Sunday, November 1, 2026

လဲမှို့ကောက်သူ ဒေါ်မယ်မှို

❝ လဲမှို့ကောက်သူ ဒေါ်မယ်မှို ❞
( ဆင်ဖြူကျွန်းအောင်သိန်း )

“ဥသြ ဥသြ”

ငှက်နက်ကျော၏ သာယာသောအသံသည် မြ ကောက်ပင်လယ်ပြင်ကြီးကို ဖုံးခြုံနေ၏။ ရီးဆေးရိုးသည် အသံရှင်ကို တွေ့ရနိုးနိုးဖြင့် မော့ကြည့်မိသည်။ လက်ပံပင်ကြီး၏ ထိပ်ဖျားတွင် မည်းနက်သောငှက် ဟု ထင်ရသောအရာကို မြင်ရ၏။ သို့ပါသော်လည်း ငှက်ဟု မသေချာ။ သစ်ကိုင်းခြောက် ဖြစ်နိုင်သည်။ ငှက်တို့၏ အသိုက်ပျက် အစအနလည်း ဖြစ်နိုင်သည်။ လက်ပံပင်တွင် လက်ပံသီးတွေ မင်းမူနေသည်။ ထိပ်ဖျားရှိ အသီးအချို့မှာ ကွဲစအာစပြုပြီ။ သည်အကွဲ အအာထဲမှ မှို့ဖြူကလေးတွေ ပြူထွက်နေသည်။ လေပြည်သွေးတိုင်း မှို့စကလေးတွေ လွင့်ထွက်ကာ ကောင်းကင်ပြာခရီးသို့ ခြေဆန့်ကြသည်။ သည်နည်းဖြင့် မှို့ခရီးသည်တွေ ကောင်းကင်ကို စိုးချုပ်နေကြသည်။

အတောင်ညောင်းရော့ထင့်၊ မှို့စကလေးတစ်စ ရီးဆေးရိုး၏ တံစဉ်ဖျားတွင် လာနားသည်။ ရိတ်ဆဲ မြက်ဆုပ်ကို အသာချပြီး မှို့စကလေးကို ရီးဆေးရိုး ကောက်ကြည့်သည်။ မှို့စတွေ ဖြာနေသည်။ အလယ်ကောင်တွင် မှို့စေ့ကလေး တစ်စေ့တည်းရှိသည်။

“လှပဲ လှသေးတော့ကွာ”

မှို့စကလေးများသည် တဖျပ်ဖျပ် လှုပ်ရှားနေသည်။ ရီးဆေးရိုးသည် မှို့စကို မြှောက်တင်ရင်း ပါးစပ်ဖြင့် မှုတ်ပေးလိုက်သည်။ မှို့စကလေး တငြိမ့်ငြိမ့် လွင့်ပါးသွားသည်။

“သည်နားက မြက်ရှားသတော့၊ ဟိုဘက် ‘စိမ်းစား ကောင်း’ ပင်ရိပ်က ချုံစပ်မှာ ပေါသတော့်”

တံစဉ်တန်းလန်းနှင့်ချထားသော မြက်ဆုပ်ကို ကောက်ကိုင်ချိန်တွင် ကျောဘက်မှ အသံတစ်သံ ပေါ်လာသည်။ ရီးဆေးရိုးနှင့် တစ်လံကွာခန့်တွင် မိန်းမ တစ်ယောက် ရပ်နေသည်။ မည်သူပါလိမ့်။ မနည်း စဉ်းစားရသည်။

“ဟဲ့... မယ်မျှင်... ဘာလာလုပ်တာတုံး”

စိတ်တောင်းကို ခါးစောင်းတင်ထားသော အသက် (၇၀) ရွယ်ခန့် မိန်းမကြီးသည် လက်ခနဲ သွားဖွေးဖွေးပေါ်အောင် ပြုံး၏။

“မယ်မှိုပါတော်၊ နေပါဦး၊ တော့်မျက်စိက ဒါလောက်ပဲ မွဲနေပြီလား”

ရီးဆေးရိုးမှာ “ဟေ” ခနဲ မြည်မိသည်။

မျက်တောင် သုံးလေးချက် ပုတ်ခတ်ပြီးမှ ...

“ရှစ်ဆယ်နား ကပ်နေမှတော့ မှုန်ပြီပေါ့ဟာ” ဆိုလိုက်ပြီး ခါးစောင်းထက်ရှိ စိတ်တောင်းကို မေးထိုး ပြ၏။

“တောင်းကြီးနဲ့ ဘာလျှောက်လုပ်တာတုံး”

“မှို့ကောက်တာပေါ့တော်”

မှို့ကောက်သည် ဆိုတော့မှ ဘေးဘီ မြေအပြင်ကို ရီးဆေးရိုး သတိထားမိသည်။ နွေစပါး စိမ်းမြပြင် အလယ်တွင် ကျွန်းတစ်ကျွန်းနှယ် တည်နေသော လက်ပံပင်ကုန်း မြေအပြင်မှာ မှို့ပေါက်မှို့စများ ဖွေးဖွေးလှုပ်နေသည်။ အချို့သည် တစ်ပေါက်ချင်း၊ အချို့သည် နှစ်ပေါက်တွဲ သုံးပေါက်တွဲ။ သည်အထဲတွင် အလုံးလိုက် ကြွေကျနေသည်များ ပါဝင်သည်။ မြေပြင်သို့ ရောက်မှ ကွဲကြေကုန်သဖြင့် မှို့စများ တလူလူ လွင့်နေသည်များလည်း ပါဝင်၏။

“မှို့က ဘာလုပ်ဖို့တုံးဟ”

သည်အမေးကြောင့် ဒေါ်မှိုသည် တောင်းကို ပစ်ချပြီး တောင်းဘေး၌ ထိုင်သည်။

“တော့်နှယ်တော်၊ မှို့ကို ဘာလုပ်ဖို့တုံး မေးရတယ်လို့၊ မေးပဲ မေးတတ်လွန်း” ဟု မျက်စောင်းချိတ်သည်။ မေးဆတ်သည်။

ရီးဆေးရိုး ရယ်မောသည်။

“ခေါင်းအုံးထဲ၊ မွေ့ရာထဲ သွတ်ရမှန်းတော့ သိတာပေါ့ဟ။ လဲပေါက်သေးသေးကလေးတွေ တစ် ပေါက်ချင်း ကောက်နေလို့ ခေါင်းအုံးတစ်လုံးစာ ဘယ်တော့ပြည့်မှာတုံး၊ ဒါကြောင့် မေးတာဟ”

ထိုအခါ ဒေါ်မှိုက သူ့တောင်းကို ရီးဆေးရိုး ဘက်သို့ တွန်းပို့၏။

“မိုးရေတစ်စက်ပေါင်းများတော့ ရာဝင်အိုး ပြည့်သလိုပေါ့ တော်ရဲ့”

ဟုတ်ပါသည်။ တစ်ပေါက်ချင်းပေါင်း များသောအခါ တစ်ဆုပ်စာ သာသာရနေပါပြီ။ သို့သော် မျက်မြင်အားဖြင့်မူ တောင်းတစ်ဝက် ပြည့်နေပြီဟု ထင်ရ၏။

ဒေါ်မှိုသည် မှို့ပေါက်ကလေးများကို ပြောရင်း ဆိုရင်းက တစ်ပွင့်ချင်း တစ်ပေါက်ချင်း လိုက်လံ ကောက်နေသည်။ မှို့ပေါက်မှ သစ်ခက်ကလေးတွေ လက်ပံညှာကလေးတွေကိုလည်း ခါပစ်ဆွဲပစ်နေသေးသည်။

“ဟော... လေကြွေတွေ၊ ရှဉ့် ကိုက်တွေ တွေ့တော့ တစ်မနက်လုံး ကောက်သလောက် ခဏချင်းရတာ ပေါ့”

ရီးဆေးရိုးမှာမူ သည်ကုန်းစောင်း၌ ရိတ်စရာမြက် ပြောင်စင်ပြီမို့ တစ်ပွေ့စာသာသာ မြက်ကို စည်းကြိုးဖြင့် စည်းပြီး ထုံးနှောင်လိုက်သည်။ ထို့နောက် မြက်ထုံးပေါ်တွင်ထိုင်ပြီး ဆေးလိပ်တိုကို မီးညှိသောက်သည်။ ဒေါ်မှိုကား စိတ်တောင်းနှင့် ဝေးသွားလိုက်၊ တောင်းရှိရာသို့ ပြန်လာပြီး မှို့တွေထည့်လိုက်ဖြင့် အလုပ်များနေ၏။

“မယ်မှိုရဲ့ ညည်းမှာ ငိုပြီး စားမယ့် ပါးစပ်လည်း မရှိ၊ ရယ်ပြီး စားမယ့် ပါးစပ်လည်း မရှိတဲ့ တစ်ကိုယ် တည်း အပျိုကြီး။ ဘာပြုလို့ ဒါလောက် အပင်ပန်း ခံနေရတာတုံး။ မှို့ ‘ပုတ်’ တဲ့ လူတွေဆီက ဝယ်သုံး ရောပေါ့ဟာ”

“အလကားနေ အလကားပဲဆိုပြီး နှမြောလို့ပါ”

ထိုသို့ဖြေရာက ဒေါ်မှိုသည် နဖူးကို အင်္ကျီလက်ဖြင့် သုတ်ရင်း တောင်းဘေးသို့ ရောက်လာ၏။

“ကျုပ်ကိုတော့ မေးပြီး တော်ကတော့ကော၊ ရှစ် ဆယ်နားနီးနေတာတောင် မြက်ရိတ်နေရသေးသလား”

“အေး… အဟေး အဟေး” ဆိုကာ ရီးဆေးရိုး ပြုံးနေသည်။ အဝတ်ရေစိုအလိမ်ကဲ့သို့ တွန့်ရွှနေသော သူ့မျက်နှာပြင်ဝယ် နာကြည်းခြင်းလော၊ သရော်ခြင်းလော၊ မည်သည့် လက္ခဏာကိုမျှ ဖမ်းဆီး၍ မရချေ။

“သားနဲ့ သမီး စုစုပေါင်း နှစ်ယောက်ပဲ ရှိသဟ မယ်မှိုရ”

“အဲဒါတော့ သူများ ပြောနဲ့ ကြားရပါတယ်။ ကျုပ် မြောက်ခွင်က ပြန်လာချိန်ကျတော့ တော့် သားသမီး တွေ အိမ်ထောင်ကျကုန်ပြီလေ”

“အေး... အဲသည် နှစ်ယောက်ပဲ ရှိတုန်းမှာတော့ မိဘဆီမှာ ငိုပြီး နှိုက်တယ်။ ရယ်ရွှန်းဖတ်ရွှန်းနဲ့ နှိုက် တယ်။ မြေးကိုးယောက် အရွယ်ရောက်လာချိန်မှာ ငို စားရယ်စား ဆယ့်တစ်ယောက် ဖြစ်လာပြီဟ”

“မနည်းပါကလား”

ဒေါ်မှိုသည် ခံတွင်းချဉ်လာဟန် တူ၏။ ရီးဆေးရိုးထံ လက်လှမ်းသဖြင့် ဖွာဆဲ ဆေးလိပ်ကို ပေးလိုက် သည်။

“အဲသည် မြေးတွေက ပေါက်ဖွားလာတဲ့ မြစ်တွေ ကျတော့ သုံးဆယ်လောက် ရှိမလားမသိဘူး။ သူတို့မှာ အဖေ၊အမေ ရှိပါလျက်နဲ့ လင်းရင် သည် အဘေးအိမ်ပဲ ခေါင်းတည်လာကြတာပဲဟေ့”

“ဒါလောက်ကြီးကို ဘယ်သူ ကျွေးနိုင်မှာတုံးတော်”

“ရှိအဝ၊ မရှိအငှပေါ့ဟာ။ ကြံဖန် ကျွေးရတာပဲ။ အဲဒါလောက် စားမယ့် ပါးစပ်ပေါက်တွေ များနေပေမဲ့ အမေကြီးနဲ့ ဘတို့ အိုလှပြီဆိုပြီး သိတတ်တဲ့ အကောင်က တစ်ကောင်ပဲ ရှိတယ်။ သမီးကြီးက မွေးတဲ့ အဲသည်ကောင်က ဝင်ပြီးလုပ်ပေးလို့၊ နို့မဟုတ်ရင် လယ်တွေ ရောင်းပစ်ရတာကြာပြီ”

“သည်ကလေးက အတူနေလား "

“မနေပါဘူးဟာ... အိမ်ခွဲနေသဟ။ အတူနေရင်လည်း မြေးချွေးမနဲ့ အမယ်ကြီးအိုနဲ့ တည့်ဖို့ မလွယ်ဘူး”

“အမယ်ကြီးအို ဆိုတာ မမယ်ရှင်လားဟင်”

အမယ်ကြီးအိုဟူသည့် အသံကြားသောအခါ ဒေါ်မှို၏ ဦးခေါင်း ထောင်မတ်လာချေသည်။

ရီးဆေးရိုး ရယ်မောရပြန်သည်။ ဒေါ်မှို ပြန်ပေးလာသော ဆေးလိပ်ဖင် ချွဲကျိကျိကို ပုဆိုးဖြင့် သုတ်ပစ်ပြီးမှ ပါးစပ်တွင် ခဲသည်။

“နင့်အသက် ၇ဝ မကျော်သေးဘူး မဟုတ်လား။ ဒါနဲ့များတောင် မေ့တတ်လှချေလား မယ်မှိုရ”

“တော်တို့ ဇာတ်က ဇာတ်ရှုပ်ကြီး။ ကျုပ်လည်း ရှက်ရှက်နဲ့ အမျိုးများရှိရာ မြောက်ခွင်ကို ထွက်သွားတာ။ ဘယ်မှာ ဂဃနဏ သိပါ့မတုံး တော်ရဲ့”

ရီးဆေးရိုး၏ အရယ်အမော မျက်နှာသည် ရုတ်ခြည်းပြောင်းလဲသွား၏။ သူသည် ဒေါ်မှိုအား မကြည့်ရဲသကဲ့သို့ ဖြစ်သွား၏။ သို့ကြောင့် ပုတီးပင်ဘုရား အုတ်ပြာသာဒ်ထီးကို ငေးမောကြည့်ရင်း လေးတွဲ့စွာ ပြောသည်။

“မြေးမမိန်းကလေးတွေ ရလာတော့မှ နင် မှန်ပြီး၊ ငါ မှားတယ်ဆိုတာ သဘောပေါက်တယ် မယ်မှို”

လွမ်းရိပ် ဆွေးရိပ်သည် ဒေါ်မှို ထံသို့လည်း ကူးစက်ဟန်ရှိသည်။ သူလည်း ရီဝေစွာ ငေးမောရင်း တုံ့ပြန်သည်။

“ကျုပ်က တော့်ကို အဆိုးမဆိုပါဘူး။ ကိုပိတ်စ မကောင်းလို့ သလိုဖြစ်ရတယ် ထင်တာ။ သူ ခလောက်ဆန်တာ”

စင်စစ်သော်ကား လွန်ခဲ့သော နှစ်ပေါင်း ၅ဝ ကျော်ခန့်က ငယ်ချစ်ဦးတို့ လက်ပံပင်အောက်တွင် မမျှော်လင့်ဘဲ ဆုံမိကြခြင်း ဖြစ်၏။ ကိုဆေးရိုး၏ ဘဝတွင် မယ်မှိုသည် ချစ်ဦးသူ ဖြစ်၏။ သို့သော် မယ်မှိုသည် ဆင်ခြင်တုံတရား ကြီး၏။ မိဘကို ရိုသေသဖြင့် အမေ့စကားကို မြေဝယ်မကျ နားထောင်၏။ ဤအချက်သည်ပင် သူတို့ ကြား၌ ကိုပိတ်စ ဝင်ရောက် ခလောက်ဆန်နိုင်ရန် လမ်းစပေါ်လာခြင်းဖြစ်၏။

မယ်မှို၏ မိဘများလည်း လယ်သမား၊ ကိုဆေးရိုး ၏မိဘများလည်း လယ်သမား။ သည်အထိ ထမ်းပိုး ထမ်း ညီနေငြား၊ ပစ္စည်းချင်း စက်သောအခါ မယ်မှို့ ဘက်မှ သာသယောင် ရှိ၏။

သို့အတွက် ခိုးရာလိုက်ခဲ့ဖို့ ကိုဆေးရိုးက သွေး ဆောင်သည်။

မယ်မှိုက “မိသားဖသားပီပီ တောင်းရမ်း ပြောဆို ကြည့်ပါဦး။ ဟင်းရွက်ကန်စွန်းရွက်လို အလေဏတော သဘောနဲ့ ခိုးရာမလိုက်နိုင်” ဟု ဆိုသည်။

လေးထပ်ကျောင်း ကျောင်းဦးဘုရား၏ ‘ဆွမ်းတော်ကြီးလောင်းပွဲ’ တွင် ဦးဖုန်းမိုလေး ရုပ်သေး သုံးည ကစမြဲ ဖြစ်၏။ ဦးဖုန်းမိုလေးသည် သုံးည ကတိုင်းကတိုင်း ပဋာစာရီဇာတ်ကို တစ်ည ကစမြဲ ဖြစ်သည်။ ကိုဆေးရိုးတို့က ပဋာစာရီကို အချစ်သူရဲ ကောင်းမကြီးအဖြစ် ချီးကျူးကြ၏။ မယ်မှိုကိုလည်း “မပဋာ၊ ကိုဒါသတို့လို ခိုးရာလိုက်ခဲ့မှ အမြန်နီးမယ် မယ်မှိုရယ်” ဟု အသနားခံသည်။

သို့တစေ မယ်မှို နားမယောင်။ အမေ့စကားကို သံမှိုနှက်သည့်အလား နားဝင်စွဲမြဲနေသည်။ မိဘက အသက်နှင့်ထပ်တူ ချစ်မြတ်နိုးရသော သမီး။ ဖဝါးကလေး လက်နှစ်လုံးသာရှိသည့် အရွယ်မှ စတင်ပြီး ပြုစုစောင့်ရှောက် လာခဲ့ရသော သမီး။ မှက်၊ ခြင်၊ ယင်၊ ကြမ်းပိုး၊ ဘာဆို ဘာမျှမရှောင်။ ကလေးကို ထိပါးလာသမျှ သတ္တဝါတိုင်းကို ငရဲငအုံမကြောက် သ,တ်ဖြတ်ခဲ့သော အမေ။ သမီးကလေးကို ငိုလျှင် ထရနိုး ထိုင်ရနိုး ဖြစ်သော အဖေ။

သည်အဖေ သည်အမေသည် သမီးအား ဖူးဖူး မှုတ်ထား၏။ လယ်ထဲ ယာထဲသို့ ထမင်းပို့ ခိုင်းရသည်ကိုပင် ရင်နင့်နင့်ဖြင့် ခိုင်းရ၏။ ဖြစ်နိုင်လျှင် မျက်စိ အောက်မှာပင် ထားချင်၏။ သည်မျှ မိဘတို့ အမြတ် တနိုးထားသော သမီးသည် ယောက်ျားတစ်ယောက် ၏ နောက်သို့ မည်သည့် အာမခံချက်မျှ မရှိဘဲ အထုပ် ဆွဲလျက် လိုက်ပြေးခြင်းမှာ ဟင်းရွက်တစ်ခက် ကန်စွန်းတစ်ညွန့်လောက်မျှ တန်ဖိုးမရှိသော အဖြစ်သို့ ကျရောက်သွားရသည်ဟု မယ်မှို ယုံကြည်၏။

“မပဋာ သေသေချာချာနားထောင်၊ ဝိသာခါကို သူ့ အဖေက အိမ်ထောင်ရက်သား ချပေးအပြီး သမက် နောက်ကို သမီးကို ထည့်ခါနီးမှာ အလွတ် မထည့်ဘူး၊ သူဌေးကြီးတွေကို ခေါ်ပြီး အပ်သေးတယ်။ အဲဒါကြောင့်လည်း ဝိသာခါကို ယောက္ခမက နှင်ချတဲ့အခါ “ကျွန်တော်မ လမ်းဘေးက ထလိုက်လာတာ မဟုတ်ပါဘူး။ မိဘပေးစားတာ ဖြစ်တဲ့အပြင် သူဌေးကြီးတွေကလည်း ရှိပါသေးတယ်။ သူတို့ကို ခေါ်ပြောပါ။ သူတို့ ဆင်းဆိုရင် ဆင်းပါ့မယ်” လို့ ခပ်မာမာ ပြန်ပြောနိုင်တယ်။ တကယ်လို့သာ ခိုးရာလိုက်ပြေးလာတဲ့ အလေဏတောသာဆိုရင် ဘယ်မှာ သည်လိုမာမာ ပြောနိုင်မတုံး”

သည်စကားကိုလည်း မယ်မှုံက မှတ်မှတ်သားသား ရှိသည်။ သို့ကြောင့် ခိုးရာသို့ မလိုက်ချေ။

ထိုအခါ ကိုဆေးရိုးက အရွဲ့တိုက်သည်။ မယ်မှိုတို့ ခုတင်ကြီးစုသူ မယ်မျှင် ထံ လည်သည်။ ရည်ရွယ်ချက်မှာ မယ်မှို သွားကြားရိုး ညပ်ဖြစ်စေရန် ဟန်ဆောင်ခြင်းဖြစ်သည်။ မယ်ရှင် မယ်မျှင် ညီအစ်မမှာ မိဘအုပ်ထိန်းမှု မထိရောက် သူများဖြစ်သည်။ သည်အခါတွင် ကိုဆေးရိုးနှင့် ပရောပရည် လုပ်ကြသည်။ မယ်မှိုမှာမူ “ဆေးရိုးနဲ့ မယ်မှို ကြိုက်နေတယ်ဆို၊ အခု ဘယ်လိုတုံး” အမေးခံရကာမျှဖြင့် ရေခပ် မထွက်ရဲပြီ။

ဤအခါတွင် ကိုဆေးရိုး၏ သူငယ်ချင်း ကိုပိတ်စက တစ်မှောင့်ဖြစ်သည်။ သူက ကိုဆေးရိုးအား မယ်ရှင်၊ မယ်မျှင်နှင့် လှော်ပေးသည်။ တစ်ဖက်တွင်မူ ‘မယ်ရှင်၊ မယ်မျှင် ညီအစ်မနှင့် ဆေးရိုးနှင့် ကြိုက်နေကြောင်း’ မယ်မှိုထံ ကုန်းတိုက်သည်။ သူ့အကြံမှာ ကိုဆေးရိုးနှင့် မယ်မှို ကွဲစေရန်ဖြစ်ငြား မယ်မှိုမှာ ရှက်လွန်းသဖြင့် ခုတင်ကြီးစုရွာမှ ထွက်ခွာသွားလေတော့၏။ သည်အကြောင်းများကို ပြန်ပြောင်းတွေးလိုက်သောအခါ ရီးဆေးရိုး အံ့သြသွားတော့သည်။ သူသည် မယ်မျှင်၊ မယ်ရှင်နှင့် သတင်းကြီးပြီး မည်သို့ မည်ပုံ မကျီးဒန်နှင့် ဖြစ်သွားရသနည်း။

“ကဲပါတော်…. မှားတယ် မှန်တယ် ပြောမနေပါနဲ့တော့။ လွန်ခဲ့တဲ့ အနှစ် ၅ဝ ဟာ ပြန်သွားလို့လည်း မရတော့ပါဘူး”

ဒေါ်မှိုသည် သူ့တောင်းကို ခပ်လှမ်းလှမ်းသို့ ဆွဲသွားသည်။ ရီးဆေးရိုး၏ ဝန်းကျင်တွင် ဖွေးဖွေး လှုပ်နေသော လဲပေါက်တွေ၊ လေကြွေရှဉ့်ကိုက်တွေ ပြောင်စင်သွားပြီ ဖြစ်သောကြောင့်တည်း။

“အေးဟာ.. ကိုယ့်မှာ မြေးမကလေးတွေ အပြိုင်းအရိုင်း ရှိလာတော့မှ အလေဏတော ခိုးရာလိုက်ပြေးမှာ စိုးရိမ်လိုက်တာဟာ”

“ဟုတ်ပါပြီ၊ နေမပူခင် စိမ်းစားကောင်းပင် အောက်ကို ရွှေ့ပြီး ရိတ်ချေတော့လေ။ အရည်မရ အဖတ်မရတွေ တွေးမနေနဲ့တော့”

ရီးဆေးရိုးသည် မြက်ထုံးကို လေးကန်စွာ ပင့်သည်။ လက်ပံပင်ကုန်းမို့မှ ဖြည်းညင်းစွာ ဆင်းသည်။ မြောင်းထိပ် အရောက်တွင် ဒေါ်မှိုအား လှမ်းကြည့်မိသည်။

ဒေါ်မှိုကား လဲမှို့များကို တစ်ပေါက်ချင်း စုဆောင်းရင်း တဖြည်းဖြည်း နိမ့်ဆင်းသွားပြီ။ ရီးဆေးရိုး မှာသော်ကား နှစ်ပေါင်းငါးဆယ်ကျော်လောက်က အကြောင်းကို မေ့ပျောက် မပစ်နိုင်။ ရင်ထဲတွင် တနုံ့နုံ့ ခံစားနေရသည်။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment