Thursday, June 30, 2022

အများထဲ က တစ်ယောက် အကြောင်း


 

❝ အများထဲ က တစ်ယောက် အကြောင်း ❞

“ ဖေဖေ့ ရုံးခန်း ထဲ မှာ မိန်းမ တစ်ယောက် တွေ့ခဲ့တယ် ”

ဟု သားလတ် က ပြောတော့ သမီးကြီး က ဝတ္ထု အဖတ် ပင် မပျက်ချေ ။ သမီးငယ် ကမူ သူ့ ဘိုမရုပ်ကလေး ကို အင်္ကျီလှလှ ပြောင်းလဲ ဝတ်ဆင်ပေးရင်း “ အဲဒါ ဘာဖြစ်လဲ ” ဟုပြောသည် ။ သူတို့ ၏ ဖခင်သည် စီးပွားရေး အရ အလွန် အောင်မြင်နေသော ကုမ္ပဏီ တစ်ခု ၏ ပိုင်ရှင် ဖြစ်သည် ။ ထို့ကြောင့် ဖေဖေ့ ရုံးခန်း တွင် သွားကြ ၊ လာကြ ၊ ဝင်ကြ ၊ ထွက်ကြ နှင့် လူ စဲသည် ဟူ၍ မရှိလှ ။ ထိုကဲ့သို့သော ရုံးခန်း တွင် မိန်းမ တစ်ယောက် မက တစ်ဒါဇင် ပင် တွေ့ ဦးတော့ ဆန်းကျယ်သည့် ကိစ္စ မဟုတ်ပေ ။

“ အမျိုးသမီးပုံစံ က အပူစား အပြင်းစား ဟဲ့ သိရဲ့လား ”

အသက် တစ်ဆယ့်ငါးနှစ် ရှိပြီ ဖြစ်သော သားလတ် သည် အမျိုးသမီး ကို အတော်လေး စိတ်ဝင်စားတတ်နေပြီ ဖြစ်သည် ။ မိန်းမတို့ ၏ အလှအမျိုးမျိုး သဘာဝအမျိုးမျိုး ကို လည်း ကောင်းစွာ အကဲဖမ်း တတ်နေပြီ ဖြစ်လေသည် ။

“ နာမည် က ခိုင်နွဲ့ခိုင် တဲ့ ”

“ နာမည် က လှတယ် ဟ ၊ လူရော လှ လား ”

“ လှ မလှတော့ မသိဘူး ၊ ငါတို့ အဖေ ကတော့ သွားကြီး ကို ဖြီး လို့ ”

“ ဟဲ့  .... သားလတ် နင် ကလဲ ”

သမီးကြီး က လက် ထဲ မှ မဂ္ဂဇင်း ကို ပိတ်ပြီး သားလတ် ကို လှမ်း ဟန့်သည် ။

“ နင် ဖေဖေ့ ကို အဲဒီလို မပြောနဲ့လေ ”

သူတို့ ဖေဖေ သည် အချို့သော ယောက်ျားလေးများ လို ရှုပ်တတ် ပွေတတ် ၊ အပျော် လိုက် တတ်သူမဟုတ် ။ မိသားစု ကို အလေး ထားပြီး ကိုယ်ကျင့်တရား ကောင်းသူ ဖြစ်သည် ။ ဖေဖေ ၏ ပညာ ၊ ဖေဖေ ၏ ပစ္စည်းဥစ္စာ ၊ ဖေဖေ ၏ ကိုယ်ကျင့်တရား တို့ အတွက် သူတို့ အစဉ်အမြဲ ဂုဏ် ယူခဲ့ကြရသည် မဟုတ်ပါလား ။

“ သူ က ပဲလှောင် သလိုလို ၊ သစ်ရောင်း သလိုလို ၊ ဆေး ကိုယ်စားလှယ် လိုလို နဲ့ ကုမ္ပဏီတွေ ထဲ ထိုးဖောက် ဝင် နေတာတဲ့ ”

“ နင့် ကို ဘယ်သူ ပြောလဲ ”

“ ဦးတင်စိန် ပြောတာ ”

ဦးတင်စိန် သည် ဖေဖေတို့ ကုမ္ပဏီ မှ ကား မောင်း နေသူ ဖြစ်သည် ။ ချက်ချက်ချာချာ ရှိကာ ၊ လူရည် လည်း လည်သဖြင့် ဖေဖေ ၏ လက်ရုံးတစ်ဖက် လို အားကိုးရသော သူ ဖြစ်သည် ။

“ သူ က သူ့ ကိုယ် သူ အကျအန ပြင်ဆင်ပြီး သေချာ ၊ ရေရာ ၊ အနေကြာတဲ့ စင်းလုံးချော ငါးရံ့ကြီး တစ်ကောင်လောက် ကို ဖမ်းဖို့ ကြံနေတာတဲ့ ”

“ ဦးစိန်တင် ပြောတာပဲလား ”

သမီးငယ် က ဘိုမရုပ်ကလေး ကို ကုလားထိုင် ပေါ် ပစ် ချလိုက်သည် ။ မကျေမနပ် ပြောနေသော သူ့ အစ်ကို အား မျက်လုံးလေး အဝိုင်းသား နှင့် စူးစမ်းသလို လှမ်း ကြည့်နေသည် ။

“ အေးပေါ့ ၊ သတိလည်း ထားဦး ၊ မင်း အဖေ လည်း ငါးရံ့ကြီး ဖြစ်ပြီး ကွန် ပစ် ခံနေရဦးမယ် တဲ့ ”

“ သေလိုက်ပါလား ”

“ ဒီခေတ် က သူဌေးသား လိုချင်တာ မဟုတ်ဘူး ။ သူဌေး ကို မှ တတ်ချိုင်တဲ့ ခေတ် ဟဲ့ ၊ သူဌေး ဆိုတော့ တိုက်ရော ၊ ခြံရော ၊ ပစ္စည်းဥစ္စာရော ၊ စီးပွားရေးလုပ်ငန်းရော ၊ အေတီအမ်ကတ်ရော အကုန် အဆင့်သင့်ပဲ ။ ရယ်ဒီမိတ်ကြီး တဲ့ ”

စန္ဒရား ခုံ ပေါ်တွင် ထောင် ထားသော သူတို့ အဖေ ဓာတ်ပုံ ကို သမီးကြီး က အလန့်တကြား လှမ်း ကြည့်မိသည် ။ ဓာတ်ပုံ ထဲ မှ ဖေဖေ သည် ဂေါက်သီးတုတ် ကို မြေ မှာ ထောက်၍ ဟန်ပါပါ ရပ်ရင်း ပြုံးရယ်နေသည် ။ အသက် ငါးဆယ် နား နီးပြီ ဖြစ်သော်လည်း ခန္ဓာကိုယ် တွင် အဆီပို အသားပို များ မရှိသေးပေ ။ ဖေဖေ သည် စကား ကို ဝေဝေဆောဆာ မပြောတတ် ။ သို့သော် ချိုသာရွှင်ပြသော အပြုံး ကို ပိုင်ဆိုင်သည် ။ သူတစ်ပါး ပြောသမျှ ကို အပြုံးသဲ့ သဲ့ နှင့် စိတ်ဝင်တစား နားထောင် တတ်သည် ။

“ ဖေဖေ က ရယ်ဒီမိတ်ကြီး တဲ့ လား ။ စင်းလုံးချော ငါးရံ့ကြီး တဲ့ လား ဟုတ်လား ”

သမီးကြီး က ထို စကား ကို တအံ့တဩ ထပ်၍ ရေရွတ်မိသည် ။ ထို ငါးရံ့ချောကြီး ကို မြုံးတွေ ထောင် ပိုက်တွေ အုပ်ပြီးတော့များ ဖမ်းလိုက် လျှင် ဘုရား  .... ဘုရား ။ သမီးကြီး ၏ ရင် ထဲတွင် ပူပူဆာဆာကြီး ဖြစ်သွားသည် ။

“ ဒါပေမဲ့ မိန်းမ နဲ့ ၊ သား နဲ့သမီး နဲ့ လာ ပြစ်မှားရင် ကာမေသုမိစ္ဆစာရကံ ထိုက် သွားမှာပေါ့ဟဲ့ ၊ မသိကြဘူးလား ”

သမီးကြီး က အလောတကြီး ပြောတော့ သားလတ် က မိန်းမတွေ အကြောင်း သူ သာလျှင် အသိဆုံး ဟူသော မျက်နှာထား နှင့် ခပ်လှောင်လှောင် ရယ် လေသည် ။

“ မကြီး ကလည်း ဗျာ ... ။ အခုကာလ က မင်းတုန်းမင်း လက်ထက် မဟုတ်တော့ဘူးလေ ၊ မြန်မာပြည်ကြီး ပြောင်းလဲနေပြီ ။ ၁၉၉၈ - ခုနှစ် မှာ အချို့မိန်းမတွေ က ငါးပါးသီလ ဆိုတာ ချို နဲ့ လားလို့ မေး နေကြပြီ အစ်မ ရဲ့ ”

“ သေလိုက်ပါလား ”

သမီးငယ် ကတော့ သူ့လက်သုံး စကား ကိုပင် ထပ် ပြောသည် ။ ဆိုဖာကုလားထိုင် ပေါ် တွင် တစောင်းလေး လဲ ကျနေသော သူ့ အရုပ်ကလေး ကို ငေးကြည့်ရင်း ' ခိုင်နွဲ့ခိုင် ' ဟူသော အမျိုးသမီး ကို ပုံဖော် ကြည့်နေမိသည် ။ မည်မျှ ချော မည်မျှ လှ၍ မည်မျှ ဆွဲဆောင်အား ကောင်းလေမည်နည်း ၊ သူ မမှန်းတတ် ၊ သူ့ အစ်ကို ကမူ ' ငါတို့ အဖေကတော့ သွားကြီး ကို ဖြီးလို့ ' ဟု ပြောသည် ။

“ ဖေဖက အမြဲ ပြုံးနေတာပဲ ဟာ ။ ဘယ်သူ့ ကို မဆို ပြုံးပြုံးပဲ ဆက်ဆံတတ်တာပဲ ဟာ ။ကိုကို ကလည်း သူ့ ကျ မှ သွားကြီး ဖြီးနေတာ မဟုတ်ပါဘူး နော ”

အဖေ ချစ်သော သမီး ပီပီ အဖေ့ ဘက် မှ ရှေ့နေ လိုက်သည် ။ သမီးကြီး ကတော့ သားလတ် သည် မိန်းမတို့ အပြုံး ကို အကဲ ဖမ်းနိုင်သလို ယောက်ျားတို့ ၏ မျက်လုံး ကို လည်း ခွဲခြား ဝေဖန်တတ်နေပြီ ဖြစ်ကြောင်း သတိ ထားမိသည် ။ ဖေဖေ့ ရုံးခန်း ထဲ လာတတ်သော မိန်းမပေါင်း များစွာ ထဲ မှ ယခု တစ်ယောက် တည်း ကို သာ မကျေမနပ် ဖြစ်ဖူးခြင်း မို့ ၊ ဖြစ်စရာ အကြောင်းတော့ ရှိလိမ့်မည် ဟုတွေးရင်း မေမေ့ ကို သတိ ရသည် ။ မေမေ  .... သူတို့ ၏ မေမေ သာ ထို အမျိုးသမီး ကို တွေ့လျှင် ဘယ်လို မှတ်ချက် ချမည် မသိ ။

“ မေမေ နဲ့ တိုင်ပြောမယ် ”

သမီးငယ် က လည်း အခုမှ သတိရ သွားသလို ခပ်တိုးတိုး အော်သည် ။ သူ့ မျက်နှာ ဖောင်းဖောင်းလေး က ရှုံ့တွတွလေး ဖြစ်နေသည်မို့ ရယ်စရာ ကောင်း နေသည် ။

“ ဘယ်လို တိုင်မှာလဲ ။ဖေဖေ့ ရုံးခန်း ထဲ မှာ မိန်းမတစ်ယောက် တွေ့ခဲ့လို့ ဆိုရင် မေမေ က ရယ် မှာပေါ့ ”

“ ဒါဆို ဘာ လုပ်ရမလဲ ”

“ ဘာမှ လုပ်လို့ မရဘူး ။ အသာ စောင့် ကြည့်နေရုံပေါ့ ၊ ငါတို့ ကတော့ ဖေဖေ့ ဆီ အကြောင်း ရှာပြီး ခဏ ခဏ သွား ၊ အဲဒီ မိန်းမ လာ  ... မလာ အကဲခတ်ပေါ့ ”

“ တော်ကြာ ရုံး မလာတော့ဘဲ အပြင် မှာ ချိန်း နေရင်ရော ”

“ အဲဒီလိုတော့ ချိန်းမယ် မထင်ပါဘူးဟာ ”

“ ကိုကို ပဲ ပြောတယ် ။ တချို့ မိန်းမတွေက ငါးပါးသီလ ဆိုတာ ချို နဲ့ လား ဆို ”

သမီးငယ် က သူ့ အစ်ကို ၏ စကား ကို ပင် ပြန် သုံးသည် ။ သားလတ် က သူ့ ညီမ ကို စိုက် ကြည့်ရင်း မျက်မှောင်ကြုံ့နေသည် ။ ဒါမျိုးက ဖြစ်တတ်သည် ။အင်မတန် ကို ဖြစ်တတ်သည် ။ပထမ အလုပ်ကိစ္စ နှင့် ရုံးခန်း မှာ တွေ့ ၊ ထို့နောက် ခင်မင်ရင်းနှီးသောကြောင့် စားသောက်ဆိုင် တွင် တွေ့ ၊ ထိုမှ တစ်ဆင့် ကား မပါလာသော သူ့ ကို ဖေဖေ က ပြန် လိုက်ပို့ ၊ သူ က အိမ်တွင်း သို့ ဖိတ်ခေါ်  ... ၊ ထို့နောက်  .... ထို့နောက် ... ..... ။

“ နင်တို့ ကလည်း ဟာ ၊ ဖေဖေ့ ကိုများ အလကား ယောက်ျား အောက်မေ့လို့ အထင် သေး နေကြတာလား ၊ သူ ဆွဲဆောင်တယ် ဆိုဦးတော့ ဖေဖေ က ပါ မလား ဟ ။ ဖေဖေ ဘယ်လောက် တည်တည်ကြည်ကြည် နေတတ်သလဲ ဆိုတာလဲ သိသားနဲ့ ”

သမီးကြီး က နေရာ မှ ထကာ မှန်ပြတင်း ဆီ သို့ လျှောက်သွားသည် ။ ပန်းခြံ ထဲ ကဲ ကြည့်လိုက်တော့ သစ်ခွပန်းစင်နား တွင် ပန်းအိုးတစ်လုံး နှင့် အလုပ် ရှုပ်နေသော မေမေ့ ကို တွေ့ရသည် ။ မေမေ က သူ့မိသားစု နှင့် သူ့ ပန်းပင်ကလေးများ မှ လွဲ၍ ဘာကို မှ စိတ်ဝင်စားသူ မဟုတ်ပေ ။ ဖေဖေ့ ကို အကြွင်းမဲ့ ချစ်ခင်သလို ဖေဖေ ၏ မေတ္တာ ကိုလည်း ရာနှုန်းပြည့် ယုံကြည်ထားသူ ဖြစ်သည် ။ သူတို့ အားလုံး ၏ ရင်ထဲမှ ဖေဖေ ၏ ပုံရိပ်သည် ရိုးသားသည် ၊ ကြိုးစားသည် ၊ တည်ကြည်သည် ။ စံပြ လင်ယောက်ျား တစ်ဦး ဖြစ် သလို ၊ စံပြ ဖခင်တစ်ဦး လည်း ဖြစ်လေသည် ။

“ ဖေဖေ က ခဏခဏ ပြောတယ်လေ ၊ အိမ်ထောင် တစ်ခု မှာတစ်ယောက် ရဲ့ ဂုဏ်သတင်း ဟာ တစ်ယောက် ကို ဟပ် တယ်တဲ့ ။ မိသားစု အတွက် သူ အမြဲ ဂုဏ်ယူ နေချင်တယ် တဲ့ ။ သူ့ အတွက်လည်း မိသားစု မှာ ဘယ်တော့မှ ဂုဏ် မငယ်စေရဘူး တဲ့ ”

“ ဟုတ်သားပဲ ”

သမီးကြီး က အစဖော်ပေး မှ ဖေဖေ ပြောနေကျ စကား ကို သူတို့ သတိရသည် ။ ဟုတ်သားပဲ ၊ သူတို့ မေ့နေသည် ။ ဖေဖေ သည် သူများ ဆွဲဆောင်လေတိုင်း ငိုက်ခနဲ ပါမည့် ယောက်ျားတစ်ယောက် မဟုတ် ။ သားလတ် နှင့် သမီးငယ် သည် သက်ပြင်း ကို ပြိုင်တူ ချကာ တစ်ယောက် နှင့် တစ်ယောက် ကြည့်၍ ရယ် လိုက်ကြသည် ။

“ သူ့ အပေါ်မှာ ငါတို့တွေ အထင် သေးလာအောင် အရိုသေ တန်လာ အောင် သူ့ အတွက် ငါတို့တွေ မျက်နှာ ငယ်အောင် ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူးဟာ ။ ဖေဖေ က ပညာ ရှိ ပါ ”

သမီးကြီး ၏ စကား က ယုံကြည်စိတ်ချမှု အပြည့်နှင့် အား ပါလှသည် ။ ထို့ကြောင့် ပညာရှိ ဟူသည် ကား တစ်ခါတစ်ရံ သတိ ဖြစ်ခဲကြောင်း ကို ပင် ဆက်၍ မတွေးမိကြတော့ပေ ။

       •••   •••   •••   ••• 

နောက် သုံးလေးရက်လောက် နေတော့ သတိဖြစ်ခဲသွားသော ပညာရှိ သူတို့ ဖေဖေ နှင့် ပက်ပင်း တိုးခဲ့ကြရသည် ။

သူတို့ မောင်နှမသုံးယောက် မြရိပ်ညိုဟိုတယ် တွင် ရေသွားကူးကြတော့ ရေကူးကန်နား ပိတောက်ပင်များသည် ဝါ၍ဝင်းနေကြောင်းတွေ့ရသည် ။ အတန်ငယ် ညနေစောင်းပြီမို့ ပိတောက်ပွင့်ဖတ်ကလေးများက လည်း တသဲသဲကြွေနေရာ ပင်ခြေတွင် ပိတောက်ပန်းတွေ ခင်းထားသလို ဝင်းပြီးအိနေသည် ။ သမီးငယ် က “ ပန်းမွေ့ယာကြီး ဟေ့ ၊ ပန်းခင်းတဲ့လမ်း ဟေ့ ”  ဟု အော်ဟစ်ရင်း ပန်းကြိုက်သော မေမေ ကို သတိရသည် ။ “ မေမေ လာ ကြိုရင် သိပ် ကောင်းမှာ ” ဟု တမ်းတမိစဉ် တကယ်ပင် မေမေ ရောက်လာ၍ ဝမ်းသာသွားသည် ။

“ ဖေဖေ က အလုပ် ကိစ္စ ရှိလို့ နောက်ကျမယ် တဲ့ ၊ မေမေ တစ်ယောက် တည်း ပျင်းနေတာနဲ့ ၊ သမီးတို့ ကို လာ ကြိုတာ  ... ”

“ ဟာ ... ဟ ... ဒီလိုဆို ရေကူး ပြီးရင် ဆိုင် မှာ လိုက်ပြီး ကျွေး မယ်ပေါ့ ၊ ဟုတ်လား မေမေ ”

သားလတ် က ဝမ်းသာအားရ အော်သည် ။ သူတို့ မေမေ သည် ပိုက်ဆံ နှမျောတတ်သော်လည်း သူတို့ အလိုကို တစ်လျှင် တစ်ခါ လောက်တော့ လိုက်လျော တတ်သည် ။ သူတို့ မောင်နှမ သုံးယောက် ခေါင်းချင်းဆိုင်ကြပြီး နောက်တော့ ယုဇနဟိုတယ် တွင် ဘူဖေး သွားစားဖို့ ဆုံးဖြတ်လိုက်ကြသည် ။ မေမေ စောင့်နေသဖြင့် ခါတိုင်းလို အကြာကြီး ရေ စိမ် မနေကြတော့ဘဲ တက်ခဲ့ ကြသည် ။ ဟိုတယ် ရောက်သည် အထိ သူတို့ သုံးယောက်သား စကားတွေ ဖောင်အောင် ပြောပြီး ပျော်နေခဲ့ကြသေးသည် ။ ဟိုတယ် ရောက် မှသာ  ....

ခန်းမ က သိပ် မကျယ်သော်လည်း သူတို့ သည် ဖေဖေ့ ကို ချက်ချင်း မတွေ့ခဲ့ကြပေ ။ ဆိုင် ထဲ မှ ထွက်သွားသော နာမည်ကြီး စူပါမော်ဒယ်လ် တစ်ဦး ကို တွေ့လိုက်ရသောကြောင့်ဖြစ်သည် ။ မော်ဒယ်ဂဲ ကို အသေအချာ လိုက်ကြည့်ရင်း အသား ညိုသည် ၊ အရိုး ပိန်သည် နှင့် ဝေဖန်နေကြသောကြောင့် ဖြစ်သည် ။ မေမေ က စားပွဲ တစ်လုံး တွင် နေရာ ယူရင်း သူတို့ ကို “ လာကြလေကွယ် ”  ဟု လှမ်း ခေါ်မှ တဝုန်းဝုန်း နှင့် လျှောက် သွားကြသည် ။ သားလတ် က “ နင်တို့ အကြိုက် ရန်အောင် တို့ ၊ လွင်မိုး တို့ ၊ ဒွေး တို့ လည်း ရောက်ချင် ရောက် နေမှာ ”  ဟု ပြောရင်း ခန်းမတွင်း ရှိ လူများကို လွှမ်းခြုံပြီး ကြည့် လိုက်မိသည် ။

“ ဘုရားရေ ”

ရန်အောင် ကို လည်း မမြင် ၊ လွင်မိုး ကို လည်း မတွေ့ ၊ ဒွေး လည်း မရှိ တကယ် ရှိနေသည် က သူတို့ ၏ ဖေဖေ သာ ဖြစ်သည် ။ ဟို ထောင့်စွန်းက စားပွဲလေး တွင် “ ခိုင်နွဲ့ခိုင် ” ဟူသော အမျိုးသမီး နှင့် နှစ်ယောက်တည်း အတူ ထိုင် နေသော ဖေဖေ့ ကို ဒိုင်းခနဲ တွေ့ လိုက်ရတော့ သားလတ် ၏ မျက်လုံးများ ပင် ပြာချင်ချင် ဖြစ်သွားသည် ။ ဖေဖေ က ဘာ ပြောသည် မသိ ။ အမျိုးသမီး က ခေါင်းကလေး ငုံ့ကာ ခပ်နွဲ့နွဲ့ ရယ်မောရင်း ဖေဖေ့ လက်မောင်း ကို လက်သီးဆုပ် နှင့် လှမ်း ထုသည် ။

“ မေမေ ”

သားလတ် က မေမေ့ ကို ချက်ချင်း သတိရ သွားကာ စိတ်ပူ သွားသည် ။ ထိုသို့သော မြင်ကွင်း ကို မေမေ့ အား မမြင်စေချင် ။ မေမေ့ ကို စိုးရိမ်တကြီး လှမ်း ကြည့်လိုက်တော့ ကျောခိုင်းလျက် အနေအထား တွင် ထိုင် နေသည် ကို တွေ့ရသည် ။ “ တော်ပါသေးရဲ့ ၊ မေမေ တော့ မတွေ့သေးဘူး ” ဟု တွေးကာ ပင့်သက်ကလေး မသိမသာ ရှိုက်လိုက်မိသည် ။

“ ဟေ့  .... ဟိုမှာ ”

ထိုစဉ် သမီးကြီး က သားလတ် အင်္ကျီစ ကို အားကိုးတကြီး လှမ်းဆွဲသည် ။ သားလတ် က “ သိတယ် ဟ ”  ဟု ခပ်ကျိတ်ကျိတ် ပြန် အော်မိစဉ် အမျိုးသမီး က ဖေဖေ့ လက်ခုံ ကို လှမ်း ၍ ဆိတ် သည် ကို မြင် လိုက်ရပြန် သည် ။

“ မေမေ ထိုင်နေလေ ၊ မေမေ့ အတွက် သား တို့ ယူခဲ့မယ်နော် ”

“ ရော့  .... မေမေ ၊ သမီးတို့ စားစရာ သွားယူတုန်း ဒီ မဂ္ဂဇင်းလေး ဖတ်နေ ”

သမီးကြီး က သူ့ လက်ထဲမှ ဖက်ရှင်မဂ္ဂဇင်း ကို ထိုး ပေးသည် ။ မဂ္ဂဇင်း ဖတ် နေလျှင် ဘေးဘီ ကို ကြည့်ဖြစ်လိမ့်မည် မဟုတ် ဟူသော အတွေး နှင့် ဖြစ်လေသည် ။ အကြီးနှစ်ယောက် က ပျာယီးပျာယာ ဖြစ်နေချိန်တွင် သမီးငယ် က ငြိမ်သက် နေသည် ။ ယခုအချိန် ထိ သူတို့ကို မမြင်သေးသော ဖခင် ဖြစ်သူ အား မင်တက်မိသလို ငေးကြည့်နေရင်း ငိုမဲ့မဲ့လေး ဖြစ်နေသည် ။

“ သမီးလေး ”

မေမေ က ငြင်သာစွာ ခေါ်သည် ။ မေ့မေ မျက်လုံး တွင် လည်း မျက်ရည်ကြည်တွေ မသိမသာ ရစ်ဝဲနေသည် ။

“ သမီး အဲဒီလို ကြည့် မနေနဲ့လေ ”

သားလတ် က “ ဘုရားရေ ။ ဒါဆို မေမေ က ငါတို့ အရင် တွေ့ထားတာပေါ့ ” ဟု ထိတ်လန့်တကြား တွေး လိုက်မိသည် ။

“ သမီး ၊ အဲဒီလို ကြည့် မနေနဲ့ ။ ဖေဖေ ရှက် သွားမှာပေ့ါ ။ အားလုံးပဲ မမြင်ချင်ယောင် ဆောင် နေကြ ။ မေမေ ပြောတာ နားလည်တယ် မဟုတ်လား ”

မေ့မေ့ အသံလေး က အတန်ငယ် တုန်ရီနေသော်လည်း ပြတ်ပြတ်သားသား ရှိသည် ။ သူတို့ သုံးယောက် အတွက် ၌ မူ နားဝ ဗုံး တစ်လုံး ကပ်ပြီး ကွဲသွား သလိုပင် ။ ဘာဆိုဘာမှ ပြန် မပြောနိုင်ကြ ၊ ရွှင်ရွှင်ကလေး ပြုံးရန် ကြိုးစားနေသော မေ့မေ့ ကို အငိုင်သား ကြည့် နေမိကြသည် ။

“ သွားကြလေ ။တစ်ယောက် နဲ့ တစ်ယောက် စကား ပြောရင်း ရယ်ရယ်မောမော သွားကြ ။ ဖေဖေ့ ဘက် ကို လုံးဝ မကြည့်မိစေနဲ့ ”

မေမေ က အမိန့်ပေးသော အသံ နှင့် ထပ် ပြောသည် ။ ထို့နောက် သူ့ လက် ထဲ မှ မဂ္ဂဇင်း ကို ဟိုလှန်ဒီလှန် နှင့် စိတ်ဝင်တစား ဖတ်နေလေသည် ။

မေမေ သည် အခြေအနေ ကို လျင်မြန်စွာ သဘောပေါက်ပြီး လျင်မြန်စွာ ထိန်းသိမ်းနေကြောင်း သူတို့ အားလုံး သိ လိုက်ကြသည် ။ ထို့ကြောင့် မေမေ့ စကား ကို သူတို့ သုံးယောက်လုံး ကောင်းစွာ နားထောင်ခဲ့ကြသည် ။ အခါတိုင်းလိုပင် ပျော်ရွှင်တက်ကြွနေသော မျက်နှာထားမျိုး ကို ကြိုးစားပြီး သရုပ်ဆောင် ခဲ့ကြသည် ။ စားချင့်စဖွယ် ပြင်ဆင်ထားသော စားသောက်ဖွယ်ရာများ ကိုပန်းကန် ထဲ ကောက် ထည့်ရင်း တစ်ဦး နှင့် တစ်ဦး နောက်ပြောင် ကျီစယ် ကာ ပြုံးကြ ရယ်ကြသည် ။ သမီးငယ်လေး ၏ အသံ က လိုအပ်သည် ထက် အတန်ငယ် ပို ကျယ်နေ၍ လက်ကုတ် သတိပေးရသည် မှ အပ သူတို့ အားလုံး အောင်မြင်စွာ သရုပ်ဆောင် နိုင်ခဲ့ကြသည် ။

စားပွဲ ကို ပြန် ရောက်ခါနီး မသိမသာ ခိုးကြည့်တော့ ဖေဖေ့ ကို မတွေ့ရတော့ ။ တစ်ဦး တည်း ငေါင်စင်းစင်း ကျန်ရစ်သော အမျိုးသမီး ကတော့ ကျေနပ်ပုံ မရ ။ သူတို့ ဘက် ကို မသိမသာ လှမ်းကြည့်ရင်း သူ့ ပန်းကန် ထဲ မှ အသားလုံးများ ကို စိတ် မပါ့တပါ စား နေသည် ။

စားပွဲ ဆီ သို့ သူတို့ ပြန် ရောက်ပြီး လက်ထဲ မှ အစားအသောက် ပန်းကန်ပြားများ ကို ချသည် အထိ မေမေ က သူ့ လက် ထဲ မှ မဂ္ဂဇင်း စာအုပ် ကို အမူအရာ ကောင်းကောင်း နှင့် စိတ်ဝင်တစား ဖတ် နေဆဲ ဖြစ်လေသည် ။

“ ဖေဖေ ပြန်သွားပြီ မေမေ ။ မရှိတော့ဘူး ”

သမီးကြီး က ခပ်တိုးတိုး ကပ်ပြောသော အခါမှ ခေါင်း ကို မသိမသာ မော့ ကာ သက်ပြင်းရှည် ကို ရှိုက်၍ ရှုသည် ။ သူ့ ကို ကြင်ကြင်နာနာ စိုက် ကြည့် နေကြသော သားသမီး သုံးဦး ကို ပြန်လည် ငေးကြည့်ရင်း နာနာ ကျင်ကျင် ပြုံးပြလေသည် ။

       •••   •••   •••   ••• 

“ သားတို့ သမီးတို့ မှတ်ထားဖို့ က မေမေ တို့ အားလုံး ဟာ ဖေဖေ့ ကို ရိုသေတယ် ။ လေးစားတယ် ၊ ချစ်လည်းချစ် ကြောက်လည်း ကြောက်ကြရတယ် ။ အခုလို အရိုသေတန်စရာ ၊ အချစ်လျော့စရာအဖြစ်မျိုးနဲ့ ပက်ပင်း တိုးရတယ် ဆိုရင် ဖေဖေ ရှက် မှာပေါ့ ”

မေမေ က အစားအသောက် ကို တို့ကာ ပင့်ကာ စားနေရင်း ခပ်တိုးတိုး ပြောသည် ။

“ သမီး သာ ဆိုရင် ဖေဖေ နဲ့ မျက်နှာချင်းဆိုင် စားပွဲမှာ ရွေး ထိုင်ပြီးတော့ စေ့စေ့ ကြည့်ပြီး ပြုံး ပြလိုက်မှာ ”

“ အဲဒါဆို ဖေဖေ ပို ရှက် သွားမှာပေါ့ ”

မည်သူက မည်မျှ ဆွဲဆောင်ပါစေ ။ သူ ၏ ဖေဖေ သည် ဆင်ဆင်ခြင်ခြင် နေနိုင်ခဲ့လိမ့်မည် ဟု ယုံကြည်စိတ်ချထားမိသဖြင့် သမီးကြီး က ဝမ်းနည်းပမ်းနည်း နှင့် ဒေါသ ဖြစ် ချင်နေသည် ။

“ ဒီမှာ မေမေ ပြောမယ် ၊ သမီးတို့ သားတို့ တစ်သက်လုံး အမြဲ မှတ်ထား ဘယ်သူ့ကို မှ ဘယ်တော့ မှ ရှက်အောင် မလုပ်မိကြစေနဲ့ ။ လူ တစ်ယောက် ဟာ မှားမှားမှန်မှန် ရှက် လာရင် ရမ်း လာတတ်တယ် ။ ရှက်ရမ်း ရမ်းပြီ ဆိုရင်လည်း အခြေအနေ ကို လွယ်လွယ် နဲ့ မထိန်းနိုင်တော့ဘူး ”

မေမေ က သူ့ ပန်းကန် ထဲ မှ ပုစွန်ထုပ် ကို သမီးငယ်လေး ၏ ပန်းကန် ထဲ သို့ လှမ်း ၍ ထည့် ပေးလိုက်သည် ။

“ မေမေ စိတ်မဆိုးဘူးလား ဟင် ”

သမီးကြီး ၏ အမေး ကို မေမေ က ပြန် မဖြေပေ ။ စားပွဲပေါ် ကျသွားသော ငရုတ်ဆီ တစ်စက် ကို တစ်ရှုးစက္ကူ နှင့် သုတ်ရင်း ၊ မကြားသလိုလို လုပ်နေသည် ။ ထို့နောက် မှ “ သူ ပြောတော့ အလုပ်ကိစ္စ ရှိလို့ နောက်ကျမှာ တဲ့ ”  ဟု ခပ်တိုးတိုး ပြောသည် ။ မေမေ့ အသံ က အတန်ငယ် တုန်ရီသွားသော်လည်း မျက်နှာ ကတော့ အပြုံး မပျက်လှပေ ။

“ ဒိပြင် မိန်းမတစ်ယောက် နဲ့ ညစာ အတူ စားရုံလောက် နဲ့ တော့ သိပ် စိတ် မဆိုးပါနဲ့ မေမေ ရယ် ၊ ဒါဟာ ဘာမှ မဖြစ်လောက်ပါဘူး ။ အိမ်ထောင်ရေး ဖောက်ပြန်တာလည်း မဟုတ်ပါဘူး ”

သားလတ် က ဖေဖေ့ ဘက် မှ ရှေ့နေ လိုက်သည် ။ မိန်းမ နှင့် ပတ်သက်၍ နာမည် အစွန်းအထင်း တစ်ခါ မှ မရှိဖူးသော ဖေဖေ့ ကို ရုတ်တရက် သနားသလို ဖြစ် သွားသည် ။ မေမေ့ လက် ထဲ တွင် နိုင်ဖဲ တစ်ချပ် ကို ကိုင်ထားပြီမို့ ဖေဖေ တော့ ခံရတော့မည် ဟု စိုးရိမ်စိတ် ဝင်သွားသည် ။ မေမေ က သား ကို လှမ်း ကြည့်ရင်း ရင်ထဲ မှ အတွေး ကို ချက်ချင်းပင် ထိုးဖောက် ၍ မြင်လိုက် ဟန် ရှိသည် ။

“ မစိုးရိမ်ပါနဲ့ သား ရယ် ။ တကယ့် ကို အိမ်ထောင်ရေး ဖောက်ပြန်တယ် ဆိုရင်လည်း မေမေ က တစ်စုံတစ်ခုသော အတိုင်းအတာ အထိ တော့ သည်းခံမှာပေါ့ ။ ခွင့် လွှတ်နိုင်တာ မလွှတ်နိုင်တာတော့ တစ်ပိုင်း ပေါ့ ”

ပန်းကန် ထဲ တွင် စားစရာ ကုန်သွားသဖြင့် သမီးငယ် က တစ်ခေါက် ထပ်ယူရန် ထွက် သွားသည် ။ မေမေ့ ပန်းကန် ထဲ တွင်တော့ အရာ မယွင်းလှသေးပေ ။

“ ဘာရယ် မေမေ ။ခွင့်မလွှတ်နိုင်ဦးတော့ သည်းခံမယ်ပေါ့ ဟုတ်လား ”

“ အင်း ”

“ ဘာဖြစ်လို့လဲ ဟင် ”

“ နံပတ်တစ် အချက်က ဒါဟာ မြန်မာပြည် မို့လို့ ပေါ့ ။ နံပတ်နှစ် အချက် ကတော့ မေမေ ဟာ အမေ တစ်ယောက် ဖြစ်နေလို့ ပေါ့ ”

အခန်း ထဲ မှ တစ်ဦးတည်း ထွက်ခွာသွားသော ခိုင်နွဲ့ခိုင် ကို မေမေ က မသိမသာ လှမ်း ကြည့်သည် ။ ခွာ ချွန်ချွန် ဖိနပ်မြင့်မြင့် ကိုလှပစွာ စီးပြီး တင်ပါး ကို ရမ်းပြီး လျှောက်သွားပုံ မှာ မိန်းမချင်း အတွက် ပင် ငေး၍ ကြည့် ချင်စရာ ဖြစ်နေသည် ။

“ အနောက်နိုင်ငံတွေ မှာ တော့ လင်မယား ကွဲတယ် ဆိုတာ မဆန်းပါဘူးလေ ။ ထမင်း စားသလို ၊ ရေ သောက်သလို ၊ စိတ် အလို လိုက်ပြီး လွယ်လွယ် လုပ်နေကြတာ ။ မေမေ တို့ ဆီမှာက ဒါမျိုး ကို လူမှုရေး အရ ကို သိပ်ပြီး လက် မခံဘူး ။ အိမ်ထောင် ပြု တာ ကို ဘုရား တည်တာ ၊ ဆေးမင်ကြောင် ထိုးတာ နဲ့ ကို ခိုင်းနှိုင်းပြီး ပြောထားတာ ကို ကြည့် ပါလား ။ မှား သွားတယ် ဆိုပြီး ဘွာ ခတ်လို့ ရတဲ့ ကိစ္စမျိုး မှ မဟုတ်တာ ကွယ် ”

“ လင် နဲ့ မယား လျှာ နဲ့ သွား ဆို မေမေ ရ ”

“ ဟုတ်တယ်လေ သား ရဲ့ ။ ဒါကြောင့်လည်း ခဏခဏ ကိုက် မိကြတာပေါ့ ၊ ဒါပေမဲ့ ကိုက်မိ တိုင်းသာ ကွဲ ရမယ်ဆိုရင် မြန်မာပြည် မှာ လည်း လင်ကွာ မယားကွာ တွေ ပြည့်လျှံနေမှာပေါ့ ” မေမေ က တိုးတိုးလေး ရယ်သည် ။

“ မေမေ တို့ ဆီ မှာက ချမ်းသာတဲ့ သူ ဖြစ်ဖြစ် ၊ ဆင်းရဲတဲ့ သူ ဖြစ်ဖြစ် တစ်ခုလပ်  .... တစ်လင်ကွာ ဆိုတဲ့ နာမည် ကို ကြောက် တယ်လေ ။ဒီတော့ တစ်ယောက် ရဲ့ အမှား ကို တစ်ယောက် က တတ်နိုင်သမျှ သည်းခံမျိုသိပ် တတ်ကြတယ် ။ တည်မိတဲ့ အသိုက်အမြုံ ကို မပျက်စီးရအောင် မပြိုကွဲရအောင် ထိန်းသိမ်း တတ်ကြတယ် ။ ဒါဟာ မေမေ တို့ ရဲ့ ရိုးရာ အစဉ်အလာ ကောင်းပဲ ”

“ ကဲ - နံပတ်နှစ် အချက် ”

သမီးကြီး က ထောက်ပေးသည် ။သူ သာ အိမ်ထောင် ကျ၍ သူ့ ယောက်ျား ဖောက် ပြန်လျှင် ဘယ်လို လုပ်ရမည်နည်း ဟု တွေးရင်း ချွေး ပြန်ချင်လာသည် ။

“ အင်း နံပတ်နှစ် အချက်ကတော့ ” မေမေ က မသိမသာ ပြုံးသည် ။

“ မိန်းမ တစ်ယောက် ကို သဘာဝတရား က ပေးထားတဲ့ အကြီးမားဆုံး တာဝန် ဟာ ဘာလဲ သိလား ”

မေမေ က မေး သော်လည်း သမီးကြီး က ငြိမ်နေသည် ။ သားလတ် က ကြားထဲ မှ ဝင်ပြီး “ ကလေး မွေးဖို့ ” ဟု ဖြေလိုက်ချင်သော်လည်း သူ့ အစ်မ ၏ မျက်စောင်း ကို ကြောက်၍ မဖြေရဲချေ ။ သို့သော် မေမေ က သူ နဲ့ တစ်ထပ်တည်း ပြော၍ ကျေနပ်သွားသည် ။

“ မိန်းမတွေ ဟာ ဘယ်လောက် ပဲ ပညာ တော် ပါစေ ၊ အစွမ်း ကောင်းပါစေ ၊ ထူးချွန်ပါစေ ၊ သူ့ရဲ့ ပထမ မူလ သဘာဝ တရား က ပေးထားတဲ့ တာဝန် ကတော့ လူသားမျိုးဆက်သစ်တွေ မွေးဖွား ပေးဖို့ပဲ ။ အဲဒီ မျိုးဆက်သစ်တွေ ကို လူလားမြောက်အောင် ထိန်းသိမ်း စောင့်ရှောက် ပေးဖို့ပဲ ”

“ အဖေ ကလည်း ထိန်းသိမ်းစောင့်ရှောက် ရမှာပေါ့ မေမေရ ၊ အမိ ရော အဖ ရော လိုတယ်လေ ”

သမီးငယ် က စောဒက တက်သည် ။ မေမေ က ခေါင်း ညိတ်သည် ။

“ ဟုတ်တယ် ။ အမိ ရော အဖ ရော လိုတာပေါ့ ။ သားသမီးတွေ ကို ကိုယ်ရော စိတ်ပါ ကျန်းမာ သန်စွမ်းအောင် ၊ လူလား မြောက်အောင် လုပ်ဖို့ ကျွေးမွေးပြုစုဖို့ က အမေ တစ်ယောက် တည်း မနိုင်တော့ဘူးလေ ၊ အဖေ့ အကူအညီလည်း အများကြီး လိုတာပေါ့ ၊ ဒါကြောင့်မို့လို့ သားသမီး ကို တကယ် ချစ်မြတ်နိုးတဲ့ အမေတိုင်း ဟာ သူတို့ သားသမီးတွေ ကို ဖခင် ရင်း နဲ့ ပဲ မကွဲမကွာ အမြဲ ထားရှိဖို့ ကြိုးစားကြတယ်လေ ။ သားတွေ သမီးတွေ ပွားစီးလာတဲ့ အိမ်ထောင်ရေး ဟာ သံယောဇဉ်ကြိုးတွေ အထပ်ထပ် ပတ် လာသလို ခွင့်လွှတ်ရတာ ၊ သည်းခံရတာ ၊ နာကျင်ရတာတွေ လည်း အများကြီး ရှိနေတတ်တာပဲ ”

“ သားသမီးတွေ အတွက် သည်းခံခြင်းတရား ကို နှလုံးသား နဲ့ ရင်းထား တဲ့ အမေ တွေ ဟာ ရေတွက်လို့ တောင် ရမှာ မဟုတ်ပါဘူး ။ အရင်တုန်းကလည်း အများကြီး ၊ အခုလည်း အများကြီး ၊ နောက်နောင်လည်း အများကြီး ရှိနေဦးမှာပါ ”

စကားဝိုင်း သည် ရုတ်တရက် တိတ်ဆိတ်သွားသည် ။ မေမေ သည် ဘာမှ ဆက် မပြောတော့ဘဲ သမီးငယ် ယူလာပေးသော ရေခဲမုန့် ကို တိတ် ဆိတ်စွာ စားနေသည် ။ ရေခဲမုန့် က ချိုပြီး အေး နေသည် ။ မွှေး နေသည် ။ သို့သော် မေမေ့ ရင်ထဲတွင်တော့ ပူပြီး နွေး နေသည် ။

       •••   •••   •••   ••• 

သူတို့တွေ အိမ်ပြန် ရောက်တော့ ရုပ်မြင်သံကြား မှ ပြည်တွင်းသတင်း ပင် လာ နေချေပြီ ။ ဖေဖေ အိမ်ပြန် ရောက်နေပြီ ဟု ကြီးကြီးဒေါ်စောမြ က ဆီး ပြောတော့ သူတို့ အားလုံး အံ့ဩ သွားကြသည် ။

စာကြည့်ခန်းထဲ ကဲ ကြည့်တော့ အပေါက် ဝ ကို ကျော ပေးပြီး ရပ်နေသော ဖေဖေ့ ကို တွေ့ရသည် ။ ဗီရိုထဲ မှ စာအုပ်များ ကို ထုတ်လိုက် သွင်းလိုက်နှင့် အလုပ် ရှုပ်နေသည် ။ သူတို့ အားလုံး ဘာလုပ်လို့ ဘာကိုင်ရမည် မသိဘဲဖြစ်နေစဉ် မေမေ က မသိမသာ သက်ပြင်းလေး ရှိုက်သည် ။ ထို့နောက် ချိုသာစွာ ပြုံးလိုက်သည် ။

“ ဟော  .... အဖေကြီး ၊ အလုပ်ကိစ္စ ရှိတယ်ဆို ၊ ဘာလို့ အစောကြီး ပြန် လာတာလဲ ”

“ အေးကွာ ”

ဖေဖေ က လှည့် မကြည့်ဘဲ ခပ်ပျော့ပျော့ ပြန် ပြောသည် ။ သူ့ လက် ထဲ မှ စာအုပ်များ ကို ဗီရို ထဲ သို့ ပြန် ထည့် လိုက်ပြန်သည် ။

“ ဘာဖြစ်လို့လဲ ဟင်  .... နေ မကောင်းလို့လား ”

“ ဟုတ်ပါရဲ့ကွယ် ၊ ရာသီဥတု ကလည်း ပူပြင်းလိုက်တာ ၊ ခေါင်းကိုက်ချင်စရာကြီး ။ ဒီနှစ် နွေ ကို ခါတိုင်းနဲ့ မတူဘူး ။ ပိုပြီး ပူတယ် ။ အိုဇုန်းလွှာ ပေါက် လို့လား  .... မလေးရှား က တောမီး ကြောင့်လား  ... သမုဒ္ဒရာ ထဲက ရေပူစီးကြောင်းကြီး ကြောင့်လား  .... တစ်ခုခုတော့ တစ်ခုခုပဲ ”

စကားရော ၊ ဖောရော ပြောရင်း မေမေ ကအခန်း ထဲ ဝင်သွားသည် ။ ဘာဆို ဘာမှ ဖြစ် မထားသလို မေမေ့ အမူအရာ က သက်တောင့်သက်သာ ရှိ နေသည် ။

“ အေးကွာ  .... ခေါင်းထဲ မှာ အုံပြီး ကိုက်ခဲနေတာ နဲ့ ”

မေမေ့ ကို မရဲတရဲ လှမ်း ကြည့်နေသော ဖေဖေ့ မျက်နှာ ကို တွေ့တော့ သူတို့ မောင်နှမ သုံးယောက်လုံး သနား သွားကြသည် ။ ဖေဖေ့ မျက်နှာ ဒီလောက် ပျက်ယွင်းနေတာ ယခင် က သူတို့တွေ တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ ။

“ ဒါနဲ့ ဘာလို့ စာအုပ်တွေ ဖတ်နေတာလဲ ။ နား လိုက်ပါလား အဖေကြီး ရယ် ၊ သမီးကြီး ရယ်  .... ဖေဖေ့ ကို သံပုရာရည်လေး ဖျော်ပေးပါလား ”

မေမေ့ အသံ က စည်ပင်ဝေဆာနေသည် ။အပေါက်ဝ တွင် ကြောင်အအ ရပ်နေသော သားသမီးများ ကို မျက်ရိပ် ပြ၍ လှမ်း ခေါ်သည် ။

“ သားတို့ က ယုဇန မှာ ဘူဖေး သွားစားနေတာ ဖေဖေ ရ ”

“ သမီး တော့ ပုစွန်တုပ်ကြီး လေးကောင် တောင် စား လာတယ် ဖေဖေ ရေ  ... ဖေဖေ့ ကို သတိ ရလိုက်တာ လွန်ရော ”

သားလတ် နှင့် သမီးငယ် က အခန်း ထဲ လှမ်း ဝင်လာသည် ။ ဖေဖေ ထိုင်ရန် ပက်လက်ကုလားထိုင် ကို သားလတ် က သွား ယူနေစဉ်တွင် သမီးငယ် က သူ့ လက် ထဲ မှ သံပုရာချိုချဉ်လေး ကို အခွံ ခွာပြီး ဖေဖေ့ ပါးစပ် ထဲ ခွံပေးသည် ။

“ ဖေဖေ အဲ့ဒီ နား ရောက်တော့ သား တို့ ကို တွေ့လိုက်သလိုလို ထင်မိ သား ”

ဖေဖေ က သူတို့ ကို မသိမသာအကဲခတ် နေသည် ။

“ ဟင် ဖေဖေ ကလည်း ဘာလို့ မခေါ်တာလဲ ”

“ ဖေဖေ့ ခေါင်း ထဲ မှာ တအား အုံနေတာနဲ့ အိမ် ပြန်လာတာ ။ ကိုယ့် အိမ် မှာ ကိုယ် နား နေတာ အကောင်းဆုံး မဟုတ်လား ”

“ ဟုတ်တာပေါ့ ” သားလတ် က ခေါင်းညိတ်သည် ။

' ကိုယ့် အိမ် မှာ ကိုယ် နားနေတာ အကောင်းဆုံး ' ဟူသော ဖေဖေ့ စကား ကြောင့် ရင် ထဲ တွင် မြူး ပြီး ပျော်သွားသည် ။

“ အဖေကြီး ထမင်း မစားရသေးရင် ပြင် လိုက်မယ်လေ ”

“ တော်ပါပြီကွာ ၊ ရင် ထဲ လည်း ပြည့် နေတယ် ၊ အိပ်ခါနီး ကျမှ ကော်ဖီလေးတစ်ခွက် ပေးနော် ”

ဖေဖေ့ မျက်နှာ တဖြည်းဖြည်း ကြည်လင်လာသည် ။ သိသိသာသာ စိတ်သက်သာပြီး ပေါ့ပါးသွားသော အရိပ်အယောင် ကို တွေ့ ရသည် ။ သံပုရာချိုချဉ်လေး ကို တမြုံ့မြုံ့ဝါးရင်း ပက်လက်ကုလားထိုင် တွင် ခြေပစ်လက်ပစ် ထိုင်သည် ။ မေမေ ပေးသော ဆေးမြစ်စုံ ရှုဆေးလေး ကို မျှင်း၍ ရှုရှိုက် နေသည် ။ သမီးငယ် က ဖေဖေ့ ခြေထောက် ကို ဆွဲ ပြီး နှိပ်တော့ ဖေဖေ က ရယ်ရင်း ရုန်းသည် ။

“ အမေကြီး ရေ  ... ခင်ဗျား သမီး ကျုပ် ကို မနှိပ်ဘဲ ဆိတ် နေပြီ ”  ဟု လှမ်း အော် သည် ။

နာရီပိုင်း အတွင်း မှာ ပင်  .... သူတို့ အိမ်လေးသည် နဂို အတိုင်း ပြန်လည် သက်ဝင် လှုပ်ရှားပြီး နွေးထွေး လာသည် ။ သားလတ် ၏ ကျီစယ်သံ ၊ သမီးငယ် ၏ တိုင်တောသံ ၊ သမီးကြီး ၏ ရယ်သံ တို့ ဖြင့် စီစီညံညံ ဖြစ်လာသည် ။

“ ခုနတုန်းက ဖေဖေ့ တစ်ခေါင်းလုံး အုံပြီး ခဲ နေတာပဲ ။ နေရတာ ဆိုးလိုက်တာ ၊ အခု သမီး တို့ သား တို့ ရဲ့ စကား ပြောသံတွေ ရယ်သံတွေ ကြားရတော့ အလိုလို သက်သာ လာတယ် ”

“ ဒီလိုဆို သမီးတို့ က ဖေဖေ့ အတွက် ဆေး ပေါ့နော် ”

သမီးငယ် ၏ အပြော ကို ဖေဖေ က ခေါင်းညိတ် ထောက်ခံသည် ။ ခေတ္တခဏ ပျောက်ဆုံးသွားသော အပြုံးချိုချို ကို ဖေဖေ့ မျက်နှာ ပေါ်တွင် ပြန်လည် တွေ့ရှိ လာရသည် ။

“ ဟုတ်တယ် သားတို့ သမီးတို့ ဟာ ဖေဖေ့ အတွက် ဆေးပဲ ။ ဖေဖေ ဆေးစား မမှားအောင် အမြဲ သတိ ရှိရမယ် ”

ဖေဖေ က သမီးငယ်လေး ၏ ဆံပင်ပျော့ပျော့လေးများ ကို လှမ်း ဖွကာ သူ့ အဓိပ္ပါယ် နှင့် သူ ပြောသည် ။ အားလုံး နားလည် လိုက်ကြသော်လည်း မသိသလို နေ လိုက်ကြသည် ။ ဝမ်းသာကြည်နူးမှုကြောင့် တော့ ရင် တဖျတ်ဖျတ် ခုန် နေမိကြလေသည် ။

       •••   •••   •••   ••• 

လ သာ သော ည ဖြစ်သည် ။ ရွှန်းမြသော လရောင် သည် ခြံ ထဲ သို့ ဖြာ ကျနေသည် ။ မြတ်လေးပန်းရနံ့ က လေ ထဲ တွင် လွင့်ပျံနေသည် ။ လသာဆောင် တွင် တစ်ဦးတည်း ရပ်နေသော မေမေ့ ဆီသို့ သမီးကြီး ရောက်လာသည် ။ “ အိပ်ဆေး သောက်မလား မေမေ ” ဟု တိုးတိုးလေး မေးသည် ။

“ မသောက်ပါဘူး သမီး ရယ် ။ ခဏနေရင် ဘုရားခန်း ဝင်ပြီး တရား ထိုင် မှာပါ ”

မေမေ က အေးဆေးစွာ ဖြေသည် ။ သမီးကြီး သည် မေမေ နှင့်အတူ ရပ်ရင်း လပြည့်ဝန်း ကို မော် ကြည့်သည် ။

“ ဖေဖေ တော့ စိတ်ချမ်းသာ လက်ချမ်းသာ အိပ်ပျော်သွားပြီ နော် ”

“ အင်း ”

“ သမီး တို့ အောင်မြင်တယ် နော် မေမေ ”

“ အင်း ”

မွှေးပျံ့နေသော လေကို သမီး က ရှိုက်၍ ရှုလိုက်သည် ။ သူ့ ရင် ထဲ တွင် အားအင်တွေ ပြည့် လာသလို ခံစားရသည် ။

“ သမီး တို့ ဖေဖေ ဟာ သမီး တို့ ဆီ ကို ရာခိုင်နှုန်းပြည့် ပြန် ရောက်လာပြီ နော် မေမေ ။ အဲဒါ မေမေ တော် လို့ ”

“ မဟုတ်ပါဘူး သမီး ရယ် ။ ဖေဖေ တော် တာပါ ။ သားတို့ သမီးတို့ မြင် လိုက်တဲ့ ခဏ မှာ သူ့ ကိုယ် သူ ချက်ချင်း ပြန်ပြီး ထိန်းသိမ်း တည့်မတ်နိုင်ခဲ့တာပဲ ။ ဖေဖေ့ လို ယောက်ျား ရှားပါတယ် ”

“ မေမေ့ လို မိန်းမ လည်း ရှားတာပဲ ”

“ မရှားပါဘူးကွယ် ။ တည်ဆောက်မိတဲ့ အသိုက်အမြုံလေး ကို ချမ်းမြေ့သာယာအောင် ၊ မယိုင်မလဲ မပြိုကွဲရအောင် နည်းမျိုးစုံနဲ့ ကြိုးစားပြီး ကျားကန် နေကြရတဲ့ မိန်းမတွေ ဟာ ဒီကမ္ဘာ ၊ ဒီလောကကြီး မှာ အများကြီး ပါ ၊ သူတို့ နဲ့ ယှဉ်ရင် မေမေ က ဘာမှ ဖြစ်လောက်မယ် မထင်ပါဘူး ”

မေမေ က တိုးတိုးလေး ပြောသည် ။ အေးမြ မွှေးပျံ့သော လေ ကို ရှိုက်၍ ရှူ ရင်း လပြည့်ဝန်း ကို မော် ၍ ကြည့်မိသည် ။ ထို့နောက် ခုအချိန် မှာ သူ့ လိုပင် လပြည့်ဝန်း ကို မော် ကြည့်နေသော မိန်းမတွေ ဘယ်နှဦးများ ရှိနေမလဲ ဟု တွေး နေမိသည် ။

“ ဖေဖေ ရဲ့သိက္ခာ နဲ့ မာနတရား ကို မထိခိုက် ၊ မပွန်းရှအောင် မေမေ ဟန်ဆောင် နိုင်ခဲ့တယ်လေ ”

အနည်းငယ် အေးနေသော မေမေ့ လက်ဖဝါးလေးများ ကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း သမီး က ကျေးဇူးတင်စွာ ပြောသည် ။ မေမေ က ဘာမှ ပြန် မပြော ။ သဲ့သဲ့ကလေး ပြုံးရင်း ငြိမ် နေသည် ။ ထိခဲ့ခိုက်ခဲ့ ပွန်းရှခဲ့ရသော သူ ၏ နှလုံးသား ကို မူ ရင် ထဲ သို့ အတင်း ဖိ၍ ထည့်ကာ သိုဝှက်ထား လိုက်လေသည် ။

◾ မစန္ဒာ

📖 မြန်မာ့အမျိုးသမီးကြေးမုံ
      ၁၉၉၈ ခုနှစ် ၊ ဇွန်လ

www.facebook.com/aung.naingoo.3726613

.

Tuesday, June 28, 2022

သူတော်ငတေ ၏ ပီယဆေး


 

❝ သူတော်ငတေ ၏ ပီယဆေး ❞

တစ်နေ့တွင် သူတော်ငတေ ၏ အနား ၌ ရောက်တတ်ရာရာ တစ္ဆေ ပုံပြင်များ ကို ပြောဆို နေကြသော ကျောင်းသားများ က ပီယဆေး အကြောင်း စကား ရောက်သွားကြ သည် ။ ထိုအခါ သူတော်ငတေ က -

“ ငါ့ တပည့်တို့ ပီယဆေး လိုချင်ကြ လား ”

  ဟု မေး၏ ။ 

သူ့ ဆီ၌ ဗေဒင်ပညာ ၊ ဆေးပညာ ၊ အင်း ၊ အိုင် ၊ ခါးလှည့် ၊ လက်ဖွဲ့ပညာ သင်ယူနေကြသော ကျောင်းသားကြီး များ မှာ ဆယ့်လေးငါးနှစ် ခန့် အရွယ် များဖြစ်ကြရာ အားလုံးက လိုလိုချင်ချင် 

“ ဟာ လိုချင်တာပေါ့ ဘဘရယ် ”

   ဟု ပြိုင်တူ ပြောဆိုကြသည် ။

ထိုအခါ သူတော်ငတေ က -

“ ပီယဆေးများ ကွာ ၊ ဘာခက်လဲ ”

  ဟု ဆိုပြန်သည် ။

“ မခက်ရင် ကျွန်တော်တို့ ကို ပီယဆေးနည်း ပေးပါ ဘဘ ရယ် ”

   ဟု တောင်းဆိုကြ၏ ။ 

“ မင်းတို့ လိုချင်ရင် ဘဘ ပီယဆေး နည်း လင်္ကာ ရွတ် ပြမယ် ၊ မင်းတို့ အဲဒီ ဆေး ကို ရအောင် ရှာ နိုင်ပါ့မလား ”

   ဟု မေး၏ ။

“ ကျွန်တော်တို့ ရအောင် ရှာ ပါ့မယ် ဘဘ ၊ ဆေးနည်း ကို သာ ရွတ်ပြပါ ”

ဟု တညီတညွတ်တည်း ပြော ကြ ပြန်၏ ။ 

“ ကောင်းပြီ ၊ ဒါဆို ပီယဆေး အလွယ်ဆုံးနည်း ကို ငါ ပြောပြမယ် ။ ဖြုတ်သည်းခြေ တစ်ပိဿာ ၊ တီ နားရွက် ငါးဆယ်သား ”

ဟု ဆိုရာ ကျောင်းသားကြီးများ က

“ ဟာ ဘဘ ကလည်း ဖြုတ်ကောင် က သေးသေးလေး ၊ ဘယ်လိုလုပ် သည်းခြေ တစ်ပိဿာ ရအောင် ယူ မ လဲ ၊ တီကောင် မှာ လည်း နားရွက် မှ မ ရှိတာ ဘဘ ”

  ဟု ဝိုင်းပြောကြသည် ။ 

“ ဟုတ်လား မသိဘူးလေကွယ် ၊ ဘဘ ကလည်း တီကောင်တွေ ၊ ဖြုတ်ကောင်တွေ ကို တစ်ခါမှ သေသေချာချာ မကြည့်မိတော့ စာထဲ တွေ့တာ ပြောရတာ ၊ တီကောင် မှာ နားရွက် မရှိဘူးလား ”

“ ဟာ ဘဘ ကလည်း တီ မှာ ဘယ်လိုလုပ် နားရွက် ရှိမလဲ ”

“ ဟေ ဟုတ်လား ၊ ဒါဆို ရှေးရှေး က ဆရာရှစ်သောင်း တွေဟာ ဘာတွေ ရေးထားခဲ့ကြပါလိမ့် ။ အေး တစ်ခုတော့ ရှိတာပေါ့ကွယ် ၊ ဒီ ပညာ တွေဆိုတာ အင်မတန် ခက်ခဲနက်နဲ တဲ့ ဂမ္ဘီရပညာတွေ ဆိုတော့ လျှို့ဝှက်ပြီး ရေးထားခဲ့ကြတာလည်း ဖြစ် နိုင်တာပေါ့နော် ။ ရှင်းတာ ကို ရှုပ် အောင် လုပ်ရတယ် ၊ လွယ်တာ ကို ခက်အောင် လုပ်ရတယ် ၊ ခက်တာ ကို နား မလည်အောင် ရေး ရတယ် ။ အဲဒါမှ ပြင်ညာရှိ ဆိုတာ ကိုး ဟ ။ ခု ဖြုတ် သည်းခြေ ဆိုတာက မင်းတို့ ငါတို့ သိ တဲ့ ဖြုတ်ကောင် တော့ ဘယ်လိုမှ မ ဖြစ်နိုင်ဘူး ။ မင်းတို့ က တီကောင် မှာ နားရွက် မရှိပါဘူး ဆိုတော့ ဒီ ရသေ့ တွေ ဘယ်လို အယူအဆ နဲ့ ရေးခဲ့ကြ လဲဆိုတာ ဘဘ ပြန် သုံးသပ်ကြည့် ရ ဦးမယ် ။ ပီယဆေးနည်း စာတွေကတော့ အများကြီးပဲ ။ ကဲ ဒါဆို ပီယဆေး နည်း ဒုတိယ တစ်ဖုံ ကို ဘဘ ပြောမယ် ”

“ ဟုတ်ကဲ့ပါ ဘဘ ”

“ တောင်ကြာ ၊ လိပ်ခေါင်း ၊ ဖား, ဖလောင်း ၊ မိုးကောင်း ရေညှိ ၊ မျှော့ ၊ ပက်ကျိ တဲ့ ဗျာ ။ အဲဒါသာ ရှာလို့ ရရင် အဲဒါကို အမှုန့်ကြိတ် ၊ တို့ လိုက်တိုင်း သူ့ နောက်ပါ ပီယဆေး တဲ့ ဗျာ ၊ ကဲ အဲ ဒါကော မောင် တို့ ရအောင် ရှာနိုင်ကြ ပါ့မလား ”

“ တောင်ကြာ ဆိုတာကတော့ အပင် လား ၊ အကောင် လား ဘာလဲ ၊ ကျွန်တော်တို့ မကြားဖူးဘူး ဘဘ ။ တခြားဟာတွေကတော့ လွယ်ပါ တယ် ၊ အဲဒီ တောင်ကြာတစ်ခုပဲ ခက် လိမ့်မယ် ထင်တယ် ”

“ ဟဲ့ ၊ ပီယဆေး ပါ ဆို ခက်တော့မှာ ပေါ့ ဟ ၊ လွယ်သာ လွယ်ရင် နင်တို့ အမျိုးတွေ အကုန်လုံး ငတေ့ မယား ချည်း ဖြစ် ကုန်ကြတော့မှာ ပေါ့ ။ စောစော က ပြောပါပကောလား ၊ လွယ်တာ ကို ခက်အောင် ရေး ထားရ ပါတယ် ဆို ဒါမှ ပြင်ညာရှိ ဖြစ်တော့ မ ပေါ့ဟ ”

သူတော်ငတေ စကား ကို ကျောင်းသားကြီးတွေ က ရယ် ကြ သည် ။ ပြီးမှ တစ်ယောက် က

“ တောင်ကြာ က လွဲ ရင် လိပ်ခေါင်း ၊ ဖား ၊ ဖလောင်း ၊ ရေညှိ ၊ မျှော့ ၊ ပက်ကျိ ဆိုတာတွေ ကတော့ လွယ်ပါတယ် ဘဘ ၊ တောင်ကြာ ဆိုတဲ့ စကားဝှက် တစ်ခု ပဲ ။ ဘဘ ကျွန်တော်တို့ ကို ဖော် ပေးပါ ၊ ဘဘ ပြော တဲ့ ဆေးနည်းတွေ အားလုံး ဟာ ပီယဆေး ဖြစ်နိုင်တယ် ဆိုတာ ကျွန်တော်တို့ လည်း ယုံကြည် ပါတယ် ”

“ တယ် ဆိုတဲ့ စာပါလား ၊ ဘယ်လို ကြောင့် ပါလိမ့် ”

သူတော်ငတေ က စောစောက သူ ပြောသော ဆေးနည်း မှာ ပီယဆေး ဖြစ်နိုင်ကြောင်း ယုံကြည်ပါသည် ဆိုသော ကျောင်းသား ကို စေ့စေ့ ကြည့်၏ ။ 

“ အကြောင်းက ရေညှိ ၊ မျှော့ ၊ ပက်ကျိ ၊ ဖား ၊ ဖလောင်း ဆိုတဲ့ အရာ တွေဟာ အားလုံးနီးနီး စေးကပ်တဲ့ အရာတွေချည်း မို့ ပါ ဘဘ ။ ပီယဆေး ဆိုတာ ကပ် မှ ချွဲ မှ ဖြစ်မယ် ဘဘ ”

“ အေး ငါ့တပည့် အတွေးအခေါ် မ ဆိုးဘူး ”

သူတော်ငတေ က ကျောင်းသားကြီး ၏ အပြော ကို မှတ်ချက် ချ၏ ။ 

“ ဟုတ်ပြီ ၊ ကဲ ပက်ကျိ ၊ ဖား ၊ ဖလောင်း ၊ ရေညှိ တော့ ရပြီ ။ တောင်ကြာ ကို ခဏ ထားဦး ၊ နောက်ဆုံး မှ တို့ ဉာဏ် ကစားပြီး ဖော် မယ် ၊ လိပ်ခေါင်း ကကော ရဖို့ လွယ် ပါ့ မလား ကွယ် ”

“ လိပ်ခေါင်း က ရဖို့ သိပ် လွယ်တာ ပေါ့ ဘဘ ၊ ကုန်ခဲ့တဲ့ မိုးဦး ကတောင် ကျွန်တော်တို့ ကျောင်းသားတွေ မှို ရှာ သွားရင်း မှို လာ စားနေတဲ့ လိပ် တစ်လုံး ကို မှိုကျင်း ထဲ တွေ့လို့ ဆရာတော် မသိအောင် ကျွန်တော်တို့ ရွာ ထဲ မှာ သွား ချက်စားကြသေးတယ် ။ အဲဒီတုန်း ကသာ ပီယဆေး ဖော်တဲ့ နေရာ မှာ သုံးရကောင်းမှန်း သိရင် ခေါင်း ဖြတ် ယူ ထားလိုက်ရုံပဲ ”

“ လိပ်ခေါင်း ဆိုတာ နင်ပြောတဲ့ လိပ်ခေါင်း လိုမျိုး မဟုတ်ဘဲ လူ့ လိပ်ခေါင်း ဆိုရင်ကော လွယ်ပါ သလား ၊ နင် တို့ အမျိုး ထဲ လိပ်ခေါင်း ထွက် နေတဲ့ လူ ရှိလို့လား ”

သူတော်ငတေ ၏ စကား ကို ကျောင်းသားတွေ က ဝိုင်း ရယ်ကြ ပြန်၏ ။

“ လူ့ လိပ်ခေါင်း ဆို ရင်တော့ ရဖို့ နည်းနည်း ခက်မယ် ဘဘ ”

“ လူ့ လိပ်ခေါင်း ဆို ငထီးတို့ ဘကြီး အရင်က လိပ်ခေါင်း ထွက် ဖူးတယ် ကွ ”

စောစော က ရဖို့ နည်းနည်း ခက်မယ် ဟု အရှက်ပြေ ပြောသော ကျောင်းသား ၏  စကား မဆုံးမီ နောက် တစ်ယောက် က ငထီး ၏ ဘကြီး လိပ်ခေါင်း ထွက်  ဖူးသည် ဟု ဝင် ၍ ပြောလိုက်သောအခါ ရယ် ကြပြန်သည် ။ သူ တို့ ရယ်မောနေကြစဉ် ကျောင်းသားကြီး တစ်ယောက် က ပြော လာပြန်၏ ။ 

“ တောင်ကြာ ဆိုတာ ကို ကျွန်တော် စဉ်းစားတွေးကြည့်တော့ တောင်ပေါ် မှာ ရှိတဲ့ စမ်းအိုင်တွေ ဘာတွေ ထဲ မှာ ပေါက် တဲ့ ကြာ ကို များ ပြောသလား ထင်တာပဲ ဘဘ ”

“ ငါ့ တပည့် အတွေး မဆိုးပါဘူး ၊ ကဲ တောင်ကြာ ကလည်း ဟုတ်တယ်ပဲ ထား လိုက်တော့ ။ လိပ်ခေါင်း ကကော လူ က ထွက်တဲ့ လိပ်ခေါင်း လား မင်း တို့ ပြောတဲ့ အကောင်လိပ် ရဲ့ ခေါင်း လား ၊ အဲဒါကို ဘယ်လို ဆုံးဖြတ်ကြမလဲ ”

“ စောစောက ဘဘ ပြောသလို လူ က ရောဂါကြောင့် ထွက်တဲ့ လိပ်ခေါင်း ဆို ရင်တော့  ရဖို့ ခက်လိမ့်မယ် ထင်ပါ တယ် ဘဘ ”

“ ဟဲ ဟဲ အေးလေကွယ် ၊ အဲသလို ခက် လို့လည်း ရှေးရှေး ပညာရှင် တွေ က ယ လေးလုံး ရှောင် ၊ အိုတောင် မ ဆင်းရဲ လို့ အဆိုအမိန့် ထားခဲ့ကြတာပဲ ”

“ ဘယ်လို ယ လေးလုံး လဲ ဘဘ အမိန့် ရှိပါဦး ”

သူတော်ငတေ ပြောစကား မှန်သမျှ အကုန် သိချင်နေသော ကျောင်းသား တစ်ယောက် က ဝင် မေးပြန်၏ ။

“ ယ လေးလုံး ဆိုတာက နံပါတ်တစ် စောစော က မင်းတို့ ပြောတဲ့ ပီယ တဲ့ ၊ နံပါတ်နှစ် က ဘူမိယ ”

“ ဘူမိယ ဆိုတာ ဘာကို ပြောတာလဲ ဘဘ ”

“ ဘူမိယ ဆိုတာ ဥစ္စာစောင့်သိုက် တို့ ဘာတို့ ရနိုးနိုး နဲ့ ဟို ဘုရားပျက် သွား တူး ၊ ဟို တောင်ပို့ သွား ပေါက် လုပ်နေတဲ့ သိုက်စာရူးတွေပေါ့ကွယ် ။ နံပါတ်သုံး ကတော့ အဂ္ဂိရတ် တဲ့ ၊ အဲဒီ ထဲ ဘဘ လည်း ပါ တာ ပေါ့နော် ။ ရသ မျှ ကုန် နေတာ သာ ကြည့်တော့ ဟဲ ဟဲ ”

“ နံပါတ်လေး ကကော ဘဘ ”

“ နံပါတ်လေး ကတော့ ဣတ္ထိယ တဲ့ ကွဲ့ ”

“ ဣတ္ထိယ ဆိုတာ  ဘာ ပြောတာလဲ ဘဘ ”

စောစောက အမေးအမြန်း ထူသော ကျောင်းသား က ဝင် မေးပြန်၏ ။ 

“ ဟိုက် သောက်ကျိုးနည်း မှ ပဲ ၊ ဘုန်းကြီးကျောင်းသား ဖြစ်နေပြီး ဣတ္ထိယ တောင် နင် မသိဘူး ”

“ ဟုတ်ကဲ့ပါ ဘဘ ၊ မသိလို့ပါ ”

“ အဲဒါဆို ငါ့ ကို မမေးနဲ့ ၊ ညနေ ထမင်းစား ပြန်မှ နင့် အမေ ကို မေး ”

သူတော်ငတေ ၏ စကား ကို ကျောင်းသားများ အားလုံး က ဝိုင်း ရယ်ကြပြန်သည် ။ အရယ် ရပ် သွားကြ ပြီး မှ ကျောင်းသားကြီး တစ်ယောက် က

“ အဘ ပြောသလိုဆို ပီယ မျက်ချစ်ဆေး ဆိုတာ မရှိဘူး လို့ ဆိုလိုတာလား ဘဘ ”

“ ဟာ ဘယ့်နှယ် ပြောပါလိမ့် ၊ သိပ် ရှိ တာပေါ့ကွယ် ”

“ အဲဒါဆို ပြောပါဦး ဘဘ ”

“ အေး ၊ လောကီနည်း ပီယဆေးစာ တွေ တော့ ဘဘ ပြောခဲ့ပြီ ၊ မင်း တို့ လည်း ဖော် မရ ၊ ဘဘ လည်း မသိဘူး ၊ လောကုတ္တရာနည်း ပီယဆေး တွေ ကတော့ တို့ ဘုန်းဘုန်း ဦးပဉ္စင်း ၊ ကိုရင်တွေ ဆီ မှာ ပေါ ပဗျား ”

“ ဗျာ ပီယဆေး နဲ့ ဘုန်းကြီးရဟန်း တွေ နဲ့ ဘာ ဆိုင်လဲ ဘဘ ရာ ”

“ သိပ် ဆိုင်တာပေါ့ကွယ် ၊ ဘဘ အထင် ပြောရရင် ပီယဆေး မတတ် တဲ့ ဘုန်းကြီး ရဟန်း ရယ် လို့ ဘဘ တို့ ဆီ မရှိသလောက် ထင်တာဘဲ ။ စာ များများ တတ်လေ ၊ အဲဒီ ဘုန်းဘုန်း ဟာ ပီယဆေး စွမ်း လေပဲ ။ မင်း တို့ ကို ရှင်းအောင် ပြောရမယ် ဆိုရင် ခု တို့ ကျောင်း က ဆရာတော် ဟာ ဦးပဉ္စင်း တွေ နဲ့ ကိုရင်သာဗြည့် တို့ ကို တစ် မိုး တွင်း လုံး ပီယဆေး တွေ သင် နေ တာ ဘဘ ကြား နေရတာပဲ ”

“ ဟာ ဘဘ ကလည်း မဟုတ်တာ ၊ မိုး တွင်း က ဦးပဉ္စင်း ကိုရင်တွေ ကို  ဆရာတော် စာ ချနေတာ သဒ္ဒါကြီး ပါ ဘဘ ။ ပီယဆေး သင်တာ မဟုတ် ပါဘူး ”

“ ဟဲ ဟဲ ၊ အဲဒီ ဆရာတော် သင်ပေး နေတဲ့ သဒ္ဒါကြီး ဆိုတဲ့ ကျမ်း ထဲမှာ မင်း တို့ လိုချင်လှချေ ရဲ့ဆိုတဲ့ ပီယဆေး တွေ ပေါ မှ ပေါ မောင်တို့ ရယ် ၊ မင်း တို့ ကြားဖူးကြမလား မသိ ဘူး ၊ ငါ ပြောတာ မယုံရင် ဦးပဉ္စင်း နဲ့ ကိုရင်သာဗြည့် တို့ ကို မေးကြည့် ။ သဒ္ဒါကြီး ထဲ မှာ ဗောဓိရုပ် ဆိုတာ ရှိ တယ် ၊ ဟိုး ရှေးရှေးတုန်းက ကိုရင်လေး တစ်ပါး ဟာ အဲဒီ ဗောဓိရုပ် ကို ခု မင်း တို့ ငါ့ ဆီ မှာ ဗေဒင် တွက်သလို ပေါ့ ။ သင်ပုန်းကြီး နဲ့ ကံ့ကူဆံ နဲ့ ဆရာတော်ကြီး အနား မှာ ဗောဓိ ရုပ် တွက် နေသတဲ့ ။ အခေါက်ခေါက် အခါခါ တွက် လိုက် ၊ ဖျက် လိုက် ဆိုတော့ ကံ့ကူဆံ က ထွက် တဲ့ ကံ့ကူမှုန့်တွေ ၊ မီးသွေးသင်ပုန်း က ထွက်တဲ့ သင်ပုန်းချေးတွေ ကလည်း ကိုရင်လေး လက်မှာ ပေကျံ နေတာ ပေါ့ ။ အဲဒါနဲ့ ဒကာမလေး အပျို တစ်ယောက် ကျောင်း ကို ဆွမ်း လာပို့ တယ် ။ အဲဒီတော့ ဘုန်းကြီး က “ ဟဲ့ ကိုရင် ၊ ဒကာမလေး ဆွမ်းအုပ် လှယ် ပေးလိုက် “  လို့ မိန့် လိုက်တယ် ၊ ဗောဓိ ရုပ် တွက်နေတဲ့ ကိုရင်လေး က ကမန်းကတန်း ဆွမ်းအုပ် ထ လှယ် ပေးလိုက်တယ် ။ သူ့ စိတ် ကတော့ ဗောဓိရုပ် ဆီ ကိုပဲ ရောက် နေတော့ ဟင်းခွက်တွေ ကို မဆေးမိဘဲ ဒကာမလေး ကို သွား ပေးတယ်တဲ့ ။ ဒီတော့ ဒကာမလေး က ကိုရင်လေး မျက်နှာ ကိုပဲ တစိမ့်စိမ့် ကြည့်ပြီး ထိုင် နေရာ က မထတော့ဘူး ။ ကိုရင်လေး ကတော့ မသိရှာဘူး ။ သူ့ တွက်လက်စ ဗောဓိရုပ် ကို ပဲ ဆက် တွက် နေတယ် ။ ဒကာမလေး ဟာ ဗောဓိရုပ် တွက် နေတဲ့ ကိုရင်လေး မျက်နှာ ပဲ ထိုင် ကြည့်ပြီး ပီတိ ဖြစ် နေတာ မြင်တော့ အဲဒီအခါ မှ ဆရာတော်ကြီး ကလည်း ရိပ်မိသွား တယ် တဲ့ ။  ဗောဓိရုပ် အခေါက် တစ်ထောင် လောက် တွက် ထားတဲ့ ကံ့ကူ ချေး ၊ သင်ပုန်းချေးတွေ က ဒကာမလေး ဆွမ်းဟင်း ပန်းကန်တွေ ကို ပေကျံသွားတော့ ဒကာမလေး က ကိုရင်လေး ကို ချက်ချင်း ချစ်ကြိုက် သွားတာ ။ အဲဒါ ဆရာတော် က သဘော ပေါက်လိုက်တော့  “ ကိုရင် ၊ နင့် ဟာ မဟုတ်သေးပါဘူး ၊ ဒကာမလေး ရဲ့ ဆွမ်းဟင်းခွက်တွေ ကို စင်ကြယ်အောင် ဆေးကြော ပေးလိုက်စမ်း ” လို့ မိန့် လိုက်ရတယ် ။ ကိုရင်လေး ဆွမ်းဟင်းခွက်တွေ ကို ဆေးကြော ပေး လိုက်တော့မှ ဒကာမလေး လည်း ရှက်ရှက် နဲ့ ထ ပြန်သွား တယ် တဲ့ ။ ဟင်းခွက်တွေ ကို ပေကျံနေ ရုံ နဲ့တောင် ဒီလို ဖြစ်ရတယ် ဆိုရင် အဲဒီ ဗောဓိရုပ် တစ်ထောင် တွက် ထား တဲ့ သင်ပုန်းချေး ၊ ကံ့ကူချေးတွေ နဲ့ များ လူ ကိုသာ တို့ လိုက်မယ် ဆိုရင် ဘယ်လို ဖြစ်သွားမလဲ ဆိုတာ မင်း တို့ စဉ်းစားသာ ကြည့်ကြတော့ ။ ဘုန်းကြီးရဟန်းတွေ ဟာ တရား ရှိကြ ၊ ကျင့်ကြံအားထုတ် နေကြလို့ပေါ့ ။ အဲဒါကြောင့် စာဆိုကြီး ဦးပုည က တောင် - ဘုန်းကြီးကြိုက် ၊ မင်း ကြိုက် ၊ ကာလသားများ နဲ့ လားလား မှ မထိုက်တဲ့ ဗျာဆံဝိုက် ဗျာဆံခါ အပျိုတွေ လာ လွန်းလို့ ဆရာတော် ကျောင်း ပေါ် က ကြိမ် ဆော်ပြီး ချရတယ် ဆို မဟုတ်လား ”

“ ဘဘ ပြော သလိုဆို ကျွန်တော်တို့ လည်း ပီယဆေး ရဖို့ ဗောဓိရုပ် တွက်ရမလို ဖြစ်နေပြီ ”

“ လိုချင်ရင် တွက် ကြပေါ့ကွ ရှင်မဟာကစ္စည်း ရေးသားပြုစုခဲ့တဲ့ သဒ္ဒါကြီး ထဲ မှာ ပီယဆေး သာ မဟုတ် ဘူး ၊ တခြား ဆေးနည်းတွေ လည်း အများကြီး ပဲ ။ အဝသုဿတု မေသရီ ရေ မံသလောဟိတံ ဆိုတဲ့ သဒ္ဒါပုဒ် က သွေး တိတ် တဲ့ ဂါထာ ပဲ ။ တစ်ခုခု ဖြစ် လို့ ကိုယ် က သွေး မတိတ်ရင် အဲဒီ အဝ သုဿတု မေ သာ ရွတ်လိုက် ၊ အခေါက် တစ်ထောင် မပြည့်မီ သွေး တိတ်သွား လိမ့်မယ် ။ ခု ဝေယံလင်း တို့ အဖေ ဟို တတ်ယောင်ကား ဆေးဆရာ တောင် လူ ကို ဝင် ပူးနေတဲ့ သရဲတစ္ဆေတွေ ထွက် မပြေးနိုင်အောင် ဘာ နဲ့ ချုပ်ပြီး နင် ဘယ်လူလဲ ဘယ်ဝါလဲ မေးတာ ဘာ နဲ့ လုပ်လဲ မင်း တို့ သိလား ”

“ မသိပါဘူး ဘဘ ”

“ အထွေအထူး ဘာမှ မဟုတ်ဘူး ၊ ဘုန်းကြီး ရဟန်းတွေ ဝါဆို ဝါကပ် လုပ်တဲ့ အခါ ရွတ်တဲ့ ဣမသ ဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမိ ဆိုတဲ့ ဂါထာ ခေါ်မလား အဲဒါနဲ့ ချုပ် ထားပြီး မေး စစ် တာဗျ ။ ခု မင်း တို့ သင် ထားကြ တဲ့ ပရိတ်ကြီး တွေ ထဲ မှာလည်း သိ ထားရင် ဆေးတွေ အများကြီး ပဲ ။ ဟို ခက်အားကြီး လို့ ရှင်ဖျက် ဓဇဂ် ၊ လူ ဖျက် အရက် ၊ ဓားဖျက် ဝါးမျက် ဆိုတာ ကြားဖူးကြတယ် မဟုတ်လား ”

“ ဟုတ်ကဲ့ ၊ ကြားဖူးပါတယ် ဘဘ ”

“ ခက်အားကြီးလို့ ကိုရင် တွေ လူ ထွက် ပြေးကြတယ်ဆိုတဲ့ ဓဇဂ္ဂ သုတ် ထဲ မှာလည်း ဆေးနည်းတွေ အများကြီး ပဲ ။ ကိုရင်လေး တစ်ပါး ဓဇဂ္ဂသုတ် ရွတ်ရင်း မျက်စိ မှိတ်  စင်္ကြံ လျှောက် ကျက်နေတာ ခြေတံရှည်ကျောင်း ပေါ် က လိမ့် ကျလိုက် တာ ဦးစောက်ပြောင်းပြန် သင်္ကန်း တွေ ဘာတွေ အကုန် လန် နေမှာပေါ့ ။ အောက် ကို ရောက်တော့ ကိုရင် လေး ဘာမှ မဖြစ်ဘူး မတ်တတ် ကလေး တဲ့ ။ ကောင်းလိုက်တဲ့ ဂါထာ ၊ အန္တလိက္ခေပိ ပါဏိနော ၊ ပတိဋ္ဌ မဓိဂစ္ဆန္တိ ၊ ဘူမိယံဝိယ သဗ္ဗထာ တဲ့ဗျာ ။ သဒ္ဒါကြီး မှာ ရော ပရိတ်ကြီး မှာပါ သိသာ သိရင် ဆေး နည်းတွေ ပြော မကုန် နိုင်လောက်အောင် ပါဘဲ မောင်တို့ ရယ် ။ ဗောဇ္ဈင်္ဂသုတ် ကြည့် ဦးမ လား ။ ဘာဝိတာ ၊  ဗဟုလီကတာ ကြိမ်ဖန်များစွာ သာ ပွားများထားမယ် ဆိုရင် ဩသဓဉ္စ ဣမံမန္တံ တဲ့ ။ နတ်ဆေး ၊ နတ်မန္တရား ထက်တောင် အစွမ်း ထက်တယ် ။ ဝဋ္ဋသုတ် ကျ ပြန်တော့လည်း ကပ္ပဌာယိံ မဟာ တေဇံ တဲ့ ။ တစ်ကမ္ဘာပတ်လုံး တည်တဲ့ အာနုဘော် ရှိတဲ့ အဆောင်ကောင်း တွေ ၊ ဘုရားဆေး တွေ ၊ မင်း တို့ ကျက် မှတ်ထားကြတဲ့ ပရိတ်ကြီး ဆယ့် တစ်သုတ် ဆိုတာ စွမ်း တာလည်း မ ပြောနဲ့ ၊ အားလုံး နိကာယ်ငါးရပ် ပိဋကတ် သုံးပုံ ထဲ က မြတ်ဗုဒ္ဓ ရဲ့ ရွှေ နှုတ်တော် က ထုတ် ဟ လိုက်တဲ့ ဆေးဝါးတွေ ချည်းပဲ ။ အဲဒါကို ပိဋကတ် နှံ့စပ်တဲ့ ဆရာတော်တွေ က လူတွေ အကျိုးရှိ အောင် ကောက်နုတ် ရွေးထုတ်ပြီး လူ တွေ အတွက် ဆေးတွေ ထား ခဲ့ကြတာ ။ မန္တန် တွေ ပေးခဲ့ကြတာ ။ အဲဒါကြောင့် ပရိတ်ကြီး ထဲ မှာ လည်း ဆေး တွေ သုံးမကုန်အောင် ရှိတာ ၊ အရင်တစ်ခါ ဟို ကောင်မ ကိစ္စ တုန်း ကလည်း မင်း တို့ က ငါ့ ကို မေးတယ် ။ မင်း တို့ ကို မဲနက်မ တစ်ခါ မှ မ ခြောက်ပါလား တဲ့ ။ နေ့တိုင်း ဘုရားရှိခိုး ၊ ပရိတ် ရွတ် နေတဲ့ မင်း တို့ ကို မဲနက်မ မိစ္ဆာမ က ခြောက်ရဲ ဖို့ နေ နေသာသာ မင်း တို့ နဲ့တွေ့ ရ မှာတောင် သူ့ခမျာ ကြောက် လွန်းလို့ ဝေးဝေး က ရှောင် ရှောင် ပြေး နေရတာ ။ အဲဒါကြောင့် ရပ် မှာ ရွာ မှာ တစ္ဆေ ခြောက် ခံ ရတယ် ဆိုရင် အဲဒီ လူ ကြပ်ကြပ် သတိ ထားတော့ ။ ယုတ်ညံ့ တဲ့ မိစ္ဆာတွေ ဆီ မှာ တောင် အခြောက် ခံ ရတယ် ဆိုရင် သူ ဘယ် အဆင့် ရောက် နေမလဲ တွေးကြည့်ကြ ။ ခွေးတွေ ဟာ တစ္ဆေသရဲ တွေ ကို မြင် ရတယ်ဆို မဟုတ်လား ၊ မြင် ရမှာပေါ့ အပါယ်ဘုံသား အချင်းချင်း ကိုး ။ အဲ ၊ လူ က အပါယ်ဘုံသား ကို ၊ တစ္ဆေ သရဲတွေ ကို မြင် ရတယ် ၊ အခြောက်ခံ ရတယ် ဆိုရင် အဲဒီ လူ လည်း အပါယ် ဘုံ နဲ့ နီး နေပြီသာ မှတ် ပေတော့ ”

“ ဒါနဲ့ အဘ ၊ ပရိတ်ကြီး ထဲ က ပီယဆေးနည်းလေး ကိုလည်း ကျွန်တော် တို့ ကို ပြောပြပါဦး ”

“ ခက်လိုက်တာ ၊ တည့်တည့် ပြော တာတောင် မင်း က သဘော မပေါက်သေးဘဲ ကိုး ။ ပရိတ်ကြီး ထဲ က ပီယဆေး ဟာ မေတ္တသုတ် ပဲ ကွယ့် ၊ မင်း တို့ ချစ်စေ ချင်တဲ့ ကောင်မလေး မျက်နှာ ကို မြင်အောင် ကြည့် ပြီး မေတ္တသုတ် သာ များ များ ရွတ် ၊ မင်း တို့ ကို အဲဒီ ကောင်မလေး ကြိုက် လာ ချစ် လာ ပါ လိမ့်မယ် ၊ ပီယဆေး ဆိုတာ မေတ္တသုတ် ပဲကွယ့် ”

“ ဒါနဲ့ နေပါဦး ဘဘ ၊ သိကြားမင်း ကို ဘဘ မိုးကြိုး ပစ်ခိုင်း လိုက်တဲ့ အဲ မဲနက်မ သရဲ ခု ဘယ် ရောက်သွားပြီ လဲ ၊ သေ သွားပြီလား ”

ကျောင်းသားကြီး တစ်ယောက် က စကား အမျှင် မပြတ် ပြော နေသော သူတော်ငတေ ကို ဖောက် မေး ပြန်သည် ။ 

“ မသေသေးဘူးကွ ၊ ခြေထောက် တစ်ဖက် တော့ ဆာတာ ဆာတာ ဖြစ် သွားတယ် ။ အဲဒါလည်း သူ့ အတွက် ပို ပြီး ကောင်း သလို ဖြစ် သွားတော့ တစ်နေ့ က ငါ နဲ့ လမ်း မှာ တွေ့ လို့ ကောင်မ က ငါ့ ကို ကျေးဇူး တင်လွန်း လို့ ဆိုပြီး ထိုင် တောင် ကန်တော့ သွား ပါပကောလား ”

“ ဟင် ဘဘက မိုးကြိုးစက်ကွင်း ကို ဆင် လိုက်လို့ သူ့ ပြပင်ကြီး မိုးကြိုး ပစ် ချတာ ၊ ခြေထောက် တစ်ဖက် ဆာ သွား တာတောင် ဘဘ ကို ကျေးဇူး တင်ပြီး ထိုင် ကန်တော့သွား သေးတယ် ။ အဲဒါ ဘယ်လို ဖြစ်လို့လဲ ”

“ ဟကောင်ရ စောစော က ဘဘ ပြော ပါပကောလား ၊ မိုးကြိုး ပစ်ခံ လိုက် ရလို့ ခြေထောက် တစ်ဖက် ဆာ သွားတာ သူ့ အတွက် သိပ် ကောင်း သွားတာပါ ဆို ”

“ ဘယ်လို ကောင်းသွားလို့လဲ ဘဘ ”

“ သူ့ အတွက် ကောင်း သွားတာက ဒီ လို ကွဲ့ သူ နေတဲ့ ပြပင်ကြီး ကို ငါ က အမြင်ကတ်ကတ် နဲ့ မိုးကြိုးစက်ကွင်း ဆင် လိုက်တော့ သူ့ မှာ နေထိုင်စရာ လည်း မရှိ ၊ ခြေထောက် တစ်ဖက်က လည်း ဆာတာ ဆာတာ နဲ့ တငိုငို တရယ်ရယ် နဲ့ လျှောက် သွားနေတာကို မင်းရွာ အလယ်ကောင် မှာ နေတဲ့ တောင်မင်းပြိတ္တာကြီး က မဲနက်မ ကို သနားလှချေ ရဲ့ ၊ ဒီ အကျိုးမ ကို ငါ မှ လုပ် မကျွေးရင် ဒုက္ခ ကြီးတော့မှာ ပဲ ဆိုပြီး တောင်ပိုင်ကြီး ကတော် တင်မြှောက်ပြီး ကောက် ယူထား လိုက်ပါပကော ”

သူတော်ငတေ အကောင်း ပြော နေရာ က ဖောက် လာပြီ ကို သိသဖြင့် ကျောင်းသားကြီးတွေ က ဝိုင်း ရယ်ကြ ပြန်သည် ။

“ ဟေ့ကောင်တွေ ၊ ငါ အကောင်း ပြော နေတာ မရယ်ကြနဲ့ ၊ ပုထုဇန ထို မျှ ပုဂ္ဂိုလ် များလူဗိုလ် တို့ မလို မကောင်း လိုလျှင် ကောင်း၏ ။ အဟောင်းအသစ် ပျို အို ဖြစ်လည်း မချစ်မလှ ချစ်ရင် လှတယ် တဲ့ ။ ဒီ အကျိုးမ ခုန်ဆွ ခုန်ဆွ သွား နေတာကို ဟို ပြိတ္တာကြီး က သူ့ မျက်စိ ထဲ သနား စရာ ချစ်စရာ မြင်လား မှ မသိတာ ။ အဲ ဒါကြောင့် ကောက် ယူ လိုက်တာနေမှာ ပေါ့ ။ ဒီနေ့ မင်း တို့ နဲ့ ပြော ရတဲ့ စကား တွေ ကလည်း ပရိတ်ကြီး သဒ္ဒါကြီး တွေ ထဲ က ပီယဆေး အကြောင်း နဲ့ ဘယ်က ဘယ်လို အချစ် အကြောင်း ရောက် သွားပြန်ပါလိမ့် ။ တော် လောက်ပြီ နဲ့ တူတယ် ”

“ အစောကြီး ရှိပါသေးတယ် ၊ ပြော ပါဦး ဘဘ ”

“ ပြောဆို တို့ ပီယဆေး က စ တဲ့ ကိစ္စ ဆိုတော့ သဒ္ဒါကြီး ထဲ မှာ နောက် ပီယဆေး တစ် ဂါထာ ရှိ သေးတယ်ကွ ၊ ငါ သိတာ ပြော တာနော် ၊ နောက် ဘဘ မသိတာတွေ ဘယ်လောက်ရှိ နေဦးမယ် မသိသေးဘူး ၊ မင်း တို့ ကို ငါ အရင်တစ်ခါ လူ ကို နွား တိုက်ပွဲ လုပ် ပြ အပြီးမှာ ဝါးခြမ်းပြား နှစ်ပြား ကို  သူ့ အလိုလို ပူးလိုက် ခွာလိုက် လုပ် ပြခဲ့ သေးတယ် ဟုတ်လား ”

“ ဟုတ်ပါတယ် ဘဘ ”

( သူတော်ငတေ ၏ နွားတိုက်ပွဲ အကျယ် ကို သိလိုမူ သူတော်ငတေ စာအုပ် တွင် ရှု ) 

“ အဲဒါလည်း ပီယဆေးဂါထာ နဲ့ ပူး ပြ ခွာ ပြ လိုက်တာပဲ မောင်တို့ ရေ ”

“ အဲဒီ ပီယဆေး လည်း ပြော ပါဦး ဘဘ ”

“ ကိုရင်သာဗြည့် ကို သာ မေး ကြည့် တော့ကွာ ၊ သဒ္ဒါကြီး ထဲ က နယေပရံ ယုတ္တေ  ဆိုတာ သဒ္ဒါရုပ် တွက်တဲ့ ပုဒ် ပါ ။ ယုတ္တေ - ယှဉ်သင့် ယှဉ် အပ်သည် ရှိသော ။ ပရံ - နောက် အက္ခရာ သို့ ။ နယေ - ဆောင်ရာ ကပ်ရာ ၏ တဲ့ ဗျ ၊ အဲဒါလည်း ပီယဆေး ပဲ ။ ငါ ပြောမယ် မင်း တို့ လိုချင်တဲ့ မိန်းကလေး ရဲ့ လက် ကို ကိုင်ပြီး နယေ ပရံ ယုတ္တေ ကို နာနာရွတ် ”

“  ဘဘ ကလည်း သူ့ ကို လက် ဆွဲရပါ့ မလား လို့ ပါး ရိုက် ရင်ကော ဘဘ “  

“ နင့်အမေကလွှား မှ ပဲ ၊ ခံ လိုက်ပေါ့ ။ အဲဒါကြောင့် နင် တို့ ပြောရတာ ကျွဲပါး စောင်းတီး ပါလား ။ ဘယ်နှချက် ရိုက် နိုင်မလဲ ၊ ကောင်မလေး တွေ လက် နုနုလေး ရယ် ၊ မသကာ ဆယ်ချက် ဆယ့် ငါးချက် ပေါ့ ။ အဲဒါမှ  “ ဟင် ငါ ပါး ဆယ်ချက် ၊ ဆယ့်ငါးချက် ရိုက်တာ တောင် တစ်ချက်ကလေး မှ ပြန် မလုပ်ရှာဘူး ၊ ငါ့ အနွံ အတာ ခံ ရှာလိုက်တာ “  ဆိုပြီး သနား ချစ် ချစ် သွားမှာပေါ့ ။ ဟို အကျိုးမ ကို အလယ်‌ကောင် က ပြိတ္တာ ကြီး သနား ချစ် နဲ့ ကောက်ယူ သွား သလိုပေါ့ ”

ဤ တစ်ခါ လည်း သူတို့ ဆရာ ငတေ ၏ စကားလုံးများ ကို ကျောင်းသားများ မှာ တဝါးဝါး နှင့် ပွဲ ကျသွားကြပြန်လေ သတည်း ။

◾ ဝေယံလင်းခေါင်

📖 သူတော်ငတေ ၏ ပိတုန်းတစ်ထောင် နှင့် အခြားဝတ္ထုတိုများ

www.facebook.com/aung.naingoo.3726613

.

Monday, June 27, 2022

အစွဲ

❝ အစွဲ ❞

ကျွန်တော် သည် စိတ္တဇဆေးရုံ ၌ အလုပ် လုပ် ရသဖြင့် လူနာမျိုးစုံ ကို တွေ့ရသည် ။ လူနာမျိုးစုံ ၌ ရယ်စရာ ဇာတ်လမ်း ၊ ငိုစရာ ဇာတ်လမ်း ၊ ဆွေးစရာ ဇာတ်လမ်း ၊ ကြောက်စရာ ဇာတ်လမ်း ၊ အံ့သြဖွယ်တုန်လှုပ်ဖွယ် ဇာတ်လမ်းများ စသည် ဖြင့် ဇာတ်လမ်း မျိုးစုံ ရှိ ကြပေသည် ။

ထိုထိုသော ဇာတ်လမ်းတို့ မှ ကျွန်တော် စိတ်ဝင်စား သော ဇာတ်လမ်း တစ်ခု မှာ ...

      •••   •••   •••   ••• 

မတင်ဟန်

လူနာ မတင်ဟန် ကို စံပယ်ဆောင် ၌ ကျွန်တော် တွေ့ ရသည် ။ မတင်ဟန် ကို ကျွန်တော် စိတ်ဝင်စားရာ၌ အကြောင်း နှစ်ခု ရှိသည် ။ တစ် အချက် သူ့ ဇာတ်လမ်း ၊ နှစ် အချက် ဆေးကု ခက်ခဲခြင်း ။

မတင်ဟန် ဇာတ်လမ်း မှာ တစ်ကြိမ်မျှ မတွေ့ဖူးသော ၊ အင်မတန် ရှားပါးသော ဇာတ်လမ်း ဖြစ်ပြီး ထို ဇာတ်လမ်း ကို အကြောင်းခံသော စိတ္တဇဝေဒနာ ကို ကုသရာ၌လည်း အင်မတန် ခက်ခဲလေသည် ။ မတင်ဟန် သည် ယခု အကြိမ် ၌ လေးကြိမ် မြောက် ဆေးရုံ တက်ခြင်း ဖြစ်သည် ။ ယခင် အကြိမ်များ က ကျွန်တော် နှင့် မတွေ့ ။ ယခု အကြိမ် ကျမှ တွေ့ ကြခြင်း ဖြစ်သည် ။ ကျွန်တော့် လူနာ ဖြစ် လာတော့ မတင်ဟန် ၏ ရာဇဝင် ကို စေ့စေ့စပ်စပ် မေးမြန်းရတော့သည် ။

“ ကဲ ဖြစ်ပုံ သာ အစအဆုံး ပြော ပြဗျာ ”

တစ်နေ့လယ် တွင် မတင်ဟန် ကို ကျွန်တော့် စားပွဲ တွင် ထိုင်စေပြီး သူမ ၏ ဇာတ်လမ်း ကို ပြောပြစေသည် ။

“ ဘာ ပြောရမှာလဲ ဆရာ ” 

“ ဘယ်လိုက စပြီး စိတ် နောက်တယ် ဆိုတာ ပြောပြ ” 

“ စိတ် မှ မနောက်ဘဲ ဆရာ ရဲ့ ” 

“ ဒီ ဆေးရုံ ဘာဆေးရုံ ခေါ်သလဲ ” 

“ စိတ္တဇဆေးရုံ ”

“ စိတ် နောက်လို့ ရောက်လာတာ မဟုတ်ဘူးလား ”

“ မဟုတ်ပါဘူး ၊ တင်မောင် လာ ပို့တာ ” 

“ ဘယ်က တင်မောင် လဲ ” 

“ ကျွန်မ နဲ့ ရနေတဲ့ တင်မောင် လေ ” 

“ တင်မောင် က ဘာလို့ လာ ပို့တာလဲ ” 

“ ကျွန်မ နဲ့ မင်္ဂလာ ဆောင်ဖို့ ၊ လက်မှတ် ထိုးဖို့ ” 

“ ဘာဗျ ”

“ ကျွန်မ နဲ့ တင်မောင် ရနေတာ ကြာပြီ ။ ငါးနှစ်လောက် ရှိပြီ ။ တရားဝင်တော့ မင်္ဂလာ မဆောင်ရသေးဘူး ။ အခု မင်္ဂလာ ဆောင်ဖို့ ဒီ ဆေးရုံ ခေါ်လာတာ ”

မတင်ဟန် ဆေးရုံ တက် စ က လက္ခဏာများ ကို ကျွန်တော် ပြန် မှတ်မိလာသည် ။ မတင်ဟန် သည် တင်မောင် ဆိုသော ယောက်ျား တစ်ယောက် ကို ဇွတ် ကြိုက်နေ ပြီး တင်မောင် သွားရာ သို့ တကောက်ကောက် လိုက်သည် ။ တင်မောင် ကျောင်း သွားလျှင် လည်း လိုက်သည် ။ တင်မောင် ၏ အိမ် သို့ လည်း မကြာခဏ သွားသည် ။ တွေ့သမျှ လူများ ကို တင်မောင် နှင့် သူ နှင့် ရနေပြီ ဖြစ်၍ မင်္ဂလာ ဆောင် ပေးစေလိုကြောင်း ပြော ပြသည် ။ တစ်ခါတစ်ရံ မင်္ဂလာ ဆောင်တော့မည် ဖြစ်ကြောင်း ဆွေမျိုးမိတ်သင်္ဂဟများ ကို လိုက်၍ ဖိတ်ကြားသည်လည်း ရှိသည် ။

တင်မောင် က သားမယား နှင့် ကောလိပ်ကျောင်း သား ၊ ကျောင်း ကို လိုက်လာပြီး လူအများ ရှေ့တွင် ဆွဲလား ၊ ရုန်းလား လုပ်သည် ။ တင်မောင် အရှက် ကွဲသည် ။ မတင်ဟန် ၏ ဆွေမျိုးများ က လည်း ရှက် ကြ၏ ။ မတင်ဟန် ကို မည်သို့မျှ ဖျောင်းဖျ မရဘဲ တင်မောင် ကို သာ စွဲလမ်းနေသ ဖြင့် နောက်ဆုံး စိတ္တဇဆေးရုံ ပို့ ရလေသည်  ။ 

တင်မောင် နှင့် မတင်ဟန် ယခင် က ရည်းစား ဖြစ်ခဲ့ ဖူးသည် ဆို၏ ။

ကျွန်တော် သည် မတင်ဟန် ကို ကြည့် လိုက်ပြီး ...

“ တင်မောင် မှာ မယား နဲ့ သား နဲ့ ၊ ဘယ် ပေးစားလို့ ဖြစ် မလဲဗျ ”

“ ဘယ်ကလာ မိန်းမ ရှိ ရမှာလဲ ဆရာ ရဲ့ ။ ဆရာ က ကျွန်မ ကို ညာ ပြန်ပြီ ”

“ ဆရာဝန်တွေ က ညာ မပြောဘူးဗျ ။ တင်မောင် မှာ မိန်းမ တကယ် ရှိတယ် ။ နောက်ပြီး တင်မောင် ကလည်း ခင်ဗျား ကို မယူနိုင်ဘူး တဲ့ ”

“ ဘာလို့ မယူရမှာလဲ ၊ ကျွန်မ နဲ့ ရနေတာ ငါးနှစ် လောက်တောင် ရှိပြီ ” 

“ ကဲ ... ဘယ်လို ရတာလဲ ပြော ”

“ ကျွန်မ နဲ့ တင်မောင် နဲ့ ငယ်ငယ် ကတည်း က ရည်းစား ဖြစ်ကြတယ် ။ သူ့ အိမ် ကို လည်း ကျွန်မ သွားတယ် ။ ကျွန်မ ဆီ ကို လည်း သူ လာတယ် ။ ကျွန်မတို့ ညား သွားကြ တယ် ။ ကျွန်မ က လည်း တင်မောင့် ကို ချစ်တယ် ။ တင်မောင် ကလည်း ကျွန်မ ကို ချစ်တယ် ”  

“ မဟုတ်သေးဘူး မတင်ဟန် ။ တင်မောင် ကသာ အရင် က ခင်ဗျား နဲ့ ရည်းစား ဖြစ်ခဲ့တာ ။ နောက်တော့ ခင် ဗျား နဲ့ ကွဲပြီး တခြား မိန်းမ တစ်ယောက် ကို ယူ လိုက်ပြီဗျ ။ တင်မောင် ကိုယ်တိုင် ဒီ ဆေးရုံ လိုက် လာပြီး အားလုံး ရှင်း ပြပြီးပြီ ။ တင်မောင် ကို မစွဲလမ်းပါနဲ့တော့ ဗျာ ။ တခြား ယောက်ျားတွေ ရှိ သားပဲ ”

မတင်ဟန် ကို ကျွန်တော် ဖျောင်းဖျ နေရပါသည် ။ စိတ္တဇ ကု ဆရာဝန် ဆိုသည်မှာ ဤသို့ပင် စကား ပြောရသည် ။

“ တခြားယောက်ျားတွေ ကို မကြိုက်ဘူး ဆရာ ။ ကျွန်မ ကို တင်မောင် နဲ့ သာ လက်ထပ် ပေးပါတော့ ။ တင်မောင့် ကို ခေါ်ပေးနော် ဆရာ ”

“ ခင်ဗျား ကလည်း ပြောလေ ကဲလေ ပါ လား ၊ ဆေး ရော မှန်မှန် သောက်ရဲ့ လား ”

“ သောက်ပါတယ်ဆရာ ” 

ငြိမ်၍ နားထောင်နေသော ဆရာမ က ဝင် ပြောသည် ။

“ ကဲ ဒါဖြင့် အဆောင် ကို ပြန် ပေဦးတော့ မတင်ဟန် ရေ ၊ ဆေး လည်း မှန်မှန် သောက်ပါ ”

မတင်ဟန် ပြန် သွားတော့ ကျွန်တော် ဆရာမ ကို ပြုံး ၍ ကြည့် လိုက်သည်  ။

“ တော်တော် ခက်တဲ့ ရောဂါပဲဗျို့ ။ တင်မောင် ဆိုတဲ့ လူ ကို စွဲလမ်းနေတာ ဖေျာက်လို့ မရတော့ဘူး ”

“ ကျွန်မ တို့ လည်း နား ချတာပဲ ဆရာ ။ အဲဒီ တင်မောင် ကို သာ စွဲလမ်း နေတယ် ။ တင်မောင် ကို ကျွန်မ မြင်ဖူးတယ် ။ ဘုတ်ထိုင်းကြီး ”

“ ဟား ဟား သူ့ မျက်စိ ထဲတော့ ဘယ်လို ဖြစ်မှန်းမှ မသိဘဲ ။ စိတ္တဇ ဖြစ် နေတော့လည်း ထင် ချင်ရာ ထင် တာပေါ့ဗျာ ။ သူ့ ရောဂါမျိုး ရှားတယ် ဗျ ။ လာမယ့် ဆရာဝန်များ အစည်းအဝေး မှာ တင်ပြဦးမှပဲ ”

       •••   •••   •••   •••

လူကြီးမင်းများ ခင်ဗျား ... ဒီနေ့ ဆရာဝန်များ အစည်းအဝေး မှာ ကျွန်တော် တင်ပြမယ့် လူနာ ကတော့ မတင်ဟန် ဖြစ်ပါတယ် ။ မတင်ဟန် ရဲ့ အသက် က ၃၇ နှစ်  ၊ တရုတ် အမျိုးသမီး ၊ ဗုဒ္ဓဘာသာ ။ ရန်ကုန်မြို့ ထဲ က ပဲ ဖြစ်ပါတယ် ။ 

မတင်ဟန်ဟာ ၅ - ၁ -၇၀ နေ့ က ဆေးရုံ တက်ပါ တယ် ။ ဆေးရုံ တက်တဲ့ အကြောင်းရင်း က ကိုတင်မောင် ဆို တဲ့ လူ တစ်ယောက် ကို တစ်ဖက်သတ် စွဲလမ်း ချစ်ကြိုက်နေ လို့ပါပဲ ။ စွဲလမ်းချစ်ကြိုက်ရုံ မက ကိုယ်ထိလက်ရောက် ပါ ကိုတင်မောင် ကို အနှောင့်အယှက် ပေးပါတယ် ။ ကိုတင်မောင် က ကောလိပ်ကျောင်းသား ဆိုတော့ ကျောင်း သွားရင် လည်း လိုက်ပြီး ဆွဲလား ၊ ရုန်းလား လုပ်တယ် ။ စကား လိုက် ပြောတယ် ။ ကျောင်း မသွားတဲ့ အခါ ကိုတင်မောင့် အိမ် ကို သွား တတ်ပါတယ် ။ အိမ် ပေါ် ဇွတ် တက်နေတတ်ပါတယ် ။ ကိုတင်မောင် မှာ မိန်းမ လည်း ရှိတော့ အခက် ကြုံ ရပါတယ် ။

မတင်ဟန် ဟာ သူ့ရဲ့ ဆွေမျိုးမိတ်သင်္ဂဟများ ကို လည်း ကိုတင်မောင် နဲ့ သူနဲ့ ချစ်ကြိုက် နေကြောင်း ၊ ရနေကြောင်း ၊ ထို့ကြောင့် တရားဝင် ဖြစ်အောင် လက်ထပ် ပေးဖို့ အကြောင်း လျှောက် ပြောလေ့ရှိပါတယ် ။ တစ်ခါတစ်ရံ မင်္ဂလာ ဆောင်တော့မယ် ဆိုပြီး လိုက်ပြီး ဖိတ်တာလည်း ရှိပါတယ် ။

ခုလို ဖြစ်နေတော့ မတင်ဟန် ရဲ့ ဆွေမျိုးသားချင်းတွေ ဟာ အရှက် ရပြီး မတင်ဟန် ကို စိတ္တဇဆေးရုံ ပို့ ရတာပါပဲ ။ အိမ် မှာ မတင့်ဟန် ကို မဖြစ်နိုင်ကြောင်း ၊ ကိုတင်မောင်ဟာ မယားကြီး နဲ့လူ ဖြစ်ကြောင်း ရှင်း ပြပေမယ့် မတင်ဟန် က ဘယ်လိုမှ မယုံကြည်တဲ့ အတွက် ဆေးရုံ ပို့ရတာပါပဲ ။

ကိုတင်မောင် နဲ့ မတင်ဟန် တို့ အရင် က ချစ်ကြိုက် ဖူးတယ် လို့ မတင်ဟန် က ဆိုပါတယ် ။ လွန်ခဲ့တဲ့ ငါးနှစ်လောက် ကတည်း က ကိုတင်မောင် နဲ့ ရနေတယ်လို့ မတင်ဟန် က ဆိုပါတယ် ။ ကိုတင်မောင် က အသက် နှစ်ဆယ့်ကိုး ၊ မယား နဲ့ ။ ကျောင်းသား ။ အခု ဆေးရုံ လိုက်ပို့တော့ ကိုတင်မောင် လည်း ပါလာတယ် ။ သူ့ နောက် ကို တကောက် ကောက် လိုက် နေကြောင်း ပြောပြတယ် ။ သူ က ရိုးရိုးသား သား ခင် တာပါပဲ လို့ ပြောပြတယ် ။

ဆေးရုံ တက်တာ အခု အကြိမ်ဟာ လေးကြိမ်မြောက် ပါပဲ ။ ၁၉၆၈ ခုနှစ် က နှစ်ကြိမ် တက်ခဲ့ပြီး ၁၉၆၉ ခုနှစ် မှာ တစ်ကြိမ် တက်ခဲ့ပါတယ် ။ ဆေးရုံ တက်တဲ့ အကြောင်းရင်း ကတော့ အထက်က ဖော်ပြထားတဲ့ အတိုင်းပါပဲ ။ ကိုတင်မောင် နဲ့ ရနေပြီ ဆိုတဲ့ အစွဲ ကို မပျောက် နိုင်ပါဘူး ။

ဆေး ကုသတဲ့ အပိုင်း အနေ နဲ့ ပထမအကြိမ် ဆေးရုံ တက် စ က ဗြူရိုမဇင်းဆေးလုံး လေးလုံး သုံးကြိမ် တိုက် ပါ တယ် ။ ဓာတ်နှိပ်ကုသခြင်း လည်း ရှစ်ကြိမ် ပြုလုပ်ပါတယ် ။ ဆေးလည်း ထိုး ပေးပါတယ် ။ အံ့သြစရာ ကောင်းတာ က ဒီ လောက် ဆေးတွေ ပေးတာတောင် မတင်ဟန် ဟာ အလုပ် မပျက်ပါဘူး ။ အဆောင်သန့်ရှင်းရေး ကို အင်မတန် လုပ်ပါ တယ် ။ ပထမ အကြိမ် တုန်း က ကိုတင်မောင့် အစွဲအလမ်း ကို လုံးဝပျောက်အောင် မပြုလုပ်နိုင်ပေမဲ့ အနည်းငယ် သက်သာ လို့ ဆေးရုံ က ဆင်းစေခဲ့ပါတယ် ။ 

ဒုတိယ အကြိမ် ဆေးရုံ တက်ပြန်တော့ အရင်ကလို ပဲ စိတ်ငြိမ်ဆေး များများ ပေးပြီး ဓာတ်နှိပ်ကုသခြင်း ခြောက် ကြိမ် ပြုလုပ်ပါတယ် ။ အစွဲအလမ်း အနည်းငယ် သက်သာ ပြီး ဆေးရုံ မှ ဆင်းသွား ပြန်ပါတယ် ။

တတိယ အကြိမ် လည်း ထိုနည်းလည်းကောင်း ပါ ပဲ ။ ဆေးများများ နဲ့ သာ ကုသပြီး ဓာတ် မနှိပ်တော့ပါဘူး ။

ယခု စတုတ္ထအကြိမ် မှာတော့ စိတ်ငြိမ်ဆေး ပြောင်း လိုက်ပါတယ် ။ စတဲလဇင်း ၅ မီလီဂရမ် ကို တစ်နေ့ သုံးလုံး တိုက် ပါတယ် ။ ဓာတ် မနှိပ်ဘဲ စိတ်ဖြင့် ကုသခြင်း ( Psychotherapy ) အများဆုံး လုပ်ပါတယ် ။

ဘယ်လိုပဲ ကုကု အစွဲအလမ်း မပျောက်တဲ့ အတွက် ယခု ဆရာဝန်များ အစည်းအဝေး မှာ တင်ပြပြီး အကြံ ဉာဏ် တောင်း ရခြင်း ဖြစ်ပါတယ် ။ 

လူနာ မှာ စိတ္တဇမျိုးရိုးလည်း ရှိပါတယ် ။ လူနာ မှာ တခြား စိတ္တဇလက္ခဏာများ လုံးဝ မရှိပါ ။ လူနာ ရဲ့ ရောဂါ ကို မည်သို့မျှ မပယ်ဖျောက်နိုင်သော ယုံကြည်လွဲမှားမှု ၊ တစ်ဦးတစ်ယောက် ကို သာ စွဲလမ်းမှု စသည်များ ကိုအခြေခံပြီး ပရာရွိုင်ရား ( Paranoia ) ရောဂါ လို့ ကျွန်တော့် အနေ နဲ့ ထင်မြင်ပါတယ် ။ အကြံပေးကြပါခင် ဗျား ။ ကျေးဇူးတင်ပါတယ် ။

ကျွန်တော် သည် မတင်ဟန် ၏ အကြောင်း ကို ပြည့် စုံစွာ တင်ပြလိုက်ပါသည် ။ 

ဆရာဝန်များ နှင့် သူနာပြုများ သည် ငြိမ်သက်စွာ နားထောင်နေကြပြီး ကျွန်တော့် ကို မေးခွန်း အနည်းငယ် မေးသည် ။ ထို့နောက် လူနာ မတင်ဟန် ကို ခေါ်ယူ တွေ့ဆုံ ၍ မေးခွန်းများ မေးကြသည် ။

ဆရာဝန်ကြီး က စတင်၍ ...

“ ကဲ ဘယ်လိုဖြစ်တာလဲ ၊ ဘယ်လိုကြောင့် ဆေးရုံ တက်ရတာလဲ ပြောပြပါဦး ”

“ ကျွန်မ ဘာမှ မဖြစ်ပါဘူး ။ တင်မောင် နဲ့ လက်ထပ် ပေးမယ် ဆိုလို့ ဆေးရုံ လာ တက်တာပါ ”

“ တင်မောင် နဲ့ ခင်ဗျား နဲ့ ကြိုက်နေကြလို့လား ”

“ ကြိုက်နေရုံ မကပါဘူး ၊ ညား နေကြတာ ငါးနှစ် ရှိပါ ပြီ ။ အဲဒါ ဆရာ တို့ က လက်ထပ်ပေးပါ ”

“ ကျွန်တော်တို့ သိ ထားတာက တင်မောင့် မှာ မိန်းမ ရှိတယ် တဲ့ ။ သူ့ မှာ မိန်းမ နဲ့ ဆိုတော့ ခင်ဗျား နဲ့ ယူလို့ ဘယ် ဖြစ်မလဲ ”

“ တင်မောင့် မှာ မိန်းမ မရှိပါဘူး ။ ကျွန်မ ကို မညာပါ

“ တင်မောင် က လွဲရင် တခြား လူ ကို ယူမလား ”

“ မယူနိုင်ပါဘူး ။ တင်မောင့် ကို ပဲ ကြိုက်တယ် ။ သူ က လည်း ကျွန်မ ကို ကြိုက်တယ် ”  

ဆရာဝန်ကြီး က ဆက် မမေးတော့ဘဲ တခြားဆရာဝန်များ က မေးခွန်း ထုတ်ကြသည် ။ မတင်ဟန် တွင် အခြား စိတ္တဇလက္ခဏာများ မရှိ ။ တင်မောင် နဲ့ လက်ထပ် ပေးရန် သာ နားပူတော့၏ ။

မတင်ဟန် ကို အဆောင် သို့ ပြန် လွှတ်လိုက်ပြီး ကျွန်တော်တို့ အချင်းချင်း ဆွေးနွေးကြသည် ။ ရောဂါပိုင်း အနေ နှင့် အငြင်းပွားစရာ မလို ။ သို့သော် နောက်ပိုင်းတွင် မတင်ဟန် ၏ ရောဂါ ပြောင်းလဲသွားနိုင်ကြောင်း ၊ စကီဇိုဖရီးနီးယား ဝေဒနာ ဖြစ်သွားနိုင်ကြောင်း သဘောတူ ဆုံးဖြတ် လိုက်ကြသည် ။ ကုသရေး အနေ နှင့် ကား ယခု လက်ရှိ ဆေး အပြင် တခြား စိတ်ငြိမ်ဆေးများ ပါ များများ ပေးရန် ဆုံး ဖြတ်ကြသည် ။

ထို့နောက် ဆရာဝန်များ အစည်းအဝေး ပြီးဆုံးသွား၏ ။

       •••   •••   •••   ••• 

မတင်ဟန် ကို စိတ်ငြိမ်ဆေး တိုး ၍ တိုက် ရသည် ။ စိတ်ငြိမ်ဆေးများ က သာ မတင်ဟန် ၏ အစွဲအလမ်း ကို ပယ်ဖျက်နိုင်ပေမည် ။ ကျွန်တော့် လူနာ ဖြစ်၍လည်း ပျောက် ကင်းအောင် ကုသပေးရန် တာဝန်ရှိသည် ။ လူနာ တစ်ယောက် ရောဂါ ပျောက် လျှင် ကျွန်တော်တို့ ဆရာဝန်များ ဝမ်းသာကြ၏ ။ ပေါ့ပါး သွားကြ၏ ။ ကိုယ် ကုသနေသော လူနာ ရောဂါ မပျောက်လျှင် ဆရာဝန်များ ခေါင်း ရှုပ်ကြ၏ ။

ပျောက်ကင်းစေမည့် နည်းလမ်းများ ကို သာ ရှာကြံရ၏  ။ ဤသည် မှာ ဆရာဝန်များ ၏ ကျင့်ဝတ်ပင် ဖြစ်ချေသည် ။

ယခု လည်း မတင်ဟန် ၏ ရောဂါ ကို ပျောက်စေချင် နေပြီ ဖြစ်၍လည်း တစ်နေ့တွင် မတင်ဟန် ကို ခေါ်ပြီး အခြေ အနေကို မေး ရပြန်သည် ။

“ ကဲ မတင်ဟန် .. ကိုတင်မောင့် အစွဲအလမ်း ရှိသေး သလား ”

“ အစွဲအလမ်း မဟုတ်ပါဘူး ဆရာရယ် ။ တကယ် ဖြစ် နေတာပါ ။ တင်မောင် နဲ့ လက်ထပ်ပေးပါ ဆရာ နော် ။ တင်မောင့် ကို ခေါ် ပေးပါ ”

ခက်ချေပြီ ။ ဆေး တိုး ၍ တိုက် သည်မှာ ၁၀ ရက် ကျော် ပေပြီ ။ မတင်ဟန် ၏ စွဲလမ်း ယုံကြည်မှု က မပျောက်သေး ။

“ လက်လျှော့လိုက်ပါတော့ ဆရာ ရယ် ။ အရင် အခေါက်တွေ က ဆေးရုံ တက် တာလည်း မပျောက်ပါဘူး ၊ လက်လျှော့ ကြရတာပါပဲ ။ အခု ဆရာ့ လက်ထက် မှ ”

ဆရာမ ဝင် ပြောသော စကားကို ကျွန်တော် လက် မခံ နိုင်ချေ ။ ကျွန်တော့် ဇွဲ ကို မလျှော့ချင်ပေ ။ မတင်ဟန် ၏ ရောဂါ ကို ပျောက်အောင် ကုသရန် အခိုင်အမာ ဆုံးဖြတ် လိုက်သည် ။

“ ဆရာမ ရေ ... ယခု လက်ရှိ ဆေးတွေ ကို နှစ်ဆ တိုး ပြီး တိုက် ဗျာ ၊ ညညလည်း စိတ်ငြိမ်ဆေး စီကွင်း ထိုးပေး ၊ ဓာတ်နှိပ်ကုသ တဲ့ စာရင်း ထဲ မှာ လည်း သူ့ ကို ထည့် လိုက် ဗျာ ။ မတင်ဟန် ရောဂါ ကို ပျောက်အောင် ကျွန်တော် ကုမယ် ။ မတင်ဟန် အစွဲ နဲ့ ကျွန်တော့် ဇွဲ ကို စောင့်ကြည့်ပေါ့ဗျာ ”

◾ ဒေါက်တာအုန်းမောင်

📖  မိုးဝေမဂ္ဂဇင်း
       ၁၉၇၁ ခုနှစ် ၊ ဇွန်လ

www.facebook.com/aung.naingoo.3726613

.

 

Saturday, June 25, 2022

နာမည်ကျော် စာရေးဆရာ တစ်ယောက် ဖြစ်ဖို့ရန်


 

❝  နာမည်ကျော် စာရေးဆရာ တစ်ယောက် ဖြစ်ဖို့ရန် ❞

နာမည်ကျော် စာရေးဆရာ တစ်ယောက် ဖြစ်ဖို့ရန် ကဗျာ ဖြစ်စေ ၊ ဝတ္ထု ဖြစ်စေ ၊ ဇာတ် ဖြစ်စေ ၊ တစ်မျိုးမျိုး မှ နာမည် ရဖို့ လို၏ ။ မဂ္ဂဇင်းများ ၌ ဆုံးမစာ ၊ တရားစာများ ကို အဘယ်မျှပင် ရေးကြစေကာမူ စာရေးဆရာ နာမည်ကျော် ဖြစ်ဖို့ လွန်စွာ ခက်လေသည် ။

အကြောင်းမူကား တရားစာ ၊ ဆုံးမစာများ ကို ရွက်ကြမ်းရေကျို မည်သူ မဆို ရေး တတ်သည် ။ ထိုစာ များမှာ literature ခေါ် ပညာ အခါခပ်သိမ်း မပါ ။ ဝတ္ထု နှင့် ကဗျာ ဇာတ်များ သာ လျှင် ပညာ ပါ လေသည် ။ ဆုံးမစာများ မှာ ဘုရားဟော ကျမ်းများ ၊ ရှေးကျမ်းများ ကို အမီ ရ သဖြင့် စာ တတ်လျှင် သူသူ ငါငါ ရေး နိုင်၏ ။ ဝတ္ထုကောင်း ၊ ကဗျာကောင်း ၊ ဇာတ်ကောင်းများ ကို ကား သူသူငါငါ မရေးနိုင် ။ ပင်ကို ဉာဏ် နှင့် စနစ် ကို သိမှ ဖြစ် နိုင်လေသည် ။ သို့ဖြစ်သောကြောင့် သတင်းစာတိုက်များ ၊ မဂ္ဂဇင်း တိုက်များသို့ ရောက်သော ဝတ္ထု အတို အရှည် ၊ အပုဒ် တစ်ရာ လျှင် အသုံးပြုလောက်သော ဝတ္ထု တစ်ပုဒ် နှစ်ပုဒ် မျှပင် ရဖို့ ခက်လေသည် ။

ဩဝါဒစာ ၊ တရားစာများ မှာ မူ ချီးမွမ်းလောက်သော အင်္ဂါပင် မပါရှိစေကာမူ အပြစ် မရှိသဖြင့် ထို စာမျိုး တစ်ရာ လျှင် ကိုးဆယ် လောက် မှာ သုံး၍ ရ၏ ။ သုံး၍ ရသော်လည်း ထို စာမျိုးကြောင့် မဂ္ဂဇင်း ၊ ဂျာနယ် မှာ အဖိုး မတန် ၊ ဂုဏ်ကျက်သရေ မတိုး ၊ စာမျက်နှာ သာ တိုး နိုင် လေသည် ။

တကယ့် ဝတ္ထု ရေး ဆရာ ၊ တကယ့် ပန်းချီ ဆရာ တို့ မှာ ပညာသည် ဖြစ်၏ ။ ဩဝါဒစာရေးဆရာ မှာ ကျောင်းဆရာ နှင့် တူလေသည် ။ ကျောင်းဆရာများ မှာ ကျောင်းဆရာ လုပ် ရမှ အလုပ် ရ၏ ။ ပန်းချီဆရာ မှာ မိမိ ၏ စုတ်တံ မှ အလုပ် ထွက် ၏ ။ ဝတ္ထုရေးဆရာ မှာလည်း ကလောင် မှ အလုပ် ထွက်လေသည် ။ 

ကဗျာ မှာ လည်း စနစ် နှင့် စိတ်ကူးဉာဏ် ကိုယ်ပိုင် လိုသဖြင့် ပညာ တတ်မြောက်သော်လည်း ယခုခေတ် မှာ ကဗျာခေတ် မဟုတ် သောကြောင့် ခက် လေသည် ။

အခြား စာရေးဆရာ အလုပ် တစ်ခု မှာ ဂျာနယ် စာ မျိုး ကို ရေးတတ် ခြင်း ဖြစ်လေရာ ဂျာနယ် မှာ လည်း စိတ်ကူး နှင့် ဆိုင်သော ကြီးလေး ခက်ခဲသော အတတ်ကြီး တစ်ခု ဖြစ်လေသည် ။

ဆုံးမစာ သည် မဂ္ဂဇင်း ဂျာနယ် ၊ သတင်းစာ နှင့် မဆိုင် ။ ဥရောပ ၊ အမေရိက တိုင်းမ်မဂ္ဂဇင်း သတင်းစာ ဟူသမျှ မှာ ဆုံးမစာ ဟူ၍ တစ်မိုက် တစ်ထွာ ထက် များလေ့ မရှိပေ ။ ဆိုင်ကိုလိုဂျီမဂ္ဂဇင်းကြီး ကဲ့ သို့ တစ်ဖက်သတ် ကြီးပွားချမ်းသာရေး မဂ္ဂဇင်းများ မှာလည်း ကြီးပွားရေး စာများ ပါလေရာ ထို စာများမှာ လွန်စွာ သစ်လွင်ဆန်းသစ်သော စာများ ဖြစ်ကြလေသည် ။ တရားစာ ၊ ကျမ်းစာများ မဟုတ်ပေ ။ သို့ဖြစ်လေရာ ဝတ္ထုကောင်းများ ရေးနိုင် မှ တကယ့် စာရေးဆရာ ဖြစ်နိုင်၏ ။ ကဗျာ ဖြင့် ယခုအခါ စာရေးဆရာ မဖြစ်နိုင်ပေ ။ မစ္စတာမောင်မှိုင်း တစ်ယောက် သာ အရှိန် ရ၍ နာမည် ရ ခဲ့လေသည် ။ ထူးလည်း ထူးပေသည် ။ ၎င်းလို ထူးဖို့ရန် မလွယ်မကူပေ ။

ဂျာနယ် ဆိုသည် မှာ ဝတ္ထု ဇာတ် ၊ ကဗျာ ဆုံးမသြဝါဒ တရားစာ မဟုတ်ဘဲ ဖတ် ၍ ကောင်းသော စာမျိုး နှင့် သက်ဆိုင်လေရာ ထို စာမျိုး မှာလည်း မလွယ် ။ အများအားဖြင့် ဝတ္ထုရေး ကောင်းသူများ ၊ တကယ့် ကဗျာဆရာများ ၏ ထိုးထွင်းဉာဏ်မျိုး ရှိမှ ဖြစ်နိုင်လေသည် ။

အကြောင်းမူကား အဘယ်အကြောင်းအရာ ကို မဆို ။ ဖတ် ၍ ကောင်းအောင် ၊ ရေ ၌ ပေါ်သော ဖော့ ကဲ့သို့ ပေါ့ပါးလျှင်မြန်သော စာမျိုး ဖြစ်လေ သည် ။ ရွှေငွေစိန်ကျောက် လို စာလေးကြီးမျိုး မှာ မပေါ်နိုင် ။ ဖတ်ရာ၌ လည်း အရသာ ရှိမည် မဟုတ်ပေ ။ ဥပမာ - ကလောင်တံ အကြောင်း ကို ဖတ် ၍ ကောင်းအောင် ရေး တတ်ရမည် ။ မီးဖိုချောင် အကြောင်း ကို ဖတ်၍ မငြီးအောင် ရေးတတ်ဖို့ လိုလေသည် ။ ဆီမီးခွက် အကြောင်း ကို ဖတ်၍ ကောင်းအောင် ရေး ခြင်းသည် အလောင်းစည်သူ ၏ အတ္ထုပ္ပတ္တိ ကို ရေးခြင်း ထက် ခက်ခဲ ကြီးလေးလေသည် ။ အလောင်းစည်သူ အတ္ထုပ္ပတ္တိ မှာ ရာဇဝင် ရှိ၏ ။ ဆီမီးခွက် အကြောင်း မှာ မှီခို အားပြု၍ ရေးစရာ အခြေခံ စာပေကျမ်းဂန် မရှိ ။ စိတ်ကူး နှင့် ရေးရလိမ့်မည် ။ မသိ သူ တို့ ၏ စိတ် ၌ကား အသေးအဖွဲ ဟု ပြောလိမ့်မည် ။ အသေးအဖွဲ ကို ဖတ်၍ ကောင်းအောင်ရေးတတ်မှ စာရေးကောင်း ဖြစ်သည်ကို မစဉ်း စားကြပေ ။

ဆူရင်ဒရယ်နတ်ဘနာဂျီ ခေါ်သူသည် nothing ခေါ် ဘာမျှ မရှိ ဟူသော အကြောင်း ကို တစ်နာရီ - နှစ်နာရီ ပြော ဟောနိုင်၏ ။ ကျမ်းတတ် ပုဂ္ဂိုလ်တိုင်း ရေးနိုင် ပြောနိုင်မည် မဟုတ်ပေ ။

သို့ဖြစ်လေရာ နာမည်ကျော်စာရေးဆရာ ဖြစ်လို က ဘာမဟုတ် ညာမဟုတ် အကြောင်းများကို ဟုတ်အောင် ရေးတတ်ဖို့ လိုလေသည် ။

မြန်မာမဂ္ဂဇင်း ၆ ပဲ တန် များ ထဲ၌ ပါရှိသော အချို့သော စာကြီး တွေ ကို အင်္ဂလိပ် လို ပြန်ရင် အဘယ် အင်္ဂလိပ် မဂ္ဂဇင်း ၊ သတင်းစာ က မှ အသုံးပြုမည် မဟုတ်ပေ ။ အင်္ဂလိပ် မဂ္ဂဇင်း သတင်းစာ များ ထဲ ၌ ပါသော စာများ ကို မြန်မာ လို ပြန်ချေက အဘယ် မြန်မာ သတင်းစာ မဂ္ဂဇင်း မှာ မဆို ထင်ပေါ်နိုင်လေသည် ။ ဤကား အင်္ဂလိပ် က အသေးအဖွဲတွေ ကို ကိုယ်ပိုင် အမြင် အသိဖြင့် ရေးကြ၍ မြန်မာမဂ္ဂဇင်း စာရင့်ကြီးများ မှာကား ကိုယ်ပိုင်အသိအမြင်ဉာဏ် နှင့် မဆိုင် ၊ ကျမ်းစာတွေ ထဲ မှ သုံး မကုန်အောင် ရနိုင်ခြင်းကြောင့် ဖြစ်လေသည် ။

စာ ရေးရာ၌ မိမိ ၏ ပညာ စွမ်း ကို ပြလိုသော စိတ် နှင့် မရေးရ ။ ရေးစရာ အကြောင်း ရှိ ၍ ရေးမှ ကောင်း၏ ။ ရေး ချင် လှသောကြောင့် လည်းကောင်း ၊ အစွမ်း ပြ လိုခြင်း သက်သက်ကြောင့် လည်းကောင်း မရေးအပ်ပေ ။

ဖတ်သူ ပျော်ပါစေ ၊ အသိ အလိမ္မာ ရပါစေ ။ အကျိုး ရှိပါစေ ဟူ သော စေတနာ ကို အရင်း ထား ၍ ရေး မှသာ ကျော်ကြားနိုင်လေသည် ။

◾ပီမိုးနင်း

📖ကလောင် နှင့် ငွေရ

www.facebook.com/aung.naingoo.3726613

.

Friday, June 24, 2022

ယောက်ျားလေး သူငယ်ချင်း


 

❝ ယောက်ျားလေး သူငယ်ချင်း ❞

“ ယောက်ျားလေး သူငယ်ချင်း ထား တာ ကို မေမေ တို့ က သဘော မပေါက်ဘူး ၊ ရည်းစား လို့ ထင်နေတယ် ။ ပတ်ဝန်းကျင် ကလည်း ဒီလိုပဲ ၊ သမီး တို့ က ရိုးရိုးသားသားပါ ။ နှစ်ယောက် တည်း ဈေး အတူ သွား ၊ လက်ဖက်ရည်ဆိုင် အတူ ထိုင် တိုင်း သမီးရည်းစား ဖြစ်ရမှာလား ။ သူ က သမီး ကို ကူညီနေတာပဲ ။ သမီး အတွက် အဖော် လိုက်ပေးတာ ကိုပဲ အပြစ်ကြီး တစ်ခု လို သမီး ကို နှာခေါင်း ရှုံ့ချင်ကြတယ် ။ အဲဒါ သမီး မှား သလား ဦး ၊ ယောက်ျားလေး သူငယ်ချင်း ထား တာနဲ့ ပဲ သမီး ဘဝ ကို ထိခိုက် နိုင်သလား

အဲသလို စာ မျိုးလည်း လေးလေး ဆီ လာတယ်လေ ။ ခက် တာပဲ ။ ပြော ပြန်ရင်လည်း လေးလေး လွန်ရာ ကျတော့မယ် ။ ယောက်ျားလေး ဆိုတာ မိန်းကလေး အတွက် အလိုအပ်ဆုံး မိတ်ဆွေ ဖြစ်သလို ကြောက်စရာ အကောင်းဆုံး ရန်သူ လည်း ဖြစ်တယ် လို့ လေးလေး ပြော ဖူးသားပဲ ။

ယောက်ျားလေး ဆိုတာ မိန်းကလေး တွေ ကို ကူညီ ခွင့် ရတာနဲ့ ကူညီ ဖို့ အသင့် ရှိ နေကြတာ ကွယ့် ၊ ကူညီခွင့် ရတယ် ဆိုတာ နီးစပ်ဖို့ အခြေခံ ကိုး ၊ အလကား နေရင်း ကူညီချင် နေကြတာ ။ မိန်းကလေး တစ်ယောက် အတွက် ဈေးသွား အအေးဆိုင် ထိုင် လမ်းလျှောက်  ထွက် ဖို့ အဖော် လို လို့ ဆိုပြီး ယောက်ျားလေး တစ်ယောက် ကို ခေါ်လို့ ကိုယ့် အဖော် ရအောင် လိုက်ပေးတာ ကို ကျေးဇူး တင်နေတယ် ဆိုတော့ ဒါလောက် အ ရသလား လို့ ပဲ မေးချင်တော့တယ် ။ မှတ်ထား ကွယ့် ၊ အဲသလို အဖေါ် ခေါ် ရင် ယောက်ျားလေး တစ်ရာ မှာ ကိုးဆယ့်ကိုးယောက် က လိုက်ဖို့ အသင့်ပဲ ၊ ကျန်တဲ့ တစ်ယောက် က ခြေ နာ နေလို့ ပဲ ဖြစ်မယ် ။

မိန်းကလေး တစ်ယောက် ဟာ ယောက်ျားလေး တစ်ယောက် နဲ့ ပူးပူးတွဲတွဲ ဟိုသွား ဒီသွား လုပ် နေကြပြီ ဆိုရင် သူတို့ ဟာ သူတို့ ဘယ်လောက် ရိုးရိုး ပတ်ဝန်းကျင် ကတော့ သမီးရည်းစား ဖြစ် နေပြီပဲ ထင် မှာပဲ ။ သမီးရည်းစား မဟုတ်ပါဘူး ဆိုပြီး လိုက် ရှင်းပြ နေရင်လည်း အထင် သေး မှာပဲ ။ တကယ်လို့ အဲဒီ မိန်းကလေး မှာ ချစ်သူ ရှိနေတယ် ဆို ရင်လည်း အဲသလို ယောက်ျားလေး သူငယ်ချင်း ထား တာကို လုံးဝ ခွင့်လွှတ်မယ် မဟုတ်ပါဘူး ။ သူ့ ကို ဘဝ အဖော် အဖြစ် ရွေးချယ်ဖို့ စိတ်ကူး ရှိ နေရင်လည်း အဲသလို ယောက်ျားလေး တစ်ယောက် နဲ့ တွဲ နေမှန်း သိရင် နောက် ဆုတ် သွားမှာပဲ ။

မိန်းကလေး ဆိုတာ ကိုယ် ချစ်တဲ့ ၊ လက်ထပ်ဖို့ ဆုံးဖြတ်ထားတဲ့ ယောက်ျားလေး မဟုတ်ရင် အတူ သွား အတူ လာ မနေထိုင်သင့်ဘူး ။ ခင် လို့ အကူအညီ ရလို့ ဆိုပြီး တွဲ နေတာဟာ သူ့ ဆီ က ရတဲ့ ကူညီမှု ထက် အဆပေါင်း များစွာ စိတ် အနှောင့်အယှက် ဖြစ်စရာတွေ ပူးတွဲ ပါလာလိမ့်မယ် ဆိုတာ ယုံ ထားပါ ။ ယောက်ျားလေး သူငယ်ချင်း ထား တဲ့ အတွက် ကိုယ့် ဘဝ မှာ ကောင်းကျိုး ထက် ဆိုးကျိုး တွေ ပဲ တန်းစီ ဝင်လာ လိမ့်မယ် ။ ဒါဆို ယောက်ျားလေး သူငယ်ချင်း ထား တာ မှားသလား မှန်သလား ငါ့ တူမများ ပါ သိ ရအောင် လေးလေး ရေး ပြ နေတာပါ ။

“ ဘဝ ကို ထိခိုက်နိုင်သလား ”

“ တွဲသွား နေရုံနဲ့ မိန်းကလေး အတွက် ဘယ်လိုများ နစ်နာသလဲ”

ဆိုတဲ့ အမေး အတွက် “ သိက္ခာ ” နစ်နာတယ် လို့ပဲ လေးလေး အဖြေ ပေးခဲ့တယ် ။ ယောက်ျားလေး သူငယ်ချင်း ဆိုတာ တကယ်တော့ တိုင်းတစ်ပါး ရဲ့ လူနေမှုစနစ် ထဲ က ဝေါဟာရ တစ်ခုပါ ။ ဘွိုင်းဖရင့်ဒ် ဆိုတာ ကို ဘာသာ ပြန် ထားတဲ့ စကားပဲ ။ အဲဒီ ယောက်ျားလေး သူငယ်ချင်း ဆိုတဲ့ စကားတွဲ က လေးလေး တို့ မြန်မာ ဝေါဟာရ ထဲ မှာ ရှိခဲ့တဲ့ စကား မဟုတ်ပါဘူး ၊ အဲသလို စကား မရှိခဲ့တာ ဟာ မြန်မာ လူနေမှု ကို က အဲသလို နေတာ မရှိခဲ့လို့ ပေါ့ ။

လေးလေး က ခုလို ပြော လိုက်တော့ မြန်မာ စကား ထဲ မရှိတဲ့ စကားတွေ ဟိုး အလျင် က မရှိပေမယ့် ခု ရှိလာတာတွေ အများကြီးပဲ ။ ကား တို့ ၊ ရေဒီယို တို့ အများကြီး မှ တကယ့်ကို အများကြီးပဲ ၊ ဟိုတုန်းက မရှိ ပေမယ့် ခု ခေတ် ရဲ့ တိုးတက် မှု အရ လိုအပ်လို့ ရှိ လာတာ မဟုတ်လားလို့ ငါ့ တူမများ က မေးချင်လိမ့်မယ် ။

ဟုတ်တယ် ။

အဲသလို နောက် မှ ပေါ်လာတဲ့ လူသုံးပစ္စည်းတွေ ၊ သိပ္ပံပစ္စည်းတွေ အတွက် ကတော့ လိုအပ်လို့ မြန်မာ စကား အဖြစ် မွေးစား ယူတာတွေလည်း ရှိတယ် ။ ဘာသာပြန် လို့ ရတာတွေကို ဘာသာပြန် ယူတာတွေလည်း ရှိတယ် ၊ တီဗွီ ကို ရုပ်မြင်သံကြား ဆို ပြန် တာမျိုးပေါ့ ။ အဲ

“ ဘွိုင်းဖရင့်ဒ် ”

ဆိုတာ ကတော့ လူသုံးပစ္စည်း မှ မဟုတ်ဘဲ ။ ဓလေ့ထုံးစံ နဲ့ ဆက်နွယ်နေတဲ့ အနေအထိုင် ပုံစံ တစ်ခုပဲ ။ လေးလေး တို့ မြန်မာဓလေ့ ထုံးစံ နဲ့ အံ မဝင်တဲ့ အနေအထိုင် ပုံစံတစ်ခု ကို ဘာသာပြန် ထူထောင်လို့ မရပါဘူး ။ အတင်းအဓမ္မ ထူထောင်မယ် ဆိုရင်လည်း ကိုယ် ပဲ အများနဲ့ သဘောထား ချင်း ကင်းကွာ သွားမှာပဲ ။ ဓလေ့ထုံးစံ ကို လူသုံးကုန်ပစ္စည်း လို ယူပြီး အသုံးပြုလို့ မရဘူး ကွယ့် ၊ တိုင်းတစ်ပါး ရဲ့ အလေ့အထ ဟာ ဘယ်နည်းနဲ့မျှ မြန်မာ အလေ့အထ ဖြစ် မလာနိုင်ပါဘူး ။

လေးလေး တို့ တိုင်းတစ်ပါး က ယူရမှာက နည်းပညာ အတတ်ပညာ ပါ ။

ယောက်ျားလေး သူငယ်ချင်း ထား တာဟာ နည်းပညာ အတတ်ပညာ မဟုတ်ပါဘူး ။ အမူအကျင့် ပါ ။ တိုးတက်လာတဲ့ ခေတ် ၊ အခြေအနေ ၊ အချိန်အခါ အရ မိန်းကလေးတွေ ၊ ယောက်ျားလေးတွေ အတူ သွား ၊ အတူ ပညာရှာ ၊ အပြန်အလှန် ကူညီနေကြတာမျိုး ဟာ လက်ခံနိုင်စရာ ပေမယ့် ဘော်လီအင်္ကျီ ဝယ်ဖို့ သွား တဲ့ ဆီ မှာ ယောက်ျားလေး သူငယ်ချင်း တစ်ယောက် ကို အဖော် ခေါ် သွားတာမျိုး ကျတော့ ပတ်ဝန်းကျင် က ဘယ် လက်ခံ နိုင်ပါ့မလဲ ။

ဒီနေ့ ငါ့ တူမများ မိန်းကလေးချင်း က ပို သိပါတယ် ။ မိန်းကလေး တစ်ရာ မှာ ယောက်ျားလေး သူငယ်ချင်း ထား ပြီး ရည်းစား လည်း မဟုတ် ၊ လက်ထပ်မယ့် သူ လည်း မဟုတ်ဘဲ နှစ်ယောက် တည်း တွဲ နေတဲ့ မိန်းကလေးမျိုး က ဘယ် နှစ်ယောက် များ ရှိပါသလဲ ၊ အရှက်အကြောက် ဆိုတာ မိန်းကလေး ဘဝ လုံခြုံမှု အတွက် အခြေခံ အကြောင်းတရား ပဲ ။ အထူးသဖြင့် ယောက်ျားလေး တွေ နဲ့ ပတ်သက်ရမယ့် ကိစ္စတွေ မှာ “ အရှက်အကြောက် ” ဟာ ပိုပြီး လိုအပ်ပါတယ်။

ပတ်ဝန်းကျင် က ကဲ့ရဲ့ မှာ

မိဘ က သဘော မကျ မှာ ကို

ရှက် လည်း မရှက်ဘူး ၊

ကြောက်လည်း မကြောက်ဘူး

ဆိုရင် ရင်လေး စရာ ပဲ ပေါ့ကွယ် ။

ဒါကြောင့် လေးလေး ပြော ချင်တယ် ၊ ယောက်ျားလေး သူငယ်ချင်း ဆိုတာ နဲ့ ရည်းစား တစ်ယောက် ရဲ့ နေပုံထိုင်ပုံ ကို တော့ ကွဲပြားသင့်တယ် လို့ ။

◾ ကံချွန်

📖  အပျိုစင်တို့သိဖို့ ယောက်ျားတို့ အကြောင်း ( ၂ )

www.facebook.com/aung.naingoo.3726613

.

တုံးမှတ်လို့ခုန်


 

❝ တုံးမှတ်လို့ခုန် ❞

ဝတ္ထုကောင်း ကြိုက်သူများ အဖို့

ငွေစန္ဒာ  ဟူသော ကလောင် နာမည် ကား မောင်ဝင်းထိန် ၏ နာမည်ပင် ဖြစ်ပေ၏ ။ မောင်ဝင်းထိန် သည်  ဝတ္ထုကလေးများ ထည့်သွင်း ကာ ကုန်ပစ္စည်းများ ကြော်ငြာ သော မဂ္ဂဇင်းတစ်စောင် တွင် ဝတ္ထု ၃ ပုဒ် တိတိ ပါ ဖူးသဖြင့် သွေးကြွ ဝမ်းမြောက်နေ သူ ဖြစ်၏ ။ မောင်ဝင်းထိန် မှာ ပန်းချီ အကြွေး ၊ ပုံနှိပ်ခ လက်ငင်း မဟုတ် ၊ စက္ကူဖိုး တွေ့လှည့် ၍ နောက် ဘယ်အခါမျှ ပြန်ပေးလေ့ မရှိသော ဇမ္ဗူဒီပါ ဝတ္ထု ထုတ်ဝေသော တိုက် မှ နိုင်ငံကျော် စာရေးဆရာ ငွေစန္ဒာ ရေးသော တုံးမှတ်လို့ခုန် ဝတ္ထု ဟု စာခေါင်းစဉ် တပ်လျက် ပုံနှိပ်ပြီး ဝတ္ထု တစ်ပုဒ် ထွက် လာသဖြင့် ငွေကြေး တစ်ပြား မှ မရသော်လည်း အထူး ကျေနပ်၍ နေလေ၏ ။ မောင်ဝင်းထိန် သည် ပုံနှိပ်ပြီး မိမိ ၏ ဝတ္ထု ကို မိမိ ပက်လက်ကုလားထိုင် ပေါ်တွင် ဇိမ် ယူ၍ ပြန်လှန် ဖတ်ရှု ရာ .. ။

ပဉ္စကိုးကွယ်ရာ ၊ အဟံဝန္ဒာမိ

နိဒါန်း

အကျွန်ုပ် ငွေစန္ဒာ သည် အသက် ၂၁ နှစ် မျှ ရှိသေးသော စာရေးဆရာ ဖြစ်၏ ။  အကျွန်ုပ် ကိုယ်တိုင် မှာ ရည်းစား တစ်ခါမျှ မထားဖူးသော လူပျို စင်စစ်လည်း ဖြစ်၏ ။  အချို့ပုဂ္ဂိုလ်များ က ချစ်ခန်းကြိုက်ခန်းများ တွင် ကိုယ်တိုင် မတွေ့ကြုံဖူး က ပိုင်ပိုင်နိုင်နိုင် မရေးတတ် ဟု ပြော ကြ၏ ။ ကျွန်ုပ် ကား ထို စကား ကို ဝန်မခံလို ။ မည်သူမဆို သူများ ဘယ်လို ဖြစ်တယ် ဟု ကြားဖူး က ရေးနိုင်ရမည် ပင် ။ ကျွန်ုပ်လည်း မတွေ့ကြုံဖူးသော အောက်ပါ အဖြစ်အပျက် ကို သဘာဝယုတ္တိ ပါအောင် ရေးသားပြတော့အံ့ ။ စာရှုသူ မိတ်ဆွေအများ တို့ ကသာ ကျွန်တော် ၏ အရည်အချင်း ကို ဆုံးဖြတ်ရန် ဖြစ်ပါ၏ ။ ဤ စာအုပ် ထွက်ပေါ်လာသည် ကို ထောက်သဖြင့် ကောင်း မကောင်း ကိုလည်း အကဲခတ်နိုင်မည် ဟု ယုံကြည်ပါ၏ ။
            ငွေစန္ဒာ

တစ်ပါးခင်မေ အသားညက် ပွေရက်နဲ့ လွမ်းတယ် ။ ခွေလျက်နွမ်းသူမှာ ကျွမ်းပါပြီအသည်း ။ ကမ္ဘာမီးလောင်တဲ့ သူ လို မောင် နဲ့အတူ ဖြစ်ရလေငြား ၊ ဘယ်တော့အခါ တူစုံပေါင်းရမယ်လို့ ပူပုံကောင်း မေးလိုက်ချင်တယ် ။ သည်မောင်ဖြင့် ရတက်ဖြာသည် မသက်သာတော့ဘူး နှင့်လေး ။

ဪ ... ခင်လှ ခင်လှ ချစ်ပါတယ် ကြိုက်ပါတယ် နဲ့ ၊ ခုတော့ မောင့် ကို မေ့ပြီလား ခင် ရယ် ။ မီးဖိုချောင် ထဲ မှာ မောင် နဲ့ စကား ပြောတာတွေ သတိ မရတော့ဘူးလား ။ ပန်းခြံ ထဲ မှာ နှင်းဆီပန်း ခူးတော့ နှင်းဆီပန်းကလေး မောင် ကိုင် လို့ နမ်းတာများ သိ သေးရဲ့လား ။ မောင့် မှာ နှမ အတွက် စားရမှန်း အိပ်ရမှန်း မသိတော့ဘူး ခင် ရဲ့ လှ ရဲ့ ... ။ မောင့် ဖြစ်အင်ကို မြင် လှည့်ပါဦး ။

အထက်ပါ အတိုင်း ညည်းတွားနေသူကလေး ကား မောင်သန်းမောင်ကလေး ပင် ဖြစ်ပေ၏ ။ မောင်သန်းမောင် သည် ရွှေကူမြို့ သစ်ကုန်သည် ဦးဘိုးထီ ၊ ဒေါ်သီလှ တို့၏ တစ်ဦးတည်းသော ချစ်သားကလေး ဖြစ်၍ အသက် မှာ ( ၁၈ ) နှစ်မျှ ရှိ သေးပေ၏ ။ မောင်သန်းမောင် မှာ ကသာမြို့ ဂန်းဗန်းမင့် ဟိုက်စကူး တွင် သတ္တမတန်း အောင် ၍ အဋ္ဌမတန်း တွင် သင်ကြားရမည် ဖြစ်၏ ။ သို့ရာတွင် ဆမ်းမားဟောလီးဒေး ခေါ် နွေရာသီ ကျောင်းပိတ်ရက် နှင့် ကြုံသဖြင့် မိဘရပ်ဌာန် သို့ ပြန်လည် ရောက်ရှိနေခြင်း ဖြစ်၏ ။

မောင်သန်းမောင် ကား ခုံးမျက်စ သုံးရက်လ ပမာ မျက်လုံးအိမ်ကလေး မှာ အခါလယ် နွားကလေး ၏ မျက်လုံး ကဲ့သို့ ကြည်လင်သန့်ရှင်း လှပပါပေ၏ ။ အသားအရောင် မှာ နနွင်းတက် ကို ချိုး ထားသည့်ပမာ ဝါဝင်းစိုပြည်လျက် သိပ်ပြီး လှသူ ယောက်ျားထူး ယောက်ျားမြတ် တစ်ယောက် ဖြစ်ပါပေ၏ ။ နှာတံ နှုတ်ခမ်း သွားဒန္တာ စသည် တို့ မှာ စာဆိုနှင့် အညီ လှပသူ ဖြစ်ပေ၏ ။ မြင်ရသူ မိန်းကလေး တိုင်း မောင်သန်းမောင် အား ပိုးချင်ပန်းချင် လောက်အောင် လှပသူ ဖြစ်ပေ၏ ။ မောင်သန်းမောင် ၏ မျက်နှာမှာ ပေါင်ဒါ ၊ ကတ္တီပါရည် မလိမ်းကျံပဲ နဂို ချော ဖြစ်ပေ၏ ။ သူ့ မိဘ သည် သားတစ်ယောက် ဆို သလောက် လူချောလူလှကလေး တစ်ယောက် ကို ရ ပါပေ၏ ။

အတွင်းကား ရွှေ ၊ အပကား ဖန်ရည်အတိ ပြီးလျက် ရှိသော ရောင်ခြည်တစ်ထောင် ကို အလင်းဆောင်သော ဘာဏုရာဇာ မည်သော ဒေါင်းစကြာရဝိန် နေမင်းကြီး သည် အရှေ့ဂေါ်ယာ ဝိဒေဟာ မှ ထွန်းပေါ်ပြူထွက် လာခဲ့လေ၏ ။ သို့သော်ငြားလည်း အညာနယ် တွင် ကဆုန် မိုးသားတိမ်တိုက် တို့ ကျူးကျော်စော်ကား ၍ မော်ကြွားပိတ်ဖုံးသောကြောင့် ဒေါင်းစကြာ နေမင်းကြီး မှာ အလင်း ကို မပေးနိုင် ၊ တိမ် ထဲတွင် ဒိုင်ဗင် ထိုးသည့်အလား ငုတ်ချည်ပေါ်ချည် နှင့် ဖြစ်၍ နေပေ၏ ။ တိမ်ရောင် အောက် မှ နေခြည် သမ်း၍ နေ လေရာ အလွမ်းအဆွေး အခံ ရှိသော မောင်သန်းမောင်ကလေး မှာ အိမ်ပြတင်း မှာ နေမင်းကြီး ကို ကြည့်ရှုရင်း ဖော်ပြရာပါ တေးထပ် ကို သီဆိုကာ ရှေးဖြစ်ဟောင်း ကို အောက်မေ့ နေခြင်း ဖြစ်လေ၏ ။

၎င်းတို့ အကြောင်း ကို ပြန်ပြောင်း ရေးသားရသော် ဤသို့ ဟူသတတ် ။

ခင်လှ အမည်ရှိ သမီးကလေး တစ်ယောက် ရှိ လေ၏ ။ မခင်လှ မှာ အသက် ( ၁၆ ) နှစ် မျှ ရှိသေး၍ အမရာ ကိန္နရီ မဒ္ဒီ  သမ္ဘူ ပမာ များစွာချောမော လှပသူကလေး ဖြစ်ပေ၏ ။ ဆယ်နှစ်သားကလေး က အစ အသက် ( ၈၀ ) အရွယ် အဘိုးကြီး အထိ မခင်လှ အကြောင်း ကို ပြောကြားလျှင် နားစွင့် ကြ၏ ။ မခင်လှ ကို မြင်လျှင် ငေးစိုက် ကြည့်ရှုကြ၏ ။ ဤကဲ့သို့ အလှဘုရင်ကလေး ကို ပိုးပန်းချင်သူ တို့ မှာ လခ ( ၄၀ ) စား အလုပ် ကို လျှောက်လွှာ တင်ကြသော လူဦးရေ ထက် များပေရာ မခင်လှကလေး မှာ ငယ်လည်း ငယ်သေး မိဘမျိုးရိုး ကလည်း ကောင်း သောကြောင့် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ဘာသိဘာသာ နေခဲ့လေ၏ ။ မခင်လှ ၏ မိဘများ မှာ လည်း ကျောက်ကောင်းတစ်စေ့ ဆိုသည့်ပမာ ကိုင်းကျွန်းမှီ ကျွန်ကိုင်းမှီ ဟူသကဲ့သို့ သမီးကလေး ကို မျက်စိ အောက် က အပျောက်မခံ ၊ များစွာ ယုယ ချစ်ခင်ကြပါပေ၏ ။ အရေးပိုင်သား ၊ ဝန်ထောက်သား ၊ သူဌေးသား စသည် တို့ မှာ မခင်လှကလေး အား ကြိုက်လွန်းလှသဖြင့် မိဘများ နှင့် ကပ်ရပ်ကာ ပူဆာ ကြသော်လည်း မခင်လှ ၏ မိဘများ မှာ သမီးချစ်ကလေး ငယ်လှသေးသည် ဟု မည်သူ့ မျှ သဘော မတူကြသေးပဲ ပိုနေမြဲ ကျားနေမြဲ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုသလို နေခဲ့ကြပေ၏ ။

မခင်လှကလေး ကား ဗိုင်းကောင်းကျောက်တင် ဟူ သကဲ့သို့ မိန်းမ ပီသလှ၍ များစွာ ဣန္ဒြေရှင်ကလေး ဖြစ်ပါပေ၏ ။ လမ်းသွားလမ်းလာ ၌ တစ်ပိုးတစ်လံ ဟူ သကဲ့ သို့ ဓာတ်မသိသူ တို့ မူ ဇက်ကြော သေနေ၍ ဟု မှတ်ထင်လောက်အောင် အောက်သို့ စိုက်၍ သွားလေ့ ရှိ၏ ။ လုံချည်ကလေး မှာ ခြေမျက်စိ ဖုံးအောင် ဝတ်၍ ထားရာ မြေကြီး နှင့် ဒရွတ်တိုက် ဆွဲ နေသဖြင့် လမ်း တစ်ခါ ထွက်လျှင် အဝတ်တစ်ခါ လဲ ရပေ၏ ။ အသားအရေ တို့ မှာ လပိုင်ဆီ သုတ်ထားသည့် အလား များစွာ ပျော့ပျောင်းလှပပေ၏ ။

အစိန္တိတံပိဘဝတိ စိန္တိတံပိ ဝိနဿတိ ကျမ်းဂန်ပါဠိ လာ ရှိ သည် နှင့် အညီ ကြံ သော်လည်း မဖြစ် ၊ မကြံသော်လည်း ဖြစ်ချင် ဖြစ်တတ် ဟူသည့် အတိုင်း တစ်နေ့သ၌ ကား ဘော်ဒါ ခေါ် ညကျောင်းအိပ် ၊ နေ့ကျောင်းစား မောင်သန်းမောင်ကလေး သည် ကျောင်းဝင်း အပြင်သို့ ထွက်လေ့ မရှိဘဲ ဒိုဘီကုလား အဝတ် လာ မပေးသဖြင့် ထိုနေ့ က အရဲ စွန့်၍ မြို့ထဲ သို့ ထွက် ခဲ့လေ၏ ။ မောင်သန်းမောင် သွားသော လမ်း မှာ သူဌေးဦးဘိုးမြတ် ၏ တိုက်ကြီး နှင့် ဝင်းခြံရှေ့ က ဖြစ်ရာ ထိုအချိန် ၌ အလှဘုရင်မလေး မခင်လှ မှာ တိုက်ပြတင်းပေါက် တွင် ပဲလှော် စား၍ နေခိုက် ဖြစ်လေ၏ ။ မောင်သန်းမောင် မှာ ခပ်လှမ်းလှမ်း မှ ပင် မခင်လှ အား မြင်ရာ အစ ပထမ သော် မခင်လှ ဟု မထင်မိ ။ လမင်းကြီး တစ်ဆူ ပြတင်း မှ ထွက်ပေါ်နေပြီ ဟု အောက်မေ့ရာ မှ သေသေချာချာ ကြည့် သောအခါ နတ်သမီးတမျှ လှပသူကလေး ဖြစ်သည် ကို သိ ရသဖြင့် အောက်ပါ ရှစ်လုံးဘွဲ့ကဗျာကလေး ကို သီဆို မိလေ၏ ။

ရွှေလမင်းကြီး ပြတင်းကထွက်လာ
အစတုန်းက ၊ အဟုတ်ပဲထင်တာ
သေချာကြည့်တော့ နတ်သမီးထင်တာ
သူဌေးသမီး သွေးကြီးနေလိုက်တာ ။

မောင်သန်းမောင် သည် မခင်လှ ၏ တိုက်ရှေ့ သို့ နီးသည် နှင့် တစ်ပြိုင်နက် ဖရဏာပီတိ ဂွမ်းဆီ ထိ သကဲ့သို့ စက္ခုရူပေသန သံသာရာဂပိုတ္ထ ဝိဇာနေယ ဟူသည် နှင့် အညီ မြင်လျှင် မြင်ချင်း ပမာအားဖြင့် မြောက်ပြင်သူဌေးသမီး သည် ယောသက သတို့သား ကို မြင်လျှင် မြင်ချင်း ကြိုက်ချင်စိတ် ပေါ် သကဲ့သို့ မောင်သန်းမောင် မှာ မခင်လှကလေး ကို ချစ်ကြိုက်စိတ်များ တဖွားဖွား ပေါ်ထွက်ရကား အရဲ စွန့်ကာ လျှာကလေး ကို ထုတ်၍ ပြ လိုက်မိလေ၏ ။

ဝတ္ထုရေးဆရာ ၏ ရှင်းလင်းချက် ။  ။

မောင်သန်းမောင် သည် လျှာ ထုတ်ပြသည် ဆိုရာ၌ အချို့က အလွန်သေးသိမ်သည် ဟု  ထင် ကြပေမည် ။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူသော ဒေသနာမြတ်တွင် ပေမံအတ္တံ - အကျိုးအကြောင်း အဆိုးအကောင်းကို  ၊ ပဇာနာတိ - မသိမမြင်ဘူးတဲ့ ။ ထို့ကြောင့် ဘုရားလောင်း ကုသမင်း လျှင် သီချင်းဆို ပြ လို ပြ ဖျာ ရက် လိုက် ၊ အိုး ဖုတ် လို ဖုတ် ၊ ပဝဝတီ အား လက် ကိုးရိုးကားယား လုပ် ပြ လို ပြ နှင့် ပြုမူခဲ့သေးရာ ဘာ လောင်းမှန်း မသိရသော မောင်သန်းမောင် အတွက် မှာ မူ လော်မာဖောက်ပြားသည် ဟု အပြစ် လုံးဝ မဆိုသင့်ပေ ။
           ငွေစန္ဒာ

မခင်လှကလေး မှာ လည်း အဝေး က လမ်း လျှောက်၍လာသော မောင်သန်းမောင်ကလေး အား မြင်၍ ထားလေရာ လူငယ်တစ်ယောက် ဟု မထင်ပေ ။ နတ်သားကလေး တစ်ပါး လမ်းလျှောက် လာသည် ဟု ထင်မှတ်ကာ သေချာစွာ ကြည့်ရှုမှ လူသား မှန်း သိ ရသဖြင့် အောက်ပါ ဒွေးချိုးကလေး ကို တိုးတိုး သီဆို၍ နေမိ ရှာလေ၏ ။

ဝေလွင်လွင် တမေခင် ၊
သည်ပြတင်းဆီက မျှော်နေမိဆဲ
အို .. နတ်သားပေထင့် ၊
လျှောက်သွားတာ တမေကြည့်တယ်
ဘုန်းမောင့်မောင်လား  ။

မခင်လှကလေး မှာ ဤသို့ တွေးတောနေခိုက် မောင်သန်းမောင် က မော့ ကြည့်ပြီး လျှာကလေး ထုတ်ပြသည်ကို မြင် လိုက်ရာ မိန်းမတို့ ဣန္ဒြေ ကို သတိထားခြင်းငှာ မစွမ်းတော့ဘဲ နီထွေးသော လျှာကလေး ကို ခပ်ကွေးကွေး ပြန်လှန် ထုတ်၍ ပြ လိုက်လေ၏ ။ မောင်သန်းမောင် မှာ ကား မခင်လှ ၏ အမူအရာ ကို မြင် ရသဖြင့် အထူး ကျေနပ်ကာ ဒိုဘီဆိုင် သို့ ခပ်မြန်မြန် ပြေး ၍ သွားပြီးလျှင် ပြန် လာရာ မခင်လှ မှာ ပြတင်း မှ မထသေးဘဲ ပြုံးပြုံးကလေး လှမ်း ကြည့်နေသည် ကို မြင် ပြန်သဖြင့် စာ ပေး ပါရစေဟူသော အဓိပ္ပာယ် နှင့် ပထဝီနတ် ( note ) မှတ် ထားသော စာရွက်ခေါက်ကလေး ကို ထောင်၍ ပြလေ၏ ။ မခင်လှကလေး မှာ လည်း ပေးသာ ပေးပါ ဟူသော သဘော ဖြင့် လက်ဖြန့် ၍ ခံယူ ဟန် ပြ လိုက်လေ၏ ။ မောင်သန်းမောင် ကား စိန်လယ်ဂျာဒါထီ ၊ ယိုဒယားထီ ၊ အိုင်ရာလန်ထီ ၊ ရိမ်းဂျားထီ ရှိသမျှ ထီ တွေ အကုန်လုံး ပထမချည်း ပေါက်ခဲ့သူ ပမာ သိပ်ပြီး ဝမ်းသာလှသဖြင့် မြေကြီး တွင် ခြေ ချရမှန်း မသိ ။ ရှေ့က သွားသော မော်တော်ကား ကို လွန်အောင် အပြေး စိုင်းရှာလေ၏ ။

ကျောင်း သို့ ရောက်သောအခါ သူငယ်ချင်းများ မမြင်အောင် ပုန်း၍ အကောင်းဆုံး မေတ္တာစာပုဒ် ကို ရေးသား နေလေ၏ ။ စာ ကား အောက်ပါအတိုင်း ဖြစ် လေ၏ ။ ရည်းစား ထား လိုသူများ နည်းလမ်းကောင်း ရရှိရန် မောင်သန်းမောင် ၏ စာမူအတိုင်း ထည့် လိုက်ပါပေအံ့ ။

အဆန်းအလှ ၊ မန်းနဝ တွင် ပန်းသကလို မောင်ချစ်စရာ အလွန်ကောင်းပါတဲ့ ချစ်နှမကလေး ထံ ငွေမင်လွှာ ရေးသား၍ ပေးတင်ဆက်တော် မူလိုက်ရပါသည် ။ မောင့် မှာ ပရံပရ ဘဝရေစက်ကြောင့် နှမ ငွေသော်တာလမင်း ပမာ မျက်နှာကလေး ကို မြင်ရ ကတည်းက မစားနိုင် အိပ်မရ ဒုက္ခ အလွန် များ၍ စိန် စား သေရတော့ မလောက် စိတ်ညစ်သွားပါသည် ။ နောက်မှ နှမ ၏ မျက်နှာကလေး ကို မြင်ရရာ တစ်ဦး မေတ္တာ တစ်ဦး မှာ ဟူသကဲ့ သို့ မောင် ကဲ့ သို့ မေတ္တာတော် ချစ်လိမ့်မည် ဟု ယုံကြည်ကာ ဤ စာ ကို ပေးသနားရခြင်း ဖြစ်ပါသည် ။ မောင် ကဲ့ သို့ ချစ်ကြိုက်တော်မူ ပါ က စာကလေးတစ်စောင် လောက် ပြန်၍ သနားပါမည့်အကြောင်း ။

တေးထပ်

ခင့်မျက်နှာ မြင်ကတည်းရယ်က ဘဝင်စွဲနေပြီ မစားနိုင် မအိပ်နိုင်တယ် ။ မှိုင်လို့သာ နေရ ၊ လောင်းဇနက စွန့်စားတာလို မောင့်မေတ္တာကြီးလှတာပဲ ။ ခင်ကသာ သွေဖည်လွဲရင်ဖြင့် သေမယ်လို့ ဖြစ်အင် သနားလို့ စာ ပြန်ပါလျှင် သက်ခန္ဓာ မြဲမည်ခင်လေး ။

မောင်သန်းမောင် သည် လက်ရေး တိုင်း စာလုံးလှလှလေး နှင့် တရိုတသေ ရေးသားပြီးလျှင် ပန်းရောင်စာအိတ်လှလှကလေး တွင် ထည့်ကာ ဒိုဘီဆိုင် သို့ အဝတ်ဟောင်း ပေးဦးမည် ဟု ဆရာ အား တိုင်လျက် ထွက် ၍ သွားပြန်လေ၏ ။ မခင်လှကလေး ကား တိုက်ဘေး ပန်းခြံ ထဲ တွင် လမ်းလျှောက်၍ နေရာ မောင်သန်းမောင် သည် "အဟမ်း ... အဟမ်း .. ” ဟု ချောင်းသံ ပေးလျက် မခင်လှ လှည့် ကြည့်သောအခါ မရဲတရဲ နှင့် စာအိတ်ကလေး ကို ဝင်းထရံ ကြား တွင် ညှပ် လိုက်လေ၏ ။ မခင်လှ သည် မသိသလို နေရာမှ မောင်သန်းမောင် လွန် သွားသောအခါ စာအိတ်ကလေး ကို ယူ၍ ( ၃ - ၄ ) ခေါက် ဖတ်ပြီးလျှင် စာရွက်ကလေး ကို အကြိမ်ကြိမ် နမ်း၍ နေရှာ လေ၏ ။

မောင်သန်းမောင် ကား ခပ်လှမ်းလှမ်း မှ အကဲခတ် နေရာ စာအိတ်ကလေး ထရံကြား က ပျောက် ၍ သွားသောအခါ မခင်လှ ယူသွားပြီ ဟု ဝမ်းမြောက်ဝမ်းသာစွာ ကျောင်းသို့ ပြန် သွားလေ၏ ။ နောက်တစ်နေ့ ၌ မခင်လှ ဆီ မှ စာကလေး တစ်စောင် ပြန်၍ ရလေ၏ ။ ထို စာကား မောင်သန်းမောင် မှာ ရည်းစားများ ရှိ နေသလား ။ မောင်သန်းမောင် မိဘ က သဘောမတူ လျှင် ဘယ့်နှယ် လုပ်မလဲ စသည်တို့ ပါ လာလေ၏ ။ ထိုကဲ့သို့ စာပေးစာယူ ( ၂ ) ကြိမ် ပြုလုပ်ကြပြီး နောက် မောင်သန်းမောင် မှာ တစ်မနက်ခင်း တွင် အရဲ စွန့်ကာ မခင်လှကလေး နှင့် တွေ့ရန် ထွက် ခဲ့လေ၏ ။ မခင်လှ မှာ မီးဖိုချောင် တွင် ထမင်းအိုး တည် ၍ နေရာ ထိုအချိန် တွင် တွေ့ရန် ဝင်းထရံများ ကို ကျော်တက်ရန် အကောင်းဆုံး ဟု ကြံစည်ရာ ဝင်းထရံထိပ် တွင် သံချောင်းများ ရိုက်ထားသဖြင့် အောက် က တိုးရန် အပေါက် ရှာလေ၏ ။ မတွေ့သေးချေ ။ ချစ်ကြိုက် စိတ်ကြောင့် ခွေး ယက်သလို ယက်၍ ကြည့်ရာ လက်သည်းများ နာ လှသဖြင့် လက်လျှော့ နေရလေ၏ ။ ထို့နောက်မှ အကြံ ရ၍ ဝင်းထရံထောင့် တွင် ရှိသော အိမ်သာ မှ မစင်ပုံ ကို ဖယ် လိုက်လျှင် ငါ ဝင်၍ ဖြစ်ကြောင်း သိရှိကာ ပေမံအတ္တံ နဇာနာတိ ဟူသကဲ့ သို့ ခွေး ဝင်သလို ဝင်၍ သွားရှာလေ၏ ။

မခင်လှကလေး ကား မီးဖိုချောင် တွင် ရှေ့ သို့ အာရုံ စူးစိုက်နေရာ မောင်သန်းမောင် က “ ခင် ဘာလုပ်နေသလဲ ” ဟု ခါး ကို ဖက်လိုက်မှ “ အမယ်လေး လန့်လိုက်တာ ကိုကို ပါ လား ” ဟု ပြုံးပြုံးကလေး မော့၍ ကြည့် လိုက်သော မခင်လှ ကို မြင် ရရာ မောင်သန်းမောင် မှာ များစွာ ကျေနပ်သွားကာ “ ခင် လန့် သွားသလား ” ဟု မေးလိုက်သည်တွင် “ အသံမပေး ဘာမပေးဘဲ လာတာကိုး ... လန့်သွားတာပေါ့ ကိုကို ရဲ့ ” ဟု ပြောလိုက်မှ မောင်သန်းမောင် မှာ များစွာ သဘောကျပြီး လျှင် “ မောင် ဘယ်လောက် စွန့်စားလာရတယ် မှတ်သလဲ ခင် ရဲ့ ” ဟု မေးတော့မှ ...

“ အို ... ဟင် .. ” ဟူသော အသံ ကို သာ ကြား ရလေသတည်း ။

ချစ်သူ နှစ်ဦး မှာ ချစ်တင်း နှောပြီးလျှင် လူကြီးများ မရှိသဖြင့် ပန်းခြံ ထဲ သို့ ထွက်ကာ နှင်းဆီ ၊ ဇလပ် ၊ ဂန္ဓမာ ၊ သော်က ၊ မုန်လာထုပ် စသော ပန်းပင်များ ကို ကြည့်ရှုရင်း စကား ပြော ၍ နေ ကြလေ၏ ။ မောင်သန်းမောင် မှာ “ ခင် မောင် နမ်း ချင်တယ် ၊ မနမ်းရဘူးလား ”  ဟု မေးရာ မခင်လှ မှာ ပြုံးပြုံးကလေး လုပ်လျက် “ နမ်းချင် နမ်းပါလား ” ဟု ပြောလိုက်သဖြင့် အားပါးတရ နမ်း လိုက်လေ၏ ။ ထိုကဲ့သို့ ကျေနပ်နေကြသည့် အတွင်း မခင်လှ ၏ ဖခင်ကြီး သည် “ ဟဲ့ ခင်လှ ကော ” ဟု ခေါ်လိုက်သဖြင့် “ ကိုကို ... မြန်မြန်ပြေး ” ဟု ပြောလိုက်သဖြင့် အလျင်က ဝင် ခဲ့သော ခွေးတိုး ပေါက် မှ တိုး ၍ ထွက်ပြေး ရလေ၏ ။

မောင်သန်းမောင် မှာ ဤကဲ့သို့ ချစ်ခင်နေရာ မှ နွေကျောင်းပိတ် နီးသဖြင့် မခင်လှကလေး အား နှုတ်ဆက်ရင်း သွား၍ တွေ့ပြန်လေ၏ ။

“ မောင် ... ”

“ ခင်ရယ် .. မောင် တော့ ရွှေကူ ကို ပြန်ရဦးမယ် ” ဟု တရှုံ့ရှုံ့ ငိုရင်း ပြောရာ ..

“ မောင် ငို တော့ နှမ ဘယ့်နှယ် လုပ် နေရစ်ရမှာလဲ မောင် ရဲ့ ” ဟု မခင်လှ သည် ငို ပြန်ရာ မောင်သန်းမောင် သည် “ မငိုနဲ့ ခင် .. မငိုနဲ့ခင် ” ဟု ချော့သဖြင့် တိတ်၍ သွားလေ၏ ။

“ တကယ်လို့ ခင့်မိဘတွေ က သဘော မတူရင် ဘယ့်နှယ် လုပ်မလဲ ”

“ ရွှေမြင့်မိုရ် တစ်တောင်လုံး တုံးမှတ်လို့ ခုန် ဆိုတာလို မယ်ပဋာ ကိုဒါသ တို့ လို အထုပ်အပိုး နဲ့ ခိုးရာ လိုက်မှာပေါ့ ကိုကို ရဲ့”

မောင်သန်းမောင် သည် ချစ်သူကလေး ၏ ပြောစကား ကို အားရလှသဖြင့် ပြုံးပြုံးကြီး ရယ် လိုက်လေ၏ ။

      •••   •••   •••   ••• 

ဝတ္ထု ကား ၄ ပုံ ၃ ပုံ မျှသာ ရောက် သေးရာ စာရေးဆရာ ကိုဝင်းထိန် မှာ မိမိ ဝတ္ထု ကောင်း ၍ လား မသိ ဝတ္ထု စာအုပ် ကို လက် က ကိုင်ရင်း အိပ်ပျော် ၍ သွားလေသတည်း ။

◾ မဟာဆွေ

📖  ကြီးပွားရေးမဂ္ဂဇင်း
       ၁၉၃၇ - ခု ၊ ဇွန်လ 

www.facebook.com/aung.naingoo.3726613

.

Thursday, June 23, 2022

တစ်ပိုင်းတစ်စ


 

❝ တစ်ပိုင်း တစ်စ ❞

ရန်သူ တို့ သည် မြို့တွင်း သို့ ပင် ဝင်ရောက်ခဲ့လေပြီ ။ ထို့ကြောင့် မိဖုရားကြီး မြနန္ဒာ သည် သားတော် ၏ အထိန်းတော် ဖြစ်သူ ဦးဝါလ ကို ဤသို့ ပြောကြားလိုက်၏ ။

“ အထိန်းတော်ကြီး ဦးဝါလ ၊ အခြေကတော့ဖြင့် ဆိုးပြီ ၊ ဒီတော့ သားတော်လေး သုဗလ ကို တစ်ပါတည်း ခေါ်ဆောင်သွားပြီး ရုပ် ဖျောက်၍ နေပါတော့ ”

အထိန်းတော်ကြီး ဦးဝါလ မှာ မျက်ရည်အသွယ်သွယ် ကျ ၍ မိဖုရားကြီး ကို ရှိခိုးပြီးသော် သူ ထိန်းကျောင်းရသည့် ဘုရင့်သားတော် သုဗလ ကို ခေါ်ဆောင်၍ နန်းတော် ထဲ မှ လူ မသိအောင် တိတ်တဆိတ် ထွက်ပြေး တိမ်းရှောင် သွားလေ၏ ။ ထိုအခါ တွင် သုဗလ မှာ ဆယ်နှစ်သား ခန့် ရှိပေပြီ ။

ရန်သူ စစ်သား တို့ သည် စစ်အောင်နိုင် သွားသော အခါ ဘုရင် ကို သုတ်သင် ပြီး လျှင် မြနန္ဒာ မိဖုရားကြီး ကိုကား ဖမ်းဆီး ခေါ် ဆောင်သွားကြလေ၏ ။ မိဖုရားကြီး တွင် ပဋိသန္ဓေ သုံးလသား သည် ပါရှိ သွားလေသည် ။

ဦးဝါလ သည် ရွာငယ် တစ်ခု တွင် ဆင်းရဲသား အသွင် ဆောင် ၍ သုဗလ ကို မွေးမြူ လာခဲ့လေရာ သုဗလ သည် ၁၆ နှစ် သား အရွယ် သို့ ရောက်ရှိ လာလေ၏ ။

ထိုအခါတွင် သူ အလွန် စိတ်ဝင်စားလျက် ရှိသော ကိစ္စ တစ်ခု ကို ပြုရန် ဦးဝါလ ထံ တွင် ခွင့် ပန်လေ၏ ။

“ ဘဘကြီး .. ကျွန်တော် ရွာထိပ် က တွင်းကြီး ထဲ ဆင်းပါရစေ ”

ဤ အတိုင်း ပင် ဦးဝါလ ထံ တွင် သူ သည် ယခင် က အကြိမ်ကြိမ် ခွင့် ပန်ခဲ့ဖူး၏ ။ သို့သော် ဦးဝါလ မှာ အန္တရာယ် ရှိသည် ထင်၍ ထို တွင်းကြီး ထဲ သို့ မဆင်းရန် အကြိမ်ကြိမ် ဖျက်ခဲ့၏ ။ သို့သော် တောင်းပန်လွန်း မက တောင်းပန်လွန်း သည် တွင် အသက် ဆယ့်ခြောက်နှစ် ပြည့် ပြီးသော် ဆင်းခွင့် ပြုပါမည် ဟု လိုက်လျော ခဲ့ရသည် ။ ထို့ကြောင့်ပင် ယခု ကဲ့သို့ အသက် ဆယ့်ခြောက်နှစ် ရောက်သော အခါ သုဗလ က ဦးဝါလ ထံ တွင် ခွင့် ကို ထပ်မံ ၍ ပန်ကြားခြင်း ဖြစ်ပေ၏ ။

ဦးဝါလ မှာ များစွာ စိတ်မကောင်း ဖြစ်ပြီး ဤသို့ ပြန် ပြော၏ ။

“ သုဗလ ရယ် .. ဘာဖြစ်လို့ ဆင်း ချင်ရတာလဲကွယ်” 

“ တွင်းဝ က .. ကျောက်စာ အတိုင်း ချမ်းသာဖို့ လမ်းစ တွေ့နိုင် အောင်လို့ပါ ဘဘကြီး ရယ် ”

“ ဒါက မသေ မှ ဖြစ်မှာပါ ၊ သေ ရင်လည်း ကေသျှောင် ဖြစ်မယ် ဆိုပေမယ့် သေပြီး မှ ဖြစ် ရတာ အလကားပေါ့ ”

“ ကေသျှောင် ဆိုတာ ဘာလဲ ဘဘကြီး သိလား ”

“ ကေသျှောင် ဆိုတာ ယောင်ထုံး ပေါ့ကွယ် ၊ သေ ပြီးရင် သူများတွေ ရဲ့ ယောင်ထုံး ကဲ့ သို့ အထွတ်အထိပ် ရောက်မယ်လို့ ဆိုလိုတာပေါ့ ”

သုဗလ သည် ပြုံး ၍ ဦးခေါင်း ကို ခါယမ်း လိုက်၏ ။

“ ဘဘကြီး အဓိပ္ပာယ် မကောက်တတ်ပါဘူး ၊ ကျွန်တော် ကောက်တတ် ပါတယ် ၊ ဒါကြောင့် ကျွန်တော် မသေစေရပါဘူး ... သွားပါရစေ ”

ဦးဝါလ သည် သုဗလ ကို ငေးကြည့်လိုက်မိ၏ ။

သူတို့ ပြောနေကြသော တွင်းကြီး သည် ရွာထိပ် တွင် ရှိ၏ ။ ထို တွင်းကြီး ထဲမှ မြွေကြီးများ မကြာခဏ ထွက် ထွက်လာ၍ လူတို့ ရိုက်ရိုက် သတ်ကြ၏ ။ သို့သော် မြွေကြီးများ ကား မကြာခဏပင် ထွက်လာစမြဲ ဖြစ်သည် ။ ချမ်းသာချင်လွန်းသော လူတို့ သည် မကြာခဏ တွင်း ထဲ သို့ ဆင်းကြ၏ ။ သို့သော် မည်သူ တစ်ဦးတစ်ယောက် မျှ ပြန်၍ တက်လာနိုင်ခဲ့သည် မရှိချေ ။

တွင်း ထဲ သို့ ဆင်းရန် အုတ်လှေကား သည် အသင့် ရှိ၏ ။ သို့သော် တွင်းကြီး မှာ နက်လှသဖြင့် အောက်ပိုင်း ကို မမြင်ရချေ ။ ထို့ကြောင့် အုတ်လှေကား မှာ မည်သည့် နေရာတွင် အဆုံးသတ်မှန်း မည်သူမျှ မသိကြရ ။ တွင်း ထဲ ဆင်း၍ သိရသည် ဟု ယူဆရသော သူများသည် လည်း ပြန် တက်လာနိုင်ခြင်း မရှိသဖြင့် ပြန် ပြောပြမည့် လူများ မရှိချေ ။ လူ တစ်ယောက် ဆင်းသွား ပြီးတိုင်း လူ ပြန် မလာ ။ ရက်မကြာမီ တွင် မြွေကြီး တစ်ကောင် သာ ထွက် ထွက် လာတတ်သဖြင့် ရွာသား က ရိုက် ရိုက် သတ်ကြရ၏ ။ ထိုကြောင့် ဤ တွင်း ထဲ သို့ ဝင် ဝံ့သည့် ရွာသား မရှိတော့ချေ ။ အခြားသော ရပ်ရွာ က လူများ သာ လာရောက် ဝင် တတ်ကြလေသည် ။

တွင်းကြီး ၏ အဝ နား တွင် ကျောက်စာချပ်ကြီး တစ်ခု ရှိ၏ ။ ထို ကျောက်ချပ်ပြားကြီး ပေါ် တွင် အောက်ပါ စာများ ရေးထားလေသည် ။

ဤ တွင်း ထဲ ဝင်
ရောက်မသေ လျှင်
ချမ်းသာခြင်း လမ်း သို့
တစ်ပိုင်း ရောက်မည် ။
ဤ တွင်း ထဲ ဝင်
ရောက် သေလျှင် 
ကေသျှောင် ဖြစ်မည် ။

ဤမျှသာ ရေးသား ထားလေရာ ၊ မသေလျှင် ချမ်းသာနိုင်သည် ထင် မိ၍ လူများ ဝင်ရောက်ကြခြင်း ဖြစ်၏ ။ သို့သော် ယနေ့ အထိ တစ်ယောက်မျှ ပြန်၍ ပေါ် မလာချေ ။

ဦးဝါလ သည်  သုဗလ ကို မေး လိုက်ပြန်သည် ။ 

“ ငါ့တူလေး က ဘာဖြစ်လို့ မသေဘူးလို့ ပြောနိုင်တာလဲ ”

“ ဒီလို ဘဘကြီး ရဲ့ ၊ ကျောက်စာ က စကား ကို လူတွေ နားမလည် ကြလို့ပါ ။  လူတွေ က ဤ တွင်း ထဲ ဝင်ရောက် မသေ လျှင် .. လို့ ဖတ် ကြတာ ကိုး ။ ဒီလို မဟုတ်ဖူး ဘဘကြီး ရဲ့ ။ သူ့ စာ ဆိုလိုတာက - ဤ တွင်းထဲ ဝင် နောက် အထဲ ရောက်တော့ ရောက်တော့ - ရောက်မသေ လျှင် လို့ ပြောတာ ဖြစ် ရမယ် ”

“ ဘာလဲ ကွဲ့  .. ရောက်မသေ လျှင် ဆိုတာ ”

“ ရောက်မသေ လျှင် ဆိုတာ ရေ မသောက် လျှင် လို့ ပြောတာပေါ့ ”

ထိုအခါ တွင် ဦးဝါလ မှာ ငေး သွားရာ က မျက်နှာ ကြည်လင် သွား လေ၏ ။

“ အေး .. ဟုတ်နိုင်တာပေါ့ ၊ သုဗလ က ဉာဏ် ကောင်းတာကိုး ရေ မသောက်လျှင် ဟန် ကျမယ် ၊ နေပါဦး .. ရောက်သေလျှင် - အဲ - ရေ သောက် လျှင် ကေသျှောင် ဖြစ်မှာက ဘာ ဖြစ်တာလဲ ”

“ ကေသျှောင် ဆိုတာက မျက်စိ လှည့်စားထားတာ ဘဘကြီး ရဲ့ ၊ ကေရှောင် ဆိုတာပဲ ”

“ ဆံပင်တွေ ကို ရှောင်ကြဉ်ရမယ်ပေါ့ - ဟုတ်လား ၊ ဘာဖြစ်လို့လဲ ပါးစပ် ထဲ ဝင် ရင် ချောင်းဆိုး မှာ စိုးလို့လား ”

“ မဟုတ်ပါဘူး ဘဘကြီး ရဲ့ ၊ ကေရှောင် ဆိုတာ ကောင်ရှေ ကို ပြောတာ ။ အကောင် ရှည်ရှည်ကြီး ဖြစ်တဲ့ မြွေ ဖြစ်လိမ့်မယ် လို့ ပြော ပါ ။ ဒါကြောင့် တွင်း ထဲ ဆင်းပြီး သေကုန် တဲ့ လူတွေ မြွေ ဖြစ် ပြီး ပြန် တက်လာကြတာပေါ့ ”

ဦးဝါလ မှာ အံ့ဩပြီး သုဗလလေး ကို ဖက်ရမ်း ချီးကျူးလေ၏ ။

“ အေး .. ဟုတ်မှာဘဲ ၊ တော်လိုက်တဲ့ ငါ့ တူ ရယ် ၊ ဒီလို စဉ်းစား ဉာဏ် ကောင်းတဲ့ လူ ဟာ လောက မှာ အလကား မဖြစ်နိုင်ပါဘူးလေ ။ တွင်း ထဲ ကို ဆင်း ကြည့်ခွင့် ပေးပါပြီ ။ ဒါပေမယ့် သောက်ရေ အတွက် ရေဗူး ကို တော့ ဆောင် သွားပေတော့ ”

နောက် တစ်နေ့ တွင် သုဗလကလေး သည် ဦးဝါလ ပေးလိုက်သည့် ရေဗူးကလေး ကို လွယ် ကာ တွင်း ထဲ သို့ ဆင်း လာခဲ့လေ၏ ။ သူ့ လက် ထဲ တွင် လည်း ဓါးရှည်ကြီး တစ်ချောင်း ကို ကိုင် ထား၏ ။

လှေကားထစ်များ မှာ ရှည်လျား လွန်းသဖြင့် တော်တော် နှင့် မဆုံးနိုင်ချေ ။ အောက်ပိုင်း ရောက်လေလေ မှောင်လာလေ ဖြစ်သဖြင့် သုဗလ သည် နံရံ ကို စမ်း၍ တထစ်ချင်း ဆင်း နေရ၏ ။ အောက်နား ရောက်သော အခါ လှေကား မှာ ကွေ့ သွားလေသည် ။

များမကြာမီပင် ရှေ့ ၌ အလင်းရောင် ထွက်နေသော အခန်း လိုလို အရာတစ်ခု ကို မြင် ရလေရာ ထို နေရာသို့ ရောက်သောအခါ လှေကားထစ်များ မှာ ကုန်ဆုံးသွားလေတော့သည် ။

သုဗလ သည် ထို အလင်းရောင် ထွက်နေသော အခန်း ဆီ သို့ လျှောက် သွား၏ ။ အခန်း ဝ သို့ ရောက်သည် နှင့် တစ်ပြိုင်နက် အတွင်း မှ သာယာသော အသံ တစ်ခု ထွက်ပေါ် လာလေသည် ။

“ လာပါ ... မောင်လေး ၊ မောင်လေး လို အာဇာနည်သူရဲကောင်း ကို မမ က ဆီးကြို နေပါတယ်ကွယ် ”

အခန်း ထဲ တွင် မည်သည့် နေရာ က လာမှန်း မသိသော အလင်းရောင် ဖြင့် လင်းထိန် နေ၏ ။ အခန်း ၏ တစ်နေရာ တွင် ကျောက်စားပွဲ တစ်ခု နှင့် ကျောက်ကုလားထိုင် ပေါ် တွင် အလွန် လှပသော မိန်းမပျိုလေး တစ်ယောက် သည် ထိုင်နေ၏ ။ ထို မိန်းမပျို ကပင် သုဗလ ကို ချိုသာစွာ ပြောလိုက်ခြင်း ဖြစ်သည် ။

သို့သော် သုဗလ သည် ထို မိန်းမပျို ကို မယုံကြည်ချေ ။

“ လာပါ မောင်လေး ၊ မောင်လေး ကို မမ က ကျောက်စက်ရေ နဲ့ ကြိုဆို နေပါတယ် ”

မိန်းမ သည် ကျောက်စားပွဲ ပေါ်မှ ကျောက်ခွက် ကို ပြ ၍ ပြော ၏ ။ သို့သော် သုဗလ က မိန်းမပျို ကို ခပ်တည်တည် ပင် ကြည့်ရင်း ခပ်မာမာ ပြောသည် ။

“ ကျွန်တော့် မှာ သောက်ရေ ပါ ပါတယ် ”

“ အို .. ဒီ က ကျောက်စက်ရေ ဟာ .. အပေါ် က ရေတွေ နဲ့ မတူ ပါဘူး ကွဲ့ ၊ သိပ်ပြီး အေးမြကြည်လင်တယ် ။ လာ ကြည့်ပါဦး ၊ သူ့ ကို သောက် လိုက်ရင် ဉာဏ်တွေ ကောင်းပြီး ကမ္ဘာ မှာ ရှိတဲ့ ပညာတွေ အားလုံး ကို တတ် လာရော ၊ ပညာ ဆိုတာ ချမ်းသာခြင်း ကို သွားတဲ့ လမ်း မဟုတ်လား ... မောင်လေး ”

“ အို .. ကျွန်တော် မသောက်ဘူး ၊ ကျွန်တော့် မှာ ရေဗူး ရှိပါတယ် လို့ ဆိုနေမှပဲ ”

မိန်းမပျို သည် ရယ်လိုက်လေ၏ ။

“ အော် ... မောင်လေး က ရေဘူး နဲ့ မှ သောက်တတ်တယ် ထင် ပါရဲ့ ။ ကဲပါလေ ... ဒါဖြင့် မမ က ရေ ကို လှယ်ပေးပါ့မယ် ”

မိန်းမပျို သည် သုဗလ ထံ သို့ ထ ၍ ကပ် လာလေရာ သုဗလ သည် လက် ထဲ မှ ဓား ဖြင့် ထိုး ချိန် လိုက်သည် တွင် မိန်းမပျို မှာ တွန့်ခနဲ ဖြစ် သွားလေ၏ ။

“ အို .. မောင်လေး ကလည်း မမတို့ လို အင်အား ပျော့ပျောင်းတဲ့ မိန်းမသား ကို ဓားကြီး နဲ့မချိန်ပါနဲ့ လေ ..”

“ ဗျာ ... အင်အားပျော့ပျောင်း တဲ့ လူ က ဒီ တွင်းကြီး ထဲ မှာ တစ်ယောက် တည်း ဘာ လာ လုပ် နေမှာလဲဗျ ၊ စကား မရှည်ပါနဲ့ ဗျာ .. တွင်း ဝ က ကျောက်စာ မှာ ပါတဲ့ ချမ်းသာခြင်း လမ်း ကို တစ်ပိုင်း ရောက်မယ် ဆိုတာ ဘာလဲ ပြော ”

မိန်းမပျို ၏ မျက်နှာ မှာ ချက်ချင်းပင် တင်းမာ သွား လေ၏ ။

“ အော် .. မင်း က လူစွာလေး ပါလား ၊ ကိုင်း ... ကြောက်ချေး ပါ လေရော့ကွာ .. ဟား .. ဟား .. ဟား ”

မိန်းမပျို မှာ ချက်ချင်းပင် အလွန် အရုပ် ဆိုးသော မိန်းမကြီး တစ်ဦး ဖြစ်သွားပြီး သုဗလ ကို စိုက် ကြည့်နေလေ၏ ။

“ ကြောက်တယ် ဆိုတာ ကျွန်တော် နား မလည်ဘူး ဗျ ၊ ခင်ဗျား ရီးတီးယားတား တော့ လုပ်မယ် မကြံ နဲ့ ၊ ဟောဒီ ဓား နဲ့ နုတ်နုတ် စဉ်း ပြီး ခွေးစာ ကျွေး ပစ်လိုက်မယ် ၊ ဘာလဲ တကယ် မလုပ်ဘူး ထင်သလား .. ကဲလေ ..”

ပြောပြောဆိုဆို နှင့် သုဗလ သည် ဓားဦး နှင့် လှမ်း၍ တဆတ်ဆတ် နှင့် ထိုး လိုက်ရာ မိန်းမရုပ်ဆိုးကြီး မှာ “ အလယ်လယ် .. အလယ်လယ် ” နှင့်အော်၍ ခါး ကို ဟိုဘက် ရှောင် ရ ၊ သည်ဘက် ရှောင် ရ နှင့် လုပ် နေရသဖြင့် အမဲခြောက် ကို မီး ဖုတ်သလို တွန့်လိမ် တွန့်လိမ် နှင့် ဖြစ် နေလေ၏ ။

သို့သော် သုဗလ သည် အထိုး မရပ်သေးဘဲ ဆက်လက်၍ ပင် ဟို ထိုး သည် ထိုး နှင့် လုပ်နေလေရာ အရုပ်ဆိုးမကြီး မှာ ..

“ အောင်မယ်လေး ၊ ခါး တွေ နာတယ်တော့ .. ခါးတွေနာသဟဲ့ ” ဟု ပင် မြည်တမ်း မိလေ၏ ။

ထိုအခါ သုဗလ သည် ခြေထောက်များ ဆီ သို့ ဓားဦး ကို ချ ကာ ဟိုဘက် ထိုး သည်ဘက် ထိုး နှင့် လုပ်ပြန်လေရာ အရုပ်ဆိုးမကြီး မှာ သံပူပြား ပေါ် ၌ ပစ်တင်ထားသော မျောက်မကြီး ကဲ့သို့ ခုန်ဆွ ခုန်ဆွ နှင့် ဖြစ်နေပြန်လေ၏ ။

“ ဟဲ့ .. ဟဲ့ .. အမယ်လေး ၊ နင့် ဓားကြီး က ငါ့ ကို ထိ တော့မှာပဲ ။ မလုပ်ပါနဲ့ ၊ ကြောက်ပါပြီတော့ .. ကြောက်ပါပြီ ။ တစ်ပိုင်း ကို ပေးပါ တော့မယ် ၊ တစ်ပိုင်း ကို ပေးပါတော့မယ်” 

ထိုအခါ မှ သုဗလ သည် ဓား နှင့်ဟို ထိုး သည် ထိုး လုပ်ခြင်း ကို ရပ် လိုက်လေ၏ ။ အရုပ်ဆိုးမကြီး လည်း အခန်း တစ်ခု တွင်း သို့ ဝင်ကာ ကျောက်ပြားလေး တစ်ချပ် ကို ယူ လာပြီး သုဗလ ကို ပေး၏ ။

“ ကဲ - အာဇာနည်လေး ၊ အိမ် ကို မြန်မြန် ပြေးပေတော့ ၊ နောက် ကို လှည့် မကြည့်နဲ့ ”

သုဗလကလေး သည် ကျောက်ပြား ကို ယူကာ လှေကား ကို ပြေးတက် ခဲ့လေရာ မကြာမီတွင် ပင် အပြင်သို့ ရောက် လာလေသည် ။ မနီးမဝေး တွင် စိတ် ပူ ၍ လှံကြီး တစ်ချောင်း နှင့် လာ ကြိုနေသော ဦးဝါလ ကို တွေ့ရလေရာ သုဗလ က ပြေး၍ ဦးဝါလ ၏ လက် ကို ဆွဲ ကိုင်ကာ အိမ် ဆီ သို့ ဆက် ပြေးလေသည် ။

ထိုခဏတွင် ပင် ပေါက်ကွဲသံကြီး ပေါ်လာပြီးလျှင် တွင်းကြီး သည် ပိတ် သွားလေတော့၏ ။ တွင်းမှ ကျောက်စာချပ်ကြီး မှာလည်း တွင်း ထဲ သို့ ကျ ပြီး မြုပ် သွားလေတော့သည် ။ အိမ် သို့ ရောက်သော အခါ သုဗလ နှင့် ဦးဝါလ တို့ သည် ကျောက်ပြားလေး ကို စစ်ဆေး ကြည့်ရှု ကြ၏ ။ ကျောက်ပြားလေး မှာ အလယ်ခေါင် ဆီ မှ ချိုးဖဲ့ ထားသကဲ့သို့ ဖြစ်နေပြီး တစ်ဖက် တွင် အောက်ပါ စာများ တစ်ပိုင်းတစ ပါ ရှိလေသည် ။

တောက်တီး
ရှောက်မဲ့ 
တန်ဆောင်
ခါးခါး

ဤမျှသာ ပါ လေသည် ။ တစ်ဝက် က ပဲ့ နေ၏ ။ မူလ က စာ ကြောင်း လေးကြောင်း ရေးထားပုံ ရသည် ။ တစ်ဖန် ကျောက်ပြားလေး ၏ ကျောဘက် သို့ ကြည့် သောအခါ “ မရဏဂူ ကို သွား ရွှေငွေ ကျောက်သံပတ္တမြား ” ဟု ရေးထား၏ ။ ထို စာကြောင်း ကား ကျောက်ပြား ကို ဖဲ့ ပြီးမှ ရေးထား သကဲ့သို့ တစ်ကြောင်း အပြည့် ကန့်လန့် ရေးထားလျက် ရှိသည် ။ ဦးဝါလတ စိတ်ပျက်သွား၏ ။

“ ဘာမှလဲ နား မလည်ပါလား ဟေ့ ”

သုဗလ က မူ ပြုံး လိုက်သည် ။

“ တွင်းဝ က စာ က ချမ်းသာခြင်းလမ်း သို့ တစ်ပိုင်း ရောက်မည်လို့ ပြော ထားသားဘဲ ဘဘကြီး ရဲ့ ၊ ဒီတော့ ကျန်တဲ့ အပိုင်းက မရဏ ဂူ ကျရင် တွေ့မယ် ထင်တာပဲ ”

“ မရဏဂူ ကို မင်း သွားမယ်ပေါ့ ”

“ သွားရမှာပေါ့ ... ဘဘကြီး ရဲ့ ၊ လုပ်ငန်းတစ်ခု ကို စ မိပြီ ၊ မျှော်လင့်ချက် လည်း ရှိမယ် ဆိုရင် ဆုံး အောင် လုပ်ရမှာပေါ့ ”

“ အဲဒီ မရဏဂူ ဆိုတာက ဘယ်မှာလဲ ”

“ မသိဘူးလေ ၊ မေးစမ်း သွားရမှာပေါ့ ဘဘကြီး ရယ် ”

“ ဟင်း ငါ သေလိုက်ချင်တာပဲ နော်-  သေမှာ ကြောက် လို့သာ ”

       •••   •••   •••   ••• 

သုဗလ နှင့် ဦးဝါလ တို့ မှာ လမ်းခရီး တွင် လိုအပ်မည် ထင်သည်များ ကို ယူငင် ပြီး အထုပ်အပိုး ကိုယ်စီ နှင့် ခရီး ထွက်ခဲ့ကြလေ၏ ။

တစ်မြို့ ဝင် တစ်ရွာ ထွက် နှင့် ခရီး အတော်ပင် ပေါက်ရောက်ခဲ့ ကြသော်လည်း မရဏဂူ ရှိရာ အရပ် ကို မေး၍ မရချေ ။ သို့သော် မလျှော့သော လုံ့လ ဖြင့် ဆက်လက် ၍ ခရီး ထွက် ခဲ့ကြရာ တစ်နေ့တွင် တောအုပ်ကြီး တစ်ခုတည်း သို့ ရောက်လာ ကြလေ၏ ။

တောအုပ်ကြီး ထဲ တွင် လမ်းစ ရှာ မတွေ့သဖြင့် တဝဲလည်လည် နှင့် ရှိနေစဉ် တစ်နေရာ သို့ ရောက်သော အခါ လူသွားလမ်းကလေး တစ်ခု ကို ဖုံ နေအောင် တွေ့ရ၏ ။ လမ်းထိပ် တွင် တိုင် တစ်တိုင် စိုက် ထူ ထားပြီး တိုင်ထိပ် နား ၌ ပျဉ်းပြား တစ်ချပ် ကပ် ထား၏ ။ ပျဉ်ပြား ပေါ် တွင် အောက်ပါ စာများ ရှိလေသည် ။ 

အခက်အခဲ ကို မကြောက် လျှင် လာခဲ့လော့

“ တို့တော့ ကြောက်သဟ”

ဦးဝါလ က ပြောပြောဆိုဆို နှင့် ကွေ့ သွားရန် ကြံ လိုက်၏ ။ သို့ သော် သုဗလ က မကျေနပ်ချေ ။

“ အို .. ဘဘကြီး ကလည်း ဘဝ ဆိုတာ အခက်အခဲ နဲ့ တွေ့ရ တတ်တာ ချည်း ပေါ့ ၊ အခက်အခဲ ကို ကျော်လွန် နိုင် မှ အထွတ်အထိပ် ကို ရောက် နိုင်တာ ၊ ဘဘကြီး ကြောက်ရင် ဒီမှာ နေခဲ့ ၊ ကျွန်တော် သွား စုံစမ်းပြီး ပြန် လာခဲ့မယ်” 

“ အောင်မယ်... ဘာရမလဲ ၊ ငါ တစ်ယောက် တည်း ဒီ တောကြီး ထဲ မှာ မနေဝံ့ပေါင် ၊ မင်း နဲ့ ပဲ လိုက်ခဲ့မှာပါ ” 

သူတို့ နှစ်ယောက် သည် လမ်းကလေး အတိုင်း လာ ခဲ့ကြရာ တစ် နေရာ ရောက်သောအခါ ချောင်းကြီး က ကန့်လန့်ဖြတ် စီးဆင်းနေသည် ကို တွေ့ ရလေ၏ ။ ထိုအခါ ဦးဝါလ က အော် ရယ်လိုက်သည် ။

“ အောင်မယ် ... ဒါများ အခက်အခဲ တဲ့ ၊ ဝါလ တို့ က ဒါမျိုးတော့ ရယ် သဟ .. ရယ်သဟ .. ဝါးဟားဟား” 

ပြောပြောဆိုဆို ရယ်မောရင်း ဦးဝါလ သည် ခါးတောင်လေး မြောင်လှအောင် ကျိုက် ကာ ရေ ကူးတော့မည့် ပုံမျိုး နှင့် ချောင်းကမ်းစပ် သို့ ပြေးဆင်းသွားလေ၏ ။ သူ ကမ်းစပ်နား ရောက်သည်နှင့် တစ် ပြိုင်နက် မိချောင်း လေးငါးကောင် တို့ သည် သူတို့ ဆီ သို့ ဦးတည် ကာ တဝုန်းဝုန်း နှင့် ကူး လာသည် ကို မြင် လေသော် ဦးဝါလ သည် ချာခနဲ လှည့် ၍ ပြန် ပြေးလာလေ၏ ။

“ အမယ် ... ဝါလ တို့ က ဒါမျိုးတော့ ကြောက်သဟ ... ကြောက် သဟ”

ထိုအခါ သုဗလ က ရယ်မော လိုက်လေ၏ ။

“ ဘဘကြီး ကလည်း မစူးစမ်း ဘဲ နဲ့ အရမ်း လုပ်ချင်တာကိုး ၊ ကဲပါ လေ .. ဆေး အတွက် လိုရမယ်ရ ဆိုပြီး ဘဘကြီး ထည့်ခဲ့တဲ့ နနွင်းမှုန့် တွေ နဲ့ပက်ပေါ့ ”

ထိုအခါ မှ သတိ ရကာ ဦးဝါလ သည် သူ့ အထုပ်အပိုး ထဲ က နနွင်းမှုန့်များ ကို ထုတ် ကာ မိချောင်းများ ကို ပက် လေရာ မိချောင်း တို့ သည် ရေ ထဲ သို့ ငုပ်လျှို ထွက်ပြေး ကုန်ကြလေ၏ ။

ထိုအခါတွင် မှ နှစ်ယောက်သား သည် ချောင်း ကို ကူးခပ် ကျော် ဖြတ်ခဲ့ကြပြီး လမ်းကလေး အတိုင်း ဆက် လျှောက်ခဲ့၏ ။

တစ်နေရာ သို့ ရောက်သော အခါ သစ်ပင်များ အကြားမှ လေး ငါး ကောင် မျှ ရှိသည့် မျောက်ဝံကြီးများ သည် ကုန်းကွ ကုန်းကွ နှင့် ထွက် လာကြလေ၏ ။

“ ဟယ် .. ဒီ တစ်ခါတော့ အခက်အခဲ က မျောက်ဝံ ပုံသဏ္ဍာန် မျိုး နဲ့ လာသဟေ့ ၊ ဘယ့်နှယ် လုပ်မလဲ ၊ နနွင်းမှုန့် လည်း ကုန်ပြီ ၊ ငှက်ပျောသီးတွေ နဲ့ ပေါက် မလား ”

“ အို ... ဘဘကြီး ကလည်း ငှက်ပျောသီး နဲ့ ပေါက်ရင် ဒီကောင် တွေ က ကောက် စားမှာပေါ့ ။ ငှက်ပျောသီး လည်း ကုန် ရော ဘဘကြီး ကို ဝင် ဆွဲမှာပေါ့ ” 

“ ဟင် ... မင်း ကိုတော့ ဘာဖြစ်လို့ ချန် ထားသလဲ” 

“ ကျွန်တော့် လည်း ဆွဲကြမှာပါ ”

“ ဒါဖြင့် ဘယ်လို လုပ်ကြမလဲ ... တစ်ခါဖြင့် ခက်ပြီ .. မင်း ဆတ် ဆော့တာ ၊ အဲဒါ ... မင်း ဆတ်ဆော့ တာ ၊ သေတာတောင် ကောင်း ကောင်း မသေရဘဲ မျောက် ကိုက် လို့ သေတဲ့ မသာလေးတွေ ဖြစ်တော့မှာဘဲ ”

“ အို .. ဘဘကြီး လည်း ညည်း မနေပါနဲ့လေ ၊ အင်္ကျီ မြန်မြန် ချွတ် ”

“ ဘာလုပ်ဖို့လဲ ၊ မသာ ဖြစ်ရင် အဆင်သင့် ဖြစ်အောင် အင်္ကျီ ကို နောက်ပြန် ဝတ် ထား ရမှာလား”

“ မဟုတ်ပါဘူးလေ ၊ မြန်မြန် ချွတ် ၊ အဲ - ဟုတ်ပြီ ၊ နောက်ပြီး ကျွန် တော့် လို လိုက် လုပ် ”

သုဗလ သည် အင်္ကျီ ကို ချွတ်၍ တောင်ရှည်ပုဆိုး ကို ခါးတောင်း ကျိုက် ကာ အစ ရှည်ရှည် ကို အမြီး ကဲ့သို့ ချ၏ ။ ထို့နောက် ခုန်ဆွခုန်ဆွ လုပ် သည် ။ ပြီးတော့ ပါးစပ် က “ ကွိကွိ ကွကွ ခွီးခွီး ” နှင့် အော် ကာ သစ်ကိုင်းများ ကို ခုန် ဆွဲ ၍ တွဲလောင်း ခို လွှဲ နေလေ၏ ။

ဦးဝါလ မှာ လည်း ဘုမသိ ဘမသိ နှင့် သုဗလ လို လိုက် လုပ်ကာ သစ်ကိုင်းတွေ ကို ကားယားကားယား နှင့် ခိုဆွဲ ပြီး ပါးစပ် က လည်း “ တကွိ တည်း တကွိ - ဟယ် - တကွ တည်း တကွ ၊  ခွီးခွီးလဟ ” နှင့် ရမ်းအော် နေ လေတော့၏ ။

မျောက်ဝံကြီးများ သည် သူတို့ နှင့် မနီးမဝေး အထိ ကပ် လာပြီး သော် သူတို့ ကို လည်း မျောက်တွေ ထင် သွားပြီး တခြားသို့ ထွက် သွား ကြလေ၏ ။ ထိုအခါတွင် မှ သူတို့ နှစ်ယောက် သည် ခရီး ကို ဆက်ကြ ပြန်ပေသည် ။

“ အမယ်လေး - ဒီအရွယ်ကြီး ကျ မှ ကိုးရိုးကားယား လုပ်ရတာ တယ်ပြီး ခါး နာလှပါကလား ကရို ”

သုဗလ က မူ ဦးဝါလ ညည်း သမျှ ရယ်မောရလေသည် ။

“ အေး .. မင်း က ရယ် နေ ၊ မင်း ကြီးတော်ကြီး နဲ့ တွေ့ မှာပေါ့ ”

ဦးဝါလ က စိတ် တို ၍ ငေါ့ခြင်း ဖြစ် သော်လည်း တကယ်ပင်လား ဟု ထင် ရသည် ။ အဘယ့်ကြောင့် ဆိုသော် လမ်း ဆုံးသည့် အခါ တွင် သူတို့ သည် အိမ် တစ်ဆောင် တွေ့၍ ထို အိမ် တွင် ညီအစ်မ လေးဖော် နေကြသည် ကို တွေ့ရသောကြောင့် ပင် ဖြစ်သည် ။

“ ကျွန်တော့် ကြီးဒေါ် က လေးယောက် တောင် ပါလား ” 

“ ကဲပါ .. မဟုတ်တာတွေ မပြောနဲ့တော့ ၊ သွား စကား ပြောချည် ”

သုဗလ သည် ညီအစ်မလေးဖော် ထံ သွား ရောက်၍ စကား ပြောရ၏ ။

“ အဒေါ်တို့ က ဘာ ဖြစ်လို့ အခက်အခဲတွေ မကြောက်တဲ့ လူ ကို ခေါ် ရတာလဲ ”

“ အို .. မရဏ ကို သွား ချင်ရင် ဒါလောက်တော့ အခက်အခဲ ကို ကျော် နိုင်ရမှာပေါ့ ။ ဒါတောင်မှ ကံ စပ်ဖို့ လူတစ်ယောက် ကို ရှာ ရဦး မယ် ”

“ အဒေါ် တို့ က မရဏဂူ သွားတဲ့ လမ်း ကို သိသလား ”

“ သိတယ်လေ ၊ ဒါပေမယ့် အဒေါ် တို့ ချည်း မဖြစ်ဖူး ၊ ဒါက တစ်ပိုင်း ဘဲ ရှိသေးတာ ၊ တစ်စ က လို သေးတယ် ၊ တစ်ပိုင်း နဲ့ တစ်စ ပေါင်း မှ တစ်ခုလုံး ရမှာ ”

ထိုအခါ ဦးဝါလ က ဝင် ပြောလိုက်သည် ။

“ ဒါဖြင့် တို့ သွားလို့ မရဘူးပေါ့ ”

“ သွားလို့ ရပါတယ် ၊ ကျွန်မ တို့ လည်း လိုက် ခဲ့မယ် ၊ ဟို ရောက် မှ တစ်စ ကို ရှာ ကြတာပေါ့”

“ ဒါထက် နင် တို့ က ဘယ်သူတွေ လဲ ”

“ ကျွန်မ နာမည် က မယ်တောက်တဲ့ ပါ ၊ ကျွန်မ ကို မွေးတုန်းက တောက်တဲ့ တွေ စုပြုံ လာကြလို့ ၊ ဟောဒီ ညီမ က မစံအောင် တဲ့ ။ သူ့ မွေးပြီး တော့ ကျွန်မတို့ မိဘတွေ စံ ထားလောက်အောင် အောင်မြင် လို့ ပဲ ။ ဟောဒီ ညီမ အငယ် က မိရွှေသွား တဲ့ ။ သူ က မွေး ကတည်းက ရွှေသွား တစ်ချောင်း ပါ လာတယ် ၊ ဟောဒီ ညီမ အထွေးဆုံး က အလှ ဆုံး ပေါ့ ။ ဒါကြောင့် သူ့ နာမည် က ခင်ရူပါတဲ့ ”

ဦးဝါလ မှာ သူတို့ ၏နာမည်များ ကို  မှတ်မိအောင် ကျက် ရလေသည် ။

ရက်များ မကြာမီပင် သုဗလ ၊ ဦးဝါလ နှင့် ညီအစ်မလေးဖော် တို့ သည် မရဏဂူ သို့ ထွက်ခဲ့ကြလေ၏ ။

       •••   •••   •••   •••

မင်းသားကလေး သုဓဇ သည် နောက်လိုက် အနည်းငယ် နှင့် တောကစား ထွက်လာခဲ့လေသည် ။ အပြန်တွင် ကျေးရွာကလေး တစ်ခု နား သို့ ရောက်လာသော အခါ လူ လေးယောက် တို့သည် တစ်စုံတစ်စု ကို စုပြုံ ၍ ဝိုင်း လုနေကြလေရာ သူတို့ ထံ မှ အသံ များစွာ သည် အမျိုးမျိုး ထွက်ပေါ် နေလေတော့ သည် ။

“ ဟေ့ကောင်တွေ ၊ ဒါ ငါဖို့ ကွ ၊ အာရိုရို - ခြေမ ကို တက်နင်းထား တယ် ထင်တယ် ၊ တက်နင်းထားတယ် ”

“ ဖယ်ကြကွ ၊ ငါ့ ဖို့ သိကြားမင်း က ချ ပေးတာ ၊ ဟယ် - နင့် ကြီးဒေါ် မှ ဘဲ ၊ ဘာဖြစ်လို့ ပုဆိုး စ ကို နင်း ထားရတာလဲ ကွ .. ဒီမှာ ကုန်းကုန်း ကြီး ဖြစ် နေပြီ ”

“ ဟေ့ .. ဖယ်ကြ လဟာ ၊ ဒါ ငါ့ ဖို့ ကွ ၊ ဟဲ့ .. ဟဲ့ ငါ့ ယောင်ကြီး က ဘယ် ကောင့် ခြေထောက် မှာ ပတ် နေသလဲဟေ့ - ငါ့ ခေါင်းကြီး ကော့လန်လန် ဖြစ်နေပြီလဟဲ့ ”

“ ဖယ်ဆို ဖယ်နော် ၊ ဒါ ငါ့ ဖို့ ကွ ၊ အာ - အာ .. တယ်ခွေးသား က ငါ့ နားရွက် ကို ဆွဲဆုပ် ထားရတာလဲ ဟ ၊ နားရင်းတွေ နားအုံတွေ ပူ ထူ နေပြီ ကွ ”

မင်းသားလေးသုဓဇ သည် သူတို့ နား သို့ လျှင်မြန်စွာ ချဉ်းကပ် လိုက်ပြီးလျှင် မြင်း ကို ဇက် သတ်လိုက်၏ ။

“ ဟေ့ .. အားလုံး ရပ်ကြစမ်း ၊ ဒါက ဘာ ဖြစ်တာလဲ ”

လူလေးယောက် ချက်ချင်းပင် ရပ် လိုက်ကြ၍ မင်းသားလေး မှန်း သိသောအခါ ရှိခိုးကြ ပြီးလျှင် တစ်ယောက်  က လျှောက်တင်လေ၏ ။

“ ကျွန်တော်မျိုးတို့ လေးယောက် လမ်း လျှောက်ကြတုန်း ကောင်း ကင် က ဝင်းခနဲ လက် ပြီး “ ဟောဒီမှာ တစ်စတစ်ပိုင်း ကို ရအောင် ရှာ” ဆိုတဲ့ အော်သံ နဲ့ အတူ ဖုတ်ခနဲ ကျလာတာပဲ ဘုရား”

“ ဘာ ကျလာတာလဲ ”

“ ဟောဒါပါဘဲ ဘုရား ” 

သူ ပေးတာကို မင်းသားလေး က လှမ်း ယူလိုက်သည် ။ တစ်ဝက် ကနေ ချိုးဖဲ့ထားသလို ဖြစ်နေသည့် ကျောက်ပြားကလေး ဖြစ်ပြီး တစ်ဖက်တွင် အောက်ပါ စာများ ရေးထား၏ ။

တောက်တဲ့ ။
စံအောင် ။
ရွှေသွား ။
ရူပါ ။

စာများ မှာ လေးကြောင်း ရှိပြီး အရှေ့ပိုင်းများ မှာ ပဲ့ သွားသည့် အထဲသို့ ပါ သွားပုံ ရလေသည် ။

ကျောဖက်တွင် ကား “ မရဏဂူကိုသွား ၊ ရွှေငွေကျောက်သံပတ္တမြား ”  ဟူ၍ ရေးသား ပါရှိလေ၏ ။

“ ကဲ .. မောင်မင်းတို့ နာမည် ကို လျှောက်တင်ကြစမ်း ”

“ မှန်ပါ ၊ ကျွန်တော်မျိုးတို့က သူငယ်ချင်းတွေပါ ။ ကျွန်တော်မျိုး နာမည် က တောက်တီး ပါ ဘုရား ၊ ကျွန်တော်မျိုး ငါးနှစ်သား အရွယ် က ခုနစ်ရက်လောက် ဟာ တောက် ခတ် ရင် ရွာထိပ် က စည် က အလိုလို တီး လို့ ငတောက်တီး လို့ ခေါ် ပါတယ် ဘုရား ။ သူ က မောင်ရှောက်မှဲ့ ပါတဲ့ ဘုရား ၊ ရှောက်သီးမှည့် ကို ကြိုက်တတ်လွန်း လို့ ၊ ဟော .. သူ ကတော့ ကိုတန်ဆောင် ပါတဲ့ ဘုရား ၊ တန်ဆောင်မုန်းလ မှာ မွေးလို့ပါ ဘုရား ။ သူ ကတော့ ဦးခါးခါး ပါတဲ့ ဘုရား ၊ သူ့ ကို မွေးတုန်း က ငှက် က “ တက်တက်တူးခါးခါး ” လို့ လာ အော်လို့ပါတဲ့ ဘုရား ”

မင်းသားလေး သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး လျှင် နောက်လိုက် တို့ ကို ဤသို့ မှာကြားလိုက်၏ ။

“ ကိုင်း ငါ ဟာ ဒီ လူတွေ နဲ့ အတူ မရဏဂူ ကို သွားမယ် ၊ မယ်တော် ဧကရီမိဖုရားကြီး ကို မောင်မင်းတို့ စိတ် မပူအောင် ကြည့်ပြီး လျှောက်တင် လိုက်ကြပေတော့ ”

ထိုအခါ နောက်လိုက်တို့ လည်း နန်းတော် သို့ ပြန် ကုန်ကြလေ၏ ။ မင်းသားလေး သည် ငတောက်တီး တို့ ဖက်သို့ လှည့်၍ “ ကျွန်ုပ် ပါ မရဏဂူ သို့ သွားမည် ၊ သဘောတူကြရဲ့လား ” ဟု မေးရာ “ ဘုန်းရှင်ကံရှင် က ဦးဆောင်လျှင် ပို ကောင်းမှာ မို့ သဘော တူပါတယ် ” ဟု လျှောက် ကြသဖြင့် လမ်းခရီး ကို မေးစမ်းရင်း မရဏဂူ ရှိရာ သို့ မှန်းဆ ၍ ထွက် လာခဲ့ကြလေ၏ ။

       •••   •••   •••   ••• 

သုဗလ တို့ နှင့် မင်းသားလေးသုဓဇ တို့ သည် မရဏဂူ ရှိ ရာ တောင်ထိပ် သို့  ပြိုင်တူ ရောက် လာကြလေသည် ။

ဂူပေါက်ကြီး မှာ လူနှစ်ရပ်ခန့် မြင့် ၍ လူလေးဦး တစ်ဆန့်အိပ်စာ မျှ ကျယ်ဝန်းသည် ။ သို့သော် ဂူတံခါး မှာ ကျောက်ပြားတံခါးရွက်ကြီး နှစ်ချပ် ဖြင့် ကျကျနန တိတိကျကျ ပိတ် နေလေသည် ။

သုဗလ က အော် ပြောလိုက်သည် ။

“ ဟေ့ ... ရှေ့က ဘယ်သူတွေလဲ ”

“ ဘယ်သူတွေရမလဲ ၊ မင်းသား သုဓဇ ဆိုတာ ငါ ပဲ ”

“ မကြားဖူးပါဘူး ၊ မင်းသား ရော မင်းသက် ရော လာ မရှုပ်နဲ့ ၊ ဒီ ဂူ ဟာ တို့များ ပိုင်တယ် ”  

“ အောင်မယ် ... ဘာဆိုင်လို့လဲ ၊ ဆင်းရဲသား က လူပါး ဝ လို့ ”

ပြောပြောဆိုဆို နှင့် သုဓဇ သည် ဓား ကို ဆွဲထုတ်လိုက်၏ ။ သုဗလ က လည်း မခံချင်သဖြင့် ဓား ကို ဆွဲ ထုတ်လိုက်၏ ။

“ မင်းသား က ကျုပ် ထက် ငယ်ပါတယ်လေ ... မပြိုင်ချင်စမ်း ပါနဲ့ ”

“ ဘာလဲ  .. ကြောက် ရင်လည်း ကြောက်တယ် ပြောပေါ့ ”

ပြောပြောဆိုဆို နှင့် မင်းသားလေး သုဓဇ က စတင်၍ ခုတ်တော့ ၏ ။ သုဗလ က မူ ကာကွယ်ရုံ ကာကွယ်ရင်း မင်းသားလေး အမော ကို စောင့် သည် ။

ထိုခဏတွင် အထူးအဆန်း တို့ သည် ဖြစ် ကုန်လေ၏ ။

မင်းသားလေး သုဓဇ ဘက် မှ ယောက်ျားများ နှင့် သုဗလ ဘက် မှ မိန်းမများ သည် သံလိုက်များ ကဲ့သို့ တစ်ယောက် ဆီ သို့ တစ်ယောက် ဘေးတိုက်ကြီး တွေ ပြေး ကပ် မိကြကာ ဂျိမ်းဂျိမ်း နှင့် ပခုံး တွေ ဘေး တိုက် ခွါ မရအောင် ကပ် ကုန်ကြလေရာ ဂူပေါက် သို့ မျက်နှာ လှည့် ၍ နှစ်ယောက်တွဲ ၊ နှစ်ယောက်တွဲ လေးတန်း ဖြစ် သွားကြလေ၏ ။ သူတို့ ထံ မှ အသံဗလံများ လည်း ဆူညံစွာ ထွက်ပေါ် လာကြလေသည် ။

“ ဟဲ့ - ကောင်မတွေ ဖယ်လေ ၊ ဘာ လာ ကပ်တာလဲ ”

“ အောင်မယ် ... နင်တို့ က လာ ကပ်တာ အကောင်တွေ ရဲ့”

“ ဖယ်စမ်းလဟာ”

“ ဖယ်စမ်းလေတော် ”

“ ဟင် - ခွာလို့ မရဘူးတော့”

သုဓဇ နှင့် သုဗလ တို့ လည်း ဓား ခုတ်ခြင်း ကို ရပ် လိုက်ကာ သူတို့ ကို နောက်ဖက် မှ ကြည့် လိုက်ကြလေ၏ ။ ထို့နောက် သုဗလ က သူ့ တပည့်မတွေ ကို တစ်ယောက်စီ နာမည် ခေါ်သလို သုဓဇ က လည်း သူ့ တပည့်တွေ နာမည် ကို ခေါ် ရာ တစ်လှည့်စီ ဖြစ်ပြီး အောက်ပါ အတိုင်း အသံ ထွက်ပေါ်လာလေ၏ ။

“ တောက်တီး ”
“ တောက်တဲ့ ”
“ ရှောက်မဲ့ ”
“ စုံအောင် ”
“ တန်ဆောင်” 
“ ရွှေသွား ”
“ ခါးခါး ”
“ ရူပါ ”

ထိုအခါ သုဗလ နှင့် သုဓဇ တို့ မှာ အံ့အား သင့်၍ ကိုယ့် ကျောက်လေးများ ကို ကိုယ် ပြန် ထုတ်၍ ကြည့် မိကြလေသည် ။ တစ် ယောက် က ခေါ်လိုက်သော နာမည်များ မှာ တစ်ယောက် ၏ ထံ မှ ကျောက်ပြား ပေါ် တွင် အားလုံး ရှိနေကြသောကြောင့်ပင် ဖြစ်၏ ။

သို့ဖြစ်လေရာ သူတို့ နှစ်ယောက် မှာ ရန် မဖြစ်ကြတော့ဘဲ ကျောက်ပြားချင်း ဆက် ကြည့်လိုက်၏ ။ ကျောက်ပြားလေး နှစ်ချပ် မှာ အလယ် က စ၍ တစ်သားတည်း ဖြစ်ကာ ကျောက်ပြား တစ်ချပ်တည်း ဖြစ် သွားတော့သည် ။ ထို ကျောက်ပြား ပေါ် မှ စာတန်း များ လည်း လေးတန်း ပြည့်ပြည့်စုံစုံ ဖြစ်ပေါ်လာကြလေ၏ ။

တောက်တီး တောက်တဲ့ ။
ရှောက်မဲ့ စံအောင် ။
တန်ဆောင် ရွှေသွား ။
ခါးခါး ရူပါ ။

သို့သော် ဘာ အဓိပ္ပာယ် မှ ကောက် ၍ မရသဖြင့် စိတ် ရှုပ် သွား ကြရ၏ ။ သုဗလ ကား ဉာဏ် ကောင်းသူပီပီ လေးနက်စွာ စူးစိုက် ကြည့် ၍ စဉ်းစား နေရာက ရုတ်တရက် ဝမ်းသာ သွားလေ၏ ။ 

“ မင်းသား .. မင်းသား .. စာကြောင်းတွေ ရဲ့ ထိပ် စာလုံးတွေ ကို ဆက် ဖတ်ပြီးတော့ နောက်ဆုံး စာလုံးတွေ ကို ဆက်ဖတ်”

သုဓဇ က သူ ပြောသည့်အတိုင်း လိုက် ဖတ်ကြည့်၏ ။

“ တောက်ရှောက်တန်ခါး တဲ့အောင်သွားပါ ၊ ဘာတဲ့တုန်း ”

“ စာလုံးပေါင်းတွေ ကို နည်းနည်း ပြင် ကြည့်ပေါ့ ၊ ပြင် ကြည့် လိုက် ရင် တောက်လျှောက်တံခါး တည့်အောင်သွားပါ - ဆိုတာ ဖြစ်လိမ့် မယ် ”

ထို့နောက် သုဗလ သည် နှစ်ယောက်တွဲ ဖြစ်နေသော သူများ ၏ ပခုံးချင်း ထိစပ်နေသော အလယ်နေရာ နှင့် ကျောက်တံခါးရွက် နှစ် ချပ် ထိစပ်နေသော အကြားနှင့် တည့်အောင် ချိန်၍ ချီတက် လျှောက်သွားစေရာ သူ တို့ တံခါး နား ရောက်သည် နှင့် တစ်ပြိုင်နက် ကျောက်တံခါးရွက်ကြီးများ မှာ အလိုလို  ပွင့် သွားလေတော့သည် ။

ကျောက်ဂူ ထဲ တွင် ကား များစွာသော ရွှေငွေကျောက်သံပတ္တမြား  တို့ ရှိကြလေသည် ။ သူတို့ သည် အနီးအနား ရွာများ မှ လှည်းများ ဖြင့် တင်ဆောင်ယူပြီး သုဗလ တို့ ကို မင်းသားလေး က တိုင်းပြည် သို့ ဖိတ်ခေါ်ခဲ့၏ ။

နန်းတော် သို့ ရောက်သော အခါ တွင် စိတ်ပူလျက် ရှိသော ဧကရီ မိဖုရားကြီး သည် သားတော်လေးသုဓဇ ပြန် လာ၍ ဝမ်းသာ သွားရာ က ဝါလ ကို မြင်သော် “ ဟဲ့ .. ဝါလ မဟုတ်လား ” ဟု မေးတော်မူ၏ ။ ဤတွင်မှ ဦးဝါလ လည်း မိဖုရားကြီးမြနန္ဒာ ကို မှတ်မိသွားရလေ၏ ။

“ အမယ်လေး .. မတွေ့လို့ သေရ အသက် ရှိ ပါအုံးမလား - ဟာ ဟုတ်ပေါင် .. မသေ လို့ တွေ့ရ မေ့နိုင်ပါ့မလား သခင်မ ဖုရား ”

မင်းသားလေး သုဓဇ မှာ နောင်တော်ရင်း ကို ပြန် တွေ့ရသဖြင့် ဝမ်းသာပြီး နောင်တော် သုဗလ ကို ပင် ဘုရင် အဖြစ် ထား ၏ ။ မယ်တော် သည် လည်း ဥပုသ်ဆောင် ဝင် ကာ ညီနောင် နှစ်ဖော် တို့ ပျော် နေသည် ကို ပီတိ ဖြစ်နေတော့သည် ။

ဦးဝါလ မှာ လည်း မင်းသားလေး သုဓဇ တို့ ၏ တိုင်းပြည် မှ အပျိုတော်ကြီး မယ်သိင်္ဂီ ကို မျက်စေ့ ကျ၍ လက်ထပ်သည် ကို အားကျမခံပဲ - တောက်တီး တို့ တစ်သိုက် လည်း တောက်တဲ့ တို့ တစ်သိုက် နှင့် အသီးသီး လက်ထပ်ပွဲကြီး ဆင်မြန်းကြလေသတည်း ။

      ကလေးတို့  ရွှင်လန်းကြပါစေ ။

◾ကြပ်ကလေး

📖 ဆင့်အချစ်တော် မောင်အောင်ဘော် နှင့် ပျော်ရွှင်ဖွယ်ပုံပြင်များ ( ၃ )

www.facebook.com/aung.naingoo.3726613

.