Saturday, November 21, 2026

ဘဝမေ့သူ

❝ ဘဝမေ့သူ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

ချမ်းသော်လည်း ကောက်ပင်ရနံ့များ သယ်ဆောင်လာ သောလေကို ရှူရှိုက်ရသဖြင့် ဘဆေးရိုး ကျေနပ်သည်။ အိမ်ထဲတွင် ရှူရှိုက်ရသောလေက အိမ်နံ့ ။ ရွာထဲတွင် ရှူရသည်က ဖုန်နံ့။ ယင်းတို့ထက် သည် လယ်ပွဲထဲတွင် ရှူရသော လေက ရှူ၍ အရသာရှိသည်။ ကောက်ပင်ရနံ့တွင် ပဲကြီးပွင့်ရနံ့နှင့် မောင်မခေါ်ပဲနဲ့၊ တိုင်ထောင်ပဲနဲ့၊ ပဲရင်းပွင့် ရနံ့များပါ ရောနှောပါလာသည်။

“အချစ်ရဲ့.. နေလို့မှကောင်းရဲ့လား”

တစ်ပွဲကျော် လယ်ပွဲဘက်မှ ဟစ်လိုက်သံ ဖြစ်သည်။ စပါးပင်များ ရိတ်သိမ်းခါနီးပြီမို့ ဝါးလှဲသူ ပေလော။ သို့သော် ယနေ့ ကောက်ပင်အများစုမှာ ဝါးဖြင့် ဖိနင်းလှဲချရလောက်အောင် မရှည်လျားကြပြီ။

ဘဆေးရိုးသည် အသံလာရာသို့ လှမ်းကြည့်ရာ ပြန်လှည့်သည်။ နှင်းမှုန်ကလေးတွေ တဖွားဖွား ကျလာသည်။ စောစောကတည်းက မြင်ကွင်းသည် ဝေမှိုင်းနေခဲ့၏။ အမှုန်ကလေးတွေ ကျလာသောအခါ မောင်မခေါ် ပဲပွင့်နှင့် တိုင်ထောင်ပဲပွင့် အပြာများသည် နက်မှောင်စ ပြုလာ၏။ ထောင်၍ ပွင့်နေသော ပဲကြီးပွင့် ဖြူလွလွများနှင့် ပဲရင်းပွင့် အဝါခဲ အဝါအုံ ထိန်ထိန်များမှာသော် မမှိန်မှေး။ သင်းမွှေးသော ပဲကြီးရနံ့မူ ပြယ်စင်၏။ လေပြည်နောက်သို့ နှင်းမှုန်တွေ ပြေးလိုက်ကြ၏။

ဘဆေးရိုးသည် သစ်ပင်ရိပ်သို့ ဝင်လာရင်း ပေါက်ပွင့်တောတန်းကို မျှော်ကြည့်မိ၏။ နီရဲနေသော ခင်တန်း ကြီးများ ပျောက်သွားပြီ။ ကြက်တူရွေးကို ဖိတ်ခေါ်တတ်သော ပေါက်နှင့် ကသစ်သည် သည်နှစ်တွင် စောစီးစွာ ပွင့်ဟန်တူ၏။

“ဘ မချမ်းဘူးလား၊ သား မီးမွှေးပေးရမလား”

မြေး မောင်ကိုကြီးသည် နှင်းထဲမှ ဘွားခနဲ ပေါ်လာ၏။ ထမ်းထားသော ငန်းပြားတွင် ရွှံ့ခဲများ ကပ်နေ၏။ ရွှံ့ရည်များတစက်စက်ကျနေ၏။ ‘အင်း’ ဟု ပြောရမည်လော၊ ‘ဟင့်အင်း’ ဟု ငြင်းဆန်ရမည်လော ဝေခွဲ၍ မရမီ ဘဆေးရိုး မေးသည်။

“ကျင်းတန်းရေက များတုန်းပဲလား”

“များတယ် ဘ။ များပေမယ့် မတတ်နိုင်ဘူး။ မောင်းညိုချိန်မှာ ခြေနင်းခံမှ စက်နဲ့ပဲ ရိတ်ရိတ်၊ လက်နဲ့ပဲ ရိတ်ရိတ် အဆင်ပြေမှာ။ ဒါကြောင့် အသေပိတ်ပစ်ခဲ့ရတယ် ဘ”

အထက်လယ်ပွဲသို့ ဘဆေးရိုး မျှော်ကြည့်သည်။ နှင်းပွင့်ကလေးများအောက်၌ အမှောင်သမ်းနေသော မြစိမ်းပင်ကြီး။ မြလှိုင်းတွန့်များ တရှဲရှဲအသံပေးလျက် ပြေးလွှားနေသည်။

“သူလည်း တို့နဲ့ မရှေးမနှောင်းစိုက်တာပဲ လူကလေးရ။ တို့က အသေပိတ်လိုက်ရင် သူ့လယ်ပွဲထဲ ရောက်လာသမျှ ‘ကျင်းတန်း’ ရေတွေဟာ ထွက်ပေါက် မရှိဘဲ အိုင်နေရာက စပါးပင်တွေ ရေနစ်ကုန်မယ်”

မောင်ကိုကြီးသည် သူ့ဘိုးအေအား မော့ကြည့်ရင်း အကြံထုတ်၏။ စို့နေသောချွေး ခြောက်စပြုသဖြင့် ချမ်းရမှန်း သိလာပြီ။ လက်သည် အလိုအလျောက် သစ်ခက်အတိုအစများကို ချိုးချေပြီး မီးမွှေးနေပြီ။ ကျင်းတန်းလယ်ပွဲများ၏ ထိပ်ဆုံးလယ်ပွဲသာလျှင် မြောင်းရေသွင်း၏။ ထိုသွင်းရေသည် လယ်ကွက် တစ်ကွက်ပြီး တစ်ကွက် ဝင်၏။ လယ်ကန်သင်းတမံများကို ကျော်ပြီးကျ၏။ အောက်ဆုံးလယ်ကွက်မှ လျှံကျသောရေသည် သူ့အောက်ရှိ လယ်ပွဲသို့ စီး၏။ ဤသို့ဖြင့် အောက်လယ်ပွဲများသည် ရေမသွင်းရဘဲ ရေရနေလေ၏။ ယခု ကျင်းတန်းရေသောက် လယ်ပွဲများ ရေကို မလိုတော့ပြီ။ သို့သော် ကျင်းတန်းရေက မပြတ်သေး။

ဘဆေးရိုးတို့သည် ကျင်းတန်း ရေပြတ်အောင် မစောင့်နိုင်။ ကျင်းတန်း ရေပြတ်အောင် စောင့်လျှင် မောင်းညိုချိန်ကို လွန်တော့မည်။ မောင်းညိုချိန်ကို လွန်ပါက အနှံကြီးတွေ ကျွမ်းပြီး အလေအလွင့်များသဖြင့် စပါးအထွက် ယုတ်ချေတော့မည်။

မောင်ကိုကြီးက သည်အတွေး သည်အတွက်ဖြင့် ကျင်းတန်း ရေကျမလာအောင် အသေပိတ်သည်။ အခိုင်အမာ ပိတ်သည်။ ဘဆေးရိုးကား မြော်မြင်သည်။ တွေးဆသည်။ အောက်မှ အခိုင်အမာ ပိတ်ထားသော သည်ကျင်းတန်းရေသည် မည်သည့်နေရာသို့ သွားမည်နည်း။ သွားစရာ မရှိသဖြင့် အထက်လယ်ပွဲ ရေနစ်တော့မည်။ သူလည်း သဘာဝမြေသြဇာ၊ ဓာတ်မြေ သြဇာနှင့် ပိုးသတ်ဆေးကို အများနည်းတူ သုံးစွဲကုန် ကျထားသူဖြစ်သည်။ သူလည်း ကိုယ် ကဲ့သို့သော လယ်သမားဖြစ်သည်။

ငှက်ခါးတစ်ကောင်သည် ကျယ်လောင်စွာ အော်ဟစ်လျက် ထိုးဆင်းလာသည်။ ငှက်ခါးသည် အပေါ်ယံရှပ်ပြီး ထိုးသုတ်ကာ ပျံတက် မသွား။ မြောင်းကလေး၏ ပေါင်ပေါ်တွင် နားသည်။

ငှက်ခါးနားသော မြောင်းသည် အထက်လယ်ပွဲနှင့် အောက်လယ်ပွဲကို ပိုင်းခြားထား၏။ ဘဆေးရိုးတို့ ပိုင်သော မြောင်းလက်တံကလေး ဖြစ်သည်။ အထက် လယ်ပွဲမှ ကျင်းတန်းရေများသည် သည်မြောင်းလက် တံအောက်မှ ပြွန်ဖြင့် ငုပ်ပြီး ထွက်လာရ၏။ ဘဆေး ရိုး၏မျက်နှာ လင်းထိန်၏။

“ဟုတ်ပြီ လူလေးရေ့”

မောင်ကိုကြီးသည် မီးတောက်မရှိသော မီးခိုးတလူလူ ပြာပုံကလေးကို လက်နှစ်ဖက်ဖြင့် မိုးထားရာက မော့ကြည့်၏။

“ဘ ဘာများပါလိမ့်”

“ငါတို့ မြောင်းကို ချိုးပစ်ရအောင်”

သည်အထိ မောင်ကိုကြီး သဘောမပေါက်သေး။

“ဘာပြုလို့တုံး ဘရဲ့”

ဘဆေးရိုး မီးဖိုဘေးတွင် ထိုင်ချသည်။ မီးတောက်မရှိသော ပြာပုံမည်းမည်းပေါ်သို့ သစ်ရွက်ခြောက်တစ်ဆုပ် ကောက်ထည့်သည်။သစ်ရွက်ခြောက် အချို့ တွန့်လိမ်ကုန်သည်။ အချို့ မည်းနက်လာပြီ။ ဘဆေးရိုး ကုန်းမှုတ်တော့မှ ဟုန်းခနဲ မီးထတောက်သည်။

“ထွန်းလှိုင်ကို သနားပါတယ် လူလေးရယ်”

ထွန်းလှိုင် ဆိုသူမှာ အထက်လယ်ပွဲကို လုပ်သော လယ်သမားဖြစ်သည်။ သူသည် ဘဆေးရိုးတို့နှယ် အိမ်မှ လယ်ပြင်သို့ ဖြောင့်ဖြောင့်တန်းတန်း လာရသူ မဟုတ်။ စလင်းချောင်း၏ ဟိုဘက် ရှားတောရွာတွင် နေသည်။ လယ်ပြင်တွင် ထွန်ရေးလှိုင်ချိန်၊ အလုပ်ပူချိန်သည် ဘဆေးရိုးတို့အတွက် အကြောင်း မဟုတ်။ ထွန်းလှိုင်အတွက်ကား ဧရာမအကြောင်းကြီး ဖြစ်တော့သည်။ သည်အချိန်မှာ ချောင်းရေကြီးချိန် ဖြစ်သည်။

‘ချောင်းရေကျ ခဏ’ ဆိုကာ ချောင်းကမ်းပါးသို့ သွားထိုင်ကာ ရေအလျော့တွင် ချောင်းကူးပြီး ရွာပြန် ရန် စောင့်ဆိုင်းသည်။ ချောင်းရေသည် လျော့ကား လျော့ပါးပါ၏။ လူကူး၍ ရသည်အထိ လျော့သည့် အခါမှ လျော့သည်။ ထိုအခါတွင် နွားတွေကို ချောင်းထဲသို့ မောင်းချပြီး လူက နွားမြီးကို ဆွဲပြီး လိုက်သွားလျှင် ရ၏။ ထားတော့ အိမ်အပြန်မို့။

နံနက် အရုဏ်တက်တွင် ချောင်းကမ်းစပ်မှ ထွန်းလှိုင် ရောက်လာ၏။ ချောင်းရေသည် ဒေါမာန်ကြီးစွာဖြင့် ကျနေ၏။ လှိုင်းကြီးသည် ရေစီးသန်သည်။ ဒိုက်သရောတွေနှင့် သစ်ပင်တွေလည်း မျောလာ၏။

ရေအလျော့ကို ထွန်းလှိုင် စောင့်၏။ ချောင်းရေသည် တိုးသည်ထက်တိုးလာ၏။ ထွန်းလှိုင် ရင်ထဲ၌ ဗလောင်ဆန်နေပြီ။ သည်နေ့မှ ကြမ်းပေါင် မရိုက်နိုင်လျှင် သန်ဘက်ခါတွင် မည်သို့ စိုက်မည်နည်း။ ထိုနှစ်က ထွန်းလှိုင် အစိုက် နောက်ကျ၏။ ကောက်စိုက် စည်းကို ကတိပျက်သဖြင့် စည်းက ပေးသော ရက်သို့ ရောက်ခါမှ စိုက်ခွင့်ရခြင်းပေတည်း။

နောင်နှစ်တွင်ကား ထွန်းလှိုင် နပ်သွားပြီ။ အလုပ် လှိုင်ပြီဆိုလျှင် ထွန်းလှိုင်သည် စားအိုးစားခွက် အစုံအလင်ဖြင့် လာ၏။ အိပ်ရာမှ နိုးလျှင် လယ်ထဲသို့ ရောက်၊ လယ်ထဲမှ တက်လျှင် အိမ်သို့ ရောက်။ ဟုတ်လှပြီ ထင်စရာရှိငြား မဟုတ်ပါ။

ထွန်းလှိုင်၏ စားအိုးစားခွက်များ နောက်သို့ အိမ်ရှင်မ မပါရှာပါ။ အိမ်ရှင်မ လိုက်လျှင် ကလေးတွေပါ လာမည်။ ကလေးတွေ ပါလာသော် တဲထိုးရမည်။ ယခု ထွန်းလှိုင်တစ်ယောက်တည်းပင်လျှင် ကွင်းဝင်သော တိုက်နယ်တွင် တိုင်ကြားခွင့်ပန်ပြီး လယ်ထဲ၌ ညအိပ်နေရခြင်း ဖြစ်သည်။

သို့ဖြစ်သောကြောင့် ထွန်းလှိုင်မှာ ကိုယ့်ထမင်းကို ကိုယ် ချက်စားရသော အလုပ် ပိုလာပြီ။ လယ်သမား၏ ဝမ်းခေါင်းသည် ဈေးသည်၊ ဥယျာဉ်သမား စသည် တို့၏ ဝမ်းခေါင်းထက် မကျယ်ငြား မကြီးငြား စားနိုင်သည်။ ထောင်းသိပ်သကဲ့သို့ ဝင်၏။ ထိုသို့ စားနိုင်သောကြောင့် အရုဏ်မတက်မီ ထပြီး တစ်ပြည် ချက်သည်။ မွန်းတိမ်း မွန်းတည့်တွင် ထွန်ဖြုတ်ပြီး ထမင်း စားသည်။ နံနက်စောစောကနှယ် အဆင်မပြေချေပြီ။ ထမင်းအိုးနှုတ်ခမ်းတွင် ပုရွက်ဆိတ်၊ ထမင်းပေါ်တွင် ကျင်ကောင် (ကရင်နီကောင်) များ။

လယ်သမားအတွက် ကျင်ကောင်သည် လည်းကောင်း၊ ကရင်နီကောင်သည် လည်းကောင်း စာမဖွဲ့ လောက်ပါ။ ပါးစပ်ဖြင့် မှုတ်၊ လက်ဖြင့် ပုတ်ဖယ်ပြီး စားလိုက်ရုံသာ။ သို့သော် အလုပ်ထဲတွင် မဲနေမိသဖြင့် ဆန်လက်ကျန်ပြတ်သွား၍ ပြတ်သွားမှန်း မသိ။ ထမင်းချက်ရန် မီးမွှေးပြီးတော့မှ ဆန် မရှိကြောင်း သတိရသည်။ ချေးငှားစရာ အိမ်နီးနားချင်း မရှိ။ စေခိုင်းစရာ ကိုယ်ခွဲ မရှိ။ တစ်နေ့တာအလုပ် လစ်ဟင်းပြီ။

“ဦးထွန်းလှိုင် ဘာဟင်းချက်သတုံးဗျို့”

“ငါးပိဖုတ်ကလေး အနည်းအပါး ကျန်ဦးမလား မသိပါဘူးကွာ။ မကျန်ရင်တော့ ဆားဖြူးစားရမှာပေါ့ကွာ”

ထိုအခါမျိုးတွင် မောင်ကိုကြီးသည် သူ့ထမင်းချိုင့်ထဲက တချို့ တစ်ဝက်ကို ခွဲဝေပေးရ၏။

“ထွန်းလှိုင် သနားပါတယ်ကွာ” ဟု ဘ ပြောစက မောင်ကိုကြီး သဘောမပေါက်ငြား သူ့လယ်ပွဲဘက်သို့ လည်တံရှည်ပြီး ကြည့်မိချိန်ဝယ် တရေးရေး ပေါ်လာသည်။

“နွယ်တမယ်မြောင်း အဆင်မပြေလို့ ချောင်းကူးပြီး လယ်လုပ်တော့မှ၊ အင်း... ဒါလည်း အဆင်မချောပါဘူးကွာ”

ထွန်းလှိုင်မှာ သူ့လယ်ကို တွယ်တာသောကြောင့် ချောင်းသည်ဘက်ရှိ ရမ်းဘိုကုန်း၊ ပုရပိုက်တန်း တစ်ရွာ ရွာသို့ ပြောင်းလာချင်ငြား ဇနီးက မလိုက်။ လယ်ကို ရောင်းပစ်ရန် ထွန်းလှိုင် စိတ်မကူး။ လူငှားချရန်လည်း သဘောမကျ။ တလင်းပျောက်စနစ် မပေါ်ပေါက်မီက ထွန်းလှိုင်၏ အခြေအနေမှာ အခြားလယ်သမားများထက် ခက်ခဲသည်။ ထွန်းလှိုင်သည် ကောက်လှိုင်းများကို လှည်းဖြင့် တင်ပြီး ရွာသို့ သယ်ရ၏။ စလင်းချောင်းပြင်ကျယ်ကြီးကို ချောမောစွာ ဖြတ်သန်းနိုင်ရန်အတွက် ကောက်လှိုင်း ၁၅၀ သာ တင်ရဲ၏။

အခေါက်ရေများစွာ တိုက်ရပြီး ဆွေမျိုးသားချင်းတွေသာ မကူညီလျှင် ထွန်းလှိုင် ထိုင်ငိုမည်။ သူတစ်ပါးထက် နှစ်ဆပင်ပန်းသော ထွန်းလှိုင်၏ အဖြစ်ကို တရေးရေး မြင်လာသည့် ခဏတွင် မောင်ကိုကြီး ထရပ်သည်။ ငန်းပြားကို ထမ်းသည်။ သို့စဉ်တွင် မျက်စိအစုံက ကန်သင်းရိုး တစ်လျှောက်ရှိ ပဲကြီးတွေ ပဲလွန်းနှင့် မောင်မခေါ်ရုံများဘက်သို့ ရောက်သွားသည်။

“တံစဉ်တောင် တစ်ပါတည်း ယူလာတာ ဘရ၊ ပဲရုံတွေ ရိတ်စရာ ရှိသေးတယ်”

“လူလေး ပဲရုံတွေက အပွင့်တောင် မသိပ်သေးတာကို၊ ရိတ်ဖို့ စောပါသေးတယ်”

ဘဆေးရိုးသည် မောင်ကိုကြီးထံမှ စကားအပြန်ကို မစောင့်တော့ဘဲ လက်ခုပ်ပင် လယ်ပွဲဘက်သို့ ထွက်လာသည်။

“ဘ ဘ”

မောင်ကိုကြီး အပြေးလိုက်လာပြီး

“ဘ ပဲပင်တွေ အပွင့်သိပ်အောင် စောင့်ရင် သူခိုး လက်ကို ပါကုန်မှာပေါ့ ဘရ” ဟု အမောတကော ပြောသည်။

“ပါပါကွာ၊ လာစမ်းပါ။ ထွန်းလှိုင်ကို ကိုယ်ချင်းစာစမ်းပါ”

များစွာ ထိရောက်သော စကားဖြစ်သည်။

‘မိမိ မပျက်စီးလိုလျှင် မိမိကြောင့် သူတစ်ပါး မပျက်စီးစေနှင့်’

ကွယ်လွန်သူ ဦးဘညိန်း၏ လက်သုံးစကား ဖြစ်သည်။ သို့ရာတွင် ပဲပင်တွေမှာ အသီးအောင်သည့် အပင်က အောင်၊ ရင့်သည့် အပင်က ရင့်နေပြီ။ ကန်သင်းပေါ်တွင် စူးထိုးစိုက်ထားသဖြင့် အရင်းအနှီး မများလှ။ မများသော်ငြား သူခိုးလက်သို့ အပါမခံနိုင်။ သူခိုးသည် အလုပ် မလုပ်သော ခေါင်းပုံဖြတ်သမားဟု မောင်ကိုကြီး ထင်သည်။

မောင်ကိုကြီးမှာ ပဲလည်း ရိတ်ချင်၏။ မြောင်းလည်း ချိုးချင်၏။ ဘဆေးရိုးကား မြေးကို အားမလို အားမရဖြစ်သဖြင့် ငန်းပြားကို ယူလာသည်။ သူသည် အသွား တစ်တောင်ခန့်၊ အရိုး တစ်လံရှည်သော ငန်း ပြားကို ဆွဲလာကတည်းက သတိမူသင့်၏။ စင်စစ်သော်ကား ပေါက်တူး ငန်းပြား မကိုင်သည်မှာ ကြာပြီဖြစ်သော ဘဆေးရိုးအတွက် သည်ငန်းပြားမှာ အတန်ပင် လေးလံနေပြီ။ ထွန်းလှိုင့် လယ်ထဲမှ ရေတွေသည် မြောင်း လက်တံကလေးထဲသို့ ဟိုမှ သည်မှ စိမ့်ဝင်နေကြပြီ။ ဤစိမ့်ဝင်ရေများက ဘဆေးရိုးကို သွေးထိုးသည်။ ဘဆေးရိုးသည် ငန်းပြားကို အရိုးမှ ကိုင်မြှောက်ပြီး မြောင်းပေါင်ပေါ်သို့ ဆောင့်ချလိုက်၏။ လက်မောင်းရင်းက အဆစ်ကြီး ပြုတ်သွားသည်။ လူလည်း ဖင်ထိုင်ကျသွားသည်။ ဘဆေးရိုး၏ လက်မောင်း မပြုတ်ပါ။ တုံ့ပြန်အားကိုသာ ခံလိုက်ရသောကြောင့် ဖင်ထိုင်ကျသွားရခြင်းဖြစ်သည်။

မောင်ကိုကြီးမှာလည်း ပဲပင်ကို နှမြောစိတ်ဖြင့် ရိတ်သော်ငြား လှည်းမပါပါ။ လှည်းမပါလျှင် အရုံ နှစ်ဆယ်မျှသာ ရွက်နိုင်မည်။ ထို့ကြောင့် အပြေးအလွှားရိတ်နေရာက ဘိုးအေကို လှမ်းကြည့်သည်။ ဘဆေးရိုး ပက်လက်လန်သွားသည်။ မောင်ကိုကြီးမှာ ရင်ထဲ၌ အေးခနဲ ဖြစ်သွားပြီး မျက်စိပြာသွားသည်။

“ဘ ဘ” အော်လျက် အတင်းပြေးလာသည်။ ဘဆေးရိုး လက်ထောက်ကာ ထရပ်ရန် အားယူနေစဉ် မောင်ကိုကြီး ပြေးပွေ့မိသည်။

“ဘ ဘယ်နာသွားလဲဟင်”

“ဘယ်ကမှ မနာဘူး။ လက်မောင်းက ကျဉ်ခနဲ ဖြစ်သွားလို့ လန့်သွားတာ”

“လာပါ ဘရာ၊ ကျုပ်လည်း ပဲရုံနှစ်ဆယ်ထက် ပိုရွက်နိုင်မှာ မဟုတ်ပါဘူး။ ကျုပ် လုပ်ပါ့မယ်။ ဘ ထိုင်သာနေ”

“အေးလေ၊ ငန်းပြား ပေါက်ပြားနဲ့ စိမ်းနေတာ မေ့ပြီး အရင်တုန်းကလိုပဲ ထင်ပြီး နမော်နမဲ့ သွားလုပ်မိတာကိုး”

ဘဆေးရိုးမှာ မီးဖိုဘေးသို့ ပြန်ရောက်သည်အထိ အမော မပြေသေးချေ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment