထဲမှာ ခင်စန်းတင့်က ထိပ်ပေါ့။ ခင်မောင်မြင့်နဲ့ ခင်စန်းတင့်တို့ ဆိုတာ ပညာရည်ဆုတွေကလည်း တစ်လှည့်စီ ယူနေကြတဲ့အချိန်၊ လှမောင် တစ်ယောက်ကတော့ အေးအေးဆေးဆေးပါပဲ။ သူက ဓားမနောက်ပိတ်ခွေး ဆိုပေမယ့် ဘယ်တော့မှ မပူဘူး။ ငါတစ်ယောက်တည်း မဟုတ်ပါဘူးကွာ ငါရဲ့ အောက်မှာ ကျောင်းအုပ်ကြီးတစ်ယောက်လုံး ရှိနေပါသေးတယ်။ မယုံရင် ကြည့်နေ ပုံ ကျောင်းအုပ်ကြီး ဆိုပြီး အောင်လက်မှတ်မှာ လက်မှတ်ထိုးရဦးမှာလေ။ ဒီတော့ အတန်းထဲမှာလည်း အဆင့်အရ ငါက နောက်ပိတ်ဆုံး၊ ဘိတ်ချေး မဟုတ်တော့ဘူးပေါ့နော်လို့ ပြောတတ်တာ လှမောင်ပါ။

ဒီကောင်က သွားရည်ကျချင်တယ်။ ငေးမိငေးရာ ငေးတတ်တယ်။ တစ်ခါတလေများ ပါးစပ်ကြီးဟလို့ ငေးနေလိုက်တာများ၊ တကယ့်ကို ဖွတ်မေ့၊ ပဒတ်မေ့ပါဆိုနေ။ ဒီတော့ ဒီကောင်ကို အတန်းထဲက လူတွေက “ပြား ၉၀” လို့ ခေါ်ကြတာ ဆန်းသလား။ ဟောဗျာ လှမောင်ဆိုတဲ့ကောင် အချိန်တန် အရွယ်ရောက်တော့ သူက ဘယ်သူ့ကို ကြိုက်သလဲဆိုတော့ ခင်စန်းတင့်မှ ကြိုက် တာရယ်။ တကယ့်ကောင် ငွေတစ်မတ်နဲ့ ငါးကြင်းခေါင်းတက်ကိုင်တယ် ဆိုတာ ဒါမျိုးနေမှာပါ။

ကျောင်းသားဘဝမှာ တကယ် တွဲခဲ့ ချစ်ခဲ့ကြတာလည်း အများ ထင်သလိုပါပဲ။ ခင်မောင်မြင့်နဲ့ ခင်စန်းတင့်တို့ပါပဲ။ စာတော်တယ်၊ အားကစားထူးချွန်တယ်၊ နှစ်ယောက် စလုံးက ကျောင်းက အားထားရတဲ့ ဘက်စုံ မောင်မယ်တွေ။ လှမောင်ကတော့ ထုံးစံအတိုင်း ဓားမနောက်ပိတ်ခွေးက မတက်ပါဘူး။ အချိန်တန် အရွယ်ရောက်လို့ ကျောင်းတွေပြီး ဘွဲ့တွေရ သီးချိန်တန် သီး ပွင့်ချိန်တန် ပွင့်တော့ ခင်စန်းတင့် တစ်ယောက် ဘာစိတ်ကူးပေါက်သလဲ မဆိုနိုင်ဘူး၊ ခင်မောင်မြင့်နဲ့ ချစ်နေရာက တကယ် ယူဖြစ်တော့ လှမောင်နဲ့ ထိမ်းမြားမင်္ဂလာပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ပါတယ်။

“ရန်ကုန်သူရေ × လွမ်းလို့ကျန် လွမ်းလို့ကျန် ×× နှုတ်ဆက်ပြန်တော့ × မောင် ရင်မချိပါပြီ ××”

အလှူပွဲတစ်ခုစီက ကြားရတဲ့ အဆိုတော် မင်းအောင်ရဲ့ သီချင်းသံပါ။ ခင်မောင်မြင့်ကတော့ ရွာမှာတကယ် “စံပြ” ပါ။ ချစ်သူနဲ့ မပေါင်းရတဲ့ လူငယ်တွေ လုပ်နေကျ အလုပ်တွေ ဘာမှ မလုပ်ပါဘူး။ ဒီလိုပဲ ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက်ကို မသိမသာ ကျော်ခဲ့ပါတယ်။ အချစ်ရေးမှာ ကံခေလို့ ထင်ရဲ့၊ စီးပွားရေးကို ဇောက်ချလုပ်လိုက်တာ။ အောင်မြင်တယ်၊ ဆေးလိပ်ခုံ ထောင်တာပါ။ အလုပ်သမတွေကို အစိတ် သုံးဆယ် မကရင်သာ ရှိမယ်။ အိမ်ထောင်ပြုတော့ ငွေကြေးအတန်ငယ် ချောင်လည်တဲ့ တောသူကြီး သမီးကို ယူပါတယ်။ ဒိုးတူပေါင်ဖက် စီးပွား ရေးတွေ လုပ်တာ အောင်မြင်ပါတယ်။ ရပ်ကွက်ထဲမှာ ခင်မောင်မြင့်က ပြောင်းရိုးစင်းစက် ထောင်တော့ ကြားကမခံချည့်မခံသာ ဖြစ်ရတာ လှမောင် မဟုတ်ပါဘူး။ ခင်စန်းတင့်ပါ။

“အောင်မာ ... သူကရော ဘာမို့လို့လဲတဲ့၊ ပြောင်းရိုးစင်းစက်များ တို့လည်း ထောင်နိုင်ပါ့။ လှမောင် လုပ်၊ ထောင် - ပြောင်းရိုးစင်းစက် ..”

တကယ်ဆိုရင် လှမောင်က အချစ်ရေးမှာ ခင်မောင်မြင့်ထက် သာပြီး ကိုယ်ချစ်တဲ့သူနဲ့ ရလိုက်တာကိုက ဘဝမှာ ကျေနပ်စရာပါ။ နဂိုကမှ သွေးအေးတဲ့ လှမောင်၊ တခြား ဘာမှ မလုပ်ချင်ပါဘူး။ တစ်မြို့တည်း နေပြီး ပြိုင်လည်းမပြိုင်ချင်ဘူး။ ခင်မောင်မြင့် တစ်ယာက် သူ့ဘာသာ သူ ကြိုးစားလို့၊ ဘာကြီးပဲ ဝယ်နိုင်ပါစေ လှမောင် သဘောက ဘာမှကို မပြိုင်ချင်တာပါ။ ဒါပေမဲ့ ခက်တာက ခင်စန်းတင့်က မရပါဘူး။ ခင်မောင်မြင့်ကို သူပဲ တစ်ဖက်သတ်ချန်ထား၊ အနိုင်ပိုင်းခဲ့ ပြီးတော့မှ ခုထိကို ခင်စန်းတင့် စိတ်ထဲက ခင်မောင်မြင့်ကို ပြိုင်ချင်၊ နိုင်ချင်တဲ့ စိတ်တွေက မကုန်သေးပါဘူး။ ဟင့် ... အင်း...။

ရပ်ကွက်ထဲမှာ ခင်မောင်မြင့် မိန်းမ ဘာဝတ်သလဲလို့ ခင်စန်းတင့်က စောင့်ကြည့်နေတာ။ သူဝတ်တာ မြင်တာနဲ့ လိုက်ပြီး တုပဝတ်တာ။ မိန်းကလေးသဘာဝ ခက်လိုက်တာ။ ပြိုင်စရာတွေကလည်း အများသား၊ အဝတ်အစား၊ ရွှေထည်၊ လက်ဝတ်လက်စား၊ တစ်ခါတလေ ကိုခင်မောင်မြင့် မိန်းမက ပြိုင်ဖို့ သတိတောင် မထားမိပါဘူး။ ခင်စန်းတင့်က လိုက်ပြီး တုပနေတာပါ။ ခင်မောင်မြင့်ကို မရွေးခဲ့တာ သူ မမှားဘူး။ ဒီတော့ သူရဲ့ မသိစိတ်က ခင်မောင်မြင့်တို့က သူတို့ထက် စီးပွားရေးရော လူမှု ရေးမှာပါ သာသွားမှာကို အကြောက်ကြီး ကြောက်နေတာ၊ အစိုးရိမ်ကြီး စိုးရိမ်နေတာပါ။ ဒါဖြင့် ဘာဖြစ်လို့ အိမ်ထောင်ဖက်ကို ရွေးတဲ့အခါ ခင်မောင်မြင့်ကို မရွေးဘဲ ဟို လှမောင်ကိုမှ ရွေးခဲ့ရတာလဲ။ တစ်ခါတလေ ကျတော့ လျှို့ဝှက်တတ်ကြတဲ့ ဣတ္တိယတွေရဲ့ စိတ်ဓာတ်က တစ်အားကို ဆန်းကြယ်လွန်းပါတယ်။ တော်တော့ဟာ လိုက်လို့ကို မမီနိုင်လောက်အောင်ပါပဲ။

“ဟိုကောင်က လယ်ထွန်စက် ဝယ်လာတယ် ဆိုပဲ”

“ဟာ... တို့လည်း ဝယ်ပေါ့ဟ။ လက်ထဲ ပိုက်ဆံရှိနေမှဟာ၊ နောက်ကောက်မကျစေနဲ့ လုပ်...”

ခင်မောင်မြင့်တို့က ဆေးလိပ်ခုံ ထောင်တယ်။ ကားထောင်တယ်။ လှမောင်တို့ ခင်စန်းတင့်တို့က ပွဲရုံထောင်တယ်။ ခင်မောင်မြင့် တစ်ယောက် အချစ်ရေးမှာ လှမောင်ထက် နောက်ကောက်ကျရတာကို တွေးပြီး ကျိတ် ကြိုးစားလိုက်တာ၊ လှမောင်တို့ ထက်တောင်မှ ပိုသာနေသလိုလိုပါပဲ။ အဲဒီတော့ ခင်စန်းတင့် တစ်ယောက် အလကားနေရင်း အဘိဇ္ဇာတွေပွား၊ နေမထိထိုင်မသာ ဖြစ်နေရတာပေါ့။

“ခင်စန်းတင့် နင် ကြားပြီးပြီလား”

“ဘာတုန်း မဝင်းရဲ့။ ဘာမို့ ငါက ကြားရမှာတဲ့တုန်း”

“ဟယ်တော် ကြည့်ပါဦး၊ ခင်မောင်မြင့်တို့က ပြင်ဦးလွင်တက် မြေကွက် ဝယ်တာ နင် လုံးဝ မကြားဘူးပေါ့”

“အေးဟယ် ... သူငယ်ချင်းရယ် ငါ့မလည်း အိမ်က လှမောင်ကို တွန်းနေရင်းကကိုပဲ တစ်မြို့တည်း နေပြီး ဘာမှကို မသိတာ၊ မကြားတာပါဟယ်။ ကျေးဇူးတင်ပါ တယ်။ နောက် နင်ကြားတာရှိရင် လာပြောပါဦးဟယ် ... နော်”

စဉ်းစားကြည့်။ ပြင်ဦးလွင် ဆိုတာ မြန်မာပြည်မှာ လူတကာ စိတ်ဝင်စားကြတဲ့ မြို့၊ အဲ့ဒီလို မြို့မှာမှ ခင်မောင်မြင့်က မြေကွက်ဝယ်တယ် ဆိုတော့... ဒါတောင် လျှို့ ဝှက်ထားပုံရတယ်။ သူများ ပြောမှ သိတာ။ ခင်စန်းတင့်ကို ဒီလိုနည်းနဲ့တော့ အကြော မခံနိုင်ပေါင်ဆိုပြီး လှမောင်ကို ဖုတ်ပူမီးတိုက် စုဝယ်ခိုင်းလိုက်တာ။ တကယ်တော့ ခင်စန်းတင့်တို့ နေဖို့မှ မဟုတ်တာ၊ ဟိုတစ်ယောက် ဘက်ကို မခံချင်လို့ ဝယ်တဲ့ဟာပဲ။ ဒီတော့ စတိသဘော ဝယ်တာဆိုတော့ ကိုသိန်းလွင်ကို သိပ်ပြီး ပတ်ကားကြီး အရှာ မခိုင်းပါဘူး။ အဖြစ်သဘောပါ။ ဟင့်... အင်။

ခင်စန်းတင့် အဖြစ်က ရွာတစ်ရွာက မိန်းကလေးတစ်ယောက်နဲ့တောင်မှ သွား တူနေပါသကောလား။ ဒီလိုပဲ တစ်ခါက ရွာတစ်ရွာက မိန်းမပျိုလေးတစ်ယောက် ဖူးစာရှင်ရွေးတော့ သူ့ကို ကြိုက်နေကြတဲ့ ကာလသားတွေထဲက နှစ်ယောက်ကို ယှဉ်ရွေး သတဲ့။ တစ်ယောက်က ရွာမှာ ပိုက်ဆံချမ်းသာတယ်။ ရှိတာမှ ခေတ်အဆက်ဆက် ချမ်းသာတာတဲ့။ နောက်တစ်ယောက်ကတော့ ရွာထဲမှာ စာရင်းငှား သာသာပါ။ မိန်းကလေးတို့ မိသားစုထက်ကို အတော် နိမ့်ကျတာပါ။ အဲဒီ နှစ်ယောက် ယှဉ်ကြည့်တော့ မိန်းကလေးက စဉ်းစားသတဲ့။

ဟိုတစ်ယောက်က ရွာမှာ ချမ်းသာတာတော့ မှန်ပါရဲ့။ ဒါပေမယ့် ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ ဆိုတဲ့ စကားပုံ ရှိတော့ ရန်သူမျိုးငါးပါးကြောင့်များ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးခဲ့ရင်ကော ဘယ်လို လုပ်ကြပါ့မလဲ။ နဂိုကမှ သူဌေးသား ယူထားတော့ နိမ့်ကျတဲ့ဘဝ ရောက်တဲ့အခါ ထင်းမခွေတတ်၊ ရေမခပ်တတ်ရင်ကော ဘယ်လို လုပ်ရပါ့။ နွားမကိုင်တတ်၊ ထယ်မထိုးတတ်ပါဘူးတဲ့ ဘယ်လိုလုပ် တောင်သူလုပ်စားပါ့မလဲ။ မိန်းကလေးရဲ့ တွေးပုံပြောတာပါ။

စာရင်းငှားကောင်လေး ယူရင်တော့ ဒီထက် ပိုမဆင်းရဲနိုင်တော့ပါဘူး။ ဘဝပေး အခြေအနေအရ ထင်းခုတ်စားရဦးမလား၊ သစ်ပင်တက်ခိုင်းဦးမလား၊ ငြင်းမယ့်သူစား မဟုတ်လို့၊ နောက်ပြီး ကိုယ်က ဘာပဲပြောပြော နာခံမယ်။ သူ့ကို ရွေးတာဟာ မခင်စန်းတင့်ရဲ့ အိမ်ထောင်ဖက်ရွေးချယ်နည်းနဲ့ သွား တူမနေဘူးတဲ့လား ဟင်... လို့ ..။

“ကိုသိန်းလွင်ကို ခပ်တိုးတိုး တိုင်ပင်ရအောင် ကျွန်မတို့ လာတာပါ”

“ပြော... မခင်စန်းတင့်၊ ကျွန်တော် ဘာဆောင်ရွက်ပေးရမလဲ”

“လွန်ခဲ့တဲ့နှစ်က ဝယ်ခဲ့တဲ့ မြေကွက် ပြန်ရောင်းချင်လို့ပါ”

“ခုက မြေကွက်တွေ ဈေးအေးနေတာနော်”

“ပေါက်ဈေးပေါ့၊ အေးပလေစေပါ ရပါတယ်။ ဒါပေမဲ့ ကိုသိန်းလွင်ကိုတော့ ကြို ပိတ်ထားရဦးမယ်”

“ကျွန်မတို့ ပြင်ဦးလွင်က မြေကွက် လာရောင်းတဲ့ အကြောင်း၊ ဘယ်သူ့မှ မပေါက်ကြားပါစေနဲ့နော်”

“ဒါကတော့ စိတ်ချပါဗျာ။ ကျွန်တော်တို့ရဲ့ တာဝန်က စောင့်ထိန်းကြရဖို့ပါ”

“ကျေးဇူးတင်ပါတယ် .. ကိုသိန်းလွင်ရယ် ဟင်း...ဟင်း”

▢  မောင်သင်းထုံ ( ကျောက်မဲ )
📖 မဟေသီ မဂ္ဂဇင်း
      အောက်တိုဘာ ၊ ၂၀၁၅

No comments:

Post a Comment