❝ မီးပုံးပျံ ... ပျံမပျံ ❞
▢ ပိုင်ဒွေး ( သင်္ချာ )
၁။
ကျုပ် လုပ်ငန်းခွင်ထဲ ရောက်တာ နှစ်နှစ်ဆယ်ကျော်ပြီ။ ဒီအလုပ်မျိုး တစ်ခါမှ မလုပ်ဖူးဘူး။ အခြား ဘာကော်မတီ၊ ညာကော်မတီက လုပ်ငန်းနဲ့ ဆက်စပ်သေးတယ်။ ခုဟာက အစိမ်း သက်သက်ကြီး။ ပြင်ပ တာဝန်ပေါ့ဗျာ။ ပေးလာတော့လည်း လုပ်ရတော့မှာပေါ့။ ငြင်းလို့ မရတာထက် ကိုယ့်သိက္ခာတရားက ရှိသေးတယ်။ လူလတ်ပိုင်းမို့ သွက်လက်တာကိုပဲ ကြည့်ကြသလား၊ အပင်ပန်းခံနိုင်မှုကိုပဲ တွက်ဆထားသလားတော့ ကျုပ်လည်း စဉ်းစား မရဘူး။ ဥက္ကဋ္ဌ တာဝန်က ခေါင်းပေါ် ရောက်လာတော့တာပဲ။ အဲဒါအပြင် ဒိုင်ချုပ် ဆိုတာကိုလည်း ပူးတွဲ အပ်နှင်းလိုက်ပါရော။ ကဲ...မခက်ပေဘူးလား။
“ကိုယ့်ညီ ဘာမှ မပူနဲ့၊ ကိုယ်တို့ ရှိနေတာပဲ”
ကျုပ် စိုးရိမ်နေတာ ဒါမှမဟုတ် မျက်နှာငယ်လေး ဖြစ်နေတာကို သိသွားသလား မဆိုနိုင်ဘူး။ ညှိနှိုင်း အစည်းအဝေးမှာ အာပေါင်အာရင်း သန်သန်နဲ့ ပြောသွားတဲ့ လူက အားပေးရှာတယ်။ကျုပ်လို ဥက္ကဋ္ဌကို ပြောတဲ့သူ ဆိုတော့ လူကြီး ဒီဦးစီးကော်မတီက တစ်ယောက်ပဲ ဖြစ်မှာပေါ့။ နောက်မှ သိလိုက်ရတာက သူ့နာမည် ဦးကိုကျော်ဌေး၊ ဘုရားလူကြီး။ အစဉ်အဆက် ပွဲလုပ်လာတဲ့သူ။ သူနဲ့ ရင်းနှီးသွားတဲ့ နောက်ပိုင်းမှာ သူ့ကို ကိုကို လို့ပဲ ခေါ်တော့တယ်။
ဘုရားပွဲက အဝေးကြီး လိုသေးတာ။ လုပ်လိုက်ရတဲ့ အစည်းအဝေးတွေ။ ကြိုတင်ပြင်ဆင်ခြင်းကလည်း ပြင်နေတုန်းပဲ။ ကြော်ငြာကိစ္စ။ သီချင်းကိစ္စ၊ ပွဲလေလံကိစ္စတွေ၊ နေရာချထားခြင်းတွေနဲ့ ရှုပ်နေတာပဲ၊ ဓာတ်ပုံပြိုင်ပွဲဝင်ဖို့၊ ပြိုင်နေတုန်း တိုက်ရိုက် အသံလွှင့်ဖို့၊ ဖွင့်ပွဲ၊ ပိတ်ပွဲတွေနဲ့ အစီအစဉ်ဆွဲနေကြတာ မိခင်လုပ်ငန်းတောင် လစ်ဟင်းချင်တယ်။ ဒီနေ့လည်း အစည်းအဝေးက ရှိနေပြန်ပြီ။ အထကကျောင်းမှာ။ ပွဲစဉ်ဇယား ရေးဆွဲနိုင်ဖို့နဲ့ ပြိုင်ပွဲဝင် အသင်းတွေ မဲနှိုက်မယ့်ကိစ္စပေါ့။
ကျုပ်ကသာ စိတ်တွေ ညစ်နေတာ။ ကိုကို ဆိုတဲ့ လူကြီးက အားတက်သရောပဲ။ တခြား ကော်မတီတွေလည်း ရှိပါရဲ့။ ကျုပ်လောက် မများမရှုပ် သလိုပဲလေ။
••••• ••••• •••••
၂။
မဆိုးပါဘူး။ ပြောကြည့်လေ ရင်ထဲပေါ့သွားတာပေါ့လို့ ခေတ်သုံးစကားအရ ကျုပ် ပြောကြည့်ချင်တယ်။ ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ၊ ဒိုင်ချုပ် ဆိုတဲ့ ဂုဏ်ပုဒ်က မနည်းဘူး။ တချို့ ပြိုင်ပွဲဝင်မယ့် အသိတွေက “ဒိုင်ချုပ်ကြီး ကျွန်တော်တို့ကို အမှတ်ပို့ပေးနော်” တဲ့။ ကော်မတီဝင်တွေအားလုံး အနွေးထည်အင်္ကျီ ရတယ်။ ခေါင်းစွပ် ရတယ်။ အဲဒါထက် ပိုရတာက ကုသိုလ်ပေါ့ဗျာ။ ပွဲကိစ္စနဲ့ ပတ်သက်ပြီး ကိုကိုနဲ့ အတူ ပြင်ဆင်တဲ့ နေရာ ရောက်သလို ဘုရားဆီကိုလည်း မကြာမကြာ ရောက်ဖြစ်တယ်။ ဒေသခံတွေက “ပြည်ချစ်” ဘုရားလို့ ခေါ်ကြသလို “မဟာအံ့ထူး ကံသာ ဘုရား” လေ။ ကျုပ်တို့ ပြင်ဦးလွင်ရဲ့ လားရှိုးလမ်း အထွက်ဘက်မှာ ရှိတယ်။
နှစ်စဉ် တန်ဆောင်တိုင်မှာ ကျင်းပတဲ့ပွဲ။ လူသိများ လာပြီး တစ်နှစ်ထက် တစ်နှစ် ပို စည်ကားလာတယ်တဲ့။ နိုဝင်ဘာလ ချမ်းချမ်းစီးစီးထဲမှာပေါ့။ ကျုပ်ကို ဝိုင်းကူညီမယ့် သူတွေကလည်း အတွေ့အကြုံ ရှိပြီးသားမို့ အစောပိုင်းကလို ကျုပ် စိတ်မပူတော့ဘူး။ ကျုပ်လည်း အတော်အတန် လိပ်ပတ်လည်နေပြီ။ ကျုပ်နဲ့အတူ တွဲဖက်ဒိုင်ချုပ် ရှိတယ်။ အပေါ်ဒိုင်၊ အောက်ဒိုင်တွေ ရှိတယ်။ အမှတ်ပေးစည်းမျဉ်းတွေလည်း ရှိပြီးသား။ ပြိုင်ပွဲဝင်ပွဲစဉ်ဇယားလည်း ထွက်ပြီလေ။ ကျုပ်က ကြီးကြပ်ရုံပဲရှိတော့တာ။ ထူးခြားတာကတော့ ပြိုင်ပွဲဝင် အသင်းတွေရဲ့ စည်းကမ်းရှိမှု၊ ဖျော်ဖြေမှုအတွက် အမှတ်ပေးတာ ရှိသလို ဒိုင်ချုပ်ရဲ့ သီးသန့် အမှတ်ပေးမှုလည်း ရှိတယ်။ ခုမှ သတိရတယ်။ ကျုပ်ကို ဥက္ကဋ္ဌပေးတာ သမာသမတ်ကျတဲ့ ဥပဓိရုပ် ရှိတယ်လို့ ထင်ပါရဲ့။
တာဝန်ရှိနေတော့ ကျုပ် ပွဲခင်းဘက် စောစောထွက်လာလိုက်တယ်။ လမ်းမှာဗျာ လူတွေ သွားနေလိုက်ကြတာ ကိုယ့်ထက် စောနေရဲ့။ ကားတန်းကလည်း ရန်ကုန်မှာ လိုပဲ။ ဆိုင်ကယ်တွေလည်း ပေါပါ့ ။ တော်သေးတာပေါ့။ ကိုယ်က ဥက္ကဋ္ဌဆိုတော့ သီးသန့်နေရာလေးက ဝင်ခဲ့ရ တာ။ ကားပေါ်က ယာဉ်ဝင်ခွင့်လက်မှတ်ကြောင့်လည်း ပါမှာ ထင်တယ်။ ဟင်...လူတွေတောင် တော်တော် စုံနေပြီပဲ။ ‘ပြင်ဦးလွင်မီးပုံးပျံပွဲတော်’ စာသားပါ သီချင်းကလည်း မြိုင်လို့။ ကွင်းထဲမှာ အသင်းတွေ နေရာယူနေကြပြီ။ လေကာကုန်းဘက်က ကြော်ငြာတွေ၊ နာရီစင်၊ မြင်းလှည်းပါတဲ့ လိုဂိုတွေ၊ အယ်လ်အီးဒီဘုတ်နဲ့ မီးဆိုင်းတွေက လှနေတာပဲ။ ကျုပ်ဖြင့် တစ်ခါမှ မကြုံဖူးဘူး။ အရှေ့ဘက်ကုန်းမှာ ထင်းရှူးတောနဲ့ ခါတော်မီပင်တွေကလည်း မြင်ကွင်းကို ပြည့်စုံစေတယ်။ လလည်း ထွက်လာပြီလေ။
ကျုပ် သတိထားမိတာက ကြေညာပေးနေတဲ့ လူ။ ပြောလိုက်တာမှ မိုက်ကို မချဘူး။ တီးလုံး နားလိုက်၊ သူက ပြောလိုက်နဲ့ နားတောင် ငြီးရဲ့။ ပုံတိုပတ်စ၊ သမိုင်းကြောင်း၊ အမွှမ်းတင်စကားတွေနဲ့ ထိန်းနေတာ။ စကားများတဲ့ ကိုကို တောင် အနားမကပ်ရဘူး။ အစီအစဉ် စ, တော့မှပဲ သူ့မိုက်ကို ချပြီး ရေသောက်တော့တယ်။
“ခုချိန်က စပြီး မီးပုံးပျံပွဲတော်အား ကျွန်ုပ် ဖွင့်လှစ်လိုက်သည်” လို့ လူကြီး တစ်ယောက်ရဲ့ ကြေညာလိုက်သံနဲ့အတူ အရှေ့ဘက်က မီးရှူးမီးပန်းတွေ တစ်လုံးပြီး တစ်လုံး ထွက်လာတယ်။ ကွင်းထဲကလည်း မီးပုံးငယ်လေးတို့ လွင့်တက်လာတယ်။ ပရိသတ်ကလည်း တဝေးဝေးနဲ့။ အိုးစည်သံတွေလည်း ထွက်လာတယ်။
“ပရိသတ်ကြီး ခုဆိုရင် တိမ်ပန်းချီ မ,လာတဲ့ အရှေ့ ကောင်းကင်မှာ လမင်းနဲ့ အလှချင်းပြိုင်နေတဲ့ ရောင်စုံမီးပန်းတွေဟာ သူလှတယ်၊ ငါလှတယ်နဲ့ အပြိုင်ကြဲနေကြပါပြီ။ မီးပုံးလေးတွေ လူးလွန့်နေပုံကလည်း လေလှိုင်းစီးနေသလိုပါပဲ။ ကျွန်တော်တို့ရဲ့ မီးပုံးပျံပွဲဟာ မင်္ဂလာအောင်စည်တော် ယွန်းပြီး လှည်းယဉ် စီးလာတဲ့ တန်ဆောင်တိုင် မင်းသမီးနဲ့အတူ ပါဝင်ဆင်နွှဲတော့မှာမို့... ပရိသတ်ကြီး”
“ဝေး...”
“လက်ခုပ်လေးနဲ့ ချီးမြှင့်ကြရအောင်လား”
အပေါ်နဲ့အောက် အပေးအယူ မျှသား။ တိုင်ပင် ကိုက်ထားသလိုပဲ။ အဲဒီလူ ဘယ်တော့ကတည်းက မိုက်ကို ကောက်ကိုင်လိုက်လဲ မသိဘူး။ ကျုပ် ဒိုင်ချုပ်တောင် မသိလိုက်တာ။ ဒါပေမဲ့ သူက အားရပါးရ ပြောနေ၊ ပရိသတ်နဲ့ အတိုင်အဖောက် ညီနေတော့ သည်းခံရမှာပေါ့။ သူ့လို နောက်တစ်ယောက်က ဝင်ပြောတော့လည်း သူ့လောက် မကောင်းပြန်ဘူး။
••••• ••••• •••••
၃။
ပြိုင်ပွဲက ငါးရက်။ ပထမညမှာ ညမီးကျည် မီးပုံးပျံအမျိုးအစား၊ ယမ်းဆိုင်းဟာ ပွဲကြည့်စင်နား ပြတ်ကျလို့ ထ,ပြေးရသေးတယ်။ တချို့ဆို ပွန်းပဲ့ဒူးခေါင်း ကွဲလို့။ လူက များတော့ ဝရုန်းသုန်းကား ဖြစ်တယ်။
“ပရိသတ်ကြီး မကြောက်ကြပါနဲ့ခင်ဗျာ၊ မီးပုံးပျံက သံယောဇဉ်နဲ့ နှုတ်ဆက်တာပါ။ အန္တရာယ် မရှိပါဘူး။ ကျီစားရုံလောက်ပါ။ လူတွေတောင် ခြေမခိုင်တာ ယမ်းဆိုင်းကလည်း ဖြစ်တတ်တဲ့သဘောကို သက်သေပြသွားတာ ကြည့်ပါဦး၊ မြေပြင်မှာ လျှပ်ပန်းတွေ စီးဆင်းနေသလိုပဲ။ ဟုတ်တယ် မဟုတ်လား ပရိသတ်ကြီး”
“ဝေး...”
“ဟုတ်တယ်ဆိုရင် လက်ခုပ်သံလေး”
စံပါပဲဗျာ။ သူ့အသံကို ရင်းနှီးနေကြတာ။ ရှာရှာဖွေ ဖွေ ပြောနိုင်တဲ့သူ။ ရယ်တဲ့သူက ရယ်၊ ရွဲ့တဲ့သူက ရွဲ့နဲ့။ အဲဒီ ညမှာ သန်းခေါင်ကျော်မှ အိမ်ပြန်ရတယ်။ မအိပ်ဖြစ်ပါ ဘူး။ နားထဲမှာ အသံတွေနဲ့ဗျာ။ အိပ်ရာထက်ထိ လာနှိပ် စက်တယ်။
ဒုတိယညမှာတော့ သာသာယာယာပါပဲ။ လ,ကလည်း အရောင် ပိုတောက်လာတယ်။ ကျုပ်တို့ဆီမှာက မီးပုံးပျံ အရေအတွက်က တောင်ကြီးထက် စာရင် နည်းနေတော့ အချိန်ယူပြီး လွှတ်ရတာပေါ့။ စိန်နားပန် နှစ်လုံး လွှတ်လိုက်၊ ညမီးကျည် တစ်လုံး လွှတ်လိုက်နဲ့ ပွဲကို ထိန်းထားရတာလေ။
“ပရိသတ်ကြီးရေ ကြည့်စမ်းပါဦးဗျာ၊ မိန်းကလေးတွေရဲ့နားမှာ စိန်နားကပ်တွေ ပန်ဆင်ထားသလိုနဲ့ ကျွန်တော်တို့ရဲ့ စိန်နားပန် မီးပုံးဟာလည်း ကြော့မော့ လှပနေပါပြီ။ တလက်လက် တောက်ပနေတဲ့ မီးပုံးငယ်လေးတွေဟာလည်း တကယ့် စိန်အစစ်ပင်လား အောက်မေ့ရပါတယ်။ တစ်မူပိုတဲ့ မိန်းမပျိုလို မကြာမီမှာ ကောင်းကင်ထဲ တေးဆိုပါတော့မယ်။ ပရိသတ်ကြီး ဟုတ်ပါလား”
“ဝေး...”
အအေးတောထဲ ကနေ ဖြတ်လာရပြီး အိမ်ရောက်တဲ့ အထိ မနွေးနိုင်တဲ့ ကိုယ်ဟာ အသံတွေကြောင့် ပိုပြီးတော့ တောင် တုန်ခါနေရဲ့။ သည်လို ညမျိုးတွေ အခါတစ်ရာ မက တွေ့ရရင်တော့ ဒုက္ခ။ ကျုပ်မှာလည်း နေ့၊ ည မှားချင်ပေမဲ့ နေ့တာဝန်က ရှိသေးတယ်။ တတိယနေ့ခင်းမှာ ကျုပ် ပွဲခင်းဘက် သွားရတယ်။ နေ့အလှပြိုင်ပွဲ ရှိတယ်လေ။ ရုပ်ပုံမျိုးစုံနဲ့ လွှတ်ရတာ။ ခြေနှစ်ချောင်း၊ ခြေလေးချောင်း၊ နှစ်ကောင်အစု၊ သုံးကောင်အစု မီးပုံးငယ်တွေ ပုံသဏ္ဌာန်ဖော်ပြီး လွှတ်တယ်။ လှပတဲ့ အကောင်မှန် သမျှကို ဖန်တီးပြီး အကောင်းဆုံးဖြစ်အောင် အပြိုင်အဆိုင် လွှတ်ကြတာပေါ့။ ကြက်တူရွေးအမြီး မီးလောင်တာ ရှိသလို မြေပြင်မှာတင် နွားခေါင်း မီးစွဲတဲ့ အဖြစ် ရှိတယ်။ အဲဒီအဖြစ်ထက် ဆိုးတာက ကျုပ်ပါ။
ကျုပ် ကားလေး နောက်ဆုတ် ရပ်ဖို့ လုပ်တာ ကုန်းစောင်းပေါ်ကနေ ဘရိတ်လျှောပြီး ပွဲကြည့်စင် နောက်ကျော နံရံကို ဝင်ဆောင့်ပါလေရော။ စက်မှုဇုန်ဂျစ်ကားက မာသလားတော့ မမေးနဲ့။ ဆေးနည်းနည်း ပွန်းသွားတယ်။ ဒါပေမဲ့ အုတ်နံရံဟာ အက်ကွဲယိုင်နဲ့ပြီး အတွင်းဘက်ကို ပြိုကျပါလေရော။ အထဲမှာ ကြည့်နေတဲ့သူ ရှိရင် မတွေးဝံ့ဘူး။ ဆယ်ပေခန်း နှစ်ခန်း ပျက်စီးသွားတဲ့အား၊ ပလတ်စတစ်ထိုင်ခုံ လေးဆယ့်နှစ်လုံး ကျိုးသွားတဲ့အားက ဘယ်နည်းပါ့မလဲ။ ကျုပ်ဖြင့် ရင်တွေပန်းတွေ တုန်လို့။ လူတွေ မထိခိုက်တာရယ်၊ ဟို လူ မရှိတာရယ်ကြောင့် ခံသာသွားတယ်။ နောက်ဆို...။
“ဟုတ်ကဲ့ခင်ဗျာ၊ ခုဆိုရင် ကျွန်တော်တို့ရဲ့ ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ ဒိုင်ချုပ် ဦးမျိုးအောင်ရဲ့ တစ်တော့ပ်စက်မှုဇုန်ထုတ် ဂျစ်ပုလေးဟာ အသွားမတော် တစ်လိမ့်၊ အတိုက်မတော် နံရံ ဆိုတဲ့အတိုင်း မိတ်ဆက် အပြီးမှာ ထုံးနဲ့ ဖြုန်း ရောစပ် တည်ဆောက်ထားတဲ့ အထူးတန်းပွဲကြည့်စင်ကို ကားနောက်ဖင်နဲ့ အသာတို့လိုက်တာ ဝုန်းခနဲ ပြိုကျ၊ အုန်းခနဲ ကွဲပါလေရောဗျာ။ ရုန်းခနဲ ဖြစ်မသွားပါနဲ့ ပရိသတ်ကြီး”
အဲဒီလို ထ,ပြောရင် ဒုက္ခပဲ။
ဒိုင်လုပ်တဲ့ ကျုပ် ဘဝမှာ ဒီတစ်ခါ အလျော်အစား ကြီး သွားတယ်။ စဉ်းစားကြည့်ပါဦး။ အုတ်နံရံတဲ့ဗျာ။ လေကာ ရုံ အဖြစ်လေးပဲလား မသိဘူး။ ကျုပ် လက်ကလေးနဲ့ အကွဲ အစတွေကို ခြေကြည့်တယ်။ အမှုန့် ဖြစ်သွားလေရဲ့။
••••• ••••• •••••
၄။
လပြည့်ည အစည်ဆုံးပဲဗျာ။ ကြိတ်ကြိတ်တိုးထက် ပိုတယ်။ အားလုံး မျှော်လင့်ကြည့်ချင်တာက စုစုစည်းစည်း ရှိပြီး အဆန်းတကြယ် ဖန်တီးလေ့ရှိတယ်၊ နာမည်ကြီးတယ် ဆိုတဲ့ “မြန်မာပြည်သား” မီးပုံးပျံပဲ။ ကွင်းထဲကို အရင် ဝင်လာတာက မြင်းရယ်၊ စစ်သူကြီးဝတ်စုံရယ်၊ လှံရယ်နဲ့ လူ။ မြင်းကို ပတ်ပြီး ပြေးခိုင်းနေတုန်း ပွဲကြည့်စင်ပေါ်က “မြန်မာပြည်သား” သီချင်းကို လွှင့်ထားပေးတယ်။ ကျုပ်ဖြင့် ကြည့်ရတာ ဇာတိမာန်တောင် ကြွသွားသလိုပဲ။
“ပရိသတ်ကြီး အစဉ်အလာရ လပြည့်ညမှာ မြန်မာပြည်သားအသင်းဟာ မြင်းခင်းသဘင်နဲ့အတူ ကွင်းအတွင်း လှမ်းလာခဲ့ပါပြီ။ ယမ်းပိဿာချိန် အများဆုံးနဲ့ မှိုင်းခံစက္ကူသုံးပြီး လွှတ်တင်မယ့် မီးပုံးပျံကြီးဟာ မကြာမီ နတ်ဘုံဌာနီဆီ ပျံသန်းပါတော့မယ်။ မြန်မာပြည်သားအတွက် ပရိသတ်ကြီး...”
“ဝေး ...”
သူ မပြောနဲ့ ကျုပ်တောင် ရင်ခုန်လာပြီ။ လေက နည်းနည်း တိုးလာသလို မီးဆလိုက်ကြောင့် နှင်းမှုန်တွေပါ မြင်ရတယ်။ တက်ညီလက်ညီနဲ့ မှိုင်းတိုက်နေကြပြီ။ သီချင်းသံ၊ တီးလုံးသံများကို အဘက်ဘက်က ကြားနေရတယ်။ မီးပုံးကြီး ပတ်လည်မှာ အသင်းသားတွေက လက်ချင်းချိတ်ပြီး စက်ဝိုင်းပုံ ကာထားကြတယ်။ မှိုင်းရည်ဝ,လာပြီး မြန်မာပြည်သားဟာ ရုန်းထ,လာတယ်။ ဘူးသီးပုံသဏ္ဌာန် အချိုးညီ၊ ရောင်စုံတွေ ခြယ်သ,ထားလိုက်တာ လက်ရာ တကယ်မြောက်တယ်။
“ပရိသတ်ကြီး မြန်မာပြည်သားဟာ ယမ်းဆိုင်းချိတ် ဆွဲပြီး ပရိသတ်ကို တဝကြီး ကြည့်ရအောင် သုံးရာငါးဆယ် ဒီဂရီလှည့် ပြနေပါတယ်။ ဆလိုက်မီးလေးထိုးပေးထားပါ”
ရော... ဒီလူနဲ့တော့ ခက်ပြီ။ ကမ္ဘာတစ်ပတ်ပြည့်ဖို့ ဆယ်ဒရီကို သူ ဘယ်မှာ ချန်ထားလဲ မသိဘူး။ သတိထားမိတဲ့သူတွေက ရယ်ကြပြီး သူ့ကို သတိပေးလိုက်တယ်။ ကိုကို ကလည်း သူ့ကို ကိုယ်တောင် မနိုင်ဘူးတဲ့။ ဪ... ဘုရားလူကြီးကို နိုင်တဲ့သူ ရှိသေးတာပဲ။
“ဟုတ်ကဲ့၊ ကျွန်တော် ပြောတာ သုံးရာ့ခြောက်ဆယ် မပြည့်လိုက်ပါဘူး။ မြန်မာပြည်သားက ပရိသတ်ကို ချစ်တဲ့ အနေနဲ့ ဆယ်ဒီဂရီ ပိုပြီး လှည့်ပြနေပါပြီ”
ဒါလည်း ကောင်းတာပဲ။ သူ့လောက်မှ ကျုပ်တို့ ညစဉ်ရက်ဆက် မပြောနိုင်တာ။ ဒီလူဗျာ၊ တန်ဆောင်မုန်း ရာသီကို နတ်တော်လ ကတည်းက ကြိုပြီး ကျင့်ထားသလား မသိဘူး။ ညမီးကျည်အမျိုးအစား၊ လွှတ်ခဲ့သမျှ အကြီးဆုံး မြန်မာပြည်သား မီးပုံးဟာ စ,တက်ပါပြီ။ တစ်ကွင်းလုံး အသံများ ဖုံးလွှမ်းကုန်တယ်။ တီးလုံး မြိုင်ဆိုင်စွာ ထွက်လာတယ်။ အပေါ်က အားပေး၊ အောက်က အားပေးနဲ့ ရသ,က အမျိုးမျိုး ပေးတယ်။
“ပရိသတ်ကြီးရေ ခုဆိုရင် မြန်မာပြည်သား မီးပုံးပျံဟာ အံ့မခန်းတဲ့ အသွင်နဲ့ မဟာ အံ့ထူးကံသာဘုရားကြီးကို ဦးခိုက်ဖို့ တက်သွားပါပြီ။ မီးပန်းတွေ လွှတ်ချနေပါပြီ။ ကြည့်ပါဦး၊ တိမ်သလ္လာကင်းစင်တဲ့ ကောင်းကင်မှာ တက်သွားပုံက ပြန်မလာတော့မယ့် ခရီးသည်တစ်ယောက် ယဉ်ကျေးစွာ နှုတ်ဆက်နေသလိုပဲ။ ပြောရင်းဆိုရင်း မီးရေတံခွန်တွေ၊ မီးပုလဲပေါက်တွေ၊ ခိုပျံတွေ လွှင့်ထုတ်နေပုံများက မိုးနတ်မင်းကြီးက ရွှေမိုး ငွေမိုး ကျောက်သံပတ္တမြားမိုးတွေ ရွာချပေးနေသလိုပဲ၊ ပရိသတ်ကြီး မြန်မာပြည်သား အတွက်”
“ဝေး...ဝေး”
တကယ်လည်း လှတယ်ဗျာ။ သူ့ အပြောကြောင့်လည်း ပိုလှသွားသလိုပဲ။ လူတွေအားလုံးက ကောင်းကင်ကို မော့ကြည့်ရင်း လက်ခုပ်တီး ဝမ်းသာအားရနဲ့။ ကျုပ် ကြည့်ခဲ့သမျှထဲမှာ အကောင်းဆုံး လုပ်ပြသွားခြင်းပါပဲ။ စိတ်ကူးထဲမှာ ဒိုင်ချုပ် အမှတ်လေး ပိုပေးမလား ဆိုပြီး တွေးနေတုန်း မီးပုံးပျံဟာ အမြင့်ကို ဆက်မတက်ဘဲ ဇာတ်ပွဲခင်းဘက် တဖြည်းဖြည်း ကျလာသလိုပဲ။ ခဏ အတွင်းမှာပဲ မြန်မြန်ဆန်ဆန် ပျက်ကျပါလေရော။
“ခုဆိုရင် မြန်မာပြည်သား မီးပုံးပျံဟာ ဇာတ်ပွဲထဲက ပရိသတ်ကို သွားနှုတ်ဆက်နေပါတယ်။ သူ ခင်တွယ်ရာ လူတွေ ကျန်သေးတာကြောင့် တဝကြီး နှုတ်ဆက်နေပါပြီ”
ဟိုမှာက ဝုန်းဒိုင်းကြဲပြီး ယမ်းတွေ ထ,ပေါက်ကုန်ပြီ။ အဲဒီ ပွဲရုံဘေးမှာ ဆိုင်ကယ်စတန်းက ရှိသေးတယ်။ ကျုပ် ကောင်းကောင်း နားလည်လိုက်ပြီ။ ဟိုလူက မိုက် မချသေးဘူး။
“ပရိသတ်ကြီး”
“ဝေး” လို့ ပြန်မအော်ကြတော့ဘူး။ ဘယ် အော်နိုင်တော့မလဲ။ ပြေးသူက ပြေးနေပြီ။
“ဟေ့လူ ခင်ဗျား စွတ်အော်မနေနဲ့၊ မီးသတ်ကားကို လှမ်းပြော၊ ဒီလောက် မီးလောင်နေတာ တွေ့လျက်နဲ့ နှုတ်ဆက်နေသေးတယ် လုပ်နေသေးတယ်”
ကျုပ် စိတ်အချဉ်ပေါက်ပြီး ငေါက်ပစ်လိုက်တယ်။ သူ့ မျက်မှန်ထူထူထဲကနေ မျက်လုံးငယ်သွားတာပေါ့ ။ ကျုပ်က ဥက္ကဋ္ဌ၊ ဒိုင်ချုပ်လေ။ ဒီမှာ ဆွဲဆုတ်ပစ်လိုက်လို့ ရတာပေါ့ ။
“ပရိသတ်ကြီး အဲ ယောင်လို့ မီးသတ်ကားများ အမြန်ထွက်ပေးပါ၊ လမ်းရှင်းထားပေးပါ ခင်ဗျာ။ မြန်မာပြည်သား ရင်ခွင် အေးမြဖို့ အတွက် ရေခွက်နဲ့ လောင်းပေးကြပါဦး၊ တတ်နိုင်သမျှ ကူညီကြပါဦး”
“ဝင်းအောင် ... ဝင်းအောင်” ဆိုပြီး မီးသတ်ကား ထွက်သွားတယ်။
အဖြေက ဆိုင်ကယ်လေးစီး မီးလောင်သွားတယ်။ ဝယ်တာ မကြာသေးဘူးဆိုပဲ။ အားခဲသမျှ သွားရှာသော မြန်မာပြည်သား အသင်း။ ကြံကြံဖန်ဖန်ဗျာ၊ ကိုယ့်ယမ်းက ကိုယ့်မီးပုံးကို ပြန်ဖောက်ပြီး ပျက်ကျရတယ်လို့။ ကျုပ် ဒိုင်ချုပ် လုပ်တဲ့ နှစ်မှပဲ ဖြစ်ရသလား။ ကိုယ်ကပဲ ကံမကောင်းတာလား၊ တိုက်ဆိုင်တာလား၊ အမှားအယွင်းရှိနေတာလား မသိဘူး။ နောက်နေ့မှာ ကလေးတွေကို ရောင်းတဲ့ မိုးပျံပူဖောင်း ရောင်းသူရဲ့ ဂက်စ်အိုး ကလည်း ထ,ကွဲလို့။
ပြီးမှပဲ ကိုးမြို့ရှင်နတ်နန်းမှာ ပွဲသွားထိုးဦးမှလို့ တွေးရင်း မတ်ပဲကြော်နဲ့ ဗယာကြော်ကို စားပြီး ရေနွေးကရားကို ငှဲ့လိုက်တယ်။ မိုက်ကိုင်သူက မေးတယ်။
“ဆရာက သောက်လို့လား”
ကျုပ် နားမလည်ဘူး။ ရေနွေးပဲ သောက်မှာပေါ့။
“အဲဒီထဲမှာ အရက်ထည့်ထားလို့”
“ဟင်...”
▢ ပိုင်ဒွေး ၊ သင်္ချာ ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇွန် ၊ ၂၀၁၈
No comments:
Post a Comment