Wednesday, November 11, 2026

ဆရာတန်ဖိုး


❝ ဆရာတန်ဖိုး ❞ 
( မောင်နှစ်သိမ့် - တောင်ကုတ် )

ဘဝမှာ ဆရာလို့ တစ်ကြိမ်တစ်ခါပင် အခေါ်မခံဖူးတော့ ဆရာလို့ အခေါ်ခံလိုက်ရချိန်မှာ ကျွန်တော် ကြွေသွားတယ်။

စတိုးဆိုင်မှာ အကူဈေးသည်လိုလို့ ကြော်ငြာထားခဲ့တာ ကောင်လေးတစ်ယောက် အလုပ်လာလျှောက်တယ်။ တွေ့တွေ့ချင်း “မင်္ဂလာပါ ဆရာ” နဲ့ စဖွင့်တော့ ဒီက ခန့်ချင် နေမိပြီ။ သူ့အကြောင်း နည်းနည်း တူးဆွကြည့်တော့ မိဘတွေ အဆင်မပြေကြတာနဲ့ ဆယ်တန်းကျခဲ့တယ်။ အဖေက နှစ်ဖက်လှပုဆိုးနဲ့ တစ်နေရာ လွင့်သွားတယ်။ အမေက အဖေ့ရဲ့ စိတ်ဒဏ်၊ ဘဝရဲ့ ဆင်းရဲဝေဒနာနဲ့ ဆုံးခဲ့ပြီ။ ရှစ်တန်းရောက် ညီမလေးအတွက် သူ ရုန်းကန်နေ ကြောင်း သိခဲ့ရတယ်။

ဒီမှာ ကျွန်တော့် သနားစိတ်တွေ ပြုတ်ကျသွားတယ်။ ကျွန်တော့် ဘဝနဲ့ မိတ္တူမဟုတ်သည့်တိုင် မောင်နှမနှစ်ယောက်ဘဝကို ရုန်းကန် ရတာကတော့ တစ်သားတည်း။ ဒီစတိုးဆိုင်လေး ဖွင့်လှစ်လာနိုင်တဲ့ အဆင့်အထိ ကျွန်တော်နဲ့ ကျွန်တော့်အစ်မကြီးတို့ ဘယ်လောက် စွန့်စား လှုပ်ရှားရုန်းကန်ခဲ့ကြရသလဲဆိုတာ စိတ်ကူးထဲ ဖလက်ချ်ဘက်နဲ့ တဖျတ်ဖျတ် ပြန်ပွင့်တယ်။

တိုတိုပြောရရင် ကောင်လေးကို ခန့်လိုက်တယ်ဆိုပါတော့။ ခန့်စပဲရှိသေး၊ အချိန်က မမှန်ချင်ဘူး။ မေးကြည့်တော့ အိမ်အလုပ်လည်း လုပ်ရ၊ သွားရေးလာရေး ခြေထောက်နဲ့ လမ်းလျှောက်ရတာ ဆိုတော့ အခက်အခဲ ရှိလို့ပါလို့ ဆင်ခြေခံတယ်။

သူ ပြောတာ ဟုတ်မှာပါ။ နေ့လယ် ထမင်းစားပြန်ချိန် နေကလည်း ပူတော့ သူ့အတွက် အဆင်ပြေအောင် ၉ဝဝဝဝ တန် စက်ဘီးအသစ် တစ်စီး ဝယ်ပေးလိုက်တယ်။ ထမင်းစားပြီးချိန်လည်း ပြန်မရောက်ဘူး။ ညနေ စတိုးဆိုင်ပိတ်ချိန်ထိ ရောက်မလာ။ ဓာတ်ဆီသောက် တရုတ်မြင်းတစ်စီး ဆွဲပြီး လိုက်စုံစမ်းတော့ အခေါ်ခံချင်ဦးဟဲ့ ဆရာ။ ဆရာ အခေါ်ခံချင်ဦးလို့ ကိုယ့်ကိုယ်ကိုယ် ပြန် အပြစ်တင်မိတယ်။

ဆရာ တစ်ခွန်း အခေါ်ခံရတဲ့ တန်ဖိုး အပေါင်ဆိုင်မှာ ၅၀ဝ၀ဝ ကျပ်နဲ့ စက်ဘီးကို သွားရွေးရတော့မယ်လေ။

▢  မောင်နှစ်သိမ့် ( တောင်ကုတ် )
📖 မဟေသီ မဂ္ဂဇင်း
      နိုဝင်ဘာ ၊ ၂၀၁၈

No comments:

Post a Comment