❝ ကောင်းကင်မှသည် သမုဒ္ဒရာဆီထိ ❞
▢ သိန်းထိုက်ဆွေ
အမိုက်မဲဆုံးဟု အပြောခံခဲ့ရသော၊ ဝေဖန်ခံခဲ့ရသော၊ တစ်ဇွတ်ထိုး ဂျစ်ကန်ကန် ဆတ်ဆတ်ထိမခံ ဆတ်ဆတ်ကြဲ စရိုက်တွေနှင့် ဘောင်းဘီအတို အရှည်၊ ရှပ်အင်္ကျီ၊ တီရှပ်တွေသာ ဝတ်တတ်ပြီး ဆိုင်ကယ်တစ်စီးနှင့် ဖဲတွေလည်ရိုက်၊ လောင်းကစားများစွာနှင့် မကင်း။ ကွမ်းတွေ တပျစ်ပျစ်စား၊ ဆေးလိပ် ဘီယာတွေ၊ အရက်ပါ မကျန် သောက်တတ်ခဲ့သော ယောက်ျားဆန်ဆန် ပညာတတ် မိန်းမတစ်ယောက်က မိခင်ဖြစ်ခဲ့သတဲ့။
••••• ••••• •••••
သမီးလေးရယ်... မေမေရဲ့ အမိုက်မှားတွေကြောင့် လောကထဲ ရောက်လာတဲ့ သမီးလေး ချို့ယွင်းခဲ့တယ်ဆိုရင် မေမေ့ကို သမီးလေး နားလည်ပေးပါ။
သမီးလေးအတွက်လေ မေမေ့ကိုယ် မေမေ ရင်နာနာနှင့် မုန်းတီးမိပါတယ်။ မေမေ့ ကံတရား မျက်စိလည်လမ်းမှားခဲ့ သလို၊ သမီးလေး ကံတရားလည်း မျက်စိလည် လမ်းမှားခဲ့တာပါ။ သမီးလေးကို မေမေ ကတိပေးပါတယ်။
မေမေ ‘ဆောင်းသုခ’ ရဲ့ သမီးလေးကို လူပုံအလယ် တင့်တယ်ရအောင် မေမေ ကြိုးစားတည်ဆောက်ပေးပါမယ်။ ငွေရောင်အဆင်းနဲ့ သွန်းလုပ်ထုဆစ်ထားတဲ့ အရုပ်လေး တစ်ရုပ်လို သမီးလေး တင့်တယ်လှပစေရပါမယ်။ အခုကတည်းက မေမေ့သမီးလေးကို ‘ငွေစင်ခ’ လို့ အမည်ပေး လိုက်ပါတယ်။
ဝမ်းနည်းခြင်းတွေ၊ နောင်တတွေ၊ အမြင်မှန်တွေ၊ ပြောင်းလဲတိုးဝင်ခဲ့သော အသိတရားတွေ၊ မိခင်တစ်ယောက်ဖြစ်လာရခြင်းတွေက သမီးလေးမျက်နှာကို မြင်မြင်ချင်းပင် အသွေးအသားနှလုံးသားထဲသို့ ဒုတ်ခနဲ ဝင်ရောက်လာပါသည်။
အမိုက်အမှား အဆိုးအတေများစွာဖြင့် အချိန်များစွာရဲ့ တိုက်စားမှုထဲ နေပျော်ခဲ့သော ကိုယ့်ကိုယ်ကိုယ်ပင် စက်ဆုပ်စွာ အခိုးအငွေ့အဖြစ် ကွယ်ပျောက်ပစ်လိုက်ချင်ပါသည်။
သို့ပေမယ့် ဒီအတွေးကလည်း မှားပြန်ပါသည်။ သမီးလေးအတွက် အသက်ရှင်ရပါဦးမည်။
ချို့ယွင်းမှု လက္ခဏာများဖြင့် သမီးလေးကို လောကက သူမထံ လက်ဆောင်ပေးခဲ့တာ သူမ မိုက်ပြစ်တွေ အတွက်တဲ့လား။ သမီးလေးရယ် ...
မေမေ့ဝမ်းထဲ ခိုဝင်နေကတည်းက ပြုပြင်ပေးလို့ ရရင် ပြုပြင်ပေးခဲ့ပါတယ်။ သမီးလေးရဲ့ ရှေးဘဝအတိတ်ကံကြောင့် မဟုတ်ဘူး ဆိုရင်လည်း မေမေ့ ဆိုးသွမ်းမှုတွေအတွက် သမီးလေးဘဝ ကောင်းမွန်တင့်တယ် အောင်၊ လုံခြုံနွေးထွေးအောင်၊ အေးချမ်းပြည့်စုံအောင် မေမေ ကြိုးစားသွားမှာပါ။
မိခင်တစ်ယောက်၏ မေတ္တာစိတ်ဖြင့် သူမက သမီးလေးကို တစိမ့်စိမ့် ခံစားရင်း အင်အားများကို စုစည်းကာ ရင်မှဖြစ်သော သွေးစကားများဖြင့် ဆိုနေရင်း မျက်ရည်များကလည်း တစိမ့်စိမ့် သွယ်စီးကျနေ၏။
သမီးလေး...
သမီးလေးရယ်။
ဆိုးမိုက်ခဲ့တဲ့ မေမေ့အပြစ်တွေ အားလုံးကို သမီးလေးလက်ခံခဲ့ရတာလားကွယ်။
“အစ်မ၊ ခင်ဗျား မငိုနဲ့လေ သွေးနုသားနုမှာ မငိုရဘူးတဲ့”
နှုတ်နည်းလွန်းသော သမီးလေးအဖေက ကြားဖူးနားဝ စကားဖြင့် သတိပေး၏။
မကြားသလိုပင် ဘာမှ ပြန်၍ မတုံ့ပြန်ပါ။
မွေးပြီးပြီးချင်း သမီးလေးကိုလည်း မြင်ခွင့် မရခဲ့ပါ။ ရက်အနည်းငယ်ကြာမှ ကြိုတင် နှစ်သိမ့်အားပေးစကားတွေဖြင့် သတိတွေပေး၊ ကတိတွေ ပေးပြီးမှ သမီးလေးကို တွေ့ခွင့်ရခဲ့ခြင်းပင်။
ဒီပုံစံနှင့် သမီးလေးက သူမ ဝမ်းနှင့် လွယ်ကာ မွေးခဲ့တာတဲ့။ မြတ်စွာဘုရား ကယ်တော်မူပါ။ လွတ်မလိုစိတ်ကို ဘုရားတ ကာ အားတင်း၍ ကြည့်ခဲ့ရပါသည်။ ဒိုင်းခနဲ ဝင်လာသော အသိက ...
ငါ့ကြောင့်၊ ငါ့ကြောင့်။
မိန်းမတစ်ယောက်ရဲ့ ဘဝကို ပေါ့ဆခဲ့လို့။ ငါ့ဒဏ်တွေ သမီးလေးအပေါ် ပုံပိရောက်ခဲ့တာလား။
ထိုအသိနှင့်ပင် လူမမည်သမီးလေး အပေါ် ကရုဏာအင်အားတို့ တိုးပွားသက်ဝင်ခဲ့ရပါသည်။ သနားစရာ သမီးလေးရယ်။
ပညာတတ် မိန်းမတစ်ယောက် ဖြစ်ခဲ့လျက်နှင့်။ ယောက်ျားလေးတွေနှင့် ဒူးတင်၊ ပေါင်ထပ်၊ ရင်ပေါင်တန်းကာ ဖဲထိုင် ရိုက်ခဲ့၊ သောက်စားမူးယစ်နေတတ်ခဲ့သော မိန်းမတစ်ယောက်ရဲ့ ကံကြမ္မာသွေဖည်မှုမှာ အိမ်ဦးနတ် ယောက်ျားက အသက် ၇ နှစ်ခန့် ငယ်သည့် လူငယ်တစ်ယောက် ဖြစ်ခဲ့ပြန်ပါသတဲ့။
အိမ်ထောင်ရေး ကံဆိုသည်က တစ်ခါတစ်ခါ မယုံနိုင်လောက်အောင် အံ့သြထူးဆန်းလွန်းသည်လေ။
သူမလည်း စိတ်မကူးခဲ့။ ထိုလူငယ်လည်း မဖန်တီးခဲ့ပါ။ ကံကြမ္မာ လမ်းချိုးသည် ‘ဆောင်းသုခ’ ကို မျက်မုန်းကျိုးစွာ တစ်ဆစ်ချိုးတွေ တစ်ခုပြီး တစ်ခု ဘဝထဲကို ထည့်ပေးခြင်းကတော့ ဆိုးလွန်းပါသည်။
ဘယ်တုန်းကမှ အာရုံ မရှိခဲ့။
ဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့။
ဘယ်တုန်းကမှ စိတ်မကူးခဲ့။
ဘဝမှာ အိမ်ထောင်ပြုစရာလား။ ယောက်ျားယူစရာလား။ မိခင်ဖြစ်မည့် မိန်းမ စာရင်းထဲ တစ်သက်လုံး ငါမပါဘူး။ မိန်းမတိုင်း မိခင် မဖြစ်တဲ့ထဲမှာ ငါပါတယ်။ လင်ယူသားမွေး အလုပ်တွေက ငါ့ အလုပ်လည်း မဟုတ်ဘူး။ အိမ်ထောင်ရေး ဆိုတာ ငါနဲ့ ဘာမှ မအပ်စပ်ဘူး။ စိတ်ရှုပ်စရာ။ ယောက်ျားတွေကို ဝေယျာဝစ္စ လုပ်ပေးရမှာလောက် အော့နှလုံးနာစရာ ဘာမှ မရှိဘူး။
ရွှီး ...
ဘဝတစ်လျှောက်လုံး အနှစ်သုံးဆယ်ကျော် ပြောခဲ့သည့် စကားတွေကို ကံတရားက ပျက်ရယ်ပြု၍ မျက်လှည့်ပွဲက ပြကွက်တစ်ခုလို ဖန်ဆင်းလိုက်ခြင်းက မယုံနိုင်စွာ။
••••• ••••• •••••
... တက္ကသိုလ်မှာ
ချစ်လှပါသည်၊ ကြိုက်လှပါသည် ဆိုသော သူတွေလည်း ရှိခဲ့သား။ အိမ်ကို ဝင်ထွက်သွားလာသူတွေလည်း အများသား။
“မိန်းမ မဆန်တဲ့ ငါ့ကို ဒီစကားပြောတာ မင်းတို့ ရူးနေလား၊ အခြား ကြံစည်စရာတွေ မရှိတော့ဘူးလား။ အံ့ဩပါ့”
သို့ပေမယ့် ...
“သုခရယ်၊ စဉ်းစားပါဦး”
“ဆောင်းသုခရယ် ယတိပြတ်တော့ မပြောပါနဲ့” ဆိုပြီး နောက်မရွံ့ချင်ကြသူတွေ။
မပွင့်လန်းသည့် ပန်းဖူးကိုမှ ရွှေလိပ်ပြာတွေက တဝဲဝဲ တလည်လည်။ ဆောင်းသုခ ဆိုတာ ရေမတင်သည့် ပိန်းရွက်။ ဆိုင်ထိုင်ဖို့ ခေါ်မည်လား။ ဖဲဝိုင်းသွားဖို့ ညှိမည်လား။
ချစ်စကား ကြိုက်စကား ပြောသူများကိုတော့ အရူးများဟုသာ ထင်မှတ်ယူဆခဲ့သည်။
တကယ်တမ်း ဆောင်းသုခ အိမ်ထောင်ကျပြီဆိုတော့ ကြားရသူတွေက တောင်ထိပ်မှာ ကြာတွေ ပွင့်တာပဲ မြင်ရသလိုလို။ ဘယ်လို အခြေနေမျိုးကများ ယောက်ျား တစ်ယောက်နှင့် နီးစပ်စေခဲ့သလဲ တွေးမရ။
မျှော်လင့်ခြင်း အငွေ့အသက် မကုန်သူများက ကြားရသော သတင်းမှာ ဆေးသောက်မှားကြသလိုလို။
“ဘယ်လို ဖြစ်ရတာလဲ သုခရယ် ”
“ဒီလူငယ်က နင့်အိမ်ထောင်ဖက် ဟုတ်လား”
“ဆောင်းသု ဦးနှောက်... ပိုးကိုက်သွားပြီ”
ရွှန်းလဲ့ဝေရီပြီး ကော့ပျံနေသော မျက်တောင်ရှည်များ အပေါ်မှ အုပ်မိုးထားသော မျက်ခုံးတန်းလေးနှင့် ဆောင်းသုခသည် ဘာခံစားမှုမှန်း မသိ၊ ငိုချင်သလိုလို၊ ဒေါသထွက်သလိုလို၊ မကျေနပ်သလိုလို။ အရင်လို ထစ်ခနဲရှိ ပေါက်ကွဲချင်စိတ်များလည်း မရှိတော့ဘဲ ငိုမတတ်မျက်ဝန်းများနှင့်။
ထုံအ တင်းကျပ်လေးလံနေပါသည်။ ဘယ်တုန်းကမှ မျက်ရည် မကျခဲ့သော မိန်းမတစ်ဦး၏ ဝေဒနာက တနင့်တပိုးပင်။ အိမ်ထောင်ကျခြင်း ဆိုသော ခေါင်းစဉ်က ဘယ်လိုမှ အဖြေမထွက်သော စာဖြေခန်းက ကလေးတစ်ဦးထက်ပင် ဆိုးလွန်းနေပါသည်။
“မမေးကြပါနဲ့တော့။ ပြန်ကြပါတော့။ ငါ ဘာမှ မဖြေနိုင်ဘူး။ မဖြေတတ်ဘူး။ သွားကြပါကွာ ...”
နံရံနှင့် မျက်နှာအပ်ကာ တသိမ့်သိမ့် လှိုက်ဖိုဆို့နင့်နေသော ဆောင်းသုခကို လောလောလတ်လတ် အိမ်ထောင်ဖက်လေးဖြစ်သော ‘ကောင်းကျော်ဦး’ သည် မျက်ရည် အဝဲသားဖြင့် ငေးကြည့်နေမိ၏။
ပြန်သွားသော ဧည်သည်တွေရဲ့ အကြည့်တွေကိုလည်း သူ ဘာမှ မခံစားရ။ သို့ပေမယ့် အစ်မ ခံစားနေရပုံကို သူ မကြည့်ချင်ပါ။ မမြင်ရဲပါ။ သူနှင့် အစ်မ ညားကြရတာ မယုံချင်ပါ။ အိပ်မက်ပင် မက်စရာ မလိုဘဲ လက်တွေ့ကျကျ အဖြစ်တစ်ခုက လက်မခံနိုင်ချင်စရာပါ။
အစ်မ ပေါက်ကွဲမှု မဲ့နေပြီး ဘာကို မကျေနပ်တာလဲဆိုတာ မစဉ်းစားချင်ပါ။ အစ်မ ဘယ်လောက် ခံပြင်းနေမလဲ သူ သိပါသည်။
သူ ကိုယ်တိုင် ဝမ်းမသာ။ မကျေနပ်။ မနေတတ်ပါ။ ဘဘရဲ့ အမိန့်နှင့် အစ်မကို ယူရမည်။ အစ်မက ဘဘကို မလွန်ဆန် နိုင်တော့ပြီ။
အရင်လို စကားပင် ကောင်းကောင်း မပြောသော အစ်မကို ဘယ်လို စကားနှင့် စမေးရမည်လဲ နားမလည်။ အစ်မကို အရင်လို ပေါ့ပါးသွက်လက်စေချင်ပါသည်။ အစ်မ အခန်းကျယ်ထဲ တစ်နေရာစီ အိပ်ပြီး မလိုအပ်ဘဲ စကားမပြောသော အစ်မနှင့် လင်မယားဘဝ ဆိုတာ အသိမှတ်ပြုခံရပေမယ့် အချုပ်ကျနေသော အကျဉ်းသမားလို နေရတာလည်း လေးလံတင်းကျပ် သိမ်ငယ်ရပါသည်။
အစ်မကို နှစ်သိမ့်အားပေးချင်ပေမယ့် စိုးရွံ့ပါ၏။ ‘ကောင်းကျော်ဦး’ ဆိုတာ...
အရင်က အစ်မရဲ့ အခိုင်းအစေသာသာ။ လှလှပပ ပြောရလျှင် အစ်မရဲ့ သက်တော်စောင့်။ အစ်မ အနားမှာနေပြီး အစ်မ နှုတ်ထွက်စကားတွေနှင့် ရှင်သန်ဦးကျိုးခဲ့သောသူ။ အစ်မယောက်ျား ဖြစ်ရချိန်မှာ အစ်မကို မယုယနိုင်ပါ။ အစ်မရဲ့ လက်သီးတွေ၊ လက်စောင်းတွေကို ကောင်းကောင်းသိနေခဲ့သူလေ။
အခုတော့...
အခြေအနေ ပြောင်းလဲမှုမှာ အစ်မက စကားပင် သိပ်မပြောဘဲ တွေဝေတိတ်ဆိတ်နေခြင်းကသာ ပြောင်းလဲမှုတစ်ခု ဖြစ်ခဲ့ပြီတည်း။
အစ်မ အနားမှာ စည်းခြားနေရင်း ရင်ထဲမှာ တစ်ဆို့ ပြည့်မောက်နေသော စကားတွေ ဘယ်ကစရမည် မသိ။ ဥစ္စာဓန ငွေကြေးပြည့်စုံသော အစ်မတို့ဘဝ။ အသိုင်းအဝိုင်းများစွာ ကြားမှာ အစ်မက ဘွဲ့နှစ်ခု ဆိုလား ရထားသည်တဲ့။ သူက အဒေါ်နှင့် နေရသည့် အခြေခံ လူတန်းစား။
ပဲတွေ စပါးတွေ ရာသီချိန်မှာ အစ်မတို့ အိမ် အလုပ်လုပ်ရသူ။ အစ်မ ခေါ်လျှင် သွား။ အစ်မ ခိုင်းလျှင် လုပ်။ အစ်မ အဖော်ခေါ်လျှင် ...
ဖဲဝိုင်းသွားပြီး ငြိမ်သက်စွာ လိုက်ရသူ။ အစ်မအတွက် ကွမ်းဆေး။ အရက်၊ ဘီယာ ဝယ်ပေးရသောသူ။ အစ်မက ဖဲရှုံးလျှင် ဘီယာနှင့် မျှောတတ်သူ။ အစ်မ အိမ်ပြန် နောက်မကျဖို့ သတိပေးထိန်းရသူ။ အဲဒီလို ရိုးသားတိတ်ဆိတ်သော ကောင်းကျော်ဦး က...
ကံကြမ္မာ အလှည့်အပြောင်းမှာ ဆောင်းသုခရဲ့ အိမ်ထောင်ဖက်ဆိုသော နေရာကို မထင်မှတ်ဘဲ...ဘာမှ မဆိုင်ဘဲ ရောက်ခဲ့ရခြင်းသာ။
သေချာတာက ဗွီဒီယိုတစ်ကား ကြည့်နေရခြင်း မဟုတ်။ အိပ်မက် မက်နေခြင်းလည်း မဟုတ်။
••••• ••••• •••••
အဲဒီညက...
ဝိုင်းတစ်ဝိုင်း ပျက်၍ အစ်မက တက်တခေါက်ခေါက်။ မကျေမနပ် ဖြစ်နေတာကို ငေးကြည့်ရင်း ကွမ်းတဝါးဝါး လုပ်နေကြသည်။ မြို့စွန်က နာရေးတစ်ခုမို့ အစ်မက ဘေးနားရှိ ဝိုင်းပဲ့ကလေးတွေကိုလည်း စိတ်မဝင်စားပါ။
ဒီရပ်ကွက်နှင့် သိပ်မဝေးသော မြို့နှင့် အနီးဆုံးရွာမှာ ဝိုင်းရှိသည်ဟု ကြားတော့ အစ်မက ဦးတည်ချင်နေပြီ။ သူ တားခဲ့ပါသည်။
“နင့်ပါးစပ် ပိတ်ထား၊ ကောင်းကျော်” တဲ့၊ ည ၁၁ နာရီကျော်နေပြီ အချိန်လွန် နေပါပြီ။ အစ်မဆိုင်ကယ်က ရွာလမ်းပေါ် ရောက်နေ၍ သူ မတားနိုင်တော့ပါ။ ရွာထဲ ရောက်တော့ နာရေးအိမ်မှာ လူတွေက အပြည့်။ ဝိုင်းတွေက အများကြီး။
ည တစ်နာရီထိုးကျော်မှာ အစ်မ ရှုံးနေပါပြီ။ ဝိုင်းက ထပြီး ပြန်လာချိန် မျက်နှာချင်းဆိုင် ဆိုင်ကယ်တစ်စီးက ရပ်ပြီး ...
“ဟာ မိဆောင်း၊ ညည်းအဖေ လိုက်ရှာနေတာ ပွက်လောတွေ ရိုက်နေပြီ။ ကောင်းကျော်အိမ် စုံစမ်းတော့လည်း ညဦးတည်းက မရှိဘူး ဆိုတော့ ညည်းတို့ ခိုးရာလိုက်ပြေးတယ် ဆိုပြီး ဓားကျိန်း ကျိန်းနေပြီ”
“ကိုကျော်ခင်ရာ ဘာစကားတွေလဲ မသိဘူး။ ကျွန်တော်က ရှုံးလာလို့ စိတ်ညစ်ရတဲ့အထဲ။ ဖဲရိုက်လာနေတာ ဘယ်လိုက် ပြေးရမှာလဲ။ အဓိပ္ပာယ် မရှိဘူး။ ကဲ သွားမယ်။ လမ်းမှာ တွေ့မလားဘဲ”
“ကျွန်တော် မလိုက်ရဲဘူး၊ အစ်မ။ ဘဘကို ကြောက်တယ်။ အထင်လွဲနေတယ်ဆို”
“ဟာ နာတော့မယ်။ ဘာကို အထင်လွဲရမှာလဲ။ ဘယ်ကိစ္စကို အထင်လွဲမှာလဲ။ နင့်ခေါင်းကပါ ချီးဘရိန်း။ အဖေလည်း ဘာတွေ အတွေးခေါင်နေလဲ မသိဘူး”
“ကျွန်တော် မလိုက်ရဲတော့ဘူး အစ်မ။ ကျွန်တော် ထွက်ပြေးတော့မယ်။ အစ်မ ဘာသာ ပြန်တော့”
“အဖေ့ကို ငါ ရှင်းပြမှာပေါ့။ ဘာကြောင့် နင်က ထွက်ပြေးရမှာတုန်း၊ ကဲ .. လာ။ ဒါဆိုလည်း နင်တစ်ယောက်တည်း ဒုက္ခဖြစ်နေမယ်။ မနက်မှ ငါတို့ ပြန်မယ်”
“ဟာဗျာ၊ အစ်မ မလိုက်ပါနဲ့။ ပိုဆိုးကုန်မယ်ဗျ”
“လာစမ်းပါဟာ။ ဘစံတို့ဘုန်းကြီးကျောင်း နီးတယ်။ အဲဒီ သွားကြမယ်။ ပေးစမ်း ကွမ်းထုပ်”
ကျောင်းရောက်တော့ မနက် ၄ နာရီခန့်မို့ ဘစံက ရေနွေးအိုးကျိုနေပါပြီ။ အုပ်စုဖွဲ့ ဝိုင်းဟောင်နေသော ခွေးတွေက ဘစံ အဟန့်အတားဖြင့် ငြိမ်သက်ကုန် သည်။
“ဘယ်လို ဖြစ်လာတာတုန်း”
“ဖဲဝိုင်းကနေ လာတာ ဘစံ”
“ညည်းအဖေ စိတ်ဆိုးတော့မယ် ထင်ပါရဲ့”
“ကျွန်တော်လည်း မတတ်နိုင်တော့ဘူး ဘစံရာ။ လောလောဆယ် ကော်ဖီထုပ်လေး ဘာလေး တိုက်ပါဦး”
“အေး အေး၊ ရှိတယ်ဟ။ လာ ထိုင်ကြ”
ကော်ဖီမစ်ထုပ် သောက်ကြပေမယ့် မိုးလင်းခါနီးမှ အိပ်ပျော်သွားကြပါသည်။
ဘစံ နှိုးတော့ ဦးလေးဖြစ်သူက ကျောင်းကို ရောက်နေပြီ။
“ညည်းအဖေ တော်တော် ဒေါသထွက်နေတာ။ နှစ်ယောက်စလုံးကို သ,တ်လိုက်ရင်လည်း ကြိုးစင်တက်ရရုံပဲ ရှိမှာတဲ့”
“အဲဒီ အထင်လွဲနေတယ် ကြားလို့ ဒီကို ရောက်လာတာလေ”
“ညည်းကိုက မိန်းကလေးဖြစ်ပြီး နေထိုင်ပုံ မဟုတ်တာ။ အချိန်အခါကြည့် ပြန်ပေါ့။ အခု အရပ်ထဲ တကြော်ကြော်၊ ညည်းတို့ ကျိန်ပြောလည်း မရတော့ဘူး”
“ကျွန်တော်တော့ သေတောင်သေပစ်ချင်ပြီ”
“ကဲ..ကဲ ဒကာကြီးကို ပြောလိုက်၊ ဘုန်းကြီး ဆွမ်းဘုဉ်းပြီးရင် ကြွခဲ့မယ်လို့”
ဆရာတော်က မိန့်မှ ဦးလေးပြန်သွား၏။
••••• ••••• •••••
တစ်လခန့်အကြာ ဆောင်းသုခတို့ မင်္ဂလာဧည့်ခံပွဲကို ကျင်းပပါသည်။
သတို့သမီး ဘယ်လိုဆံထုံးနှင့် ဘယ်လို ဝတ်စုံဝတ်မှာလဲ။ မိတ်ကပ်လူးဖို့၊ မန္တလေးက မိတ်ကပ်ဆရာတွေ ခေါ်မှာလား။ အစစ အရာရာကို စိတ်ဝင်စားနေကြပါသည်။
ဆောင်းသုခ ကိုယ်တိုင် ငြင်းဆန်မှုများစွာ ကြားကပင် မင်္ဂလာဧည့်ခံပွဲချိန်ထဲထိ တိုးဝင်ခဲ့ရ၏။
ဘယ်သူ့စကားမှ မနာခံချင်။ နောက်ဆုံး ဘယ်လိုသတို့သမီးဝတ်စုံမှ မဝတ်ဆင်ခဲ့။ ဘယ်လို ဆံထုံးမှ မထုံးနှောင်ခဲ့ပါ။ ပခုံးအောက် ဆံပင်ကို ဆံညှပ်ဖြင့် ခေါက်တင်ထားပါသည်။
ရယ်ဒီမိတ် အင်္ကျီအဖြူလွလွ ခါးရှည်ကလေးနှင့် ကချင်ထဘီကိုသာ တွဲဖက် ဝင်ဆင်ပါသည်။ မေမေ့တိုက်တွန်းမှုဖြင့်၊ ကြီးတော်တွေရဲ့ တဖွဖွပြောဆိုမှုဖြင့် သူငယ်ချင်း သူနာပြု ဆရာမလေးက နို့ရည်ပါးပါးလူးကာ မိတ်ကပ်ရည်တင်ပြီး နှုတ်ခမ်းကို ပန်းရောင်ဖျော့ဖျော့လေး ဆိုးထားရုံဖြင့် ဆောင်းသုခက လတ်ဆတ်တောက်ပနေ၏။
အခန်းထဲက တော်တော်နှင့် မထွက်ဖြစ်သော မျက်ဝန်းသေတွေနှင့် သတို့သမီး။
လူပုံအလယ် ရပ်တည်နှုတ်ဆက်ဖို့ စိုးရွံ့နေသော သတို့သား။ မရွယ်ဘဲ စော်ကဲ မင်းဖြစ်ပေမယ့် မိဖုရားကို မော်မကြည့်ရဲပါ။
မဖြစ်မနေ ကျင်းပလိုက်ရသော မင်္ဂလာပွဲသာ ဖြစ်ပြီး တစ်နေ့နေ့ မကြာခင်မှာ ကောင်းကျော်ဦးကို ဆောင်းသုခက စွန့်ပစ်မည်ဟုသာ ထင်ကြေးပေး ယူဆခဲ့ကြပါသည်။
အဲ့ဒီစကားကို ကောင်းကျော်ကလည်း နှလုံးအိမ်ထဲ သံမှိုလို စွဲနေခဲ့၏။ ပျော်ရွှင်မှု မပါ။ ကြည်နူးခွင့် မရှိ။ တစ်ယောက် တစ်နေရာစီ ဧည့်ခံစကား ပြောနေကြသည်မှာ သူ့လူ၊ ကိုယ့်လူ၊ ဆိုင်ရာ စားပွဲဝိုင်းတွေမှာသာ။ တချို့က ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်မည်ဟု အတင်းကာရော တောင်းဆိုမှသာ ယှဉ်တွဲ ရပ်ပေးနေရပါသည်။
ရင်ခုန်ချစ် မဟုတ်။ မေတ္တာစစ် မဟုတ်။ ရုတ်တရက် အက်စီးဒင့်မင်္ဂလာပွဲ တစ်ခုသာမို့ အပြုံးမပါ။ နှလုံးသားဗလာ။ တာဝန်တစ်ခု ဝတ္တရားတစ်ခုသာ။
ထို့နောက်မှာတော့ နေမြဲအတိုင်း ဆောင်းသုခက ဖဲဝိုင်းတွေသာ တွင်တွင် သွားနေသလို၊ ကောင်းကျော်ကို အဖော် မခေါ်တော့ပါ။ အဲဒီအတွင်း ဖဲတွေက တရှုံးရှုံး။ တစ်သက်လုံး အလိုလိုက်ခဲ့သော သမီးအတွက် မိဘနှစ်ပါးက လက်လျှော့ လိုက်ရပေမယ့်...
“အရင်လို မနေနဲ့တော့” ဟု အမေက တတွတ်တွတ်ပြောပါသည်။ ကောင်းကျော်က အခန်းထဲ သူမ ပြန်လာချိန်ထိ ငုတ်တုတ်။ မျက်ရည်အဝဲသားနှင့်သာ ဆွံ့အတိတ်ဆိတ်စွာ ငေးကြည့်နေမြဲ။
သူမ ပြောသမျှ အပြစ်ကို ခံယူရင်း၊ သူမ အရေးမလုပ်သော ဥပေက္ခာကိုလည်း ခံယူပါသည်။ အစစအရာရာ အခြေခံမတူသော ဘဝမှာ လူသိရှင်ကြား လက်ထပ်ခဲ့ ရရုံက လွဲလို့ နှစ်ယောက် တစ်ကမ္ဘာခြားနေ၏။ စိမ်းသက်သော အစ်မ ဆက်ဆံရေးထက် ဆင်းသွားလို့ နှင်ထုတ်လျှင်ပင် ခံယူရန် အဆင်သင့်ပါ။
“ဘီယာသွားဝယ်ခဲ့။ ပုလင်းပါ ထည့်ခဲ့”
စကားသံဆုံးတာနှင့် အိမ်ပြင်ကို ခြေလှမ်းရောက်နေပြီ။ ပြန်လာလျှင် အမြည်းနှင့် ကွမ်းယာထုပ်ပါ ပါလာ၏။
အဲဒီညက သူ့ကိုလည်း တိုက်တော့ နဂိုတည်းက ညစ်ထိုင်းနေသော စိတ်ဖြင့် တရစပ် သောက်ပစ်လိုက်ပါသည်။ ပုံမှန်ထက် ကျော်လွန်နေ၍ အစ်မလည်း ခေါင်းမထူတော့။
အစ်မကို ထူမပေးပေမယ့် မရပါ။ သူကိုယ်တိုင်ပင် ခြေမခိုင်ခဲ့ပါ။ ဒါဟာ အစ်မကို ပထမဆုံး ပွေ့ဖက်ထူမပေးရခြင်းဖြစ်ပြီး နီးကပ်စွာ ထိတွေ့ရခြင်းလည်း ဖြစ်၏။ ကောင်းကျော်သည် တစ်လျှောက်လုံး ရင်ထဲ ပြည့်အိုင်နေသော စိတ်ခံစားမှုများကို ကိုယ်တိုင်ပင် မသိနိုင်ဘဲ အစ်မအနီးမှာ ဝေးနေရသူပင်တည်း။ အခုတော့...
အစ်မကို ထူမထိန်းရင်း ရင်တွေ တုန်လှုပ်လာပါသည်။ သူ့လက်ထဲမှာပင် အင်အားတွေ မရှိတော့သလို၊ လက်ခါထုတ်ပြီး စကား မပြောနိုင်၊ မျက်လုံး မဖွင့်နိုင်သော အစ်မကို သူ တင်းတင်းကျပ်ကျပ် ဖက်ထားမိပြီ။ အစ်မသည် သူ လက်ထပ်ထားသော ဇနီးမယား မဟုတ်လား။
ဝေဝါးနေသော သူ့မျက်လုံးတွေထဲမှာ အစ်မပုံစံက ဗွီဒီယိုတွေထဲက ချောမောလှပသည့် မင်းသမီးတွေ မူးနေသလို။ သူ့ စိတ် အသိထဲမှာ ဟုတ်သလိုလို၊ မဟုတ်သလို လို။ သူ့မျက်လုံးတွေ စင်းညွတ်ကျလာချိန် အစ်မကို လွတ်ထွက်သွားမှာ စိုးသည့်အလား တိုး၍ တိုး၍ ဖက်ထားမိပါသည်။
သူ အစ်မနှင့် မဝေးချင်ပါ။
••••• ••••• •••••
ဆောင်းသုခသည် ပုံမှန်မဟုတ်သော သူမ၏ သွေးသားခံစားမှုများဖြင့် သူမထံ၌ ကိုယ်ဝန်ရှိနေပြီဟု လက်တွေ့ကျကျ သိရချိန်၊ သူမ ကမ္ဘာပျက်သွားသလို ထင်မှတ်ရပြန်၏။ သူမမှာ ကိုယ်ဝန်ရှိနေပြီ။
သူမမှာ ကလေးရှိနေပြီ။ ဟား ...
“မင်း...မင်း... ခွပ်”
မျက်နှာလည်သွားပြီး ခန္ဓာကိုယ်ပါ ယိမ်းယိုင်သွားသည့် ကောင်းကျော်ဦးမှာ နာကျင်မှုကို မေ့ကာ ဒေါသတွေ ဆူဝေနေသော မီးတောက်မတတ် မျက်လုံးများနှင့် အစ်မကို မျက်ရည်အဝဲသားဖြင့် ကြည့်မိ၏။
“ယုတ်မာတယ်၊ မင်း အယုတ်တမာကောင်”
“ကျွန်တော့်ကို အသေပဲ သ,တ်လိုက်ပါတော့ အစ်မ”
“တော်တော့။ မကြားချင်ဘူး။ ဦးနှောက် မရှိတဲ့ကောင်၊ အရှက် မရှိတဲ့ကောင်၊ နင့်ကို မသ,တ်ဘူး။ ငါ့ကိုယ်ငါ သ,တ်သေမယ်”
မျက်ဝန်းတွေ မာထန်အေးစက်နေပြီး အသိမှတ်မဲ့ စကားတွေ ပြောနေသော အစ်မရှေ့မှာ မရပ်တည်ချင်တော့ပါ။ ဝမ်းနည်းပါ၏။ ရှက်ရွံ့ပါ၏။ အားငယ်ပါ၏။
“အစ်မ ကျွန်တော့်ကို သတ်လိုက်ပါဗျာ”
ဆင့်ကဲ ရောက်ရှိသွားသော လက်သီးက နံရံဆီသို့။
ကောင်းကျော်ဦးသည် ဝမ်းနည်းရှက်ရွံ့ ဆို့နင့်ကာ မျက်ရည်များ ကျလာရင်း ရင်ဘတ်တစ်ခုလုံး လှိုက်ဖိုနေပါသည်။
“မိဆောင်း”
အမိန့်သံပါသော ဖေဖေ့အသံက အခန်းဝမှ ပျံ့လွင့်လာ၏။ နောက်မှာ မေမေ။
“ကိုယ့်အပြစ်တွေကို တစ်ပါးသူဆီ ပုံချတာ ဖေဖေ ဘယ်တုန်းကမှ မကြိုက်ဘူးနော်။ သမီး နေပျော်သလို နေတတ်သလို၊ နေခဲ့စဉ်ကာလတွေမှာလည်း ကိုယ့်ပြဿနာ ကိုယ် နိုင်အောင် ဖြေရှင်းဖို့ပဲ ဖေဖေ ပြောခဲ့ တာ။ ဘယ်သူမပြု မိမိမှုပဲ သမီး။ ရှေ့လျှောက် လောကဇာတ်ခုံပေါ်မှာ စုံလင်အောင် ကရဦးမှာ။ ဘဝဇာတ်ကို သမီး အစအဆုံး သက်တမ်းရှိသရွေ့ ဆုံးအောင် ကရမယ် သမီး။ ဒီကလေးကို သမီးယူရမယ်။ အဲဒါမှ မိဘကိုလည်း ကိုယ်ချင်းစာတတ်မှာ။ နားလည်မှာ။ သမီးက အမေ၊ ကောင်းကျော်က အဖေ။ နောက်ထပ် ဘယ်အဖေ အမေမှ မရှိဘူး။ သမီး ဆင်ခြင်တော့၊ ပြင်ဆင်တော့။ ဘဝခရီးလမ်းကို သမီး လေးလေးနက်နက် လျှောက်ရမယ့်အချိန်ရောက်ပါပြီ။ နားလည်ပါ သမီး။ ကောင်းကျော် လုပ်စရာရှိတာ လုပ်၊ ပွဲရုံထဲ ပုံမှန်သွား”
နှစ်ယောက်စလုံး အငိုမျက်လုံးတွေနှင့် နှုတ်ဆိတ်နေ၏။
••••• ••••• •••••
ကိုယ်ဝန်ဆောင် မိခင်လောင်း တစ်ယောက်ရဲ့ အချိန်တွေကို မေမေ့အဆုံးအမ၊ အလွန်အသင်များဖြင့် ဖြတ်ကျော်ခဲ့ ပြီးနောက်...
သမီးလေးကို ဖွားမြင်ခဲ့ပါသည်။
••••• ••••• •••••
ကောင်းကျော်သည် ညဘက် သမီးလေး ငိုလျှင်ပင် တစ်ညလုံး မအိပ်ဘဲ လက်မှ မချ။ ရင်ခွင်ပိုက် ထွေးပွေ့လျက် လမ်းလျှောက်ထိန်း၏။
အုပ်ဆောင်းလေးထဲ မအိပ်ဘဲ နိုးနေလျှင်လည်း စကားတွေ တတွတ်တွတ် ပြော၍ ချော့မြူတတ်၏။ အနှီးလျော်ဖို့လည်း သွက်သွက်လက်လက်။ သူမ ဝေယျာဝစ္စများလည်း မပျက်မကွက်။ ပျာလောင်ခတ်နေတတ်၏။
ဆောင်းသုခကတော့ တွေဝေငေးမောရင်း သမီးလေးအနာဂတ်အတွက်သာ တွေးတော စဉ်စားနေ၏။
နှုတ်ခမ်းကွဲ။
နှာခေါင်းလေးပါ လန်၍ လူ့ဘဝသို့ ချို့ယွင်းစွာ ရောက်ရှိခဲ့ပါသော သမီးလေးအတွက် နို့တိုက်ဖို့ရန်ပင် မလွယ်ကူလှပါ။ နို့မဝရှာသော သမီးလေးက ညဘက်လည်း အအိပ်နည်းပြီး မိုးလင်းထိ တငိုငို။
နို့ဆာတိုင်းလည်း ဟက်ဟက်ပက်ပက် နို့မစို့ရပါ။ နေ့နှင့်ည မှားသည်ဟု အမေက ပြောပြီး၊ နေ့လယ်ဘက် ဖယောင်းတိုင် တစ်နေကုန် ထွန်းပေးထားရ၏။
သမီးလေးကံသည် ပြည့်ဝစွာ မပါရှိခဲ့ပါ။ လှပစွာ မရောက်ရှိခဲ့ပါ။ စင်းလုံးချောမောခြင်း မဖြစ်ခဲ့ပါ။
ဒါတွေဟာ သူမကိုယ်တိုင်ရဲ့အမှားတွေလား။
ကွမ်းယာကို 92 ဆိုသော ဆေးဖြင့် စားခဲ့ခြင်း။ အရက်၊ ဘီယာ၊ စီးကရက်တွေ သုံးစွဲခဲ့ခြင်း။ ကွမ်းယာကို ကြုံသလို ဆေးမျိုးစုံနှင့် စားသုံးခဲ့ခြင်း။ ဝါးပြီး ထွေးပစ်ရ ပေမယ့် လျှာခံတွင်းမှ တစ်ဆင့် စိမ့်ဝင်ခဲ့ရသော ကွမ်းစားဆေးတို့၏ အာနိသင်များ။
မိန်းမတစ်ယောက်နှင့် မလိုက်ဘက်စွာ၊ မထိုက်တန်စွာ မှားခဲ့သော အမိုက်တရားတို့၏ ဒဏ်ကို သမီးလေးမျက်နှာမြင်တိုင်း တစိမ့်စိမ့် ကြည့်မိတိုင်း ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်အောင် ဝမ်းနည်းပူဆွေးရ၏။
နောင်တစိတ်ဖြင့် စိတ်မချမ်းမြေ့ဖြစ်ရ၏။
“အစ်မ အိပ်တော့လေ။ သမီးလေး အတွက် စိတ်မကောင်းဖြ စ်တာတွေရော၊ ကျွန်တော့်ကို ဒေါသထွက်တာတွေရော ပေါင်းပြီး အစ်မ စိတ်ဆင်းရဲမနေပါနဲ့။ သမီးလေးကို ခွဲစိတ်ပြုပြင်ပေးပြီးတဲ့အခါ ကျွန်တော် အစ်မနားက ထွက်သွားပေးပါမယ်”
“ဘာတွေ လာပြောနေတာလဲ ကောင်းကျော်။ နင် အဲ့လို ထွက်သွားတော့ရော ငါက လင်ပစ်မ၊ တစ်ခုလပ် ဖြစ်ကျန်ခဲ့ရမှာလား။ အဖေမဲ့ သမီးလေးဘဝကို နင် ကျေနပ်မှာလား။ နင့်အတွေးက နင့်အတွက်ပဲ နင် နားလည်လား။ ငါ တွေဝေနေတာ အဲ့ဒီကိစ္စ စဉ်းစားပြီး စိတ်ဆင်းရဲနေတယ် ထင်လား။ သမီးလေးအတွက် ကြိုးစားဖို့ ပြင်ဆင် စဉ်းစားနေတာ။ ပြီးတော့ ဒီအချိန်မှာ ငါတို့ နှစ်ယောက်စလုံးက သမီးလေး အတွက်ပဲ ရပ်တည်ကြရမှာ။ ငါတို့ အရေးထက် သမီးလေးအတွက်ပဲ စဉ်းစားကြရမှာ။ အဖေရော၊ အမေရော ရှိမှ ဖြစ်မှာ။ နင် နားလည်လား။ လမင်းလည်း သာမှ၊ ကြယ်တွေလည်း စုံမှ ကောင်းကင်ရဲ့ အဓိပ္ပာယ်က ပြည့်စုံလှပတဲ့ည ဖြစ်သလိုမျိုး၊ နင် နားလည်လား။ နင် ထွက်သွားလို့လည်း ဒီဇာတ်လမ်းက ပြီးမသွားဘူး။ ငါတို့နှစ်ယောက်ကို အားထားပြီး လူ ဖြစ်ရမယ့် သမီးလေ။ သူ ဘယ်ပုံစံနဲ့ ဖြစ်ဖြစ် ငါတို့သွေးပဲ”
ကောင်းကျော်သည် မျက်ရည် အဝဲသားဖြင့် အစ်မပခုံးနှစ်ဖက်ပေါ် သူ့လက် အစုံကို ရဲရဲတင်လိုက်ပြီး...
“ဝမ်းသာလိုက်တာ အစ်မရာ” ဟု ဗလုံးဗထွေးသံဖြင့် တုန်ယင်လှိုက်လှဲစွာ ဆိုလိုက်ပါသည်။
အစ်မမျက်ဝန်းမှ စီးကျနေသော မျက်ရည်များကိုလည်း ညင်သာစွာ ဖယ်ရှားပေးလိုက်၏။
••••• ••••• •••••
သမီးလေးကို ခွဲစိတ်ပြုပြင်ဖို့ စုံစမ်းဆွေးနွေးပြီး ပြန်အလာ ...
ဆေးရုံရှေ့ လမ်းမပေါ်အရောက် ...
ထီလက်မှတ်ရောင်းသော ကားတစ်စီးမှ...
“ ××× ဂန္ထဝင်မေမေ ××× ကရုဏာ မေမေ ××× မြင်းမိုရ်မေမေ ××× ကောင်းကင်မေမေ xx သီတာစမ်းတမျှ ×××” ဆိုသော သီချင်းသံကို ကြားလိုက်ရ၏။
“အစ်မလည်း ဂန္ထဝင်မေမေနော်”
“သမီးအတွက် နင်လည်း ကောင်းကင်ဖေဖေပါ ကောင်းကျော်ရယ်”
“သမီးအတွက် ငါတို့နှစ်ယောက်က ကောင်းကင်မှသည် သမုဒ္ဒရာဆီထိ အရေးပါတဲ့ မိုးရေစက်တွေလို ဖြစ်ရမှာပေါ့။ အဲဒါ နင့်တစ်သက်လုံး မှတ်ထားပါ။ သမီးလေး အတွက် နင်က ကောင်းကင်ဆိုရင် ငါက သမုဒ္ဒရာတစ်စင်းပါ”
ကောင်းကျော်သည် သက်ဝင်လန်းဆန်းသော အပြုံးဖြင့် သွေးသားတို့ ပူနွေးလာကာ ရင်ခုန်လှိုက်မောစိတ်များဖြင့် သမီးလေး ပွေ့ထားသော ဆောင်းသုခ ပခုံးကို ခပ်တင်းတင်း ဖက်၍ လက်တစ်ဖက်က ထီးကလေးကို ဆောင်းပေးလိုက်ပါသည်။
***
ကမ္ဘာကြီး ကျန်းမာပါစေ။
▢ သိန်းထိုက်ဆွေ
📖 မဟေသီ ရုပ်စုံ မဂ္ဂဇင်း
ဇန်နဝါရီ ၊ ၂၀၁၈
No comments:
Post a Comment