Saturday, November 28, 2026

ခင်မင်ခဲ့သူ လူတစ်ယောက်


❝ ခင်မင်ခဲ့သူ လူတစ်ယောက် ❞ 
            ▢  နိုင်မြင့်

၁။

ကျွန်တော်သည် အနှစ်နှစ်အလလ စုဆောင်းထားသောငွေဖြင့် တိုက်ခန်းတစ်ခန်းကို ဝယ်ဖြစ်ခဲ့သည်။ ကျွန်တော့်တိုက်ခန်းက ငါးလွှာမှာဖြစ်ပြီး ကမ္ဘာအေးစေတီနှင့် နီးသည်ဟု ပြော၍ရသော ရပ်ကွက်လေးတစ်ခုတွင်ဖြစ်သည်။ ကျွန်တော်တို့ တိုက်က ရင်ကွဲဟု ခေါ်သော ဘယ်ညာ နှစ်ခြမ်းခွဲ တိုက်မျိုးဖြစ်ပြီး လှေကားက အလယ်တွင် ရှိသည်။ တိုက်ခန်းမှာ အကျယ် တစ်ဆယ့်ရှစ်ပေ၊ အရှည် လေးဆယ့်ရှစ်ပေ ရှိသဖြင့် တစ်ယောက်တည်းသမား ဖြစ်သော ကျွန်တော့်အဖို့ အတန်ငယ် ကျယ်ဝန်းသည်ဟု ဆိုရပါမည်။ သို့သော်လည်း တိုက်ခန်းတစ်ခုလုံး၊ ကျွန်တော့်အလုပ်နှင့် သက်ဆိုင်သော စာအုပ်များ၊ သုတ၊ ရသစာအုပ်များက နေရာယူထားသဖြင့် ဧည့်သည်လာလျှင် ထိုင်စရာ နေရာကိုပင် အတော် ရှာဖွေထိုင်ရသည့် အနေအထားတွင် ဖြစ်သည်။ ကျွန်တော့်မိဘများ နယ်မှ လာလည်လျှင် အဖေက ဘာမှ မပြောတတ်သော်လည်း အမေက စာအုပ်တွေ ရှုပ်ပွနေသဖြင့် ဗျစ်တောက်ဗျစ်တောက် လုပ် တတ်သည်။

ကျွန်တော်တို့ တိုက်တွင် စုစုပေါင်း ရှစ်လွှာအထိ ရှိပြီး တိုက်ခန်းနှင့် ဓားလွယ်ခုတ် ကားလမ်းမတစ်ဖက်တွင် လက်ဖက်ရည်ဆိုင်ကြီး တစ်ဆိုင်ရှိသည်။ ကားလမ်းမဟု ဆိုသော်လည်း ဘတ်စ်ကားကြီးများ ဖြတ်သန်းခြင်းမျိုး မဟုတ်ဘဲ ကိုယ်ပိုင်ကားကလေးများသာ ဖြတ်သန်းသွားလာတတ်သော အတွင်းလမ်းကလေးတစ်လမ်းပင် ဖြစ်သည်။ ကျွန်တော် အလုပ်အား၍ ပျင်းရိသော အခါမျိုးတွင် ထိုလမ်းကလေးကို ဖြတ်ပြီး လက်ဖက်ရည်ဆိုင်သို့ တစ်ယောက်တည်း ဆင်းထိုင်လေ့ရှိပါသည်။

ကျွန်တော်သည် ရေနံ တူးဖော်ရေးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသော အင်ဂျင်နီယာတစ်ယောက် ဖြစ်သည်။ မုတ္တမကွေ့၊ ဘိုကလေး ကမ်း လွန် အစရှိသော ဒေသများသို့ တစ်လခန့် ကြာအောင် ကွင်းဆင်းရသည်။ နောက်တစ်လပြည့်လျှင် ရန်ကုန်သို့ ပြန်လာရသည်။ ထို့ကြောင့် တစ်လလုပ်၊ တစ်လနားဟု ပြောရမည့်အလုပ်ပင် ဖြစ်သည်။ ရန်ကုန်သို့ ပြန်ရောက်သည့် အချိန်မျိုးတွင် သူငယ်ချင်းဟောင်းများကို ကျွန်တော် အသိမပေးတတ်ပေ။ အကြောင်းကတော့ တစ်ယောက်တည်းရှိသော ကျွန် တော့်တိုက်ခန်းတွင် လာရောက် အရက်ဝိုင်းဖွဲ့တာမျိုး၊ ဖဲလာရိုက်မှာမျိုး၊ မကောင်းသည့် မိန်းကလေးများကိုပါ ခေါ်လာမှာမျိုးကို စိုးရိမ်တတ်သောကြောင့် ဖြစ်သည်။ ထို့ပြင် ကျွန်တော့်၏ ဖုန်း ဆင်းကတ်ကလည်း အမ်ပီတီ ဖြစ်လိုက်၊ အော်ရီဒူးဖြစ်လိုက်၊ တယ်လီနောဖြစ်လိုက်နှင့် ရံဖန်ရံခါပြောင်းတတ်သဖြင့် သူငယ်ချင်းများ အနေ ဖြင့် ကျွန်တော့်ကို ဆက်သွယ်ရ ခက်ခဲသည်ဟု ဆိုကြသည်။ ယခုလည်း ဤတိုက်တွင် တစ်လနေ၊ တစ်လပျောက် ပုံစံမျိုးဖြစ်သဖြင့် တစ်တိုက်တည်း နေသူများနှင့် မျက်မှန်းတန်းမိရုံမှ လွဲ၍ မေးထူးခေါ်ပြောမျှပင် မရှိချေ။ ကျွန်တော့်အတွက် ကျသင့်သော မီတာခ၊ စည်ပင်ခွန် စသည်တို့ကို မြေညီထပ်တွင် နေထိုင်သော တိုက်ခန်း၏ မြေပိုင်ရှင် မိသားစုက စိုက်ပေးထားလေ့ရှိသည်။

••••• ••••• •••••

၂။

“ကလင် ကလင်”

လူခေါ်ခေါင်းလောင်း မြည်သဖြင့် ကျွန်တော်သည် ဖတ်လက်စ စာအုပ်တစ်အုပ်ကို ချထားလိုက်ကာ တိုက် ခန်းဝသို့ ထွက်လိုက်သည်။ တွေ့လိုက်ရသည်က အသက် လေးဆယ်ကျော်ခန့် ရှိပြီဖြစ်သော လူတစ်ယောက်။ တီရှပ် အင်္ကျီနှင့် သရီးကွာတား ဘောင်းဘီကို ဝတ်ဆင်ထား သည်။ သူ့လက်ထဲတွင် သရက်သီးခိုင်ကြီး တစ်ခိုင်ကို ကိုင်ထားသည်။ အနည်းဆုံး ဆယ်လုံးလောက်ရှိမည်ဟု အကြမ်းအားဖြင့် ခန့်မှန်းမိသည်။ သူ့ကို ကြည့်ပြီး ဘာမှ မပြောရသေးခင်မှာပင် သူက စတင်ပြီး ပြောသည်။

“ညီလေး၊ ကိုယ်က ဒီဘက်က တိုက်ခန်းမှာ နေတာပါ။ ရွှေပေါက်ကံက အစ်ကိုတို့ခြံက သရက်ပင် ခူးလို့ ညီလေးကို သရက်သီး လက်ဆောင် လာပေးတာပါ”

ထိုအခါကျမှ ကျွန်တော်သည် တိုက်ခန်းတံခါးကို ဖွင့် ပေးလိုက်ပြီး သူ့လက်ထဲရှိ သရက်သီးခိုင်ကို ယူလိုက်သည်။

“ဪ.. ဟုတ်ကဲ့၊ ကျေးဇူးပါပဲ အစ်ကို”

ကျွန်တော်နှင့်သူ စတင် သိကျွမ်းခဲ့ရပုံက သရက်ခိုင် တစ်ခိုင်ဖြင့် စတင်ခဲ့ပါသည်။ နောက်ပိုင်းတွင် သူနှင့် သူ့ မိသားစု အကြောင်းကိုပါ ပုံကြမ်းအနေဖြင့် သိခွင့်ရခဲ့သည်။ သူ့နာမည်က ကိုဝင်းမြင့် ဖြစ်သည်။ သူတို့ တိုက်ခန်းမှာ သူတို့ဇနီးမောင်နှံနှင့် ကိုးတန်းကျောင်းသူ သမီးလေးတစ်ယောက်၊ စုစုပေါင်း သုံးယောက်မျှသာ ရှိသည်။ ရွှေပေါက်ကံတွင် နှစ်ထပ်တိုက်တစ်လုံး ရှိပြီး လောလောဆယ်တွင် ထိုတိုက်ကို အိမ်ငှားချထားသည်။ လက်ရှိ တိုက်ခန်းမှာက ခြောက်လတစ်ခါ စာချုပ်ချုပ်ပြီး ငှားရမ်းနေထိုင်ခြင်း ဖြစ်သည်။ ကိုဝင်းမြင့်တွင် ဟွန်ဒါဖစ် ကားဖြူကလေး တစ်စီးရှိပြီး ထိုကားဖြင့် သမီး ဖြစ်သူကို ကျောင်းပို့ကျောင်းကြို၊ ကျူရှင်ပို့ ကျူရှင်ကြို လုပ်နေ သည်ကိုတော့ ကျွန်တော် သတိပြုမိသည်။ ကျွန်တော်တို့ ကန်ထရိုက်တိုက်တွင် ကားရှိသော မိသားစုများ သည့်အပြင် ဧည့်သည်ကားများပါ ရောက်ရှိသောအခါ မျိုးတွင် တိုက်အောက်၌ ကိုဝင်းမြင့်အဖို့ ကားရပ်စရာ နေရာ မရှိ။ ထိုအခါမျိုး၌ တခြားသင့်တော်သည့် တစ်နေရာရာတွင် ရပ်ထားပြီး ဧည့်သည်ကားများ ပြန်သွားသောအခါမှသာ ကားကိုနေရာ ပြန်ရွှေ့ရသည်ကိုလည်း ကျွန်တော် တွေ့နေရသည်။

ထို့ပြင် ဈေးသွားသော အခါတွင်လည်း သူပဲ အမြဲလိုလို သွားသည်ကိုသာ တွေ့ရသည်။ သူ့အမျိုးသမီး သွားသည်ကို မတွေ့ရပေ။ နောက်တော့မှ သူ့အမျိုးသမီးခန္ဓာကိုယ်က ဝ,လွန်းသဖြင့် အတက်အဆင်းခက်ခဲသောကြောင့် သူ ဈေးသွားပေးရတာကို သိခဲ့ရသည်။ သူတို့ မိသားစု ရွှေပေါက်ကံက ရသည့် အိမ်ငှားခ တစ်မျိုးတည်းနှင့် လောက်ငပါ့မလားဟုလည်း ကိုယ်နှင့် မဆိုင်ဘဲ အတွေး ဝင်မိသေးသည်။ သမီး ကျူရှင်လခတွေ ကုန် ကျသည်ကိုပါ သိထားသဖြင့် ဘယ်ကရသည့် ငွေတွေနှင့် စားသောက်နေကြပါလိမ့်ဟုလည်း စပ်စုချင်စိတ် ပေါ် ပေါက်မိသေးသည်။

တစ်နေ့တွင် ရန်ကုန်ပြန်ရောက်ခိုက် လက်ဖက်ရည် သောက်ချင်စိတ်ပေါ်သဖြင့် ကျွန်တော် လမ်းကလေးကို ကူးပြီး လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်လိုက်သည်။ ဆိုင်ထဲရှိ ဝိုင်းတစ်ခုတွင် ကိုဝင်းမြင့် တစ်ယောက်တည်း ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ကျွန်တော့်ကို သူ မြင်တွေ့သွားသဖြင့် သူ့ကို ပြုံးပြလိုက်ကာ သီးသန့်ဝိုင်းတစ်ခုမှာ ထိုင်ရန် ဟန်ပြင်လိုက်သည်။

“လာ ညီလေး၊ ဒီမှာ လာထိုင်” ဟု သူက ခေါ်သဖြင့် ကျွန်တော်သည် လူမှုရေးအရ သူ့ဝိုင်းတွင် ထိုင်လိုက်ရသည်။

“ဘာသောက်မလဲ ညီလေး” ဟု သူက မေးသည်။ ထိုစဉ် စားပွဲထိုး ကောင်ကလေးကလည်း အနားသို့ ရောက်လာသဖြင့် လက်ဖက်ရည် ပုံမှန်တစ်ခွက်ပဲ မှာလိုက်သည်။ သူက စတင်ပြောသည်။

“တစ်တိုက်တည်း အတူတူ နေကြပေမဲ့ အကြောင်းကိစ္စ မတိုက်ဆိုင်တော့ မတွေ့ဖြစ်ကြဘူးနော်”

ကျွန်တော် ခေါင်းညိတ် ပြလိုက်ရင်း “ဒါပေါ့ အစ်ကိုရာ၊ ရန်ကုန်ဆိုတာကလည်း သူကလည်း သူ့အလုပ်နဲ့ ၊ ကိုယ်ကလည်း ကိုယ့်အလုပ်နဲ့ အမြဲရှုပ်နေကြတာကိုး”

“ဟုတ်ပါ့ညီလေးရာ ညီလေးစကား မှန်လိုက်တာ၊ ဒါထက် ညီလေး တစ်ခါတလေ တိုက်ခန်းတံခါးပိတ်ပြီး တစ်လကိုးသီတင်းပျောက် ပျောက်သွားတတ်တယ်နော်။ စပ်စုတယ်လို့ မထင်နဲ့ဦး။ ညီလေး နယ်တွေဘာတွေ သွားပြီး အလုပ်လုပ်ရလို့လား”

ကိုဝင်းမြင့်က သူ့စိတ်ထဲတွင် သိချင်နေသောအရာ တစ်ခုကို ကျွန်တော့်ကို တိုက်ရိုက်ပင် ဖွင့်ဟမေးချေပြီ။ ကျွန်တော့်အနေဖြင့်လည်း လိမ်ပြောရမည့် အရာမဟုတ်သဖြင့် -

“ကျွန်တော်က (...) ရေနံကုမ္ပဏီ အင်ဂျင်နီယာ တစ်ယောက်ပါ၊ ကျွန်တော်တို့ အလုပ်က ကမ်းလွန်ကို တစ်လ ဆင်းရတယ်။ ပြီးရင် ရန်ကုန်ပြန်ပြီး တစ်လ နားရတယ်”

ကျွန်တော့်စကားဆုံးသောအခါ ကိုဝင်းမြင့်၏ မျက်ခုံးအစုံ မြင့်တက်သွားသည်။

“ဟာ.. ညီလေးတို့ ကုမ္ပဏီက နာမည်ကြီး ထိတ်ထိတ်ကြဲပဲ။ ဒါဆို လစာ ကောင်းမှာပေါ့”

“ဒီလိုပါပဲ အစ်ကိုရာ” ဟု ကျွန်တော် ပြန်ဖြေလိုက်သည်။

သည့်နောက်ပိုင်း ကျွန်တော် ရန်ကုန်ပြန်ရောက်လျှင် ကိုဝင်းမြင့်နှင့် အတူတူ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တော့သည်။ ကိုဝင်းမြင့်က တစ်ချိန်တုန်းက သင်္ဘောလိုက်ဖူးသူတစ်ယောက် ဖြစ်သည်။ ချိဖ်ကွတ်ခ်ဟု ခေါ်သော ထမင်းချက် တစ်ယောက်အနေဖြင့် လိုက်ဖူးခြင်းဖြစ်သည်။ သူ သင်္ဘောတက်တုန်းက အတွေ့အကြုံတွေကို ကျွန်တော့်အား ပြန်ပြောပြသည်။ သူက အကြောင်းအရာ တစ်ခု ကို တစ်ဖက်သားသူ စိတ်ဝင်စားလာအောင် စီကာပတ်ကုံးနှင့် အာဝဇ္ဇန်းရွှင်ရွှင် ပြောနိုင်သူတစ်ယောက်လည်း ဖြစ်သည်။

“ညီလေးရာ၊ တစ်ခါတုန်းက ကိုယ် လိုက်တဲ့ သင်္ဘောတစ်စီးလုံး မြန်မာ ဆိုလို့ ကိုယ်တစ်ယောက်တည်း။ တစ်စီးလုံး နိုင်ငံခြားသားတွေချည်းပဲ။ တစ်ခါတလေ ထမင်းချက်တာ နောက်ကျရင် သူတို့က ကိုယ့်ကို အပြစ်တင်ချင်တယ်။ အစ်ကိုကလည်း ခပ်တည်တည်နဲ့ ပြန်ဟောက်ပစ်လိုက်တယ်။ ငါ မင်းတို့ကို ဘာ ချက်ပေးရင်ကောင်းမလဲဆိုပြီး ဟင်းအစပ်အဟပ်တည့်အောင် စဉ်းစားနေရလို့ အချိန်တွေ ကြာကုန်တာကွလို့ ပြန်ပြောလိုက်တော့မှ သူတို့က ဆောရီး ဆောရီးလို့ ပြန်ပြောတာ။ အမှန်က ညီလေးရေ ကိုယ်က အဲဒီအချိန်မှာ (...) စာအုပ်တွေ ဖတ်နေတာ”

ကိုဝင်းမြင့်၏ စကားကြောင့် ကျွန်တော့်မှာ ရေနွေးကြမ်း သီးမတတ် ရယ်လိုက်မိသည်။ သူကပင် ထပ်ပြောသည်။

“ညီလေးရာ၊ ကိုယ်တို့က ကမ္ဘာပတ်နေတာ ဆိုတော့ အင်္ဂလိပ်စကားကို ကြုံသလို ပြောရတာကွ၊ ဘာသာစကား ရဲ့ အဓိကအချက်က ကိုယ် ပြောတာကို တစ်ဖက်သား နားလည်ဖို့ပဲ မဟုတ်လား”

“ဟုတ်တာပေါ့ အစ်ကိုရာ”

“အေးကွ၊ ကိုယ်တို့ သင်္ဘော ဂရိဆိပ်ကမ်းမြို့ကလေးက စားသောက်ဆိုင် အသေးလေးကို ရောက်တုန်းကပေါ့။ နာမည်ကြီး ဟိုတယ်ကြီးတွေဆိုရင်တော့ အင်္ဂလိပ်စကား ပြောလို့ရတာပေါ့။ ဒါပေမဲ့ ဆိပ်ကမ်းစားသောက်ဆိုင် အသေးစားလေးဆိုတော့ အင်္ဂလိပ်စကား အကျိုးအပဲ့ တွေနဲ့ပဲ တစ်ဖက်သား နားလည်အောင် ကြိုးစားပြောရ တာပေါ့”

“ဟုတ်လား အစ်ကို ဘယ်လိုပြောလိုက်တုံး”

“ကြက်သားစားချင်တဲ့ သူက ကြက်ပုံကို စာရွက်တစ်ရွက်မှာ ဆွဲပြပြီး စားပွဲထိုးကို ကြက်ပုံ ပြရတာပေါ့။ မိုင်ဖရင့် မိုင်ဖရင့် အိအိလို့ ပြောတယ်။ ဝက်သားစားချင်တဲ့ရင် စားပွဲထိုးက နားလည်သူကလည်း ဝက်ပုံဆွဲပြီး မိုင်ဖရင့် အိအိလို့ ပြောရတာပေါ့”

ကိုဝင်းမြင့်၏ စကားကြောင့် ကျွန်တော် ထပ်မံ ရယ်မောရပြန်သည်။ ကိုဝင်းမြင့်တွင် ဟာသဉာဏ်အခံ ရှိသည်ကိုလည်း ကျွန်တော် သတိထားမိသည်။

••••• ••••• •••••

၃။

ကိုဝင်းမြင့်နှင့် ကျွန်တော်သည် တစ်စတစ်စ သိကျွမ်းခင်မင်လာခဲ့ပြီး သူ့အိမ်တွင်းရေးအကြောင်းများကိုပါ ကျွန်တော် သိရှိလာခဲ့ရသည်။ ကိုဝင်းမြင့် အိမ်ထောင်ကျခါစက ကိုယ်ပိုင်အိမ် မဝယ်နိုင်သေး။ မြောက်ဥက္ကလာပရှိ ဆယ်ပေအိမ်ကလေးတစ်လုံးတွင် ငှားရမ်းနေထိုင်ခဲ့ရ သည်။ မိန်းမနှင့် သမီးလေးကို ထားခဲ့ပြီး ဆယ်နှစ်နီးပါးမျှ နိုင်ငံခြားသင်္ဘောတွင် ထမင်းချက်အလုပ် လုပ်ခဲ့ရာမှ ရွှေပေါက်ကံမြို့သစ်တွင် ပေလေးဆယ်၊ ပေခြောက်ဆယ် မြေကွက်ပေါ်၌ နှစ်ထပ်တိုက် အိမ်တစ်လုံး ဆောက်နိုင်ခဲ့သည်။ သူ့ ပြောစကားများ အရ သမီးဖြစ်သူ၏ ပညာရေးအပေါ်တွင် အတော်လေးကို မျှော်လင့်ချက်ရှိပုံပေါ် သည်။ သမီးဖြစ်သူ၏ အိမ်နာမည်မှာ နိုနို ဟု ကျွန်တော် သိရသည်။ နိုနို ကလည်း ငယ်စဉ်ကတည်းက စာတော်သဖြင့် ကိုဝင်းမြင့်က သူ့ကို ဆရာဝန်တစ်ယောက် ဖြစ်စေချင်ပုံရသည်။ ရွှေပေါက်ကံမှာ ဆက်ပြီးနေလျှင် နိုနို တက်နေသော ရန်ကင်းမြို့နယ် အတွင်းရှိ နာမည်ကြီး ဝိုင်းကျူရှင်နှင့် သွားရေးလာရေး ခက်ခဲလိမ့်မည်။ ထို့ကြောင့် ရွှေပေါက်ကံရှိ အိမ်ကို အငှားထားပြီး သွားရေးလာရေး လွယ်ကူအောင် ကမ္ဘာအေးဝန်းကျင်တွင် တိုက်ခန်းငှား နေထိုင်သည့် အဓိကအကြောင်းကို ကျွန်တော်သိ လိုက်ရ၏။

“ညီလေးရာ၊ ရန်ကင်းနဲ့ ရွှေပေါက်ကံက ကားလမ်း ပိတ်တာမျိုးနဲ့ ကြုံရင် အသွား တစ်နာရီ၊ အပြန် တစ်နာရီ လောက်ကြာတတ်တယ်ကွ၊ ကလေးက ကားပေါ်မှာ အချိန်တွေ ပုပ်တာပေါ့ကွာ”

“ရန်ကုန်မှာ သွားရေးလာရေး အဆင်ပြေအောင် ကားတစ်စီးရှိမှကွ၊ ကိုယ်ကလည်း ဘတ်စ်ကား မစီးနိုင်ဘူး။ ဘတ်စ်ကားစီးဖို့လည်း ဝန်လေးတယ်။ လူငွေ့တွေနဲ့ မွန်းကျပ်လွန်းလို့ကွ။ အမျိုးသမီးကလည်း ခပ်ဝဝ ဆိုတော့ ဘတ်စ်ကားစီးဖို့ အဆင်မပြေဘူး။ သမီးက ပိုဆိုးတာပေါ့ကွာ” ဟု ပြောတတ်သေးသည်။

နိုနို ကိုးတန်းနှစ်လယ်လောက် အရောက်တွင် ကိုဝင်းမြင့်က ရွှေပေါက်ကံရှိ အိမ်ကို အပြီး ရောင်းချလိုက်ပြီး လက်ရှိ ငှားနေသော တိုက်ခန်းကို အပိုင်ဝယ်လိုက်ပြီဟု ကျွန် တော် သိလိုက်ရသည်။ ပိုငွေဖြင့် ပရိုဘောက်တက္ကစီတစ် စီး ဝယ်ထားပြီး ယောက်ဖ ဖြစ်သူအား အုံနာကြေးယူပြီး မောင်းခိုင်းထားသည်ဟု သိရသည်။ “ဒီနှစ် ညီလေးကို သရက်သီး ပေးလို့ မရ တော့ဘူးပေါ့ကွာ” ဟု ပြောသေးသည်။ ကိုဝင်းမြင့်ကို အကဲခတ်ရတာ ရွှေပေါက်ကံခြံတွင်ရှိသော မချစ်စုသရက်ပင်ကြီးကို နှမြောနေပုံ ရသည်။

••••• ••••• •••••

၄။

သူနှင့် တစ်စတစ်စ ခင်မင်မှုအတိုင်းအတာ တိုးတက်လာသည်။ သူ့ ပြောစကားများကို နားထောင်ပြီး ကျွန်တော် အတော်လေး ရင်မောမိသည်။ နိုနိုက ကိုးတန်းပဲ ရှိသေးသည်။ ရန်ကင်းဘက်ရှိ နာမည်ကြီး ဝိုင်းကျူရှင်တစ်ခုတွင် ထားသည်။ ထို့ပြင် ကျောင်းက သက်ဆိုင်ရာ ဘာသာရပ်အသီးသီး ဆရာမများကိုပါ အိမ်ခေါ်ပြီး ထပ်သင်စေသည်။ ထို့ပြင် တစ်ဘာသာချင်း အသေးစိတ်နားမလည်သည်များကို ထပ်မံမေးမြန်းစေရန် ဂိုက်နှစ်ယောက်ကို ထပ်မံခေါ်ထားသည်။ သူတို့ အခန်းဘက်က လူခေါ်ခေါင်းလောင်းသံကို ကြားရလျှင် ဆရာမ သို့မဟုတ် ဂိုက်တစ်ယောက်ယောက် စာသင်ဖို့ရောက်လာပြီဟု သိရ၏။ ဆရာမတစ်ယောက် အပြန်တွင် ကိုဝင်းမြင့်က ကားဖြင့် ပြန်ပို့ပေးရတာမျိုးတွေလည်း ရှိသည်။ ထိုဆရာမက နိုနို၏ အတန်းပိုင်ဆရာမဟု သိရသည်။ ထိုသို့ နိုနို၏ ကျူရှင်ချိန်တွေ များသော ကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော် ကိုဝင်းမြင့်ကို ပြောကြည့်ဖူးသည်။

“အစ်ကိုရာ၊ ကလေး စာသင်ချိန်တွေ မများလွန်းဘူးလား။ နိုနိုက အခုမှ ကိုးတန်းပဲ ရှိသေးတာ။ ဆယ်တန်းဆိုရင်တော့ ထားပါတော့။ ကျောင်းရော၊ ကျူ ရှင်တွေရော၊ ဂိုက်တွေရော ဆိုတော့ ကလေး မပင်ပန်းဘူးလား”

ကျွန်တော့် မေးခွန်းကြောင့် ကိုဝင်းမြင့်က နွမ်းလျလျ တစ်ချက်ပြုံးသည်။

“ပင်ပန်းတာတော့ ပင်ပန်းတာပေါ့ကွာ၊ ဒီအချိန် ပင်ပန်းမှ သူ့ နောင်အနာဂတ် သက်သာရာရမှာ မဟုတ်လား။ ကိုယ် ညီလေးလောက် ပညာမတတ်ပါဘူး။ ဒါပေမဲ့ နားလည်သလောက် ပြောကြည့်မယ်နော်။ ဆယ်တန်းဆိုတာ အိမ်ဆောက်တဲ့ နှစ်ဆိုရင် ကိုးတန်းဆိုတာက အိမ်အတွက် လိုတဲ့ အုတ်တွေ၊ ကျောက်တွေ၊ ဘိလပ်မြေတွေ ကြိုတင် စုဆောင်းတဲ့နှစ်နဲ့ တူတယ် မဟုတ်လား၊ အဲသလို အိမ်ဆောက်ပစ္စည်းတွေ ကြိုတင်စုဆောင်းထားမှ အိမ်ဆောက်တဲ့အခါ အခက်အခဲ မရှိမှာပေါ့။ ညီလေး အစ်ကို ပြောတာ ဟုတ်တယ် မဟုတ်လား”

ကိုဝင်းမြင့်နှင့် စကားနိုင် မလုတော့ဘဲ ခေါင်းတစ်ချက်သာ ကျွန်တော် ညိတ်ပြလိုက်မိသည်။ ကိုဝင်းမြင့်က ထပ်ပြောပြန်သည်။

“အပြင်ကျူရှင်ထားတာက စာနားလည်ဖို့၊ ကျောင်းကျူရှင် ထားတာက ကျောင်းမှာ အဆင့်တွေ၊ ဂရိတ်တွေကောင်းဖို့ကွ၊ နောက်ပြီး ဂိုက် ခေါ်တယ် ဆိုတာကလည်း ဒီဘက်ခေတ်မှာ ကျောင်းသားတိုင်းလိုလို ခေါ်ကြတာ မဟုတ်လား။ ဒီသဘောကို ညီလေး နားလည်ပါတယ်ကွာ” ဟု ထပ်မံ ရှင်းပြသည်။ သူ့ အကြောင်းပြချက်က ခိုင်လုံနေသဖြင့် ကျွန်တော် ဘာမှ ပြောစရာ မရှိတော့။

လောလောဆယ် ကိုဝင်းမြင့် ဆီမှာ တက္ကစီ အုံနာခဝင်ငွေပဲ ရှိလိမ့်မည်။ အုံနာခ ဆိုတာကလည်း ပရိုဘောက်လို ဆီကားမျိုး တစ်နေ့ တစ်သောင်းတောင် အနိုင်နိုင်။ ထို့ပြင် ကားဆိုတာကလည်း ပြင်ဆင်စရိတ်တွေ ရှိသေးသည်။ အမျိုးသမီးကလည်း အလုပ်မရှိ၊ သူကလည်း သင်္ဘောမလိုက်ဖြစ်၊ နိုနို၏ ကျူရှင်ခတွေ၊ ဂိုက်ခတွေကို ကိုးတန်း၊ ဆယ်တန်း နှစ်နှစ်စာ ရုန်းကန်ရမှာ ဖြစ်သဖြင့် ကိုဝင်းမြင့်အစား ကျွန်တော် ရင်မောမိသည်။ သူတို့မှာ တခြား စုမိဆောင်းမိတွေ ရှိလို့ ဘဏ်အပ်ထားပြီး ဘဏ်တိုးနဲ့ သုံးနေတယ် ထင်ပါရဲ့ဟုပဲ စိတ်ထဲက အောက်မေ့လိုက်သည်။

••••• ••••• •••••

၅။

နောက်တစ်ခါ ပင်လယ်ကမ်းလွန်သို့ ထွက်ပြီး ကျွန်တော် ပြန်လာသောအခါ ကိုဝင်းမြင့်၏ ပုံစံမှာ တော်တော်လေး ပြောင်းလဲသွားသည်။ နိုနိုလည်း ဆယ်တန်းနှစ်သို့ ရောက်ပြီ။ ကိုဝင်းမြင့်သည် အရင်တုန်းကလို အာဝဇ္ဇန်း ရွှင်ရွှင် မပြောတော့ဘဲ စကားနည်းနေသည်ကို သတိပြုမိ၏။ ထို့ပြင် ဝတ်ပုံစားပုံကလည်း အရင်တုန်းကလို ပြောင်ပြောင်ရောင်ရောင် သိပ်မရှိလှ။ သို့သော် နိုနို၏ ကျူရှင်သွား ကျူရှင်ပြန် ဟွန်ဒါဖစ်ကလေးနှင့်တော့ ပို့နေဆဲ ဖြစ်သည်။ သူတို့တိုက်ခန်းသို့ စာလာသင်သော ဆရာမများ၊ ဂိုက်များ၏ လူခေါ် ခေါင်းလောင်းသံကိုတော့ ကြားနေရဆဲပင် ဖြစ်သည်။ တစ်ရက်တွင် လှေကား အတက်အဆင်း၌ ကိုဝင်းမြင့်နှင့် အမှတ်မထင် တွေ့ဖြစ်သည်။

“အစ်ကိုနဲ့ စကားမပြောဖြစ်တာကြာပြီ၊ လက်ဖက်ရည်သွားသောက်ရအောင်” ဟု အကြံပြုလိုက်သည်။

“သွားတာပေါ့ ညီလေးရာ၊ အစ်ကို့သမီးကို ကျူရှင်ကြိုဖို့ အချိန်လိုပါသေးတယ်”

သို့ဖြင့် ကျွန်တော်တို့နှစ်ယောက် လက်ဖက်ရည်ဆိုင်သို့ လမ်းကူးပြီး ရောက်သွားသည်။ ထုံးစံအတိုင်း လက်ဖက်ရည်နှစ်ခွက် မှာဖြစ်သည်။ ကျွန်တော့် လက်ဖက်ရည်ခွက်က ကုန်လုပြီဖြစ်သော်လည်း သူ့ခွက်က အရာ မယွင်းသေးပေ။ ကျွန်တော်က ဦးဆောင်ပြီး စကားပြောသော်လည်း သူက အင်းအဲသာ လိုက်နေသည်။ သူ့မျက်နှာကို ကြည့်ရသည်မှာ ဝမ်းချုပ်သော ဝေဒနာကို ခံစားနေရသူ တစ်ယောက်လို ဖြစ်နေသည်။

“အစ်ကို ခါတိုင်း ဒီလို မဟုတ်ပါဘူး။ အရင်တုန်းကလို ရွှင်ရွှင်လန်းလန်း မရှိဘူး” ဟု ကျွန်တော်သည် သည်းမခံနိုင်သည့် အဆုံးတွင် မေးလိုက်မိသည်။ သူက သက်ပြင်းတစ်ချက်ကို ချလိုက်သည်။

“ဟုတ်တယ် ညီလေး၊ ဒီလပိုင်းအတွင်းမှာ စိတ်မောစရာတွေချည်းပဲကွာ၊ ဗေဒင်ကို အယုံအကြည်မရှိတဲ့ ကိုယ် တောင် ယတြာချေရကောင်းမလား စဉ်းစားမိတယ်”

“ပွင့်ပွင့်လင်းလင်း ပြောပြလေ၊ ကျွန်တော်လည်း အကြံလေးဘာလေး ပေးလို့ရတာပေါ့”

“အစ်ကို ရွှေပေါက်ကံက အိမ်ရောင်းလို့ရတဲ့ ငွေနဲ့ အခု တိုက်ခန်း ဝယ်တယ်။ ပိုတဲ့ငွေတဲ့ ပရိုဘောက်လေး တစ်စီးဝယ်ပြီး တက္ကစီတစ်စီး ထောင်ထားတယ် ဆိုတာ ညီလေး သိတယ်နော်”

ကျွန်တော် ခေါင်းညိတ်ပြလိုက်မိသည်။ သူက ဆက်လက်၍ -

“အဲသည်ကားက စပြီး ပြဿနာတက်တော့တာပဲ၊ ကားမောင်းသူက အစ်ကို့ ယောက်ဖလေ။ အုံနာခလည်း ရတစ်ချက်၊ မရတစ်ချက် မှန်မှန် မရပါဘူးကွာ။ အဲ သူက လမ်းဖြတ်ကူးတဲ့ လူတစ်ယောက်ကို တိုက်မိတာ ဟို လူ ပေါင်ကျိုးသွားတယ်။ သေတော့ မသေဘူး။ ဆေးရုံပေါ်မှာ တော်တော်လေးကုလိုက်ရတယ်။ အဲဒါ အမှု မဖြစ်အောင် ဟိုဘက် ကြည့်ရှင်း၊ ဒီဘက် ကြည့်ရှင်းနဲ့ တော်တော်လေးကို ကုန်သွားတာ။ နောက်ဆုံး စာရင်းချုပ် လိုက်တော့ ကိုယ့်တက္ကစီ ရောင်းလိုက်ရတဲ့ဘဝ ရောက်တာပဲ။ တက္ကစီရောင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသမီးက တောင် သူ့မောင် အလုပ်လက်မဲ့ဖြစ်တယ် ဆိုပြီး ကိုယ့်ကို မကျေနပ်ဘူး။ မတတ်နိုင်ဘူး ညီလေး။ နောက်တစ်ခါ ထပ်အမှုဖြစ်ရင် ကိုယ့်မှာ လျော်စရာ မရှိတော့ဘူး၊ ဒါက တစ်ချက်ပေါ့ကွာ..” ဟု ဆိုရင်း သူက စကားစကို ခေတ္တဖြတ်လိုက်သည်။

သူ့ကို အကဲခတ်မိသည်မှာ နောက်ပြောမည့် စကားကို ပြောသင့်၊ မပြောသင့် ချင့်ချိန်နေပုံရသည်။ နောက်တော့မှ လေပူတစ်ချက်ကို ခပ်ဖွဖွ မှုတ်ထုတ်လိုက်ရင်း-

“နောက်တစ်ချက်ကတော့ အစ်ကို့သမီး နိုနိုနဲ့ ပတ်သက်တဲ့ကိစ္စပဲ”

“သူက စာကြိုးစားပါတယ်။ သူ စာမကြိုးစားတော့လို့လား၊ ဒါမှမဟုတ် ဆယ်တန်းဆိုတော့ စာတွေ အရမ်းများပြီး မလိုက်နိုင်တော့လို့လား” ဟု ကျွန်တော် အဆောတလျင် ဖြတ်မေးမိသည်။

“အဲဒါတွေ မဟုတ်ပါဘူးကွာ၊ သမီးက စာလည်း ကြိုးစားပါတယ်၊ လိုက်လည်း လိုက်နိုင်ပါတယ်။ အဓိကက သူ ရည်းစားထားတာကွ”

သူ့စကားကြောင့် ကျွန်တော် စိတ်မောမိသည်။ ဆယ်တန်းသမီး ရည်းစားထားသည်ကိုသိသော မည်သည့် ဖခင်ကမှ ကြည်ကြည်သာသာရှိမှာ မဟုတ်။ ထို့ပြင် ကိုဝင်းမြင့်က သူ့ဘဝ၏ မျှော်လင့်ချက်များကို သမီးအပေါ် ၌သာ စုပြုံ လောင်းကြေးထပ်ထားသူမို့ သူ့ခံစားချက်ကို ကျွန်တော် စာနာမိသည်။

“လောလောဆယ် ဝင်ငွေထက်စာရင် ထွက်ငွေတွေ ချည်းပဲကွာ” ဟု သူက ဆိုသဖြင့် လက်ဖက်ရည်ဖိုးကို ကျွန်တော် အလိုက်သိစွာ ရှင်းလိုက်သည်။

••••• ••••• •••••

၆။

နောက်တစ်ခါ ကျွန် တော် ကမ်းလွန်သို့ ထွက်ပြီး ပြန်ရောက်သောအခါ ကိုဝင်းမြင့်တို့ ကျွန်တော့် ခြေရင်းခန်းတွင် မရှိကြတော့။ တိုက်ခန်းကို ရောင်းပြီး အနီးနားက ရပ် ကွက်လေးတစ်ခုသို့ ပြောင်းသွားကြသည်ဟု သိရသည်။ ယုတ်စွအဆုံး သူ့ဖုန်းနံပါတ်ပင် ကျွန်တော့်မှာ မရှိသဖြင့် သူ ဘယ်မှာ နေသည်ကိုပင် အတိအကျ မသိရတော့။ တစ်နေ့ ကျွန်တော်သည် စာရေးစက္ကူထုပ်တစ်ထုပ် ဝယ်ရန် ဂမုန်းပွင့်ကုန်တိုက်သို့ အသွား ဂမုန်းပွင့် မြေညီထပ်တွင် လူတစ်ယောက်က နောက်ကနေ လက်ကို ဆွဲသဖြင့် လှည့်ကြည့်လိုက်ရာ ကိုဝင်းမြင့် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

“ဟာ... အစ်ကို မတွေ့ရတာတောင် ကြာပြီနော်၊ အဆင်ပြေတယ် မဟုတ်လား”

“ဒီလိုပါပဲ ညီလေးရာ၊ အမျိုးသမီးနဲ့ သမီးက နောက်ဘက်က ဆူပါမားကတ်ထဲမှာ ဈေးဝယ်နေတာ။ ညီလေးကို မြင်လို့ အစ်ကို ပြေးထွက်လာတာ”

“ဪ.... ဒါနဲ့ နိုနိုရော အောဒီပဲလား၊ အောင်စာရင်းတွေ ထွက်တုန်းကတောင် ကျွန်တော် သတိရသေးတယ်”

“ညီလေး မှန်းတဲ့ အတိုင်း အောဒီပဲပေါ့။ ဒါပေမဲ့ အမှတ်ကတော့ နည်းတယ်ကွာ။ ခြောက်ဘာသာစလုံးကို ကပ်ထွက်တာတွေချည်းပဲဆိုတော့ ငါးရာ မကျော်ဘူး။ ဆေးအမှတ်မီဖို့ မလွယ်ဘူးထင်တယ်”

“ဆေးအမှတ် မမီတော့လည်း ဘယ်တတ်နိုင်မလဲ အစ်ကိုရာ။ ဒီခေတ်က တစ်ခုခုကို ခံစားဖို့ အချိန်မပေးနိုင်တော့ဘူး၊ တခြား သင့်တော်တာတစ်ခုခုပဲ စဉ်းစားရမှာပေါ့”

“ညီလေးပြောတဲ့ စကား အစ်ကို သဘောကျတယ်ကွာ။ အခု သမီးက အင်္ဂလိပ်စကားပြော တက်နေတယ်။ ဂျပန်စာလည်း တက်နေတယ်၊ ပိုက်ဆံတွေကလည်း ကုန်တုန်းပဲကွာ”

“ဒါထက်၊ အခု နေတဲ့ နေရာမှာရော အစ်ကိုတို့ အဆင်ပြေရဲ့လား”

“ကားပါကင် အတွက်ကတော့ ပိုပြေသွားသလိုပဲ။ ညီလေးတို့ တိုက်မှာတုန်းကလို နေရာ မဦးရတော့ဘူးကွ။ နောက်ပြီး အခုဟာက တစ်ထပ်အိမ် ဆိုတော့ မင်းအစ်မ လည်း အရင်လို အတက်အဆင်း ဒုက္ခမရောက်တော့ဘူး။ ကိုယ့်ညီမို့လို့ ပွင့်ပွင့် င်းလင်း ပြောရဦးမယ်။ အခုအိမ်က ဝယ်နေတာ မဟုတ်ဘူးကွ၊ ယာယီငှားနေတာ။ ပိုတဲ့ ငွေနဲ့ မင်းတူမ တက္ကသိုလ်စရိတ် ရအောင် အစ်ကို စီးပွားရေးလုပ်ရဦးမယ် ညီလေးရေ၊ အစ်ကိုလည်း နားလို့ မရသေးဘူး။ ပြေးလမ်းပေါ်မှာ ရှိနေတုန်းပဲ၊ အရင်ကထက်တောင် ပိုပြေးရတော့မယ်” ဟု ပြောပြီး ကျွန်တော့်ကို နှုတ်ဆက်ထွက်သွားသည်။ ကိုဝင်းမြင့်က ကမ္ဘာအေးဂမုန်းပွင့် အနီးအနားရှိ ရပ်ကွက်လေးတစ်ခုသို့ ပြောင်းရွှေ့သွားခြင်းမျိုး ဖြစ်သဖြင့် ဂမုန်းပွင့်အနားတွင် သူနှင့် တစ်ခါတစ်ရံ ဆုံဖြစ်သေးသည်။ နောက်ပိုင်း၌ သူနှင့် လုံးဝ ထပ်မတွေ့တော့သဖြင့် အခြားတစ်နေရာသို့ ပြောင်းရွှေ့သွားသည်ဟုပဲ ကျွန်တော် ထင်မိသည်။ မတွေ့တာ ကြာတော့လည်း ကျွန်တော် ကိုဝင်းမြင့်တို့ မိသားစုကို မေ့သွားခဲ့သည်။

••••• ••••• •••••

၇။

နှစ်နှစ်လောက်ကြာတော့မှ ကျွန်တော်သည် ကိုဝင်းမြင့်ကို ပြန်လည် တွေ့ရှိခဲ့သည်။ တွေ့မယ့်တွေ့တော့ ၃၆ ဝိုင်ဘီအက်စ်ကား အပေါ်မှာ ဖြစ်ပါသည်။ ညနေစောင်း ရုံးဆင်းချိန် ဖြစ်သဖြင့် ကားက လူကျပ်သည်။ ကျွန်တော်သည် မြန်မာပလာဇာမှ အပြန် စက်မှုတစ် မှတ်တိုင်မှ အတက် လူတွေ ကျပ်နေသဖြင့် နောက်သို့ သွားရန် အခွင့်မသာသောကြောင့် ရှေ့မှာပဲ အဆင်ပြေသလို နေလိုက်မိသည်။ ၁ဝ၆ မှတ်တိုင်ကနေ စပြီး ချော်တွင်းကုန်းမီးပွိုင့်အကြားမှာ ကားလမ်းက တော်တော်ပိတ်သည်။ ကျွန်တော်က ကမ္ဘာအေးဘုရားမှတ်တိုင်မှာ ဆင်းရမှာဖြစ်သဖြင့် ချော်တွင်းကုန်း မီးပွိုင့်မှာ မိနေတုန်း နောက်ဘက်ရှိ ဆင်းရမည့် အပေါက်နားသို့ ကြိုတင်တိုးရန် ဟန်ပြင်လိုက်သည်။

ထိုအခါ အပေါက်ဝ အနားရှိ ထိုင်ခုံတွင် ထိုင်နေသော လူတစ်ယောက်ကို ကျွန်တော် မြင်ဖူးသလိုရှိသဖြင့် ကြည့်လိုက်ရာ ကိုဝင်းမြင့် ဖြစ်နေသည်။ ကျွန်တော် ဝမ်းသာသွားကာ သူ့ကို လက်ပြလိုက်သည်။ သူကလည်း ကျွန်တော့်ကို မြင်တွေ့သွားပုံရသည်။ သို့သော် ထူးဆန်းသည်က ချက်ချင်းဆိုသလို မျက်နှာလွှဲလိုက်ပြီး ထိုင်ခုံမှ ထ,လိုက်သည်။ ကျွန်တော်သည်လည်း ကိုယ့်ကို သူ တွေ့၊ မတွေ့ မသေချာသောကြောင့် အနားသို့ သွားပြီး နှုတ်ဆက်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် အလယ်လမ်းတွင် မိန်းမ ဝဝကြီးတစ်ယောက်က မတ်တတ်ရပ်နေသဖြင့် သူ့အနားမှ ကျော်သွားရန် ကျွန်တော် ကြိုးစားရသည်။ ကျွန်တော် တစောင်း မတိုးဘဲ တည့်တည့် တိုးမိသဖြင့် ထိုမိန်းမကြီး၏ မျက်စောင်းထိုးတာကို ခံလိုက်ရသေးသည်။ တစ်ချိန်တုန်းက “ကိုယ်က ဘတ်စ်ကားစီးဖို့ တော်တော်ဝန်လေးတာ” ဟု ကိုဝင်းမြင့် ပြောခဲ့သည်ကိုလည်း ချက်ချင်း အမှတ်ရလိုက်မိသည်။ ဘတ်စ်ကားစီးဖို့ ဝန်လေးသူ တစ်ယောက်ကို ဝိုင်ဘီအက်စ် ပေါ်မှာ တွေ့လိုက်ရသဖြင့် လက်ရှိ အစိုးရကို သူ ထောက်ခံတာများလားဟု တွေးမိပြီး ပြုံးလိုက်မိသေးသည်။ သူနှင့် ကျွန်တော် အကြားတွင် လူနှစ်ယောက်စာသာ ခြားတော့သည်။

ထိုစဉ် ‘တီးတောင်’ ဆိုသော ဝိုင်ဘီအက်စ်ဘဲလ် တီးသံကို ကျွန်တော် ကြားလိုက်ရသည်။ ကြည့်လိုက်တော့ ဘဲလ်တီးသူက ကိုဝင်းမြင့် ဖြစ်နေသည်။

“ဆင်းမှာဖြင့် မြန်မြန်ဆင်း၊ ပွိုင့်က စိမ်းတော့မယ်” ဟူသော ယာဉ်မောင်းဖြစ်သူ၏ လှမ်းပြောသံကိုလည်း ကြားမိသည်။ ကိုဝင်းမြင့်သည် ကျွန်တော့်ဘက်သို့ လုံးဝပင် လှည့်မကြည့်ဘဲ ပွင့်သွားသောကားတံခါးမှ အလျင်စလို ဆင်းသွားသည်။ ကားတံခါးကလည်း သူ ဆင်းပြီးသည်နှင့် ချက်ချင်း ပြန်ပိတ်သွားသည်။ ထိုအချိန်တွင် မီးပွိုင့်စိမ်းပြီဖြစ်သဖြင့် ကားကြီးသည် စတင် ဘီးလိမ့်တော့၏။

ကျွန်တော်သည် ကားပေါ်မှ လှမ်းကြည့်ရာ သူ့နောက်ကျောကိုသာ မြင်ရသည်။ သူက ထုံးစံအတိုင်း တီရှပ်အင်္ကျီ၊ သရီးကွာတားဘောင်းဘီနှင့်ပဲ ဖြစ်သည်။ သူသည် နောက်သို့ ယောင်လို့တောင်မှ လှည့်မကြည့်။ ဘတ်စ်ကားကြီးကလည်း ချော်တွင်းကုန်းမီးပွိုင့်ကို ကျော်ပြီး ကမ္ဘာအေးဘက်သို့ ဦးတည်မောင်းနှင်နေသည်။ ချော်တွင်းကုန်းမှတ်တိုင်အနား ပါရမီလမ်းမပေါ်ရှိ လူနေ တိုက်ခန်းများရှေ့ရှိ လူတွေ အကြားတွင် သူ့နောက်ကျောသည် ကျွန်တော် ကြည့်နေရင်း ကွယ်ပျောက်သွားသည်။ သူ့ အနေအထားကတော့ ပြေးလမ်းပေါ်မှာပဲ ရှိနေဆဲ ဖြစ်မည်ထင်သည်။ ကိုဝင်းမြင့် တစ်ယောက် သွားလမ်း သာလို့ လာလမ်း ဖြောင့်ပါလေစ။

  ▢  နိုင်မြင့်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      နိုဝင်ဘာ ၊ ၂၀၁၉

No comments:

Post a Comment