❝ စကားလုံးပါဝါ ❞
( မောင်မြင့်အောင် )
ကျွန်တော်နှင့် ထိတွေ့မှု မရှိသော အရာများထဲတွင် လေယာဉ်ပျံ တစ်စီး ပါသလို ကျောက်မျက်ရတနာပြပွဲ တစ်ခုလည်း ပါသည်။ အရက်ဆိုင် တစ်ဆိုင်နှင့် ဘဏ် တစ်ခုလည်း ပါသည်။ ထို့အတူ ဟိုတယ်နှင့် တည်းခိုခန်းများလည်းပါသည်။ ဒါကလည်း ရှင်းသည်။ ကျွန်တော်က ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင် သန်းခေါင်စာရင်းနှင့် နေသူမို့ တည်းခိုခန်းများနှင့် ပတ်သက်စရာ မလိုပေ။ ခရီးဝေး ထွက်သည့် အခါမှာလည်း မြို့ခံသူငယ်ချင်း အိမ်များ ရှိသဖြင့် တည်းခိုစရာ အတွက်လည်း မပူရပေ။ သည်လိုနှင့် တစ်ရက်မှာ ပုသိမ်မှာ နေသော သူငယ်ချင်း ‘ကိုကျော်’ ရန်ကုန် ရောက်လာသောအခါ ကျွန်တော် အားနာရသည်။ ၁၀ ပေလောက် ရှိသော ကျွန်တော့်အိမ်လေးမှာ ခေါ်မထားနိုင်သောကြောင့် ဖြစ်သည်။ သူကလည်း ကျွန်တော့်၏ အခြေအနေကို သိနေသောကြောင့် နားလည်သည်။ ထို့ကြောင့် သူ ရန်ကုန် ရောက်သည်နှင့် သူ တည်းနေကျ တည်းခိုခန်းသို့ ချိန်းဆိုပြီး သွားတွေ့ရသည်။
••••• ••••• •••••
ယခုတစ်ခေါက်မှာလည်း သူနှင့် အဆက်အသွယ် ရသော ကြောင့် တည်းခိုခန်းလေးသို့ ရောက်သွားသည်။ ဧည့်စာရင်းမှာ သူ့အမည်ကို တွေ့သဖြင့် သူ ရောက်နေမှန်း သေချာသော်လည်း အပြင် ထွက်သွားပုံရသည်။ ဖုန်းဆက်ကြည့်သည်။ “လူကြီးမင်း” နှင့်သာ တွေ့ရသည်။ ထို့ကြောင့် ဧည့်ခန်းမှာပဲ ထိုင်စောင့်နေလိုက်သည်။
ထို့အတူ နံရံတွင် ပလတ်စတစ် လောင်းထားသော စည်း ကမ်းချက်တွေကို ဖတ်ကြည့်နေမိသည်။
- အမှိုက်မပစ်ရ-စည်းကမ်းရှိပါ
- မိတ်ဆွေများကို အိပ်ခန်းတွင်းသို့ မခေါ်ရ အိပ်ခန်းအတွင်း စားသောက်ခြင်း မပြုရ
- နေ့လယ် ၁၂ နာရီကျော်လျှင် နောက်တစ်ရက်ခ ပေးရမည်
စည်းကမ်းချက်များထဲက တစ်ခု ကျွန်တော် သဘောကျ သည်။ ထို့နောက် သူငယ်ချင်းကို စောင့်ရင်း ဟိုဟိုဒီဒီ ကြည့်နေစဉ် အဝင်အထွက် လိုက်ကာကြားမှ တစ်စုံတစ်ယောက်ကို သတိထားလိုက်မိသည်။
ကျွန်တော် သတိထားလိုက်မိသည်မှာ စက္ကန့်ပိုင်းလောက်သာ ဖြစ်သည်။ သို့သော် အလွတ်ရနေသော အင်္ဂလိပ်စာလုံး တစ်လုံးကို အဘိဓာန်လှန်စရာ မလိုဘဲ အလွယ်တကူ ဘာသာပြန်တတ်သွားခြင်း ဖြစ်သည်။
လေအတိုက် လိုက်ကာ တစ်ချက် လွင့်သွားစဉ် မိတ်ကပ်၊ နှုတ်ခမ်းနီ ဆိုးထားသော တစ်စုံတစ်ယောက် အခန်းတစ်ခုမှ နောက်ဘက်သို့လျှောက်သွားသော လှုပ်ရှားမှုကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။ တစ်ဆက်တည်းမှာပင် ကောင်တာစာရေး နောက်က သတ်သတ် ချိတ်ဆွဲထားသော စာတန်းလေးကို ကျွန်တော် ဖတ်လိုက်မိသည်။
“အမျိုးသမီးမေးခြင်း သည်းခံပါ”
▢ မောင်မြင့်အောင်
📖 မဟေသီ မဂ္ဂဇင်း
မေလ ၊ ၂၀၁၉