❝ မင်းလည်း အတူတူ ငါလည်း အတူတူ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
ဝါးခနဲ ရယ်မောသံ ကြားလိုက်ရတော့ ဦးဆေးရိုး ခြေလှမ်း တန့်သွားသည်။ စိတ်ရွှင်သည်လည်း မဟုတ်။ ညစ်ညူးသည်လည်း မမည်သော ကြား မျက်နှာသည် ခဏချင်း အလိုမကျ အသွင်သို့ ကူးပြောင်းသွားလေ၏။ သည်အသံသည် မြင့်သောင်း ဆံပင်ညှပ်ဆိုင်က လာတာဖြစ်မည်။ မြင့်သောင်း ဆံပင်ညှပ်ဆိုင် ဆိုသည် က ကာလသားလူငယ်များ စုဝေးရာ။ သို့သော် အများ အလုပ်ကျပ်နေချိန်တွင် ဟေးလားဝါးလား လုပ်နေကြသည့်အတွက် ဦးဆေးရိုး အလိုမကျခြင်း တကာ ဖြစ်သည်။
“ငွေခင် ပိတ်စရှိလားဟေ့”
ဦးဆေးရိုး ရပ်နေသော နေရာက သန်းပင် သန်းခက်များဖြင့် စောင်ရန်းတန်း ကာသွယ်ထားသော နေရာ။ သူ့အာရုံက ထန်းရွက်များ သပ်သပ်ရပ်ရပ် ကာရံထားသော အိမ်တွင်း။
“ငွေခင်တို့ ဘယ်သွားကုန်ကြလဲဟ”
လူရိပ် မမြင်၊ ခြေသံ မကြားရသဖြင့် ထပ်မံ ခေါ်သောအခါ မငွေခင်က ထွက်မလာ၊ ခွေးကတက်မှ ခွေးက ထဟောင်လေသည်။ သို့စဉ်တွင် ဦးဆေးရိုး ဘေးနားသို့ သံဃာတော်တစ်ပါးနှင့် ကျောင်းသားတစ်ယောက် လာရပ်၏။ ကိုယ်တော်က ရွာဦးကျောင်းမှ ဆရာတော် ဦးကောသလ္လဖြစ်သည်။ ဆရာတော်နှင့် ပါသော ကလေးမှာ လက်ထဲတွင် ဘာမျှ ကိုင်မထား။ ဆရာတော်၏ ဖိနပ်တစ်ရံကိုမူ ခါးမှာ ထိုးထားသော အင်္ကျီကျွတ် ပုဆိုးတိုတိုနှင့် ၇ နှစ်ရွယ် ကလေးဖြစ်သည်။
“ဆွမ်းတော်ခင်ဗျာ့”
ကလေး၏တာဝန်သည် ဆွမ်းလောင်းမည့်သူများ ကြားသိအောင် အော်ရန်ဖြစ်သည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည့် ခဏဝယ် ကိုပိတ်စ၏ ခွေးကတက်မှ ခွေးက ပျင်းရိစွာ ထဟောင်ပြန်၏။
“တယ် ဒီခွေးဟာ သေတော့မှာပဲ၊ ဘုန်းကြီးမှန်း မသိ ဘာမှန်းမသိ၊ ပိတ်စ မွေးတဲ့ခွေး၊ ပိတ်စလိုပဲ မိုက်ရိုင်းတာပဲ”
သူ့ကို ဟောင်တာ သည်းခံနိုင်သော်ငြား ဘုန်းကြီးကို ဟောင်သောအခါ ဦးဆေးရိုး စိတ်ဆိုးလာသည်။ သို့ကြောင့် ခွေးကို ရေရွတ်မိရာ ဆရာတော်က နှုတ်ဆက်၏။
“ဒကာကြီး ဦးဆေးရိုး နေကောင်းရဲ့လား”
“တင်ပါ့ဘုရား”
သူက ကပျာကယာလှည့်၍ လက်အုပ်ချီမိသည်။
“တော်သလင်းက ရောက်တော့မယ်နော်၊ အစိုက် နောက်ကျနေမယ် ဒကာကြီး”
“တင်ပါ့ဘုရား၊ အဲဒါ ညှိနှိုင်းရအောင် လယ်ပြင်က လာခဲ့တာပါဘုရား၊ ပိတ်စကို မတွေ့လို့”
ပြန်လည်လျှောက်ထားရင်း ကိုယ်တော့် လက်ထဲက သပိတ်ကို ဦးဆေးရိုး မှန်းဆကြည့်သည်။ သပိတ် အောက်က ယှက်ပွေ့ထားသော လက်ချောင်းတွေ ပိပြားမနေ။ သည်တော့ သပိတ်ထဲမှာ ဆွမ်း အင်မတန် နည်းပါးနေသည် တွေးကာ စိတ်မကောင်းသံဖြင့် လျှောက်ထားမိသည်။
“အလုပ်က ပူချိန်ဆိုတော့ အိမ်တိုင်းလိုလို လယ်ထဲ ဆင်းနေကြရတာဘုရား၊ အရှင်ဘုရား ဆွမ်းများ ဟင်းများ မျှတပါရဲ့လားဘုရား”
“မလောက်တော့လည်း ကျောင်းမှာ ချက်ရတာပေါ့ ဒကာကြီးရယ်၊ ဘုန်းကြီးတစ်ပါးတည်းဆို အရေး မဟုတ်ပါဘူး၊ ကျောင်းသား ဆယ်ယောက် ရှိတယ်”
“တင်ပါ့ဘုရား၊လယ်ထဲက အလုပ်ကျပ်တဲ့အချိန် ဆို ဆွမ်းလောင်းပြီးမှ အိမ်က ထွက်ဖို့ အမယ်ကြီးကို မှာထားနေပါတယ် ဘုရား”
“သာဓု ဒကာကြီး၊ သာဓု သာဓု၊ ဝါတွင်းမှာ ဆွမ်းဟင်း ရှားပါးပြီး ဝါပကျမှ ပေါများတာဟာ ဘုန်းကြီးတို့ ဆရာစဉ် ဆရာဆက်က ထုံးစံပဲ ဒကာကြီး၊ ကဲ ကဲ ဘုန်းကြီးလည်း ကြွဦးမယ် ဒကာကြီးရေ”
“တင်ပါ့ဘုရား”
ဆရာတော်နှင့် ပါသော ကလေးငယ်၏ ဆွမ်းတော် ခင်ဗျာ့ အသံသည် ဝေး၍ဝေး၍ သွားစဉ်တွင် အသံတစ်သံက နီးကပ်လာလေ၏။
“ဝတ်ခွက်ဗျို့”
ဆယ်နှစ်ရွယ် ကျောင်းသားတစ်ယောက်သည် အုပ်ဆောင်းအုပ်ထားသော ဗျပ်ခွက်တစ်ခုကို ခေါင်းပေါ်မှ လက်လွတ် ရွက်လျက်၊ အိမ်ပေါက်စေ့တွင် ရပ်ပြီး အော်ဟစ်၏။ သူကား ရှေ့မှ ကြွသွားပြီးသော ဆရာတော်၏ ကျောင်းမှ ဟင်းအလှူခံပေတည်း။
“ဝတ်ခွက်ခင်ဗျာ့”
ဟင်းအလှူခံသူသည် ဆရာတော်အောက် အသွားနှေးပေသည်။ သူက အိမ်တစ်အိမ်ရှေ့တွင် တစ်ကြိမ်ရပ်ပြီး အော်ရုံဖြင့် တာဝန်ကျေသည် မယူဆ။ အိမ်ရှင် နောက်ဖေး ဝင်နေသလား၊ ကလေးငိုနေသလား၊ နောက်ဖေး ချောင်းထဲ ရေဆင်းခပ်နေသလား အကဲခတ်ရသည်၊ စောင့်ဆိုင်းရသည်။ “ဝတ်ခွက်ဗျို့” အော်သူမှာ ဗျပ်ရွက်သော ကျောင်းသားကြီး။ “ဝတ်ခွက် ခင်ဗျာ့” အော်သူမှာ သူရှေ့က ပါသော ကျောင်းသားငယ်။ ယင်းကျောင်းသားငယ်၏ တာဝန်မှာ အိမ်နောက်ဖေးတွင် လူ ရှိ မရှိ ပြေးကြည့်တန် ကြည့်ရသည်။ “ဟင်းအိုးက တစ်ဖက်၊ ကလေးက တစ်ဖက်နဲ့ ဟယ်” ဟု အိမ်ရှင်မက ညည်းလျှင် ကလေးကို ပြေး၍ ချီတန်ချီရသည်။ ဟင်းကလေး တစ်ခွက် ရဖို့အရေး ငရုတ်သီး ကူထောင်းတန် ထောင်းရ၏။ ဗျပ်ရွက်သော ကျောင်းသား၏ နောက်လိုက်အကောင်သည် ပါးရ၏။ လျင်ရ၏။ သည်မျှဖြင့် မပြီးသေး၊ ကြိုးတပ်ထားသော ဘုံအိုးကို ဆွဲရသေးသည်။
“ဘုံအိုး”
သာမန်ကြည့်လျှင် ဟင်းချိုထည့်သည့် အိုးဟုသာ အဓိပ္ပာယ်ထွက်လေငြား စေ့စေ့ကြည့်ပါက ဆင်းရဲ ချမ်းသာ နိမ့်ကျ မြင့်မြတ်မရွေးတို့၏ စုပေါင်းဆုံရာ ‘ဘုံအိုး’ ဟူ၍လည်း အနက်ထွက်ချေ၏။
တစ်ခါတစ်ရံ၌ ရွာထဲရှိ အိမ်တိုင်းစေ့က ဟင်းလှူ တတ်သည်။ ထိုအခါ ဗျပ်ထဲက ပန်းကန်များဖြင့် မဆံ့ တော့ပြီ။မျိုးတူသော ဟင်းချင်းပေါင်း၊ ဟင်းအခြောက် ချင်းရော။ သို့ပေသည့် ပန်းကန်များ လိုအပ်မြဲ လိုအပ် နေသေးလျှင် အမျိုးတူများပြားလေ့ရှိသော ပဲဟင်းကို ဘုံအိုးထဲ ထည့်တော့သည်။
“ဝတ်ခွက်ဗျို့”
“ဝတ်ခွက်ခင်ဗျာ့”
ကျောင်းသားများသည် ဦးဆေးရိုးဘက်သို့ နီးသည်ထက် နီးကပ်လာကြ၏။ ဦးဆေးရိုးသည် ရပ်ကြည့်နေရင်း ရင်ထဲက မချမ်းသာ။
“ဪ ဘုန်းကြီး ဘုန်းကြီးနဲ့၊ အမြင်လွယ်သလောက် ဆွမ်းဟင်းရဖို့တောင် မလွယ်ပါကလား။ ဒကာ ဒကာမ မွဲရင်၊ ငတ်ရင် သူတို့လည်း ကျပ်တည်းရတာပါကလား။ အခုဆိုရင် တစ်ရွာလုံး လယ်ထဲ ဆင်းနေကြလို့ ဆွမ်းမရ၊ ဟင်းမရနဲ့”
ကျောင်းသားကြီးနှင့် နောက်လိုက် ကျောင်းသားငယ်တို့သည် ဦးဆေးရိုးအနားသို့ ရောက်လာကြ၏။ ဦးဆေးရိုးသည် အုပ်ဆောင်းကို ဖွင့်ကြည့်ချင်သည်။ ဟောင်းလောင်းပန်းကန်များကို မြင်ရလျှင် စိတ်ဆင်း ရဲခြင်းသာ အဖတ်တင်မည်။ ထို့ကြောင့် စိတ်ကို ချုပ် တည်းထားလိုက်စဉ် အော်သံများသည် တစ်စထက် တစ်စ မှေးမှိန် ပျောက်ကွယ်သွားလေ၏။
ဦးဆေးရိုးသည် ဦးပိတ်စ အိမ်ဝိုင်းထဲသို့ စိတ် မချမ်းမသာ ဝင်လာခဲ့သည်။ ခွေးကတက်က ခွေးပိန်မှာ ဝဲကုတ်နေရသည်နှင့် ဦးဆေးရိုးကို မဟောင်အားရှာ။
“ဟေ့ကောင် နားပင်းနေသလားကွ”
ဦးဆေးရိုး ငေါက်ငမ်းသံကြောင့် ဦးပိတ်စ လန့်သွား သည်။ သူသည် နွားတင်းကုပ်နောက်တွင် တကုပ်ကုပ် အလုပ်များနေရာမှ ပြန်ဆဲ၏။
“လန့်လိုက်တာကွာ”
“ငွေခင်၊ ငွေခင်နဲ့ အိမ်ရှေ့ကနေပြီး ခေါ်တာ အခွန်း တစ်ရာ မကဘူး”
“အရှေ့ဘက်တောထဲ ဟင်းရွက်ခူး ထွက်သွားတယ် ထင်သကွ၊ ဒါကြောင့် မထူးတာ၊ ကဲ ဆိုစမ်း”
“မင့်လယ် ဘယ်နေ့စည်းချမလဲ။ မင်းပြီးရင် ငါပဲကွ၊ ဒါကြောင့် ကြိုတင်ပြင်ဆင်ရအောင်လို့”
သည်တော့ ဦးပိတ်စ အလွတ်မပြောနိုင်။ မတော်တဆ အပြောမှားမည် စိုးသည်။ ဘုတ်အုပ်ထဲမှာ သေသေချာချာ မှတ်ထားသည်။
“လာကွာ အိမ်ပေါ်သွားရအောင်”
“ကိုယ့်လယ်ကို ကောက်စိုက်သမတွေ ဆင်းမယ့် ရက်တောင် မသိတော့ဘူးလားဟ ပိတ်စရ”
“မှားမှာ စိုးလို့ပါကွာ”
လက်တွင် ပေနေသော နွားချေးမြေများကို အထူး ဆေးကြောမနေ။ ခါးတွင် ဝတ်ထားသော ပုဆိုးဖြင့် ပွတ်ရင်း ဦးပိတ်စ ရှေ့ဆောင်၍ နွားတင်းကုပ်ဘေးမှ ခွာလာခဲ့ကြ၏။ ဝါးခနဲ ရယ်မောသံများက မြင့်သောင်း ၏ ဆံပင်ညှပ်ဆိုင်ဆီမှ လွင့်ပျံလာသည်။ သည်တစ် ခါတော့ ဦးဆေးရိုး သည်းမခံနိုင်ပြီ။
“အများတကာ ယားလို့တောင် မကုတ်အားတဲ့ အချိန်မှာ ဘယ်က မိမစစ် ဖမစစ်တွေ လာပြီး တဟီး ဟီး တဟားဟား ဖြစ်နေကြလဲမသိဘူး တောက်”
“ဟေ့ ဟေ့ ရမ်းရမ်းမပြောနဲ့၊ အဲသည်ထဲမှာ မင့် မြေးတွေ မပါဘူး ပြောနိုင်လို့လား။ ဟာ အရေးထဲမှာ ဘုတ်အုပ်က ဘယ်ရောက်နေပါလိမ့်။ ငွေခင် ကိုင်ပြီး ထားချင်ရာ ထားပြန်ပြီ ထင်တယ်”
ဦးဆေးရိုးသည် ဆေးတောင်းထဲက ဆေးလိပ် တစ်လိပ် ယူပြီး ညှိသောက်၏။
“မတွေ့ ပါဘူးကွာ၊ ခဏနေပါဦး”
သူ့ဘေးတွင် ဦးပိတ်စ လာထိုင်ခိုက်၊ ဝါးခနဲ ဝါးခနဲနှစ်ချက်ဆင့် ရယ်မောသံကို ကြားရပြန်၏။ ဦးဆေးရိုးသည် အမြင်များစွာ မသဲကွဲသော ထရွက် (ထန်းရွက်) တဲဆီသို့ ဒေါသတကြီး မော့ကြည့်သည်။ မြင့်သောင်း ဆံပင်ညှပ်ဆိုင်မှာ ဆိုင်းဘုတ်မရှိ။ သို့ရာတွင် စေတနာရှိသော သူငယ်ချင်းများက သံပြားတွင် ထုံးဖြင့် ရေးပြီး အခမဲ့ ကူညီထားကြ၏။
ဆိုင်းဘုတ်မှာ ‘မောင်မြင့်သောင်း ဆံသ၊ ဆံပင်များကို ကျနစွာ တစ်ချောင်းစီ ဆွဲနုတ်ပေးပါသည်’ ဟူ၍ ဖြစ်၏။
ဤသို့ဖြင့် ပေါက်ကရတွေ ရေး၊ ပေါက်ကရတွေ ပြော၊ တရုန်းရုန်း တအုန်းအုန်း ဖြစ်နေသော ဆံသ ဌာနမှ ရယ်မောသံများသည် ဦးဆေးရိုး အတွက် အနှောင့် အယှက်ကြီး ဖြစ်နေလေသည်။
“မင်းတို့ ငါတို့ ငယ်ငယ်တုန်းကလည်း ဒီလိုပဲ တသောသော နေတာပါပဲဟ ဆေးရိုးရ၊ ပေးပါဦးဟာ ဆေးတစ်ဖွာ”
“ငါလည်း ငယ်ရာက ကြီးလာတာပါ၊ ဟုတ်ပါတယ်။ ငါတို့တုန်းက အပူအပင်အကြောင့်ကြ မရှိဘူး။ ဒါပေမဲ့ သည်ကောင်တွေက လွန်ကို လွန်လွန်းတယ်”
မြင့်သောင်းဆံသ ဘက်ဆီမှ မျက်လုံးမခွာဘဲ ရေရွတ်သည်။ ဆေးလိပ်ကို အားရပါးရ ဖွာပြီးနောက် ဦးပိတ်စကို လှမ်းပေး၏။
“အမယ် ကနေ့ ကလေးတွေက မင်းကို မီကို မမီသေးဘူး ဆေးရိုး သိလား၊ ဟင်း ငါ မပြောချင်လို့။ ကျီးဒန် အရင်က မင်း လိုက်လိုက် ပိုးနေတဲ့ မိထွေးလေးကို မင်း ဘာလုပ်ခဲ့လဲ၊ ကဲ ပြောစမ်း”
“မိထွေးလေး၊ ဟုတ်လား”
ဦးဆေးရိုး အမှတ်အာရုံက ရုတ်တရက် နိုးကြား မလာတော့။ ဦးပိတ်စကပဲ ဖော်ပေးရသည်။
“မယ်သဲမှုန်ရဲ့သမီး၊ ဖိုးစံဘရဲ့ မယားပါသမီးလကွာ”
“အား ဟုတ်တယ်ဟုတ်တယ် မိထွေးလေး၊ ငဇင်ရိုင်းကုန်းက ငပြောင်နဲ့ အိမ်ထောင်ကျသွားတာ၊ ဟုတ်ပြီဟေ့”
သည်နှယ် ရေရွတ်မိပြီဆိုတော့ သွားမရှိသော ဦးဆေးရိုး၏ ပါးစပ်သည် အကျည်းတန်စွာ ပြုံးရယ်မိလေ၏။ မင်းသမီး မထွေးလေးနှယ် လှပကြော့ရှင်းသည် ဆိုသော မိထွေးလေး။ ရမ်းဘိုကုန်းရွာ၏ ဦးဆောက်ပန်း။ အမည်အရင်း မထွေး ဖြစ်သည်။
ရွာ၏အကျင့်က သူ့အမေ မောင်လှ အမည်ပေး ပေမယ့် ငလှ ဟု ခေါ်ကြသလို မထွေးလေးကို မိထွေး ဟု ခေါ်ကြသည်။ အရှေ့ပိုင်းက ကိုစံလှဘော် မခွက်တို့၏ သမီးအမည်ကလည်း မထွေး ပင် ဖြစ်ပြန်၏။ သည်တော့ မသဲမှုန်၏ သမီးမထွေးက မခွက်၏ သမီး မထွေးအောက် သုံးလခန့် ငယ်သည့်အတွက် မိထွေး လေး၊ အရှေ့ပိုင်းက မထွေးမူ မိထွေးကြီး ဖြစ်သွားလေ ၏။ မိထွေး နှစ်ထွေး ရှိရာ မသဲမှုန်သမီး မထွေးလေးကို ဖိုးကျန်ကြီး၊ မယ်ကြွယ်စိုး၏သား ဆေးရိုးက အားကြီး ကြိုက်သည်။ အားကြီး ကြိုက်ပါသော်ကော မိထွေး လေးကလည်း သက်ကြီးများ ပြောစကားအရ၊ မင်းသမီး မထွေးလေးနှင့် အင်မတန်တူ ဆိုကိုး။
မထွေးလေး ဥပုသ်မစောင့်လေနှင့် ဆေးရိုးတို့ ဥပုသ်ဇရပ်သို့ ရောက်ပြီ။ ကြိုက်တော့လည်း ကြိုက်သည်ပေါ့။ ရုပ်ပျက်ဆင်းပျက် မဖြစ်အောင် ဟန်ဆောင်ရပုံမှာ သီလပေးမည့် ဘုန်းကြီးကို ရှေ့တည့်တည့်က ရှိခိုးလျှင် နောက်ကို လှည့်ကြည့်မှ မိထွေးလေးကို မြင်ရမည်မို့ မသင့်။ သို့ဖြစ်၍ ဘုန်းကြီး၏ ဝဲက ဖြစ်စေ၊ ယာက ဖြစ်စေနေသော လူအုပ်ထဲမှာ မရမက နေရာယူသည်။ လက်မနှစ်ချောင်းကို ပူး၍ နဖူးပေါ်ထောက်ထားသော်ငြား မျက်လုံးက မထွေးလေး ဆီမှာ။
သီလပေးသော ကိုယ်တော်က “ယံ-မဟံ ဝဒါမိ တံဝဒေထ” ဆိုကာ အဆုံးသတ်၍ သီလယူသူများ “အာမဘန္တေ” ခံကာ ဝတ်ချ ပြီးစီးသွားကြသည်။ ဆေးရိုး ဝတ်မချ၊ ငုတ်တုတ်ကြီး ရှိခိုးနေသည်။ ဥပုသ် ဇရပ်တစ်ခုလုံး တသောသော ရယ်မော၏။ သူ မသိ။ အမြင်မတော်သူ တစ်ဦးက ခေါင်းကို နှိမ့်ပေးမှ ကိုယ့် အဖြစ် ကိုယ် သိကာ ရှက်ကိုးရှက်ကန်းဖြင့် ထပြေးရ၏။ မိထွေးလေးကို ကြိုက်သမှ အားကြီး ကြိုက်သော ဆေးရိုး။ မိထွေးလေး၏ အသံသည် ဂရမ္မာဖုန်းထဲက မငွေမြိုင်၏ အသံနှယ် သာယာ၏။ မိထွေးလေး ရယ် ရိုးရယ်စဉ် ရယ်မောသော အသံကို ကြားရလွယ်သည်။ မိထွေးလေး ပြောရိုးပြောစဉ် အသံကို သိရလွယ်သည်။ မိထွေးလေး၏ အသံကို ဆေးရိုးဖခင် ဦးကျန်ကြီး သတိထားရ၏။
ရမ်းဘိုကုန်းရွာသည် စလင်းချောင်းအကွေ့ပေါ် တွင် တန်းစီ တည်ဆောက်ထားရာ အချို့နေရာ၌ တစ်အိမ်နှင့် တစ်အိမ် ရွာလယ်လမ်းက သွားလျှင် ဝေးသော်လည်း ချောင်းထဲက ဖြတ်သွားလျှင် နီးသည်။ သည် တော့ မိထွေးလေးတို့ အိမ်အနီး ရေခပ်ဆိပ်က အသံကို ဆေးရိုးတို့ အိမ်က အတိုင်းသား ကြားရသည်။ အခြားအသံတွေ ဘယ်လောက်ပဲလာလာ ကိစ္စ မရှိ။ မိထွေးလေးအသံ ဖြစ်လျှင်တော့ ဖိုးကျန်ကြီးက ဦးစွာ ကြားသည်။
“ဟဲ့ ဆေးရိုး နွားစာစဉ်းနေရင်းက ဘယ်ရောက်သွားပြီလဲဟင်”
အလုပ်လုပ်နေသော နေရာတွင် သူ့သား မရှိတော့ သော အဖြစ်။
“အမယ်ကြီး၊ ညည့်သား ဘယ်ရောက်သွားတုံး။ ဒီမှာလည်း ထွန်သွားတွေ ‘သ’ ရက် တန်းလန်း”
မိထွေးလေး အသံကြားရာသို့ ထပြေးသော ဆေးရိုးအကြောင်း။
သည်အဖြစ် သည်သနစ်တွေ ထပ်ပြန်တလဲလဲ ဖြစ်လာတော့ မိထွေးလေး အသံကို ဖိုးကျန်ကြီးက ဦးစွာ ကြားရတော့သည်မှာ မဆန်း။ ကြားသည်နှင့် ခေါင်းထောင်ကြည့်ပါက သူ့သား ပျောက်သွားပြီ။ ကိုယ်ကြိုက်သူနောက် ကောက်ကောက်ပါအောင် လိုက်ခြင်းကို ဖိုးကျန်ကြီး နားလည်စေကာမူ အလုပ်ကို ပစ်ပစ်သွားတာ သဘောမကျ။
သည်နှယ် သဘောမကျတာတွေ စုစုပြီး တေးတေး ထားရာ ဆေးရိုးတို့လယ် ကောက်စိုက်ရန် ၂ ရက် အလိုတွင် စိုက်ခင်း အသင့်ဖြစ်ရန် အပြေးအလွှား လုပ်ကိုင်နေရခိုက် လယ်တစ်ပွဲကျော်တွင် မိထွေးလေး ပါသော ကောက်စိုက်သမ ‘စည်း’ ကျသောနေ့ကို ဆုံလေ၏။ မိထွေးလေး၏အသံ သဲ့ခနဲ ကြားသည်နှင့် ထွန်ကိုင်းတွင် ကန်ကြိုးနှင့်နတံက လန့်ပြီး နွားနှစ် ကောင်ကို တမန်းပြင်ထဲ ပစ်ထားခဲ့ကာ အသံကြား ရာသို့ ဆေးရိုး ပြေးလေ၏။
မိထွေးလေးသည် ဆေးရိုးကို သတိမထား။ အများ၏ရှေ့မှာ ကျန်မနေခဲ့စေရန် အပြေးအလွှား စိုက်နေရသည်။ ဆေးရိုးကတော့ ကန်သင်းပေါ်က ဟေးလား ဝါးလား။ သစ်ပင်ရိပ် ရောက်သွားကာ အသံပေးလိုက်၊ စည်းထိပ်လာပြီး ဖိုသံပေးလိုက်နှင့်။ ဓားမကို ဆွဲကာ မြောင်းပေါင်ထိပ်မှာ ဖခင် ဖိုးကျန်ကြီး လာရပ်သော် ဆေးရိုး ပြေးပေါက်မှားပြီ။
“ဟင် သားပေါက်မသား လာခဲ့၊ ဒီလိုပဲ အလုပ်ကို ပစ်ပစ်သွားတာ ဘယ်နှခါ ရှိပြီလဲ”
အဖေ့ဒေါသကို ဆေးရိုး သိသည်။ မတော်တဆ ဓားနှင့် ခုတ်မှဖြင့်။ သို့ကြောင့် အခြားကန်သင်းအတိုင်း လယ်ထဲသို့ ပြန်အပြေး၊ အဘိုးကြီး ငါနှင့် ကိုင်တုတ်ကာ ဓားမတိုဖြင့် လှမ်းပစ်ရာ ကျောကို မှန်ပြီး ဆေးရိုး ပုံလျက်သား လဲကျသွားလေ၏။ သည်မျှဖြင့် ဖိုးကျန်ကြီး ဒေါသမငြိမ်း။ “ကနေ့တော့ နင့်ကို ငါ သ,တ်မှပဲ” အော်ပြီး ပြေးသွားရာ လယ်နီးပါးချင်းများ ပြေးလာကာ ဆွဲထားကြရသည်။
ဆေးရိုး ဘာကြောင့် ယင်းသို့ ဖြစ်ရသနည်း။ လယ်နီးချင်းများလည်း သိသည်။ ကောက်စိုက်စည်း တစ်စည်းလုံးလည်း သိသည်။
သည်တော့ မိထွေးလေးကို မျက်လုံးတွေက ဝိုင်းကြည့်ကြ၏။ မိထွေးလေး ရှက်သည်။ မိထွေးလေး၏ အရှက်သည် ဆေးရိုးအပေါ်သို့ အမျက်အဖြစ် ပုံကျလေ၏။ တစိုက်ငိုက်ငိုက် သူ့နောက် လိုက်သည်ကို မထောက်ထားဘဲ မိမိကို မထွေးလေး အမျက်သိုပြီ ဆိုသောအခါ ဆေးရိုး ရပ်တည်ရာ မရခဲ့။ ကြိုက်စရာလား၊ မုန်းစရာလား မစဉ်းစားအား။ လုပ်မိလုပ်ရာ လုပ်မိတော့သည်။
ရွာလယ်ဝတ်ကျောင်း (ဓမ္မာရုံ) ၌ အားလပ်သော ရာသီတွင် ဝတ်တက်သောအလေ့ရှိရာ အဘိုးကြီး၊ အဘွားကြီးများနှင့် မိန်းမပျိုကလေးများ ပါဝင်၏။
မိထွေးလေးသည် ရုပ်လှသလောက် စိတ်လှသည်လား မဆိုနိုင်။ ပရိတ်ရွတ် ဝတ်တက်သော မိန်းမပျိုများထဲ၌ ပါဝင်သည်။ လက်ဝါးတံဆိပ် ပုဏ္ဏားဆီ မီးရောင်အောက်ဝယ် ကြည်နူးသန့်စင်သော မျက်နှာဖြင့် ပရိတ်ရွတ်နေသော မိထွေးလေးကို မှောင်ရိပ်မှ တစိမ့်စိမ့်ကြည့်ရင်း ဆေးရိုးစိတ်မှာ အူချာပေါက်ပြီ။
သူသည် မိထွေးလေး ထိုင်နေသော နေရာကို မှန်းကာ ဝတ်ကျောင်းအောက် ဝင်သည်။ မိထွေးလေး၏ ဖင်ကို ဘော်လီချိတ်ဖြင့် ထိုးသည်။ မိထွေးလေး ခမျာမှာတော့ ကြမ်းပိုးကိုက်သည်ပဲ ထင်ရှာ၏။
မိမိသည် မိထွေးလေးကို အမှန်ပင် ထိုးမိပါလေစဟု ဆေးရိုး သံသယဝင်သောအခါ ကိုကျောက်လုံးဆေးလိပ် (ပြည်မြို့မှ လာသော တိုက်တံဆိပ် ဆေးပြင်းလိပ်) ကို မီးညှိသည်။ ဆေးလိပ်မီးထဲတွင် ချိတ်အဖျား နီရဲလာသည့် တိုင်အောင် ထည့်ထားပြီးမှ ထိုးလေရာ မိထွေးလေး၏ အင်္ကျီ၊ လုံချည်တွင် မည်းမည်း အပေါက်ကလေးတွေ ပြည့်နှက်နေလေတော့၏။ ယင်းသို့ ပြုသည့်အတွက် မိထွေးလေးက သူ့ကို ကြိုက်လာပါသလော။
“ကနေ့ကလေးတွေ ဝါစာကမာနဲ့ ဟေးလားဝါးလား လုပ်နေကြသလို မင်းလည်း လုပ်ခဲ့တာပါပဲကွာ။ အေး မင်းကိုတော့ မင်းအဖေက ဓားနဲ့ လှမ်းပစ်တယ်။ ဒီကလေးတွေကိုတော့ သူတို့မိဘက ပစ်ထားသလားကွ။ ဒါတော့ ကွာသပေါ့လေ”
“အေးကွ၊ ဟင်း ဟင်း ဟင်း မိထွေးလေးကို ချိတ်နဲ့သာ ထိုးရတယ်၊ ငါ့ကိုလည်း မကြိုက်ဘူးကွ။ ဟား ဟား ဟား”
ဦးဆေးရိုးသည် မည်းကြုတ်သော သွားလက်ကျန်ကလေးများပေါ်အောင် ရယ်မောလေသည်။ ရင့် ရော်သော ဘဝ၌ ပျိုမျစ်စဉ်ကာလကို သတိရသည်မှာ ငယ်ဆေးပေပဲ။
“တော့်အသံကို ရွာပြင်ကတောင် ကြားရတယ်လား”
ဦးပိတ်စ၏ဇနီး ဒေါ်ငွေခင် ဟင်းရွက်တစ်ထွေးကို လက်တစ်ဖက်က ဆုပ်၍ လက်တစ်ဖက်က သစ်သားချိတ်နှင့် ထင်းခြောက်သုံးလေးချောင်းကို ကိုင်လျက် လှေကားရင်းသို့ ရောက်လာရာ
“အေးဟာ နင်တို့ လယ်စည်းချမယ့်နေ့ လာမေးတာ၊ အဲဒါ ဘုတ်အုပ် ရှာမတွေ့လို့တဲ့”
“ကြီးကျယ်လိုက်တာတော်၊ ဖိန်းနွှဲခါတော်ရေ့ ဖိန်းနွှဲခါ။ ကိုပိတ်စက ဒါလေးမှ မမှတ်မိဘူးလား”
“သေချာအောင်လို့ပါဟာ၊ နင် ကိုင်သလား၊ ဘယ်မှာထားသလဲ ပြောစမ်းဟာ”
“ထရံကြားမှာတော်၊ ရှင်ဥပဂုတ်ကားနား ဝါးခြမ်းပြားနဲ့ ညှပ်ထားတာ။ မြွေဆိုရင် ကိုက်ပြီ”
ဒေါ်ငွေခင်သည် အိမ်ရှေ့က မတက်ဘဲ နောက်ဖေးဘက်သို့ လှည့်ဝင်သွား၏။ ဦးပိတ်စသည် ဗလာစာအုပ်ထဲက ရက်စွဲကို သေချာစွာကြည့်သည်။
“ဟုတ်တယ်ဟေ့ ဖိန်းနွှဲခါပဲ၊ မီပါသကွာ၊ စက်ဝင်ထားတဲ့ဟာကပဲ”
“မီတာက မီပါတယ်၊ ကျွေးဖို့ မွေးဖို့ ဧည့်ခံဖို့ ကြိုတင်ပြင်ဆင်ချင်လို့ပါ။ အင်း လလသသက ဖွဲ့ပေးတဲ့ သမဝါယမစည်းဆိုတော့ ညစ်တာတို့၊ လက်ကွက် ဖြဲချတာတို့ ကင်းတန်ကောင်းပါရဲ့”
“ကြားရသား အလိုကတော့ ကောင်းတယ်လို့ ပြောကြတာပဲကွ”
“သည်လိုဆိုရင် စေတနာနဲ့ ကျွေးရမွေးရ ဧည့်ခံရမှာပေါ့ကွာ”
ဦးဆေးရိုး ထရပ်လိုက်စဉ် မြင့်သောင်း ဆံပင်ညှပ်ဆိုင်ဆီမှ ဝါးဟားဟားအသံ ကြားရ၏။ ဦးဆေးရိုး တစ်ချက် မျက်မှောင်ကြုတ်ကာ ကြည့်မိပြီး တဖြည်းဖြည်း ပြုံးယောင်သမ်းလာချေသည်။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment