❝ မြုံထားဦးမှ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
အိမ်ပေါ်သို့ တစ်စုံတစ်ယောက် တက်လာဟန်ရှိသည်။ သိမ့်ခနဲ ဖြစ်သွားသည်။ သို့လျှင်ဖြစ်ငြား ရီးဆေးရိုး မော့မကြည့်ပါ။ မြေး ကိုကိုကြီး ဖြစ်ကောင်း ဖြစ်မည်။ အခြားသူ ဖြစ်ချင်လည်း ဖြစ်မည်။ မည်သူပင်ဖြစ်စေ သူ့ရှေ့တွင် မျက်နှာချင်းဆိုင် ထိုင်လာလိမ့်မည်။ သို့အတွက် ရီးဆေးရိုးသည် ရေနွေးကို အရသာခံ သောက်သည်။
သို့သော် အိမ်ပေါ်သို့ တက်လာသူသည် မျက်နှာချင်းဆိုင်၌ ဝင်မထိုင်၊ ရပ်နေသည်။ ရီးဆေးရိုး မျက်လုံးကစားလိုက်ရာ အံ့သြစိတ် ဝင်လာသည်။ သူ့ရှေ့တွင် ရပ်နေသူ၏ ပုဆိုးအောက်နားမှာ အနက်ရောင် သစ်သစ်လွင်လွင် ဖြစ်နေသည်။
သို့အတွက် ရီးဆေးရိုးသည် အနက်ရောင်ပုဆိုး အောက်နားမှ အထက်သို့ တရွေ့ရွေ့ မော့ကြည့်သည်။ အပြာရင့်ရောင်၊ ခရမ်းရောင်ပုဆိုးများကို မြင်ဖူးပါ၏။ ကျေးရုပ်ကလေးတွေ၊ စကြာတွေ၊ အစက်အပြောက် တွေပါ၏။ ဤအနက်ရောင်ကား မည်သည့်အစက် အပြောက်မျှ မပါသောကြောင့် မည်ကဲ့သို့သော သူ နည်းဟု ရီးဆေးရိုး တွေးရပြီ။
ရီးဆေးရိုး၏ အကြည့်သည် သူရှေ့တွင် ရပ်နေသူ၏ ပခုံးကို ကျော်ပြီး မေးစေ့ကို မမြင်ရ။ အဝတ်နက်ကြီး စွပ်ထားသည်။ ရီးဆေးရိုးမှာ ဟင်ခနဲ မြည်မိသည်။
“ဘယ်သူတုံး၊ ဘာလာလုပ်တာတုံး”
ရီးဆေးရိုး မျက်မှောင်ကြုတ်နေစဉ်မှာပင် ခြေဆုံး ခေါင်းဆုံး အဝတ်နက် ဆင်မြန်းထားသော သူသည် ခေါင်းစွပ်ကို ဆွဲဖြုတ်လိုက်ရာ ရီးဆေးရိုး မျက်လုံးပြူးသွားသည်။ ဝမ်းခေါင်းသံကြီးဖြင့် ကျုံးအော်သည်။
“သား.. လူလေး ဘညိန်း”
“အဘိုးကြီးအို၊ ဘာတွေ အိပ်မက်မက်ပြီး အော်နေတာတုံး”
အရေးကောင်းခိုက်တွင် ရီးကျီးဒန်၏အသံ ခြေရင်းဘက်မှ ထွက်ပေါ်လာသောကြောင့် အရသာပျက်သွားသည်။
လူးလဲထသည်။ အိပ်ရာဘေးရှိ ခေါင်တိုင်ကို လက်ဖြင့်စမ်းသည်။ အတူပူးတွဲထားသော ဓာတ်ငွေ့ မီးခြစ်ကို ခြစ်ပြီး မီးထွန်းသည်။ ဆေးလိပ်မီးညှိသည်။
‘ငါ့သား အနက်ရောင်ဝတ်ပြီး အိပ်မက်လာပေးတာဟာ မကျွတ်မလွတ်လို့လား၊ ဟုတ်သေးပါဘူး။ အစိမ်းသရဲဖြစ်နေရင် အနီရောင်ရှာပန်းထည်ကို ခေါင်းမှာပ တ်ထားတယ် ပြောသံ ကြားဖူးပါတယ်’
ရေမိန်တောင်ကျောင်းမှ တုံးကြီးခေါက်သံ ပေါ်လာသည်။
‘အင်း.. အခုမှ လေးနာရီပဲ ရှိပါသေးကလား’
နောက်ဖေး၌ အဖီဆွယ်ပြီးနေသော မောင်ကိုကြီးတို့ အိမ်မှာလည်း မီးရောင်လက်လာသည်။
“ဘ… ဘာမှာဦးမတုံး၊ လယ်နက်ကို ကနေ့ ‘အကောချ’ မလို့”
အိမ်ရှေ့ကပြင်ထက်မှ မြေးကြီး၏ အသံ။ ရီးဆေးရိုး လည်ဆန့်ကြည့်ငြား မမြင်ရပါ။
“အကောချတာ ကောင်းတာပေါ့ကွာ၊ လယ်မှာ မျက်နှာပြင်ညီတော့ ရေနေလည်း ညီတာပေါ့။ အေး... အလောသုံးဆယ် မလုပ်နဲ့။ တစ်ဖက်တည်း ကြည့်ရင် စောင်းနေတတ်တယ်။ ပင်ပန်းတာ အဖတ်တင်မယ်”
"ဟုတ်ကဲ့.. ဘ”
“ထမင်းကော ပါရဲ့လား”
“ဟုတ်ကဲ့ ဘ”
“ဘာဟင်းပါသတုံး”
မောင်ကိုကြီး ရယ်မောသည်။
“ဟင်းကတော့ ဘရဲ့မြစ်တွေ စားလို့တောင် မလောက်ဘူး ဘရှေ့၊ ထုံးစံအတိုင်း ငါးပိဖုတ်နဲ့ ငရုတ်သီးထောင်း အကြွင်းအကျန်ပေါ့ ဘရာ”
“ဗယာကြော်နဲ့ ငါးပေါင်းကြော် လာပို့ရဦးမလား”
“ချော်ချော်ချွတ်ချွတ်နဲ့ ဘရာ၊ နေပါစေ။ ထမင်းကြမ်းကို ဆားဖြူးစားရင်တောင် အရသာတွေ့နေတဲ့ ပါးစပ်၊ ငရုတ်သီးထောင်းနဲ့ ငါးပိဖုတ် ပါမှတော့ ကောင်းနေပါပြီ”
“အေး...အေး၊ နေမပူခင် ထွန်နိုင်အောင် သုတ်သုတ်သွား”
ကပြင်နားမှ မောင်ကိုကြီး ခွာသွားလျှင် ရီးဆေးရိုးသည် မီးခွက်မှုတ်ပြီး ပြန်လှဲသည်။ မျက်လုံးကိုပါ မှိတ်ထားသော်ငြား အိပ်မပျော်ပါ။ အဝတ်နက်ကြီး ခြေဆုံးခေါင်းဆုံး ဆင်ထားသော ကိုဘညိန်း ကိုသာ မြင်နေသည်။ မြေမာကို နင်းသော နွားခွာသံများ ပေါ်လာသည်။ တဖြည်းဖြည်း ဝေးသွားလျှင် နွားငေါက်သံများ ကြားရသည်။ တစ်ဆက်တည်း အိပ်တန်းဆင်း ကျီးများ ဆူညံစွာ အော်မြည်ပျံသန်းသွားသံ ကြားရသည်။
“အမယ်ကြီးအိုကို ပြောရကောင်းမလား၊ အို... မပြောတာဘဲ ကောင်းပါတယ်။ မပြီးနိုင်မစီးနိုင် ငိုရတာနဲ့၊ နတ်ကတော် မေးရတာနဲ့ ဇယားက ရှုပ်ဦးမယ်”
••••• ••••• •••••
“ဘ… အိပ်ရာက မထသေးဘူး၊ ဝေးဝေးမှာ သွားက စားဆိုတာ မရဘူးလား။ သည်မှာ တွေ့လား၊ ဓားနဲ့ ပစ်လိုက်မယ်နော်”
ရီးကျီးဒန်ကား သမီးနှင့် သားအား အရိုက်အနှက် နည်းပါးသော်ငြား မြေးများကို လက်သံပြောင်သည်။ ယခုမူ မြစ်များတွင်လည်း လက်သံပြောင်ရုံသာမက အပစ်အခတ်ပါ ပါလာသည်။ မြစ်များကလည်း မြစ်များပင်တည်း။ လင်းသည်နှင့် တစ်ပြိုင်နက်တည်း အဘေးအိမ်သို့ တစ်ပြုံတစ်မကြီး ရောက်လာသည်။ များသောအားဖြင့် မျက်နှာမသစ်ခဲ့သူက များသည်။ သည်အထဲ၌ သေးနံ့တထောင်းထောင်း ထသော အဝတ်နှင့် မြစ်များကလည်း ပါသေးသည်။
“မိန်းမပျင်း ခြေဆင်းတယ်သာ ကြားဖူးပါတယ် တော်၊ အခုတော့ အိပ်ရာထဲမှာ လဲနေတော့တာကလား”
မည်သူ့ကိုမျှ မရည်ညွှန်း။ မြစ်ချွေးမအားလုံး နီးပါးသည် ရီးကျီးဒန်အတွက် ထောင့်မကျိုးသူများချည်း ဖြစ်သည်။ သို့ကြောင့် အားလုံးကို ရည်ညွှန်းကာ မြည်တွန်သည်။ မြည်တွန်ရင်းက မျက်နှာသစ်ပေးသည်။ အဝတ်လျှော်ပေး ရေချိုးပေးသည်။ ထို့နောက် မုန့်ဖြစ်စေ။ ထမင်းကြမ်းဖြစ်စေ ကျွေးသည်။ ထို့နောက် ရိုက်သည်။ ထိုကဲ့သို့သော ရိုက်ခန်း နှက်ခန်းသို့ ရောက်မလာမီ ရီးဆေးရိုး ထ၏။ သူ နိုးပြီဖြစ်ကြောင်း သိစေရန် ချောင်းဟန့်၏။
“ဘ…. နိုးပြီဟေ့၊ ဘ... နိုးပြီ”
မြစ်များသည် အဘေးဟု မခေါ်။
သူတို့၏ မိဘများ ခေါ်သည့်အတိုင်း “ဘ” ဟူ၍သာ ခေါ်ကြသည်။
“ဟဲ့... နွားစာစဉ်းတဲ့စင်ပေါ်ကို မတက်နဲ့။ ဟို ကလေးဟာ မြေကြီးတွေ မတူးနဲ့ ဘယ်နှခါ ပြောရမတုံး၊ လား... လားလေ.. ငါ... အုတ်ခဲနဲ့ ပစ်လိုက်ရရင်”
ရီးဆေးရိုးသည် အိမ်ကပြင်သို့ ထွက်လာသည်။ ကပြင်တွင် မြှောင်ထားသည့် ရေအိုးစင်၌ ရေအိုးများ တန်းစီနေသည်။ သည်ဘေး၌ ရီးဆေးရိုး ထိုင်သည်။
“ရေအိုးတွေကို ဖုံးထားပါဆိုတာ ဟောင်းလောင်းကြီးပါကလား”
ရီးဆေးရိုး ပါးစပ်မှ မပိတ်သေး။ အောင်ကျော်စံဦး ပြေးတက်လာသည်။ ရေအိုးကြားသို့ ရောက်နေသော ရေအိုးအဖုံးကို ရေအိုးတွင် ဖုံးသည်။ ရေမှုတ်ကို အဘေးလက်ထဲသို့ ထည့်သည်။
“ငဟစ်ကြီး... ဒါ ဘယ်သူလုပ်တာတုံး”
အောင်ကျော်စံဦးသည် ကိုထွန်းရ၊ မချောစိန်တို့ ၏သမီး ခင်ခင်ကြီးမှ ပေါက်ဖွားသူဖြစ်သည်။ ငိုလွန်းသောကြောင့် ငဟစ်ကြီး အမည်ကို အဘေး ရီးဆေးရိုး က မှည့်ထား၏။
“အဒူလုပ်တုံး၊ တား အတိဘူး ဘ၊ အမေကြီးနဲ့ ဘ ရန်ချစ်မှာ ချိုးလို့ တားပြေးလာတာ”
အသံသြကြီးဖြင့် ပြန်ဖြေသည်။ ဖြေပုံကို ရီးဆေးရိုး သဘောကျသဖြင့် ပြုံးနေရသည်။ သည်မြစ်၏ စကားကို ရီးကျီးဒန်လည်း သဘောကျနေသည်။ ဘ နှင့်အမေကြီး ရန်ဖြစ်မည်စိုးသောကြောင့်ဟု ဆိုသည် မဟုတ်လော။
“ကြီးကျယ်လို့တော်၊ လူနဲ့ စကားနဲ့ မလိုက်ဘူး”
မန်ကျည်းပင်အောက်ရှိ မီးဖိုကျင်းထဲမှ ရီးကျီးဒန်က လှမ်း၍ ကျီစယ်လိုက်သည်။ ဤသည်ကို ငဟစ်ကြီး မတုံ့ပြန်သောအခါ ထပ်မံပြီး စပြန်သည်။
“ဒါကြောင့် သူ့မှာ သွားတွေ မရှိတာ”
“သွားအချိတာက အညက်စားလို့ပါ မေကြီးရ”
“မဟုတ်ပါဘူး၊ လိမ်ပြောလို့ သွားတွေ ကျိုးကုန်တာပါ”
“ဒါချင့်... ဒါချင့်”
ငဟစ်ကြီးသည် “ဒါဖြင့်...ဒါဖြင့်” ဟု ပြောရင်းက ရှေ့ဆက်ပြီး ပြောလိုသည်ကို ပြောသင့် မပြောသင့် ချိန်ဆနေ၏။
“ဒါဖြင့် ဘာဖြစ်တုံး၊ ပြောလေ”
“မေကြီးနဲ့ ဘယဲ ယိမ်ကြောလို့ တွားအချိတာပေါ့”
ရီးကျီးဒန်သည် သဘောကျလွန်းသောကြောင့် ပက်လက်လန်အောင် ရယ်မောရ၏။ အမေကြီးနှင့် ဘတို့လည်း လိမ်ပြောသောကြောင့် သွားမရှိခြင်း ဖြစ်သလောဟု ချေပသည့်အတွက် ဖြစ်သည်။
ရီးဆေးရိုးလည်း တပြုံးပြုံးဖြင့် ‘လက်ခံကရား’ ကို ဆွဲလျက် အိမ်ပေါ်မှ ဆင်းလာသည်။ အမေကြီး ရယ်မောသည်ကို မြင်သောအခါ ကလေးတွေ မတွန့် ရွံ့ပြီ။ ချောင်းကမ်းပါးရှိ ပြည်ပန်းညိုပင်ပေါ် တက်သွားသည်။ နွားစာခေါင်းထဲဝင်ပြီး တူပုန်းတမ်း ကစားသည်။
ဥသြတွန်သံ ကြားရသည်။
“ဥသြတွန်သံ မပီတော့ဘူးဟေ့၊ မိုးနီးပြီ ထင်သဟ။ မီးကို ဂရုစိုက်ဟေ့”
“ဒါ့ထက် ဂရုစိုက်ရရင်လည်း ထမင်းမချက်ဘဲ နေဖို့ပဲရှိတော့တယ်”
ရီးဆေးရိုး ဆက်မပြောတော့ပါ။ ရီးကျီးဒန် လှမ်းပေးသော တည်ကရား ရေနွေးအိုးကို လှမ်းယူပြီး ချထားသည်။ မန်ကျည်းပင်ခွကြားရှိ လက်ဖက်ခြောက် ဖန်ပုလင်းကို ထယူသည်။
“ဘထွေး သွားပလား ဘ”
သွားလေသူ ကိုဘညိန်း၏သား နို့ညှာ မောင်မောင်လှနှင့် အငယ်ဆုံး ကျော်သူရတို့ ဖြစ်သည်။
“တုံးကြီးခေါက်ပြီး စကတည်းက သွားတာပဲ၊ နို့ .. မင်းတို့ကို ခေါ်ထားလို့လား၊ လာပါဦးကွ၊ မင်းတို့မလည်း...”
ရီးဆေးရိုး ခေါ်မှ မောင်မောင်လှ ဝင်လာသည်။
“အမယ်...ဟိုကောင်ကကော၊ ငါ့မျက်နှာ မကြည့်ချင်လို့လား”
“မဟုတ်ပါဘူး ဘရာ၊ အလုပ်က...”
သူ့ဟန် သူ့စရိုက်အတိုင်း စိုစိစိပြောရင်း ကျော်သူရ ဝင်လာသည်။ လှမ်းခေါ်မိပြီးမှ ခေါ်မိသည်မှာ မှားလေပြီလောဟု ရီးဆေးရိုး သံသယဖြစ်သည်။ တစ်ခဏအတွင်း၌ သားကို သတိရသောကြောင့် ဖြစ်သည်။
“မင်းတို့အမေ နေကောင်းရဲ့လား”
ရီးကျီးဒန်က မီးဖိုကျင်းထဲမှ လှမ်းမေးသည်။
“တစ်နေ့ရွှေ တစ်နေ့ငွေပါပဲ အမေကြီးရာ”
“မင်းတို့မှာ သည်အမေပဲ ရှိတော့တာနော်၊ ဂရုစိုက်ကြ”
“ဟုတ်ကဲ့ပါ၊ ဒါထက် ဘ... ကြမ်းပေါင်...”
စကားမဆုံးမီပင် ရီးဆေးရိုးက ကိုယ့်ပေါင်ကို ကိုယ်ပုတ်သည်။
“သည်နေ့ကျမှ ကြမ်းပေါင် ငှားရသလားဟ မောင်မောင်လှ။ မင့်ဘထွေး အကောချမလို့တဲ့။ ကနေ့ မနက်ပဲ ယူသွားပါကော”
အဘေး၏ စကားအဆုံးတွင် မောင်မောင်လှက ထရပ်သည်။
“လိုက်လိုက်ဦးမယ် ဘ”
သို့သော် ကျော်သူရ နေခဲ့သည်။
••••• ••••• •••••
“မင်းက ဘာပြုလို့ နေခဲ့တာတုံး”
ရီးဆေးရိုးက ရေနွေးကြမ်းတစ်ပန်းကန်ကို ကျော်သူရ ရှေ့သို့ ချပေးသည်။
“လာကတည်းက တစ်ယောက်စီ လာတာပါ ဘရဲ့။ အစ်ကိုက လမ်းသွားမြန်လို့ အိမ်ရှေ့မှာ လာဆုံတာပါ”
ကျော်သူရသည် အဘေးကြီးအား မျက်လွှာပင့် ကြည့်သည်။ ထို့နောက် မျက်လွှာချသည်။ တစ်ဖန် မျက်လွှာ ပင့်လာပြီးမှ အသံထွက်၏။
“ဘ... အိပ်မက် မက်တာ ယုံသလား ဘ”
ရီးဆေးရိုး ပါးစပ်ဟ၏။
“ဟေ့ကောင်... သိပ္ပံနည်းတွေဘာတွေ လာမလုပ်နဲ့နော်၊ ဒါဆိုရင်တော့ မင့်ဘထွေး မောင်ကိုကြီးနဲ့ သွားပြော”
ကျော်သူရမှာ အဝေးသင်တက္ကသိုလ် တက်နေသူဖြစ်ရာ ကွန်ပျူတာသင်တန်း တက်လိုကြောင်း သူ့ ဘထွေးထံတွင် ပူဆာနေသံ မကြာခဏ ကြားရ၏။ သူနှင့် တန်းတူရည်တူ ပြောနိုင်သူမှာ သူ့ဘထွေးသာ ရှိ၏။ ထို့ကြောင့် ရီးဆေးရိုးက ကြိုတင်ကာဆီးခြင်းဖြစ်၏။
“အစဉ်အလာ အယူအဆတွေ သိချင်လို့ပါ ဘရဲ့”
“စိတ်က တမ်းတရင် မက်တယ်လို့ ကြားဖူးတာပဲကွ။ ငါတော့ စိတ်က တမ်းတပေမယ့် မမက်ပေါင်၊ အဲ...အဲ”
ရီးဆေးရိုးသည် မတမ်းတပါဘဲလျက် ယမန်ညက မက်သည့် အိပ်မက်အကြောင်း ပြောမိတော့မည်သို့ ရှိ၏။ သို့သော် မပြောမိရန် အရှိန်သတ်လိုက်နိုင်သည်။
“ဟဲ့ … ကျော်သူရ၊ ဘာတွေဖြစ်လို့ ဘာတွေလာ မေးနေတာတုံး”
ရီးကျီးဒန်၏ လှမ်းမေးသံ။
“သိချင်လို့ပါ အမေကြီးရ”
“စိုစိစိ မလုပ်နဲ့နော်၊ မီးပြောင်းနဲ့ ပစ်လိုက်မယ်”
မြေးအဘွား စကားအပြတ်တွင် ရီးဆေးရိုး စကား ဆက်၏။
“မင်း ကြားဖူးပြီးသားတောင် ဖြစ်ချင်ဖြစ်မှာပါ။ ညဉ့်ဦးယံမှာ မက်တာက ပြီးခဲ့တာ၊ သန်းခေါင်မှာ မက်တာက လောလောဆယ်၊ သန်းခေါင်ကျော်မှာ မက်တာကမှ ရှေ့ဖြစ်တဲ့”
“ကာယကံရှင်က အိပ်မက်လာပေးတာကော ရှိသလား ဘ”
“ကြားတော့ ကြားဖူးတာပဲ၊ ငါတို့ရွာဘုရား ဓာတ်ပေါင်းစုဘုရားရဲ့ အရှေ့ဘက်က ပုတီးပင်ဘုရား ဒါယိကာမ ပုတီးပင် မယ်ပွေးရဲ့မိဘများ ဆိုရင် ရုက္ခစိုးပေးတဲ့ အိပ်မက်အရ ချမ်းသာသွားတာတဲ့”
ရီးကျီးဒန်သည် မီးဖိုကျင်းထဲမှ လှမ်းပြောရသည်ကို အားမရသောကြောင့် ထ၏။ မီးဖိုကျင်းထဲမှ တက် လာပြီး ကျော်သူရ ရှေ့တွင် ထိုင်ကာ စေ့စေ့ကြည့်၏။
“လူလေး ဘာဖြစ်တာတုံး၊ အမေကြီးကို ပြောစမ်း၊ မှန်မှန်ပြော”
ကျော်သူရသည် အမေကြီး၏ ရီဝေမှုန်သီသော အကြည့်ကိုပင် မခံနိုင်။ မျက်နှာလွှဲသည်။
“သည်ဘနဲ့ သည်အမေကြီးကိုမှ မပြောရင် ငါ့သား ဘယ်သူ့ကို သွားပြောမှာတုံး”
“ည... ညတုန်းက..”
“အင်း... ဘာဖြစ်တုံး၊ ပြောစမ်း”
“အဖေ့ကို အိပ်မက် မက်လို့ပါ”
အသံအက်အက်ဖြင့် ပြောအပြီး၌ ကျော်သူရ ခေါင်းငုံ့သွားသည်။
ရီးဆေးရိုးမှာ ‘ဟာ’ ခနဲ ယောင်ယမ်း အော်မိသည်။ ရီးကျီးဒန် ခေါင်းလည်လာသဖြင့် ရေနွေးကြမ်းပန်းကန်ကို တိုက်ချပစ်လိုက်ရသည်။ ဤသို့ မလုပ်ပါမူ အမေးအမြန်း ထူထပ်လာဖွယ်ရှိသည်။
“ငါ့သားက ဖအေကို သတိရလို့ နေမှာပါ”
“သတိရပေမယ့် အိပ်မက် ဘာကြောင့် မက်သလဲ သိချင်တာ အမေကြီးရဲ့။ သားသမီး သံယောဇဉ်တွေကြောင့် မကျွတ်မလွတ်ဘဲများ ဖြစ်နေသလားလို့”
“သလိုတော့ မဖြစ်နိုင်ဘူးကွ၊ ဘတို့ သက်ပျောက်ဆွမ်း၊ မြေကျဆွမ်းရော၊ ရက်လည်ဆွမ်းရော သွတ်ပြီး အမျှအတန်း ပေးဝေခဲ့တာပဲ”
ပြောသာ ပြောရငြား ရီးဆေးရိုး စိတ်မကောင်း။ သူတို့အမျှအတန်း ပေးဝေချိန်က ကာယကံရှင်သည် အဝေးသို့ ရောက်နေမည်၊ သို့မဟုတ် သာဓု ခေါ်နိုင်သော အခြေမနေ မရှိ။ ယခုမှသာ အမျှအတန်း ပေးဝေစေလိုသောကြောင့် အိပ်မက်ပေးသလော။
ကိုယ်တိုင် သံသယဝင်နေပါလျက်က ရီးဆေးရိုး မြုံထားရခြင်းမှာ ထွန်တုံးပိတ်ရန် ရက်ပိုင်းသာ လိုတော့သဖြင့် ဖြစ်သည်။ ကျော်သူရနည်းတူ သူလည်း အိပ်မက်မက်သည် ဆိုမိပါက ရီးကျီးဒန် သည်းသည်း လှုပ်လာမည်။
ဆွမ်းတစ်ပန်းကန်၊ ဟင်းတစ်ခွက် လှူပြီး အမျှဝေလျှင် ရသည် မထင်သော အမယ်ကြီး။ ယနေ့ ပျိုးပင်တွေက တစ်ရက်အစိုက် နောက်ကျလျှင် တစ်ရက်နှင့် မကာမိအောင် အထွက် လျော့သည်။ သည်တော့ ထွန်တုံးပိတ်ပေစေဦး။
ထွန်တုံးပိတ်မှသာ သူ့အိပ်မက်ကို ဖွင့်ပြောပြီး ရီးကျီးဒန်စိတ်တိုင်းကျ ဒါနပွဲငယ် တစ်ခု စီမံရပေတော့မည်။ လောလောဆယ်မူ ရှိစေဦး။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment