❝ တစိမ့်စိမ့် အကြည့်တွေရဲ့ နောက်ကွယ်❞
▢ လင်းဇော်ဦး
လောကကြီးမှာ လူတွေရဲ့ မျက်ဝန်းအကြည့်ပုံစံတွေက အမျိုးမျိုး ရှိတတ်တယ်။ လူအမျိုးမျိုး မျက်ဝန်းအကြည့် အဖုံဖုံလို့ ဆိုရမှာပေါ့။
အခုလည်း သူက တစ်နေရာရာကို ကြည့်နေတယ်။ စူးစူးစိုက်စိုက်ကြီး။ မျက်တောင် ခတ်တယ်လို့တောင် မထင်ရဘူး။ အကြည့်ကိုလည်း ရုပ်သိမ်းဖို့ လွှဲပစ်ဖို့ စိတ်ကူးရဟန်လည်း မတူဘူး။ ဟုတ်တယ် ကြည့်တာမှ တစိမ့်စိမ့်ကို ကြည့်နေတာ။
အရင်တုန်းက သူရဲ့ ဒီလို အကြည့်တွေကြောင့် လူတချို့ ပျာယာတွေခတ်ဖူးတယ်။ ဇောချွေးတွေ ပြန်ဖူးခဲ့တာလည်း မကြာခဏ။ စိတ်ပျက်အားငယ်ရမှုတွေကတော့ အကြိမ်ပေါင်း မြောက်မြားလှစွာ။
အခုအချိန်မှာလည်း သူက အရင်တုန်းကလို တစိမ့်စိမ့် ကြည့်နေပြန်ပြီ။ ဒီတစ်ကြိမ်မှာတော့...
••••• ••••• •••••
မြစ်ကြီးနားမြို့ရဲ့ အေးမြတဲ့ ဆောင်းနေ့တစ်နေ့ ဖြစ်ပါတယ်။
လက်သမားဆရာ ဦးလှမောင် အလုပ်ကို ရောက်တော့ အချိန်က မနက်ရှစ်နာရီပဲ ရှိသေးတယ်။ လူကမှ ရောက်ရုံရှိသေး ပြဿနာက စောင့်လို့ကြိုနေပြီ။
“ဆရာ...အိမ်ရှင်က မျက်နှာကြက်ဘီတင်မှာ ထိုးထားတဲ့ ကြိုးလိုင်းပုံစံတွေကို မကြိုက်သေးဘူးလို့ ပြောနေတယ်။ အဲဒါ ဒီဇိုင်း ပြန်ပြောင်းချင်လို့ တိုင်ပင်ရအောင် ဆရာ ရောက်လာရင် လာခဲ့ပါဦးတဲ့”
တပည့်လေးတစ်ယောက်က ဒီလို ပြောလာတော့ ဦးလှမောင် စိတ်တော်တော် ပိန်သွားတယ်။ ပါးစပ်ကလည်း ညည်းညည်းညူညူလုပ်ရင်း ဖွေးဖွေးဖြူနေတဲ့ ခေါင်းကို ထပ်ခါထပ်ခါ ကုတ်လိုက်မိတယ်။ ဘာတွေများ ပြောင်းခိုင်းဦးမှာပါလိမ့်။ ဦးလှမောင် စိတ်ပျက်မိတာ မလွန်ပါ။ ဒီအခန်းရဲ့ မျက်နှာကြက်ကို လုပ်နေရတဲ့ အချိန်က တစ်လခွဲလောက်တောင် ရှိနေပြီ။ လုပ်ကွက် အနေအထားက ဘယ်လောက်မှ မတိုးတက်ဘူး။ လုပ်ရတဲ့ အချိန်က နည်း နည်း၊ ပြန်ဖျက် ပြန်ပြင်နေရတဲ့ အချိန်က ခပ်များများ။ လုပ်ငန်းလုပ်ရတာ စတိတ်ရှိုးတွေမှာ မိုက်ကယ်ဂျက်ဆင် အလှပြ လမ်းလျှောက်သလို ဖြစ်နေတယ်။ ရှေ့သွားသလိုနဲ့ နောက်ကို ပြန်ရောက်သွားတာက အကြိမ်ကြိမ်အခါခါ။ ဒီလိုဆိုတော့ လုပ်ငန်းက ဘယ်တော့များမှ အဆုံးသတ်နိုင်မှာတဲ့လဲ။
အိမ်ရှင်သူဌေးက လုပ်ငန်းအပေါ်မှာ ကြေးချွတ် များလွန်းတယ်။ ကျွန်းလျှာထိုးပြားတွေ ကပ်ပြီးခါမှ မကြိုက်ဘူးဆိုပြီး ပြန်ဖျက်ခိုင်းတယ်။ မျက်နှာကြက်ကျောက်ပြားတွေ ကပ်ထားတာက အခွက် နည်းလွန်းတယ်ဆိုပြီး ပြန်ပြင်ခိုင်းတယ်။ ဘီတင်တွေမှာ ထိုးထားတဲ့ ကြိုးလိုင်းတွေကိုလည်း ထို့အတူ ပြင်လိုက်၊ ဖျက်လိုက်၊ ပြီးတော့ ဒီဇိုင်းပုံစံကိုလည်း ခဏခဏ ပြောင်းတတ်တယ်။ နိမ့် လိုက် မြှင့်လိုက်၊ ခွက်လိုက် ဖောင်းလိုက်၊ ကွေးလိုက် ကောက်လိုက် အဲဒီလို အမျိုးမျိုး အဖုံဖုံ။ သူဌေးရဲ့ စိတ်ကူးကို လိုက်ပြီး အကောင်အထည် ဖော်ရတာ မလွယ်လှဘူး။ တော်ကြာ သူများ အိမ်တွေမှာ ဒါမှမဟုတ် နိုင်ငံခြား အိမ်ဒီဇိုင်းစာအုပ်တွေထဲမှာ ခပ်ဆန်းဆန်းပုံစံ တစ်ခုခုတွေ့ ပြီဆိုရင် ပြောင်းခိုင်းပြီ မှတ်ပေရော့။ အဲဒီလို စိတ်ကူး ပြောင်းလဲတတ်တာကလည်း မကြာခဏ။ ကြာလာတော့ ဦးလှမောင်တို့ လက်သမားတွေလည်း ကိုယ့်ဉာဏ်နဲ့ကိုယ် ဘာမှ မစဉ်းစားတတ်တော့ဘူး။ စဉ်းလည်း မစဉ်းစားချင်တော့ဘူး။ သူ လုပ်ခိုင်းတာ လုပ်ပေးလိုက်တာပဲ နားအေးပါတယ်လို့ ဖြစ်လာတယ်။
သူ ပြောတဲ့အတိုင်း၊ လုပ်ခိုင်းတဲ့အတိုင်း ဦးလှမောင်တို့က လုပ်ထားပြီဆိုရင် သူက ကြမ်းခင်းပေါ်မှာ ထိုင်ရင်း၊ ရပ်ရင်း စူးစူးစိုက်စိုက်နဲ့ မော့ကြည့်တတ်တယ်။ ကြည့်ရင်းနဲ့ တစ်ခါတလေ အားမရရင် ကြမ်းပြင်ပေါ်မှာ တစ်ခုခု ခင်းပြီး ပက်လက်လှန်ပါ ကြည့်တတ်တယ်။ ကြည့်တာကလည်း အကြာကြီး။ အမှန်ဆို သူဌေးက အချိန်သိပ်အား လပ်တာတော့ မဟုတ်ပါဘူး။ စီးပွားရေး ကိစ္စ၊ လူမှုရေးကိစ္စ၊ သားရေးသမီးရေးကိစ္စတွေနဲ့ အတော်အလုပ်များတဲ့သူ။ ဒါပေမဲ့ ဒီမျက်နှာကြက် လုပ်ငန်းကိုတော့ အလွန် အာရုံစိုက်တယ်လို့ ပြောရမယ်။ အချိန်နည်းနည်းအားတာနဲ့ လုပ်နေတာကို လာကြည့်တတ်တယ်။ တစ်ခါတလေတော့ ညနေစောင်း အလုပ်သိမ်းပြီးတဲ့ အချိန်ကျမှ လာကြည့်တာလည်း ရှိတယ်။
သူဌေးရဲ့ အဲဒီလို စိမ်ပြေနပြေ ကြည့်တတ်တဲ့ အကြည့်ကို သူဌေးရဲ့ လူယုံကို တင်မိုးနဲ့ ဦးလှမောင်ရဲ့ လက်သမားလေးတွေက နာမည်ပေးထားတယ်။ တစိမ့်စိမ့်ကြည့် တဲ့။
အဲဒီလို တစိမ့်စိမ့်ကြည့်ရင်း ခေါင်းယမ်းပြီ ဆိုရင်တော့ သူမကြိုက်သေးဘူးပေါ့။ အကြိုက် နည်းသေးတယ်ပေါ့။ ဘယ်လိုများ ပြန်ပြင်ခိုင်း၊ ပြန်လုပ်ခိုင်းဦးမလဲလို့ ဦးလှ မောင်တို့လည်း ရင်တထိတ်ထိတ်နဲ့ပေါ့။ တစ်ခါတလေဆို ဒီဇိုင်းပုံစံ ပြောင်းချင်လို့ သူ စဉ်းစားလို့ မရသေးဘူးဆိုရင် ဦးလှမောင်တို့အဖွဲ့ နှစ်ရက်သုံးရက် အလုပ်မဆင်းဘဲ နေရသေးတယ်။ နောက် သူ စဉ်းစားလို့ရမှ ပြန်ခေါ်တယ်။ ပြန်လုပ်ခိုင်းတယ်။ အဲဒီလို လုပ်ခိုင်းရင်း စိတ်ကူးက အမျိုးမျိုး ပြောင်းပြန်တယ်။ အလုပ်လုပ်ရတာ ဆန့်ငင်ဆန့်ငင်နဲ့။
••••• ••••• •••••
တကယ်ဆိုရင် ဒီမျက်နှာကြက်ဒီဇိုင်းကို အင်ဂျင်နီယာတစ်ယောက်က ဆွဲပေးထားတာပါ။ ဆွဲထားတဲ့ ဒီဇိုင်းပုံကို အိမ်ရှင် သူဌေးလည်း ကြိုက်ခဲ့တယ်။ ကြိုက်ပြီဆိုမှ ဦးလှမောင်တို့အဖွဲ့ကို ခေါ်ပြီး လုပ်ခိုင်းတာပါ။
လုပ်ခါစတုန်းက အဲဒီအင်ဂျင်နီယာ ကိုယ်တိုင် လာပြီး ကြီးကြပ်ညွန်ကြားပေးပါသေးတယ်။ နောက်ပိုင်းမှာ အိမ်ရှင်သူဌေးက ဟိုလို လုပ်ရအောင်၊ ဒီလို လုပ်ရအောင် ဒါမျိုးဆို ပိုမကောင်းဘူးလား စသလို ဝင်ပြော ဝင်စွက်ဖက်လာတော့ အင်ဂျင်နီယာ ဆွဲထားတဲ့ ဒီဇိုင်းကလည်း ပျက်ပါလေရော။ မူလ ဆွဲထားတာက အလယ်ကောင်မှာ စက်ဝိုင်းပုံ နှစ်ထပ်အခွက်။ အိမ်ရှင်က စိတ်ပြောင်းပြီး သိပ်မကြိုက်ဘူးလို့ ပြောတာနဲ့ ပြန်ပြောင်းလိုက်တဲ့ ပုံစံက ဘဲဥပုံစံ။ အဲဒါလည်း လုပ်နေရင်းက မကြိုက်ပြန်ဘူး ဆိုပြီး နောက်ထပ် တစ်မျိုး ပြောင်းခိုင်းပြန်တယ်။
ကြာတော့ အင်ဂျင်နီယာလည်း သူ နာမည် ပျက်တော့မှာ ရိပ်မိလို့ ထင်ပါရဲ့။ စကားလှလှလေး ပြောပြီးတော့ ရှောင်ထွက်သွားတယ်။
“ဦးလေးတို့က သူဌေးတွေ ဆိုတော့ အလှအပကို ကျွန်တော့်ထက် ပိုမြင်တတ်မှာပါ။ အဲဒီတော့ ဦးလေးကပဲ လက်သမား အဖွဲ့ကို ကြီးကြပ်ပြီး ခိုင်းလိုက်ပါတော့” တဲ့။
အင်ဂျင်နီယာတွေက ပညာပိုတတ်တော့ ပိုပြီး ပါးနပ်တာပေါ့လေ။ ရှောင်ထွက်သွားလို့ မရတာက ဦးလှမောင်တို့ လက်သမားအဖွဲ့ပဲ။ မပြီးမချင်း စိတ်ရှည်ရှည်နဲ့ လုပ်ပေးပါမယ်လို့ ပါးစပ်ကတိ ချုပ်မိထားပြီကော။
အမှန်တော့ ဒီအလုပ်ကို လုပ်ဖို့ ဦးလှမောင်တို့ကို လာခေါ်တာက အိမ်ရှင်သူဌေး ကိုယ်တိုင်ပါပဲ။ သူ ပြောတာက သူရဲ့ အကြိုက်ကို စိတ်ရှည်ရှည်ထားပြီး လုပ်ပေးမှာဆိုလို့ ဒီမြို့မှာ ဦးလှမောင်တို့အဖွဲ့ပဲ တွေ့တယ်တဲ့။ ပြီးတော့ ဦးလှမောင်တို့ လုပ်ကိုင်ထားတဲ့ လက်ရာတွေကို သူ လိုက်ပြီး လေ့လာကြည့်တာ ကြိုက်တယ်တဲ့။
သူက အဲဒီလိုမျိုး လုပ်ငန်းမစခင်ကတည်းက မြှောက်ပင့်ချီးကျူးပြီးမှ ခိုင်းတာ ဆိုတော့ ဦးလှမောင် အနေနဲ့ ရှောင်ထွက်သွားလို့ ဘယ်ကောင်းပါ့မလဲ။ စိတ်မရှည်ဘူး၊ စိတ်ထားမကောင်းဘူး၊ နည်းနည်းလေးတောင် အနစ်နာမခံချင်ဘူး၊ တာဝန်ပျက်ကွက်တယ် စသလို ပြောကြတော့မယ်။ ဒီမြို့က ကျဉ်းကျဉ်းလေးရယ်၊ နာမည်ပျက်သွားရင် အလုပ်အကိုင်ခက်သွားမှာပေါ့။ အသက်အရွယ် ရလာတဲ့ ဦးလှမောင်ကတော့ သိပ်ပြီး ထည့် မတွက်ပေမယ့် ကိုယ့်ကို မှီခိုနေရတဲ့ တပည့်တွေက ရှိသေးတယ် မဟုတ်လား။
နောက်တစ်ခုက ဦးလှမောင်ကိုယ်တိုင် ကလည်း အလုပ်တစ်ခုကို အစကနေအဆုံး အထိ ပြီးစီးအောင်ပဲ လုပ်ချင်တယ်။ တစ်ပိုင်းတစ်စနဲ့ ထွက်သွားရတာမျိုး မလုပ်ချင် ဘူး။ ဒါမျိုးက ကိုယ့်ရဲ့ သိက္ခာနဲ့ မာနကို ထိခိုက်စေတယ်လို့ ဦးလှမောင် ခံယူထားတယ်။ အဲဒါကြောင့် လုပ်သက်နှစ်သုံးဆယ်လောက်အတွင်း ဘယ်အလုပ်မှ တိုးလိုးတန်းလန်း ချန်ထားရစ်ခဲ့တယ်ဆိုတာာ ဦးလှမောင်ရဲ့ အလုပ်ရာဇဝင်မှာ မရှိဘူးလို့ ဆိုရမှာပဲ။
ဒီလိုနဲ့ သူဌေး အလိုကျ လိုက်လုပ်ပေးနေရတယ်။ ဒါပေမဲ့ သူဌေးက သူရဲ့ စိတ်တိုင်းမကျမချင်း ခဏခဏ ပြင်လိုက် ဖျက်လိုက် ပြန်လုပ်လိုက် လုပ်နေလေတော့ ဦးလှမောင်ရဲ့ မျက်နှာက နည်းနည်းတော့ ညိုချင်လာတယ်။ ခါတိုင်းပြောနေကျ “ရပါ တယ် သူဌေး စိတ်တိုင်းမကျမချင်း လုပ်ပေးပါ့မယ်” ဆိုတဲ့ စကားတောင် ဟန်ဆောင် ပန်ဆောင် ထွက်မလာတော့ဘူး။
အဲ... သူဌေးကလည်း လူပါးတစ်ယောက်ပဲ။ ဦးလှမောင် တစ်မျိုးတစ်မည် ဖြစ်နေတာ ရိပ်မိတာပေါ့။ အင်းပေါ့လေ၊ သူဌေးပါဆို ပါးပါးလှပ်လှပ် ရှိလို့ သူဌေးဖြစ်နေတာ နေမှာပေါ့။ သူလည်း လုပ်ငန်းကြီးတွေ လုပ်နေတဲ့ လူတစ်ယောက်ပဲ။ လူပေါင်းစုံနဲ့ အမြဲ ဆက်ဆံနေရတဲ့ သူပဲ။ ဦးလှမောင်ရဲ့ မျက်နှာ ညိုသွားရင် သူဌေးက လေသံပျော့ပျော့လေးနဲ့ ချော့ပြော ပြောတတ်တယ်။
“ခင်ဗျားကလည်းဗျာ စိတ်မပျက်သွားပါနဲ့ဗျ။ အခုလုပ်တာတွေ၊ ဖျက်တာတွေ ပြန်လုပ်တာတွေ အဲဒါတွေအားလုံးရဲ့ လုပ်အားခတွေကို သေချာမှတ်ထားပေး။ နောက် ခင်ဗျားတို့ နစ်နာရတာတွေရောပေါ့။ ပြီးရင် ကျသလောက်သာ တောင်း။ အခုတော့ ကျွန်တော့်အကြိုက်ကို စိတ်ရှည်ရှည်နဲ့ လုပ်ပေးပါ ဟုတ်ပြီလား”
ဒီသူဌေးနဲ့တော့ ခက်တော့ ခက်နေပါပြီ။ ဦးလှမောင် မျက်နှာညိုတာက ငွေမရမှာစိုးလို့ချည်း ထင်နေတာ။ အဲဒါက နည်းနည်းပါးပါးပါ။ လုပ်ငန်းလုပ်စကတည်းက သူဌေးရဲ့လူယုံ ကိုတင်မိုးဆီမှာ ဦးလှမောင် တီးခေါက်ကြည့်ပြီးသား။ သူဌေးက ငွေရေး ကြေးရေးအပိုင်းမှာ မတွက်ကတ်ဘူး။ သူတစ်ပါးကို မတရား မလုပ်ဘူး ဆိုတာကိုပေါ့။ လုပ်ငန်း ကျသင့်ငွေအားလုံးကို သူဌေးက ပေးမယ်ဆိုတာ ဦးလှမောင် သိပါတယ်။
အခုဟာက ငွေရေးကြေးရေးကြောင့် မဟုတ်ဘူး။ ဝမ်းရေးထက် စိတ်ပျော်ရေးခက် ဆိုသလို ဖြစ်နေတာ။ သူဌေးက ဆောက်လုပ်ရေးလုပ်သားတွေရဲ့ စိတ်သဘောထားကို တကယ် သဘောမပေါက်သေးဘူး။ ဆောက်လုပ်ရေးအဖွဲ့တွေရဲ့ စိတ်သဘောထားကလည်း စာရေးဆရာ၊ ပန်းချီဆရာ၊ ဂီတပညာရှင် အဲဒီလို အနုပညာသမားတွေနဲ့ အတူတူ ပါပဲ။ လုပ်ပြီးသား၊ ပြီးပြီးသား အလုပ်တွေကို ပြန်ဖျက်ပြီး ပြန်လုပ်ဖို့ ဝန်လေးတတ်ကြတယ်။ သိပ်မလုပ်ချင်ကြဘူး။ မတတ်သာလွန်းတဲ့ အခြေအနေမျိုး၊ မလွဲမရှောင်သာတဲ့ အခြေအနေမျိုးမှသာ လုပ်လေ့ရှိကြတယ်။ အခုလို သူဌေးက လုပ်ငန်းကို သူ လုပ်ချင်သလို လုပ်ခိုင်းနေတော့ ဦးလှမောင် လက်အောက်က လက်သမားလေးတွေ စိတ် မပျော်ဘူး ဖြစ်နေတယ်။ တော်တော်လည်း ညည်းညည်းညူညူ ဖြစ်နေကြပြီ။ အလုပ်ဆိုတာ စိတ်ပျော်ရွှင်မှ လုပ်လို့ ကောင်းတာ မဟုတ်လား။ တချို့ လက်သမားတွေကဆို သူတို့ကို ဒီအလုပ်ကို မလွှတ်ပါနဲ့လို့ ဗြောင် ဖွင့်ပြောလာကြပြီ။ သူတို့ကို ဦးလှမောင် မနည်းကို ချော့မော့ထားရတယ်။
••••• ••••• •••••
သူဌေးက လာတွေ့ ဆိုလို့သာ ဦးလှမောင် လာခဲ့ရတယ် စိတ်ကတော့ ခပ်လေးလေးရယ်။ သူဌေး နေတာက ဆောက်လက်စ အိမ်နဲ့ တစ်လမ်းကျော်မှာပဲ။ ဒီအိမ်က သူဌေးတို့ အမျိုးအိမ်။ အဲဒီမှာ ခဏ နေကြတာ။ သူဌေးအိမ်ကို ရောက်တော့ သူဌေးက မရှိပြန်ဘူး။ အပြင်ခဏ ထွက်သွားတယ်။ ဦးလှမောင် လာရင် သူ့ကို စောင့်နေပါလို့ လည်း မှာသွားတယ်တဲ့။ လူယုံ ကိုတင်မိုးကို တွေ့လို့ ဦးလှမောင် အကျိုးအကြောင်း မေးကြည့်မိတယ်။
ကိုတင်မိုးက ကွမ်းတစ်ယာ ထုတ်စာရင်း ပြောတယ်။
“ဘာတွေ ပြောင်းခိုင်းဦးမလဲ ဆိုတာကို ကျွန်တော့်ကို ပြောမထားလို့ မသိဘူး။ မနေ့ညက အတော်မိုးချုပ်မှ စိတ်ကူးပေါက်တယ် ထင်ပါရဲ့။ မျက်နှာကြက်ကြီးကို သွား ကြည့်ရအောင်လို့ ပြောပြီး ကျွန်တော်တို့ကို ခေါ်သွားတယ်။ ဟိုရောက်တော့ မျက်နှာကြက်ကို ထုံးစံအတိုင်း ပက်လက်လှန်ပြီး တစိမ့်စိမ့် ကြည့်နေတာ တစ်နာရီလောက် ကြာတယ်။ ကျွန်တော်တို့တောင် သူ မြင်ရအောင် လက်နှိပ်ဓာတ်မီး ၄ လက်နဲ့ ဝိုင်းထိုးပေးရသေး”
ဘုရား...ဘုရား တစ်ခုခု ပြောင်းခိုင်းမှာတော့ သေချာနေပြီ။ ကြီးကြီးမားမား မဟုတ်ဘဲ အသေးအမွှားသာ ဖြစ်ပါစေ။ ဦးလှမောင် စိတ်ထဲကနေ ကျိတ်ဆုတောင်းမိနေတယ်။ သူဌေး ပြောသလို လိုက်လုပ်ရင်း လုပ်ရင်း ပြင်ရင်းပြင်ရင်းနဲ့ မျက်နှာကြက်ကြီးက အခုတောင် ပုံစံပေါ်လာခါစ ရှိသေးတယ်။ အချိန်တွေ၊ လုပ်အားတွေ အများကြီး ကုန်ထားရတာ။ ဒါကိုမှ ထပ်ပြောင်းရရင် ဦးလှမောင် ဆက်မတွေးရဲတော့ဘူး။ လေပူတစ်ချက်ကိုပဲ လေးလေးပင်ပင်ကြီး မှုတ်ထုတ်မိတော့တယ်။
ဦးလှမောင်ရဲ့ အလုပ်သက်တမ်းတစ်လျှောက် ဒီအိမ်ရှင် သူဌေးလောက် အလှအပ မက်တဲ့သူ၊ စိတ်ကူးစိတ်သန်းများတဲ့သူမတွေ့ဖူးသေးဘူး။
အိမ်ရှင်အများစုက ဆောက်လုပ်ရေးလုပ်ငန်းတွေကို သိပ်ပြီးနားမလည်ကြတော့ “လက်သမားဆရာကြီးတို့ပဲ ကောင်းအောင် ကြည့်လုပ်လိုက်ပါ။ ဆရာကြီးတို့ လှတယ် ဆိုရင် ပြီးတာပါပဲ” အစရှိသလို ပြောတတ်ကြတယ်၊ အပ်နှံတတ်ကြတယ်။
အဲ...တချို့ အိမ်ရှင်များကျတော့ လှလှပပ လုပ်ခိုင်းရင် ငွေပိုကုန်သွားမှာ စိုးရိမ်တတ်ကြပြန်တယ်။ “အသင့်အတင့်လှရင် တော်ပါပြီ” လို့ ပြောရင်း သိပ်ဇာမချဲ့တတ်ကြဘူး။ ဆောက်လုပ်ရေးလုပ်ငန်းတွေကလည်း ချဲ့ရင်ချဲ့သလောက် ထည့်ရင် ထည့်သလောက် ငွေဝင်သွားတတ်တယ်။ ပြီးတော့ အိမ်ဆောက်တဲ့အထဲ ထည့်လိုက်တဲ့ ငွေဟာ အသေဖြစ်သွားရော။ အဲဒါဆို စီးပွားရေးလုပ်ငန်းတွေအတွက် ရင်းနှီးစရာ မရှိဘဲ ဖြစ်သွားမှာပေါ့။ ပြောရရင် “ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်” ဆိုတဲ့ စကားပုံလိုပဲ။ အဲဒါကြောင့် အိမ်ရှင်အများစုက ရှေ့နောက် တိုင်းထွာပြီး ကိုယ်တတ်နိုင်သလောက် ငွေပမာဏလောက်ကိုပဲ သတ်သတ်မှတ်မှတ်ထားပြီး ဆောက်ခိုင်းတတ်ကြတယ်။
အချို့အိမ်ရှင်တွေကတော့ စီးပွားရေး၊ လူမှုရေးကိစ္စတွေနဲ့ အချိန် မအားလပ်ဘူး။ အိမ်ဆောက်နေတာကို အာရုံမစိုက်အားဘူး။ အဲဒါမျိုးဆိုတော့ ကိုယ် စိတ်ချရတဲ့၊ ယုံကြည် ရလောက်တဲ့ ပန်းရန်ဆရာ၊ လက်သမားဆရာ၊ အင်ဂျင်နီယာ စတဲ့ သူတွေကိုပဲ စိတ်ချလက်ချ အပ်နှံပြီး ဆောက်ခိုင်းထားတယ်။ သူတို့ ကိုယ်တိုင်ကတော့ ပစ္စည်းဝယ်ပေးတာလောက် တစ်ခါတလေ လာကြည့်တာလောက်ပဲ လုပ်တတ်ကြတယ်။
ဒီအိမ်ရှင်သူဌေးနဲ့မှ အလှအပကလည်း မက်မော၊ ငွေကုန်မှာလည်း မမှု၊ အာရုံစူးစိုက် မူကလည်း အပြည့်။ အဲဒီလို သိပ်ပြီး ပြည့်စုံလွန်းတော့လည်း လုပ်ပေးရတဲ့သူ အခက်တွေ့ ပြန်ရော။
အတွေးကောင်းနေတာနဲ့ပဲ သူဌေး ပြန်ရောက်လာတာတောင် ဦးလှမောင် သတိမထားလိုက်မိဘူး။
“ဦးလှမောင် စိတ်မရှိပါနဲ့ဗျာ ကျွန်တော့်ကို အမြတ်ခွန်ရုံးက အရေးတကြီး ခေါ်နေလို့ သွားရဦးမှာ။ ဒီနေ့တော့ အားမှာ မဟုတ်တော့ဘူး။ နောက်နေ့မှ တွေ့ရအောင်”
သူဌေးက ပြန်ရောက်လာလာချင်း အဲဒီလို ပြောလို့ အိမ်ထဲက စာရွက်စာတမ်း တချို့ ကောက်ထည့်ပြီး ကသုတ်ကရက်နဲ့ ပြန်ထွက်သွားပါလေရော။ ဟောဗျာ ဒီသူဌေးနဲ့တော့ မလွယ်ပါလား။ ဦးလှမောင် အလကားနေရင်း အချိန် တစ်နာရီကျော် ပုပ်သွားတယ်။
လက်သမားလုပ်ငန်းနဲ့ ဦးလှမောင် အသက်မွေးလာတာ တော်တော် ကြာပြီ။ စီးပွားရေးအရ သိပ်မဆိုးပေမယ့် အိမ်ရှင် လူချမ်းသာတွေနဲ့ ဆက်ဆံရတာ အောက်ကျ နောက်ကျနိုင်တယ်လို့ စိတ်ထဲမှာ ခံစားရတယ်။ လူချမ်းသာတွေက သူတို့ဘက်ကိုပဲ အများအားဖြင့် ကြည့်တတ်တယ်။ သူတို့အချိန် သူတို့အလုပ်တွေကိုပဲ ဦးစားပေးတတ်တယ်။ အခြားသူတွေ အချိန်ကုန်မှာ စိတ်ပျက်မှာ အားငယ်မှာ အဲဒါတွေကို သိပ်ပြီး ထည့်တွက်တာ မဟုတ်ဘူး။
တကယ်ဆိုတော့ ကိုယ်က သူတို့ရဲ့ နေ့ခစား၊ လခစား အလုပ်သမားတွေမှ မဟုတ်တာ။ ပြီးတော့ “ကျွန်တော်တို့ကို အလုပ်ပေးပါဗျာ၊ ကျွန်တော်တို့ လုပ်ပါရစေ” အဲဒီလိုလည်း တောင်းပန်တိုးလျှိုးပြီးတော့ အလုပ်တောင်းထားတဲ့ သူတွေလည်း မဟုတ်ဘူး။ သူတို့က လာလုပ်ပေးပါဆိုပြီး တကူးတက ပြောလို့ လုပ်ရတာပဲ။ ကိုယ့်ပညာနဲ့ ကိုယ် အသက်မွေးတာပဲ။ ကိုယ့်ရဲ့ ပညာခ ကိုယ်ယူတာပဲ။ ဘာမှ အားနာစရာ အောက်ကျို့စရာ မလိုပါဘူး။
ဒါပေမဲ့ အိမ်ရှင်သူဌေးတွေနဲ့ ပြဿနာ တက်ရမှာ ဦးလှမောင်တို့လို အောက်ခြေ လူတန်းစားအတွက် သိပ်မကောင်းလှဘူး။ သည်းခံလိုက်တာ ကောင်းပါတယ်လို့ နှလုံး သွင်းလိုက်မိတယ်။
••••• ••••• •••••
အိမ်ရှင်သူဌေးရဲ့ နာမည်က “ဦးထွန်းဝင်း” တဲ့။ အသက်က ခြောက်ဆယ်နီးနီး၊ ဗမာလူမျိုး စစ်စစ်တော့ မဟုတ်ဘူး။ တရုတ်က ငါးဆယ်၊ ရှမ်းတစ်မတ်၊ ဗမာတစ်မတ်။ အဲလိုဆိုတော့ ကပြားလို့ ဆိုရမှာပေါ့။
လုပ်တဲ့ လုပ်ငန်းက ရွှေငွေရတနာဆိုင် လုပ်ငန်း။ နောက်ပြီးတော့ ကျောက်စိမ်း အရောင်းအဝယ်လည်း လုပ်သေးတယ်။ ချမ်းသာတာကတော့ တော်တော့်ကို ချမ်းသာတယ်။ အခု ဆောက်နေတဲ့ တိုက်ဆိုရင် အပျံစား အကောင်းစား။ အရွယ်အစားကလည်း ဟိန်းနေတာပဲ။ ကုန်ကျငွေက နည်းမှာ မဟုတ်ဘူး။
သူရဲ့ အတိတ်ဘဝကံက မကောင်းခဲ့ပေမယ့် ပစ္စုပ္ပန်ဘဝကံတော့ ကောင်းတယ်လို့ ဆိုရမှာပဲ။
ဟိုးအရင် ငယ်စဉ်တုန်းက ဆင်းဆင်းရဲရဲနဲ့ နေလာခဲ့ပြီး နောက်တော့ ရတနာဆိုင်မှာ ပန်းထိမ်အလုပ်သမားလေး ဖြစ်လာခဲ့တယ်။ အလုပ် လုပ်တာ ရိုးသား၊ ကြိုးစားပြီး စေ့စေ့စပ်စပ် ရှိတယ်တဲ့။ ပြီးတော့ အဲဒီ ရတနာဆိုင်တစ်ဆိုင်ထဲမှာပဲ ဇွဲရှိရှိနဲ့ လုပ်လိုက်တာ နှစ်ပေါင်းတော်တော် ကြာတဲ့အထိပဲ။ အဲဒါ ပိုင်ရှင်သူဌေးကြီးက သူ့အရည်အချင်းကို သဘောကျပြီး သူ့သမီးနဲ့ ပေးစားလိုက်တာတဲ့။ အခုတော့ တရုတ်ကြီးသူဌေးကြီးလည်း သူရဲ့တစ်ဦးတည်းသော သမီးလေးကို စိတ်ချသွားလို့ ထင်ပါရဲ့၊ ဆုံးသွားတာတောင် နှစ်အတော် ကြာသွားပြီ။
အဲဒီနောက် နဂိုကတည်းက ကြိုးစားပြီး စေ့စေ့စပ်စပ်ရှိတဲ့ ဦးထွန်းဝင်းလက် ထက်မှာတော့ စီးပွားရေးက အဆပေါင်း များစွာ တိုးတက်လာတယ်။ ဦးထွန်းဝင်းရဲ့ ဘဝဇာတ်လမ်းက ဒီမြို့မှာတော့ ကြိုးစားလို စိတ်ရှိတဲ့ ဆင်းရဲသားလူငယ်တွေအတွက် သူရဲကောင်း ပုံပြင်တစ်ပုဒ်လိုပဲ။
ချမ်းကလည်း ချမ်းသာ၊ လုပ်တာကလည်း ရတနာဆိုင်လုပ်ငန်းမို့လိုလား မသိ အကောင်းကြိုက်တာ၊ အလှအပ မက်တာက အလွန်အမင်းပဲ။ အခု ဦးလှမောင်တို့အဖွဲ့ လုပ်နေတဲ့ မျက်နှာကြက်က သူတို့ လင်မယား နှစ်ယောက်တည်း အိပ်မယ့် အိပ်ခန်းမှာ။ အဲဒီအိပ်ခန်းရဲ့ အကျယ်အဝန်းကိုက ပေသုံးဆယ်ကျော်ကျော် ပတ်လည်လောက် ရှိမယ်။ တော်ရုံတန်ရုံ မိသားစုတစ်စုလုံး နေတဲ့ အိမ်တစ်လုံးနဲ့ ညီမယ်။
အခန်းထဲမှာ ထည့်ထား၊ သုံးထားတဲ့ ပစ္စည်းတွေက အဖိုးတန်ပြီး အကောင်းစား ပစ္စည်းတွေချည်းပဲ။
ကြမ်းခင်းကို ဈေးကြီးတဲ့ ပိတောက်သား ပါကေးတွေ ခင်းထားတာ နီရဲလို့။ အိပ်ခန်းအတွင်း နံရံတွေမှာ ဒီဇိုင်းမျိုး စုံတဲ့ အလှဆင် စက္ကူပြားတွေ ကပ်ထားတယ်။
နံရံကပ်ဗီရိုကြီးတွေလည်း ကျွန်းသားနဲ့ လုပ်ထားပြီး ပေါလစ်တင်ထားတာများ ဖိတ်ဖိတ်ကိုတောက်။
အခန်းအလယ်က နှစ်ယောက်အိပ် ခုတင်ကြီးက ဆိုင်က ရောင်းတမ်းပစ္စည်းကို ဝယ်ထားတာ မဟုတ်ဘူး။ သူ့စိတ်ကြိုက် ပုံစံထုတ်ပြီး စိတ်တိုင်းကျ လုပ်ထားတာတဲ့။ ခေါင်းရင်းဘက်က နဂါးနှစ်ကောင် ပုံစံကိုက တကယ့်ဂန္ထဝင်။
အဲဒီလုပ်ငန်းတွေကို ဦးလှမောင်တို့ မဝင်မီက အရင်အဖွဲ့တွေ လုပ်သွားခဲ့တာ။ လက်ရာတွေက တော်တော်ကောင်းပါတယ်။ ဒါတောင် သူဌေးက သိပ်အကြိုက်မတွေ့လို့ သူတို့ကို ဆက်မသုံးတာတဲ့။
အခု ဦးလှမောင်တို့ကို လုပ်ခိုင်းထားတဲ့ မျက်နှာကြက်ကတော့ သူဌေးရဲ့ စိတ်ကူးယဉ်အိပ်မက်။ သူ လာနေတဲ့အခါ ခုတင်ပေါ်မှာ ပက်လက်လှန်ရင်း တစိမ့်စိ မ့်ကြည့်ပြီး အမြဲတမ်း စိတ်ချမ်းသာချင်တယ်လို့ ဗြောင် ဖွင့်ပြောတယ်။ စိတ်ကူးကလည်း ယဉ်ပါ့။ အဲဒါကြောင့် တစ်မြို့လုံးမှာ အကောင်းဆုံး ဖြစ်ချင်တာတဲ့။ တတ်နိုင်ရင် ရန်ကုန်၊ မန္တ လေး၊ နေပြည်တော် စတဲ့ မြို့ကြီးတွေက အကောင်းဆုံး၊ အသားနားဆုံးဆိုတဲ့ မျက်နှာကြက်တွေထက်တောင် သာချင်သတဲ့။
ဒီလို စိတ်ကူးနဲ့ ရူးနေတဲ့ မျက်နှာကြက်ကို လုပ်ရတဲ့ ကံဆိုးသူမောင်ရှင်က ဦးလှမောင်တို့အဖွဲ့။ သူနဲ့ကျမှ တိုက်တိုက်ဆိုင် ဆိုင်ပေါ့။
သူဌေးက တစိမ့်စိမ့် ကြည့်တယ်။ တရွရွ စိတ်ကူးတယ်။ နောက် တဖွဖွ ပြင်ခိုင်းတယ်။ ဒီသူဌေး၊ ဒီအကြည့်၊ ဒီစိတ်ကူးတွေနဲ့ လုပ်ငန်းသိမ်းဖို့ နောက်ကျတော့မယ်လို့ ဦးလှမောင် ညည်းလိုက်ချင်တယ်။
သူဌေးရဲ့ ဂန္ထဝင်အကြည့်ကို ရယ်စရာ တစ်ခုလို တီးတိုးသဖန်းပိုး လုပ်ကြတာ ကြားရဖန်များလာတော့ ကိုတင်မိုးက မနေနိုင်လို့ တစ်ခါတော့ ဝင်ပြောတယ်။
“သူဌေးလည်း ခင်ဗျားတို့ ပြောမှ ဟာသ ဖြစ်ရပြီ။ အဲဒီအကြည့်ကို သွားအထင်မသေးနဲ့၊ အဲဒီ အကြည့်နဲ့ပဲ သူ့ဘဝ အောင်မြင်လာတာ”
“သူဌေးက ဟိုးအရင်ကတည်းက အရာရာတိုင်းကို တစိမ့်စိမ့်ကြည့်ပြီး စိတ်ကူးတာဗျ။ ပြီးမှ ဆုံးဖြတ်ပြီးလုပ်တာ။ လုပ်ရင်လည်း မှားခဲတယ်။ ကျောက်စိမ်းတွေဝယ် ပြီး ပြန်ရောင်းရင် မြတ်တာက များတယ်။ သူ ရှုံးသွားတယ်ဆိုတာ သိပ်မကြားဖူးဘူး။ ရတနာဆိုင်လုပ်ငန်းမှာလည်း ဒီလိုပဲ”
“အဲဒီတော့ တစိမ့်စိမ့်ကြည့်တာ သူ့ဝသီ၊ သူ့စရိုက်။ အဲဒါကပဲ သူ့ရဲ့လက်နက်ကောင်းလို့ ခံယူကျင့်သုံးတာ”
ကိုတင်မိုးက လူယုံဆိုတော့ သူ့သူဌေးဘက်က ကာကွယ်ပြောမှာပေါ့။
ဒါပေမဲ့ လုပ်ငန်းမှာ ခဏခဏ ပြန်ပြင်ရလွန်းလို့ စိတ်ဓာတ်အကျကြီးကျနေတဲ့ ဦးလှမောင်ရဲ့ လက်ထောက် ဖိုးထိန်က အမြင်ကတ်ကတ်နဲ့ ဘုဝင်တောတယ်။
“သူ့ရဲ့ တစိမ့်စိမ့်အကြည့်ကလည်း လွန်လွန်းပါတယ်ဗျာ။ ခင်ဗျား ပြောသလို အရာရာကို တစိမ့်စိမ့်ကြည့်ပြီးမှ ဆုံးဖြတ်တာဆိုတော့ ကျွန်တော် တစ်ခုလောက် မေးချင်တယ်။ သူ မိန်းမ မယူခင်တုန်းကကော တစိမ့်စိမ့် သေချာကြည့်ဖြစ်ရဲ့လား”
ဖိုးထိန်ရဲ့ စကားကြောင့် ဦးလှမောင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားတယ်။ ပတ်ဝန်းကျင်ကိုလည်း သေချာကြည့်ရသေး။ ဒီကောင် ဘာတွေလျှောက်ပြောပါလိမ့်။ တော် သေးတယ် ဒီနားမှာ သူတို့ သုံးယောက်ပဲ ရှိလို့။ သူဌေးမိသားစု ကြားသွားရင် မကောင်းဘူး။
အမှန်က ရင်ထဲက မကျေနပ်မှုတွေ များနေတဲ့ ဖိုးထိန် သူဌေးရဲ့ အားနည်းချက်ကို ထိထိမိမိမိ နှိပ်ကွပ်လိုက်တာ။ ဘာဖြစ်လို့လဲဆိုတော့ သူဌေးကတော် တရုတ်မကြီးက ရုပ်ရည် တော်တော်ဆိုးတာကိုး။ ပိန်ကပ်ကပ်နဲ့ အသက်သိပ်မကြီးဘဲ အဘွားကြီးအိုရုပ် ပေါက်နေတာ။ ခပ်ဝဝနဲ့ ခန့်ချောချောတဲ့ သူဌေးနဲ့ဆို ဘယ်လိုမှ မလိုက်ဖက်ဘူး။
သူဌေးရဲ့လူယုံ ကိုတင်မိုးက စိတ်မဆိုးတတ်ဘူးထင်ပါရဲ့။ ဖိုးထိန်စကားကို ဗွေမယူဘဲ ပြုံးဖြဲဖြဲနဲ့ ပြန်ပြောတယ်။
“ဟကောင်ရ သူမိန်းမ မယူခင်တုန်း ကလည်း သေချာကြည့်ခဲ့မှာပေါ့ကွာ။ ဒါပေမဲ့ အဲဒီတုန်းက သူတစိမ့်စိမ့်ကြည့်ခဲ့တာ လူကို မဟုတ်လောက်ဘူး။ ပစ္စည်းဥစ္စာနဲ့ လုပ်ငန်းကို ဖြစ်မှာပေါ့။ ဒီလောက်တောင် သဘောမပေါက်ဘူးလား”
ကိုင်းဗျာ... ကိုတင်မိုး ပြောတော့မှပဲ သူဌေးရဲ့ မှတ်သားဖို့ကောင်းတဲ့ တစိမ့်စိမ့် ကြည့်နည်းကို ဦးလှမောင်နဲ့ ဖိုးထိန် သဘောပေါက်သွားတော့တယ်။
ဪ.. သူဌေး...သူဌေး တစိမ့်စိမ့် ကြည့်တတ်တဲ့ သူဌေး။ ဒီလို လူမျိုးကလည်း တွေ့ရခဲသားလို့ ဦးလှမောင်စိတ်ထဲက ပြောမိတယ်။
••••• ••••• •••••
ဒီလိုနဲ့ နောက်နှစ်လလောက် ထပ်ကြာသွားတယ်။ ဒီကြားထဲမှာ တချို့ပုံစံဒီဇိုင်းတွေကို အပြောင်းအလဲ လုပ်ဖို့ သူဌေး ခိုင်းပါသေးတယ်။ တော်သေးတယ်လို့ ဆိုရမယ်။ သူ အပြောင်းခိုင်းတာတွေက ကြီးကြီးမားမားတွေ မဟုတ်ဘဲ ပြုပြင်လွယ်တဲ့ အသေးအဖွဲတွေပဲ ဖြစ်နေလို့။
အရာအားလုံးမှာ အစ ရှိရင် အဆုံးသတ်လည်း ရှိတယ်ဆိုတဲ့ စကားအတိုင်းပါပဲ။ စိတ်ညစ်ညူးမှုတွေကို အရင်းခံပြီး ဦးလှမောင်တို့အဖွဲ့ လိန်ကာပိန်ကာ ကြိုးစားပြီး လုပ်လိုက်တာ မျက်နှာကြက်လုပ်ငန်းကြီးကို အပြီးတိုင် လက်စသတ်နိုင်တဲ့နေ့ကို ရောက်လာခဲ့တယ်။
အံမယ်...ပြီးစီးသွားတော့လည်း မျက်နှာကြက်ကြီးက တော်တော့်ကို လှပါတယ်။
ပုံစံက ဆဋ္ဌဂံခြောက်မြှောင့်ပုံစံ။ အဆင့်က သုံးဆင့်အခွက်။ ကျွန်းလျှာထိုးပြားတွေက ပေါလစ်တိုက်ထားတာ ဖိတ်ဖိတ်တောက်လို့။ ကြိုးလိုင်းကလပ်တွေကလည်း ညီညာတဲ့ အနားသတ်လေးတွေအဖြစ် တစ်ထပ်ပြီး တစ် ထပ် ရစ်ပတ်လို့။
ဘိလပ်မြေမျက်နှာကြက်ပြားတွေကို သုတ်ထားတဲ့ ဆေးရောင်ဖြူဖြူတွေက အခန်းထဲမှာ လင်းလင်းကျင်းကျင်း ရှိစေတယ်။ မျက်နှာကြက်ရဲ့ အဆင့်အခွက်တွေ ထဲမှာ မြှုပ်ပြီး ဝှက်ကွယ်ထားတဲ့ လျှပ်စစ်မီးချောင်းအရောင်တွေက ကြည့်သူရဲ့ မျက်စိ အမြင်ကို ကြွတက်စေတယ်။ အလယ်တည့်တည့်က အဖိုးတန် အလှမီးဆိုင်းကြီးကတော့ ရုပ်ရှင်တွေထဲက ဟိုတယ်ကြီးတွေမှာလို ခန့်ခန့်ထည်ထည်ကြီး။
ကြည့်လို့ မဝဟန်နဲ့ အကြိမ်ကြိမ် တစိမ့်စိမ့် ကြည့်နေတဲ့ သူဌေးရဲ့ ပီတိကတော့ ဂွမ်းဆီထိ ဖြစ်နေလေရဲ့။
“ကျုပ်ရဲ့ မျက်နှာကြက်က မြို့ကြီးတွေမှာတော့ မပြောတတ်ဘူး။ ဒီမြို့မှာတော့ အလှဆုံး အခမ်းနားဆုံး ဖြစ်တာ သေချာတယ်ဗျ။ လုပ်ပေးတဲ့ ခင်ဗျားတို့ကိုလည်း ကျေးဇူးတင်ပါတယ်”
ဦးလှမောင်တို့ကို လက်မထောင်ပြီး ပြောတဲ့ သူဌေးရဲ့ ဝမ်းသာအားရစကား။
ဦးလှမောင်တို့ တစ်သက်လည်း ဒီလောက် ခမ်းနားတဲ့ မျက်နှာကြက်မျိုးကို မမြင်ဖူးသေးပါဘူး။ ကိုယ်တိုင်ဦးစီးပြီး လုပ်ခဲ့ဖူးဖို့ကတော့ ပိုဝေးတာပေါ့။ ဘာပဲပြောပြော ဒီအချိန်မှာတော့ ဦးလှမောင်တို့ဘက်ကတောင် သူဌေးကို တန်ပြန်ကျေးဇူးတင်နေမိတယ်။ ။ သူကသာ အဲဒီလို တစိမ့်စိမ့်ကြည့် စိတ်ကူးယဉ် မခိုင်းခဲ့ရင် ခုလောက်ထိ လှပြီး သားနားဖို့ လွယ်မှာ မဟုတ်ပါဘူး။ အခုတော့ ဦးလှမောင်တို့ အတွက်လည်း မှတ်တိုင်တစ်ခု စိုက်ထူသွားနိုင်တာပေါ့။
သူဌေးက စိတ်သဘောထား ပြည့်ဝသူလို့ ဆိုရမယ်။ ဦးလှမောင်တို့ လက်သမား လုပ်အားခတွေကို ပိုပိုသာသာ ရှင်းပေးတဲ့ အပြင် တစ်ဦးချင်းကိုလည်း ဘောက်ဆူးလက်ဆောင်တွေ ပေးပါတယ်။ အခုတော့ အရင်တုန်းက စိတ်ကသိကအောက် ဖြစ်ခဲ့ရတာတွေကို အားလုံးက မေ့ပေါ့။
ပြီးတော့ နှစ်ယောက်တည်း ရှိတဲ့အချိန်မှာ ဦးလှမောင်ကို ပြောလာတဲ့ သူဌေးရဲ့ စကားကလည်း တကယ့်ကို အတွေးအခေါ် ပါတယ်လို့ ပြောရမယ်။
“ဦးလှမောင် စဉ်းစားကြည့်လိုက်ပါ။ ကျွန်တော်ကလေ ဟိုးငယ်ငယ်ကတည်းက ဆင်းဆင်းရဲရဲနဲ့ ဒီဘဝရောက်အောင် မနည်း ရုန်းကန်လာရတာပါ။ အဲ ...ကံကြမ္မာက ပံ့ပိုးပေးတာလည်း ပါခဲ့တာပေါ့”
“အဲဒီတော့ ကျွန်တော် အရမ်းကို ပင်ပန်းမောပန်းခဲ့ရတယ်။ ဒါပေမဲ့ ဇိမ်ကျကျနဲ့ ဘယ်တုန်းကမှ မနေခဲ့ရဘူး။ အလုပ်ဇော ကပ်နေတာနဲ့ အမြဲတမ်း ဖိုသီဖတ်သီနဲ့ပဲ ပြီးနေရတာ။ အခုအချိန်မှာတော့ ပစ္စည်း ဥစ္စာတွေလည်း အသင့်အတင့် ရှိနေပြီ။ ပြီးတော့ သားသမီးဆွေမျိုးတွေနဲ့ မိတ်ဆွေ အပေါင်းအသင်းတွေလည်း ပြည့်ပြည့်စုံစုံ”
“အဲဒါကြောင့် အခု ကျွန်တော် ကောင်းကောင်း နေချင်လာတယ်။ ကိုယ် ရှာဖွေထားတာတွေ ကိုယ်လည်း သုံးစွဲချင်လာတယ်။ ရှေ့လျှောက် ကျွန်တော် ဇိမ်ခံရမယ့်အလှည့်ပေါ့”
အင်း...သူဌေး ပြောတာလည်း သဘာဝကျပါတယ်။ ကိုယ်လုပ်တာ ကိုယ်လည်း သုံးရမှာပေါ့။ ဒါနဲ့ သူဌေးရဲ့စကားကို ဦးလှမောင် ခေါင်းညိတ်ပြီး ထောက်ခံမိတယ်။
••••• ••••• •••••
ဘာလိုလိုနဲ့ သူဌေးအိမ်က ခွဲခွာခဲ့ရတာတောင် ခြောက်လလောက် ရှိခဲ့ပြီ။ ကာလယန္တရားကတော့ သူ့တာဝန်သူ ထမ်းဆောင်ရင်း မိုးရာသီရဲ့ နေ့ရက်များဆီ ရောက်ခဲ့တယ်။
သည်နောက်ပိုင်း ဦးလှမောင် လုပ်ငန်းတွေကို တာဝန်ခံပြီး မလုပ်ဖြစ်တော့ဘူး။ အသက်အရွယ်ကလည်း နည်းနည်းရလာတော့ ခေါင်းရှုပ်ရတာတွေကို သိပ်မလုပ်ချင်တော့လို့။ လုပ်ငန်းအားလုံးကို သူ့တပည့် ဖိုးထိန် ကိုပဲ လွှဲထားလိုက်တယ်။
သူကိုယ်တိုင်တော့ ဘုန်းကြီးကျောင်း ဆောက်တဲ့ နေရာတွေမှာ လုပ်အားပေးပဲ လုပ်တော့တယ်။ ကိုယ့်ပညာနဲ့ လုပ်အားပေးရတာ ကုသိုလ်ရတာပေါ့။ မသေခင်လည်း အများအကျိုးအတွက် လုပ်ဦးမှ။
ဒီနေ့ မြို့ဦးကျောင်းတိုက်မှာ လုပ်အားပေးပြီး ညနေအိမ်အပြန် ရောက်ရောက်ချင်း အမယ်ကြီးက ဆီးပြောတယ်။
“ကိုတင်မိုး လာသွားတယ်။ သူဌေးဦးထွန်းဝင်း လေဖြတ်သွားလို့၊ အဲဒါ သတင်းမေး လာခဲ့ပါဦးတဲ့”
ကြားလိုက်ရတာက သတင်းဆိုးပဲ။ ဦးလှမောင် စိတ်ထဲ ထိတ်ခနဲတောင် ဖြစ်သွားတယ်။ ဘဝတစ်လျှောက်လုံး အလုပ်တွေပဲ ကြိုးစားနေခဲ့ရတဲ့ ဦးထွန်းဝင်း၊ အခု ဇိမ်ကျကျ နေရမယ့် အချိန်ကျမှ လေဖြတ်ရသတဲ့လား။
ညနေစာ ထမင်းကို ခပ်သုတ်သုတ် စားပြီး ဖိုးထိန်ကိုခေါ်လို့ ထွက်ခဲ့တယ်။ ဦးထွန်းဝင်းတိုက်ကြီးကို ရောက်တော့ လျှပ်စစ်မီးတွေတောင် ထွန်းထားပြီ။ အိပ်ခန်းကျယ်ကြီးထဲက ခုတင်ထက်မှာတော့ သူဌေးက ပက်လက်ကလေး။ အခန်းထဲမှ လူနာသတင်းမေးတဲ့ ဧည့်သည်တွေနဲ့ သူ့ရဲ့ ဆွေမျိုးသားချင်းတွေက အများကြီး။ အနားကို ရောက်အောင် မနည်းကို တိုးဝှေ့ပြီး သွားရတယ်။ ကိုတင်မိုးက သူဌေးကို လက်ကိုင်ပဝါတစ်ထည်နဲ့ ရေပတ်တိုက်ပေးနေလေရဲ့။
“သူဌေး... ဦးလှမောင်တို့ လာကြည့်တယ်”
သူဌေးရဲ့ နားရွက်နားကပ်ပြီး ကိုတင်မိုး ပြောလိုက်တယ်။ သူဌေးခင်မျာ မျက်လုံးက လွဲလို့ ခန္ဓာကိုယ်တစ်ခုလုံး ဘာတစ်ခုမှ လှုပ်လို့ ရဟန် မတူဘူး။ မျက်လုံးထောင့်ကပ်ပြီး ကြည့်ရှာတယ်။ ပြီးတော့ လာကြည့်ပေးတာ ကျေးဇူးတင်တယ်လို့ ပြောချင်ဟန် တူရဲ့၊ မျက်တောင်ကို ပုတ်ခတ်၊ ပုတ်ခတ် လုပ်ပြတယ်။ ဦးလှမောင် သေချာ သတိထား ကြည့်လိုက်မိတော့ သူဌေးရဲ့ မျက်ဝန်းတွေထဲ မျက်ရည် ဝဲနေသလိုပဲ။ အင်းလေ... သူဌေး တော်တော် အားငယ်နေရှာမှာကို ဦးလှမောင် ကိုယ်ချင်းစာမိတယ်။
ကိုတင်မိုးက အခြေအနေကို တိုးတိုးလေး ပြောပြတယ်။
“သွေးတိုး အရမ်းတက်နေတာ မသိလို့ ညဘက် ရေချိုးရင်း အခုလို ဖြစ်သွားရတာ။ ဆရာဝန်တွေက ပြန်ကောင်းဖို့ မျှော်လင့်ချက် အရမ်းနည်းတယ်တဲ့”
ဟောဗျာ... ဖြစ်မှ ဖြစ်ရလေ။ ဦးလှမောင် တော်တော်ကြီး စိတ်မကောင်း ဖြစ်သွားတယ်။ သူဌေးက စိတ်သဘောထား ကောင်းသူ မဟုတ်လား။ ဦးလှမောင်တို့ကိုလည်း တော်တော် ခင်ရှာသူကိုး။ ဒါပေမဲ့ သူတို့လည်း စိတ်မကောင်းဖြစ်ရုံက လွဲပြီး ဘာများ တတ်နိုင်မှာလဲ။ အားပေးစကား နည်းနည်း ပြောပြီး ပြန်ထွက်လာခဲ့တယ်။ အပေါက်ဝကိုအရောက် ဦးလှမောင်နဲ့ ဖိုးထိန် အခန်းထဲကို ပြန်လှည့်ကြည့်မိတယ်။
အခန်းကျယ်ကြီးက လျှပ်စစ်မီးရောင်တွေ ထိန်ထိန်ညီးလို့။
အခန်းထဲက အဖိုးတန်ပစ္စည်းတွေက ဖိတ်ဖိတ်တောက်လို့။
အခန်းအလယ်က သူ့စိတ်တိုင်းကျ ခုတင်ကြီးပေါ်မှာ သူဌေးက စန့်စန့်ကြီး လှဲလို့။
သူဌေးရဲ့ ဘေးမှာတော့ ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေသင်္ဂဟတွေက ဝိုင်းလို့။
သူ ရှာဖွေထားတဲ့ စည်းစိမ်ချမ်းသာတွေနဲ့ သူအားကိုးတဲ့ ဆွေမျိုးသားချင်းမိတ်ဆွေက သူ့ကို မကယ်နိုင်တော့ဘူးတဲ့လား။ အရေးအကြောင်းမှာ လူဆိုတာ ဘာကိုမှ အားကိုးလို့ မရပါလား။ ပြီးတော့ တစ်သက်လုံး အားခဲပြီး ဇီဇာချဲ့နေကြသမျှဟာ ကိုယ့်အတွက် ဖြစ်ချင်မှ ဖြစ်တတ်တာကိုလည်း ဦးလှမောင် ကောင်းကောင်း သံဝေဂ ရနေမိတယ်။
အလို...သူဌေးက တစ်နေရာရာကို မော့ကြည့်နေပါလား။ ဘယ်ကို ကြည့်နေတာပါလိမ့်။ သူ့ရဲ့အကြိုက်ဆုံး အနှစ်သက်ဆုံး ဂုဏ်ယူစရာ မျက်နှာကြက်ကြီးကိုလား။
သူဌေး မျက်နှာကြက်ကြီးကို ကြည့်နေတာက စူးစူးစိုက်စိုက်ကြီး၊ မျက်တောင် ခတ်တယ်လို့တောင် မထင်ရဘူး။ သူ့အကြည့်ကို လွှဲပစ်ဖို့ ရုပ်သိမ်းပစ်ဖို့ စိတ်ကူးရဟန်လည်း မတူဘူး။ ဟုတ်တယ် ကြည့်တာမှ တစိမ့်စိမ့်နဲ့ကို ကြည့်နေတာ။
အကျင့်ဟောင်းတစ်ခု စိတ်ထဲ စွဲငြိနေသလို ဦးလှမောင်နဲ့ ဖိုးထိန် ရင်တွေ တထိတ်ထိတ် ခုန်သွားကြတယ်။ သူဌေးရဲ့ ဒီလို တစိမ့်စိမ့် အကြည့်တွေကြောင့် ဇောချွေးပြန်ခဲ့ကြရ၊ စိတ်ဓာတ်ကျခဲ့ကြရတာတွေကို သူတို့ ပြန်သတိရလိုက်ကြတယ်။
အခုလည်း သူဌေးက မျက်နှာကြက်ကြီးကို အရင်တုန်းကလို တစိမ့်စိမ့်နဲ့ ကြည့်နေပြန်ပြီ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူဌေးက သူတို့ကို ဘာတစ်ခုမှ ပြောနိုင်မှာ မဟုတ်ဘူးဆိုတာ ဦးလှမောင်နဲ့ ဖိုးထိန် ကောင်းကောင်း သဘောပေါက်လိုက်မိပါတော့တယ်။ ။
▢ လင်းဇော်ဦး
📖 မဟေသီ မဂ္ဂဇင်း
မတ်လ ၊ ၂၀၁၅
No comments:
Post a Comment