❝ ကျီစယ်ခြင်း ရသ ❞
▢ ဇော်သစ် ( စကုကျွန်း )
ကျုပ်တို့ ရပ်ကွက်မှာ တန်ဆောင်မုန်းလပြည့်နေ့ ရောက်တိုင်း နှစ်စဉ်နှစ်တိုင်း ဆိုသလို ညဈေး မိသားစု စုပေါင်း ဘုံကထိန် ဆိုပြီး ပြုလုပ်လှူဒါန်းလေ့ရှိကြသည်။ အဲဒီနေ့ ညရောက်တိုင်းလည်း လူငယ်တွေ စုပြီး ကာရာအိုကေတွေ၊ စတိတ်ရှိုးတွေ ဆိုကြကကြနဲ့ပေါ့လေ။ ဒီလိုနဲ့ ပွဲပြီးလို့ မိုးလင်းရင် ကျုပ် အလုပ်ရှုပ်ပြီသာမှတ်။ ဘာကြောင့်လဲဆိုတော့ စတိတ်စင်က ကျုပ်အိမ်ရှေ့ လမ်းမပေါ်မှာလေ။ ပွဲကြည့်ပရိသတ်တွေ ချပစ်ခဲ့တဲ့ ကြွပ်ကြွပ်အိတ်ခွံတွေ၊ စီးကရက်တိုတွေ အစရှိတဲ့ အမှိုက်တွေကို ကျုပ်ပဲ တံမြက်လှည်း၊ အမှိုက်သိမ်း လုပ်ရတာပေါ့။ ဒါပေမဲ့ ကျုပ် မညည်းညူပါဘူး။ ကျုပ်တို့ရပ်ကွက်မှာက မဏ္ဍပ်တွေ၊ စတိတ်စင်တွေ ဆောက်လုပ်တုန်းကတော့ တက်စုံလက်စုံနဲ့ လူညီတယ် ဆိုပေမယ့် ပွဲပြီးလို့ ပြန်သိမ်းမယ်ဆိုရင် ဟိုလူ့မျက်နှာကြည့်၊ ဒီလူ့မျက်နှာကြည့်နဲ့ ဘယ်သူမှ မရောက်ကြတော့ဘူး။ တစ်ခါတစ်ခါ ဘေးထိုင်ဘုပြောတွေက ရှိသေး။
ကထိန် လေးနှစ်မြောက်ဖြစ်တဲ့ မနှစ်ကလည်း ဘယ်သူမှ ရောက်မလာကြတော့ ကျုပ် တစ်ယောက်တည်းပဲ မညည်းမညူ ဒိုင်ခံပြီး အကုန်လုံး လှည်းကျင်းပေးလိုက်တယ်။ နှစ်စဉ်နှစ်တိုင်း ဒီလို လုပ်ပေးနေတဲ့ ကျုပ်ကို ကျေးဇူးတင်ကြတာပေါ့လေ။ ဒါပေမဲ့ အဲဒီနှစ်မှာပဲ ကျုပ် လှည်းကျင်းပြီးတာနဲ့ အိမ်ရှေ့က ဗာဒံပင် မှာ “ဆွဲကြိုးတစ်ကုံး ကောက်ရထားသည်။ ပိုင်ရှင်အမြန်လာ ယူပါ” ဆိုတဲ့ ဆိုင်းဘုတ်လေးကို ချိတ်ဆွဲထားလိုက်တယ်။ ဒါပေမဲ့ ပိုင်ရှင်က မပေါ်တော့ အိမ်နီးဝန်းကျင် လူတွေက ကျုပ်ကို “ဒီလူတော့ ထောပြီ” ဆိုတဲ့ သဘောနဲ့ မျက်စောင်းတွေ ခဲလို့ပေါ့။
ဒီနှစ်မှာတော့ ကျုပ်က ကလေးတွေ ကကြခုန်ကြတာကို တစ်ညလုံး ကြည့်ရင်း အိပ်ရာဝင် နောက်ကျတာကြောင့် အိပ်ရာထလည်း နည်းနည်း နောက်ကျတယ်။ ဒါပေမဲ့ နှစ်တိုင်းလို အိမ်ရှေ့က အမှိုက်တွေ သိမ်းရမယ် ဆိုတဲ့အသိကြောင့် ပြတင်းကို ဖွင့်ကြည့်လိုက်တော့ လူရွယ်သုံးယောက် အမှိုက်တွေကို တက်တက်ကြွကြွနဲ့ လှည်းနေကြတာတွေ့လိုက်ရတော့ ကျုပ် ဝမ်းသာသွားမိတယ်။ ဒီလိုနဲ့ ဒီနှစ်တော့ ကျုပ် သက်သာသွားပြီလို့ ကိုယ့်ကိုယ်ကိုယ် တွေးမိနေစဉ် လူရွယ်တွေဆီက စကားတီးတိုးပြောသံကို မမျှော်လင့်ဘဲ ကြားလိုက်ရတယ်။
“မနှစ်က ကပ်ထားတဲ့ စာက ဒီလူကြီး ရွှီးတာနဲ့ တူပါတယ်ကွာ။ ခု ငါတော့ ဘာမှလည်းမတွေ့ပါလား” တဲ့။
ကျုပ် အလိုလို ပြုံးလိုက်မိတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ ထင်သလို မနှစ်က စာက ကျုပ် စနောက်ပြီးကပ်ထားတာကိုး။ ဒါပေမဲ့ ပြုံးရုံတင် မဟုတ်ဘူး။ ရင်ထဲကတောင် စကားတွေ ပြောလိုက်မိသေး။
“ဟေ့ကောင်တွေ...မင်းတို့ ရပ်ကွက်မှာ ရွှေမပြောနဲ့၊ ထမင်းတောင် နပ်မှန်ဖို့ အနိုင်နိုင်”
ဟုတ်တယ်လေ။ ကျုပ်တို့ ရပ်ကွက်က လက်လုပ်လက်စားတွေပဲ နေကြတာ မဟုတ်လား။ ။
▢ ဇော်သစ် ( စကုကျွန်း )
📖 မဟေသီ မဂ္ဂဇင်း
ဩဂုတ် ၊ ၂၀၁၉
No comments:
Post a Comment