❝ လက်စသတ်တော့ ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
အိမ်ရှေ့ အိမ်ပေါ်နှင့် အိမ်အောက်တွင် မြစ်တွေကို မမြင်ရကတည်းက ဘဆေးရိုး မသင်္ကာပါ။ စိတ် မသိုးမသန့်ဖြစ်စဉ်တွင် ခံစားရသကဲ့သို့ ဖြစ်ပေါ်နေသည်။ သို့ဖြစ်လျှင် မည်သည့်နေရာတွင် မည်သူတွေသည် မတော်မတည့်တွေကို မည်ကဲ့သို့များ ကျူးလွန်နေကြပါသနည်း။
ကလေးတွေမှာ ဆော့ရန်နှင့် ငိုရန်၊ စားရန် ဟူသည့် အလုပ်သုံးမျိုးသာ ရှိသည်။ မည်ကဲ့သို့ ဆော့ရပါမည်နည်းဟု ကြံစည်ကြိုးပမ်းမှု မပြုပါဘဲလျက် ဆော့စရာသည် ရောက်ရှိလာ၏။
ယခုလည်း မည်ကဲ့သို့သော ကြံကြံဖန်ဖန်တွေကို မည်သည့် အကြိုအကြား၌ ဆော့နေကြပြီနည်း။
ဘဆေးရိုး နားစွင့်ကြည့်သည်။
မြစ်တွေ၏ တီးတိုးတိုင်ပင်သံများ မကြားရပါ။
ဘဆေးရိုး မျှော်ကြည့်ပြန်သည်။ အမြင်အာရုံ ညံ့ဖျင်းခဲ့ပြီ။ ရှင်းလင်းတိတ်ဆိတ်နေသည်ကိုသာ မြင်ရသည်။ မန်ကျည်းညီနောင်သုံးပွင့်ဆိုင်ပေါ်မှ ချိုးတစ်ကောင် ကူနေသည်။ သူ့အမွေးတွေ တဖွားဖွား ထနေသလော၊ လေလာရာဘက်သို့ မျက်နှာမူပြီး ကူနေသလော။
ရွာမြောက်ဘက် ချောင်းပြင်ကို မျှော်ကြည့်ပြန်သည်။ မိကျောင်း ဖွေးဖွေးမရှိ။ ချောင်းလယ်ကောင် သောင်ပြင်ပေါ်ရှိ ကိုင်းဖွေးဖွေးကို မြင်ရသည်။
လင်းဇင်းဆည်၏ အထက် ၆ တိုင်ကွာတွင် ရေလှောင်တမံကြီး ဆောက်လိုက်သည့်အတွက် စလင်းချောင်းမှာ ရိုင်းစိုင်းအား မရှိတော့ပါ။ ထိုအခါတွင် ချောင်းလယ်သောင်ရှိ ကိုင်းဖွေးဖွေးမှာလည်း ချောင်းရေ အနင်းခံရမည်ကို မစိုးရိမ်ရတော့ပါ။
ကိုင်းဖွေးဖွေးသည် ဘဆေးရိုးအား ချောင်းတိမ်ယာသို့ သွားရန် တိုက်တွန်း၏။ ပခုံးတင် ပုဆိုးစုတ်ကို ကောက်ယူပြီး ကပြင်မှ ဘဆေးရိုး ဆင်းလာသည်။ ချောင်းနဖူးထိပ်ရှိ ပြည်ပန်းညို အခေါင်းထဲတွင် တစ်စုံတစ်ရာ ထည့်ထားဟန်ရှိသည်။ တလူလူတလွင့်လွင့်ဖြင့် အစထွက်နေသည်။
“ဘာများပါလိမ့်”
သိချင်စိတ်ကြောင့် ဘဆေးရိုး သွက်သွက်လှမ်းသည်။ လေတံခွန်တစ်ခု ထိုးဆင်းပြီး သစ်ခေါင်းဝတွင် စက္ကူစုတ် အစအနများ ကပ်ငြိနေခြင်းဖြစ်သည်။
သစ်ခေါင်းမှာ တိမ်သည်၊ ကျယ်သည်။ နိမ့်လည်း နိမ့်သည့်အတွက် အသိုက်လုပ်မည့် အကောင်များ မရှိ။ ချောင်းတိမ်ယာသို့ သွားမည့် ဘဆေးရိုးသည် ကမ်းပါးထိပ်မှ ခုန်ချသည့် အရွယ်ကို ကျော်လွန်ခဲ့ပြီ။ သို့ကြောင့် လှေကားထစ်ရှိသည့် ဘက်သို့ မျက်နှာမူလိုက်စဉ် ရိပ်ခနဲ လူရိပ်ဟု ထင်ရသော အရာကို မြင်လိုက်ရသည်။ ရိပ်ခနဲ မြင်လိုက်ရသော အရာမှာ မြင့်သွေးကိုတို့ မောင်နှမလော၊ ငဟစ်ကြီးလော၊ ရွှေရည်ဝင်းလော၊ သတ္တိခဲလော။ မည်သူနည်း။
ဘဆေးရိုး မသေချာ။ သို့ရာတွင် မသင်္ကာဖွယ်သည် မည်သည့်အတွက် ဤနေရာသို့ ရောက်နေသနည်း။
ဘဆေးရိုးသည် ချောင်းတိမ်ယာသို့သွားရမည့် လှေကားကို ချန်ရစ်ခဲ့သည်။ နွားတင်းကုပ်ဘေးသို့ ရောက်သည်နှင့် အဖြစ်အပျက်ကို ဘဆေးရိုး သဘောပေါက်ပြီ။ နွားတင်းကုပ်တံစက်မြိတ်မှ ကျသောရေများ စီးဆင်းရန် ပတ်မြောင်း ဖောက်ထားသည်။ အကယ်တန္တု မိုးရွာခဲ့သော် ပတ်မြောင်းထဲ၌ ရေတွေ အီမနေစေရန် တနင်္ဂနွေထောင့်သို့ လွှဲထားသည်။
ထိုနေရာ၌ရှိသော အရာမှာ ထန်းပင်မြစ်ကျင်း။
ထန်းပင်မြစ်ကျင်း ဆိုသည်မှာ ဆောင်းဦးပေါက် ကာလ၌ ပေါ်လေ့ရှိသော ထန်းပင်မြစ်များကို စိုက်ပျိုးထားသော နေရာဖြစ်သည်။ ထန်းပင်မြစ်ကျင်း ပြုလုပ်မည့် မြေကို မွအောင် လုပ်ပြီးနောက် ထန်းသီးမှည့်များကို မြေမွပေါ်၌ စီထားသည်။ တစ်ထပ်မက သုံးထပ် အထိ စီနိုင်သည်။ အားလုံး စီပြီးသောအခါ အပေါ်မှ ထပ်မံပြီး မြေစိုင်၊ မြေမှန် စတိသဘော ဖုံးသည်။
တန်ဆောင်မုန်း၊ နတ်တော် ရောက်လျှင် ထန်းပင်မြစ်ကျင်း၏ ဘေးတွင် ထန်းပင်မြစ် တစ်ဆုံး နက်သော ကျင်းတစ်ကျင်းကို တူးပြီး မြေကို ဖြိုချလိုက်ပါက မြေနံရံတွင် စီရရီ ကပ်နေသော ထန်းပင်မြစ်များကို တွေ့ရလိမ့်မည်။
သို့သော် ထိုအရာသည် သစ်ပင်တစ်ပင် သို့မဟုတ် ထန်းပင်တစ်ပင်၏ ဖြစ်စဉ်များ အစဖြစ်သည်။
တံစက်မြိတ်မှ မိုးရေများ ထန်းပင်မြစ်ကျင်းတွင်းသို့ စီးဝင်လိမ့်မည် မျှော်လင့်သော်ငြား၊ မိုးမရွာသောကြောင့် ဘဆေးရိုးမှာ ထန်းပင်မြစ်ကျင်းကို ရေလောင်းပေးခဲ့ရ၏။ ထိုထန်းပင်မြစ်ကျင်းကို ကလေးတွေ မည်သည့်အရာ လုပ်နေကြသနည်း။
ဘဆေးရိုးသည် မြစ်တွေ၏ ခြေရာလက်ရာကို မြင်ရစေကာမူ မပီသသေး။ ပီပီသသ သိရမြင်ရရန် ထန်းမြစ်ကျင်းဘေးသို့ လာရပ်သည်။
‘တယ်မိုက်ကြပါကလား’
မြေတွင် လူက ချစိုက်သည် ဖြစ်စေ၊ ချမစိုက်ဘဲ ထားသည် ဖြစ်စေ ထန်းသီးစေ့သည် အချိန်တန်လျှင် အစို့ထွက်သည်။
ထိုအစို့ တစ်ထွာခန့် ရှည်ချိန်တွင် ထန်းသီးစေ့ အတွင်းရှိ ထန်းသီးဆန်သည် ပွလာပြီ။ အုန်းသီးတွင်းရှိ ဆန်ခြည်ထွေးနှင့်တူသော ထန်းဆန်ခြည်ထွေး ဖြစ်လာသည်။ ထန်းသီးစေ့၏ အညှောက် မတိုမရှည် အနေအထားတွင် ထန်းဆန်ခြည်ထွေးသည် စား၍ အကောင်းဆုံး အချိုဆုံးအချိန်ဖြစ်သည်။
ယခု ဘဆေးရိုး၏ မြစ်တွေသည် မြေကြီးထဲသို့ အညှောက်ထိုးစ ထန်းသီးစေ့တွေကို အညှောက်မှ ဖြုတ်ယူသွားကြပြီ။
ကလေးတို့သည် မျိုးစေ့ကို ပြုတ်စားနေကြသည်။ လှော်စားနေကြသည်။ ရေနွေးပူတွင် ထည့်ပြီး ပြုတ်ထားသော မျိုးစေ့သည် အပင် မပေါက်တော့ပါ။ အပင်မပေါက်သောကြောင့် ထိုအပင်မှ သီးလာပွားလာမည့်မျိုးကို မျှော်လင့်၍ မရတော့ပါ။ အလွန်ပူသော အိုးထဲတွင်ထည့်ပြီး လှော်ထားသော မျိုးစေ့သည်လည်း ထိုနည်းလည်းကောင်း ဖြစ်သည်။
ယခု ဘဆေးရိုး၏ မြစ်တွေကား မျိုးကို မပြုတ်ပါ။ မလှော်ပါ။ သို့သော် မျိုးကို သတ်ပြီး စားနေကြပြီ။
ဘဆေးရိုး၏ မြစ်တွေသည် ထန်းစေ့ထဲရှိ ထန်း ဆန်ခြည်ထွေးကို စားချင်သောကြောင့် ထန်းပင်မြစ်ကျင်းထဲရှိ ထန်းစေ့ကို ယူသွားကြသည်။
ထိုထန်းစေ့သည် အကြောင်းမဲ့ မတည်။ မြေထဲသို့ ထန်းပင်မြစ်ဖြစ်မည့် အစို့အညှောက်ကို အဆင်းခိုင်းနေသည်။ ပင်ရင်းဖြစ်သော ထန်းစေ့ မရှိသောအခါ အစို့အညှောက် သေပြီ။ ဆက်လက် ကြီးပွားကာ ထန်းပင်မြစ်အဖြစ် စားသုံးခန်း ကုန်ဆုံးချေပြီ။
ချောင်းတိမ်ယာသို့ ဆင်းမည့် ဘဆေးရိုး၏ အစီအစဉ်ပျက်ပြီ။
ထန်းပင်မြစ်ကျင်းမှ ထန်းသီးစေ့တွေကို ယူသူများမှာ မည်သူတွေနည်း။ မည်သူပင်ဖြစ်စေ ရိုက်နှက် ဆုံးမရန်ထက် အသိပေးရန်လိုသည်။
ထန်းသီးစေ့ကို ယူပြီး အတွင်းက ဆန်ခြည်ထွေးကို ခွဲစားသော ကလေးသည် မသိသောကြောင့် လုပ်ခြင်းဖြစ်သည်။ ထန်းပင်မြစ်ကျင်းမှ ထန်းသီးစေ့ လေးစေ့စာသာ နေရာ လစ်လပ်သေးသည်။ လစ်လပ်သည့် နေရာမှာ လတ်လတ်ဆတ်ဆတ်သာ ရှိသေးသည်။ မြေကြီးခဲကလေးတွေ၊ အိုးကင်းပဲ့ကလေးတွေ ရွေ့လျားနေသဖြင့် ခြေရာကောက်ရန် မခက်။ သို့သော် ထိုခြေရာရှင်သည် နွားတင်းကုပ်တွင်းသို့ ဝင်သွားသော အခါ ဘဆေးရိုး ခက်သွားသည်။
ထန်းသီးစေ့ကို ယူပြီး နွားတင်းကုပ်ထဲသို့ ဝင်သွားသော ကလေးသည် တောင်ဘက်သို့ သွားသလော၊ အနောက်ဘက်သို့ သွားသလော။ အရှေ့ဘက်တွင် ဝင်းထရံသာရှိသဖြင့် အရှေ့ဘက်သို့ သွားရန်ကား မဖြစ်နိုင်။ နွားတင်းကုပ်၏ တစ်ဖက်အစပ်သို့ ဘဆေးရိုး ရောက်လာသည်။ ညာဘက်သို့ သွားလျှင် အိမ်ရှေ့သို့ ရောက်မည်။ ဘယ်ဘက်သို့ ကွေ့လိုက်လျှင် မောင်ကိုကြီးတို့ မိသားစု၏ အိမ်ဂေဟာဖြစ်သော အဖီကလေးသို့ ရောက်မည်။
မောင်ကိုကြီးတို့အဖီဘက်သို့ ဘဆေးရိုး မျှော်ကြည့်သည်။ ထန်းသီးစေ့နှင့် တူသော အရာကို မမြင်ရ။ ထန်းပင် မြစ်ကျင်းမှ ထန်းသီးစေ့တွေကို ယူသွားသူသည် ထန်းသီးစေ့ကို ဓားဖြင့် ခွဲရမည်။ ထိုသို့ ဓားဖြင့် မခွဲသော်အထဲရှိ ထန်းဆန်ခြည်ထွေးကို ထုတ်ယူ စားသုံးခွင့် မရချေ။
ဘဆေးရိုးမှာ အစဉ်းစားရ ခက်သွားသည်။
ထန်းသီးစေ့များ ခွဲစားသော ခြေရာလက်ရာကို တင်းကုပ်ဝန်းကျင်၌ တွေ့ရလိမ့်မည်ဟု ဘဆေးရိုး မျှော်လင့်သည်။ မျှော်လင့်သည့်အတိုင်း မတွေ့သဖြင့် မောင်ကိုကြီး၏ အဖီဘေးသို့ သွားရမည်လော။ မောင်ကိုကြီး၏သား သီဟကိုနှင့် သမီး မြင့်သွေးကို တို့သည် စည်းကမ်းရှိကြသည်။ ထန်းပင်မြစ်ကျင်းကို ဖျက်ဆီးသော သူခိုးသည် အိမ်ဝိုင်းထဲသို့ အလွယ်တကူ ဝင်လာပြီး ထန်းသီးစေ့တွေ ယူသွားခြင်း မဟုတ်။ ခက်ခက်ခဲခဲ တင်းကုပ်တွင်း ဝင်ရသေးသည်။
သို့သော် ဤမျှဖြင့်လည်း ထန်းပင်မြစ်ကျင်းကို မတွေ့သေး။ နွားတင်းကုပ် အဆုံးသို့ ထွက်လိုက်မှသာ ထန်းပင်မြစ်ကျင်းကို တွေ့သည်။ သို့ကြောင့် ထန်းပင်မြစ်ကျင်းမှ ထန်းသီးစေ့တွေကို ယူငင်သွားသူသည် အတွင်းသိ မဖြစ်နိုင်သလော။ ဖြစ်နိုင်သည်။
ဖြစ်နိုင်သော အဖျက်သမား သူခိုးမှာ ငတက်ပြားမ၏သမီး ရွှေရည်ဝင်းနှင့် သတ္တိခဲ မောင်နှမ။ ခင်ခင်ကြီး၏သား ကျော်စံဦး (ခ) ငဟစ်ကြီး။ ထို့ပြင် မောင်ကိုကြီး၊ မြင့်မြင့်သွေးတို့၏ သားသမီးများ ဖြစ်ကြသော သီဟကိုနှင့် မြင့်သွေးကိုတို့ သာလော။ ကွယ်လွန်သူ ဦးဘညိန်း၊ ဒေါ်လှမေ၏ မြေးများ ရှိသေးသည်။
ဦးဘညိန်း၊ ဒေါ်လှမေ တစ်မိပေါက်မှာ လေးယောက်သာ ရှိသည်။
သည်လေးယောက်တွင်လည်း ပုစုခရု တိုးလိုးတွဲလဲက နှစ်ဦးသာ ရှိသည်။
သမီးကြီး မေကြည်မှာ သားချည်း သုံးယောက် မွေးထားသည်။ သူရကျော်နှင့် သူရသန်း၊ သူရထွန်း။ မေကြည်၏ အောက်တွင် ခင်မောင်ငြိမ်း ရှိသည်။ သူက သမီးချည်း မွေးထားသည်။ ပြုံးပြုံးငြိမ်းဦးနှင့် ပြုံးပြုံးရည်ငယ် ဟူ၏။ ခင်မောင်ငြိမ်းအောက်တွင် မောင်မောင်လှနှင့် ကျော်သူရ ဟူ၍ ရှိသေးငြား တစ်ယောက်က ကလေး မရှိ။ ကျန်တစ်ယောက်မှာမူ အိမ်ထောင်သော်မျှ မရှိသေး။
‘တော်ပြီ တော်ပြီ၊ ဥစ္စာပျောက် ငရဲရောက်သတဲ့’
ဘဆေးရိုးမှာ မြစ်တွေကို လက်ချိုးရေတွက်ရင်း ခေါင်းနောက်လာသဖြင့် လက်လျှော့လိုက်သည်။
ဝါသနာပါသောကြောင့် ထန်းပင်မြစ်မြှုပ်ကာ ထန်းပင်မြစ်ကျင်း လုပ်သော်ငြား သွားမျှ မရှိသူ။ မည်သို့လျှင် စားနိုင်ပါမည်နည်း။ သို့ရာတွင် နှင်းတဖြောက်ဖြောက် အောက်ရှိ ဆောင်းတွင်းမီးဖိုတွင် ထိုင်ရသော အရသာကို ဘဆေးရိုး မစွန့်လွှတ်နိုင်။
သည်မီးဖိုတွင် မြစ်တွေ တစ်လှေကြီးနှင့် ခေါက်ဟယ်၊ ထစ်ဟယ်၊ ငေါက်ငမ်းဟယ်လုပ်ရင်း ထန်းပင်မြစ်ကို မီးအုံးပြီး တစ်ယောက် တစ်ချောင်း၊ တစ်ယောက် တစ်ခြမ်းဝေငှရသည့် ပီတိကလည်း မြေး မြစ် မရှိသူတို့ ကြားသော်မျှ မကြားဖူးသော ချမ်းသာ ဖြစ်ပေသည်။
‘ သင်းတို့ဖို့ မြှုပ်ထားတဲ့ ထန်းပင်မြစ်ကျင်းကို သင်း တို့က စောင့်ရှောက်ရမှာ’
ဘဆေးရိုး မကျေနပ်သည်မှာ ဤအချက်ပင် ဖြစ်သည်။
‘အခုတော့ သူတို့က မစောင့်ရှောက်တဲ့အပြင် ဖျက်ဆီးတယ်ဆိုတော့’
ထန်းစေ့သူခိုးကို ခြေရာကောက်စဉ်က အသိပေးရန်သာ ရည်ရွယ်ခဲ့သော ဘဆေးရိုးမှာ တွေးရင်းတွေး ရင်း စဉ်းစားရင်းဖြင့် ရိုက်ချင် ခေါက်ချင်စိတ် ပေါ်ပေါက်လာ၏။
“ကုန်းကုန်း ကုန်းကုန်းနဲ့ ရီးဆေးရိုး ဘယ်လဲဗျ”
ဦးသာဒွန်း၏သား သောင်းလှိုင်၏ မေးသံကို ကြားရမှ အိမ်ရှေ့သို့ ရောက်လာပါတကားဟု ဘဆေးရိုး သတိပြုမိ၏။
ယခင်အခါက ရမ်းဘိုကုန်းရွာ၏ ရွာခရိုးသည် အိမ်ရှေ့တွင် ကပ်နေခဲ့၏။ ယနေ့တွင်မူ ရွာ့ပြင်ရှိ လှည်းလမ်းကို ရွာတွင်းသို့ သွင်းလိုက်သဖြင့် ရွာခရိုးသည် နောက်သို့ ဆုတ်သွားပြီ။ သို့ကြောင့် ဘဆေးရိုးမှာ အိမ်ရှေ့သို့ ရောက်လာသည်ကိုပင် သတိမထားမိခြင်းဖြစ်၏။
“ဘယ်ရယ် မဟုတ်ပါဘူးကွာ”
လေးတွဲ့စွာ ဖြေလိုက်ပြီးမှ သတင်းအစအန ရလိုရငြား စိတ်ကူးသည် ဘဆေးရိုး၌ ဖြစ်ပေါ်လာ၏။
“ဆောင်းတွင်းကျရင် ကလေးတွေ စားရအောင်လို့ တင်းကုပ်နားမှာ ထန်းစေ့တွေ မြှုပ်ထားတာကွာ၊ မိုက်လိုက်တဲ့ကလေးတွေ”
“ကလေးများ အပြစ်ပြောနေလို့ မောရုံရှိမယ်၊ ကလေးနဲ့ ခွေး အတူတူပဲဟာကို”
သောင်းလှိုင်၏ စကားမှာ ပါတောပိတ်ချေပြီ။ သို့လျှင်ဖြစ်ငြား ဘဆေးရိုး လက်မလျှော့လို။ သူ့မြစ်တွေ သည်မျှမညံ့။
“မဟုတ်သေးပါဘူးကွာ၊ အချိန်တန်ရင် သူတို့ ပါးစပ်ထဲကို ရောက်မယ့်ဟာမှန်း သူတို့ သိပါတယ်”
“ကျုပ်ပြောတာ မယုံရင် ခရိုးကို ကျော်ကြည့်လိုက်ပေါ့ဗျာ”
သောင်းလှိုင်သည် ပြောပြောဆိုဆို တောင်ပိုင်းသို့ ထွက်ခွာသွား၏။ ဘဆေးရိုးမှာ
“ဒီကောင် ဘာပြောတာပါလိမ့်”
စဉ်းစားနေပြီးမှ လည်ပင်းရှည် ကြည့်၏။ ရမ်းဘိုကုန်းရွာ၏ ရွာခရိုးသည် လှည်းလမ်းကို ငုံလိုက်သော်ငြား သာဒွန်းဝ မြောင်းဟောင်းပါရုံသာ ရှိချေ၏။ မြောင်းနှုတ်ခမ်းအထိ မတက်။ မြောင်းနှုတ်ခမ်းတွင် ငှက်ပျောပင် စိုက်သူစိုက်၊ အုန်းပင်စိုက်သူစိုက်ဖြင့် မြေပိုင် လုပ်ရန် ကြိုးစားနေကြ၏။
ဤအပင်တွေ ကြားတွင် ထန်းပင်မြစ်ကျင်းတစ်ကျင်း ရောက်နေသည်။ သူ့အိမ် မျက်နှာစာတွင် ဖြစ်နေပါလျက် ပိုင်ရှင်ကို ဘဆေးရိုး မသိ။ ဝင်းပြင် ခြံပြင်ရှိ ထန်းမြစ်ကျင်းတို့၏ ထုံးစံအတိုင်း ကင်ပွန်းခါး ဆူးခက်တွေ အုံထား၏။
ဘဆေးရိုးသည် ရွာထဲမှ လှမ်းကြည့်ရသည်ကို အားမရပါ။ အမြင် မသဲကွဲသော အရာဝတ္ထုအချို့က ကလူနော့နေသည်။ ထို့ကြောင့် အလယ်တံခါးသို့ လျှောက်လာပြီးမှ ထန်းပင်မြစ်ကျင်း ရှိရာသို့ ပြန်လှည့်လာရသည်။
ဓာတ်ပေါင်းစုဘုရား ပေါ်ပေါက်လာပြီးနောက် အတန်အသင့် ရှင်းလင်းသွားသော ဘုရားငါးဆူတောသည် မူရင်းအခြေအနေသို့ ပြန်လည်ရောက်ရှိနေသည်။ ခါတွန်သံကို ကြားရသဖြင့် ဘဆေးရိုး အံ့သြသည်။ ‘ခါထောင်မည့်သူပင် မရှိအောင် ဖြစ်နေပြီလား’ ဟု တွေးမိသည်။
ခါသည် စေတီပျက်ကြီးနှစ်ဆူ၏ ကြားရှိ ချုံတွေ အောက်မှ တွန်နေခြင်းဖြစ်သည်။ တစ်ကောင်တည်း တွန်ခြင်းမဟုတ်။ ပြိုင်ဖော်ပြိုင်ဘက် တစ်ကောင်ကောင်အား ဒေါသဖြင့် ရန်စနေသော အသံမျိုးဖြစ်သည်။ ရွာတွင်းမှ လှမ်းကြည့်စဉ်က မသဲမကွဲသာ မြင်ရသော ထန်းပင်မြစ်ကျင်းရှိရာ နေရာသို့ ဘဆေးရိုး ရောက်လာသည်။
“တယ်ဟုတ်ပါကလား။ ကင်ပွန်းခါးဆူး၊ ဆီးဆူးတွေတောင်”
ဘဆေးရိုး ကျေကျေနပ်နပ် ရေရွတ်သော်လည်း စကားမဆုံးပေ။ ‘တောင်’ တွင် တန့်သွားရခြင်းကား ထန်းပင်မြစ်ကျင်းဘေး တစ်နေရာတွင် ထန်းစေ့မှုတ်များကို မြင်လိုက်ရသောကြောင့် ဖြစ်၏။
တစ်စုံတစ်ယောက်သည် ထန်းပင်မြစ်ကျင်းထဲမှ အညှောက်ထိုးစ ထန်းသီးစေ့တွေကို ယူပြီး အထဲမှ ထန်းဆန်ခြည်ထွေးများကို ဓားဖြင့်ခွဲပြီး စားသွားသည်။ ဘဆေးရိုးသည် ထန်းစေ့မှုတ် ထက်ခြမ်းကွဲများကို စူးစိုက်ကြည့်နေမိသည်။
“ထန်းပင်မြစ်ဖြစ်မယ့် ထန်းသီးစေ့ထဲက ဆန်ခြည် ထွေးကို ထုတ်စားလိုက်တော့ ဘယ်လောက်စားရမှာတုံး”
သို့သော် ဤအချက်သည် ဘဆေးရိုးအတွက် အရေးမကြီးပါ။ ဤအမှုကို မည်သူ ကျူးလွန်သနည်း ဆိုသော အချက်သာလျှင် အရေးကြီးပါသည်။
ယခု ဤထန်းပင်မြစ်ကျင်းဘေးတွင် အသေအချာ ဓားဖြင့် ခွဲစားသွားသူသည် တင်းကုပ်ဘေးရှိ ထန်းပင်မြစ်ကျင်းကို ဖျက်ဆီးသွားသူပေလော။ ထိုသူသည် မည်သူနည်း။
အချို့သော ထန်းစေ့မှုတ် အကွဲများသည် ဓားရာ မပီသ။ အပဲ့အရွဲ့တွေဖြင့် ထက်ခြမ်းကွဲနေသည်။ ဓား အတုံးဖြင့် ခွဲခြင်းလော။ ဓားကောင်းပါလျက် ကလေးတစ်ယောက်၏ ခွန်အားဗလဖြင့် ခွဲသောကြောင့်လော။
ဘဆေးရိုးသည် သူ့ဘာသာ အဆိုတင်ပြီး သူ့ဘာသာသူ ခေါင်းယမ်းခြင်းဖြင့် ပယ်ချလိုက်လေ၏။ ပါးသော ထန်းစေ့မှုတ်သည် ဓားဖြင့် ခွဲသည် ဖြစ်စေ၊ ကျောက်တုံးပေါ်တွင် ရိုက်ခွဲသည် ဖြစ်စေ ကွဲသည်သာ ဖြစ်၏။ အခွံထူသော ထန်းစေ့မှုတ်များမှသာ ဓားအခွဲကို စောင့်စားလေ့ရှိပေ၏။
ဘဆေးရိုးမှာ ချောင်းတိမ်ယာသို့ သွားမည့် စိတ်ကူး ပျက်ခြင်းသာ အဖတ်တင်၏။ ထန်းပင်မြစ်ကျင်း အဖျက် ခံရသဖြင့် စိတ် ကသိကအောက် ဖြစ်ရသော်ငြား လက်သည် မပေါ်။ ခေါင်းခါခါ လည်ခါခါဖြင့် အိမ်သို့ ပြန်လာသည်။ မန်ကျည်းပင်အောက်သို့ ဝင်ထိုင်ကာ ရေနွေးကြမ်း အအေးကြီးကို ကရားနှုတ်သီးမှ မော့သောက်၏။ ကျနေသော ရေနွေးကြမ်းအအေးသည် ဘဆေးရိုး အတွက် အမောပြေဆေးဖြစ်၏။ သူသည် ရေနွေးကြမ်းအိုးကို ပြန်ချထားရင်းက အိမ်အောက်သို့ လှမ်းကြည့်သည်။ တကုန်းကုန်း အလုပ်များနေသော အမေကြီး ကျီးဒန်။
“အမယ်ကြီးအို ဘာလုပ်နေသတုံး”
“ထန်းသီးဆန် ခွဲစားနေသတော့်”
အမေကြီး ကျီးဒန်သည် အိမ်အောက်မှ ဆောင့်ကြောင့်ထိုင်မပျက် တရွေ့ရွေ့ ထွက်လာရင်းက
“ရွာ့ပြင်မှာ ထန်းပင်မြစ်ကျင်း တွေ့လို့ လေးငါးဆယ်လုံး သွားပြီး ခွဲစားပြီးမှ ကိုယ့်မှာ ထန်းပင်မြစ်ကျင်းရှိတာ သတိရသတော့်” ဟု ပြောသည်။
“ဖြစ်ရလေ ကျီးဒန်ရယ်”
ဘဆေးရိုးမှာ ညည်းညည်းတွားတွားကြီး မြည်တမ်းမိသည်။
“ထန်းပင်မြစ် ဖြစ်တဲ့ အခါကျတော့ သွားမရှိတဲ့ ကျုပ်က စားနိုင်တာမှ မဟုတ်တာကလား။ အဲဒီတော့ ကျုပ် ဝါးနိုင်တဲ့ ဆန်ခြည်ထွေးပဲ ဖော်စားရတယ် တော်ရေ့။ ဒါပေမဲ့ ချောင်းဆိုးမှာလည်း သတိထားရသေး”
ဘဆေးရိုးမှာ သူ၏ ပင်ပန်းမှုကို မြုံထားလိုက်ကာ အမေကြီး၏ အပြောကို ခေါင်းညိတ်ခြင်းဖြင့် လက်ခံနေမိလေ၏။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment