Saturday, November 21, 2026

ကျော်ကျော်မှီ


❝ ကျော်ကျော်မှီ ❞

ဦးကျော်ကျော်ကို လူမှုရေး လုပ်ငန်းတွေမှာ တက်ကြွစွာ လုပ်ကိုင်နေသူအဖြစ် ကြားဖူးခဲ့တယ်။ သဲတော ဝမ်းတွင်းမြို့နယ်အသင်း ( မန္တလေး ) ဥက္ကဋ္ဌအဖြစ် သူ့နယ်သူနယ်သားတွေရဲ့ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေကို ဆောင်ရွက်ပေးနေသူလို့လည်း သိထားတယ်။

ဥပုသ်နေ့ တစ်နေ့မှာ မန္တလေးမြို့ မြတောင်တိုက်၊ တိုင်းကြည်ကျောင်း ရှေ့က ပန်းစက္ကူရုံ အောက်မှာ မြို့မအပျော်တမ်းတူရိယာအသင်း အတွင်းရေးမှူး ကိုလွင်ဦးနဲ့ ကျွန်တော်တို့ ထိုင်ပြီး စကားပြော နေဖြစ်တယ်။ ပန်းစက္ကူရုံကြီးက အုပ်ဆိုင်းလို့ ထိုင်ဖို့ ကောင်းတယ်။ ပန်းရုံအောက်မှာ သစ်သားကွပ်ပျစ် ထိုးထားတာ။

ကိုလွင်ဦး ဖုန်းဆက် ခေါ်လို့ ကိုကျော်ကျော် ရောက်လာတယ်။ သူက ကျွန်တော် တွေ့ချင်တဲ့ ဦးကျော်ကျော်မှီ ပါပဲ။ ဘုန်းကြီးကျောင်းမှာပဲ ကျွန်တော်တို့ အတူထိုင်ပြီး ထွေရာလေးပါး စကား ပြောဖြစ်ကြတယ်။ ကျွန်တော်ကတော့ စိတ်ဝင်စားနေကျ သူ့ဘဝ၊ သူ့အကြောင်းကို မေးတာပါပဲ။

သူ့မိဘတွေက ဦးညွန့်မောင်၊ ဒေါ်မှီ၊ သဲတောမြို့မှာ ပဲကြော် ပဲလှော် လုပ်ငန်းကို သူ့မိဘတွေက ထူထောင်ခဲ့တာ။

“ကျွန်တော့် မိဘတွေက သားသမီး ဆယ်ယောက် ထွန်းကားတာ။ အစ်ကို အကြီးဆုံးက စကား မပြောတတ်ဘူး။ ဥစ္စာစောင့်ဘဝက လာသလိုလို ပြောကြတာ။ အဲဒီ အစ်ကိုကြီး မွေးပြီးမှ စီးပွားဖြစ်တာ”

ဒါမျိုးကို မြန်မာတွေ အယုံအကြည် ရှိကြတယ်။ ကျွန်တော်လည်း စိတ်ဝင်စားတယ်။

“အစ်မကြီး ဒေါ်တင်စန်းက ကျွန်တော်တို့ မိသားစုလုပ်ငန်းကို ဦးဆောင်တာ။ ကျန်တဲ့ မောင်နှမတွေကလည်း အစ်မကြီး စကားကို တစ်သဝေမတိမ်း နားထောင်ပြီး ကြိုးစားခဲ့ကြတာ”

ကျွန်တော်က သူ့ ငယ်ဘဝကို မေးတယ်။

“ကျောင်းစနေတာက သဲတော ဝမ်းတွင်းမှာ၊ ဆယ်တန်းအထိ သဲတော ဝမ်းတွင်းမှာ၊ မန္တလေးကို ကျွန်တော်ရောက်တာက ၁၉၇၃ ခု၊ ကျွန်တော့်ညီနဲ့ နှမက မန္တလေး တက်ပြီး ကျူရှင် ယူတာပေါ့။ ညီမလေး ခင်မေဝင်း ကတော့ ခြောက်တန်းက စပြီး အထက ( ၈ ) မှာ တက်နေတာ။ ညီတော်မောင်က စာသိပ် မကြိုးစားဘူး”

ဦးကျော်ကျော် စကား ပြောရင် အားရပါးရ ရှိပြီး ပွင့်ပွင့်လင်းလင်း ရှိတာ သတိထားမိတယ်။

“ကျွန်တော် မန္တလေးမှာ နေရင် ပျက်စီးလိမ့်မယ်လို့ သူက အဖေ့ကို ပြောပေမယ့် အဖေက ကျွန်တော့်ကို မန္တလေး ပို့လိုက်တာ၊ ကျွန်တော်လည်း မန္တလေးမှာ ဆယ်တန်း ကျူရှင်ယူပြီး တက်ရင်း စီးပွားရေးကို တွဲလုပ်ရတာ”

“ဘယ်လို စီးပွားရေး လုပ်တာလဲ”

“ကုန်စည်ဒိုင် ဆင်းရတာ၊ သဲတော ဝမ်းတွင်းက ကားနဲ့ ပို့တဲ့ ပဲကြော် ပဲလှော်တွေကို ဈေးချို ထဲမှာ ငွေလက်ခံ၊ အော်ဒါလက်သင့်ခံ၊ ပြန်ပို့ လုပ်ရတာပေါ့”

“တွဲလုပ်ခဲ့ရတာပေါ့”

“တွဲလုပ်ခဲ့ရတာပဲ၊ သဲတော ဝမ်းတွင်းမှာ ကျောင်းတက်နေကတည်းက အိမ်အလုပ်ကို တွဲလုပ်တာ၊ ဈေးက ငါးရက်တစ်ပတ်ဈေး၊ ဈေးနေ့ဆို တအား ရောင်းကောင်းတာ”

သူ့လေသံက အားရပါးရ ရှိလှတယ်။

“ကျောင်းဖျက်ပြီးတော့ ဝိုင်းကူရတာ။ ကျွန်တော့် အစ်မကြီးက မန္တလေးကို အရင်ဆုံး သွားနေတယ်။ ကျွန်တော်တို့က နောက်က လိုက်လာတာ။ အစ်မကြီးက နားကြီးမျက်စိကြီးမို့ မြို့တက်ဖို့ အဖေ့ကို ပြောတာ။ မြို့တက်မှ မောင်နှမတွေ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အဆင့်မီမှာ ရှင်းပြတယ်။ အဖေ ကတော့ မြို့တက်ရင် သားသမီးတွေ နံပါတ်ဖိုးစွဲမယ်၊ လမ်းသရဲတွေ ဖြစ်ကုန်မယ်။ ပျက်စီးမှာ တအား စိုးတယ်”

ခေတ်လူငယ်နဲ့ ရှေးလူကြီး အမြင်ချင်း လွန်ဆွဲပွဲက စိတ်ဝင်စားဖို့ ကောင်းတယ်။

“အစ်မကြီးက ဖေဖေ မစိုးရိမ်ပါနဲ့။ သားသမီးတွေ မြို့တက်ပြီး ရောင်းတတ်ဝယ်တတ် ပညာရမှ အဖေ တိုးတက်မှာ။ အဖေ ခွင့်ပြုလိုက်လို့ ဆင်ကြီး နှစ်ကောင် မြောက်ဘက်၊ ၈၆ လမ်း၊ ၂၆ -၂၇ လမ်းကြားမှာ ဝယ်လိုက်တာ။ အဖေတို့မှာ ရှိတဲ့ ပိုက်ဆံလေးနဲ့ မလောက်လို့ ရွှေတွေ ငွေတွေ အကုန် ရောင်းထုတ်ပြီး တက်တာ၊ အဲဒီ နေရာလေးကို သုံးသိန်းနဲ့ ခုနစ်သောင်း ပေးရတယ်”

နေရာက မြို့လယ်ကောင်၊ ဈေးချိုတော် အနီးမို့ ယခုကာလ တန်ကြေးနဲ့ ဆိုရင် အဆပေါင်း ထောင်ချီသွားပြီ။

“ကျွန်တော်တို့ တိုက်ရှေ့မှာ ညောင်ပင်ကြီး ရှိတယ်။ လေတဝေါဝေါနဲ့ ညောင်ပင်ကြီး ရှိလို့ ဆိုပြီး လူတွေက မကြိုက်ကြဘူး။ ကျွန်တော်တို့က ညောင်ပင်ကြီးကို မကြောက်ဘဲနဲ့ ဝယ်လိုက်တာ။ ညောင်ပင်ကြီးက တိုက်တဲ့လေ ဆိုင်ထဲ ဝင်ရင် အေးနေတာ။ ကျွန်တော်တို့က ဆိုင်လေး စဖွင့်တာ”

“ဘာတွေ ရောင်းလဲ”

“ကိုယ့်ဆီက ထွက်တဲ့ ပဲကြော် ပဲလှော်နဲ့ လက်ဖက်၊ ဆိုင် မဖွင့်ခင်မှာ အစ်မကြီးက ဈေးချိုထဲ ဆိုင်တွေ ပြောပုံဆိုပုံကို လေ့လာတယ်။ ဆိုင်လေး ဖွင့်တော့ ဈေးဝယ်တွေကို ပျူပျူငှာငှာ ဆက်ဆံပြီး ဈေးနှုန်း သက်သက်သာသာနဲ့ စပြီး တိုးတာ၊ အဲဒီကနေ အရှိန်ကလေး ရလာတာ”

“လက်ဖက်ကော တွဲရောင်းတာလား”

“တွဲရတာ၊ ပဲကြော် ပဲလှော်က လက်ဖက်ပါမှ စားလို့ရတာ၊ သူက မိတ်ဖက်ပေါ့၊ ဝယ်တဲ့လူ ကလည်း တစ်နေရာတည်းမှာ အပြည့်အစုံ ရမှ သဘောကျတာ”

“မြို့ကိုတက်ဖို့ တွန့်ဆုတ်တဲ့ ဖအေက သမီးမိန်းကလေးကို မန္တလေး သွားနေတာ ဘာကြောင့် ခွင့်ပြုခဲ့တာလဲ”

“ကျွန်တော်တို့ မမကြီး ဒေါ်တင်စန်း က ၁၄ နှစ်သမီး ကတည်းက အရောင်းအဝယ် လုပ်လာတာ။ ဆံတောက်ကောက်လေးနဲ့၊ အဒေါ်တွေနဲ့ တွဲလိုက်ရင်း မန္တလေး ရောက်တာ။ အဲဒီမှာ မျက်စိပွင့်ပြီး ရောက်သွားတာ။ ပုံနှိပ်တိုက်က ဦးလှဘော်တို့ ဆီမှာ တည်းပြီး ပဲဝယ်တာ၊ ကျောင်းတက်ရင်း လုပ်တာ။ အဖေတို့ အမေ တို့က သားသမီးတွေ များတယ် ဆိုပြီး ကျောင်းက ထွက်ပြီး စီးပွားရေး ဝင်လုပ်တာ”

“ဦးကျော် ကျမှ ကုန်စည်ဒိုင် ဆင်းတာ ဖြစ်မယ်၊ အစ်မတုန်းက မိန်းကလေးဆိုတော့ ဒိုင် မဆင်းသေးဘူး”

“ဟုတ်တယ်၊ ကျွန်တော်က လူကြီးတွေနဲ့ တွဲလုပ်ရတာ။ ကြက်တံဆိပ် ဦးသိန်းရှောင်၊ ငွေတာရီဦးထွန်းသိန်း၊ အမျိုးသားပဲခွဲစက် ဦးသိန်းမောင် တို့က ကျွန်တော့်ရဲ့ စံပြ ဆရာတွေပေါ့။ လူမှုရေး မှာလည်း သူတို့က ရှေ့ဆုံးက၊ သူတို့က တွဲခေါ်ပါတယ်”

ဦးကျော်ကျော်က ရယ်တယ်။

“မြို့ကို ဦးကျော် ရောက်စက အသက် ငယ်သေးတယ်၊ ဒါပေမဲ့ စီးပွားရေး လုပ်တော့ ငွေထုပ်ကြီးလည်း ကိုင်ရမယ်၊ ပျက်စီးချင်စရာတွေက အများကြီး၊ ဘယ်လို ရှောင်ခဲ့ရလဲ”

“ကျွန်တော်တို့ ဦးရီး ဦးသွင်က ကျွန်တော်တို့ ညီအစ်ကိုကို မှာလိုက်တယ်။ ပေါက်ဖော်တို့၊ ပေါက်ကျော်တို့ မြို့ကို သွားရင် ပ လေးလုံးကို ရှောင်ကြတဲ့၊ ကျွန်တော်က ကျော်ကျော် ဆိုလို့ ပေါက်ကျော် ခေါ်တာ”

သူက ဟီခနဲ ရယ်တယ်။

“ပလေးလုံး ဆိုတာ၊ ပျင်းမယ်၊ ပျင်းတော့ ပျော်မိမယ်၊ ပျော်မိတော့ ပျက်မယ်၊ ပြီးရင် ပြန်ပြေးလာရတာ။ အဲဒီလို မဖြစ်စေနဲ့တဲ့၊ ဒါကို နားထဲမှာ စွဲနေတာ”

ကျွန်တော်က သူ အိမ်ထောင်ကျချိန်ကို မေးတော့ အသက် ၃ဝ မှာ အိမ် ထောင်ကျတယ်လို့ ပြောတယ်။ အိမ်ထောင်ကျခါစ ကာလ အကြောင်းကို မေးတယ်။

“အိမ်ထောင်ကျတော့ ဘဝ စတာပဲ၊ အရင်က လုပ်ခဲ့တာက မိဘလုပ်ငန်း၊ မိဘလက်ငုတ် ပဲလှော်ဖိုကို ဆက်လုပ်တယ်၊ မျက်စိက မြင်ထားတော့ ကျွန်တော်က လုပ်ချင်တယ်။ သားသမီးက များတော့ မိဘကလည်း အရင်းအနှီး ထုတ်ပေးဖို့ မဖြစ်ဘူး”

ကျွန်တော် စိတ်ဝင်တစား နားစွင့်တယ်။

“ကျွန်တော်က ပိုက်ဆံ နှစ်သောင်း ( ကျပ် ၂၀,၀၀၀ ) ကို သုံးကျပ်တိုးနဲ့ ယူလိုက်တယ်၊ ကိုယ်က ပစ္စည်းပေါင် မပေးနိုင်ဘူး၊ ပဲကျားလေးတွေ၊ ပဲကြီးလေးတွေကို ဝယ်ပြီး နန်းရှေ့မှာ လှော်တာပေါ့ ၊ လှော်ပြီး မိဘရဲ့ပွဲရုံကို သွင်းတာပေါ့၊ ဒါကို အဖေက သိသွားတော့ ကျွန်တော် ချေးထားတဲ့ ငွေနှစ်သောင်းကို ဆပ်ပေးတယ်၊ ပဲကျားအိတ် ၅၀ ဝယ်ပေးတယ်”

“အရင်း ထုတ်ပေးတဲ့ သဘောပေါ့”

“အရင်း ထုတ်ပေးတာ၊ ပဲကျားအိတ် ၅၀ ကို တစ်နှစ်ပတ်လုံး မပျောက်ပျက်အောင် လှော်ပြီး ရောင်း၊ တစ်နှစ် ပြည့်ရင် အဖေ့ ပြန်ပေးတဲ့”

“တစ်နှစ် ပြည့်တော့”

“တစ်နှစ် ပြည့်တော့ အဖေ့ကို အိတ် ၅၀ ပြန်ပေးနိုင်တယ်။ မှတ်မှတ်ရရ ကျွန်တော် ငါးသောင်း ( ကျပ် ၅၀,၀၀၀ ) မြတ်တယ်။ အဲဒီ ငါးသောင်းကို အရင်း တည်တယ်။ ကျွန်တော်က လူမှုရေးလည်း လုပ်တော့ အပေါင်းအသင်းတွေက ယုံကြည်ပြီး ပဲတွေ ကြိုပြီး ထုတ်ပေးတယ်။ ဒီလိုဒီလိုနဲ့ လုပ်ကိုင် လည်ပတ်ရင်း အောင်မြင်လာတာပေါ့”

“ပဲလှော် ပဲကြော်ကို ‘မှီ’ ပွဲရုံပဲ သွင်းတာပဲလား”

“ဟုတ်တယ်။ အမေက ကျွန်တော့်ကို တခြားမှာ စပ်ရောင်းခိုင်းတယ်။ ဈေးချိုထဲက ပဲလှော်ဆိုင်တွေ စပ်ရောင်းတာပေါ့။ အရင်က ဖောက်သည်တွေပါပဲ။ အားပေးကြပါတယ်။ ဒါနဲ့ တိုးတက်လာတယ်”

“နောက်တစ်လှမ်း ဘာဆက်လှမ်းသလဲ”

“ကျွဲဆည်ကန်မှာ ပွဲရုံဖွင့်တယ်။ ခန့်မှန်းခြေ ၁၉၉ဝ လောက်ပေါ့၊ နောက် ဒိုင်နာကားလေး တစ်စီး ဝယ်ဖြစ်တယ်။ မြို့ထဲ ကားကြီး မဝင်ရဆိုတော့ ခေါက်တို ကိုယ်တိုင် မောင်းတာပေါ့”

“ကျော်ကျော်မှီ ဖြစ်လာပုံက ...”

“အမေ့နာမည်က ဒေါ်မှီ၊ မိဘတွေရဲ့ လုပ်ငန်းအမည်က “မှီ”၊ ကျွန်တော့်အမည်က ကျော်ကျော်၊ လုပ်ငန်းလုပ်မယ် ဆိုတော့ အမေ့အမည်၊ မိဘ လုပ်ငန်းအမည် ထည့်မယ်ပေါ့၊ “ကျော်ကျော်မှီ”၊ အချို့ကလည်း ပြောတယ်၊ မိဘနာမည် နောက်က ထားတာ မကောင်းဘူး၊ “မှီကျော်ကျော်” လုပ်ပေါ့၊ ခေါ်ရတာ အဆင်ချောအောင် “ကျော်ကျော်မှီ” ပဲ ယူလိုက်တယ်”

လုပ်ငန်းတွေ အောင်မြင်လာတဲ့ အချိန်မှာ ဦးကျော်ကျော်က သူ့ရပ် သူ့ရွာက လူတွေ အသိအမြင် တိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး လူတန်းစေ့ရေးအတွက် သဲတော ဝမ်းတွင်းမြို့နယ်အသင်းကို ဖွဲ့စည်းကြပြီး အကူအညီ ပေးနေတဲ့ အကြောင်းတွေ ပြန်ပြောပြတယ်။ သူ့ဘဝအတွက် လက်စွဲထားတာက ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာတဲ့။ ဦးကျော်ကျော်က သူ အလွတ်ရနေတဲ့ သင်သေသွားသော် ကဗျာကို အလွတ် ပြန်ရွတ်ပြတယ်။

သင်သေသွားသော်
သင်ဖွားသောမြေ
အခြေတိုးမြင့်
ကျန်ကောင်းသင့်၏
....................

⎕ ကျော်ရင်မြင့်
📖အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ

No comments:

Post a Comment