Sunday, November 8, 2026

ဆန်ရေတစ်ကွက် စုတ်တစ်ချက် ပန်းချီကား


❝ ဆန်ရေတစ်ကွက် စုတ်တစ်ချက် ပန်းချီကား❞
▢ ကျော်ဟန် ( မြန်မာစာ )

ရင်းနှီးသော သူငယ်ချင်းတစ်ဦးက သူ့အလှူသို့ ဖိတ်ကြား သဖြင့် “ပြကန်ရွာ”ကို ကျွန်တော် ရောက်ခဲ့သည်။

အလှူက နေ့လယ်ပိုင်းမှ တရားနာမည်မို့ ရောက်တုန်းရောက်ခိုက် ဒွေးလေးဒေါ်အေးမြင့် (အမေ့ညီမ) အိမ်ကို ဦးစွာ သွားလိုက်သည်။ ဒွေးလေးက ကျွန်တော့်ကို မမှတ်မိ။ “ကျွန်တော် ဒေါ်အေးလှိုင်သား” ဟု ပြောပြရသည်။ ဒီတော့မှ “ကလေးဘယ်နှယောက် ရပြီလဲ၊ လုပ်စာတွေကော ကောင်းရဲ့လား” စသည်ဖြင့် အကြောင်းစုံ မေးမြန်း၍ ရွှန်းရွှန်းဝေနေအောင် ပြောလေတော့သည်။

ကျွန်တော်နှင့် ဒွေးလေး စကားကောင်းနေစဉ် အသက် ၅၀ နှစ်ဝန်းကျင်ခန့် အဒေါ်ကြီးတစ်ယောက် ဝင်လာသည်။ ဦးခေါင်းထက်တွင် လုံချည်အနွမ်းတစ်ထည်တင်လို့။ တောင်ဘက် “ဝန်ခင်ရွာ” မှ အလှူလာသော ဧည့်သည်များအား ချက်ကျွေးရန်ဆိုကာ ဒွေးလေးထံမှ ဆန်တစ်ပြည် ချေးယူပါသည်။ ပါလာသော လုံချည်ဖြင့် ဆန်ကို ထုပ်ယူသွားသည်။ ဒွေးလေးက “ထိုင်ပါဦးလား” ဟု ဆိုသည်ပင် မထိုင်တော့။

“သူကတော့ တို့ရွာမှာ စံပြပဲဟေ့”

ဒွေးလေးက စကားစသည်။

“ဘယ်လိုစံပြတာလဲ ဒွေးလေးရ”

ကျွန်တော်က နားမလည်သဖြင့် မေးလိုက်သည်။

“သူ့သားရော သမီးရော အရာရှိတွေ ဖြစ်အောင် ရှိတဲ့ လယ်တွေ ဖြုတ်ပြီး ကျောင်းထားပေးတယ်လေ”

ကျွန်တော် အံ့သြသွားသည်။ သားတွေ၊ သမီးတွေ အရာရှိ ဖြစ်လျက်။

ပြီး သားတွေ၊ သမီးတွေ အရာရှိဖြစ်အောင် ကျောင်းထားပေးနိုင်သော အခြေအနေ ရှိခဲ့ပါလျက်၊ ယခုတော့ ဆန်ပင် သူများအိမ်ကို ချေးငှားရသော အဖြစ်မျိုး ဆိုတော့...။

“သူ့သားတွေ၊ သမီးတွေက မကျွေးမပေးဘူးလား ဒွေးလေး”

“မောင်နှမ နှစ်ယောက်စလုံး အိမ်ထောင်ကျကုန်ပြီလေ။ လိုက်လာဖို့တော့ ခေါ်ကြပါတယ်။ သူစိမ်းတွေ ရှိနေပြီဆိုတော့ သိပ်တော့ မပေးနိုင်ကြဘူးပေါ့။ ဒေါ်ဝင်းအေးကလည်း မလိုက်ဘူးလေ။ သူ့အတွက်နဲ့ သူ့သားတွေ၊ သမီးတွေ အိမ်ထောင်ရေး မသင့်မမြတ်ဖြစ်မှာ စိုးတယ်တဲ့လေ။ ပြီး သူ့သားတွေ၊ သမီးတွေ ကျောင်းထားတာက သူတို့လုပ်စာ စားချင်လို့ မဟုတ်ဘူးတဲ့။ သူ့လို မဆင်းရဲစေချင်လို့ ကျောင်းထားခဲ့တာတဲ့လေ”

ဒွေးလေးထံမှ မကြာခင်ကပင် ဆန်ချေးသွားသော မိခင် တစ်ယောက်ဖြစ်သည့် ဒေါ်ဝင်းအေး၏ စကားသံများကို ကြားသိရသောအခါ ကျွန်တော်၏ အတွေးထဲတွင် မိဘတို့၏ နက်ရှိုင်းလှသော မေတ္တာတရားအကြောင်းများသာ ရစ်ဝဲနေပါတော့သည်။

▢  ကျော်ဟန် (မြန်မာစာ)
📖 မဟေသီ မဂ္ဂဇင်း
      မတ်လ ၊ ၂၀၂၀

No comments:

Post a Comment