❝ ဘေးအေကြီး ကိုဆေးရိုး ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
“သူ့ဘာသာသူ သီတင်းကျွတ်တာ သည်ကျောင်းက ဘာပြုလို့ ပိတ်ရတာတုံး”
ဘဆေးရိုးသည် မြစ်တွေကို မျက်စိနောက်သဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် စာသင်ကျောင်းကို ရမယ်ရှာခြင်းဖြစ်သည်။ မြစ်တွေကလည်း ဘဆေးရိုးနှင့် အမေကြီး ကျီးဒန်တို့ မျက်စိနောက်အောင် ဆော့သည်။
ဆွမ်းခံဝင်ချိန်သို့ တိုင်ခဲ့ပြီဖြစ်ငြား နဘူးချုံ၊ ကလိန်ချုံ၊ မန်ကျည်းပင်ရိပ်၊ ညောင်ပင်ရိပ်တို့၌ မီးခိုးမဟုတ်သော ပြာရီလဲ့လဲ့ အငွေ့များကို မြင်ရသည်။ မိုးနှောင်းသည် သံယောဇဉ် ရှည်လျားချင်နေသည်။ ဆောင်းရိပ်သည် ရှေ့က ပြေးနေပြီ ဖြစ်ပါလျက် နှင်းငွေ့ မြိုင်မြိုင် မဝေစည်လာသေးချေ။
လယ်တွေ သူ့ထက်ငါကောင်း အလုအယက် ထွန်တုံးပိတ်နေကြသည်။ ပျိုးနုတ်သမားများ၊ ကောက်စိုက်သမများမှာ အလုပ်ပြတ်ခါနီးမှ အလုပ်လှိုင်နေကြသည်။ ခေါ်ကောက်လည်း မရ၊ ပုတ်ပြတ်လည်း မရ။
ဘဆေးရိုး၏ လယ်ပွဲမှာလည်း ပျိုးခင်းကျွတ် ငါးယောက်စိုက်ခန့်ကျခါမှ အလုပ်သမား ခေါ်၍ မရတော့ပါ။ ပျိုးနုတ်သမားများမှာလည်း နံနက်မှာသာ မဟုတ်၊ ညနေပိုင်းပါ မအားလပ်ကြတော့ချေ။ သူတို့သာ မဟုတ်၊ ကောက်စိုက်သမတွေလည်း ထိုနည်းနှင်နှင် ဖြစ်နေကြရာ သူတို့ကို စောင့်နေလျှင် တန်ဆောင်မုန်းသို့ ဝင်မည်။ ကောက်ပင်တွေ လှန်ထွက် ထွက်တော့မည်။
“ဘရေ.. ဘယ်လိုလုပ်မတုံး”
မောင်ကိုကြီးသည် လုပ်မည်ရည်ရွယ်ချက် ရှိထားသော်ငြား ဘဆေးရိုး ရှေ့သို့ လာကာ ခိုညည်းသံဖြင့် မြည်တမ်း၏။ လုပ်ကိုင်ဆောင်ရွက်စရာ အစီအမံသည် ဘဆေးရိုး၏ စိတ်ကူးထဲသို့ ဒက်ခနဲ ပြေးဝင်လာငြား ပါးစပ်မှ မထွက်။ မထွက်ခြင်းမှာ မြေးကို စေ့စေ့ကြည့်မိသည့်အတွက် ဖြစ်ချေသည်။ မောင်ကိုကြီးသည် သူ့အဖေ ဦးထွန်းရလို ရှည်လမျောပိန်ခြောက် မဟုတ်ပေ။ အသားလတ်လတ် ဝဝဖိုင့်ဖိုင့်ဖြစ်သည်။
သို့ရာတွင် မောင်ကိုကြီး၏ ထိုအယဉ်အခန့်အသန့်တို့မှာ ထွန်ချေးစာနှင့်အတူ တစ်တောင်ခန့်ရှည်သော အစိုထွန် ထွန်သွားများ ကြားတွင် ပါသွားပြီ။ ဘဆေးရိုး ရှေ့တွင် ထိုင်နေသော ကိုကိုကြီးမှာ မည်းသော၊ ခြောက်သော နားထင်ချိုင့်ချိုင့် မီးသွေးခဲတစ်ခဲ ဖြစ်နေပြီ။ နှမ်းတစ်လုံးဖြင့် ဆီမဖြစ်သော်ငြား ဘ မပြောလိုပါ။ ဘ မပြောစေကာမူ မြေး ပြော၏။
“စပါးအထွက် သိပ်ကျပြီး ပန်းတိုင်အထွက်နှုန်းနဲ့ ကွာလွန်းရင်လည်း ရှက်စရာကြီး ဘရ”
သူ့စကားက သူ့စိတ်ကို ဖော်ပြနေပြီ။ ဘဆေးရိုးသည် စကားကို လှီးလွှဲပြီး
“မင်းတို့အိမ် ဘာချက်သတုံး” မေးသည်။
“နဗတ်ချဉ်နဲ့ ထသီးချဉ်နဲ့ ဝက်ဆီဖတ်နဲ့ ချက်တယ်ထင်တယ် ဘရဲ့။ လယ်ပြင်ကို ထမင်းလာပို့ တုန်းကတော့ အဲသည်ဟင်းပဲ”
ဟင်းအမည်ကို ကြားရခါမျှဖြင့် ဘဆေးရိုး သွားရည်ကျ၏။ သွား မရှိသော်ငြား စား၍ရသည့် ဟင်း ပေကိုး။ သည်အထဲတွင် ငရုတ်သီးစိမ်းအမှည့်တောင့်ကို အတောင့်လိုက်ဖြစ်စေ၊ ပိုင်း၍ ဖြစ်စေ ထည့်လိုက်ပါက တစ်စလယ်ချက် ကောင်းကောင်းကုန်မည့် ဟင်းပင်။ သို့ရာတွင် ချစ်စိတ်မှ ဖြစ်သော စိုးရိမ်စိတ်ဖြင့် သတိပေးမိ၏။
“တစ်နေ့လုံး အအေးထဲမှာ နေရတာဆိုတော့ ချင့်ချင့်ချိန်ချိန် စားဟေ့၊ ဝမ်းဖောဝမ်းရောင် ဖြစ်တတ်သကွ”
“ဟုတ်ကဲ့ ဘ”
မြေးအဘိုးသည် ပျိုးခင်းကျွတ်အကြောင်း စကား မဆက်မိတော့ချေ။
“အမေကြီး ဘာချက်လဲ” အသံပေးလျက် မီးဖိုထဲသို့ ဝင်သွားရာ မည်သည့်အပေါက်မှ ပြန်ဆင်းသွားသည်ဟု ဘဆေးရိုး သတိမထားမိပေ။
သို့သော် သတိမထားဘဲ မနေနိုင်သော အကြောင်းအရာသည် အရုဏ်တက်၌ ဖြစ်ပေါ်လာတော့သည်။ ထိုအကြောင်းမှာ ကလေးနှစ်ယောက် ထငိုခြင်းဖြစ်သည်။ ဘနှင့် အမေကြီးတို့မှာ နဂိုကတည်းက ကြက်အိပ် ကြက်နိုး ဖြစ်သည်။ ကလေးတွေ ထငိုနေချိန်တွင် ဘနှင့် အမေကြီးတို့ နိုးနေပြီ။ ကလေးတွေသည် အမေကို မတွေ့ သောကြောင့် ငိုခြင်းဖြစ်ရာ ဘက ချက်ချင်း လှမ်းမေးသည်။
“အမေ့ကို မတွေ့လို့ ဘ”
က ပထမတန်းပင် ရောက်နေပြီဖြစ်သော အကြီးကောင် အိအိအအ လုပ်နေသဖြင့် ကျောင်းမနေရသေးသော အငယ်ကောင်မက ချက်ချက်ချာချာ ဖြေသည်။
“ဘယ်တုန်းက မတွေ့တာလဲ သမီး”
“သမီး တစ်ရေးနိုးလို့ စမ်းကြည့်ကတည်းက မတွေ့တာ ဘ၊ ဒါပေမဲ့ မီးဖိုထဲမှာ အမေရှိမယ် ထင်နေတာ၊ အခု မရှိဘူး”
“ဟဲ့ ဟိုကောင်၊ အကြီးကောင်”
“ဗျာ၊ ဘ”
“မင်းကကော ပြောပါဦး၊ မင့်အမေကို ဘယ်အချိန်ကျမှ မတွေ့တာလဲ”
ဘဆေးရိုးသည် မျက်နှာချင်းမဆုံရဘဲနှင့် ပြုံးပြုံးကြီး မေးမိ၏။
“ညီမလေး ငိုသံကြားတော့”
“ညီမလေး မဟုတ်ပါဘူးကွာ၊ နှမကလေးပါ”
“ဟုတ်ကဲ့ ဘ၊ ကျွန်တော့်နှမကလေး ငိုလို့ အမေ့ကို ရှာမတွေ့တော့မှ အိမ်မှာ အမေမရှိမှန်း သိတာဗျ”
“မနက်စောစော ဘယ်သွားမယ် ပြောမထားဖူးလား”
“မပြောဘူးဗျ ဘရ”
သို့သော် ဘနှင့်အမေကြီးသည် သီဟကိုနှင့် မြင့်သွေးကို မောင်နှမ၏ စကားကို မယုံကြည်ပေ။ သူတို့ အမေပြောထားပါလျက် သူတို့မောင်နှမ မေ့လျော့ခြင်း ဖြစ်ရမည်။ သို့တည်းမဟုတ် နံနက်စောစော ထသွားခါနီးတွင် အကြီးကောင်ကို နှိုးပြီး ပြောခဲ့တန်ရာ၏။
သို့သော် အိပ်ချင်မူးတူးဖြစ်နေခဲ့သော ကလေးသည် ကြည်ကြည်လင်လင်ရှိချိန်၌ သတိမရတော့ပြီ။
“ကဲ ကဲ ငိုမနေကြနဲ့၊ အမေကြီး ထမင်းကြော်ပေးမယ်၊ မျက်နှာသစ်ကြ”
အမေကြီး ကျီးဒန်သည် အိုမင်းပြီဖြစ်ငြား ထမင်းကြမ်းကိုကား သွက်လက်စွာ ကြော်လှော်နိုင်ပါသေးသည်။ အမေကြီး၏ ထမင်းကြော်မှာ ယမန်နေ့ညက ကျန်ခဲ့သော ထမင်းနှင့် ဟင်းကို မီးဖိုပေါ်တွင် တင်ပြီး မွှေခြင်း ဖြစ်သည်။ ထမင်းကို ကြော်ထားစဉ်တွင် ဆန်ဆေးပြီး ထမင်းအိုးတစ်လုံး အသင့်ပြင်သည်။
“အဘိုးကြီးရေ၊ လယ်ပြင်လိုက်သွားကြရအောင်၊ နွားတွေ ကျွေးထား”
နွားတွေမှာ ထမ်းပိုးနှင့် ပခုံးနှင့် ခုနစ်ရက်ခန့်သာ ကွာရသေးငြား မြူးထူးရွှင်လန်းနေပြီ။ အစာကျွေးသော်လည်း စိတ်ဝင်တစား မရှိပါ။ မြေကြီးတွေကို ရှေ့ခြေဖြင့် ရင်ဘတ်အောက်သို့ ယက်သွင်းသည်။ တွန်သည်။ နွားတွေ၏ ရှေ့ခြေနှင့် ရင်ဘတ် ရိုက်ပုတ်သံကို ကြားရသောအခါ အမေကြီး ကျီးဒန်ပါ မြူးကြွလာသည်။
မြေးချွေးမသည် လူကြီးတွေကို အကြောင်းမကြားဘဲ ကလေးတွေကို သည်အတိုင်း ထားပစ်ခဲ့ခြင်းမှာ အချိန်မရသောကြောင့်ဖြစ်နိုင်သည်။ အချိန်မရခြင်းမှာ အိပ်ရာထ နောက်ကျသောကြောင့် ဖြစ်နိုင်သည်။ မောင်ကိုကြီးက လေးနာရီ အရောက်လာခဲ့ဟု မှာသည်တွင် မြင့်မြင့်သွေး အိပ်ရာမှ နိုးချိန်သည် လေးနာရီ မတ်တင်းဖြစ်ပါက မျက်နှာမသစ်ဘဲ ပြေးမှ တော်ရုံကျမည်။
မောင်ကိုကြီးသည် အပြင်ပန်းအားဖြင့် မခုတ်တတ်သည့် ကြောင်ဖြစ်ငြား မယားကို နိုင်သည်။ မောင်ကိုကြီးတို့ မယားနိုင်ပုံမှာ ဆဲရေးခြင်း၊ ကန်ကျောက် ထုထောင်းရိုက်နှက်ခြင်းမျိုး မဟုတ်။ နားသယ်မွေးကို လက်မဖြင့် ဖိတွန်းသည်။ ဤသည်ကိုလည်း မြေးချွေးမက ပြေးလာပြီး တိုင်တန်းသောကြောင့် ဘိုးအေ၊ ဘွားအေ သိရခြင်းဖြစ်သည်။
ရိုင်းစိုင်း ယုတ်မာစွာ လူကြားမကောင်း သူကြားမကောင်း ဆဲရေးရိုက်နှက်မှု မပြုစေကာမူ မြင့်မြင့်သွေးသည် မောင်ကိုကြီးအား ကြောက်ရွံ့သည်။ စောစောပိုင်းတွင် မောင်ကိုကြီး၏ မိဘဆွေမျိုးများက မြင့်မြင့်သွေးအား သုန်သုန်မှုန်မှုန် ဆက်ဆံခဲ့ခြင်းလည်း တစ်ကြောင်းအဖြစ် ပါဝင်သေးသည်။ သို့ ကြောင့် မြင့်မြင့်သွေး အစောကြီး ထပြေးခြင်းမှာ ကောက်စိုက်ရန် ဖြစ်ရမည်။ သူက သိတတ်သောအခါ ကိုယ်ကလည်း သိတတ်ရမည်။ ဤသဘောဖြင့် အမေကြီးသည် ကလေးတွေအတွက် ထမင်းကြော်သည်။ လယ်ပြင်သို့ ထမင်းပို့ရန် ထမင်းချက်သည်။ ကလေးတွေနှင့် ဘဆေးရိုး ထမင်းကြော်စားကြချိန်ဝယ် အမေကြီးသည် လယ်ပြင်ရှိ လူများအတွက် ကြောင့်ကြသည်။
“မနက်စောစော ဆာကြမှာပဲ၊ ဘာစားကြမတုံး”
အလုပ် အဖင့်နွှဲခံပြီး ငါးပေါင်းကြော်ဖိုရှိရာသို့ သွားကာ ငါးပေါင်းကြော်မျိုးစုံကို ဝယ်ယူလျှင် ရနိုင်သော်ငြား မောင်ကိုကြီးမှာ အလုပ်လောဘကြီးသူ ဖြစ်၏။ အချိန်ကုန်ခံပြီး ငါးပေါင်းကြော်ဖိုသို့ သွားလိမ့်မည်မဟုတ်။ သို့အတွက် အမေကြီး ကြံစည်ရသည်။ ထမင်းကြော်ကို လှမ်းကြည့်သည်။ နှစ်ယောက်စာ မကျန်တော့ပြီ။ ချက်ဆဲထမင်းဖြူကို ကျွေးရတော့မည်။ ထိုထမင်းကို မည်သည့်ဟင်းဖြင့် တွဲမည်နည်း။
အမေကြီး ကျီးဒန် ကြံဆသည်။ မည်သည့် ဟင်းသည် အမြန်ဆုံး ရနိုင်သနည်း။ အမြန်ဆုံးဟင်းမှာ ငါးပိဖုတ်ဖြစ်သည်။ သို့သော် ငါးပိဖုတ်မှာ အနားသားများ ချစ်တူးနေသဖြင့် လွှင့်လည်း မပစ်ရက်၊ စား၍လည်း မကောင်းဖြစ်လေ့ရှိသည်။ သို့ဆိုက ငါးပိကင် မည်လော။ အလွယ်ဆုံး ငါးပိကင်မှာ စလောင်းကပ် ကင်နည်းဖြစ်သည်။ စိမ်းစားငါးပိကို စလောင်းတွင် ကပ်မည်။ အလယ်သားကို ပါးပါးထားပြီး မီးကင်မည်။ မီးကျီးပေါ်တွင် ကင်ရမည်မို့ ကြာသည်ဟု အမေကြီး ထင်သည်။ ဟုတ်ပြီ။ ယခုမှ ထမင်းအိုးပွက်သည်။
အပြာပန်းတွန့်များ ရေးခြယ်ထားသော ‘ကြာပန်းကန်’ ကို ယူသည်။ ကြက်သွန်တစ်ဥ လှီးထည့်သည်။ ဆီထည့်သည်။ ခုံညင်းအရွယ် စိမ်းစားငါးပိ တစ်ခဲ ထည့်သည်။ လက်ဖြင့် ဖိပြီး ပြားသည်။ ထမင်းအိုးငှဲ့ အပြီး မီးကျီးပေါ်တွင် နှပ်ထားစဉ်အတွင်း မနပ်သေးသော ထမင်းထဲသို့ ကြာပန်းကန်ကို မြှုပ်သည်။ စလောင်းဖုံးကို ပြန်ဖုံးထားလိုက်သည်။
စင်စစ်အားဖြင့် အမေကြီး ကျီးဒန်မှာ ထမင်းဟင်းကိစ္စ မပြီးသေးပေ။ သို့ရာတွင် အမေကြီးသည် သည့်ထက် ပိုပြီး မလုပ်နိုင်တော့ပါ။ မလုပ်နိုင်သဖြင့် ခံတောင်းထဲသို့ ထမင်းအိုး၊ ဟင်းအိုးတွေ ထည့်သည်။ ဇွန်း၊ ပန်းကန်တွေ ထည့်သည်။ ထမင်းကျက်ချိန်တွင် ကျက်ပြီးစ ထမင်းအိုးကိုပါ ခံတောင်းထဲသို့ ထည့်သည်။ သည်မျှများပြားသော ပစ္စည်းပစ္စယတွေပါ သည့်တောင်းကို အမေကြီး မသယ်နိုင်ပါ။ အမေကြီးနှင့် ဘ နှစ်ယောက်အားဖြင့်လည်း မတတ်စွမ်းပါ။ သို့အတွက် မြစ်တွေ၏ အကူအညီခေါ်ပြီး ထန်းလျက်ခဲကို ပုရွက်ဆွဲပုံဖြင့် လှည်းပေါ်သို့ တင်ရသည်။
“ဘနဲ့ အမေကြီးတို့ လယ်ပြင်သွားမလို့တဲ့ဟေ့”
လှည်းပေါ်သို့ ခံတောင်းတင်ရာတွင် အကူအညီ ယူမိခြင်းသည် မောင်းအခတ်ခိုင်းခြင်း ဖြစ်တော့သည်။ အဘိုး အဘွားက အိမ်ပေါ်မှ မဆင်းရသေး၊ သူတို့က နွားတွေကို ဆွဲထုတ်လာပြီးပြီ။ လှည်းတွင် တပ်ပြီးပြီ။ ထိုလူအုပ်ဖြင့် လှည်းနှစ်စီးပင် မဆံ့ပါ။ သို့ရာတွင် ငယ်ရွယ်သူများသာ လှည်းပေါ်သို့တက်ပြီး ထိုင်သည်။ ဆယ်နှစ်ရွယ် မြစ်များသည် ‘လှည်းနားစောင့်’ ကို နင်းပြီးလိုက်သည်။ လှည်းဝင်ရိုးကို ဖက်ပြီး လိုက်သူလည်းပါသည်။ လှည်းစည်းကုံးကို တွဲလဲခိုပြီး လိုက်သူ နှစ်ယောက်မှာ ဘိုးအေ၏ နှင်တံစာ မိပြီး ထွက်ပြေးကြသည်။
သည်မြစ်အုပ်ကြီးကို ကြည့်ပြီး အမေကြီး ရင်မ နေရသည်။ လယ်ပြင်တွင် ရောက်နေသူ နှစ်ဦးမှာ ထမင်းကြမ်းပင် မစားရသေး။ ထိုနှစ်ယောက် ထမင်းကြမ်းစားချိန်တွင် မြစ်အုပ်သည် ဝိုင်းဝန်းပြီး မျှော်မည်။ နေ့လယ်စာ စားချိန်တွင်ကား အတင်းဝင်ပြီး စားကြတော့မည်။ ပင်ပင်ပန်းပန်း ကောက်စိုက်သူနှင့် ပျိုးနုတ်သူအတွက် မလောက်ငသော် အခက်အခဲ မဖြစ်ပေဘူးလော။
ထိုမြစ်များသည် ပျိုးစည်း ပျိုးဖတ်များ သယ်ရန် တမန်းပြင်ထဲသို့ ဆင်းသည်။
“ဟေ့ ဟေ့” ဟု ကိုကိုကြီး အသံပေးကာ ဟန့်နေပါလျက်က တမန်းပြင်ထဲသို့ ဆင်းလာကြသည်။ ချော်လဲကြသည်။ ဟားတိုက်ကြသည်။ ဘဆေးရိုး မရောက်သည်မှာ ကြာပြီဖြစ်သော လယ်ပြင်ကွင်းကြီးကို တမက်တမော လှည့်ပတ်ကြည့်နေသည်။
“ဟေ့လူလေး၊ ဟိုဘက်လယ်ပွဲက ထွန်းလှိုင်ရဲ့ လယ်ပွဲ မဟုတ်လား”
“ဟုတ်ကဲ့ ဘ၊ သူက ဘ လောက်လည်း အသက် မကြီးသေးဘဲနဲ့ ဘ လောက်တောင် ကျန်းမာရေး မကောင်းတော့ဘူးတဲ့ဗျ”
မြေးအဘိုး စကားကောင်းနေစဉ် မြစ်တစ်အုပ်သည် ကန်သင်းပေါ်၌ တင်ထားသော ပျိုးစည်းများကို မြင့်မြင့်သွေးထံ ပို့ပေးကြ၏။ စေတနာဖြင့် ဆောင်ရွက်ကြခြင်းဖြစ်ငြား ကန်သင်းပေါ်မှ လူချော်ကျသောအခါ ပျိုးစည်းပြေ၏။ ပျိုးပင်တွေ ဖရိုဖရဲ ပြန့်ကုန်တော့သည်။
ဘဆေးရိုးသည် မျှော်မဆုံးသော မြကမ္ဗလာကြီး၌ အာရုံနစ်နေ၏။ အလွန်ဝေးသော အရပ်မှ စတင်လာသော မြလှိုင်းတွန့်ကြီးသည် ဘဆေးရိုးကို ဝါးမျိုပစ်ပြီးနောက် ဆက်လက် ပြေးလွှားသွား၏။
‘သည်မြလှိုင်းကြီး ဘယ်မှာ ဆုံးမှာပါလိမ့်’ ဟု လည်ပင်းရှည်ကြည့်သော်ငြား အစိမ်းရောင် လှိုင်းတွန့်ကြီးကား ပြေးလွှားနေဆဲပင်။ သည်ရှုခင်းမျိုးကို ဘဆေးရိုး မမြင်ရသည်မှာ ကြာပြီ။ ယနေ့ ကြည့်ခွင့် မြင်ခွင့်ရခြင်းမှာလည်း လှည်းစီးလာသောကြောင့် ဖြစ်သည်။ လှည်းစီးပြီး လာနိုင်ခြင်းမှာလည်း မြောင်းပေါင်တွေ ဖြိုချပြီး ချုံတွေကို ရှင်းလိုက်သောအခါ ဖြစ်ထွန်းပေါ်ပေါက်လာသည့် လှည်းလမ်းကြောင့်သာ ဖြစ်ချေသည်။ လှည်းသည် ဘဆေးရိုး၏ လယ်ပွဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် မရောက်ပါ။ အောက်ဘက် လယ်ပွဲသုံးပွဲကျော်သို့သာ ရောက်သည်။ မည်သို့ဆိုစေ မြစ်များက အသုံးဝင်ပါသည်။ အလုပ်တွင် အာရုံ ဝင်စားနေသော မောင်ကိုကြီးလင်မယား ကြားအောင် အော်ပေးသည်။ တွဲပို့သည်။ ပစ္စည်းတွေသယ်သည်။ ထိုမျှမကသေး၊ ထင်းအခွေခိုင်းလျှင်လည်း အလုအယက် လုပ်ကြသည်။ ရေကိုမူ အခပ်မခိုင်းပါဘဲလျက် ခပ်လာကြသည်။ ဤနှယ် အသုံးဝင်သော်ငြား ပျိုးစည်းတစ်စည်း ပြေသွားသည့် တစ်ခဏတွင် ထို မြစ်များ၏ အရာရောက်မှုမှာ ဘဆေးရိုးထံမှ ပြေးလွင့်ပြီ။
“သူ့ဘာသာသူ သီတင်းကျွတ်တာ သည်ကျောင်းက ဘာပြုလို့ ပိတ်ရတာတုံး”
သီတင်းကျွတ် ကျောင်းပိတ်ရက်အတွက် ကျောင်းပိတ်သောကြောင့်သာ မျောက်မှိုင်ကောင်တွေ၊ မျောက်ငိုမတွေ ယခုကဲ့သို့ လိုက်လာနိုင်ခြင်းဖြစ်သည်ဟု ဘဆေးရိုး ဆိုချင်ခြင်းဖြစ်၏။ သို့ရာတွင် အမေကြီး ကျီးဒန်က သဘောကောင်းနေသည်။
“ကျုပ်မြစ်တွေကို သလို မပြောပါနဲ့တော်၊ မီးထွန်းပွဲမှာ ပျော်ကြပါစေဆိုပြီး ကျောင်းပိတ်ပေးပေမယ့် ခမျာများမှာ ဘွားအေကို နှိပ်ပေးနေရပါတယ်”
“ဟုတ်တယ် ဘရဲ့၊ ဟင်းချိုချက်ဖို့ ဟင်းရွက်လည်း ခူး၊ ဟင်းရွက်လည်း သင်ပေးနေရသေးတယ်”
ဘေးအေကြီး နောက်ကျောတက်သည် ဆိုသောကြောင့် ဝင်ရောက်ပြီး ဟင်းရွက် သင်ပေးနေသူများမှာ ခင်ခင်ကြီး၏သား အောင်ကျော်စံဦးနှင့် ငတက်ပြားမ၏သား သတ္တိခဲ၊ ရွှေရည်ဝင်း မောင်နှမဖြစ်သည်။
“အင်း၊ သလိုတော့လည်း အဟုတ်သားပါကလား”
ဘဆေးရိုးသည် ပြောရင်းဆိုရင်းက ပျိုးခင်းကျွတ် ဘက်သို့ လှမ်းကြည့်၏။ မြစ်အချို့သည် အစည်းပြေသွားသော ပျိုးပင်တွေကို တစ်ပင်ချင်း လိုက်လံကောက် ယူနေကြ၏။ မြစ်တစ်စုသော်ကား မြင့်မြင့်သွေးနှင့် ပြိုင်လျက် ကောက်စိုက်နေကြ၏။ ဘဆေးရိုး၏ အပြုံးသည် မျက်လုံး တမှေးမှေး၊ သွားဖုံး တဖော်ဖော် ဖြစ်နေချေပြီ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment