❝ ဆင့် အချစ်တော် မောင်အောင်ဘော် ❞
မောင်အောင်ဘော်ကလေး သည် အသက်ဆယ်နှစ် အရွယ် သို့ ရောက် ခဲ့လေပြီ ။
သို့သော် သူ့ ဖခင် သစ်ခုတ် သွားရာ သို့ တစ်ခါမျှ မလိုက်ပါခဲ့ရ သေး ။
ငါးနှစ်သား အရွယ် လောက် ကပင် သူ သည် မိဘနှစ်ပါး စလုံးကို ပူဆာခဲ့သည် ။
“ ဖေဖေ တစ် ထွားထုတ်တဲ့ ချီ ယိုက် ချင်ဒယ် ”
ဤသို့ပင် စကား မပြီကလာ ပြီကလာ နှင့် တဖွဖွ ပူဆာခဲ့၏ ။
“ ဟာ .. မင်း ငယ်သေးတယ် ကွ ၊ ကြီး မှ လိုက် ”
သူ့ ဖခင် က ဤသို့ ဟန့်တားခဲ့၏ ။
“ အောင်မယ်လေး .. မလိုက်ချင်ပါနဲ့ သားရယ် ၊ ကြောက်စရာ ကြီး ကွဲ့ ”
သူ့ မိခင် ကလည်း တားမြစ်ခဲ့၏ ။
မောင်အောင်ဘော် ကလေး မှာ စိတ် မကျေမချမ်းနှင့်ပင် နေ ရင်း က အသက် ကြီးလာရ၏ ။
“ ဖေဖေ သစ်ခုတ် သွားတဲ့ ဆီကို ကျွန်တော် ဘာဖြစ်လို့ မလိုက်ရတာလဲ .. ဟင် ”
သူ က လေးလေးနက်နက် မေးသည် ။ သို့သော် သူ့ ဖခင် ကမူ ပေါ့ပေါ့ဆဆ ပင် ပြန် ဖြေ၏ ။
“ အန္တရာယ် ရှိလို့ပေါ့ သားရဲ့ ”
“ အန္တရာယ် ဆိုတာ ဘာလဲ .. ဟင် ”
“ ဟယ် .. အို ... ဟိုဟာလေ ၊ အန္တရာယ် ဆိုတာ မည်းမည်းကြီး ကွ ”
မောင်အောင်ဘော်ကလေး မှာ တွေ သွားမိသည် ။ သူ့ ဖခင် ပြော ပြ သည် ကို လည်း စိတ် ထဲ စွဲသွား၏ ။ ထို့ကြောင့်ပင် တစ်နေ့သ၌ သူ မုံ့ ဆာသဖြင့် သူ့ မိခင် ကို ပူဆာခြင်း ဖြစ်သည် ။
“ မေမေ .. အန္တရာယ်မုန့်ဝယ် စားချင်တယ် ”
“ ဘယ့်နှယ် .. ဘာပြောတယ်သားရဲ့ ”
“ အန္တရာယ်မုန့် ဝယ်စားချင်တယ် ”
“ ကြံကြံဖန်ဖန် ကွယ် ၊ အန္တရာယ်မုန့် ဆိုတာ မကြားဖူးပါဘူး ”
မောင်အောင်ဘော် က သူ့ မိခင် ကို လက်ဆွဲ ခေါ်သွားမှ သူ စား ချင်သည် မှာ ကောက်လှိုင်းတီ မုန့် မှန်း သူ့ မိခင် သိရသည် ။ ကောက်လှိုင်းတီ မုန့် ကလည်း မည်းမည်းကြီး ၊ အန္တရာယ် က လည်း ( သူ့ ဖခင် ပြောသည့် အတိုင်း ဆိုလျှင် ) မည်းမည်းကြီး ဖြစ်လေရာ ၊ မောင်အောင်ဘော် မှာ ကောက်လှိုင်းတီ မုန့် ကို အန္တရာယ်မုန့် ဟု သူ့ ဘာသာ သူ ခေါ် လိုက်ခြင်းဖြစ်၏ ။
ဤကိစ္စတွင် သူ့ မိခင် သည် ဖခင် အပေါ် မကျေနပ်သဖြင့် သစ်ခုတ်ရာမှ ပြန်လာသော အခါ သူ့ မိခင် နှင့် ဖခင် တို့ အခြေအတင် ပြောကြတော့သည် ။ “ ရှင် ကလေး ကို ဘာတွေ ပြော ထားရတာလဲ ”
“ ဟ .. ငါ ဘာ ပြောရမှာလဲ ။ နေ့တိုင်း ရေမှန်မှန်ချိုးပါ ။ တစ်ပတ် တခါ လက်သည်း ညှပ် .. ”
“ ဒါတွေ ပြောတာ မဟုတ်ပါဘူးတော့ ”
“ ဟာ ... ဟုတ်ပါတယ် တော့ - အဲလေ . . ဟုတ်ပါတယ် ကွ ၊ ငါ ဒါ တွေကို ပြောတာပဲ ”
“ အို .. ကျွန်မ ပြောတာ ဒါတွေ ကို ပြောတာ မဟုတ်ဘူး ”
“ အေးလေ .. ဒါတွေကို မင်း ပြောတာ မဟုတ်ပါဘူး ၊ ငါ ပြောတာပါ ကွယ် ”
“ ဟောတော့ .. ရှုပ်ကုန်ပြီ ”
“ မရှုပ်ပါဘူး ၊ ရှင်းနေသားပဲ ”
“ ပြောရင်းဆိုရင်း တောင် ထပ် ရှုပ်ကုန်ပြီ ”
“ အစ ကတည်းက မရှုပ်ပါဘူး ဆိုတာ ၊ ဘာတွေ ထပ်ပြီး ရှုပ်ရဦးမှာ လဲဟ .. ”
ဆိုပြီး
“ ကဲ .. ကျွန်မ မေးတာ ဖြေစမ်းပါ ။ အန္တရာယ် ဆိုတာ မည်းမည်း ကြီး လို့ ရှင် က ဘာဖြစ်လို့ ကလေး ကို ပြောခဲ့ရတာလဲ ”
“ ဟာ ... ဒါကတော့ ကလေး ကို နားလည်အောင် ဥပမာ တစ်ခု နဲ့ ပြောရတာ ”
“ မည်းမည်းကြီး က ဘာဖြစ်လို့ အန္တရာယ် ဖြစ်ရမှာလဲ ”
“ ဟ .. တို့ တောထဲ သွားယင် ဂူပေါက်ကြီးတွေ ဟာ မည်းမှောင် နေတာ ။ ဒီ ထဲ က မြွေတွေလည်း ထွက်တတ်တယ် ။ တခြား သားရဲ တိရစ္ဆာန်တွေ လည်း ထွက် တတ်တယ် ။ ဒါကြောင့် ငါ က အန္တရာယ် ဆို တာ မဲမဲကြီး လို့ ပြောတာ ”
“ ကြံကြံဖန်ဖန် တော် ၊ အန္တရာယ် ဆိုတာ ချွန်ချွန်ကြီး ရှင့် ၊ ချွန်ချွန်ကြီး ၊ မယုံရင် ရှင့် ဗိုက် ကို ဓားဦး နဲ့ ထိုးကြည့်ပါလား ”
“ ဒါက မင်း က ကပ်တာ ၊ အန္တရာယ် ဆိုတာ မဲမဲကြီး ပါကွာ ”
“ မဟုတ်ပါဘူး ၊ ချွန်ချွန်ကြီး ပါတော့ .. ”
သူတို့ လင်မယား စကားများ နေချိန်တွင် ရွာသူကြီး က လမ်း ဖြတ် လျှောက်သွား၏ ။ ထို ရွာသူကြီး ကို မြင်လျှင် မိခင် က စစ်ကူ တောင်း၏ ။
“ သူကြီးမင်း .. ဒီကို ခဏကြွခဲ့ပါအုံး ”
ရွာသူကြီး လည်း သူတို့ အနားသို့ ရောက် လာလေသည် ။
“ ဘာကိစ္စ ကို ခေါ်တာလဲ ”
“ အော် .. ဒီမှာ ကျွန်မတို့ ပြဿနာ ပေါ်နေလို့ပါ ၊ သူက အန္တရာယ် ဆိုတာ မည်းမည်းကြီး တဲ့ ။ ကျွန်မ က အန္တရာယ် ဆိုတာ ချွန်ချွန်ကြီး လို့ ပြောတယ် ။ ကျွန်မ ပြောတာ မှန် တာပေါ့ နော် .. သူကြီးမင်း ၊ ဗိုက် ကို ဓားဦး တို့ ၊ ဝါးချွန် တို့ နဲ့ထိုး ယင် သေ တတ်တာ ပဲ ဟာ ”
ဖခင် ကလည်း မခံနိုင်၍ ဝင်ပြောသည် ။
“ ကျွန်တော် ပြောတာ မှန်တာပေါ့ သူကြီးမင်း ရဲ့ ၊ ရေတွင်း ဟောင်းကြီး ထဲ ခုန်ချ ကြည့်ပါလား ... ဆန့်ငင် ဆန့်ငင် ဖြစ်သွားမှာ ပေါ့ ။ ဒါကြောင့် မဲမှောင်နေတဲ့ နေရာတွေမှာ အန္တရာယ် ရှိနိုင်တာပေါ့ ”
သူတို့ စကား ကြားသောအခါ သူကြီးမင်း သည် ဟက်ဟက်ပက် ပက် ရယ်မောလိုက်လေတော့သည် ။
“ ဟား .. ဟား .. ဟား .. တယ်လဲ မိုက်လုံးကြီးတဲ့ လင်မယား ပါဘဲလား ကရို ၊ ဟား .. ဟား တစ်ယောက် ကလည်း အန္တရာယ် ဆို ဟာ မဲမဲကြီး တဲ့ ၊ ဟီး .. ဟီး တစ်ယောက် ကတော့လည်း အန္တရာယ် ဆိုတာ ချွန်ချွန်ကြီး တဲ့ .. ဟီး .. ဟီး ၊ တောက် .. တော်တော်မိုက်ကြပါ လား .. နော် ”
“ ကျွန်တော်တို့ ပြောတာ မဟုတ်ဘူးလားခင်ဗျာ ”
“ ထွတ် .. ဘယ်က ဟုတ်ရမှာလဲ ၊ မသေမချင်း မှတ်ထား ၊ အန္တရာယ် ဆိုတာ ပူစပ်ပူလောင် နဲ့ ကွ ၊ မယုံရင် မင်းတို့ မီးခဲတွေပေါ် လှိမ့်ပြီး အိပ် ကြည့်ကြပေါ့ကွာ ”
ပြောပြောဆိုဆို နှင့် သူကြီး လည်း ထွက်သွားတော့သည် ။
မောင်အောင်ဘော် မှာ အန္တရာယ် ဆိုသည် မှာ ဘာရယ်လို့တော့ တိတိကျကျ မသိရချေ ။ ကြောက်စရာကောင်းသော အရာတစ်ခု အဖြစ် နှင့်သာ နားလည်ပြီး ကျေနပ်ခဲ့ရသည် ။
ယခု အသက် ဆယ်နှစ် အရွယ် သို့ ရောက်သော အခါတွင်ကား သူ့ ဖခင် က သူ့ ကို တော သို့ ခေါ်သွားလောက်ပြီ ဟု ယူဆ၍ လိုက်ခွင့် ပေးတော့သည် ။ မောင်အောင်ဘော် ကား အလွန် ပျော်ရွှင်ရတော့၏ ။ သူ့ မိခင် ထုပ် ပေးလိုက်သော စားမြိန်စာထုပ် ကလေး ကို ဆွဲကာ သူ့ ဖခင်တို့ နှင့် အတူ တောသို့ ထွက်ခဲ့လေသည် ။
သူ့ ဖခင် သည် တောသို့ သွား၍ သစ်ခုတ်ရာတွင် တစ်ဦး တည်း သွားသည် မဟုတ် ။ ရွာ မှ အခြား သစ်ခုတ်သမား ဆယ်ဦးခန့် နှင့် စုပေါင်းသွားခြင်းဖြစ်လေသည် ။
တော ထဲ သို့ ရောက်၍ သူ့ ဖခင် နှင့် အဖော်များ က သစ်ခုတ်နေ ချိန် တွင် မောင်အောင်ဘော် သည် တစ်ဦး တည်း ပြေးလွှား လှည့်ပတ် ကစားရသည်မှာ လွန်စွာ မှ ပျော်ရွှင်ရပါသည် ။ တစ်ယောက် တည်း သီချင်း အော် ဆိုပြီး တစ်ယောက် တည်း ပင် ကွေး နေအောင် က ရ သည်မှာလည်း မော မှ ပင် ရပ်လိုက်ရ၏ ။ သို့သော် .. သူ ကြာကြာ မပျော်လိုက်ရပါ ။ တဝုန်းဝုန်း တဒိုင်းဒိုင်း အသံ ဆူညံလာတော့သည် ။
မောင်အောင်ဘော် ၏ ဖခင် သည်လည်းကောင်း ၊ အဖော်များ သည် လည်းကောင်း ခြေဦးတည့်ရာ သို့ ပြေးလွှား ကုန်ကြလေရာ မောင်အောင်ဘော်ကလေး တစ်ယောက် သာလျှင် ယောင်ပေ ယောင်ပေ နှင့် ကျန် ရစ်ခဲ့လေ၏ ။ ဆင်အုပ်ကြီး ပြေးလာခြင်းဖြစ်သည် ။
ဆင်များ ကို မြင်သည် နှင့် တစ်ပြိုင်နက် မောင်အော်ဘော် သည် ကြောက်လန့်စွာ ပြေးမည် ကြံ၏ ။ သို့သော် သူ ပြေး၍ မရချေ ။ သူ ပြေး မည် ဟု ခြေဦး လှည့်လိုက်တိုင်း သူ့ ရှေ့တွင် ဆင်ကြီး တစ်ကောင် ရောက် လျက် ရှိတော့သည် ။ သည်ဘက် လှည့် လိုက်ပြန်လျှင် သည် ဘက် တွင် ဆင် ၊ ဟိုဘက် လှည့် လိုက်ပြန်လျှင် ဟိုဘက် တွင် ဆင်နှင့် ဖြစ်နေရာက ဆင် တို့ သည် သူ့ ကို ပတ်ချာလည် ဝိုင်း မိနေပြီဖြစ်ပေ၏ ။
မောင်အောင်ဘော် သည် ဘာမျှ မတတ်နိုင်သဖြင့် အလယ် တွင် ငုတ်တုတ်ကလေး ထိုင် ချလိုက်ပြီး ဆင်တွေ ကို ငေး ကြည့်နေမိတော့၏ ။
ဆင်အုပ်ကြီး ကား ဘာမပြော ညာမပြောနှင့် သူ့ ကို ပတ်ချာ လည်လှည့်ပြီး က ခုန်ကြလေ၏ ။
“ တောနက် ထဲမှာ ယောင်ချာချာ ၊ အောင်ဘော်ကလေး တစ်ယောက် ပါ ၊ မြေပေါ် မှာ ကွဲ့ ထိုင် ငုတ်တုတ် ၊ ဟုတ်ဟုတ် . . ဟုတ် ဟုတ် . . ဟုတ် ”
ဤသို့ သီချင်း ဆို၍ ကခုန်ကြလေသည် ။
မောင်အောင်ဘော် သည် တဖြည်းဖြည်း နှင့် ကြောက်စိတ်တွေ ၊ ပြေကာ စိတ် ထဲတွင် မခံချင်သလို ဖြစ်ပြီး သီချင်းတစ်ပုဒ် ကို ပြန် ဆိုလိုက်သည် ။
“ ဆင်ကြီးတွေ က ချာချာလယ် ၊ ရယ်စရာကြီး ကွယ် ၊ ကိုယ်ထည် ကြီးသလောက် မျက်ပေါက်သေး ၊ ဟေးဟေး .. ဟေးဟေး . . ဟေး ”
ဤသို့ သူ က သီချင်း ပြန် ဆိုလိုက်သောအခါ ဆင်ကြီးများ သည် ရုတ်တရက် ကခုန် နေကြခြင်း ကို ရပ်တန့် ပစ်လိုက်ကြ၏ ။ ထို့နောက် တစ်ကောင် ၏ မျက်နှာ ကို တစ်ကောင် ကြည့် လိုက်ကြသည် ။ ခဏကြာသော် ဆင်ရှင်ဘုရင်ကြီး နှင့် ဆင်မိဖုရား တို့ သည် အုပ် ထဲ မှ ထွက် ၍ မောင်အောင်ဘော့် နားသို့ ကပ်လာကြ၏ ။
“ မင်း ဟာ တော်တော် အံ့သြစရာ ကောင်းတဲ့ လူလေး ပဲ ”
“ မင်း က ဆင်တွေ ရဲ့ စကား တတ်တယ်နော် ”
“ ဗျာ .. ကျွန်တော် ပြောနေတာ လူ စကားပဲ ၊ ခင်ဗျား က လူ စကား တတ်တာ ရယ်စရာပဲ ”
“ ဟေ့ကောင် ... ငါ ဆင်စကား ပြောနေတာ ကွ ”
“ ဟေ့ ဆင် ကျွန်တော် လူ စကား ပြောနေတာဗျ ”
အမှန်မှာ သူတို့ နှစ်ယောက်စလုံး မလွဲကြပါ ။ ဆင်ကြီး ကလည်း ဆင်စကား ပြောသည် ။ မောင်အောင်ဘော် ကလည်း လူ စကား ပြော သည် ။ ထူးဆန်းစွာပင် ဆင် က ဆင် စကား ပြောသည် ကို မောင်အောင်ဘော် က လူ လို နားလည်၍ ၊ မောင်အောင်ဘော် က လူ စကား ပြော သည် ကို ဆင်ကြီးတွေ က ဆင်လို နားလည်နေခြင်း သာ ဖြစ်ပေ ၏ ။
“ ဟေ့ကောင်လေး ၊ မင်း ငါ့ ကို ကောင်းကောင်း စကားပြောပါကွ ၊ ဟော ဆင်ဘုရင် ကွ ”
“ ရှင်ဘုရင် လို့ ပြောပါဗျ ။ စကား လည်း မပီဘူး ၊ ဆင်ဘုရင် တဲ့ ”
“ ဟ .. ဆင်တို့ ရဲ့ ဘုရင် .. ဆင်ဘုရင် ကွ ”
“ ဒါဆိုယင်လည်း ဆင်ရှင်ဘုရင် လို့ ပြောပါဗျာ ”
“ အေး .. ဟုတ်တယ် ၊ ရှင်ဆင်ဘုရင် ၊ ဟာ. . ရင်ရှင်အဆင် .. ဟုတ်သေးပါဘူး ၊ ဆင်ရင်ဘရှင် ၊ ဟယ် .. သွားရော တော်ပါပြီကွာ ၊ ငါ့ အကြောင်း မပြောတော့ဘူး ၊ ငါ့ လျှာတွေ စိတ်ညစ်တယ် ။ ဒါထက် မင်း ပြောတာကို ငါတို့ နားလည်ပါတယ် ။ ငါတို့ ပြောတာကို မင်း လည်း နားလည်တယ် ဆိုတော့ တော်တော် ထူးဆန်းတာပဲ ၊ မင်း နဲ့ ငါ တို့ ဆင်တွေ ဟာ နီးစပ်မှု ရှိတယ် ၊ မင်း ဟာ အယင် ဘဝက ဆင် ဖြစ်ဖူးတယ် ထင်တယ် ”
“ ဒါကတော့ ကျွန်တော်လည်း မသိဘူး ၊ အရင် ဘဝ ကို အသာ ထားလို့ ဟို တစ်နေ့က ကျွန်တော့် ထွေကလေး ကို တောင် ကျွန်တော် ဘယ် ထားမိမှန်း မသိပါဘူးဗျာ ၊ ကျွန်တော် က မှတ်ဉာဏ်မကောင်းဗျ ”
“ ဟုတ်ပါတယ် ၊ တို့ ဆင်တွေလည်း မှတ်ဉာဏ် သိပ် မကောင်းကြ ဘူးကွာ ၊ မင်း ကို တို့ ချစ်တယ် - မင်း ကကော ”
“ ကျွန်တော် က လဲ ဆင် ဆိုတာ ခုမှ မြင် ဖူးပေမယ့် ချစ်ပါတယ် ”
“ ဒါပေမယ့် မင်း တို့ ကို တွေ့ခါစ က ထွက်ပြေး မလို့ လုပ်ပါသေး တယ်လေ ”
“ ဒါက ကြောက် လို့ ခင်ဗျာ ၊ မုန်းလို့ မဟုတ်ပါဘူး ”
“ ခုကော .. ကြောက်သေးသလား ”
“ နည်းနည်းတော့ ကြောက်သေးတာပဲ ”
ဆင်ရှင်ဘုရင်ကြီး က မိဖုရားကြီး ဘက် သို့ ချာခနဲ လှည့်၍ ပြော လိုက်သည် ။
“ အောင်မယ် သူ က ကြောက်တုန်း ဆိုပဲ ”
“ ကြံကြံဖန်ဖန် တော် ၊ လူကောင်ကလေး မြင်လျက်နဲ့ ရှင် က ဘာ အရူး ထပြီး ကျောက်တုံး လို့ ပြောရတာလဲ ၊ ဘာလဲ အလကား နေရင်း မုန်ယို ချင်ပြန်ပြီလား ”
“ ဘယ်က ဟုတ်ရမှာလဲ ၊ မိဖုရားကြီး ရဲ့ .. သူ က ကြောက်လန့်နေတုံးပဲ လို့ ပြောတာ ”
များမကြာမီ ဆင်ရှင်ဘုရင်ကြီး သည် မောင်အောင်ဘော် ကို “ ဆင့်အချစ်တော် ” ဟူသော ဘွဲ့ ကို ပေး၍ ဦးကင်း ပေါ် တင်ကာ တော ကို လှည့်ပတ် ၍ ပြသ၏ ။
မောင်အောင်ဘော် ၏ မိခင် မှာ ဖခင် ပြန် ပြေးလာသည့်အခါ တွင် သား ပါ မလာ၍ အပူမီး တောက်လျက် ရှိပေ၏ ။ သို့သော် ဆင် အုပ်ကြီး ကို ကြောက်၍ မည်သူမျှ တောသို့ တစ်ခေါက် ပြန်မသွားရဲကြချေ ။
ထိုခဏ ၌ ရွာထဲ မှ လူများ အုန်းအုန်းကျွက်ကျွက် ညံ ၍ ပြေးလွှား ကုန်ကြလေ၏ ။
“ ဆင်အုပ်ကြီး လာတယ်ဟေ့ ၊ ဆင်အုပ်ကြီး ”
ဤသည် ကို သူကြီးမင်း က မကျေမနပ် နှင့် အော် ပြောလိုက် သည် ။
“ ဆင်အုပ်ကြီး ဆိုတာ ဆင် ထိန်းပေါ့ ၊ ဆင်တွေ ကို အုပ်ချုပ်ရတာ ၊ ဘုရင့်ဆင်အုပ်တော်ကြီး လာတာ ဘာဖြစ်လို့ ထွက်ပြေး .. ပြေး .. ဟယ် .. နင့် ဘိုးအေ ဆင်တွေ ပါလား ဟေ့ ”
ပြောရင်း ဆိုရင်းက ဆင် တွေ ရောက်လာရာ သူကြီးမင်း မှာ စကားပင် မဆုံးဘဲ ထ၍ အူယားဖားယား ပြေး ရသဖြင့် တောင်ရှည် ပုဆိုးကြီး မှာ ကြမ်း နှင့် ငြိပြီး အားလုံး ကျန်ရစ်ခဲ့တော့သည် ။
သို့သော် ဆင်ဦးကင်း ပေါ် မှ မောင်အောင်ဘော် က အော် ၍ ပြော၏ ။
“ မကြောက်ကြပါနဲ့ ၊ ကျွန်တော့် ကို ပြန် လာပို့တာပါ ”
တကြော်ကြော် နှင့် အော်လွန်း မက အော်လွန်း မှ လူတို့ သည် မရဲ တရဲ နှင့် ပြန်၍ စုရုံးလာကြ၏ ။
ဆင်ကြီး သည် မောင်အောင်ဘော် ကို နှာမောင်းဖြင့် ယူ၍ မြေကြီး ပေါ် သို့ ချပေးပြီး နှုတ်ဆက်ကာ ဆင်များ ပြန်သွားကြလေ၏ ။
ဤတွင်မှ လူတို့ သည် မောင်အောင်ဘော် နား သို့ စုရုံးလာကြ ပြီး ဝိုင်းဝန်း မေးမြန်းကြသည် ။ မောင်အောင်ဘော် က အကျိုးအကြောင်း ကို ရေလည်စွာ ရှင်းပြသောအခါ များစွာ အံ့ဩကြလေ၏ ။
ထို ကြား ထဲတွင် တစ်မျိုး အံ့ဩ သူ က သူကြီးကတော် ပင် ဖြစ်၏ ။ သူကြီးကတော် သည် သူကြီးမင်း ကို ကြည့်ပြီး အလန့်တကြား ပြော သည် ။
“ အလိုတော် .. မောင်မင်း က ဘယ့်နှာ ဖြစ်ပြီး ဖန် ကို ပုဆိုး ချုပ် ဝတ် ရသတုန်း ”
လူအများ က ရုတ်တရက် ဝိုင်း ကြည့်လိုက်ရာ သူကြီးမင်း မှာ ဖင် ကို လက်ဝါးလေး နှင့် အုပ်၍ ပြေး ရလေတော့သည် ။
ရက်များ မကြာမီပင် ရွာသူကြီး သည် မောင်အောင်ဘော် ၏ မိဘ များနှင့် တိုင်ပင်ပြီး လျှင် မိဘများ ၏ သဘော တူညီချက် အရ မောင်အောင်ဘော် ကို ရှင်ဘုရင် ထံ မှောက် သို့ ခေါ်ဆောင်သွားလေ၏ ။
ရှင်ဘုရင် ၏ ရှေ့တော် သို့ ရောက်သော အခါ ရွာသူကြီး က မောင်အောင်ဘော် သည် ဆင်များ ကို ကောင်းစွာ ထိန်းချုပ်ကြပ်မတ်ပေး နိုင်ကြောင်း နှင့် လျှောက်ထားလေသည် ။
ထိုအခါတွင် ရှင်ဘုရင်ကြီး က “ ကောင်းပြီ .. ဆင် ပွဲတော် ရောက် လျှင် ငါ သည် ဒီ သူငယ် ၏ အစွမ်း ကို ရှုစားတော်မူမည် ” ဟု မိန့်တော် မူ၍ မောင်အောင်ဘော် ကို ဆင်ထိန်းကြီး ဦးပုပ် ထံ ၌ ကောင်းစွာ ပြုစုစောင့်ရှောက်ထားရန် ပြောကြား ပြီး အပ်နှံလိုက်လေ၏ ။
ဆင်ထိန်းကြီးဦးပုပ် သည် နာမည် နှင့်လိုက်အောင် စိတ်ထား ပုပ် သူဖြစ်၏ ။ သူ တစ်ပါး ကောင်းစားမည် ကို မနာလို တတ်ချေ ။ သူ တစ်ပါး သည် မိမိ ထက် သာရန်ဝေးစွ ၊ မိမိ နှင့်တန်းတူရည်တူ ဖြစ်လာမည် ကို ပင် စိုးရိမ်၍ ပိတ်ပင်တားဆီးတတ်သူ ဖြစ်ချေ၏ ။
ဆင်တင်းကုပ် သို့ ရောက်လာသော အခါ ဦးပုပ် သည် မောင်အောင်ဘော် ကို မျက်နှာထား တင်းတင်း ဖြင့် မေးမြန်း စစ်ဆေး၏ ။
“ လူ ကဖြင့် လက်တောက်လောက် ရှိသေးတယ် ၊ ဆင်တွေ ကို အုပ်ချုပ်နိုင် သတဲ့ ၊ ထွီ - မင်း က ဆင် အကြောင်း ဘာ နားလည်သလဲ ”
တစ်ဦး မေတ္တာ တစ်ဦး မှာ ဆိုသကဲ့သို့ တစ်ဦး က မေတ္တာ ရှိ မှ တစ်ဦး က ပြန်၍ မေတ္တာ ထား နိုင်၏ ။ ယခုကဲ့သို့ တစ်ဦး က အမြင်ကပ် သော အခါ တစ်ဦး က လည်း မြင်မြင်ချင်း ပြန်၍ အမြင်ကပ် တတ်လေသည် ။
သို့ဖြစ်သောကြောင့် မောင်အောင်ဘော်ကလေး က လည်း ဦးပုပ် ကို မေတ္တာ မရှိ ၊ မခင်မင်နိုင်ဘဲ ရှိလေသည် ။
“ နားလည်တာပေါ့ဗျ ၊ ဆင် ဆိုတာ ခြေထောက် လေးချောင်း ၊ ရွက်ကြီး က ကားကားကြီး နဲ့ ”
“ အောင်မယ် . . ဒါတော့ နင် ပြောမှလား ဟဲ့ ၊ နင် မပြောလည်း သိပြီးသားဘဲ ”
“ ဒါဖြင့်လဲ ဘာဖြစ်လို့ မေး နေသေးသလဲ ”
“ ဒါလောက်တောင် လေကျယ်တဲ့ ကောင်လေးတော့ သိရောပေါ့ ကွာ ။ လာခဲ့ .. နင့် အစွမ်း ကို စမ်းကြည့်မယ် ”
ဦးပုပ် သည် ဆင်တင်းကုပ် ထဲ မှာ ဆင်ကြီး တစ်ကောင် ကို ထုတ် လိုက်ပြီးလျှင် မောင်အောင်ဘော် ကို ချွန်း မပေးဘဲ ဆင်ကြီး ကို စီးနင်း ပြခိုင်း၏ ။
မောင်အောင်ဘော် အဖို့ ကမူ လွယ်လွယ်ကူကူ ပင် ဖြစ်သည် ။ ဆင်ကြီး နား ကပ်၍ “ သူငယ်ချင်း ကျွန်တော် သူငယ်ချင်း အပေါ် တက် စီးချင်တယ် ” ဟု ပြောလိုက်သည် တွင် ဆင်ကြီး မှာ ဒူးထောက် ပေးလိုက်လေသည် ။
ဦးပုပ်ကြီး မျက်လုံး ပြူး သွားလေ၏ ။ မောင်အောင်ဘော် က ဆင်ကြီး ပေါ် တက်လိုက်၍ “ ကိုင်း .. ကွင်း တစ်ပတ် ရှောက် လှည့်လိုက်ပါဦး ဟုပြောလိုက်ရာ ချွန်း နှင့် ပေါက်စရာ လုံးဝ မလိုဘဲ ဆင်ကြီး သည် မောင်အောင်ဘော် ၏ ဩဇာ ကို နာခံလေတော့သည် ။
ဦးပုပ်ကြီး သည် မျက်လုံး ထပ် ပြူး သွားရာ ' ဖောင် ' ကနဲ မျက်လုံး တစ်ဖက် ပေါက်ထွက် သွား၍ ဆေးဆရာ ထံ ပြေးရလေ၏ ။ ဆေး ဆရာ က လတ်လတ်ဆတ်ဆတ် ဖြစ်၍ ပေါက်ထွက်သွားသော မျက်လုံး ကို ပြန် ကောက်၍ ပြန်လည် တပ်ဆင်ပေးရသည် ။ ဆေး ကုရ သည်မှာ နှစ်ပတ် ခန့် ကြာ၏ ။ မျက်လုံး ကို ကမန်းကတန်း ကောက်၍ ပြန် တပ် ရသည်ဖြစ်သောကြောင့် သဲများ ဖုန်များ ပါ သွားရာ ဦးပုပ် မျက်တောင် ခပ်တိုင်း ကျလစ်ကျလစ် နှင့်မြည် နေလေသည် ။
မောင်အောင်ဘော် ၏ စွမ်းရည် ကို သိရသောအခါ ဦးပုပ်ကြီး သည် ကြီးစွာသော စိတ် မချမ်းသာခြင်း ဖြစ်ရလေ၏ ။
“ ဒီကောင်လေး ဟာ တော်တော် စွမ်းတာဘဲ ၊ ချွန်း မကိုင်ဘဲ နဲ့ တောင် ဆင်တွေ ကို ထိန်းကျောင်းနိုင်တယ် ၊ ဒါကို ရှင်ဘုရင်ကြီး သိ သွားရင် ငါ့ ကို အလုပ် ဖြုတ်ပြီး ငါ့ နေရာမှာ ဒင်း ကို ခန့် တော့မှာပဲ ”
ဤကဲ့သို့ တွေး ၍ ဦးပုပ် သည် မောင်အောင်ဘော်ကလေး အပေါ်တွင် များစွာ မကျေမနပ်လည်း ဖြစ်သည် ။ မနာလိုခြင်း လည်း ဖြစ်သည် ။
“ ဟေ့ .. မောင်အောင်ဘော် ၊ မင်း က ဆင်တွေ ကို သိပ်ချစ် သလား ”
“ သိပ် ချစ်တာပေါ့ဗျ ”
“ ဒါလောက်တောင် ချစ်ရင် ဆင်ချေး ကျုံး တဲ့ အလုပ် လုပ်ကွာ ၊ မင်း က ဆင်တွေ ကို ချစ်တာပဲ ၊ မရွံထိုက်ဖူးပေါ့ ကွ ”
ဤသို့ဖြင့် မောင်အောင်ဘော် မှာ ဆင်ချေး ကျုံး သည့်အလုပ် ကို ပင် လုပ်ရသည် ။ ဆင်များ ကို မထိန်းကျောင်း ရချေ ။
မောင်အောင်ဘော် ကား ဆင်များ ကို ချစ်သူ ပီပီ ဆင်ချေး ကို မရွံပါ ။ သို့သော် သူ က လည်း ချစ် ၊ သူ့ ကို လည်း ချစ်သော ဆင်များ နှင့် တွေ့ဆုံရောနှော မနေရခြင်း အတွက် စိတ် မကောင်းဖြစ်ရလေ သည် ။
ဤသို့ဖြင့် ဆင်ပွဲတော်ကြီး ကျင်းပသော နေ့ရက် သို့ ရောက်လာလေသည် ။
မြို့အပြင် ဘက် ရှိ ကွင်းပြင်ကြီး ပတ်ပတ်လည်တွင် အရောင်စုံ ခြယ်သထားသော အလံတံခွန် တို့ သည် လေကြောတွင် တလူလူလွင့် မျော နေကြ၏ ။ တက်ကြွမြူးတူးဖွယ်သော ဆိုင်းသံများ သည်လည်း လူတို့ ၏ စိတ်ကို ထိုနေရာသို့ မလာဘဲ မနေနိုင်အောင် တခြိမ့်ခြိမ့် နှင့် သိမ့်ခါ၍ ခေါ်ငင်လျက် ရှိ၏ ။ မြို့တော်သူ မြို့တော်သားများ ပင် မက ရွာနီးချုပ်စပ် မှ လူ အပေါင်း တို့ သည်ပင် သောင်းသောင်းဖျဖျ ရောက် လာကြရာ ၊ ကွင်းပြင်ကြီး မှာ ကြက်ပျံမကျ စည်ကားလျက်ရှိ၏ ။ ဆိုင်းသံ လူသံများ သည်လည်း ကျွက်ကျွက်ညံ နေလေရာ ဝေယံ ဘုံ က သိကြားမင်း က ပင် ငုံ့ ကြည့်ရမတတ် ဖြစ်ရတော့သည် ။
ဘုရင် ကိုယ်တော် တိုင် ရှုစားတော် မူမည့် ပွဲ ဖြစ်သဖြင့် လူ အပေါင်းတို့ သည်လည်း အိမ်လုံး ကျွတ် လာရောက်ကြသည် ။ ဆင့်ထိန်းချုပ် ဦးပုပ် က စ၍ သူ့ လက်ထောက်များ က ဆင်များ ကို အမျိုးမျိုး သင်ထား သမျှ ပြသမည့် ပွဲ ကြည့်ရမည်ကို စိတ်စော၍ ပျော်ရွှင် ကြကုန်၏ ။
မောင်အောင်ဘော်လေး တစ်ယောက် ကား မပျော်ရွှင်နိုင်ချေ ။
ဦးပုပ် သည် သူ့ ကို ဆင်တင်းကုပ် ထဲ မှ အခန်းလွတ် တစ်ခု ထဲ တွင် ခြေလက်များ ကို ကြိုးဖြင့် တုပ်ကာ မြေကြီး ပေါ် တွင် ပစ်ထားခဲ့ပြီး အပြင် မှ တံခါး ကို မင်းတုပ်ချ ပိတ်ဆို့သွားခဲ့၏ ။
ဆင်ပွဲကြီး စတင်၍ ကျင်းပသောအခါ ရှင်ဘုရင်ကြီး က ဦးပုပ် ကို မေး၏ ။
“ ဟဲ့ .. မောင်ပုပ် ၊ တလောက ကောင်ကလေး ကော ”
“ မှန်ပါ ၊ ဆင်များ နှင့် မပျော်ပိုက်၍ မနေ့ည ကပင် တိတ်တဆိတ် ထွက်ပြေးသွားကြောင်းပါ ဘုရား ”
“ အို .. မိုက်လှပါဘိ သူငယ်ရယ် ”
ရှင်ဘုရင်ကြီး ကတော့ ဒါပဲ မိန့်ကြားပြီး ပြပွဲ ကို စတင် ပြသရန် အမိန့် ပေးလိုက်၏ ။
ဆင်ထိန်းများ သည် မိမိတို့ ၏ ဆင်များ ၏ စွမ်းရည် ကို အမျိုးမျိုး ပြသ သွားကြ၏ ။ အချို့ဆင် က နှာမောင်း မြှောက်၍ ခရာ မှုတ် သလို အသံမျိုး လုပ်ပြ၏ ။ အချို့က သံစည် ကို လှဲ၍ တက် ရပ်ပြ၏ ။ အချို့က ရှင်ဘုရင် ရှေ့တွင် ဒူးတုပ် ၍ နှာမောင်း ကို ဦးကင်း သို့ တင် ကာ ရှိခိုး ပြ၏ ။
ဤသို့ဖြင့် ဆိုင်းတခြိမ့်ခြိမ့် နှင့် လူတို့ သည် လက်ခုပ် ဩဘာပေး ပြီး ပျော်ရွှင်စွာ ရှိကြလေသည် ။
ဆိုင်းသံ နှင့် လူသံ တို့ ၏ ဆူညံစွာ အားပေးသံသည် လေဟုန် ကို စီး ၍ ဆင်တင်းကုပ်ကလေး ထဲက မြေကြီး ပေါ် တွင်လဲ နေသော မောင်အောင်ဘော်ကလေး ၏ နားဝ ဆီသို့ ရောက်လာသည် ။ မောင်အောင်ဘော် သည် သူ ချစ်လှသော ဆင်များ ၏ ပျော်ပွဲ စွမ်းရည်ပြပွဲ ကို သွားရောက် အားပေးလိုလှသည် ။ သို့သော် ခြေ နှင့် လက် ကို ကြိုး တုပ်ထားသဖြင့် မတ်တပ် ရပ်၍ ပင် မရ ။
“ ကယ်ကြပါဦးဗျို့ ”
လူတွေ ကြားလို ကြားငြား အော်ကြည့်၏ ။ သို့သော် လူ အားလုံး မှာ မြို့ပြင် က ကွင်းပြင်ကြီး ဆီ သို့ ရောက် နေကြပြီ ဖြစ်၍ ဆင်တင်းကုပ် နား မဆိုထားဘိ ၊ မြို့ထဲ တွင်ပင် တစ်ယောက်တစ်လေ မျှ မရှိကြချေ ။
သို့သော် မောင်အောင်ဘော် က ဤသို့ အော်လိုက်သောအခါ ကပ်လျက် အခန်းထဲ က ဖူး . . ရွှီ ဟူသော အသံ နှင့် အတူ ဆင် တစ်ကောင် ၏ အသံ ထွက်ပေါ်လာ၏ ။
“ ဟ .. ဟိုဘက်ခန်း က ဘာ ဖြစ်နေသလဲ ၊ နှာမောင်း ထဲ ကြွက် ဝင် နေသလားကွ ဟေ ”
မောင်အောင်ဘော် မှာ ဝမ်းသာသွား၏ ။
“ ခင်ဗျား ဘယ်သူလဲ ”
“ ငါ .. ဘော်ကြယ် ဆိုတဲ့ ဆင် ပဲ ”
“ ကျွန်တော် ကတော့ အောင်ဘော် ဆိုတဲ့ လူ ဗျို့ .. ။ ဘော် ဆိုတဲ့ စကားလုံး ချင်းတော့ တူ သားပဲ ၊ ကျွန်တော့် ကို ကယ်စမ်းပါဗျာ ”
“ ဘယ်လို ကယ် ရမလဲ ”
“ ကျွန်တော့် ကို တုပ်နှောင် ထားတဲ့ ကြိုးတွေကို ဖြေ ပေးစမ်းပါ ”
“ အေး .. ဖြေပေးမယ် ၊ မင်း က အရင် ထ လာပြီး ငါ့ ကို ခတ်ထား တဲ့ ထူး တွေ ကို ဖြုတ် ပေးလေ ”
“ ဟာ .. ကျွန်တော် မှ ထ လာလို့ မရတာ ”
တစ်ဖက်ခန်း မှ ဆင်ကြီး သည် ငြိမ် သွား၏ ။
ထို့နောက် လှုပ်ရှားသံ ကြားရသည် ။ ထူး မှာ ဆင်ကြီး ၏ နောက် ခြေထောက်များ ကိုသာ ခတ် ထားသည် ဖြစ်သောကြောင့် ရှေ့ မှ ခြေ များ အားလပ်နေသည် ဖြစ်ရာ ရှေ့ ခြေတစ်ဖက် ဖြင့် ထရံ ကို ဖောက် ချလိုက်၏ ။ ထို ထရံ ပေါက် မှ နှာမောင်း ကို သွင်း၍ မောင်အောင်ဘော် ၏ ကြိုးများ ကို ဖြေ ပေး ဖြတ် ပေး ၏ ။
ဤသို့ဖြင့် မောင်အောင်ဘော် လွှတ်မြောက်လာသော အခါ ဆင်ကြီး ၏ ထူးများ ကို ဖြုတ် ပေးသည် ။
“ ခင်ဗျား ... ဘာဖြစ်လို့ ပွဲ မသွားတာလဲ ”
“ ဟာကွာ .. ငပုပ်ကြီး က သိပ် ဝါကြွားတတ်တာ ၊ ပွဲတော် ဆိုယင် သူ အစွမ်း ပြချင်လွန်းလို့ တို့ ကို ချွန်း နဲ့ သိပ် ပေါက်တာကွ၊ ဒါနဲ့ ငါ လည်း ခြေနာချင်ယောင် ဆောင်ပြီး ထော့နင်း ထော့နင်း လုပ်ပြ လိုက်လို့ ငါ့ ကို ချန်ထားခဲ့တာလေ ”
“ ဒါဖြင့် ခင်ဗျား ခြေ မနာဘူးပေါ့ ”
“ ဖရူး ဘာမှ မဖြစ်ဖူး၊ နေကောင်းလိုက်သမှ ဒေါင်ဒေါင်မြည်နေတာပဲ ကိုယ့်လူရယ် ”
“ ဒါဖြင့် ကျွန်တော် နဲ့အတူတူ ပွဲ ကို သွားကြစို့လား ”
“ စိမ်လိုက်ကွ၊ မင်း ကို တော့ ငါ ချစ်တာကိုး ”
ထိုအချိန်တွင် ပြပွဲ၌ ဦးပုပ် ပြသရမည့် အချိန် သို့ ရောက်နေလေ ပြီ ၊ ဆင်ထိန်းချုပ် ကိုယ်တိုင် ပြသမည် ဖြစ်၍ ပရိသတ်များစွာ စိတ် ဝင်စားပြီး စူးစိုက်ကြည့်ကြ၏ ။
ဦးပုပ် သည် ပထမ ဆင် ကို ရှင်ဘုရင့် ရှေ့တွင် ဦးတိုက် ခိုင်း၏ ။ ထို့နောက် ရှေ့တွင် ကြိုး ခုန်ခိုင်း၏ ။ လူ တို့ သည် များစွာ သဘောကျ ကြ၏ ။ ဦးပုပ် ကား ဆင် ကို ခိုင်းတိုင်း ခိုင်းတိုင်း ချွန်း ဖြင့် နာနာ ပေါက် သည် ။
နောက်တစ်ဖန် ဆင် ကို ချာလပတ် လှည့်ခိုင်း၏ ။ ပရိသတ် ကား တော်တော်ပင် သဘော ကျလျက် ရှိတော့သည် ။ နောက်ဆုံး အနေဖြင့် ဦးပုပ် က ဆင် ကို နောက်ခြေ တစ်ချောင်းတည်း ပေါ်တွင် ရပ် ကာ ခြေ သုံးချောင်း စလုံး မြေ မှ လွတ်အောင် မြှောက် ခိုင်း၏ ။ ဆင် က မလုပ် တော့ချေ ။ ဦးပုပ် က ဒေါသ ထွက်၍ ချွန်း ဖြင့် ပေါက်လေ လုပ်ရာ ဆင်ကြီး မှာ နာ လာသဖြင့် ဦးပုပ် ကို ရုတ်တရက် ခါ ချလိုက်၏ ။
ဒေါသဖြင့် သတိ လွတ်သွားသော ဦးပုပ် မှာ ဂျွမ်းပြန် ကျသွား လေ၏ ။ ပရိသတ် မှာ “ ဟယ် ” ခနဲ ဖြစ်၍ အသက် ပင် မရှူနိုင်ကြတော့ချေ ။
ဆင်ကြီး သည် မြေကြီး ပေါ် တွင် လိမ့် သွားသော ဦးပုပ် နား သို့ ခပ်သုတ်သုတ် သွား၏။ ထို့နောက် ဦးပုပ် ကို နင်းချေ ရန် ရှေ့ခြေ တစ်ဖက် ကို မြှောက် လိုက်သည် ။ ဦးပုပ် မှာ လက်ထဲ က ချွန်း လွင့်စင်သွား ပြီ ဖြစ်၍ ဘာမျှ မတတ်နိုင်ဘဲ လက်တစ်ဖက် မြှောက်၍ မျက်နှာကို အုပ် ထားလိုက်၏ ။ ဒေါသပြင်းစွာ ထွက် နေသော ဆင်ကြီး သည် ခြေထောက် ကို အရှိန်ပြင်းစွာ ဖြင့် ဖိချရန် ကြံလိုက်သည် ။
“ ဘော်ကြယ် ရေ ... ခပ်မြန်မြန်လုပ်ပါဗျ ”
မောင်အောင်ဘော် ၏ တိုက်တွန်းသံ နှင့် အတူ ဆင်ကြီး တစ်ကောင် သည် ပြပွဲ ကွင်းထဲ သို့ အရှိန်ပြင်းစွာ ဖြင့် ပြေး ဝင်လာလေရာ လူအပေါင်း တို့ သည် မျက်တောင် မခတ်နိုင်ဘဲ ဝိုင်းဝန်း ကြည့်နေမိကြ တော့သည်။
“ဟာ . . ဘော်ကြယ် ရေ ၊ ရပ်ပါဦး ... ဟိုမှာ .. ဟိုမှာ ”
ဦးပုပ် ကို နင်းတော့ မည် ပြုနေသော ဆင်ကြီး နား သို့ ရောက် သော အခါ မောင်အောင်ဘော် က ပြောလိုက်သဖြင့် ဘော်ကြယ် က ရပ်တန့် ပေးလိုက်လေသည် ။
မောင်အောင်ဘော် သည် ဦးပုပ် ၏ ဆင်ကြီး ဆီ သို့ လှမ်း၍ အော်ပြောလိုက်၏။
“ဟာ - မလုပ်ပါနဲ့ ဗျာ ၊ သနားပါတယ် ၊ မသတ်ပါနဲ့ ၊ မသတ်ပါ နဲ့ ၊ ကျွန်တော့်စ ကား နားထောင်စမ်းပါဗျာ ”
ဆင်ကြီး သည် အသံ လာရာသို့ လှည့်ကြည့်လိုက်၏။ မောင်အောင်ဘော် ကို မြင်သော အခါ ဦးပုပ် ကို မနင်းတော့ဘဲ ချာခနဲ လှည့်၍ မောင်အောင်ဘော် ဆီ သို့ ပြေးလာလေသည် ။
“ ဟေ့ .. ဘော်ကြယ် ၊ ငါ့ အပေါ် လဲ တစ်လှည့် ပေးစီးပါဦး ကွာ ”
ဆင်ကြီး က ပြောပြောဆိုဆို နှင့် မောင်အောင်ဘော် ကို ဘော်ကြယ် ပေါ် မှ နှာမောင်း ဖြင့် ပွေ့ချီ ယူပြီး သူ့ ကျောပေါ် တင်ပေး၏ ။ ထို့နောက် ရှင်ဘုရင် ၏ ရှေ့တော်မှောက် သို့ သွားကာ ဒူးရပ်ပေး သည် ။
ရှင်ဘုရင်ကြီး သည် ဆင် ပေါ်မှာ မောင်အောင်ဘော် ကို မြင်သောအခါ ချက်ချင်း မှတ်မိလေ၏ ။
“ဟင် .. မင်း ဟာ ဟိုတုန်း က ငါ့ ရှေ့တော်ဝင်တဲ့ ကောင်လေး ပဲ ။ ဒါနဲ့ မောင်ပုပ် က ပြောတော့ မင်း ထွက်ပြေး ပြီ ဆို ”
မောင်အောင်ဘော် က အကြောင်းစုံ လျှောက်တင်လိုက်သော အခါ ရှင်ဘုရင်ကြီး သည် အမျက်ပြင်းစွာ ထွက် ၍ ဦးပုပ် ကို ဖမ်းဆီး ချုပ်နှောင်ရန် အမိန့် ပေးပြီး ပြပွဲ ကို မောင်အောင်ဘော် အား ကြပ်မတ်စေ၍ ဆက်လက် ပြသစေ၏ ။
မောင်အောင်ဘော် က ချွန်း မကိုင်ဘဲ စေခိုင်း၍ ဆင်များ စွာ တို့ သည် ကြည်ကြည်ဖြူဖြူ လုပ်ကိုင် ပြသကြ၏ ။ ဘော်ကြယ် ဆိုလျှင် ပို၍ပင် အသုံးတော် ခံသည် ။ နှာမောင်း ဖြင့် ထီး တစ်လက် ကို ကိုင် ကာ ဦးရွှေရိုး အက ကို က ပြရာ ပရိသတ် မှာ တဝါးဝါး နှင့် များစွာ သဘော ကျ ကြ၏ ။
ပြပွဲကြီး ပြီးသွားသော အခါ ရှင်ဘုရင်ကြီး သည် မောင်အောင်ဘော် ကို ဆုလာဘ်များစွာ ချီးမြှင့် ၍ ဆင်ထိန်းချုပ် ရာထူး ကို ပေးအပ်၏ ။ လက်ဦးတွင် ဦးပုပ် ကို သတ်မည် ပြုရာ မောင်အောင်ဘော် ၏ တောင်းပန်ချက် ကြောင့် အသက် ချမ်းသာ ပေးပြီး တိုင်းတစ်ပါး သို့ နှင် လိုက်လေသည် ။
မောင်အောင်ဘော် သည် မိဖများ ကို ခေါ်ယူ ကျွေးမွေးစောင့်ရှောက်ပြီး ဆင်များ နှင့် ပျော်ရွှင်စွာ နေလေတော့သည် ။
ကလေးတို့ ရွှင်လန်းကြပါစေ ။
◾ ကြပ်ကလေး
📖 ဆင့်အချစ်တော် မောင်အောင်ဘော်
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment