❝ လွမ်းအောင် လည်း ရယ်တတ်တယ် ❞
သူတို့ ညီအစ်ကို လေးဦး တွင် သုံးဦး က စာရေးဆရာ ဖြစ် လာခဲ့ကြသည် ။ ထို စာရေးဆရာ သုံးဦး လုံး နှင့် ကျွန်မ သည် မောင်နှမရင်းချာများ သဖွယ် တော်တော်လေး ခင်ခင်မင်မင် ရှိခဲ့ပါသည် ။ သူတို့ နှင့် ပတ်သက်ပြီး သူတို့ ၏ မိခင်ကြီး “ အမေညို ” နှင့် သာမက သူတို့ ၏ ဇနီးမယားများ နှင့် ပါ ခင်မင် ရင်းနှီးခဲ့ရသည် ။ “ သူတို့ က သာ ရုပ် ဆိုးတာ ၊ မိန်းမ လှလှတော့ ရှာ ယူ တတ်ကြတယ် ” ဟူ၍လည်း သူတို့ မခံချင်အောင် မကြာခဏ ပြောခဲ့ဖူးသည် ။ အလယ်လူ ကိုသုမောင် ကတော့ အစ,သန်လွန်းသူ ဖြစ်သည်မို့ ကျွန်မ နှင့် မတည့်လှ ၊ တစ်ခါတစ်ရံ ရန် ဖြစ်ရသည် ။
အမေညို က ကျောင်းဆရာမကြီး ဖြစ်သည် ။ ထို့ကြောင့် အပြော ကောင် းရုံသာ မက စာသင်စာပြ လည်း ကောင်းသည် ။ သူတို့ အိမ် ၏ တယ်လီဖုန်းနံပါတ် ကို မှတ်မိအောင် ပြောပုံ က “ မြတ်စွာဘုရား ရဲ့ ငါးရာ့ငါးဆယ် နိပါတ်တော် တွေ ကို သမီး သိတယ် မဟုတ်လား ၊ အဲဒီ ၅၅၀ ကို မှတ်ထား ၊ နောက်ပြီး အင်္ဂလိပ်ဂဏန်း ကံ မကောင်း တဲ့ နံပါတ် က တစ်ဆယ့်သုံး မဟုတ်လား အဲဒီ ၅၅၀ နဲ့ ၁၃ ကို တွဲ မှတ်ထားလိုက် ၅၅၀၁၃ တဲ့ ။ အဲဒါ အမေ တို့ အိမ် ဖုန်းနံပါတ်ပဲ ” တဲ့ ။
ထိုစဉ်က ဖုန်းနံပါတ်များ က ငါးလုံး သာ ရှိ ပါသည် ။ နောက်ပိုင်း စစဂဏန်း ၅၅ များက ၅၆၅ ဖြစ်လာကြတော့လည်း “ ၅၆၅၀၁၃ ” ဟု ဖြည့် မှတ်လိုက် နဲ့ ပင် ဖြစ်သည် ။ အလွန် မေ့တတ်သဖြင့် ကိုယ့် အိမ် က တယ်လီဖုန်း နံပါတ် ကိုပင် တစ်ခါတစ်ရံ ပြန် စဉ်းစားနေရသော ကျွန်မ သည် ထို “ ၅၆၅၀၁၃ ” ကိုတော့ ယခု ထိ မေ့လျော့ မသွားသေးပါ ။
မင်းလူ လက်ထပ်တော့ “ အစ်မ ၊ ကျွန်တော့် ကို စာတစ်ပိုဒ်လောက် လက်ဖွဲ့ပါလား ၊ ဦးလေးဆွေ ( သော်တာဆွေ ) ကတော့ စာတစ်ပိုဒ် လက်ဖွဲ့တယ် ” ဟု ပြောသည် ။ စာရေးဆရာ အမည် ခံ နေသော်လည်း စာရေး ကျဲလွန်းသော ကျွန်မ က “ သားဦးလေး မွေးတော့ ပေး မယ်လေ ” ဟု ချွေးသိပ် စကား ဆိုခဲ့သည် ။ သူ့ ဇနီး က သားဦးလေး မမွေးဘဲ သမီးဦးလေး မွေး ခဲ့သောကြောင့် စာတစ်ပိုဒ် မပေးဖြစ်ခဲ့သည့် အတွက် ကျွန်မ တွင် အပြစ် မရှိဟု ထင် ပါသည် ။
သူတို့ ညီအစ်ကိုများ ထဲ တွင် မင်းလူ သည် သူတို့ ၏ ဖခင် ဦးလေး ဦးသာဓု နှင့် အတူ ဆုံး ဖြစ်သည် ။ ငယ်ငယ်တုန်း က သိပ် မသိသာသော်လည်း ကြီးလာလေလေ ပိုပြီး တူလေ ပင် ဖြစ်သည် ။ ဦးလေး ဦးသာဓု သည် တစ်သက်လုံး ပိန်သွားသူဖြစ်သည် ။ မင်းလူ ကိုလည်း တစ်ခါမျှ ဝဝဖြိုးဖြိုး မမြင်ဖူးခဲ့ပါ ။ ပိန်ပိန် ပင် ဖြစ်သည် ။ သို့ပါသော်လည်း သူ အုတ်တံတိုင်းကြီး အတွင်းဘက် တွင် ရောက်နေတုန်းကတော့ အမေညို က “ ထောင်ထဲမှာ ၊ ဆန်လုံးညိုတွေ စားနေရလို့လား မသိပါဘူး သမီး ရယ် ၊ ဝ နေလိုက်တာ ဂုတ်ပိုးကြီးတွေတောင် တက်လို့ ” ဟု ပြောသည် ။ အမှန်တကယ် ကျန်းမာရေး ကောင်းပြီး ၊ ဥတုသပ္ပါယ မျှတ ကာ ဝဝဖြိုးဖြိုး ဖြစ်နေခြင်းတော့ ဟုတ်ဟန် မတူပါ ။ သို့ပါသော်လည်း အမေညို က ဝမ်းနည်းစကား တစ်ခွန်းမျှ မပြောခဲ့ပါ ။ မျိုသိပ်နိုင်စွမ်း ရှိလှပါသည် ။
သူတို့ ညီအစ်ကို သုံးဦး တွင် အဓိက တူညီသော အချက် နှစ်ချက် ထင်ထင်ရှားရှား ရှိနေသည် ကို ကျွန်မ သတိ ပြုမိပါသည် ။ နံပါတ် တစ် အချက်သည်ကား ၊ သုံးဦး လုံး စာရေး ကောင်းကြခြင်းဖြစ်သည် ။ မည်သူ ရေးသော စာ က မည်သည့် နေရာတွင် မည်ကဲ့သို့ကောင်းသည် ဟူ၍ ကျွန်မ ပြောပြနေရန် လိုမည် မထင်ပါ ။ အားလုံး သိခဲ့ကြပြီး ဖြစ်ပါသည် ။ ဒုတိယ အချက် ကို ပြော ရလျှင်မူ သူတို့ သုံးဦးလုံး အတွင်း စိတ်ထား ညစ်ထေးကောက်ကွေ့ခြင်း မရှိဘဲ ဖြူစင်ကြခြင်း ဖြစ်သည် ။
ကျွန်မ သည် လူ့ပြည် လူ့ရွာ တွင် အနှစ် ခြောက်ဆယ် မှ တော်တော် ကျော် လာအောင် နေထိုင်ခဲ့ပြီး ဖြစ်သဖြင့် အတွင်းစိတ်ထား ညစ်ထေး ကောက်ကွေ့ သူ တော်တော်များများ ကိုလည်း တွေ့ခဲ့ ကြုံခဲ့ ဖူးပြီး ဖြစ်ပါသည် ။ ပညာရေး လောက ၊ စီးပွားရေး လောက တွင် ပင်လျှင် ထိုသို့သော သူများ ကို တွေ့ ရတတ်ပါသည် ။
သူတို့ ညီအစ်ကို သုံးဦး သည် ကား တစ်ဦးမျှ အတွင်း စိတ်ထား ညစ်ညစ်ထေးထေး ကောက်ကောက်ကွေ့ကွေ့ မရှိကြသည် ကို ကျွန်မ သတိပြုမိပါသည် ။ သူတို့ နှင့် စကား ပြော ရသည် မှာ နောက်ကျော လုံ ပါသည် ။ စိတ် ရှင်းပါသည် ။ လောက အလှ ကို ဖျက်ဆီးသည့် ဣဿာ နှင့် မစ္ဆရိယ မကောင်းတရား နှစ်ပါး ကို သူတို့ ၏ ရင် ထဲ တွင် မတွေ့ခဲ့ရဖူးပါ ။ ပကတိ ဖြူစင်ကြသည် ။ ထို အဖြူ သည် အလွန် ရှားပါးပြီး အလွန်လည်း တန်ဖိုး ကြီးသော အဖြူ ဖြစ်ပါသည် ။
ဖြူ သည် ဆိုတိုင်း သဘော ကောင်းသည့် တော့ မဟုတ်ပါ ။ မကျေနပ်သည် ကို တော့ ပြောပြ လိုပါသေးသည် ။ အငယ်ကောင် မင်းလူ သည် မညစ်သော်လည်း ဂျစ် ပါသည် ။ ဂျစ်သည် မှ အတော်ပင် အမြင် ကပ်စရာ ကောင်းအောင် ဂျစ်သော သူ ဖြစ်သည် ။
တစ်ခါက အမျိုးသမီးရေးရာအဖွဲ့ချုပ် နှစ်လည်မဂ္ဂဇင်း တွင် ဆရာမခင်ခင်ထူး ၏ စာမူ ပါဝင် ပါသည် ။ စာမူခ ပေးရန် ကျွန်မ တွင် ရှိနေရာ လူကြုံ စောင့်ရင်း ကြာ နေခဲ့ပါသည် ။ ရွှေအမြုတေမဂ္ဂဇင်း စာပေဆုပေးပွဲ သို့ မန္တလေး စာရေးဆရာများ ဆင်းလာသော အခါ ဆရာမခင်ခင်ထူး ပါ မလာသော်လည်း ဆရာနေဝင်းမြင့် ရောက်နေပြီဖြစ်ကြောင်း သိ ရသည် ။ ခက်သည် က စာပေဆုပေးပွဲ သို့ ကျွန်မ မသွားနိုင် ၊ မီးသွေးမီးဖို မှ စင် ထွက်နေသော မီးကျီးခဲ ကို တည့်တည့် တက် နင်းမိသောကြောင့် အပူ လောင်ကာ ခြေ ထောက် ၍ မရဘဲ ထော့ကျိုး ဖြစ်နေပါသည် ။ ထို့ကြောင့် အငယ်ကောင် မင်းလူ ကို မဂ္ဂဇင်း နှင့် စာမူခ လေး လူကြုံ ပါး လိုက်လိုပါသည် ။ ဆရာနေဝင်းမြင့် နှင့် တွေ့လျှင် ပေးလိုက်ပါရန် အကူအညီ တောင်း မိသည် ။ ကိုယ်တော်ချော က အနည်းငယ်လေး မျှ ပင် အားနာမှု မရှိ ။ ယူမသွားနိုင် ဟူ၍ အပြတ် ငြင်း ပါသည် ။ သူ ၏ အကြောင်းပြချက် က ငွေရေးကြေးရေး ကိစ္စ ဖြစ်၍ ကြားဝင် မဆောင်ရွက်လို ၊ ရှုပ်တတ်သည် ဟူ၍ ဖြစ်သည် ။
( ယခု စာ ရေးရင်း မှ စဉ်းစားမိသည် မှာ အမျိုးသမီးရေးရာမဂ္ဂဇင်း သည် အစိုးရ နှင့်ပတ်သက်နေသည် ဟု ခံ ယူကာ မကူညီဘဲ ဂျစ် တိုက်ခြင်း လည်း ဖြစ်နိုင်ပါသည် ။ ) ထို့နောက် ရွှေအမြုတေ ပွဲရောက်တော့ ဆရာမ မစန္ဒာ ၊ ဘာသာ ပြောင်းပြီး မီးနင်းပွဲကျင်းပနေသည် ဟု လျှောက်၍ ပြောနေပါချေတော့သည် ။ ကျွန်မ ခမျာ ဆရာနေဝင်းမြင့် တည်းခို နေရာ စီးတီးစတားဟော်တယ် သို့ တကူးတက သွားပြီး စာမူခ ပို့ ပေးခဲ့ရသည် ။ စိတ် ထဲ တွင် လည်း မကျေမနပ်နှင့် အောင့်သက်သက် ဖြစ်နေ၍ “ ဒင်းတော့လား ၊ နေနှင့်ဦး ၊ နောက်တစ်ခါ တွေ့ရင် လုံးဝမခေါ်ဘူး ” ဟု တေးထားမိသည် ။ သို့ပါသော်လည်း နောက်တစ်ခါ တွေ့တော့ သူ ကလည်း သူ ဂျစ်တိုက်သည် ကို သတိ မရတော့သလို ၊ ကျွန်မ ကလည်း အံခဲပြီးတော့ တေး ထားခဲ့သည်ကို မေ့သွားခဲ့ပြီ ဖြစ်ပါသည် ။
သူတို့ ထဲ တွင် အကြီးဆုံး ကိုဝဏ္ဏ ကို ကင်ဆာရောဂါ က စတင် တိုက်ခိုက်ခဲ့သော်လည်း အလယ်လူ ကိုသုမောင် က အရင် ဆုံးပါးသွားပါသည် ။ ထိုစဉ်က စာပေ နှင့် စာနယ်ဇင်းညီလာခံ ဒုတိယ နေ့ ဖြစ်သည် ။ “ ကိုဗလကြီး ဆုံးသွားပြီတဲ့ ” ဟူသောအသံကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ကြားနေရသည် ။ မကြာခဏ ဆေးရုံတက် နေရသော်လည်း ထိုကဲ့သို့ ရုတ်တရက် ဆုံးပါးသွားမည် ဟု မည်သူမျှ ထင် မထားမိချေ ။ ကြားရသူ အားလုံး စိတ်မကောင်း ဖြစ်ကြရသည် ။
ကိုသုမောင် ၏ ရက်လည်ဆွမ်းကျွေး တွင် ဧည့်ခံနေသော မင်းလူ ကို တွေ့ရသည် ။ သူ ၏ ညီ ဆုံးပါးသွားသည် ကို သိရတော့ လူမမာ ကိုဝဏ္ဏ က မျက်ရည် ကျရှာသည် ဟု ပြောသည် ။ ဆွမ်းကျွေး မှ တစ်ဆင့် ကိုဝဏ္ဏ ဆီ ဆက် သွားဖြစ်သည် ။ သူ က သူ့ ပုံစံ အတိုင်း ၊ ပြုံးစေ့စေ့ နှင့် ဆီးကြိုနေသည် ။ အသက်ဇီဝိန် ကို ခြွေ ယူမည့် ရောဂါ ကို ခံစားနေရမှန်း သူ့ ကိုယ် သူ သိသော်လည်း တုန်လှုပ်ညှိုးငယ်ခြင်း မရှိချေ ။ သူ့ ရောဂါအကြောင်း ကို ဘာမှ မညည်းညူ ဘဲ ကျွန်မ ၏ ခင်ပွန်း ကိုစန်းမောင် ကို ပင် ကျန်းမာရေး ဂရုစိုက်ရန် ၊ ဆီးချို ထိန်းမိအောင် အစားအသောက် ဆင်ခြင်ရန် ဆုံးမ နေသေးသည် ။ ကျွန်မတို့ပြန်တော့ အိမ်ရှေ့ တွင် ရပ်ထားသော ကား နား အထိ လိုက်လာကာ နှုတ်ဆက်သည် ။ ကားတံခါး ကို ပိတ် ပေးသည် ။ ပြုံး၍ လက်ပြရင်း ကျန်ခဲ့သည် ။ နောက်ဆုံး တွေ့ခြင်းပင် ဖြစ်သည် ။
နောက်ပိုင်း ရက်များ တွင် သူ့ ဆီသို့ ကျွန်မ မသွားတော့ပါ ။ သူ့ မှာ အချိန် နည်းနေပြီ ဖြစ်သဖြင့် ကျန်သမျှ အချိန်လေးသည် မိသားစုဝင်များ အတွက်သာ ဖြစ်သင့်ကြောင်း ကို နားလည် သဘောပေါက်သောကြောင့် ဖြစ်ပါသည် ။
ကိုဝဏ္ဏ ၏ ရက်လည်ဆွမ်းကျွေး တွင် မင်းလူ က ဧည့်ခံနေရပြန်လေသည် ။
ကိုဝဏ္ဏ ၏ နောက်ဆုံးအချိန်လေးများ ကို သူ ၏ ဇနီး ချိုရီ က မျက်ရည်လေး အဝဲသား နှင့် ပြောပြသည် ။ လူရော စိတ်ပါ ပင်ပန်းခဲ့ရသဖြင့် သူ့ ကြည့်ရသည်မှာ နုံးပြီး ပျော့နေသည် ။ “ ကိုယ့် ကိုယ် ကိုယ် လည်း ဂရုစိုက်ပါဦး ညီမရယ် ” ဟု ပြောတော့ ခေါင်း ညိတ်သည် ။ သို့ပါသော်လည်း အသည်းကင်ဆာရောဂါ က သူ့ ကို လက်သီးပုန်း ထိုးထားပြီး ဖြစ်နေ၍ လေးလလောက် ပင် ခြားမည် ထင် ပါသည် ။ မချိုရီ တစ်ယောက် ဆုံးပါးခဲ့ရ ပြန်လေသည် ။ ထို့ကြောင့် ချိုရီ ၏ ရက်လည် ဆွမ်းကျွေး တွင် ဧည့်ခံနေသော ရွှေမင်းလူ ကို တွေ့ရပြန်ပါသည် ။
သူ့ အစ်ကို နှစ်ဦး နှင့် သူ နှင့် လုံးဝ မတူသော အချက် တစ်ချက် ရှိ ပါသည် ။ သူ့ အစ်ကို နှစ်ဦး လုံး သည် ကျွန်မ စာရေးကျဲခြင်း ၊ စာရေးပျင်းခြင်း ကို ထူးထူးခြားခြား ပြစ်တင် စကားဆိုလေ့ မရှိ ကြပါ ။ သူ ကတော့ ကျွန်မ ကို တွေ့တိုင်း တဂျီဂျီ နှင့် စာ ရေး ခိုင်းတတ်သည် ။ “ တခြား အလုပ်တွေ သိပ် လုပ်မနေပါနဲ့ အစ်မ ရာ ၊ စာ သာ ရေးစမ်းပါ ။ စာ ဆိုတာ တစ်ပိုဒ် ရေးရင် တစ်ပိုဒ် ၊ နှစ်ပိုဒ် ရေးရင် နှစ်ပိုဒ် ၊ တင်ပြီး ကျန်ရစ်တာဗျ ” ဟု ဆူပြော ပြောတတ်သည် ။ ထို့ကြောင့် သူ့ ကို မြင်လျှင်ပင် ငါ့ကို တော့ ဆူ တော့မယ် ဟု တွေးကာ လန့် နေရသည် ။ ထိုနေ့ ကတော့ သူ စကား မစမီ “ ဒီခြံ ထဲ မှာ မုန့်ဟင်းခါး လာ စားနေတာ သုံးခါ တောင် ရှိ နေပြီ ။ နောက်တစ်ခါ မစားချင်ဘူးနော် ၊ ဟဲ့ ကောင်လေး ၊ နင် နေကောင်းအောင် နေနော် ” ဟု ကျွန်မ က ဦးအောင် ပြောလိုက်လေသည် ။ စကား အဖြစ် ပြောမယ့်သာ ပြော လိုက်ခြင်းဖြစ်သည် ။ သူ ၏ ကျန်းမာရေးကို ပူပူပင်ပင် မရှိလှပါ ။ ခပ်ပေပေ ၊ ခပ်ပိန်ပိန် ၊ ခပ်ဂျစ်ဂျစ် နှင့် အသက်ရှည်ရှည် နေသွားမည့်သူ ဟု သာ သတ်မှတ်ထားမိပါသည် ။
သို့ပါသော်လည်း ကျွန်မ ၏ အထင် သည် ပါစင်အောင် လွဲခဲ့ပါသည် ။ နှစ်အပိုင်းအခြား အနည်းငယ် အတွင်းမှာ ပင် သူ့ ကို မုန်းစရာ သေမင်းကြီး က မျက်တောက်နီ နှင့် ကြည့် နေပြီဖြစ်ကြောင်း သိခဲ့ရသည် ။ စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ခဲ့ရသည် ။
သို့သော် သူ့ ဆီ သို့ ကျွန်မ မသွားခဲ့ပါ ။ မတွေ့ချင်သောကြောင့် မဟုတ် ။ မတွေ့ရဲသောကြောင့် ဖြစ်သည် ။ ကျွန်မ က အပေါက်အလမ်း သိပ် တည့်သူ မဟုတ် ၊ သူ စိတ်ဓာတ် ကျဆင်းနေလျှင် သော် လည်းကောင်း ၊ တစ်စုံတစ်ရာ နာကျင်ခံစားနေရ လျှင် လည်းကောင်း ၊ အားပေး နှစ်သိမ့်စကား ကို အဆီအငေါ် တည့် အောင် ပြောတတ်မည်မဟုတ်ဘဲ မျက်ရည်လေး တစမ်းစမ်း ဖြစ်ချင် ဖြစ်နေမယ်မို့ ကိုယ့် ကိုယ် ကိုယ် စိတ် မချလှပါ ။
ဆရာအတ္တကျော် နှင့် ဇနီး စန္ဒာလှိုင် တို့ ၏ Facebook တွင် သူ ၏ သတင်း ၊ သူ ၏ ဓာတ်ပုံများ တင်လေ့ ရှိသည် ။ ထိုသတင်း ထိုဓာတ်ပုံလေးများ ကို စောင့်ကြည့်ရင်း “ ပိန်သွားလိုက်တာဟယ် ” ၊ “ အသားတွေလည်း မည်းသွားလိုက်တာဟယ် ” နှင့် စိတ်မကောင်း ဖြစ်နေရသည် ။ နောက်ဆုံး ဝိတိုရိယဆေးရုံကြီးတွင် တက်ရောက် ကုသနေသည် အထိ သွားဖို့ရန် ၊ မိမိ ကိုယ် မိမိ အကြောင်းအမျိုးမျိုးပြပြီး ရှောင်လွှဲနေမိဆဲဖြစ်သည် ။
“ မချို မသွားတော့ဘူးလား ” ခင်ပွန်း က အပြစ် တင်သလိုပြောသည် ။ “ နောင်တ ရနေဦးမယ် ” သမီး နှင့် သား က ပြောပြန်သည် ။ နောင်တ က တော့ မရချင်ပါ ။ နောင်တ တရား ကို ထွေးပိုက်ရသော နှလုံးသားသည် အလွန် နာကျင် ပင်ပန်းတတ်ပါသည် ။ ထို့ကြောင့် ဝိတိုရိယဆေးရုံကြီး သို့ ဆုတ်ကန်ကန် နှင့် ရောက် လာရသည် ။
“ သူ အိပ် နေရင်ကောင်းမယ် ၊ သူ့ ဘေး မှာ ငြိမ်ငြိမ်လေး ထိုင်နေပြီး တိတ်တိတ်လေး ပြန်လာမယ် ”
သူ တစ်စုံတစ်ရာ ဝေဒနာ ကို ခံစားနေမည် ။ နာကျင်နေမည် ၊ မောပန်းနေမည် ကို ကျွန်မ စိုးရိမ် နေပါသည် ။ သက်သက်သာသာလေး အိပ် ပျော်နေသည် ကို သာ မြင်လိုပါသည် ။ကျွန်မ ၏ ဆုတောင်းတစ်ဝက် ပြည့်သည် ဟု ဆိုရမည် ။
ဆေးကောင်းဝါးကောင်းများကြောင့် လားတော့ မသိ ၊ သူသည် နာကျင်ခံစား မောပန်းနေခြင်း မရှိပါ ။ သို့သော် အိပ်ပျော်မနေခဲ့ပါ ။ အခန်း တံခါး ကို ဖြည်းဖြည်းလေး ဖွင့်ပြီး ဖွဖွလေး လှမ်း ဝင်လာသော ကျွန်မကို မျက်လုံးကျယ်ကြီးများ နှင့် ဆီးကြိုပြီး ကြည့် နေခဲ့ပါသည် ။
ကင်ဆာဆေးများ သွင်းရသောကြောင့် သူ ၏ ခေါင်းတွင် ဆံပင် မရှိတော့ပါ ။ အသားတွေကလည်း မည်းပြီး ခြောက်နေပါသည် ။ ပိန် သွားသောကြောင့်လားတော့မသိ ၊ မျက်လုံးများ ကလည်း နဂိုကထက် ပိုပြီး ကျယ် နေသယောင် ရှိသည် ။ သူ ၏ ခုတင် ဘေး တွင် ရပ် လာသော ကျွန်မ ကို ခေတ္တမျှ စိုက် ကြည့် နေပြီး သူ ၏ မျက်လုံးအစုံ ကို မှိတ်လိုက်သည် ။ ထို့နောက် ချက်ချင်း ပြန်ပွင့် လာပြီး သွားကလေး အဖြဲသား နှင့် ရယ် ပြသည် ။ သူ က ရယ် ပြပါလေမှ ကျွန်မ ရင် ထဲတွင် နင့်ခနဲ ဖြစ်သွားရသည် ။
“ ခဏ ၊ ခဏ စာရေးပါ ၊ ရေးပါနဲ့ ပြော နေတာ ၊ ကိုယ့် ကိုယ် ကိုယ် နေ ကောင်းလာရင် တို့နှစ်ယောက် စာတွေ အတူတူ ရေးကြမယ် ”
ကျွန်မ ပါ လာသော ကံ့ကော်ပန်းလေး က တသင်းသင်း မွှေး နေသည် ။ သူ ၏ ဇနီးက ဆံထုံး တွင် ထိုးစိုက် ပန်ဆင်ပြီး အသာ ငဲ့ ပြသည် ။ “ မလှဘူးလား ” ဟု ကျွန်မ က မေးတော့ အသံ သဲ့သဲ့ အက်အက်ကလေးနှင့် “ လှတယ် ” တဲ့ ။ သူ့ အသံကြား ရတော့ ကျွန်မ လည်း တော်တော် စိတ် သက်သာရာ ရပြီး ပျော် သွားသည် ။
“ အောင်မလေး ဟဲ့ ၊ အသံ ကလည်း ခုကျမှ ထွက် လာတော့တယ် ” ဟု ရယ်ရယ်မောမော ပြော ရသည် ။ သူ က ဇနီး ဖြစ်သူ ကို ငေး ကြည့်နေသည် ။ ထို့နောက် “ ဒါ ပြီးရင် ဘာလုပ်ရမှာလဲ ၊ ပျင်းတယ် ” ဟု ပြောသည် ။
“ ဘာလုပ်ရမှာလဲ ၊ စာ ရေးမှာပေါ့ ” ကျွန်မ က ပြောသည် ။ ဟုတ်သားပဲ ၊ စာရေးဆရာ ဆိုတာ စာ မရေးရင် ဘာ လုပ်ရမှာလဲ ။ အချိန်တွေ ဟာ စာ ရေးဖို့ပဲ မဟုတ်လား ၊ သို့သော်လည်း သူ့တွင် အချိန်များများ မရှိတော့ သည် ကို ကျွန်မတို့ နှစ်ယောက်လုံး မသိချင် ဟန် ဆောင် နေပါသည် ။
“ နေကောင်းအောင်သာ နေစမ်းပါဟာ ၊ တို့မောင်နှမ စာ အတူတူ ရေး ကြရအောင် ၊ အခုတောင် စိတ် ထဲမှာ ရေး ချင်နေပြီနော် ”
ထို စကား ကို သုံးလေးခါလောက် ပြော မိသည်ထင်သည် ။ ကျွန်မ ပြောတိုင်းလည်း သူ က သဖြီး ( သွားဖြီး ) ကလေး နှင့် ရယ်လို့ချည်း ပြနေတော့သည် ။ သူ ရယ်နေပုံ က “ အစ်မရာ ၊ ကျွန်တော် နေပြန်ကောင်းလာ မှာ မဟုတ်ဘူး ဆိုတာ သိနေသား နဲ့ ဘာလို့ အာပလာ လုပ် နေတာလဲ ” ဟု ပြောနေသလို ဖြစ်နေ၍ ကိုယ့် ကိုယ်ကိုယ် ပင် မလုံမလဲ ဖြစ် ချင်လာသည် ။
ထိုစဉ် စိတ် ဂနာ မငြိမ်ဘဲ ၊ ကယောက်ကယက် ဖြစ်နေသူမှာ ကျွန်မ ဖြစ်ပြီး သူ ကတော့ တည်ငြိမ် နေပါသည် ။ ပုထုဇဉ်တို့ သဘာဝ ဖြစ်၍ သေမင်း ကိုကြောက်တာတော့ ကြောက်လိမ့်မည် ဟု ထင်ပါသည် ။ သို့သော် သူ က ထို အကြောက်တရား ကို ဘေး သို့ တွန်းဖယ်ထား သူ ဖြစ်သည် ။ တဖြည်းဖြည်း ချဉ်းကပ်လာသော သေမင်း ကို ခေါင်းငုံ့ကာ မရှောင်လွှဲဘဲ ၊ မျက်နှာချင်း တည့်တည့် ရင်ဆိုင်ကာ ကြည့်နေသူ ဖြစ်ပါသည် ။
အခန်းထဲ ကို ထဘီပြာဝတ်ဆရာမ တစ်ဦး ဝင်လာတော့ သူ က ကျွန်မ ကို ရယ် မပြတော့ပါ ။ ရုတ်တရက် အိပ်ပျော်သွား သူလို မျက်စိ နှစ်ဖက် ကို စုံမှိတ်လိုက်ပြီး ငြိမ် သွားသည် ။
“ ငါ့ စကားများ ယောက်ယက် ခတ် နေလို့ မျက်စိရော နားရော နောက်သွားတယ် ထင်ပါရဲ့ ” ဟု ကျွန်မ က တွေး လိုက်မိသည် ။ အတန်ငယ် လည်း အားနာသွားသည် ။
“ ဆရာမ က လေ့ကျင့်ခန်း လုပ် ဖို့ ရောက်လာရင် အဖေ က ချက်ချင်း အိပ်ချင်ယောင် ဆောင် နေတော့တာပဲ ၊ သေပဲ သေတော့မယ့် ဟာ ကို ဘာလို့လေ့ကျင့်ခန်း လုပ်နေရမှာလဲ ၊ ပင်ပန်းတယ် တဲ့ ” ဟု သမီးလေးယုယ က ပြောသော အခါ မှ သူ့ပုံစံအတိုင်း ခပ်ရွတ်ရွတ် ၊ ခပ်ဂျစ်ဂျစ် နှင့် အိပ်ချင်ယောင် ဆောင် မှန်း သိရသည် ။ စိတ်မကောင်းသည့် ကြားထဲ မှ ပြုံးမိရသေးသည် ။
ကျွန်မ ရောက်ပြီး လေးရက်လောက် နေတော့ သူ ဆုံးပါသည် ။ သူ ရေးခဲ့သော စာများသည် လူ့လောက တွင် သူ ၏ ကိုယ်စား ကျန်ရစ်ခဲ့သည် ။
ကျွန်မ ကို “ စာ သာ ရေးစမ်းပါ အစ်မရာ ၊ စာ ဆိုတာ ၊ တစ်ပိုဒ်ဆို ရင် တစ်ပိုဒ် ၊ နှစ်ပိုဒ် ဆို ရင် နှစ်ပိုဒ် တင်ပြီး ကျန်ရစ်တယ်ဗျ ” ဟု ဆူဆူပူပူ ပြောမည့် သူ မရှိတော့ပါ ။
◾မစန္ဒာ
📖 သို့ ... မင်းလူ ... ဒေဝတာမြို့တော်
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment