Friday, November 13, 2026

မေတ္တာမြေ


❝ မေတ္တာမြေ ❞

[ ရခဲလှသည့် လူ့ဘဝ ရခဲ့ကြသော်လည်း မွေးသည်မှ သေသည် အထိ “ အမိမဲ့ အဖမဲ့ ခိုကိုးရာမဲ့ဘဝ ရောက်နေသည့် ကလေးငယ်များ၊ အိုမင်းမစွမ်း အရွယ်ရောက်မှ ခိုကိုးရာမဲ့ဘဝ စားဝတ်နေရေး ခက်ခဲနေသည့် အဘိုးအဘွားများ၊ ဘဝကံအကြောင်း မလှ၍ ဆွံ့အနားမကြား၊ မျက်မမြင်၊ ကိုယ်အင်္ဂါ ချို့ယွင်းနေသူများ၊ သဘာဝ ဘေးအန္တရာယ် ခံစားနေရသူများ ” ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် ဒုနဲ့ဒေး ရှိနေကြပါသည်။

ကျွန်ုပ်တို့သည် သူတို့၏ ဘဝကို စာနာထောက်ထားပါသည်။ သို့သော် သူတို့၏ ဘဝ ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ခြင်းငှာ ကျွန်ုပ်တို့ မတတ်နိုင်ခဲ့ပါ။ သူတို့၏ဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေသည့် ဌာန၊ အဖွဲ့အစည်းများ၏ စွမ်းဆောင်မှုများကို ကျွန်ုပ်တို့ အားကျဂုဏ်ယူ ဝမ်းမြောက်မိပါသည်။ စွမ်းစွမ်းတမံ ဆောင်ရွက်နေမှုများတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်၊ ရေတစ်ပေါက်ပမာ ပါဝင်ကူညီ ထောက်ပံ့လိုသည့် ဆန္ဒရည်ရွယ်ချက်များ ကျွန်ုပ်တို့တွင် ရှိနေပါသည်။

လူမှုဒုက္ခအဖုံဖုံ ခံစားနေရသူတို့၏ ဘဝ ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နေသည့် ဌာန၊ အဖွဲ့အစည်းများ လက်တစ်ကမ်းတွင် ရှိနေပါသည်။ အထောက်အပံ့များလည်း လိုအပ်နေပါသည်။ စာနာထောက်ထား ကူညီပံ့ပိုးလိုသည့် စေတနာရှင်များလည်း မျှဝေထောက်ပံ့ရန် အဆင်သင့် ရှိနေပါသည်။ အထောက်အပံ့ လိုအပ်နေသူ၊ မျှဝေ ထောက်ပံ့လိုသူတို့ကို ပေါင်းကူးဆက်သွယ်ပေးရန် လိုအပ်နေပါသည်။

ကျွန်ုပ်တို့သည် ပေါင်းကူး ဆက်သွယ်တံတားဆောက်၊ မြောင်းဖောက်သည့် အကျိုးဆောင်မှုကို ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။

ထို့ကြောင့် မေတ္တာမြေ ကို မျှဝေ ခံစားတတ်သူတို့နှင့် စုစည်းခဲ့ပါသည်။ မေတ္တာမြေသည် “ နည်းနည်းချင်း စု၍ များများ လှူသည့် ” မူကို ကျင့်သုံးပါသည်။ မေတ္တာမြေသည် တစ်ဦးလျှင် တစ်လ ( ၁၀၀ဝိ/- ) နှုန်း၊ တစ်နှစ် ( ၁၂၀၀ဝိ/- ) နှုန်းဖြင့် မတည်စုဆောင်း ကောက်ခံပါသည်။ မျှဝေ ထောက်ပံ့မည့် ဌာနများသို့ စေတနာရှင်များ၏ သီးသန့် ထည့်ဝင် လှူဒါန်းငွေများကို စုဆောင်းကောက်ခံပါသည်။

မေတ္တာမြေသည် အမိမဲ့၊ အဖမဲ့၊ ခိုကိုးရာမဲ့ ကလေးငယ်များ၊ အိုမင်းမစွမ်း အရွယ်ရောက်မှ ခိုကိုးရာမဲ့ နေသည့် ဘိုးဘွားများ၊ ဆွံ့အနားမကြား၊ မျက်မမြင်၊ ကိုယ်အင်္ဂါ ချို့ယွင်းနေသူများ၊ ရောဂါဝေဒနာ ခံစားနေရသူများအား စောင့်ရှောက်ဖေးမ ကူညီနေသည့် ဌာနများနှင့် သဘာဝဘေးအန္တရာယ် ခံစားနေရသူများအား မျှဝေ လှူဒါန်းသည့် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်မှာ ( ၄ ) နှစ်ပြည့်မြောက်ခဲ့ပါသည်။

မေတ္တာမြေရဲ့ နှိုးဆော်လွှာကို ကျွန်တော် ဖတ်နေမိပါတယ်။ မေတ္တာမြေ ဆိုတာ အခက်အခဲ ကြုံတွေ့ နေရသူတွေကို ကူညီဖို့ စိတ်ချင်း တူသူတွေ စုစည်းထားတာ ဖြစ်ပါတယ်။ နှိုးဆော်လွှာမှာ ၂၀၀၆၊ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉ ခု လေးနှစ်တာ ကာလ မျှဝေ ထောက်ပံ့ခဲ့တဲ့ ဌာနတွေနဲ့ ထောက်ပံ့ငွေတွေကို နှစ်အလိုက် ဖော်ပြထားတာ တွေ့ရတယ်။

၂၀၀၆ခုမှာ ၁၁ ဌာနကို ထောက်ပံ့လှူဒါန်းငွေပေါင်း ၇၇ သိန်းကျော် ( ၇၇၁၅၆၉၅ ကျပ် )၊ ၂၀၀၇ ခုနှစ်မှာ ခုနစ်ဌာနကို ၉၃ သိန်းခန့် ( ၉၂၈ဝဝ၉၇ ကျပ် )၊ ၂ဝဝ၈ ခုနှစ်မှာ ခုနစ်ဌာနကို ၁ဝ၈ သိန်းကျော် ( ၁၀၈၃၄၈၀၀ ကျပ် )၊ ၂၀၀၉ ခုနှစ်မှာ ခုနစ်ဌာနကို ၁၃၅ သိန်းကျော် ( ၁၃၅၄၃၅၁၃ ကျပ် ) ပေးလှူပြီးခဲ့တယ်။

၂ဝ၁ဝ ခုနှစ် အတွင်းမှာ ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်သုံးခုက ကြွက်ဘေးသင့် ချင်းတိုင်းရင်းသားများကို ကူညီထောက်ပံ့မှု၊ ဒီပဲယင်းမြို့နယ် အောင်သာယာ ကျေးရွာ ဘုန်းတော်ကြီးသင်မူလတန်းကျောင်း၊ မန္တလေးမြို့ ရတနာအောင်မြေ မိဘမဲ့ ကလေးများကျောင်း၊ လဟယ်မြို့နယ် စပွလော်ကျေးရွာ မီးဘေးဒုက္ခသည်များ၊ မန္တလေးမြို့ အပူဒဏ်သင့် ဝေဒနာရှင်တွေ အတွက် ဆေးဝါး အလှူတန်ဖိုး ၆၅ သိန်း ကျော် ( ကျပ် ၆၅၅၅၇ဝဝ ) ပေးလှူထားတာကို တွေ့ရတယ်။

မေတ္တာမြေကို ဦးဆောင် စုစည်းရာမှာ ပါဝင်သူ ဦးသန်းဌေးကို မန္တလေးမြို့က သူ့ နေအိမ်မှာ သွားရောက် တွေ့ဆုံပြီး သူ့လုပ်ငန်းနဲ့ သူ့ဘဝကို ကျွန်တော်က မေးမြန်းပါတယ်။ ]

••••• ••••• •••••

၂ဝဝ၅ ခု ဒီဇင်ဘာလမှာ အလှူတစ်ခုကို သွားရင်း မိတ်ဆွေဦးအောင်ခိုင် က တံခွန်တိုင်က ပြည်လုံးချမ်းသာ ဆိုတဲ့ ပရဟိတကျောင်းလေးကို ခေါ်သွားတယ်။ ကျောင်းလေးက အမိုးအကာ မလုံခြုံဘူး၊ နေရတဲ့ ကလေးတွေမှာ ခြုံစရာစောင်တောင် မှ လုံလုံလောက်လောက် မရှိဘူး။ ဒါနဲ့ ကျွန်တော်က တစ်သောင်းလှူမယ်။ မိတ်ဆွေတွေ ဆီက စုလိုက်ရင် ငါးသောင်းလောက်တော့ ရမှာပဲ။ ငါးသောင်းဆို ဖြစ်နိုင်တယ် ဆိုပြီး စုတာ။

ဦးအောင်ခိုင် က စောင်တွေ ဝယ်ပေးချင်တယ်။ ကျွန်တော်က လေဘေးတန်း က ဘောင်းဘီလည်း ပါ၊ ခေါင်းစွပ်လည်း ပါတဲ့၊ အနွေးအင်္ကျီလည်း ပါတဲ့ ဝမ်းဆက် ဝယ်ပေးရင် ကောင်းမယ်လို့ အကြံ ပေးတယ်။ တကယ် ဝယ်တော့ တစ်ယောက်ချင်း အတွက် ဝမ်းဆက်လည်းပြည့်စုံ၊ စောင်တွေလည်းရ၊ မိဘမဲ့ကလေးတွေ အတွက် စာအုပ်စာတမ်းတွေလည်း ရတယ်။

ဒီအတိုင်း ဆက်လုပ်ရအောင်လို့ ဦးအောင်ခိုင် က ပြောတာနဲ့ ၂၀၀၆ ခုမှာ မေတ္တာမြေ စခဲ့တာ။ ပထမဆုံး လှူဖြစ်တာက ရေနံ့သာ အနာကြီးဆေးရုံနဲ့ နံ့သာမြိုင် ကျေးရွာ။ ငွေပေါင်း ၁၉၂၀၈၈ ကျပ် လှူနိုင်တယ်။

တစ်ယောက်ကို တစ်လ ကျပ် ၁ဝဝဝ စီ စုကြမယ်။ နည်းနည်းချင်း စု၍ များများလှူ ဆိုတဲ့မူကို ကျင့်သုံးတယ်။ ရန်ကုန်ရွှေတိဂုံဘုရားမှာ သိမ်ကြီးဈေးသူ ဈေးသားတွေရဲ့ နှစ်ပြားတန်ဆောင်းတို့၊ ပုသိမ်မှာ ငါးပြားဓမ္မာရုံတို့ကို တစ်နေ့ နှစ်ပြားထည့်၊ ငါးပြားထည့် စုဆောင်းပြီး လုပ်ခဲ့တာကို နမူနာယူပြီး ကျွန်တော်တို့ လုပ်ကြတာ။ ၂ဝဝ၉ ခု ကုန်တဲ့ အချိန်မှာ သိန်း ၄ဝဝ ကျော် လှူဖြစ်သွားပြီ။

တစ်လ ကျပ် ၁ဝဝဝ လှူဖို့အတွက် ကိုယ် တစ်ဦးတည်း သွားလှူဖို့ဆိုရင် စိတ်မဝင်စားဘူး။ ကျွန်တော်တို့က လိုအပ်နေသူနဲ့ လှူချင်သူ ကြားမှာ ပေါင်းကူးပေးတဲ့ အနေနဲ့ အကျိုးဆောင် ပေးတာ။

မေတ္တာမြေက တစ်သီးပုဂ္ဂလိကကို မလှူဘူး။ မိဘမဲ့တို့၊ ခိုကိုးရာမဲ့တို့တွေ ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ဌာနတွေကို လှူတယ်။ ဘိုးဘွားရိပ်သာ ဆိုရင် ရိပ်သာကိုပဲ လှူတယ်၊ အသက်ကြီးတဲ့သူ တစ်ယောက်ချင်းကို မလှူဘူး။ ဘယ်မှာတော့ မိဘမဲ့ကလေး တစ်ယောက် ရှိတယ် ဘာလုပ်ပေးပါဆိုရင် ကျွန်တော်တို့ လုပ်မပေးနိုင်ဘူး။ အဲဒီလို ပုဂ္ဂိုလ်တွေကို စောင့်ရှောက်ပေးတဲ့ ပုဂ္ဂိုလ်တွေ၊ ဌာနတွေကို တိုးတက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာ။

မန္တလေးနန်းတော်ရှေ့ ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင် အထက်တန်းကျောင်းကို ၂၀၀၉ ခု၊ သြဂုတ်လမှာ မိဘမဲ့ကလေးတွေ အတွက် လိုအပ်နေတဲ့ ခြင်ထောင်၊ စတီးဇလုံ၊ စတီးဇွန်းတွေ သွားလှူတော့ ဆရာတော်က ဖောင်တော်ဦးကျောင်းမှာ မိဘမဲ့ ခိုကိုးရာမဲ့ ကလေး ၇၅ ဦး၊ တိုင်းရင်းသား အမျိုးသမီးငယ် ၁၂ဝ၊ နာဂစ်မုန်တိုင်းသင့် မိဘမဲ့ ခိုကိုးရာမဲ့ ၁၃၃ ဦးတို့ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အစစကို ထောက်ပံ့နေပြီး ကျွေးမွေးမှုအတွက် တစ်နေ့ ဆန်လေးအိတ်ကျော် ကုန်ကြောင်း အခက်အခဲ ရှိနေကြောင်း အကူအညီပေးဖို့ မေတ္တာရပ်ခံလာတယ်။

နယ်စပ်ဒေသက အမျိုးသမီးငယ် အချို့ဟာ အရွယ်ရောက်ရင် အိမ်နီးချင်း နိုင်ငံကို အလုပ်သွား လုပ်ကြတယ်။ ခန္ဓာကိုယ်နဲ့ ရင်းတဲ့ ငွေအရလွယ်တဲ့ လုပ်ငန်းကို လုပ်ရင်း မိဘများထံ ငွေကြေး ထောက်ပံ့ကြတယ်။

မိဘတွေက ကျေးရွာမှာ တိုက်တာ ဆောက်လုပ်ပြီး နေနေရပေမဲ့ အမျိုးသမီငယ်လေးတွေ ရောဂါဝေဒနာ ခံစားရပြီး မိဘရပ်ထံ ပြန်လာတဲ့အခါ အသက်ဆုံးပါး ကြရတယ်။

နယ်စပ်ဒေသမှာ တိုက်တဖွေးဖွေး၊ ဂူတဖွေးဖွေး ဖြစ်နေတယ်။ သူတို့လေးတွေ ဘဝကို ကယ်တင်ပြီး ပညာသင်ကြားနိုင်ရေးအတွက် နယ်စပ်ဒေသ သာသနာပြု ဆရာတော်များက မေတ္တာရပ်ခံပြီး ပို့ပေးတဲ့အတွက် ဖောင်တော်ဦးကျောင်းက လက်ခံထိန်းသိမ်း စောင့်ရှောက်ထားတယ်။

ဒီလိုပဲ နာဂစ်မုန်တိုင်းသင့် ဒေသက မိဘမဲ့၊ ခိုကိုးရာမဲ့ ကလေးတွေကို မုန်တိုင်းသင့် ဒေသက ဘုန်းတော်ကြီးတွေက ကယ်ဆယ်စောင့်ရှောက်ထားရာက ရေရှည်မှာ မစွမ်းဆောင်နိုင်တော့လို့ ဖောင်တော်ဦး ဆရာတော်ဆီ ပညာသင်ကြားပေးဖို့ ပို့ပေးတဲ့အတွက် လက်ခံ စောင့်ရှောက်ထားတဲ့အကြောင်း ပြောပါတယ်။

ဒါကြောင့် ဖောင်တော်ဦး ပရဟိတကျောင်း အတွက် စရည်းအိုးခွက် ကြီးစွာလျက်လည်း တစ်စက်ကျများ ပြည့်သောလားသို့ ဆိုတဲ့မူကို ကျင့်သုံးပြီး ကိုယ့်မွေးနေ့ ဒါမှမဟုတ် လှူဒါန်းလိုတဲ့ အထိမ်းအမှတ်နေ့မှာ ဆန်တစ်အိတ်၊ ဆီတစ်ပိဿာ၊ ဆား၊ ကြက်သွန်၊ အဆင်ပြေတာ လှူဒါန်းကြဖို့ စည်းရုံး ပေးတာ ၂၀၀၉ ခု သြဂုတ်လမှ ဒီဇင်ဘာလကုန် အထိ တန်ဖိုး ၂၁ သိန်းကျော် လှူဒါန်းနိုင်ခဲ့တယ်။

ကျွန်တော် လုပ်နေတဲ့ အလုပ်ထဲမှာ တို့ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ဆိုတာလည်း ရှိသေးတယ်။

ကနေ့ မန္တလေးနဲ့ အရင်က မန္တလေးဟာ သိပ်ကို ကွာခြားခဲ့ပြီ။ မြို့ဧရိယာ သုံးဆခန့် တိုးချဲ့ခဲ့ရာ လူဦးရေကလည်း အဆမတန် တိုးပွား၊ မိုးမျှော်တိုက်တွေကလည်း အစီအရီ၊ စက်မှုမြို့သစ်ကြီးများမှာ စက်ရုံတွေက မီးခိုး တလူလူ၊ စက်ရုံကြီးတွေရဲ့ စွန့်ပစ်ရေတွေကလည်း တောင်သမန်အင်း နဲ့ ဧရာဝတီမြစ် အတွင်းကို တသွင်သွင် စီးနေကြပြီ။ ရေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု၊ သစ်တောပြုန်းတီးမှု စတဲ့ အကြောင်းတွေကြောင့် သဘာဝ ပတ်ဝန်းကျင်ကြီး ပျက်စီးတော့မယ်။

ကျွန်တော်တို့ မန္တလေးသား မန္တလေးသူတွေက မန္တလေး အပူချိန်မှာ ကျောကော့အောင် ခံနေရတယ်။ မန္တလေးဝန်းကျင်မှာ တစ်ပိုင်တစ်နိုင် သစ်တောတွေ ထူထောင်နိုင်မှ သက်သာရာရမယ်လို့ ကျွန်တော် မြင်ပါတယ်။

မန္တလေးမြို့ဟာ မြို့တည်နန်းတည် နှစ် ၁၅၀ ပြည့်ခဲ့ပြီ။ မန္တလေးမြို့တည် နှစ် ၁၅ဝ ပြည့်မှာ အမှတ်တရ ဆောင်ရွက်မှ သင့်မယ်လို့ တွေးမိပြီး ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလက စပြီး ကျွန်တော်တို့ သစ်ပင်တွေ စိုက်ကြတယ်။

ကျွန်တော်တို့ စိုက်တဲ့ သစ်ပင်တွေ တည်မြဲနေသေးရင် မန္တလေးမြို့တည် နန်းတည် နှစ် ၂၀၀ မှာ ကျွန်တော်တို့ ပတ်ဝန်းကျင် အတွက် အကျိုးရှိတာ တွေ့ ရမှာပဲ။ သစ်ပင်ဒကာ ဆိုက်ကားဆရာကြီး ဦးငွေ စိုက်ခဲ့တဲ့ ကုက္ကိုပင်ကြီးတွေ သူ မရှိတော့ပေမယ့် အကျိုးပြုနေတာကို အားကျပြီး သစ်ပင်တွေ စိုက်တယ်။ အပတ်စဉ် ဝါသနာတူသူတွေ စုပေါင်းပြီး သစ်ပင်စိုက်နေတယ်။

⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ

No comments:

Post a Comment