Friday, May 27, 2022

အသက် နှစ်ပြန် ရှည်စေသော်


 

❝ အသက် နှစ်ပြန် ရှည်စေသော် ❞

ကျွန်မ အတွက် ပျော်ရွှင်မှု ဆိုတာ မိသားစု ထဲ မှာပဲ ရှာဖွေနေရတာပါ ။ နေ့စဉ် ကျင်လည်နေရတဲ့ ပရဟိတလောက ဆိုတာက ပျော်ရွှင်စရာ မဟုတ် ကြည်နူးစရာများ သာ ဖြစ်ပါတယ် ။ လူ့ အဖွဲ့အစည်း ထဲ မှာ နည်းမျိုးစုံနဲ့ သောက ရောက် နေကြသူတွေ ရဲ့ ဘဝအမောတွေ ကိုယ့် ကြောင့် သက်သာရာ ရ သွားတာ သူတို့ ရင်ထဲ ပေါ့ပါးသွားတာ ကို တွေ့ လိုက်ရရင် ကြည်နူးမိတာပါပဲ ။ အဲဒီကြည်နူးမှု ရဲ့နောက် မှာ တောင် ဘဝ အမော တွေ ရှိ နေတတ်ပါသေးတယ် ။ကျွန်မ ရဲ့မိသားစု ဆိုတာ က လက်ချိုး ရေတွက်လို့ရတဲ့ သွေးသားရင်းချာတွေ နဲ့ ထပ်တူ ချစ်ရ သံယောဇဉ်ကြီး ရတဲ့ စာပေ မောင်နှမ တွေပါ ။

ကျွန်မ မိသားစု မှာ ကျွန်မ က တစ်ဦး တည်း သောသမီး အကြီးဆုံး ၊ ကျွန်မ အောက် က မောင် သုံးယောက် ၊ မောင်တွေ ကို ချစ်တဲ့ ကျွန်မ ၊ မောင်တွေ က ချစ်တဲ့ ကျွန်မ ။ ကျွန်မ မှာ က အမေ မွေး ကတည်းက မော့ကြည့်စရာ အစ်မ လည်း မရှိ ။ ငုံ့ ကြည့်စရာ ညီမ လည်း မရှိ ။ ငယ်ငယ်တုန်း ကတော့ ကျွန်မ ရဲ့အချစ် မှန်သမျှ မောင်တွေအတွက် ချည်း ဖြစ်ခဲ့သည် ။

ငယ်စဉ် ကတည်း က မောင်လေးတွေ ရဲ့သူငယ်ချင်းတွေ ဟာ ကျွန်မ ရဲ့မောင်တွေ ချည်း ဖြစ်ခဲ့သလို စာပေနယ် ရောက် လာပြန်တော့လည်း ကျွန်မ ထက် ငယ်သူတွေ အားလုံး ကျွန်မ ချစ်မိ ခင်မိ သမျှ ကျွန်မမောင်တွေ ၊ ညီမတွေ ချည်း ဖြစ်တော့သည် ။ ဒါပေမဲ့ မတူ ထူးခြားတာ က စာပေနယ် က ကျွန်မ ချစ်သော မောင်တွေအားလုံး က ခပ်ညံ့ညံ့ ကျွန်မ ထက် အလွန် အနုပညာ အား ကောင်းကြသူ ချည်းပင် ။ ကျွန်မ ကို တော့ ပရဟိတသမား တစ်ယောက် မို့ သူတို့ က အားပေးကြ ချစ်ခင်ကြ တာလည်း ဖြစ်ပါတယ် ။ ကျွန်မ အတွက် ကတော့ စာပေမောင်နှမ တွေ ဟာ ကျွန်မ အတွက် အင်အားတွေ ပါပဲ ။

ဖေဖေ့ ကျေးဇူး ကြောင့် ငယ်စဉ် ကတည်း က မြန်မာ ရသ စာပေ ကို ချစ်မြတ်နိုးခဲ့ရသော ကျွန်မ အတွက် စာရေးဆရာသာဓု ရဲ့ သာဓု လူပါးဝတယ် စာအုပ် ကို အလွန် နှစ်ခြိုက်သလို ဆရာသာဓု ရဲ့စာတွေ ထဲမှာ ဖတ်ရလေ့ ရှိတဲ့ စာရေးဆရာကြီးဦးသာဓု ရဲ့ သာဓုခြံ နဲ့ သာဓုခြံ ထဲ က မိသားစုတွေ ကို စိတ်ဝင်စားခဲ့တာပါ ။ တစ်နေ့ မှာ စာရေးဆရာ ဖြစ်လာလိမ့်မယ် ၊ ဆရာသာဓု ရဲ့ရင်သွေး ပညာမျိုးဆက်တွေ နဲ့ စာပေ မောင်နှမတွေ ဖြစ်လာလိမ့်မယ် လို့ ဖြင့် လုံးဝ ကို မမျှော်လင့်ခဲ့မိပါဘူး ။ သည်လိုပါပဲ ကိုယ်လေးစား အားကျခဲ့ရတဲ့ စာရေးဆရာမကြီးတွေ စာရေးဆရာမလေးတွေ နဲ့လည်း စာပေ ညီအစ်မတွေ ၊ စာပေမိသားစုတွေ ဖြစ်လာလိမ့်မယ်လို့ မတွေးခဲ့ပါဘူး ။ စာပေမောင်နှမတွေ ရဲ့ သံယောဇဉ် ဟာ အခြား သံယောဇဉ်တွေ ထက် ထူးပါတယ် ။ သူတို့ ရဲ့ ခင်မင်မှု မှာ များသောအားဖြင့် ဘက် ရှိတယ် ၊ ရပ်တည်ချက် တူ သူချင်း ပို သွေးနီးကပ်တယ် ၊ အရေး ဆို ရှေ့က မထွက်နိုင်တောင် ဘေး က ရပ် ကြတယ် ။ ရပ်ခွင့် မသာရင် နောက် ကနေ အားပေးသမှု ပြုတယ် ။ ထောက်ထောက် ခံခံ ရှိ ကြတယ် ။ ဒါကြောင့် စာပေလောက ပိုပြီး သွေးစည်းကြ သွေးနီး ကြပါတယ် ။ အဲဒီ သံမဏိနှလုံးသား ပိုင်ရှင်တွေ ထဲမှာ ကျွန်မတို့ စာပေမောင်နှမတွေ ထဲ က ပြည်သူ ချစ်တဲ့ စာရေးဆရာ မင်းလူ လည်း ပါခဲ့ပါတယ် ။ အေးစက်တဲ့ အပြုံးတွေ နဲ့ လူတကာ နဲ့ ဖက်လှဲတကင်း မနေတတ်ပေမယ့် သူ တကယ် ချစ်ခင်လာပြီ ဆိုရင် စာမျက်နှာ ပေါ် မှာ သူ့ဇာတ်ကောင်တွေ ဖြစ်လာကြ စမြဲမို့ ကျွန်မ မှာ လည်း သူ့ စာမျက်နှာတွေ ပေါ် မှာ ပြောင်းဖူးပြုတ်သည် ဖြစ်လိုက် ၊ ဟူဘိဂိုးဘတ် ဖြစ်လိုက် နှင့် သူ့ ဝတ္ထုတို တွေ ထဲ မှာ စာရေးဆရာမ တွေ ကို ဇာတ်ကောင် ထားပြီး သူ မို့ ပုံစံမျိုးစုံ နဲ့ တစိမ့်စိမ့် တွေးရင်း ရယ်ရွှင် မဆုံးအောင် ရေးတတ်ပါပေတယ် ။ မြန်မာပြည် တွင်သာမက ကမ္ဘာအရပ်ရပ် မှာ ပါ ရှိ နေကြသူ သူ့ စာဖတ်ပရိသတ် ကို ရွှင်လန်းနှစ်ခြိုက် စေခဲ့တဲ့ မင်းလူ ကို ကျွန်မ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် မှာ မမျှော်လင့်ဘဲ တွေ့ လိုက်ရတဲ့ နေ့ ကလေး ကို အမှတ် ရနေမိပါသေးတယ် ။

၂၀၁၃ ဖေဖော်ဝါရီလ နောက်ဆုံးပတ် ထဲ မှာ စင်ကာပူနိုင်ငံ က ကျွန်မ အပါအဝင် ဆရာမောင်စိန်ဝင်း ( ပုတီးကုန်း ) ၊ သံလျင် မောင်မောင်ဦး ၊ ပန်းချီမြင့်မောင်ကျော် တို့ ကို စာပေဟောပြောပွဲ ဖိတ် ပါတယ် ။ အဓိက အကြောင်းရင်း ကတော့ ဆရာမောင်စိန်ဝင်း ( ပုတီးကုန်း ) ရဲ့ ပန်းတိုင်ရှိရာ ကဗျာစာအုပ် ကို စင်ကာပူနိုင်ငံ မှာ ပြန်လည် ရိုက်နှိပ် ထုတ်ဝေတဲ့ စာအုပ်ထွက်ပွဲ မှာ စာပေဟောပြောပွဲ ပါ စီစဉ် ဖြစ်တာပါပဲ ။ သူ့ ပွဲ မို့ ဆရာမောင်စိန်ဝင်း ( ပုတီးကုန်း ) က သံလျင်မောင်မောင်ဦး နဲ့ ကျွန်မ တို့ ထက် နှစ်ရက် စောပြီး ကျွန်မ နဲ့ မြင့်မောင်ကျော် က ဟောပြောပွဲ မတိုင်ခင် တစ်ရက် အလို ကျ မှ လိုက် သွားကြပါတယ် ။ ကျွန်မတို့ စင်ကာပူ ထွက်မယ့် နေ့ လေဆိပ် မှာ ကော်ဖီ သောက်နေတုန်း ကိုမင်းလူ နဲ့ သူ့ သမီးလေး ယုယ ကို လှမ်း တွေ့လိုက်ပါတယ် ။ သူတို့ နဲ့ အတူ စာရေးဆရာမ နီနီနိုင် ( သထုံ ) ကို လည်း တွေ့ တယ် ။ သူ လည်း ပြည်ပ သွားမှာပါလား စာပေဟောပြောပွဲ အတွက် ပဲ ထင် ပါရဲ့ ၊ ဘယ် နိုင်ငံ ကို သွားမှာ ပါလိမ့် လို့ စိတ် က အောက်မေ့ လိုက်ပေမယ့် နည်းနည်းတော့ ထူးဆန်းသလို လိုပါ ။ သူ့ ကို စာပေဟောပြောပွဲ တွေက တောင့်တ ကြသလောက် သူ က ရှောင်တာ များသည် ။ မင်းလူ ရဲ့ စာဖတ် ပရိသတ် က နည်းတာ မဟုတ် ၊ သူ့ ပရိသတ်က သူ့ ဟောပြောမှု ကို တောင့်တသည် ။ ဒါပေမဲ့ သူ က ပြည်ပ မပြော နဲ့ ပြည်တွင်း က စာပေဟောပြောပွဲ တွေ တောင် ငြင်းလေ့ ရှိတာ ကျွန်မ တို့ အသိပါ ။ ကော်ဖီဆိုင် က ထွက် လာပြီး သူတို့ နဲ့ တွေ့ချိန် အပြန်အလှန်နှုတ်ဆက် ကျတော့ သူ ဘန်ကောက် ကို သွားမယ့်အကြောင်း နဲ့ ဆေး စစ်ဖို့ ကိစ္စ လို့ သိ လိုက်ရတယ် ။ သူ ကတော့ ဘာမှ မဖြစ်သလို ရွှင်ရွှင်လန်းလန်း နဲ့ “ ဆရာဝန် က အဆုတ် မှာ အကွက်ကလေး တွေ့တယ် ဆိုလို့ မိသားစု ကလည်း စိုးရိမ်တာ နဲ့ ထိုင်း မှာ သွား စစ် ကြည့်မလို့ပါ ” လို့ ပြောတယ် ။ သူ က ဆေးလိပ် ကြိုက် သူမို့ ကျွန်မ စိတ်ထဲ ထင့်ခနဲ ဖြစ် သွားမိပေမင့် တီဘီ ဖြစ်ရင်လည်း ဆေး ကုလို့ ရတာပဲလေ ဆိုပြီး ကိုယ့် ဟာ ကိုယ် ဖော့ ပြီး တွေး နေမိလိုက်ပါတယ် ။ သူ့ ကို ကျွန်မ တို့ နှစ်ကာလတိုကလေး အတွင်း ဆုံးရှုံးရမည့် ရောဂါ တစ်ခုခု ၏ အမည် ကို တပ် မကြည့်ရဲပါ ။ ကျွန်မတို့ ချစ်ရသူတွေ ကို မကြာခဏ ဆုံးရှုံးရခြင်းမျိုးများဖြင့် ကျွန်မတို့ ဝန်းကျင် ကို မဖြတ်သန်း လိုပါ ။ အထူးသဖြင့် သူ့ လို ပြောမနာ ဆိုမနာ စာပေမောင်နှမ စာရင်းဝင်တစ်ယောက် ကျွန်မတို့ နား က အပျောက် မခံလိုပါ ။

•••••   •••••   •••••

ပန်းချီမမွှေး ၊ ရာသက်ပန် ( တောင်ငူဆောင် ) ၊ မပွင့် ၊ ဝိုင်း ( ကံ့ကော်ဝတ်ရည်စာပေ ) နှင့် ကျွန်မတို့ ကို သူ စာအုပ် ထွက်လို့ စာမူခတွေ ရလေတိုင်း သူ့အိမ် အနီး က MEGA တွင် ကျွန်မတို့ ကို ဧည့်ခံကျွေးမွေးလေ့ ရှိပါတယ် ။ မုန့် စားရတာ ထက် ကျွန်မတို့ မောင်နှမတွေ ဆုံ ရတာက ပျော်စရာ ပိုကောင်းတာပါ ။ အစ်မတွေ ညီမတွေ ကို ပြုံးစစ နဲ့ ကျီစယ်တတ် တဲ့ သူ့ အမူအကျင့် က ကျွန်မ ကို ပင်ပန်းလာသမျှ တွေ မေ့ပြီး ရွှင်လန်းအားတက်စေသလို သူ ကလည်း ကျွန်မတို့ ကို ဘယ်လို ကျီစားရမလဲ လို့ အမြဲတမ်း အကွက် ရှာ နေသူဖြစ်ပါတယ် ။ MEGA စားသောက်ဆိုင် က စားကောင်းသောက်ဖွယ်တွေ ကို သူ အပါအဝင် အားလုံး က ကောင်းနိုးရာရာလေး တွေ မှာယူ စားသောက်နေကြ ချိန် မှာ ကျွန်မ က ဆန်ပြုတ် မှာ သောက်တာ ကို သူ က “ အစ်မကြီးတို့ များ ဇာတိ က ပြတာ ၊ ကြည့် သူများ ကျွေးတုန်းလေး ကောင်းတာ မစားတတ်ဘူး ။ မှာ စားစရာ ရှားလို့ ကြည့်ကြဦး ” ဆိုတော့ ဝိုင်း က “ ဟုတ်သားပဲ အစ်မကြီး ကလည်း သူ ကျွေးတုန်းလေး ကောင်းတာ စားစမ်းပါ ။ ကုန်ချင်သလောက် ကုန်ပါစေ ၊ ဝိုင်းတို့ ကတော့ ”

ရာသက်ပန် တို့ ၊ မပွင့် တို့ ဆိုတာကလည်း သူ့ စာမျက်နှာတွေ ပေါ် မှာ ပုံစံအမျိုးမျိုး နဲ့ အသုံးတော် ခံနေရတဲ့ သူ့ဇာတ်ကောင်တွေ ချည်း မို့ ဒီ စာမူခ ဟာ ငါတို့ နဲ့ လည်း ဆိုင်တယ် လို့ သဘော ထားပြီး အပြတ် အားပေးကြခြင်းပဲ ဖြစ်ပါတယ် ။ သူ က လည်း ဒါကိုပဲ ပျော်ရွှင်ကျေနပ်နေသူ ဖြစ်ပါတယ် ။ ဝိုင်း က ဆရာတက္ကသိုလ်ဘုန်းနိုင် ရဲ့သား ဆရာဘုန်းတင့်ကျော် ( ကိုကျော်ဇင် ) ရဲ့ ဇနီး ဖြစ်ပြီး ကံ့ကော်ဝတ်ရည် စာပေတိုက် ကို တည်ထောင်ထားသူ ထုတ်ဝေသူ တစ်ယောက် မို့ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် ၏ စာအုပ် မှန်သမျှ ကံ့ကော်ဝတ်ရည် စာပေတိုက် မှ ချည်း ပြန်လည် ထုတ်ဝေသည်ကို သူ က “ ဝိုင်းဝိုင်း ဟာ အမြော်အမြင် ကြီးစွာ နဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင် ရဲ့ စာပေတွေ ကို လက်ဝါးကြီး အုပ်ချင်တာပါပဲ ။ ဒါပေမဲ့ ဆရာသာဓု ရဲ့သားတွေ ကို ကြည့်လိုက်တော့ ဆရာတက္ကသိုလ်ဘုန်းနိုင် ရဲ့ စာပေတွေ နဲ့ ပဲ စီးပွားရှာတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ် ” ကျီစယ်ကြ ၊ ချေပကြရတာ ကလည်း ကျွန်မတို့ မောင်နှမတွေ ရဲ့ ပျော်ရွှင်ဖွယ် နေ့ရက်တွေပါ ။ တစ်ခါတစ်လေ သူ ကျွန်မ အိမ် ကို ဖုန်းဆက်လို့ ကျွန်မ မရှိတဲ့အခါ သမီးတွေ က “ မေမေ နာရေးအသင်းကို သွားပါတယ် ” ပြန်ဖြေ လိုက်တဲ့အခါမျိုး မှာ သူ က ကျန်တဲ့ သူတွေ ကို သတင်း ပြန်ပေးပုံ က “ အစ်မကြီး အိမ် ကို ဖုန်း ဆက်တာ အစ်မကြီး မရှိဘူး ။ မားကက်တင်း ဆင်း နေတယ်လို့ သူ့ သမီးတွေ က ပြောတယ် ” တဲ့ ။ သူ မို့လို့ ပေါက်ပေါက်ရှာရှာ ။ တစ်ခါ ကိုမင်းလူ ဖျား နေတယ် လို့ မမွှေး တို့ က ပြော ပါတယ် ။ “ မပွင့် နဲ့ကျွန်မ တော့ ရောက်ပြီးပြီ ။ ဝိုင်း နဲ့ ရာသက်ပန် လည်း သွား လိမ့်မယ် ။ အပေါင်းအသင်းတွေ သွားပြီး စကားစမြည် ပြောတော့ သူ လည်း လူ အားရှိတာပေါ့ ။ အစ်မကြီး လည်း သွား လည်ဦးလေ ” ဆိုတဲ့ ညီမလေး ရဲ့တိုက်တွန်းမှုကြောင့် ကျွန်မ တစ်နေ့ အသင်း က ကား နဲ့ သင်္ဃန်းကျွန်းဘက် အသွား မှာ လမ်း ကြုံလို့ လိုက် သွားပြီး သူ့ အိမ် နား မရပ်ဘဲ ရပ်ကွက် ထဲ က လူနေအိမ် မရှိတဲ့ လမ်းထောင့် တစ်နေရာ မှာ ရပ်ခိုင်းထားပြီး သူ့ အိမ် ကို လမ်းလျှောက် လာခဲ့ပါတယ် ။ အိမ် ရောက်တော့ သူ က နေကောင်း နေပါပြီ ။ ကျွန်မ ကို မြင်တာ နဲ့ သူ က “ အစ်မကြီး အခြေအနေ လာ ကြည့်တာလား ၊ ဘာမှ မဖြစ်သေးဘူး ” လို့ နှုတ်ဆက် တော့ ကျွန်မ က “ ဘာတွေ လျှောက် ပြောနေတာလဲ ။ ငါ့ မောင်လေး နေ မကောင်းဘူး ဘာများ စားချင်မလဲ ဆိုပြီး ဝယ် ကျွေးမလို့ ဝင် လာတာဟာ ” ဆိုတော့ သူ က ထုံးစံအတိုင်း ပြုံးတုံးတုံး နဲ့ “ သိဘူးလေ အစ်မကြီး ရာ ၊ ကျွန်တော် က မားကက်တင်း ဆင်းလာတယ် မှတ်လို့ ” တဲ့ ။ ပြောဖြစ်အောင် ပြောလိုက်သေးတာ ။ အဲဒီနေ့ က သူ နဲ့ ကျွန်မ ကိုရူပ ရဲ့လက်ဖက်ရည်ဆိုင် မှာ လက်ဖက်ရည် သောက်ရင်း စကား ပြောကြပြီး ကျွန်မ ပြန်တော့ ကျွန်မ ရပ်ကွက် ထဲ မှာ ရပ် ထားတဲ့ ကား ရှိတဲ့ နေရာ ကို လာ ဖို့ ခက် နေတာပေါ့ ။ ကား မောင်းလာ တဲ့ မောင်ငယ် တစ်ယောက် ကလည်း ကျွန်မ ကို ထားခဲ့ပြီး ပြန်ပါ “ ကျွန်မ ဟာ ကျွန်မ ပြန်ပါ့မယ် ” ဆိုတာ ကို နားမထောင်ဘူး ။ ဘယ်လောက် ကြာကြာ စောင့်ပါ့မယ် ဆိုပြီး ပေ စောင့်နေတော့  ကျွန်မ မှာ လက်ဖက်ရည် တောင် ဖြောင့်ဖြောင့် မသောက်ရဘဲ အမြန် ပြန် ခဲ့ရတာပါ ။ ဒို့ ဟိုဘက်နား ကို ဝင်စရာ ရှိလို့ပါ ။ “ အဲဒီ အထိ လိုက်ပို့မယ် စကား ပြောရင်း လျှောက် တာပေါ့ အစ်မကြီး ကလည်း ဘာ ဖြစ်နေတာလဲ ” ဆိုပြီး သူ ကတောင် ကျွန်မ ကို ပြန် ငေါက်ချင်နေသေးတယ် ။ တကယ် ကျွန်မ ပြန်မဲ့ ကား ဆီ ကိုလည်း ရောက်ရော “ ကြည့်စမ်း အစ်မကြီး က အပိုင် တွက်ပြီး လုပ် ချလာတာ ကိုး ၊ မသာ တင် တဲ့ ကားကြီး နဲ့ ဒါကြောင့် ကျွန်တော် လိုက် ပို့တာ ကို အတင်း ငြင်းနေတာ ၊ ခုမှပဲ သဘော ပေါက်တော့တယ် ” ဆိုပြီး ကျွန်မ အကြောင်း ကို ပြောစရာ တစ်ကွက် ထပ် ရသွားပြန်ရောပေါ့ ။ “ အစ်မကြီး ကွာ လူ ကို အပိုင် တွက်ပြီး မသာကားကြီး နဲ့ ပေါက် ချလာတာ လုပ်ပုံ … လုပ်ပုံ …”  ဒီလို ဇဝနဉာဏ် ရွှင်တဲ့ မောင် တစ်ယောက် နဲ့ ချစ်ချစ်ခင်ခင် နေခဲ့ရတဲ့ ကာလတွေ ဟာ ကျွန်မတို့ စာပေ ညီအစ်မတွေ အတွက် မမေ့နိုင်တဲ့ ရက်စွဲတွေပါ ။

“ ကိုမင်းလူ ပြန် လာပြီ ၊ အဆုတ်ကင်ဆာ တဲ့ ” ဆိုတဲ့ မကြားဝံ့တဲ့ ထိတ်လန့်တုန်လှုပ်စရာ စကားလုံးတွေ ကို ကျွန်မ အယုံအကြည် ကင်းမဲ့ချင်လွန်းလှသည် ။ ကျွန်မတို့ မောင်နှမတွေရဲ့ ချစ်ခြင်း ကို ဒီလို ကင်ဆာ ဆိုတဲ့ ဝေဒနာကြီး က ဖြိုခွင်းတော့ မှာပါလား ။

ကာလ ဘယ်လောက် ကြာကြာ သူ ချစ်တဲ့ သူတွေနဲ့ နေရတော့မှာပါလိမ့် ကျွန်မတို့ တောင် ဒီလောက် စိတ် ထိခိုက်နေကြရင် သူ့ ချစ်ဇနီး နဲ့ သားသမီးလေးတွေ ဘယ်လောက် ခံစားနေကြရလိမ့်မလဲ ။ ဒီအချိန် မှာ သူ့ ဘေး မှာ မိသားစု သာ အချိန်ပြည့် လို အပ်နေပေလိမ့်မယ် ။

သူတကာ ကို အမြဲ ပျော်ရွှင်စေလိုသူ ၊ နှလုံးသားစင်ကြယ်သူ ၊ အမှန်တရား ကို မြတ်နိုးသူ အဖိုးတန် လူ တစ်ယောက် အနုပညာ လောက မှာ လူ့ အဖွဲ့အစည်း မှာ ဘာကြောင့်များ ကြာရှည် ရှင်သန်ခွင့် မရအောင် သေခြင်းတရား က ခြိမ်းခြာက်နေတာပါလိမ့် နော် ။ သူကိုယ်တိုင် ရော ဘယ်လောက် ကြောက် နေရှာလိမ့်မလဲ ၊ ကျွန်မတို့ က ဘေး က တွေးပြီး ကြောက် နေပေမယ့် သူ က ကြောက် ချင်မှ ကြောက် မှာပါ ။ သူ့ ဉာဏ် အတိုင်း သေမင်း ကို မထိတထိ နဲ့ ကလိပြီး ဟာသ လုပ်ချင် လုပ် ပစ်ဦးမှာလား ။ ကျွန်မ သူ့ ကို သွား မကြည့်ရက်ပါ ။ သူကတော့ ကျွန်မ တို့ ထက် ပိုပြီး အတွေးအမြင် ကျယ် သူမို့ လောကဇာတ်ခုံ ရဲ့ အချိုးအကွေ့ အလှည့်အပြောင်း ပရိယာယ်မာယာ တွေ ကို သဘောပေါက်ပြီး ဖြစ် ပါလိမ့်မယ် ။ သေခြင်းတရား သည် လက်ခံနိုင်သည် ဖြစ်စေ ၊ လက်မခံနိုင်သည် ဖြစ်စေ သူ သွား လိုရာ ဦးတည် သူ ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်အောင် သွားမည်သာ ဖြစ်သည် ။ ဒါကို သူ ကလည်း အဆင်သင့် ကြိုချင် ကြို နေမှာပါပဲ ။ သူ့မိသားစု နဲ့ အတူ ကျွန်မတို့ ဘေးလူများ ကတော့ သေခြင်းတရား ကို ရွာ လည် နေစေချင်သေးသည် ။ ဖြည်းဖြည်း လာခဲ့ပါ ။ အဆောတလျင် ခရီး မနှင်ခဲ့ပါ နဲ့ လို့ မေတ္တာ ရပ်ခံ ချင်သေးတာပေါ့ ။ သူ ရှိနေတဲ့ ဝိတိုရိယဆေးရုံ ကို ဝိုင်း က မကြာခဏ ရောက်သလို အခြား ညီမများ ကလည်း ရောက် ကြသည် ။ ကျွန်မ ကတော့ အတော် သွားရ ခက်နေသည် ။ သူ ကျွန်မ ကို တစ်ချိန် က ပျော်ရွှင်စရာ ဟာသ လုပ် ခဲ့တာကို နားလည် ပေမယ့် တကယ်တမ်း နောက်ဆုံး ထွက်သက် ကို ရင်ဆိုင်ရတော့မယ့် အခြေအနေ မှာ သူ က သတိ မရစကောင်းပေ မဲ့ “ အစ်မကြီး မားကက်တင်း ဆင်းလာတာလား ” ဆို တဲ့ သူ့ ရဲ့ကျီစယ်ပုံကလေး ကို မြင်ယောင် သတိရ လိုက်မိရင် ကျွန်မ ခံနိုင်ရည် ရှိနိုင်ပါ့မလား ။ ကျွန်မ သူ့ ကို အလွန် တွေ့ ချင်ပါသည် ။ သူ ဆေးသွားစစ်သည့် နေ့ လေယာဉ်ကွင်း မှာ တွေ့ပြီး ကတည်းက တစ်ခါမှ မတွေ့ရသေးပါ ။ သူ့ အခြေအနေတွေ ကို ဖေ့စ်ဘွတ်ခ် ကနေ တစ်ဆင့် နေ့စဉ်လိုလို တွေ့မြင်နေရလေ သူ့ ဆီ သွားချင် လေ လေ ဖြစ်လာသည် ။ သမီး ယုယ နဲ့ ဝိုင်း က ဆေးရုံ ပေါ် က သူ့ ပုံကလေးတွေ ကို တင် တင်ပေးနေသည် ။ သူ့ စာဖတ်ပရိသတ် နဲ့ သူ့ ကို သံယောဇဉ် ရှိ သူတွေက အွန်လိုင်း ပေါ် ကနေ ဆုတောင်း ပေးနေကြသည် ။

မေတ္တာ ပို့ ပေးနေကြသည် ။ ဒါတွေကို မြင် နေရလေ ကျွန်မ သူ့ ကို တွေ့ချင်လာလေ ပင် ။ နောက်ဆုံးတော့ ဘယ်လို မှ မနေနိုင်တော့ပါ ။ ကျွန်မ လို ပင် သတင်းမေး သွားချင်နေသည့် ဂျူး နှင့် အဖော် ရသွားတော့ အဆင် ပြေသွားသည် ။ ဆေးရုံ မှာ ဝိုင်း နှင့် ပါ ချိန်းပြီး ညီအစ်မ သုံးယောက် ဆုံပြီး သူ့ ထံ သွားတော့ သူ က ဆေး အရှိန် နှင့် မျက်နှာ တစ်ပြင်လုံး မည်း နေရာက သူ့ ချစ်ဇနီး ရဲ့ လက်ကလေး ကို အချိန်ပြည့် ဆုပ်ကိုင် ထားနေရာက အင်အား ဆုတ်ယုတ်ပြီး စကား  မပြောနိုင်သော်လည်း ပြုံးပြရှာသည် ။ သူ့ အပြုံး က ယခင်လိုပင် ဖော်ရွေ ဆဲ လှိုက်လှဲ ဆဲ ။ သို့သော် လှစ်ခနဲ သာသာ ကာလ တို သည် ဝေဒနာ က သူ့ကို နှိပ်စက်နေသည် ကိုး ။

အဲသည် နေ့ က ကျွန်မ တို့ ဝိတိုရိယဆေး ရုံ မှာ နောက်ထပ် သံယောဇဉ် ရှိ သူ တစ်ယောက်ကို လည်း ဝင် ကြည့်ခဲ့ကြပါသည် ။ စာရေးဆရာ ၊ သတင်းစာဆရာ မောင်ဝံသ ပါ ။

ဆရာမောင်ဝံသ နှင့် ရော ဆရာ့ မိသားစု နှင့် ပါ ကျွန်မ က ရင်းနှီး နေသူလည်း ဖြစ် ၊ ဆရာ့ပရိသတ် လည်း ဖြစ်သော ကျွန်မ အတွက် ကင်ဆာဝေဒနာ ကို ကိုယ်စီ ခံစားနေရတဲ့ ကြား ထဲ က စကားတွေ ပြောပြီး ဧည့်ခံနေသော ကျွန်မတို့ သုံးယောက် နဲ့ ဓာတ်ပုံ ရိုက် ခိုင်းပြီး ဖေ့စ်ဘွတ်ခ် တင် ရန် စာ ကို နှုတ်ဖြင့် ကိုယ်တိုင် စီ ပြီး ရေးခိုင်း ကာ ဝိုင်း ကို ညွှန်ကြားနေသော ဆရာ့ အသွင်သဏ္ဌာန် က ကျွန်မတို့ အတွက် နောက်ဆုံး အမှတ်တရ ပုံရိပ် ပါ ပဲ ။ ကိုမင်းလူ နဲ့ ဆရာမောင်ဝံသ တို့ ကင်ဆာရောဂါ ကိုယ်စီ နဲ့ ဆေးရုံ တစ်ရုံ ထဲ မှာ ဘဝ ရဲ့ နောက်ဆုံး ရက်စွဲတွေ ကို ကျော်ဖြတ် နေကြရတာဟာလည်း ဘဝဇာတ်ဆရာ ရဲ့ ဇာတ်ညွှန်း တစ်ပိုင်း တစ်စ ပေပဲ ။ ဒီ မြင်ကွင်း ဟာ ကျွန်မ မမေ့နိုင်တဲ့ သူတို့ ရဲ့နောက်ဆုံး ရှင်သန်ခြင်း ကာလ ရဲ့ပုံရိပ်တွေ ပါ ။ ကျွန်မ အတွက် သက်မဲ့ခန္ဓာတွေ ကို တွေ့ရမြင်ရ တာ များလှပေမယ့် ချစ်သူခင်သူတွေ ကို စွဲလမ်းတွယ်တာ နေတတ်သေးတာကြောင့် ကျွန်မတို့ မြင်ကွင်း က ပျောက်ဆုံးသွားတာ မရှိပါဘူး ။ မပျောက်ပျက်နိုင်ကြတာ က ရင် ထဲ က ပုံရိပ်တွေပါ ။ ကိုမင်းလူ တို့ ညီအစ်ကိုရင်းချာတွေ ထဲ မှာ ကို တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက် ထွက်ခွာသွားလိုက်ကြတာ ကိုဝဏ္ဏ ၊ မချိုရီ ၊ ကိုသုမောင် ၊ ခု သူ ကိုမင်းလူ ။ အဲဒါ ဘဝ တဲ့ လား ။ နောက်ဆုံးတော့ အလွမ်း နဲ့ သိမ်း ကြရတဲ့ လောကဇာတ်ခုံကြီး မှာ မဖြစ်မနေ က , ကြရမဲ့အရေး ကတော့ဖြင့် တွေးပြီး ပျော် မနေချင်တော့ပါ ။ တွေ့ခဲ့ကြတယ် ၊ ရှိခဲ့ကြတယ် ၊ အမှန်တကယ် ပျော်ရွှင်ခဲ့ကြပါတယ် ။ ဒါတွေဟာ အမှန်တရားပါ ။ အဲဒီ အမှန်တရားကြီး ပျောက်ဆုံး သွားတာဟာလည်း အမှန်တရားပါ ပဲ ။ ကျွန်မ ရဲ့ရွှေရတု မွေးနေ့ တုန်း က ကိုမင်းလူ ကျွန်မ ကို လက်ဆောင်ကလေးတစ်ခု ပေး ခဲ့ဖူးတယ် ။ ငွေရောင်ပတ်ကား ဖောင်တိန်ကလေး တစ်ချောင်း ပါ ။ အဲဒီအချိန်တုန်း က ဖောင်တိန်ဘူးပေါ် မှာ သူ ရေး ထားပေးတဲ့ စာကြောင်းကလေး ကို မကြာခဏ ဖတ်ကြည့်ပြီး ကျွန်မ သဘောကျ နှစ်ခြိုက်ခဲ့ရပါတယ် ။ ဒါပေမဲ့ အဲဒီ သူ့ လက်ရေး နဲ့ မွေးနေ့ အမှတ်တရစာကလေး ကို ဆယ်နှစ်ကျော် ကာလ ကြာ မှ ကျွန်မ ပြန် ဖတ်မိတဲ့ အခါမှာ တော့ ကျွန်မ လုံးဝ လက် မခံနိုင်တော့ပါ ။ ပတ်ကားဖောင်တိန် ထည့် တဲ့ ဘူးခွံ ပေါ် က သူ့ လက်ရေး သေးသေးသော့သော့ကလေး က …

“ အစ်မကြီး အသက် နှစ်ပြန် ရှည်စေသော် ” တဲ့ ။

◾သန်းမြင့်အောင်

📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment