Sunday, November 8, 2026

ကြယ်လေးရဲ့ ကောင်းကင်


❝ ကြယ်လေးရဲ့ ကောင်းကင် ❞ 
        ▢  မိုးကျော်ဇင်

ညရဲ့ ကောင်းကင်ဟာ ရင့်ကျက်တည်ငြိမ်နေလို့။ တိမ်မျှင်တိမ်ဆုပ်တွေကို လှည်းကျင်းထားတဲ့ ညရဲ့ ကောင်းကင်ဟာ အမှုန်အမွှား ကင်းစင်တဲ့ နက်ပြာရောင် အဆုံးအစမဲ့ ရွက်ဖျင်အမိုးကြီးလိုပဲ။ အဲ့ဒီ နက်ပြာရောင် ရွက်ဖျင်အမိုးပေါ်မှာ ကြယ်ပွင့်လေးတွေ ရှင်သန်နေကြပုံက တန်ခိုးရှင်တစ်ယောက်ရဲ့ အနုပညာ စိတ်ကူးစိတ်သန်းနဲ့ စိန်ပွင့်လေးတွေ ဖြန့်ကြဲထားသလိုပေါ့။ ညကောင်းကင်ရဲ့ ကြယ်ပွင့်လေးတွေကို မော့ငေးရင်း ကြယ်ကလေးရဲ့ အလွမ်းက ကမ္ဘာတစ်ဖက်ခြမ်းက အမေ့ဆီ ဖျတ်ခနဲလှမ်းခုန်သွားလေရဲ့။ ဒီအချိန် အမေ ဘာလုပ်နေမလဲ။ နံရံပေါ်က ကြယ်ကလေးရဲ့ ဓာတ်ပုံကို ဖြုတ်ကြည့်ရင်း မျက်မှန်လေး တမမနဲ့ မေတ္တာတရားကို ဆဆပြီး ဓာတ်ပုံပေါ်က ဖုန်မှုန့်လေးတွေကို အလွမ်း တဘက်ကလေးနဲ့ သုတ်သင်နေမလား။ ဒါမှမဟုတ် ဝရန်တာမှာ သော့ခတ်ထောင်ထားတဲ့ ကြယ်ကလေး စီးနေကျ ပြိုင်ဘီးလေးကိုပဲ စိုက်ငေးနေမလား။ ဒါမှမဟုတ် ကျွမ်းသွားတဲ့ မီးချောင်းတစ်ချောင်းကို အသစ်လဲနေမလား။ အလုပ် ကောင်းကောင်းလုပ်ဖို့ ငြင်းဆန်နေတဲ့ ထမင်းပေါင်းအိုးကို တက်စတာလေးတစ်ချောင်းနဲ့ ထိုးဆွနေမလား။

အို ... အမေရယ်၊ အမေ အဲဒီလို ယောက်ျားကြီး တစ်ယောက်လို လျှပ်စစ်ပစ္စည်းတွေကို တနှိုက်နှိုက် တချွတ်ချွတ် လုပ်နေတာ မြင်ရတိုင်း ကြယ်ကလေးရဲ့ အမာရွတ်တွေက သွေးပြန်ပြန်စို့လာတယ် အမေ။ အဲဒီ တုန်းက ကြယ်ကလေးတို့ဆီ အဖေ ပြန်မလာဖြစ်ခဲ့တဲ့ နေ့ရက်ပေါင်း များစွာထဲက နေ့ရက် တချို့မှာပေါ့။ တော မှောက်ခံရတဲ့ လူတစ်ယောက်လို အဖေ့ခြေထောက်တွေ ကျိန်စာသင့်ခဲ့တဲ့ အစောပိုင်း ကာလတွေလေ။ လင်မရှိတာချင်း အတူတူ မုဆိုးမထက် တစ်ခုလပ်မိန်းမက ရပ်တည်ဖို့ ပိုခက်ခဲသတဲ့လား အမေရယ်။ အမေက တစ်ခုလပ်တောင်မှ ပီပီပြင်ပြင် ဖြစ်ခွင့် ရှိသေးတာမှ မဟုတ်တာ။ “ယောက်ျားက မနှစ်သက်တော့လို့ အပစ်ခံထားရတဲ့မိန်းမ” ဆိုပြီး ကွယ်ရာအသံတွေနဲ့ အမေ့နှလုံးသားပေါ် သံပူတံဆိပ်တွေ ဝိုင်းကပ်နေကြချိန်မှာပေါ့။

အမေ့မှာ လျှပ်စစ်ပစ္စည်း တစ်ခုခု ချို့ယွင်းတိုင်း အိမ်နီးချင်း ဦးလေးကြီး တစ်ယောက်ကို မျက်နှာပူပူ၊ အား နာနာနဲ့ အကူအညီတောင်းနေကျပေါ့။ အဲဒီ ဦးလေးကြီးကလည်း ရိုးရိုးသားသား စေတနာနဲ့ ကူညီပေးတာပါ။ ဒါပေမဲ့ အမေရယ်၊ တစ်ခုလပ် ဆိုတဲ့ သံပူတံဆိပ်ကြီးနဲ့ အမေ့ကို အဲဒီ ဦးလေးကြီးရဲ့ ဇနီးသည်က မရှိခိုးနိုး မျက်နှာမျိုးနဲ့ မိုးကြည့်ခဲ့တယ်မို့လား။ မရှိခိုးနိုး မိုးကြည့်ရုံနဲ့ အားမရသေးဘဲ အရပ်ထဲက အတင်းအဖျင်း ခုံရုံးမှာ သားပုပ်လေလွင့် စွဲချက်တွေ တင်ခဲ့သေးတာ။ ဒီအခါမှာတော့ အဖေ့စိတ်နဲ့ ငွေ့ရည်တွေ ပြည့်နေတဲ့ အမေ့မိုးတိမ်တွေ မထစ်မချုန်းဘဲ သဲသဲမဲမဲ ရွာချပစ်ခဲ့တာ ကြယ်ကလေး ဘယ်မေ့ပါ့မလဲ အမေ။ အဲ့ဒီနောက်မှာတော့ အမေဟာ ကြယ်ကလေး လက်ကို ဆွဲပြီး မလုံခြုံတဲ့ ပတ်ဝန်းကျင်က ပြေးထွက်ခဲ့တယ်။ လူနေကျဲပါးလွန်းလှတဲ့ ရပ်ကွက်သစ်လေးထဲက ခြံစည်းရိုး ခတ်မထားတဲ့ ဝါးအိမ်ကလေးကို ငှားရမ်းလိုက်တယ်။ ဘာပဲဖြစ်ဖြစ် အဲ့ဒီ အကာအရံမဲ့ ခြံဝင်းလေးက အရင် ရပ်ကွက် ဟောင်းထက်တော့ ပိုလုံခြုံခဲ့တာ ငြင်းမရပါဘူး။ ပြီးတော့ ကာလရှည်ကြာ ကျိန်စာမိသလို အိမ်ပြန်လမ်းပျောက်နေတဲ့ အဖေဟာ ကြယ်လေးတို့ရဲ့ ဝါးအိမ်တံခါးလေးကို လာခေါက်ခဲ့တယ်လေ။

အဖေ ပြန်လာတော့ ကြယ်ကလေး ဝမ်းသာလိုက်တာ။ ကြယ်ကလေးထက် ပိုဝမ်းသာခဲ့တာ အမေပေါ့ ။ အမေ့တံခါးတွေဟာ အဖေ့အတွက် ဘယ်တော့မှ သော့ခတ်ထားတာမှ မဟုတ်တာ။ ကြယ်ကလေးတို့မိသားစု ဝါးအိမ်ကလေးမှာ သုညက ပြန် စ,ကြမယ်ပေါ့။ အဖေကလည်း ပြုံးလို့၊ အမေကလည်း ပျော်လို့၊ ကြယ်ကလေးလည်း မြူးလို့ပေါ့။ မှတ်မှတ်ရရ အဲ့ဒီတုန်းက ကြယ်ကလေးက တတိယတန်းပေါ့။

အဖေက တက္ကစီမောင်းတယ်။ အမေက ညနေရုံးဆင်းတာနဲ့ အဖေ့ကားနဲ့ လိုက်တယ်။ အဖေ့ရဲ့ ပိုင်ရှင်အစစ် ဆိုတာ ငါပဲဟေ့လို့ အမေ ကြွေးကြော်ချင်တာလား၊ အဖေ့အနားမှာ အရိပ်တစ်ခုလို ရှင်သန်နေချင်လို့လား၊ အဖေ့ရဲ့ ခြေထောက်တွေ နောက်ထပ်တစ်ဖန် တောမှောက်ခံရပြီး အိမ်ပြန် မရောက်တော့မှာပဲ စိုးရိမ်လို့လား။ အကုန်လုံး ဖြစ်နိုင်တာချည်းပါပဲ။ ကြယ်ကလေးကတော့ ဝါးအိမ်ကလေးထဲက လေးခန်း ဘက်ထရီအိုးလေးနဲ့ ထွန်းထားတဲ့ တစ်ပေမီးချောင်းလေး အလင်းအောက်မှာ အိမ်တံခါးဝကို ငေးရင်းနဲ့ပဲ ညနေခင်းပေါင်းများစွာကို ရေတွက်လို့ပေါ့။ ဘာပဲဖြစ်ဖြစ် ည ၈ နာရီလောက် အဖေနဲ့ အမေ နှစ်ယောက်တွဲ ပြန်လာတာ မြင်လိုက်ရရင် ကြယ်ကလေးရဲ့ ညနေခင်းတွေဟာ မြူးထူး က,ခုန်သွားတာပါပဲ။

တစ်နေ့မှာတော့ တစ်ပေ မီးချောင်းလေး အောက်က ကြယ်ကလေးရဲ့ ညနေလေးတစ်ခု ကျကွဲသွားခဲ့ရပါတယ်။

အဲ့ဒီညနေက ည နာရီအထိ အဖေနဲ့ အမေ ပြန်ရောက်မလာကြသေးဘူး။ အဖေနဲ့ အမေရဲ့ တိုးတိုးတိုးတိုး တွတ်ထိုး လျှောက်လာတဲ့ အရိပ်အသံတွေ မမြင်မကြားရသေးဘူး။ ည ၈ နာရီခွဲပြီးတော့ ကြယ်ကလေးရဲ့ အစာအိမ်က ကြယ်ကလေးကို ပူဆာနေလှပြီ။ မီးဖိုခန်းထဲမှာ ဘာစားစရာမှ မရှိမှန်း ကြယ်ကလေး သိတာပေါ့။ အမေနဲ့ အဖေ ပြန်လာပြီး တန်ခိုးနဲ့ ဖန်ဆင်းမှ ကြယ်ကလေးတို့ ဝါးအိမ်ကလေးက အသက်ပြန်ဝင်ရတာကိုး။ ဒါပေမဲ့ ဆန်အိုးထဲမှာ ဆန် ရှိမှန်းတော့ ကြယ်ကလေး သိထားတယ်။ ည ၉ နာရီ ထိုးတော့ ကြယ်ကလေး မနေနိုင်တော့ဘူး။ မီးဖိုခန်းထဲ ဝင်ပြီး မနက်ကတည်းက သေဆုံးနေခဲ့တဲ့ ထင်းမီးဖိုလေးကို အသက်ပြန်သွင်းဖို့ စက္ကူစတွေ၊ ထင်းချောင်းတွေနဲ့  ကြိုးစားတော့တာပါပဲ။ ဘာကြောင့်ရယ်တော့ မသိဘူး၊ ကြယ်ကလေး လက်တစ်ဖက်မှာ ဇလုံအလွတ်ကြီး တစ်လုံးလည်း ကိုင်ထားမိသေးရဲ့။ ဒါပေမဲ့ မနက်ကတည်းက အမေကိုယ်တိုင် ရေဖျန်းပြီး ငြိမ်းသတ်ထားခဲ့တဲ့ မီးဖိုလေးဟာ ကြယ်ကလေးရဲ့ မကျွမ်းကျင်မှုကြောင့် မီးတောက်လာလိုက်၊ ငြိမ်းသွားလိုက်၊ မီးခိုးတွေ အူလိုက်နဲ့ပေါ့။ အဲ့ဒီအချိန်မှာ အမေ ပြန်ရောက်လာတယ်။ အဖေ ... အဖေတော့ ပြန်ပါမလာဘူး။ အမေ့ မျက်နှာက လည်း ပြိုကျတော့မယ့်ဆဲဆဲ မိုးတိမ်ကြီးပေါ့။ မီးဖိုဘေးမှာ ဇလုံအလွတ်ကြီး လက်တစ်ဖက်က ကိုင်လို့၊ မီးမွှေးဖို့ ကြိုးစားနေတဲ့ ၈ နှစ်သားလေးကို မြင်တော့ အမေ တုန်လှုပ်သွားပုံပဲ။

“ဟင်... သား... မီးတွေ မွှေးပြီး ဘာလုပ်နေတာလဲ....”

အမေ့အသံက အလန့်တကြားနဲ့။ ကြယ်ကလေးက လက်ပူးလက်ကြပ် အမိခံလိုက်တဲ့ အပြစ်သားလေးလို အသံတွေ တုန်လို့။

“သား.... သား ဗိုက်ဆာလို့ ထမင်းအိုးတည်မလို့ အမေ...”

အမေ ဘာမှ ထပ်မပြောတော့ဘဲ တဒင်္ဂ ငြိမ်သက်သွားတယ်။ ကြယ်ကလေးကို စိုက်ကြည့်နေတယ်။ ပြီးတော့ ကြယ်ကလေးကို ဖက်ပြီး အားရပါးရ ငိုတော့တာပါပဲ။

“သားရယ် ... အမေ နောက်နေ့ကစပြီး သင်း (ဒင်း) နောက်ကို လုံးဝ မလိုက်တော့ပါဘူး၊ အမေ လုံးဝ မလိုက်တော့ဘူး သား...၊ ဒင်း ဘာလုပ်လုပ် အမေ ဂရုမစိုက်တော့ဘူး...”

ငိုသံတွေ ကြားက အတင်းရုန်းကန်ထွက်လာတဲ့ အမေ့စကားသံတွေကလည်း တုန်ယင်လို့။ ဒါပေမဲ့ အမေ ကတိတည်တယ်။ နောက်နေ့က စပြီး ဝါးအိမ်ကလေးရဲ့ ညနေခင်းတွေမှာ ကြယ်ကလေး တစ်ယောက်တည်း အထီးကျန် မနေတော့ဘူး။ နောက်မှ သိရတာက အဲ့ဒီ ညနေခင်းက အဖေ့ခြေထောက်တွေကို ပြုစားဖို့ ကျိန်စာဟောင်းတွေ အသက်ပြန်ဝင်လာခဲ့တယ်တဲ့။ ဒီလိုနဲ့ အဖေနဲ့ အမေ ဝါးအိမ်လေးမှာ ပြန်ရေးနေကြတဲ့ သုညလေးဟာ ပီပီပြင်ပြင် မဝိုင်းမိခင်မှာပဲ တွန့်ကွေးပြတ်တောက်သွားခဲ့ရပါတယ်။

••••• ••••• •••••

ဒီ့နောက်တော့ အဖေဟာ ကြယ်ကလေးတို့ ဘဝထဲ ဝင်လိုက်၊ ထွက်လိုက်ပါပဲ။ အဖေ့အတွက် ဘယ်တော့မှ သော့ခတ် မထားတဲ့ အမေ့ရင်ခွင်တံခါးကို အဖေက သူ့စိတ်ကြိုက် ဖွင့်ချင်ဖွင့်၊ ပိတ်ချင်ပိတ်။ အမေကတော့ အဖေ ပြန်လာရင် ပြုံးလိုက်၊ အဖေ ပြန်မလာရင် မျှော်လိုက်ပေါ့။ ဒါပေမဲ့ အမေ့မျက်နှာမှာ အပြုံး ဆိုတာက ရှားပါးပစ္စည်း တစ်ခု ဖြစ်ဖြစ်လာခဲ့တယ်။

အဖေရဲ့ အိမ်ပြန်ချိန်ဆို ကြယ်ကလေးဟာ ခုန်ပေါက် လို့ပေါ့။ ကောင်းကင်က ကြယ်ကလေးတွေနဲ့ ပြေးတမ်းလိုက်တမ်း ကစားလို့ပေါ့။ အဖေပေးတဲ့ မုန့်ဖိုးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လို့၊ ပြီးတော့ အဖေ့ လက်မောင်းအိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လို့၊ ကမ္ဘာ ကြီး တစ်ခုလုံးကို အိတ်ကပ်ထဲ ထည့်လို့။ အဖေနဲ့ ပတ် သက်ပြီး ဒဏ်ရာဗရပွ ဖြစ်နေတဲ့ အမေ့ကို မသနားမိဘဲ ငါ့ အဖေက စွံလိုက်တာ ဆိုတဲ့ ရူးပေါပေါ မိုက်မဲအတွေးတွေနဲ့ ဂုဏ်ယူစရာ သိပ်မရှိတဲ့ အဖေ့ ကိုယ်ရေးအကျဉ်းထဲက ကောင်းကွက်ကို ကြံကြံဖန်ဖန် လှည့်ပတ်တွေးခဲ့သေးတာ။ ဒီအတွေးဟာ အမေ့အတွက် ဘယ်လောက် ရက်စက်မယ်မှန်းလည်း မသိခဲ့ဘူးပေါ့။ အဖေ အိမ်ပြန်လာတိုင်း အမေ မပေးနိုင်တဲ့ မုန့်ဖိုးပမာဏကို ကြယ်ကလေး ရနေကျ။ ဒါပေမဲ့ ကြယ်
ကလေး အဖေ့ဆီက တကယ် လိုချင်တာ ကတိတစ်ခုပဲ။

“အဖေ .. အဖေ ဘာပဲဖြစ်ဖြစ် နောက်ထပ် သားသမီး ထပ်မယူရဘူးနော်၊ အဖေ့ဘဝမှာ သားတစ်ယောက်တည်းပဲ ရှိရမယ်၊ သားက အဖေနဲ့ အမေရဲ့ အမြဲတမ်း နံပါတ်တစ်ပဲ ဖြစ်ချင်တာ... အဖေ သားကို ကတိပေး...”

ကြယ်ကလေးက အဖေ့ဆီက ကတိတစ်ခုကို မေတ္တာ သူဖုန်းစားလေးလို တရရ တောင်းနေတော့ အဖေ ရယ် လိုက်တာ။ မီးဖိုခန်းထဲက အမေ့ဆီတောင် ရယ်လက်စ မျက်နှာနဲ့ ဖျတ်ခနဲလှမ်းကြည့်လိုက်သေးတယ်။

“စိတ်ချပါ သားရ၊ အဖေ ကတိပေးပါတယ်၊ ဟုတ်ပြီလား”

အဖေက အလွယ်တကူပဲ ကြယ်ကလေးကို ကတိပေးခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီ ကတိကလေးက ကြယ်ကလေး လက်ထဲတောင် မရောက်ရသေးဘူး၊ မြေပြင်ပေါ် တစ်စ စီ ကျကွဲသွားခဲ့တာ ကြယ်ကလေး ဘယ်မေ့ပါ့မလဲ။ ငယ်ကတည်းက သစ္စာထားခဲ့တဲ့ အမေ့ကိုတောင် ကတိ ဖျက်ခဲ့တဲ့ လူတစ်ယောက်ဟာ မူလတန်းအရွယ် မေတ္တာ သူဖုန်းစားလေးရဲ့ ရင်ခွင်ထဲ လက်လွတ်စပယ် ပစ်ချပေး လိုက်တဲ့ ကတိတစ်ခုကို မထိန်းသိမ်းခဲ့တာ အံ့သြစရာ မဟုတ်ပေမဲ့ ကြယ်ကလေး ကြေကွဲခဲ့တာပေါ့။ ကြယ်ကလေးမှ မဟုတ်ပါဘူး၊ အမေ ဆိုတာ ညတိုင်းညတိုင်း ရှိုက်သံတွေနဲ့ မိုးလင်းခဲ့ရတာ မဟုတ်လား။

အဖေ့ရဲ့ ဒုတိယကမ်းခြေမှာ အဖေ့ရဲ့ နောက်ထပ် မျိုးဆက်အသစ်ကလေး ဆိုက်ကပ် နေပြီတဲ့။

ဒီချော်ရည်ပူ သတင်းဆိုးဟာ ကြယ်ကလေးတို့ရဲ့ ဝါးအိမ်ကလေးထဲ မဟာ ဒီလှိုင်းကြီးလို အရှိန်ပြင်းပြင်း ရိုက်ခတ်ခဲ့တာကို ရင်နဲ့ ဆီးခံခဲ့ရတဲ့ အမေနဲ့ ကြယ်ကလေးက လွဲလို့ ဘယ်သူမှ မသိလိုက်ပါဘူး။ အဲ့ဒီကတည်းက ကြယ်ကလေး အဖေ့အိမ်ပြန်ချိန်ကို မမျှော်လင့်တော့ဘူး။ အဖေ့အတွက် သားတစ်ယောက်တည်းနော်ဆိုတဲ့ နှုတ် ကျွံမိခဲ့တာကိုတောင် ရှက်ရွံ့မဆုံးတော့ဘူး။ အဖေလည်း အိမ်ပြန်လာချိန်တွေက ပိုပြီး ကျဲပါးသွားခဲ့တယ်။ အမေ့မျက်နှာကလည်း ရက်စက်လက်သရမ်းတွေနဲ့ အကြိမ်ကြိမ် ထိခတ်ခံထားရတဲ့ ပန်းပွင့်လို နွမ်းကြေလို့ပေါ့။

တစ်ခုတော့ ရှိတယ်။ အဖေက အမေ့ကို တစ်ခါမှ မရိုက်ဖူးဘူး။ အင်း...တကယ်တော့ ရိုက်နှက်တာထက် ပိုနာကျင်အောင် သံသရာအထိ ပါမယ့် ဒဏ်ရာတွေကိုတော့ ပေးနေတာပဲ။ ပြီးတော့ ကြယ်ကလေးကိုလည်း တစ်ခါမှ မရိုက်ဖူးဘူး။ ဒါပေမဲ့... အဲဒီနေ့က အဖေ ကြယ်ကလေးကို ရိုက်ဖြစ်အောင် ရိုက်ခဲ့ပါတယ်။

အဖေနဲ့ အမေက ဝါးအိမ်ကလေးမှာ အပ်ကြောင်းထပ် ပြဿနာနဲ့ ထုံးစံအတိုင်း ရန်ဖြစ်ကြတယ်။ ကြယ်ကလေးက ဝါးအိမ်ကလေးရဲ့ အတက်အဆင်း သစ်တုံးတိုလေးပေါ် ထုံဆေးပေးခံထားတဲ့ ယုန်သူငယ်ကလေးလို ထိုင်လို့ပေါ့။ ရန်ဖြစ်တယ် ဆိုပေမဲ့ အမေက အဖေ့ကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေချည်းပါပဲ။ တကယ်တော့ ဒါဟာ အရှင်လတ်လတ် နှလုံးသားကို မီးလောင်ခံနေရတဲ့ မိန်းမတစ်ယောက်ရဲ့ ထွက်ပေါက်တွေ ဆိုတာ အမေ့ဒဏ်ရာတွေ ကုစား မရအောင် ကျွမ်းလာတော့မှ ကြယ်ကလေး သိခဲ့ရတာပါ။ အမေက နူးညံ့သိမ်မွေ့လွန်းတဲ့ ချစ်မေတ္တာကို အဖေ မြင်အောင် မပြတတ်သလို အဖေ့ဘက်ကလည်း မြင်အောင်ကြည့်ဖို့ စိတ်မဝင်စားခဲ့ဘူး ထင်ပါရဲ့။ ဒီလိုနဲ့ အဖေ့အသိထဲ အမေဟာ ဗီလိန် ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတယ်။ ဒီလိုနဲ့ ဝါးအိမ်ကလေးထဲမှာ တစ်ချိန်က အမြတ်တနိုး ဆုပ်ကိုင်ခဲ့ကြတဲ့ လက်နှစ်စုံဟာ ကြိုးဝိုင်းအသွင်းခံလိုက်ရသလိုပါပဲ။

တစ်ခါမှာတော့ အဖေက အမေ့လက်နှစ်ဖက်ကို ချုပ်ပြီး ကိုယ်လုံးကို တက်ဖိထားတယ်။ အမေ့ရဲ့ တိုက်စစ်ကို ကာကွယ်ဖို့ပေါ့။ အဲ့ဒီမှာ ရုတ်တရက် ပေါ်လာတဲ့ အကြံမျိုးနဲ့ အမေက ကြယ်ကလေးကို စစ်ကူလှမ်းတောင်းတယ်။

“သားရေ... အမေ့ကို ဓားပေးစမ်း.. ဓားယူပေးစမ်းပါ ...”

ကြယ်ကလေးလည်း ဘာမှ မပြောဘဲ ထရံမှာ ထိုးထားတဲ့ လေးကင်းဓားကြီး ဆွဲနုတ်လိုက်တယ်။ ကြယ် ကလေးလက်ထဲ ဓားကိုင် လိုက်တာလည်း မြင်ရော သတိဝင်သွားပုံရတဲ့ အမေ တစ်ယောက် အထိတ်တလန့် လှမ်းအော်လိုက်တာ။ ကြယ်ကလေးတောင် တုန်ခနဲဖြစ်သွားတယ်။

“ဟဲ့...သား... မလုပ်နဲ့ မလုပ်နဲ့..”

အဖေဆို ကြယ်ကလေး အပေါ် စိတ်တွေ မဆိုးစဖူး ဆိုးလိုက်တာ။ ကြယ်ကလေး လက်ထဲက ဓားကို ဆတ်ခနဲ ဆွဲလုပြီး ကြယ်ကလေး နားရင်းကို ဖြောင်းခနဲတစ်ချက် ရိုက်ချလိုက်တာ မီးတွေပွင့်သွားတာပဲ။ ကြယ်ကလေးလည်း ရှေ့ကို စိုက်ခနဲပေါ့။

“ဘာလဲ.. မင်းက ပထွေးစာ မိချင်လို့လား...”

ဟားဟားဟားဟား။ အမေရယ် အဲ့ဒီတုန်းက ကြယ်ကလေး ခုလို ရယ်ချင်လိုက်တာ။ ဒါပေမဲ့ အဲ့ဒီတုန်းက ကြောက်လန့်နာကျင်စိတ်နဲ့ မရယ်မောဖြစ်ပါဘူး။ အမေရယ်၊ ကြယ်ကလေးအတွက် မိထွေးတစ်ယောက် ပေးထားတဲ့ အဖေက “ပထွေးစာ မိချင်လို့လား” ဆိုတာကတော့ ကြေကွဲဇာတ်ဝင်ခန်းတွေ ပြည့်နှက်နေတဲ့ ကြယ်ကလေးရဲ့ ငယ်ဘဝရုပ်ရှင်မှာ အကောင်းဆုံး၊ အရှားပါးဆုံးနဲ့ အပြောင်မြောက်ဆုံး ပြက်လုံး တစ်ခုပေါ့ အမေ။

နောက်တစ်နေ့ အမေ ရုံးသွားနေတုန်း အဖေ ပြန်ထွက်သွားတယ်။ အဲ့ဒီအချိန်က စပြီး အဖေ အိမ်ပြန်လာတယ် ဆိုတာ အမေနဲ့ ကြယ်ကလေး ဘဝမှာ လုံးဝ မရှိတော့ဘူး။ ပိုပြီး ကြေကွဲဖို့ကောင်းတာက အိမ်မှာ ရှိရှိသမျှ လက်ဝတ်လက်စားလေးတွေ၊ အမေ စုထားတဲ့ပိုက်ဆံတွေ အကုန်လုံး သိမ်းကျုံးယူသွားခဲ့တာပဲ။ အဖေ့ရဲ့ ချစ်မေတ္တာ ငတ်မွတ်ခဲ့တဲ့ အမေနဲ့ ကြယ်ကလေးရဲ့ ဘဝယိုင်ယိုင်လေးကို လုံးဝ လဲပြိုသွားအောင် တိုက်ခိုက်ခဲ့တာများလားလို့ နာနာကျင်ကျင် တွေးမိတတ်ပါရဲ့။ အမေကတော့ ရုံးက ပြန်အရောက် အိမ်မှာတောင် မထိုင်နိုင်သေးဘဲ လည်ပင်းက ဆွဲကြိုးမျှင်မျှင်လေးကို ချွတ်လို့ အပေါင်ဆိုင် တန်းပြေးရတာ ကြယ်ကလေး မြင်ယောင်နေသေးရဲ့။

အဖေ ပြန်မလာတော့ပေမဲ့ အမေက အဖေ ရှိတတ်တဲ့ နေရာတွေကို သွားရှာဖွေတတ်ကြောင်း ကြယ်ကလေး ပြန်ပြန်ကြားရတယ်။ အဖေ့ အပေါင်းအသင်း တချို့ရဲ့ စာနာ ကူညီမှုနဲ့ အဖေ့ကို မျက်နှာချင်းဆိုင်ပြီး ယိုင်နဲ့သွားတဲ့ ဝါးအိမ်ကလေးကို ပြန်ပြုပြင်ဖို့ ကြိုးစားခဲ့တယ်တဲ့။ လွဲချော်နေတဲ့ ခွေးသွားစိပ်ကလေးတွေကို ပြန်လည် ချိတ်ဆက်ဖို့ အလိုက်အစားတွေနဲ့ ပေးလျော်ဖို့ ကမ်းလှမ်းခဲ့တယ်တဲ့။ ဒါပေမဲ့ တစ်ညနေမှာတော့ ဝိညာဉ်မပါတော့တဲ့ လူတစ်ယောက်လို အမေ အိမ်ပြန်လာခဲ့တယ်။ ဝါးအိမ် ဖိနပ်ချွတ် သစ်တုံးလေးပေါ် ထိုင်နေတဲ့ ကြယ်ကလေးကို မြင်တာတောင် အမေ့မျက်နှာမှာ အပြုံးလေး တစ်ပွင့်တောင် ဖူးငုံမလာဘူး။ ကြယ်ကလေးကို စိုက်ကြည့်နေတဲ့ အမေ့မျက်လုံးတွေဟာ ရွာလုလု မိုးတိမ်ကြီးတွေလို ညို့ညွှတ်လို့။ ဒါပေမဲ့ အဲ့ဒီမိုးတိမ်တွေရဲ့ သက်တမ်းက သိပ်မကြာလိုက်ပါဘူး။ ရုံးဆွဲခြင်းလေးကို မြေပြင်ပေါ် ဘုတ်ခနဲ ပစ်ချပြီး ကြယ်ကလေးကို ဖက်မိလိုက်တာနဲ့ အမေ့မိုးတိမ်တွေဟာ မှောက်သွန်ချလိုက်သလို ရွာချလိုက်တော့တာပဲ။

“သားရေ.... အမေ ... အမေ ကြိုးစားပြီးပြီ၊ မရတော့ဘူး၊ အမေ မခံနိုင်တော့ဘူး၊ အမေ ကွဲမှ ရတော့မယ် သား။ အမေ သူနဲ့ ကွဲလိုက်တော့မယ်နော်...သား၊ အမေ သူနဲ့ကွဲလိုက်တော့မယ်နော်”

ကြယ်ကလေး မေးစေ့ကို ပင့်ပင့်တင်ပြီး ငိုသံတွေ ဗလုံးဗထွေးနဲ့ အမေက အမေမွေးထားတဲ့ သားဆီက ခွင့်ပြုချက် ပြန်တောင်းနေခဲ့တာလေ။ အဖေနဲ့ အမေ အပြီးအပြတ် တစ်သက်လုံး ကွဲကြစေဖို့ ကြယ်ကလေး အဆုံးအဖြတ် ပေးရမယ့် အဖြစ်လား အမေ။ ခါးသီးလိုက်တာ အမေရယ်။ ဒါပေမဲ့ ကြယ်ကလေး ခေါင်းညိတ်မိလိုက်တာကိုတော့ ကိုယ့်အသားကို ကိုယ်တိုင် ဓားနဲ့လှီးဖြတ်လိုက်သလို နာကျင်မှုမျိုးနဲ့ မှတ်မိနေသေးပါရဲ့ အမေ။ ဖခင်မဲ့သား ဆိုတဲ့ ဘဝကို ကြယ်ကလေးကို ယ်တိုင် အတည်ပြုခဲ့ရတာပေါ့ အမေ။ တစ်ခုလပ် ဆိုတဲ့ တံဆိပ်မည်းကြီးကို အမေ့အပေါ် ခတ်နှိပ်ဖို့ စီရင်ချက်ကို အတည်ပြုပေးခဲ့ရတာလည်း ကြယ်ကလေး ကိုယ်တိုင်ပါပဲ အမေရယ်။

••••• ••••• •••••

တစ်ခုလပ်ဘဝကို ပီပီပြင်ပြင် ခံယူလိုက်ရချိန်က စပြီး အမေ့ပုံစံက ချက်ချင်း ပြောင်းလဲသွားတယ်။ စစ်မြေပြင်ကို ထွက်တော့မယ့် စစ်သူကြီးတစ်ဦး သံမဏိချပ် ဝတ် လိုက်သလို အမေ့ဟန်ပန်တွေက ဖြုန်းခနဲ မာကျောသွားတော့ ကြယ်ကလေးတောင် အံ့ဩသွားရတာပေါ့။ တကယ်တော့ သားတစ်ယောက်ရဲ့ အနာဂတ်ကို အမေ့ပခုံးပေါ် လုံးလုံးလျားလျား ကောက်တင်လိုက်တာမှန်း နောက်မှ ကြယ်ကလေး နားလည်လာခဲ့တယ်။ အမေဟာ သစ်ပင်ပေါင်း ရာထောင်ချီတဲ့ ဧရာမ ဥယျာဉ်ကြီးရဲ့ ဥယျာဉ်မှူးကြီး တစ်ယောက်လို အားမာန်မျိုးနဲ့ ပန်းပင်ငယ်လေး တစ်ပင်ကို စိုက်ပျိုးခဲ့သူပေါ့။ ဒါပေမဲ့ အလှအပနဲ့ အရွယ်ရှိသေးတဲ့ အမေ့အနားမှာ ပျားပိတုန်းတွေရဲ့ တောင်ပံခတ်သံတွေ တဝီဝီမြည်လာတာကို ကြယ်ကလေး မကြားချင်ဘဲ ကြားခဲ့ရတယ် အမေ။ စောင့်ရှောက်ပါရစေ၊ တစ်ယောက်တည်း ရုန်းကန်နေတာ မကြည့်ရက်လို့ စတဲ့ အကြောင်းပြချက်တွေဟာ ပျားပိတုန်းတွေရဲ့ အကောင်းဆုံး ပိုးကြေးပန်းကြေးပေါ့။ တချို့က တကယ့် မေတ္တာစစ်နဲ့ လက်ကမ်းလာကြသလို တချို့ကတော့ အတောင်ပံ ကျိုးနေတဲ့ ဆက်ရက်မလေးများလား ဆိုပြီး ကျောရရုံ အကြံနဲ့ သွေးတိုးစမ်းလာကြတဲ့ ကြောင်ခံတွင်းပျက်ကြီးတွေပေါ့ အမေ။

အဲ့ဒီအချိန်က ဟင်းလင်းပြင်ထဲ ပြေးလွှားနေရသလို အမေ့ ရှင်သန်မှုကို ကြည့်ပြီး ကြယ်ကလေးလေ ကိုယ့်လက်မောင်းကြွက်သားတွေကိုပဲ နေ့တိုင်းနေ့တိုင်း ညှစ်ညှစ်ကြည့်နေမိခဲ့တာပေါ့။ နိုင်ငံခြား ရုပ်ရှင်ထဲက ရမ်ဘိုကြီးလို လက်မောင်းကြွက်သားကြီးတွေ ကြယ်ကလေး ပိုင်ဆိုင်ချင်လိုက်တာ။ ပြီးတော့ အဲ့ဒီ ရမ်ဘိုကြီး ကိုင်တဲ့ သေနတ်ကြီးလည်း လိုချင်မိခဲ့တာပဲ။ ကျည်ဆန်တွေအတွဲလိုက် ကြယ်ကလေး ကိုယ်မှာ စလွယ်သိုင်းလို့ပေါ့။ ပြီးရင် အမေ သွားလေရာ လိုက် စောင့် ရှောက်ချင်တယ်။ ကြယ်ကလေးကို “သား” ဆိုပြီး မထိတထိ အကျောကြီးနဲ့ ခေါ်ပြီး သွေးတိုးစမ်းစော် ကားတဲ့ အချောင်သမား ကြောင်ဖားကြီး တစ်ကောင်ကို အရင်ဆုံး ပစ်သ,တ်မယ်ပေါ့။

နောက်တော့ ဒီကိစ္စတွေ နဲ့ ပတ်သက်ပြီး ကြယ်ကလေး ချောင်ထဲ ကုပ်နေရမယ့် နေ့ရက်တွေ ဝင်ရောက်လာခဲ့တယ်။ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာက အဘွားပဲပေါ့။

“တံခွန်မရှိတဲ့ ရထား၊ လင်မရှိတဲ့ မယားတဲ့အေ... ခုလိုခေတ်ကာလ မြို့ကြီးပြကြီးမှာ အရွယ်ကောင်း မိန်း ကလေးတစ်ယောက်တည်း ရပ်တည်နေရတာ ဘယ်လောက် အန္တရာယ်များတယ် ဆိုတာ ညည်း ပိုသိမှာပါအေရယ်...”

အမေက စာကျက်နေတဲ့ ကြယ်ကလေးကို လှမ်းကြည့်တယ်။ ကြယ်ကလေးက စာကျက်ချင်ယောင်ဆောင် ပြီး အမေ့အသံကို ရင်တထိတ်ထိတ်နဲ့ နားစွင့်နေမိတာပေါ့။

“အမေရယ်... သားကိုလည်း ငဲ့ရဦးမယ်လေ..” 

အမေ့အသံ ကြားတာ ကြယ်ကလေး ပျော်လိုက်တာ။ ဒါပေမဲ့ “ဟဲ့.. အဲ့ဒီ သားကြောင့် ပိုစဉ်းစားသင့်တာပေါ့” ဆိုတဲ့ အဘွားရဲ့ နောက်ဆက်တွဲ အသံက ကြယ်ကလေးရဲ့ စာကျက်သံကို ဆွံ့အ,သွားစေတဲ့ အထိပါပဲ အမေရယ်။ ကြယ်ကလေးလေ အဲ့ဒီတုန်းကဆို အဘွားကို သိပ်မုန်းတီးခဲ့တာပဲ။ အလယ်တန်း ရောက်စ ကြယ် ကလေးဟာ ကြွက်သား မထွက်သေးတဲ့ လက်မောင်းပိန်လေးကို ညှစ်ညှစ်ကြည့်ရတာက လွဲလို့ ဘာမှ မတတ်နိုင်ပါဘူး အမေ။ အမေ့ဘဝရဲ့ တစ်ဦးတည်းသောသားအဖြစ် ထဲထဲဝင်ဝင် ပတ်သက်နေရသူ အဖြစ်ကနေ အဘွား ဇာတ်ဆရာလုပ်တဲ့ ဇာတ်ခုံပေါ်မှာ အဘွား ညွှန်ကြားတဲ့ အတိုင်း လိုက်လုပ်နေရတဲ့ အမေ့ကို ပွဲကြည့်ပရိသတ်တစ်ယောက် အဆင့်မျိုးနဲ့ ရပ်ကြည့်နေရတာ ရင်အနာဆုံးပါပဲ အမေ။ ဒီလိုနဲ့ အမေတို့ချင်း တေ့တေ့ ဆိုင်ဆိုင် ညှိနှိုင်းကြတဲ့ နေ့ကို ကြယ်ကလေး အလိုမတူဘဲ ဆိုက်ရောက်ခဲ့ပါရောလား အမေ။ ကြယ်ကလေး ဘာတတ်နိုင်မှာလဲ။ အိပ်ခန်းထဲကနေ ဝါးထရံပေါက်လေးကို ဖြဲပြီး တိတ်တိတ်ကလေး ချောင်းကြည့်ရုံပဲ တတ်နိုင်ခဲ့ တာပေါ့။

ဟိုလူကြီး ပုံစံက ရည်ရည်မွန်မွန်ပါပဲ၊ လူကြီးလူကောင်းပုံပါပဲ။ ဒါပေမဲ့ အဖေ တစ်ခါ ပြောခဲ့ဖူးတဲ့ “ပထွေးစာ မိချင်လို့လား...” ဆိုတဲ့ ပြက်လုံးဟာ အခုတော့ သူ့မူရင်း အဓိပ္ပာယ်အတိုင်း ကြယ်ကလေးကို ဘီလူးသဘက်ကြီးတစ်ကောင်လို ခြိမ်းခြောက်နေခဲ့တာ မှတ်မိသေးရဲ့။

“ညီမ ဘာတွေစဉ်းစား နေတာလဲ၊ အစ်ကိုကြီးမှာ ဘာပြစ်ချက်တွေများ ရှိနေလို့လဲ၊ အစ်ကိုကြီး စကားကို မယုံလို့လား”

“အဲ့ဒီလိုလည်း မဟုတ်ပါဘူး အစ်ကိုကြီး၊ ညီမမှာက သားလေးလည်း ရှိနေတော့ သူ့ကို ငဲ့ရသေးတာပေါ့”

ကျားပျိုမလေးလို ခက်ထန်ခဲ့တဲ့ အမေဟာ အခုတော့လည်း သမင်မလေးလိုပါလားလို့ တွေးရင်း အမေ့ကိုပါ ကြယ်ကလေး မုန်းတီးမသွားစေဖို့ စိတ်ကို အနိုင်နိုင်ထိန်းနေရတယ်။

ဟိုလူကြီးက ဒါများကွယ်ဆိုတဲ့ အဓိပ္ပာယ်ကို သူ့ နှုတ်ခမ်းပေါ်တင်ပြီး ကွေးညွတ်လိုက်လေရဲ့။

“ညီမရယ်... ဒါများ သားလည်း အရွယ်ရောက်လာပြီပဲ၊ နောက် လေး,ငါးနှစ်ဆို လက်လွှတ်ရတော့မှာပါ ...”

“ဘာ..... ဘယ်လို ပြောလိုက်တယ်...”

ဝုန်းခနဲ ထ ရပ်လိုက်တဲ့ အမေ့ကြောင့် အဲ့ဒီလူကြီးလည်း ပျာယာခတ်သွားတာပဲ။ စောစောက သမင်မလေးဟာ ခုတော့ သူ့မူလဇာတိရုပ် ကျားပျိုမလေးအဖြစ် ဝုန်းခနဲ ပြန်ရောက်လာပါလား။ ကြယ်ကလေး အားရလိုက်တာ။

“ဟင်...ဘာ...ဘာဖြစ်လို့..”

“တော်... ဒီမှာတင် တော်တော့ ဦးခင်မောင်တင့်၊ကျွန်မသားကို နောက် လေး,ငါးနှစ် မပြောနဲ့ တစ်သက်လုံး လက်မလွှတ်ဘူး ဆိုတာ မှတ်ထား၊ တော်ပြီ။ နောက်ထပ် ဘာမှ ဆက်ပြောစရာ မရှိဘူး၊ ဦးခင်မောင်တင့် ပြန်တော့”

အမေ ပြောပြောဆိုဆိုနဲ့ အခန်းထဲ ဗြုန်းဗြုန်းဗြင်းဗြင်း ဝင်အလာ၊ ထရံပေါက်က ချောင်းကြည့်နေတဲ့ မျက်ရည်အဝိုင်းသားနဲ့ ကြယ်ကလေးကို တွေ့လိုက်တော့ အမေ ထိုင်ချလိုက်တယ်။ ပြီးတော့ ကြယ်ကလေးကို ရင်ခွင်ထဲ ဆွဲသွင်းပြီး စကားတစ်ခွန်းတည်းကို ဂါထာရွတ်သလို တဖွဖွ ရွတ်လို့ပေါ့။

“အမေ သားကို တစ်သက်လုံး လက်မလွှတ်ဘူး၊ အမေ သားကို တစ်သက်လုံး လက်မလွှတ်ဘူး၊ အမေ သားကို တစ်သက်လုံး လက်မလွှတ်ဘူး၊ အမေသားကို တစ်သက်လုံး လက်မလွှတ်ဘူး၊ အမေ သားကို တစ်သက်လုံး လက်မလွှတ်ဘူး။ အမေ သားကို တစ်သက်လုံး လက်မလွှတ်ဘူး။ အမေ သားကို တစ်သက်လုံး လက်မလွှတ်ဘူး”

••••• ••••• •••••

ညရဲ့ ကောင်းကင်ဟာ ရင့်ကျက်တည်ငြိမ်ဆဲပါပဲ။ ကြယ်ကလေးတွေကလည်း စိန်ပွင့်လေးတွေ ဖြန့်ကြဲထား သလို တဖျပ်ဖျပ်လှနေဆဲပါပဲ။

ကြယ်ကလေးဟာ ကြယ်ကလေးတွေကို ကြည့်ရင်း၊ ကြယ်ကလေးဟာ ရင့်ကျက်ည ကောင်းကင်ကို ကြည့်ရင်း အမေ့ရဲ့ စကားလုံး အဟောင်း တစ်ခုကို ပြန်သတိရမိပါရဲ့။ “အမေ သားကို ဘယ်တော့မှ လက်မလွှတ်ဘူး” တဲ့လေ။ အမေရယ် အမေဟာ ကောင်းကင်ကြီးပေါ့။ ကြယ်ကလေးရဲ့ အလင်းရောင်တွေ ဘယ်လောက် အထိ တောက်ပတောက်ပ၊ ကြယ်ကလေးရဲ့ ပြေးနှုန်းတွေ ဘယ်လောက်အထိ မြန်မြန် ကောင်းကင်ကြီးအောက်က လွတ်ထွက် မသွားပါဘူး။ ကြယ်ကလေးရဲ့ တည်နေရာ ဘယ်လောက်အထိ မြင့်မြင့်၊ ကောင်းကင်ကြီး အောက်မှာပဲ အမြဲ ရှိနေမှာပေါ့။

ကြယ်ကလေးက သူ့ရဲ့ ညပြတင်းပေါက်ကို ပြန်ပိတ်ဖို့ ပြင်ဆင်လိုက်တယ်။ ဒါပေမဲ့၊ ဒါပေမဲ့လေ၊ ကမ္ဘာတစ်ဖက်ခြမ်းကို ခုန်ထွက်သွားတဲ့ အလွမ်းတွေက ကြယ် ကလေးဆီ ပြန်မလာတော့ဘူး လို့ ဖုန်းလှမ်းဆက်ကြတယ်။ ကြယ်ကလေးဟာ ပြုံးလို့။ ကြယ်ကလေးဟာ ပျော်လို့။ ကောင်းကင်ကြီးက ကြယ်ကလေးအပေါ်မှာ အုပ်မိုးလို့။

(ကြယ်ကလေးများစွာ၏ ကောင်းကင်များစွာသို့....)

  ▢  မိုးကျော်ဇင်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      မေ ၊ ၂၀၁၈

No comments:

Post a Comment