❝ ဉာဏ်ကောင်းလွန်းသူ ❞
▢ မောင်မေယု ( ဘူးသီးတောင် )
လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ကျွန်တော် ရန်ကုန်ကို ရောက်လာတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှာ ရှိတဲ့ လှည်းကူးပညာရေးကောလိပ်မှာ မူလတန်းဆရာဖြစ်သင်တန်း PPTT (1/14) ကို လာတက်တာပါ။
တစ်နေ့မှာ အမေတို့က ဖုန်းနဲ့ လှမ်းမှာတယ်။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်မှာ ဆွေမျိုးတွေဆီ အလည်သွားပါတဲ့။ ကျွန်တော်က ရန်ကုန်မှာ မသွားတတ်၊ မလာတတ်တော့ ဘယ်ကိုမှ သွားချင်စိတ်မရှိ။ ဆွေမျိုးတော်တဲ့ ဦးလေးတို့ မိသားစုက မှော်ဘီဘုရားအနီးက ရွာကလေးမှာ နေတာတဲ့။ သူတို့ဆီ မသွားချင်သော်လည်း ဘုရားဖူးချင်တော့ ရောက်ခဲ့လေတယ်။
ဦးလေးတို့က နွေးထွေးစွာနဲ့ ဆီးကြိုကြတယ်။ ရွာမှာ ကျန်ခဲ့တဲ့ ဆွေမျိုးတွေကို သတင်းမေးကြတယ်။ ဒီလိုနဲ့ တစ်ညအိပ်ဖို့ ကျပါလေရော။
အဲဒီအိမ်မှာ ကျွန်တော်နဲ့ ရွယ်တူ ကောင်လေးတစ်ယောက် ရှိတယ်။ ဦးလေးသား အလတ်ကောင်တဲ့။ ဦးလေး ပြောတာကတော့ အလုပ်မရှိ၊ အကိုင်မရှိ ၁၀၉-၁၁၀ ဆိုပဲ။
သူ့ကို ကျွန်တော် သတိထားကြည့်မိတယ်။ သူ ဘာအစား အစာကိုပဲ စားစား ဘယ်တော့မှ ထိုင်မစားဘူး။ ထမင်းစားလည်း ရပ်လို့။ မုန့်စားလည်း ရပ်လို့။ နောက်ဆုံး ကုန်ကုန်ပြောရရင် ကွမ်းဝါးလည်း ရပ်လို့ ဝါးလေရဲ့။ ဒီတော့ ကျွန်တော့်မှာ လူဆန်းကြီးကို မေးရတာပေါ့။
“ညီလေး။ မင်း ဘာစားစား ရပ်လို့ပါလား။ ဘာလဲ ဖင်မှာ အနာပေါက်နေလို့လား”
“ပေါက်ပေါက်ရှာရှာ အစ်ကိုကလည်း” ဆိုပြီး သူ ရှက်ပြုံးပြုံးလိုက်ပါတယ်။
“ဒါဆို မင်း ဘာကြောင့် ဘာစားစား ရပ်လို့စားတာလဲ” လို့ ကျွန်တော် မေးတော့ သူ ဖြေလိုက်တာက-
“မိဘလုပ်စာ ထိုင်စားတဲ့ ကောင်လို့ အပြောမခံချင်လို့ပါ” တဲ့။ ။
▢ မောင်မေယု ( ဘူးသီးတောင် )
📖 မဟေသီ မဂ္ဂဇင်း
မတ်လ ၊ ၂၀၂၀
No comments:
Post a Comment