❝ အိုင်ဒီယာဂျပိန် နှင့် ပလေးဘက် ❞
တိုက်တိုက်ဆိုင်ဆိုင် ပါပဲ ။ အနောက်ဗဟိုလမ်း ဘုရားပွဲ ရက် ကျ မှ အိုင်ဒီယာ ဂျပိန် ၏ မိန်းမ က အိမ်ပေါ် က ဆင်း သွားသည် ။ အိမ်ရှင် အဘ ဦးသန်းစိန် ကြားဝင် ဖျန်ဖြေ ၍ မရအောင်ပင် ။
ဂျပိန် ၏ အမျိုးသမီး က နာကြည်းမှု ငယ်ထိပ် ရောက်သွားသည် ။ ဂျပိန် အလုပ် မရှိတာ ကို ယိုးမယ်ဖွဲ့လွန်း၍ ဂျပိန် ဝုန်းဒိုင်းကြဲ ပစ်လိုက်သည် ။ ဒီတော့ ဂျပိန် ၏ အမျိုးသမီး က သားတော်မောင် ကို ဆွဲ၍ ဆင်း သွားသည် ။ ဘယ်သူမှ ဆွဲ မရ ၊ လွဲ မရ ။ ဆင်း ခါနီး ပြော သွားသေးသည် ။
“ ကျွန်မ မရှိရင် အိမ်သာတံခါး သာ ပိတ် ထားလိုက် ”
အိုင်ဒီယာ ဂျပိန် ဟားတိုက်ပြီး ရယ်ပစ်လိုက်သည် ။
“ အဘ ရာ လုပ်ကျွေးတုန်းက လုပ်ကျွေး ပြီးပြီ .... အလုပ်အကိုင် အဆင် မပြေလို့ ခေတ္တ အိုင်ဒီယာ ယူ နေတဲ့ အချိန်မှာ နား ပူလွန်းတာနဲ့ အိမ် က ပစ္စည်းတွေ ရိုက်ခွဲ ပစ်လိုက်တယ် ”
“ ကိုယ့် ပစ္စည်း ကိုယ် ခွဲ ပစ်တော့ ကိုယ့် ပစ္စည်းပဲ ကုန် တာပေါ့ကွ ... မကျေနပ်ရင် မိန်းမ ကို ရိုက် ပစ်လိုက် ... ဆေး ကုရတယ် ထားဦး ... ရိုက်ခွဲတဲ့ ပစ္စည်း တန်ဖိုးလောက် မကုန်ကျဘူး ကွ ... အိမ်ထောင်ရှင် ဆိုတာ အဲဒီလို တွက် ရတယ် ”
အိုင်ဒီယာ ဂျပိန် ထက် ပို၍ ပင် အိုင်ဒီယာ ကောင်းမှန်း ဂျပိန် သိ၍ ခပ်ပါးပါး ပြုံး လိုက်သည် ။
“ ကိုဂျပိန် ... မဏ္ဍပ် ကို ခေတ္တ ကြွပါ ”
လူငယ်ခေါင်းဆောင် ပြောင်ကြီး ၏ အသံ ။
“ ကဲ ... မောင်ဂျပိန် ... မဏ္ဍပ် က ခေါ်နေပြီ .. ဘုန်းကြီး ဆွမ်းဘုဉ်းပေးပြီးရင် ငါ့ ကိုလည်း လာ ခေါ်ကွာ ”
အိမ်ရှင် အဘ ပြောပြောဆိုဆို အပေါ်ထပ် သို့ တက်သွားသည် ။
ဂျပိန် တို့ ဘုရားပွဲ မပြီးမချင်း ဗိုက် ခွေးနမ်းမယ့် ကိန်း ကို မိန်းမ မသိရှာလေသလား ။ သူ မရှိရင် အိမ်သာတံခါး ပိတ် ထားလိုက်တဲ့ ။ ဘယ်လောက် တုံး တဲ့ မိန်းမ လဲ ။ ဆရာတော် သုံးပါး အတွက် ထမင်း ပွဲ ကို ‘ မ ’ ၊ လက်အုပ်လေး ချီပြီး ဆွမ်း ကပ်လိုက်တာနဲ့ ဂျပိန် တို့ လို လူတွေ ဟင်း ၁၄ မျိုး လောက် နဲ့ လွေး ကြပါလေ ရော ။
အလှူရှင် က တခြား ရပ်ကွက် က ရွှေတွဲလွဲ ငွေတွဲလွဲ ။ ကိုယ် လည်း မမြင်ဖူးဘဲနှင့် ဂျပိန် တို့ ကြိတ် နေသည့် ထမင်းပွဲ က လက်ကျ ညီနေသည် ။
စားကြွင်းစားကျန်များ ကို အလှူရှင် အလိုကျ လမ်းထဲမှ ပြောင်ကြီး မှ ခွေးဒါနလုပ်နေသည် ။ ဂျပိန် ကား ခွေးတွေ ကို ကြည့်ပြီး ဒဿန ဖွင့် နေသည် ။
ခွေး ဆိုတဲ့ သတ္တဝါ က လူတန်းစား ခွဲခြားတတ် သူ ၊ ကိုယ့် ကိုယ် ကိုယ် ခွေးလေခွေးလွင့် ဆိုတာကို မေ့လျော့နေပုံရတယ် ။
ဒီ ခွေး တွေ စိတ်ကြီး ဝင် နေကြတယ် ။ ကြည့်စမ်း ... စွန့်ပစ်ပစ္စည်းတွေ ကို သူလို ငါလို စားချင်း အတူတူ အချင်းချင်း စားမာန် ခုပ်နေကြတယ် ။
ဟန်ဆောင်နေကြတာ ။ လူတွေ ကလည်း အလှူရှင် ရှေ့မှာ ခွေးတွေ ကို သဒ္ဓါချင်ယောင် ဆောင် နေတာ ။ ကုသိုလ် ယူ နေကြတယ်ပေါ့ ။
ကိုယ့် အိမ်ရှေ့ မှာ ကိုယ့် အိမ် က စားကြွင်းစားကျန် ကို အိမ်ရှေ့ မှာ ချ ကျွေးတာ မမြင်ဖူး၍ ဂျပိန် စဉ်းစားတာ မှားအံ့ မထင် ။
ဟော ... ခွေးတွေ က အမူအရာ ချိန်းသွားသည် ။
ပလတ်စတစ် ကောက်သည့် ကလေးသုံးယောက် ကို အရှိန်အဟုန်ပြင်းစွာ ဟောင် နေသည် ။ ကလေး တစ်ယောက် ခွေး ကိုက်ခံရသည် ။
မဏ္ဍပ် ထဲ မှ ဝိုင်း အော်ဟစ်၍ ခွေးတွေ က အလျှိုလျှို ပြေးကြသည် ။ အလှူဒကာမကြီး ဒေါ်ရွှေကြည် မှ ကလေးများ ဘက် မှ အားပေး စကား ဆိုသည် ။
“ ဒီ ကလေးတွေ ခွေး ကိုက် တာတောင် နည်းသေးတယ် ... ပလတ်စတစ် ကောက် သလိုလို နဲ့ လစ်ရင် တွေ့ရာ ဆွဲ သေးတယ် ”
အလှူဒါယိကာမကြီး ၏ ညီမ ဖြစ် သူ က ရွှေပြည်အေး စကား ထပ် ဆင့်လိုက်သေးသည် ။
“ ဟဲ့ ... ကလေးတွေ .. မဏ္ဍပ် ထဲ က အပြင် ကို ခပ်ဝေးဝေး သွားကြ .. ဒီမှာ လှူ နေ တန်းနေ တာ အကုသိုလ် မဖြစ်ချင်ဘူး ”
ဤတွင် အိုင်ဒီယာဂျပိန် က မနေသာတော့ ။
သူတို့ လှူသော ထမင်းဟင်း ကို စားပြီး ဘယ်သူ့ မျက်နှာ မှ မထောက် သူရဲကောင်း တို့ ထုံး နှလုံးမူ၍ ...
“ စကား ဆိုတာ ပြောတိုင်း ကောင်း တာ မဟုတ်ဘူး ဗျ ... လူ နဲ့ ခွေး ... ဘယ်သူ က မြတ် လဲ ... ခွေး ကိုက် ခံရတာက လူ ဗျ ... ထမင်း စား ဖို့ လူ တကာ စွန့်ပစ်ပစ္စည်း ကို ကောက်ပြီး အသက်မွေး ဝမ်းကျောင်း ရတာ ... အခုဟာက ကလေးတွေ ... ကလေးတွေ ကို စာနာစိတ် ထားကြပါ ”
အိုင်ဒီယာဂျပိန် မဏ္ဍပ် ထဲ မှ ရင် ကော့ ထွက်လာခဲ့သည် ။
ဂျပိန် ကို မဏ္ဍပ် ထဲ မှ မျက်စောင်းများ က ခန္ဓာကိုယ် အနှံ့ စိုက်လျက် ။
ထိုအချိန် တွင် အလှူမဏ္ဍပ် ထဲ မှ မည်သူ က လက် ဆော့လိုက်မှန်း မသိ ။ ကက်ဆက်သံ က စူးရှစွာ ထွက်လာသည် ။ ရုပ်ရှင် ထဲက လို ဆို ပလေးဘက် ပေါ့ ။
“ အပူပင် ကင်းတဲ့ ကလေးလေး ဘဝ ကို xxx တစ်ခါ ပြန်ပြီး ရချင်သေးတယ် xxx အပြစ် မရှိသေးတဲ့ ကလေးလေး ဘဝ ကို xxx တစ်ခါ ပြန်ပြီး ရချင်သေးတယ် ”
◾ ဗေလုဝ
📖 ဟဒယမဂ္ဂဇင်း ၊ ဩဂုတ်လ ၊ ၂၀၀၆
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment