❝ အားမကျပေါင် ❞
သည် မိန်းမ ကို စ တွေ့ကတည်း က ယမုံ ကြည့် မရခြင်း ဖြစ်သည် ။ ရှည်လျားသော သူမ ၏ ဆံပင်တွေ ကို နဖူး ပြောင်အောင် ဆွဲဖြီး ကာ ဆံထုံး ကို ပုံပန်းမကျ ထုံးနှောင်ထားသည် ။ အသားလတ်လတ် မျက်နှာပြင် မှာ သနပ်ခါး ရေကျဲ အမြဲ လူးထားတာ တွေ့ရသည် ။ မျက်ခုံး ထူထူ နှင့် မျက်လုံးတောက်တောက် ကတော့ ထူးခြားမှု အရှိသား ။ အဝါ ရောင် သမ်းနေသော အင်္ကျီဖြူ ၊ ပြည်တွင်းဖြစ် မာစရိုက်ကျောင်းစိမ်း နှင့် မောင်ဗမာ မိန်းမစီး စက်ဘီးစုတ်လေး ချောက်ချက် ချောက်ချက် နင်း နေသည်က အထင်ကြီးစရာ တစ်စက် မှ မရှိချေ ။ သို့သော် သူမ ၏ သွင်ပြင်နှင့် မလိုက်ဖက်စွာ မျက်နှာကျော တင်းလှသည် ။ မာန နှင့် တင်းခြင်း လည်း မဟုတ်ပါ ။ မာနကြီး လောက်အောင် သူမ မှာ ဘာ ပြည့်စုံမှု မှ မရှိဘဲလေ ။
ကိုကို့ ရုံး နှင့် ထို မိန်းမ ၏ ကျောင်း က လည်း လမ်း သာ ခြားသော မျက်နှာချင်းဆိုင် တည့်တည့် ဖြစ်သည် ။ ကိုကို့ ရုံး ကို အပို့အကြို လုပ်တိုင်း ထို မိန်းမ နှင့် ဆုံဖြစ်သည် ။ ယမုံ က ဆူပါရု ကားဖြူလေး ကို ကိုယ်တိုင် ကျွမ်းကျင်စွာ မောင်းပြီး ကိုကို ရုံး ကို ပို့သော အချိန် နှင့် ထို မိန်းမ က သူမ ၏ စက်ဘီးစုတ်လေး ကို မျက်နှာချင်း ဆိုင် မှ နင်း လာချိန် အမြဲ ဆုံစည်း တတ်သည် ။ ယမုံ က ကားစတီယာတိုင် ပေါ် မှာ ဟန်ပါပါ လက် တင်ရင်း ရုံး တက်မည့် ကိုကို့ ကို ..
“ နေ့လယ် ဆယ့်တစ်နာရီ ယမုံ လာ ကြိုမယ်နော် ”
ဟု ညုတုတု ပြောရင်း ထို မိန်းမ ကို မျက်လုံး စွေ ကြည့်စဉ် ထို မိန်းမ နှင့် စက်ဘီးစုတ်လေး က ကျောင်း ထဲ ဝင်သွားတာ တွေ့လျှင် သိပ် မကျေနပ်ချင် ။ အမှတ် ( ) မူလတန်းကျောင်း ဟူသော ဆိုင်းဘုတ်လေး ကြောင့် ထို မိန်းမ သည် မူလတန်းကျောင်းဆရာမ ထက် မပိုနိုင်ပါ ။ ထို မိန်းမ သည် ယမုံ နှင့် ယှဉ်ပြိုင် ရလျှင် အသက်အရွယ်ချင်း တူပေမယ့် ယမုံ ပိုပြီး နုပျိုလှပနေမည် အမှန်ဖြစ်သည် ။ ဘဝ ချင်း ယှဉ် လျှင်လည်း ယမုံ အစစ သာလွန်ပြီး ဖြစ်သည် ။ ဝင်ငွေ ကောင်းသော ဌာန တစ်ခု မှ အရာကြီး တစ်ဦး ၏ ချစ်လှစွာသော ၊ ချောမော လှပသော ၊ အရာရာ ပြည့်စုံမှု ရှိသော ဇနီးမယား ဘဝ ကို ယမုံ ပိုင်ဆိုင် ထားသည် ။ မိန်းမတိုင်း စိတ်ကူးယဉ် မက်မောလောက်သည့် ဘဝမျိုး ပါပေ ။ ဖူးရွလှပနေအောင် အစွမ်းကုန် ပြင်ဆင်ပြီး ကားလေး ကို ကိုယ်တိုင် မောင်း ကာ ကိုကို့ ရုံး ကို အပို့အကြို လုပ်ရခြင်းကို ယမုံ ကျေနပ်သည် ။ လမ်းပေါ် မှ လူများ ၏ အားကျ မက်မောစွာ ကြည့်ရှုကြ သော မျက်လုံးများစွာ အပေါ် မှာ မိန့်မူး သာယာတတ်သည် ။
“ ဦးမောင်မောင်တင် အမျိုးသမီး က တကယ် လှတာပဲ ”
ဟူသော ကိုကို့ ရုံး အသိုင်းအဝိုင်း မှ လူအများ ၏ ချီးမွမ်းထောမနာ ပြုသံက နားဝင် ချိုလှသည် ။ မြို့ငယ်ကလေး ဆိုတော့လည်း ယမုံ့ အလှ နှင့် ဘဝ က လိုအပ်သည် ထက် ပိုမို ကျော်ကြားနေလေ၏ ။
သို့သော် ဟို မိန်းမ က ပြိုင်ဘက် ကင်းသော ယမုံ့ ၏ အလှ နှင့် ဘဝ ကို အများ နှင့် ဆန့်ကျင်စွာ ဥပေက္ခာ ပြုထားသည် ။ ယမုံ့ ကို ကြည့်သော အခြား မိန်းမ များစွာ ၏ မျက်လုံး အတွင်း မှာ တွေ့ရတတ်သည့် အားကျ ၊ အထင်ကြီး ၊ မက်မောမှုတွေ မတွေ့ရခြင်း အတွက် ယမုံ နှလုံးသား မှာ ဆူးတစ်ချောင်း နစ် ဝင်နေသလို ခံစားသည် ။ ယမုံ့ ကို ကြည့်သော ထို မိန်းမ ၏ မျက်လုံး ထဲ မှ အရောင်အဆင်း ကို ယမုံ မုန်းတီးသည် ။ ထို မိန်းမ ကို မြင်တွေ့ရသည် မှာ တစ်မျိုးကြီး မှ တကယ့် တစ်မျိုးကြီး ပါ ။
ထို မိန်းမ အပေါ် အထင်သေး စိတ် နှင့် အတူ မကျေနပ်ခြင်း အမြုံ သည် ယမုံ့ ရင်တွင်းမှာ အုံကျင်း ဖွဲ့ လျက်ရှိလေ၏ ။
••• ••• ••• •••
ဒီနေ့ ကိုကို ရုံးဆင်းတာ နောက် ကျသည် ။ ယမုံ က စောစော ရောက်နှင့် နေသည် ။ ကိုကို့ ကို စောင့်ရင်း ကား ပေါ်မှာ ထိုင်နေစဉ် မျက်နှာချင်းဆိုင် မူလတန်းကျောင်း မှ ကျောင်းဆင်းခေါင်းလောင်း ထိုး သံ ကြား ရသည် ။ မကြာခင် ကျောင်းသားတွေ ကျောင်းဂိတ် တံခါးဝ မှ စုပြုံ ထွက်လာသည် ။ ထို့နောက် ဆရာ , ဆရာမ အချို့ ..... ။ ဆရာ , ဆရာမများ နှင့် လာကြိုသူ ကျောင်းသားမိဘ ၊ အထူးသဖြင့် မိခင်များ က ယမုံ့ ကို အမှတ်ထင်ထင် ကြည့် သွားကြသည် ။ ဟော... လာပါပြီ ။ မျက်နှာကျော တင်းတဲ့ မိန်းမ ၊ စက်ဘီးစုတ်လေး တွန်း ကာ ကျောင်းဝန်း ထဲ မှ ထွက် လာသည် ။ ယမုံ့ ကို တစ်ချက်လေး မှ ငဲ့ မကြည့်ဘဲ ကားဘေး မှ ဖြတ်ကာ စက်ဘီး တွန်း သွားသည် ။ မလှမ်း မကမ်း မှာ ရှိသော လက်ဖက်ရည်ဆိုင်လေး ဆီ သို့ ဦးတည်၍ ဖြစ်သည် ။ ကားတံခါး ပင် လော့ လုပ်ခြင်း မပြုနိုင်ဘဲ ယမုံ ဆင်း လိုက်သွားသည် ။
ထို မိန်းမ က လက်ဖက်ရည်ဆိုင် ၏ စားပွဲ တစ်လုံး မှာ ထိုင် နေ သည် ။ ပလပ်စတစ် ခြင်းဟောင်းလေး ကို စားပွဲပေါ် တင် ထားသည် ။ ခြင်း ထဲ မှ စာအုပ်တွေ ၊ စာရွက်စာတမ်းတွေ ထိုးထိုးထောင်ထောင် နှင့် ... ။ စားပွဲထိုးကောင်လေး က ဓာတ်ဘူးသေးသေး တစ်လုံး နှင့် ပါဆယ်ထုပ် ထားသော မုန့်ထုပ်လေး ကို ထို မိန်းမ အား လာ ပေးသည် ။
“ ဆယ့်ရှစ်ကျပ် ကျ ပါတယ် ဆရာမ ”
ထို မိန်းမ က ဓာတ်ဘူး နှင့် မုန့် ကို သူမ ၏ ခြင်းတောင်း ထဲ သို့ စနစ် တကျ ထည့် နေစဉ် ...
“ လစ်ပတန်တီး ရမလားဟေ့ ”
ယမုံ က ထို မိန်းမ နှင့် အနီးဆုံး မျက်နှာချင်းဆိုင် စားပွဲ မှာ ဝင် ထိုင် ရင်း မေး လိုက်သည် ။ ယမုံ့ အသံ ကြောင့် ထို မိန်းမ အနီး က စားပွဲထိုး လေး “ ပျာ ” သွားသည် ။
“ လစ်ပတန်တီး မရှိပါဘူး မမ ၊ ရိုးရိုး လက်ဖက်ရည် ရှယ် ရပါ တယ် ”
ကောင်လေး က ရိုကျိုးစွာ ဖြေသည် ။ ဆိုင်တွင်း မှ လူအားလုံး ၏ အကြည့် နှင့် အာရုံ က ယမုံ ထံ စုပြုံ ကျလာသည် ။ ယမုံ လို ချင်တာ ဒါပဲ ဖြစ်သည် ။ ဟို မိန်းမ သာ ယမုံ ကို ကြည့် နေလျှင် သေသပ်လှပသော ၊ မြင့်မားသော ဂုဏ်သရေ ရှိသော မိန်းမ တစ်ယောက် ကို အထင် ကြီးစွာ တွေ့မြင်ရပေလိမ့်မည် ။
“ တော်ပြီကွယ် ၊ ထရစ်ပယ်ဖိုက် တစ်ဘူးပဲ ပေးတော့ ”
ယမုံ က အဖိုးတန် လက်ပွေ့အိတ် ထဲ မှ ငါးရာတန် အုပ် ကို မလို အပ်ဘဲ ထုတ် ပြီးမှ ထို အုတ် ထဲ မှ ငါးရာတန် တစ်ရွက် ဆွဲ ထုတ် ပေးလိုက် သည် ။ ယမုံ ဆိုတာ ပေါ့ကက်မန်းနီး တောင် ငါးရာတန် အုပ် လိုက် ထုတ် ကိုင် သုံးတဲ့ မိန်းမ ဆိုတာ သိပြီ မဟုတ်လား ။
ဟို မိန်းမ ကတော့ သူမ ၏ ကချင်ရိုးရာ ပိုက်ဆံ အိတ် တွန့်ကြေ ကြေလေး ထဲမှ လက်ဖက်ရည်ဖိုး ငွေ တစ်ဆယ့်ရှစ်ကျပ် ကို ခဲခဲယဉ်းယဉ်း ထုတ် ယူနေသည် ။ အိတ်ထဲ က စက္ကူစုတ်တွေ ကြား မှာ အတော် ရှာ နေ ရဟန် တူသည် ။
“ ပိုက်ဆံ ထားခဲ့ပြီ ဟေ့ ”
ဆယ့်ငါးကျပ်တန် တစ်ရွက် နှင့် ကျပ်တန် သုံးရွက် ကို စားပွဲပေါ် မှာ တင် ထားခဲ့ပြီး သူမ ၏ ခြင်း ကို ဆွဲကာ ထွက် သွားသည် ။ သူမ ၏ အသံက ဆရာမ ပီပီ စီးစီးပိုင်ပိုင် ဖြစ်သည် ။ ထို မိန်းမ စက်ဘီးစုတ်လေး နှင့် ထွက် သွားတာကို မြင်ကွင်း မှ ပျောက်ကွယ်သည် အထိ ယမုံ ငေးကြည့်နေမိသည် ။
ကားပေါ်မှာ ထိုင်ရင်း စီးကရက်ဘူးသစ် မှ စီးကရက်တစ်လိပ် ကို မီးညှိ ဖွာရှိုက်ရင်း ကျေနပ်နှစ်သိမ့်မှု အရသာ ကို တစိမ့်စိမ့် ခံစားရတာ ၊ မည်သည့် အရသာနှင့်မှ မတူပါချေ ။
“ အီးဗနင်းဒရိုက် ( evening drive ) ဟေ့ ”
ကိုကို က ပြောတော့ ယမုံ အလှ ပြင်ပြီးပြီ ။ ထမင်းစား ပြီး ညနေပိုင်း ယမုံ နှင့် ကိုကို ကား လျှောက် မောင်းတတ်သည် ။ ထိုအချိန်မှာ ကိုကို က ကား မောင်းပြီး ယမုံ က ဘေး မှာ ခပ်မြိန့်မြိန့်လေး ထိုင်ကာ လိုက်ပါရင်း မိမိ ဘဝ ကို ကျေနပ် ရပြန်သည် ။ ပြည့်စုံကြွယ်ဝသော ဂုဏ်သရေရှိ ယောက်ျား တစ်ယောက် ရ ထားခြင်း ( သို့ ) ရအောင် ယူ ထားနိုင်ခြင်း နှင့် အတူ မျှော်မှန်းတောင့်တခဲ့ဖူးသော ဘဝ လှလှ ကို ပိုင်ဆိုင်ရခြင်း တို့ အတွက် ကျေနပ်မှု အထွတ်အထိပ် မှာ ရှိနေသည် ။ ကိုကို က ယမုံ့ ထက် အသက် အနည်းငယ် ကြီး နေခြင်း ကလည်း ယမုံ ဆိုး နွဲ့ နိုင်ရန် အခွင့် အရေး တစ်ရပ်ပင် ။
“ စီးကရက် ကုန် နေပြီကွာ ”
ကိုကို က စတိုးဆိုင် ရှေ့ မှာ ကား ရပ် ၊ ညည်းတွားပြီး ဆင်း သွားသည် ။ စီးကရက် ဝယ်ရင်း ဆိုင်ရှင် နှင့် စကား ပြောနေတာ အတော် ကြာသည် ။ ယမုံ က စိတ် မရှည်နိုင်တော့ သလို ကားဟွန်း နှစ်ချက် ဆင့် တီး လေမှ ဒရောသောပါး ပြန် လာသည် ။
“ ကိုကို့ မိတ်ဆွေ တစ်ယောက် အကြောင်း စုံစမ်းနေလို့ပါကွာ ၊ သူတို့ က အရင် အိမ် မှာ မရှိတော့ဘူး ။ မြို့သစ် ကို ပြောင်း သွားတာပဲ ”
ကိုကို က ရှင်းပြသည် ။ “ ယောက်ျား မိတ်ဆွေ လား မိန်းမ မိတ်ဆွေ လား ကိုကို ”
“ ယောက်ျား မိတ်ဆွေ ပါ ယမုံလေး ရဲ့ ။ တက္ကသိုလ် တုန်း က သိပ် ခင်ကြတဲ့ သူငယ်ချင်း ပေါ့ ။ ကိုစိုးထိုက် တဲ့ ။ ကျောင်းပိတ်ရက်တွေ မှာ သူ့ အိမ် ကို ခဏခဏ အလည် လိုက်ဖူးတယ် ။ ဒီ ကောင်ကြီး နဲ့ ကျောင်း ပြီးသွား ကတည်း က ကွဲသွားတာ ခုထိပဲ ။ မြို့သစ်ဘက် ကားမောင်း ရင်း စုံစမ်းရအောင် ”
မြို့သစ် မှာ အသစ် ချပေးထားသော ရပ်ကွက် ပီသစွာ ခြံ ကျယ်သည် ။ အကွက် လှသည် ။ လူနေအိမ် ကျိုးတိုးကျဲတဲ ရှိသည် ။ အိမ်ငယ်လေးတွေ များသည် ။ တိုက်သစ်လေး တစ်လုံးစ နှစ်လုံးစ က ထို အိမ်ငယ်လေးတွေ ကြား မှ ခေါင်းပြူထွက်နေသည် ။
တစ်လမ်းဝင် တစ်လမ်းထွက် မေးမြန်း စုံစမ်းရင်း သွပ်မိုးပျဉ်ထောင် နှစ်အိမ် ရှေ့တွင် ကား ရပ်သည် ။ အိမ်အောက် မှာ အသက် ခုနှစ်ဆယ် အရွယ် အဘွားအို တစ်ယောက် ထိုင် နေသည် ။
“ ဦးဘိုးဘ ၊ ဒေါ်မြရီ သား ကိုစိုးထိုက် တို့ အိမ်လား ခင်ဗျာ ”
ကိုကို က ကားပေါ် မှ ဆင်းပြီး သိမ်မွေ့စွာ မေးတော့ အဘွားကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည် ။ ကိုကို့ ကို ဇဝေဇဝါ ကြည့်ရင်း စဉ်းစား နေစဉ် ...
“ အစ်ကိုမောင် ”
ခေါ်သံ နှင့် အတူ အိမ် ဘေး မှ မိန်းမ တစ်ယောက် ထွက် လာသည် ။ ဘုရား ရေ .. ။ မျက်နှာကျော တင်း တဲ့ ဟို မိန်းမ ပါလား ။ ထူးဆန်းသော တိုင်ဆိုင်မှု အတွက် ယမုံ အံ့အား သင့်သွားသည် ။ မိန်းမ က သူမ ၏ ရှည်လျားသော ဆံပင် ကို ပလတ်စတစ်ဘီးစိမ်းစိမ်း ဖြင့် ရစ်ပတ်ထား သည် ။ သနပ်ခါး ရေကျဲ က လတ်ဆတ် နေသည် ။ အိမ်နေရင်း ဝတ်သော ဘလောက်စ်အင်္ကျီ နှင့် ထဘီအဆင် နှင့် ဆိုတော့ နုပျိုသွားသလိုပင် ။ ရင့်ကျက်မှု ကြား မှ စွန်း ထွက်လာသော နုပျိုမှုပင် ။
“ အမေ ၊ အစ်ကို့ သူငယ်ချင်း ကိုမောင်မောင်တင် လေ ”
ထို မိန်းမ က သူ့ အမေ ကို ပြော ပြသည် ။ သုံးယောက် သား နွေးထွေး သော ဆုံဆည်းမှု အတွက် ဝမ်းသာအားရ နှုတ်ဆက်ကြသည် ။
အမေ နေကောင်းလား ။ စိုးထိုက်ကြီး ဘယ်ရောက်နေလဲ ။ အဖေ ဆုံးတာ သုံးနှစ် လောက် ရှိပြီ စသည့်ဖြင့် ဆူဆူညံသွားတာ ယမုံ့ ကို ပင် မေ့ နေကြသည်ထင့် ။
“ ညည်း က အပျိုကြီး ဖြစ် နေပါလား ပူစူးမ ရဲ့ ။ ငါ ရောက် ကတည်း က ညည်းတို့ ကို စုံစမ်းနေတာ ။ ညည်းတို့ ရပ်ကွက် က မီး ထဲ ပါ သွားပြီး ညည်းတို့ ကလည်း အိမ် ပြောင်း သွားပြီ ဆိုတော့ စုံစမ်း မရဘဲ ဖြစ်နေတာ ။ ညည်း ကို ငါ့ အမျိုးသမီး နဲ့ မိတ်ဆက် ပေးရဦးမယ် ”
ခုမှ ကိုကို က ယမုံ့ ကို သတိတရ ခေါ်သည် ။ ယမုံ စိတ် မပါစွာ ကားပေါ် မှ ဆင်းသည် ။ ကိုကို မိတ်ဆက် ပေးတော့ ထို မိန်းမ က ယမုံ့ ကို တစ်ချက် ပဲ ကြည့်သည် ။ ထို အကြည့်လေး တစ်ချက် က ယမုံ့ ကို စိတ် အနှောင့်အယှက် ဖြစ်စေပြန်သည် ။
“ အစ်ကို က ကျောင်း ပြီး ကတည်းက စစ်ထဲ ဝင်သွားတာ အခု နယ်ဘက် မှာ တာဝန် ကျနေတယ် ။ ဒု/တပ်ရင်းမှူး အဆင့်နဲ့ ပေါ့ ။ ပူစူး က အစ်ကိုမောင့် ရုံး နဲ့ မျက်နှာချင်းဆိုင် အ - မ - က ကျောင်း မှာ ကျောင်းအုပ် လုပ်နေတယ် ။ အစ်ကိုမောင် ရောက် နေတာ ပူစူး သိပါ တယ် ။ မမမေ ကလည်း စာ ကြို ရေးလိုက်တယ်လေ ။ မမမေ ညီမ သဇင် က ပူစူး တီတီစီ တက် တုန်း က ဆုံတာ ။ သိပ် ခင်ကြတာပေါ့ ”
မမမေ ဆိုတာ က ကိုကို့ မယားကြီး ။ သဇင် ဆို တာ ကိုကို့ ခယ်မ ဟောင်း ဆိုတာ ယမုံ သိ နှင့် နေပြီးသားပင် ။ ကမ္ဘာကြီး ရယ် ကျဉ်း လိုက် တာ ။ ယမုံ အသက် ရှူ ကျပ်သွားသည် ။ ဒါပေမယ့် .. ။ ဒါပေမယ့် လေ ... ။ ကိုကို့ လို အရာရှိကြီး ရဲ့ တရားဝင် ဇနီး မယား ဖြစ်ဖို့ ၊ ဂုဏ်တွေ ရွှေငွေရတနာတွေ ဆင့်ကာ ဆင့်ကာဖြင့် ပြည့်စုံလွန်းသော ဘဝ ကို ခံစား နိုင်ဖို့ ယမုံ ဘယ်လောက် တိုက်ခိုက် စွန့်စား ခဲ့ရသလဲ ။ အခွင့် အရေး ရလျှင် မိန်းမ များစွာလည်း မက်မောစွာ စွန့်စား ကြမှာပဲ ။
အသက်ပြင်းပြင်း ရှူရှိုက်သံ နှင့် အတူ ယမုံ ခေါင်း မော့ ရင် ကော့ သွားသည် ။
“ အစ်ကို မောင် ရုံး လာရင် ပူစူးမ မြင် သားပဲ ။ ဒါပေမယ့် .. ”
မိန်းမ က ပြောရင်း ရပ် ထားပြန်သည် ။ နောက်မှ ဆက် ပြီး
“ အခု မြို့ထဲ က ကျောင်းသားလေး တစ်ယောက် နေ မကောင်းတာ သွား မေးမလို့ ။ နည်းနည်း နောက်ကျရင် အစ်ကိုမောင် လာတာ နဲ့ လွဲဦးမှာ ”
“ ဒါဆို အတော်ပဲ ။ အစ်ကိုမောင် လိုက် ပို့ပေးမယ် ။ ပြီးတော့ အိမ် အလည် လိုက်ခဲ့လေ ။ ပြန် ပို့ ပေးမှာပေါ့ ”
“ နေပါစေ အစ်ကိုမောင် ရယ် ၊ ပူစူး ဘာသာ စက်ဘီး နဲ့ သွားပါ မယ် ။ အစ်ကိုမောင့် အိမ် နေရာ လည်း သိပြီပဲ ။ ပူစူး အားရင် လာ လည် ပါ့မယ် ။ အစ်ကို့ ကားကြီး အသွား အပြန် လိုက် စီးရမှာ သက်သာပေ မယ့် ပူစူး ကိုယ့်အား ကိုယ်ကိုး ပြီး စက်ဘီး ပဲ စီး ချင်တယ် ။ သူများ ကား ကြီး စီးပြီး အားနာစရာ လည်း မလိုဘူး ။ အားကျစရာ လည်း မလိုတော့ဘူးလေ ”
ကိုကို က ပူစူးမခေါင်း ကို မနာအောင် ခေါက်ပြီး တဟားဟား ရယ် မောနေသည် ။ ယမုံ့ ရင် ထဲ မှာ ကျင်ခနဲ စစ်ခနဲ ကိုက်ခဲ ရပြန်သည် ။
ကိုကို နှင့် ယမုံ ပြန်ရန် ပြင်တော့ ပူစူး က ကား နား လိုက် ပို့သည် ။ “ နောက်လည်း လာလည်နော် ” ဟု ပြောရင်း ယမုံ့ ထံ အကြည့် စူးစူး တစ်ချက် လွှတ် လိုက်ပြန်သည် ။ သူမ ၏ အကြည့်ကို ယမုံ နားလည် သလို ရှုပ်ထွေး နောက်ကျိ သွားပြန်သည် ။
ရပ်ကွက်လေး မှ အထွက် လမ်းမကျယ် ပေါ် ရောက်မှ လေပြည် လေညင်း အရသာ ခံစားရင်း စိတ် နောက်ကျိ ညစ်ထွေးမှုတွေ ကြည်လင် စေ ရသည် ။ အားကျစွာ ၊ အထင်ကြီးစွာ ငေးမော ကြည့်ရှု သွားကြသော မျက်လုံးများ ထဲ မှာ နစ်မျော မက်မောရင်း ကိုကို့ ပခုံးတစ်ဖက်စွန်း မှာ ခေါင်း မှီရင်း လိုက် ပါလာသော ယမုံ့ မျက်နှာလေးမှာ ကြည် တစ်လှည့် ၊ မှုန် တစ်လှည့် သို့ သာတည်း ။
◾ သျှီ ( အင်ကြင်း )
📖 မဟေသီ မဂ္ဂဇင်း
၁၉၉၈ ၊ ဇွန်လ
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment