Thursday, November 26, 2026

မိတ်အေးမိခြင်း

❝ မိတ်အေးမိခြင်း ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

ပုစဉ်းရင်ကွဲကောင်တို့၏ အသံများ ကျယ်လောင်လာ လေလေ မိတ်ဖုတွေက ပိုပြီး ယားယံလာလေလေဟု ဘဆေးရိုး ထင်သည်။ ယားယံသော နေရာများကို အမှတ်မဲ့ လက်သည်းဖြင့် ကုတ်မိသည်။ အရေခွံစုတ်ကာ သွေးစို့လာငြား အယား မပြေပါ။

“ကျီးဒန်ရေ၊ ဆီးဖြူသီးခြောက် ရှိသေးလား”

မည်သည့်နေရာတွင် သုံးစွဲမည်ဟု ဘဆေးရိုး မပြော။ အမေကြီး ကျီးဒန်ကလည်း မမေးပါ။ မမေးသော်ငြား အမေကြီး ကျီးဒန်သိသည်။

“အသီးခြောက်တော့ ရှိတယ်။ အမှုန့်တော့ ကုန်နေပြီ”

“အမှုန့် မရှိလည်း သွေးရမှာပေါ့ဟာ၊ အင်ပျဉ်ပါ ထနေပြီဟ”

ဘဆေးရိုးသည် လက်မောင်းတစ်လျှောက် ဖောင်းကြွနေသော ‘အင်ပျဉ်’ ကို အသေအချာ ငုံ့ကြည့်သည်။ သွေးခြည်ဥနေသော အသားပြင်ကြီးသည် တဆတ်ဆတ်သာ တုန်နေ၏။

လက်သည်းဖြင့် ကုတ်လည်း အယား မပြေ၊ အဝတ် ကြမ်းကြမ်းဖြင့် ပွတ်သော်ငြား အသား တစ်ပြင်လုံး တဆတ်ဆတ်သာ တုန်နေသည်။ အယားကား မပြေ။ အယားမပြေတိုင်း ကုတ်ဖဲ့ရလျှင် အရေခွံရော အသားပါ ကုန်သွားပြီး အရိုးဖွေးဖွေး ပေါ်လာဖွယ်ရှိသည်။ သို့ကြောင့် ဘဆေးရိုးမှာ စိတ်ကို ချုပ်ပြီး ဆီးဖြူသီး ရှာဖွေရခြင်းဖြစ်သည်။

ယားယံသော မိတ်ဖုများကို ဆီးဖြူသီးခြောက် အမှုန့်ဖြင့် ပွတ်လျှင် သက်သာ၏။ အသီးခြောက်ကို ရေဖြင့် သွေးပြီး လိမ်းကျံလျှင်လည်း ရ၏။ ဘဆေးရိုးသည် ဆီးဖြူသီးခြောက် ရှာဖွေရန် ကုန်းထစဉ် “ဘ၊ ဘ” အော်သံ ကြားရ၏။

အသံလာရာသို့ ဘဆေးရိုး ခေါင်းငဲ့ကြည့်မိသည်။ သတ္တိခဲနှင့် ရွှေရည်ဝင်းတို့ မောင်နှမ လှေကားအတိုင်း တက်လာရင်း အော်နေကြခြင်း ဖြစ်၏။

“ဟဲ့ အသက်ရှူကြပါဦး”

ဘဆေးရိုး သတိပေးငြား သတ္တိခဲက ပြေးကပ်လာသည်။ “ဘ၊ ဘ၊ ဟို” ဟူ၍လည်း အမောတကော ဆက်ပြောသည်။

“ပြော၊ ဘာဖြစ်လဲ”

သတ္တိခဲ အဖြေ မပေးနိုင်သေး။ နဖူးပေါ်ရှိ အနီပြင်ကြီးကို ကုတ်နေသေးသည်။

“လက်သည်းနဲ့ ကုတ်လို့ သွေးစို့ရင် ယင်နားလိမ့်မယ် သားရဲ့”

ဘဆေးရိုး၏ စကားကို သတ္တိခဲ မလိုက်နာနိုင်ပါ။ အစင်းကြောင်းကြီး ထင်သွားအောင် နဖူးကို ကုတ်ပြီး နောက် ကျောကော့ပြီး ကုတ်နေပြန်၏။

လေးထပ်ကျောင်း ထန်းတောထဲမှ ဥသြငှက်သံ ချိုသည် လွင့်ပျံ့လာ၏။ ချိုမြကြည်လင်သောအသံကို ဘဆေးရိုး အာရုံရောက်ရုံသာ ရောက်၏။ မခံစားနိုင်။ အပ်ဖြင့်ထိုးဘိသို့ ကျောပြင်က စူးရှလာသဖြင့် မမီမကမ်း လှမ်းကုတ်ရ၏။ သတ္တိခဲ၏ စကားကို နားမလည်လိုက်ပါ။

“သား ဘာပြောတာတုံး၊ ဘကို ပြန်ပြောပါဦး”

သတ္တိခဲ မပြောနိုင်ပါ။ ရှုံ့မဲ့ပြီး ကုတ်နေရာက ပါးစပ်ရွဲ့ပြီး ကုတ်နေသည်။

“ဟဲ့ သမီး ရွှေရည်ဝင်း”

ရွှေရည်ဝင်းသည် ပဲ့ရွဲ့နေသော လက်မောင်းကို လေဖြင့်မှုတ်လျက် အစပ်သက်သာအောင် လုပ်နေရာက ချက်ချင်း မဖြေနိုင်သေး။ ဘေးအေကြီးကို ကြည့်ရုံသာ ကြည့်နိုင်၏။

“သတ္တိခဲက ဘာတဲ့လဲ သမီး”

“ထွေးလေးလှမေက ဆေးအတောင်း ခိုင်းတာ ဘရဲ့”

ဘဆေးရိုးသည် ဝမ်းခေါင်းသံကြီးဖြင့် “ဟေ” ဆိုသည်။ အကုတ်အဖဲ့တွေ ရပ်ဆိုင်းသွားသည်။ ထွေးလေး လှမေဆိုသူမှာ ဘဆေးရိုး၏ သွားလေသူ သားငယ် ကိုဘညိန်း၏ ဇနီးဖြစ်သည်။ သမီးကြီးမေကြည်နှင့် ခင်မောင်ငြိမ်း၊ မောင်မောင်လှ၊ ကျော်သူရ ဟူ၍ သားသမီးတွေ ရှိငြား၊ ငတက်ပြားမ၏သမီးနှင့် သားကို ဆေးအတောင်းလွှတ်ရသည်။

“သမီး၊ ဘကို သေသေချာချာ ပြောစမ်း၊ ထွေးလေးလှမေ ဘယ်လို နေသတုံး"

“စောင်ကြီးခြုံပြီး အိပ်နေတယ် ဘ”

သည်မျှပူလောင်နေချိန်တွင် စောင်ခြုံထားသည် ဆိုခြင်းကို ဘဆေးရိုး မကြိုက်သောကြောင့် လည်ပင်း ရှည်ကြည့်၏။

“အမယ်ကြီးအို ကြားလားဟေ့”

အမေကြီး ကျီးဒန်ထံမှ တုံ့ပြန်သံ မလာပေ။ ပုစဉ်းရင်ကွဲအော်မြည်သံများ တိုးတိမ်သွားသည်ကို သတိမထားမိငြား ပုစဉ်းရင်ကွဲကောင်တစ်အုပ် ထပြီးအော်သောအခါ ဘဆေးရိုး သတိထားမိသည်။ ရှုံ့မဲ့ပြီး “ဟေ့ အမေကြီးအို” ဟု အသံမြှင့်ပြီး အော်သည်။

“အဘိုးကြီးအို ဘာဖြစ်လို့ အော်တာတုံး”

အမေကြီး ကျီးဒန်က နောက်ဖေးလှေကားမှ တက်လာရင်းမေး၏။

“ညည့်ချွေးမက ဆေးအတောင်းခိုင်းလိုက်တယ်တဲ့၊ သွားကြည့်လိုက်စမ်းပါဦး”

သူတို့သည် ချွေးမ မလှမေနှင့် တရင်းတနှီး မရှိကြပါ။ ကလေးတွေ ဝင်ထွက်သွားလာ စားသောက်နေကြငြား မလှမေကလည်း အဝင်အထွက် နည်းသည်။ သို့ရာတွင် ကိုဘညိန်း ကွယ်လွန်ပြီးနောက်တွင်ကား ဘဆေးရိုးနှင့် အမေကြီး ကျီးဒန်တို့သည် မလှမေအား ဆက်ဆံရာ၌ အချိုးပြောင်းလာကြ၏။

“အားကိုးအားထားဆိုလို့ ငါတို့ပဲ ရှိတော့တယ်”

ရမ်းဘိုကုန်း တစ်ရွာလုံးတွင် မလှမေအတွက် အားကိုးစရာဟူ၍ သားသမီးလေးယောက်နှင့် မြေးများသာ ရှိသည်။ သို့ဖြစ်သောကြောင့် အမေကြီးကျီးဒန်က အခေါ်အပြော ပြုသည်။ အပေးအကမ်း လုပ်သည်။ ယခု သူ နေမကောင်းကြောင်း သူ့တူနှင့် တူမက လာပြောသည်။ သားသမီးတွေ အဘယ်သို့ သွားနေကြသနည်း။ မြေးတွေ အဘယ်သို့ ရောက်ကုန်ကြသနည်း။ ဘဆေးရိုး သဘော မတွေ့ငြား မျိုသိပ်သည်။

“ဒါလောက် ပူရအိုက်ရတဲ့အထဲ စောင်ကြီးခြုံထားသတဲ့၊ သွားလိုက်ပါဦး”

“ဆွမ်းလောင်းလို့ မပြီးသေးဘူး”

“ထားခဲ့ ထားခဲ့၊ ငါ လောင်းလိုက်မယ်”

ထိုအခါတွင် အမေကြီး ကျီးဒန်သည် မီးဖိုထဲမှ ထွက်လာ၏။

“ဇလုံနဲ့ ထည့်ထားတဲ့ ကင်းပုံသီးဟင်းက ဝတ်ခွက် သုံးကျောင်းစာနော်”

ဘဆေးရိုး နှုတ်မှ မဖြေနိုင်။ အံကြိတ်ပြီး ကျောပြင်ကို အိမ်တိုင်နှင့် ပွတ်နေရသောကြောင့် ခေါင်းသာ ညိတ်ပြနိုင်သည်။ ဆွမ်းခံပြန်ရန် သုံးကျောင်းကျန်သေးသဖြင့် စောသေးသည်ဟု ဆိုနိုင်သည်။ သို့သော် မိတ်ဖု အပဲ့အဖွဲ့တွေက စပ်လာပြီဖြစ်သဖြင့် ချွေးထွက်နေပြီ ဖြစ်ကြောင်း ငုံ့မကြည့်ဘဲ သိနိုင်၏။

“ဆွမ်းတော်ခင်ဗျာ့”

ဘဆေးရိုး လှမ်းကြည့်သည်။ သာမဏေ တစ်ပါးနှင့် ကျောင်းသား သုံးယောက်။

“မောင်ကျောင်းသားရေ၊ လာယူပြီး လောင်းပေတော့ဟေ့။ ငါတော့ မိတ်ယားတာနဲ့ပဲ ဘာမှမလုပ်နိုင်တော့ဘူးဟ”

ကျောင်းသားသည် အိမ်အသီးသီး၏ အထာကို ကောင်းစွာ သိထားပြီးသူ ဖြစ်၏။ သို့အတွက် ဘဆေးရိုးတို့ အိမ်ပေါ်သို့ လွှားခနဲတက်သည်။ ဆွမ်းပန်းကန်ယူပြီး ခုန်ချသည်။ ဆွမ်းလောင်းပြီးနောက် ပန်းကန်ကို ကပြင် (ကြမ်းပြင်) ၌ ထားခဲ့သည်။ ဘဆေးရိုးသည် ဆီးဖြူသီးခြောက် ရှာဖွေ၍ တွေ့ပြီဖြစ်သဖြင့် အားတက်လာ၏။ အားတက်ခါမျှဖြင့် အယားအယံက တစ်ဝက် လျော့သွားပြီ။ ကျောက်ပြင် ရှာပြီး ဆီးဖြူသီးကို သွေးချင်သည်။ ကျောက်ပြင် ရှာမတွေ့ပါ။ အမေကြီး အိုပြီ ဆိုပြီး ကျောက်ပြင်ကို မြေးတွေ ယူသွားပြီလော။ သို့တည်းမဟုတ် မြစ်တွေပင် အမွေခွဲ သွားပြီလော။

“အဘ၊ ဝတ်ခွက်ခင်ဗျာ့”

အုပ်ဆောင်းအုပ်ထားသော သစ်သားဗျပ်ခွက် နီနီရဲရဲကို ရွက်ထားသော ကျောင်းသားဖြစ်သည်။

“အရေးထဲမှာ ကျောက်ပြင် ရှာမတွေ့လို့ကွာ၊ ကြည့်သာ ခပ်သွားပေတော့ဟေ့၊ သုံးကျောင်းစာတဲ့နော်”

မိမိ ဝေစု မည်မျှဟူသည်ကို ခန့်မှန်းနိုင်စေရန် ကျောင်းအရေအတွက်ကို ဘဆေးရိုး ထည့်ပြောခြင်း ဖြစ်သည်။

“ဆွမ်းတော်ဗျို့”

ဝတ်ခွက်ကျောင်းသား မီးဖိုထဲမှ ထွက်မလာမီ အိမ်ရှေ့သို့ ဆွမ်းခံအဖွဲ့တစ်ဖွဲ့ ရောက်လာပြန်ချေပြီ။ ကျောက်ပြင် အပဲ့တစ်ချပ် ရှာတွေ့ပြီမို့ ဘဆေးရိုး မထနိုင်။

“ဝတ်ခွက်ယူတဲ့ မောင်ကျောင်းသားရေ၊ တစ်ဆိတ် ဆွမ်းလောင်းပေးပါဦးကွာ”

“ဟုတ်ကဲ့” ဆိုသံနှင့်အတူ မီးဖိုထဲမှ ဝတ်ခွက် ကျောင်းသား အပြေးထွက်လာစဉ် ဒန်ချိုင့်များကို ဒန်လင်ပန်းထဲ၌ ထည့်ရွက်ထားသော ကျောင်းသားတစ်ယောက်လှေကားရင်းသို့ ဖြုတ်ချည်း ချဉ်းကပ်လာ၏။

“ဟေ့ကောင် ပေး၊ ပေး၊ ငါလောင်းလိုက်မယ်”

ဒန်လင်ပန်းထဲတွင် ဒန်ချိုင့်တွေ ထည့်ပြီး ရွက်ထားသူလည်း ဝတ်ခွက်သမား၊ အုပ်ဆောင်းအုပ်ထားသော ဗျပ်ခွက်ကို ရွက်ထားသူလည်း ဝတ်ခွက်သမား ဖြစ်၏။ ဝတ်ခွက်သမား ဖြစ်စေကာမူ ဘဆေးရိုး၏ မျက်စိထဲ၌ ဒန်လင်ပန်းသမားမှာ သွက်လက်ပျိုမျစ် နေသည်။ ဗျပ်ခွက်သမားမှာ ထိုင်းမှိုင်းလေးလံရုံမက အိုမင်းနေသေးသည်။

ဘဆေးရိုးသည် ဝတ်ခွက်သမားများကို မသိပါ။ မည်သည့်ကျောင်းတွေ ဆွမ်းခံဝင်သေးသနည်း ဟူသည်ကိုလည်း မသိတော့ပါ။ ယုတ်စွအဆုံး မိမိနေခဲ့သော လေးထပ်ကျောင်းသည်ပင် ဆွမ်းခံထွက်သေးသလား မသိပါ။ အမေကြီးကျီးဒန်၏ တာဝန်အဖြစ် ထားခဲ့ရာ ယနေ့မှ လေးထပ်ကျောင်းကို သတိရသည်။

“မင်းက ဘယ်ကျောင်းကတုံး”

“ကျုပ်က တောင်ပလူကျောင်းကပါ ဘ”

“မင်းကကော”

“သရက်ချင်ကျောင်း”

သောက်ရေအိုးထဲက ရေအေးနှင့် သွေးထားသော ဆီးဖြူသီးခြောက်ကို လိမ်းလိုက်ရသဖြင့် ဘဆေးရိုး နေသာထိုင်သာ ရှိ၏။ သို့ရာတွင် သူ မေးမိသော ဆွမ်း ခံကျောင်း၊ ဝတ်ခွက်ခံကျောင်းများမှာ သူ့ကျောင်း လေးထပ်ကျောင်း မဟုတ်သဖြင့် စိတ်ပူပန်မိ၏။

ကျောင်းထိုင်ဘုန်းကြီး ကျန်းခံ့သာပါ၏လော၊ ဆွမ်းပို့သူ ရှိမှ ရှိပါလေစ။ သို့သော် မျက်နှာသာ ပေးရမည့် ချွေးမထံ သွားရဦးမည်။ မိမိမြစ်တွေ၏ အဘွား မလှမေ။ မိမိမြေးတွေ၏မိခင် မလှမေ။ သူသည် မိမိတို့၏ ချွေးမဖြစ်သည်။ ပစ်ထားရန် မသင့်လျော်ပေ။

ဘဆေးရိုးသည် တတိယ ဝတ်ခွက်သမားနှင့် အတူ အိမ်ပေါ်မှ ဆင်းသည်။ ဝတ်ခွက်သမား တစ်အိမ်ခံ၍ ပြီးချိန်တွင် ဘဆေးရိုးက တောင်ဝှေးတဒေါက်ဒေါက်ဖြင့် မလှမေ၏အိမ်သို့ ရောက်လာခဲ့ချေပြီ။ မလှမေ၏ အိမ်မှာ ခြေတံရှည်အိမ်ဖြစ်သည်။ တုန်တုန်ယင်ယင်ဖြင့် အတက်အဆင်း မပြုရစေရန် လူမမာက အိမ်အောက်ဆင်းနေသည်။ ခနော်ခနဲ့ ခုတင်ကို ထန်းရွက် တစ်ချပ်ဖြင့် ကာရံထားသည်။

“ဒါလောက် အပူအအိုက်ကြီးမှာဟယ်၊ စောင်ခြုံရတယ်လို့”

လူမမာ လာမေးသူများအတွက် ထိုင်စရာ မရှိသောကြောင့် လှေကားခြေရင်း ခွေးကတက်တွင် ထိုင်ကြရ၏။ ဘဆေးရိုး သော်ကား လူမမာက ကျုံ့ပေးသဖြင့် ခုတင်ခေါင်းရင်းပိုင်းတွင် ထိုင်စရာရ၏။ သူသည် ခုတင်ခေါင်းရင်းပိုင်းတွင် ထိုင်စရာ ရလျှင် ရချင်း ချွေးမ လူမမာကို စေ့စေ့ကြည့်၏။ သည်မျှ ပူလောင် အိုက်စပ်နေပါလျက် မလှမေတွင် မိတ်ဖု မရှိ။

“အိုက်သလိုလို ရှိတိုင်း ရေထထ ချိုးနေတာ မဟုတ်လား”

“အဲဒါတော့ ဟုတ်တယ် အရီးရေ့၊ ရေတော့ စွတ်ကယ်စွတ်ကယ်နဲ့ ချိုးမိတယ် အရီးရဲ့”

ဘဆေးရိုး ခေါင်းညိတ်သည်။

“ရေချိုးအပြီးမှာ ထပ်ပြီး ပူမှာစိုးလို့ ရင်ရှားနဲ့နေ၊ အအေးပတ်ပေါ့ဟာ” ဟု ဆိုသည်။ တစ်ဆက်တည်း အမေကြီး ကျီးဒန်တို့ မြေးအဘွားတစ်စုကို လှမ်းကြည့်သည်။

“အခု ဘာဆေးပါသတုံး”

“အခုတော့ သဗ္ဗဇေယျပဲပါတယ်”

“ကောင်းတယ်၊ မီးသုံးစွဲခွင့် အချိန်ရှိတုန်း ရေနွေးအိုးတည်လဟ။ အင်း ရေနွေးတည်ဖို့ ရေမှ ရှိရဲ့လားဟာ”

“ရေလောက်တော့ ရှိပါသေးတယ် အရီးရာ”

လူမမာက ရှက်စနိုးဖြင့် ဖြေသည်။

မလှမေ ရှက်စနိုးဖြင့် ဖြေရခြင်းမှာ ဘဆေးရိုးသည် မြေးများ၊ မြစ်များကို လွန်စွာအထင်သေးသောကြောင့် ဖြစ်သည်။ မြေးများဖြစ်သော မေကြည်နှင့် ခင်မောင်ငြိမ်း၊ မောင်မောင်လှ၊ ကျော်သူရတို့မှာ မအေ တစ်ယောက်ကို ထောက်ပံ့ကူညီရန် ဝေးစွ၊ သူတို့ ဝမ်းသော်မျှ အနိုင်နိုင်။ သားသမီးလေးယောက်အနက် မေကြည် တစ်ယောက်သာ အိမ်ခွဲပြီး နေနိုင်သည်။ ခင်မောင်ငြိမ်းမှာ မအေ့အိမ်ဝိုင်းထဲ၌ တဲထိုးပြီး နေရသည်။ မောင်မောင်လှမှာ တဲသော်မျှ မထိုးနိုင်သဖြင့် မအေ့အိမ်တွင် ကပ်နေရသည်။

မလှမေမှာ ယောက္ခမနှစ်ယောက် စုံညီရောက်လာသည့်အတွက် နေမကောင်းသည်ကို မေ့ပြီး ချွေးပြန်နေပြီ။ မလှမေ ချွေးပြန်လောက်အောင်လည်း ခင်မောင်ငြိမ်း၏ဇနီး ရီရီပြုံးက အထားအသို ပက်စက်သည်။ ယခုပင်လျှင် သူတို့ တဲတွင်းသို့ ဘဆေးရိုး ဝင်မကြည့်ရသေး။ လှမ်းကြည့်ရုံဖြင့် ကျီးတရုန်းရုန်း ခွေးတသောသော ဖြစ်နေသည်။

ခင်မောင်ငြိမ်း၊ ရီရီပြုံးတို့ တဲရှေ့တွင် ထမင်းဟင်း ချက်ပြုတ်သော မီးဖိုကျင်းရှိသည်။ မီးဖိုကျင်းထဲတွင် ထမင်းရည်အိုးကို ဟောင်းလောင်းထားခဲ့သည်။ သည် အထဲကို ထမင်းကြမ်းတစ်ခဲ ထည့်ထားပြန်သေးရာ ကျီးကန်းများက အုပ်ဖွဲ့ပြီး ထိုးဆိတ်စားသောက်ကြ၏။ ဘဆေးရိုး လှမ်းကြည့်နေဆဲ၌ ခွေးကျားက ကျီးတွေကို လိုက်လံ မောင်းနှင်နေ၏။ မီးဖိုကျင်း၏ ထောင့်စွန်းတွင် စိုက်ထားသော တိုင်ကလေးပေါ်တွင် ဘဲဥခွံတစ်လုံး စွပ်ထားသည်။ ကျီးကန်းကလည်း သည်အပေါ်သို့ ကတ်သီးကတ်သတ် တက်နားသည်။ တိုင်လဲသည်။ ကျီးကန်းက အလန့်တကြား အော်ရင်း ထပျံသည်။ အခြားကျီးကန်းတွေကလည်း ဝိုင်းဝန်းအော်ဟစ်ကြရာ ဘဆေးရိုး ခေါင်းခါမိ၏။

မြန်မာတို့သည် ခွေးအူခြင်း၊ ကျီးပြိုခြင်းကို မကောင်းသော နိမိတ်အဖြစ် ကောက်ယူကြသည်။ ယခု လူမမာအိမ်တွင် ကျီးတသောသော ဖြစ်နေပုံမှာ စိတ်ထင့်ချင်စရာ စိတ်လေးစရာ ဖြစ်နေသည်။ မလှမေမှာ သူ့အိမ်၏ အဖြစ်ကို ကြည့်ပြီး နေကောင်းလုလု ဖြစ်လာရတော့သည်။

သို့သော် ရွှေရည်ဝင်းတို့ မောင်နှမ ရေနွေးတည်ရန် မီးဖိုကျင်းထဲသို့ ဆင်းသွားချိန်ဝယ် မီးဖိုကျင်းထဲက ကျီးတသောသော၊ ခွေးတရုန်းရုန်း မြင်ကွင်းမှာ ရပ်စဲသွားပြီ။ သို့လျှင် ရပ်စဲသွားငြား မလှမေမှာ ချွေးပြန် မရပ်ပါ။ အိမ်ပေါ်သို့ တက်သော လှေကားကို မည်သူမျှ စူးစူးစိုက်စိုက် မကြည့်မိပါစေနှင့် ဆုတောင်းနေရသည်။ လှေကားဆန် ခုနစ်ချောင်း ထည့်ထားသော လှေကားတွင် အောက်ဆုံးနှစ်ထစ်က ပြုတ်နေသည်။ အလယ်တစ်ထစ်က ချောင်နေသည်။ အောက်ဆုံးနှစ်ထစ်မှာ ခွေးကတက်နှင့် နီးသဖြင့် အန္တရာယ် မရှိ။ အလယ်လှေကားထစ်မှာ လက်ရန်းကို အားပြုလျက် အတက်အဆင်း ပြုလျှင် ဖြစ်သော်ငြား အန္တရာယ်ရှိသည်။ လှမ်းကြည့်ရုံဖြင့် လှေကားဆန် ပြုတ်နေသည်ကို မြင်နေရ၏။

သည်လှေကားထစ် သုံးထစ်ကြောင့် မလှမေမှာ အိမ်အောက်သို့ ဆင်းနေရသည်။ သို့ရာတွင် မောင်မောင်လှတို့ လင်မယားကမူ လှေကား အပျက်ကိုပင် အသုံးချနေကြရ၏။ “ပြင်လိုက်ကြစမ်း” ဟု မလှမေ ခိုင်းရန် မလို။ မလိုစေကာမူ မပြင်ဖြစ်။ သုံးလ ကျော်ပြီ။

သားကို မလှမေ အပြစ်မတင်။ မိဘက ကျောင်း ထားစဉ်တွင် ကျောင်းကို အာရုံမရောက်။ မိဘဆွေမျိုးများ ငေါက်ငမ်းမာန်မဲနေသည့် ကြားက အိမ်ထောင် ပြုသည်။ အိမ်ထောင့်ဝန်ကို ထမ်းဆောင်ရန်အတွက် ဥယျာဉ်တွေတွင် အငှားလိုက်ရသည်။ မှိုးမှိုးမှောင်မှောင်ကသွားပြီး မိုးကြီးချုပ်မှ ပြန်လာကြရာ လှေကားထစ်ကို မည်သို့ပြင်ပါမည်နည်း။ ဤအခြေအနေကို မလှမေ သိငြား ဘဆေးရိုး မသိ။ အမေကြီး ကျီးဒန်လည်း သိကောင်းမှ သိမည်။ သို့ကြောင့် လှေကား အလယ်က လှေကားဆန်အပြုတ်ကို မမြင်ကြပါစေနှင့်ဟု မလှမေ ဆုတောင်းနေရသည်။ တစ်ယောက်ယောက် မြင်သွားပါက အိမ်ပေါ်တွင် တက်နေသော မောင်မောင်လှ၏ ခေါင်းပေါ်သို့ ရောက်တော့မည်။

အိမ် မဆိုထားနှင့် တဲ တစ်လုံးသော်မျှ မဆောက်နိုင်သောကြောင့် မအေ့အိမ်ပေါ်သို့ တက်နေရရှာသော မောင်မောင်လှမှာ အထင်သေး အမြင်သေး ခံနေရသည်။ လှေကားဆန်အပြုတ်ကို ဘေးအေကြီးတွေ မြင်သွားခဲ့သော် ပိုပြီး အထင်သေးရော့မည်။

မလှမေမှာ လှေကားဆန်ကြောင့် ဇောချွေးပြန်နေသည်။ ဇောချွေး သို့မဟုတ် အခိုးချွေး။ မည်သည့် ချွေးပင် ဖြစ်စေကာမူ အဖျားထက်ဝက်ကျော် ကျဆင်းသွားသည်ကား အမှန်ပင် ဖြစ်သည်။ သတ္တိခဲတို့ မောင်နှမတည်သော ရေနွေးအိုး ဆူစပြုပြီဖြစ်ငြား အသုံးဝင်တော့မည် မထင်ပါ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment