Friday, May 20, 2022

ဆန့်ကျင်ဘက်


 

❝ ဆန့်ကျင်ဘက် ❞

ယခုလို မိုးရာသီ ကို ဘမောင် အကြိုက်ဆုံး ။ ဘာ့ကြောင့်လဲ ဆိုတော့ ဘမောင် ဝါသနာ ပါတဲ့ ငါးဖမ်း ၊ ဖားရိုက် ၊ ပုစွန်လုံးနှိုက် အကုန် လုပ် လို့ ကောင်းတဲ့ ရာသီ ဖြစ်လို့ပင် ။ ငယ်ငယ်တည်းက ဝါသနာ က ကြီးတဲ့ အထိ အမြစ် တွယ်ခဲ့တာ ။ ငယ်စဉ် က မိဘတွေ ပညာ သင် ပေးပေမယ့် ပညာရေး ကို စိတ် မဝင်စား ။ ကျောင်း သွား ရင်း အိုင် တွေ့ ရင် အိုင် ပက် ၊ ပုစွန်လုံး ကျင်း တွေ့ ရင် ပုစွန်လုံး နှိုက် နဲ့ ကျောင်း ကိုတက်ရတယ် မရှိဘူး ။ ပုစွန်လုံး နဲ့ ဖား က ရာသီစာ လို ဖြစ်နေတော့ မိုးတွင်း မှ ပဲ စိတ်ကြိုက် ဖမ်း ခွင့် ရတယ် ။ ငါး ကတော့ ရာသီ မရွေး အနည်းအများ ပဲ ကွာတာ ကြိုက်တဲ့ အချိန် အိုင်ပက် ၊ ကြိုက်တဲ့ အချိန် မျှား အဆင် ပြေတယ် ။ ဒါတွေလုပ်ရင်း နဲ့ ပညာရေး တစ်စခန်း ရပ်ခဲ့ရတယ် ။

မိဘတွေ ရှိစဉ် က ဆုံးမ လည်း ဒီဘက် နား က ဝင်ပြီး ဟိုဘက် နား က ထုတ် လိုက်တာပဲ ။ အခု မိဘတွေ မရှိတော့ လွပ်လွပ်လပ်လပ် ဘမောင် အကြိုက် လုပ် ချင်တာ လုပ် ပြောမယ့်သူ မရှိဘူး ။ မိဘ လက်ငုတ် လက်ရင်း ... ကျန်ခဲ့တာလေးတွေ ကို ဆိုက်ကား ငါးစီး ထောင် ထား လိုက်ပြီး အုံနာ ပေး ထားလိုက်တယ် ။ ဘမောင် တို့ နေရာ က အရင် က ရွာ ပဲ ရှိတာ ။ အခုမှ ရပ်ကွက် အသစ်လုပ်ပြီး မြေကွက်တွေ ရိုက် လူတွေ ပြောင်း လာကြတာ ။ မြို့နား ရပ်ကွက်တွေ က ကျူးကျော်တွေ ကို အစိုးရ က နေရာ ပေးပြီး ရှင်း လိုက်တယ် ပြောကြတာပဲ ။ ဒါပေမဲ့ အိမ်ခြေ ကတော့ များများစားစား မရှိသေးပါဘူး ။ ဟိုတစ်လုံး ဒီ တစ်လုံး လောက် တိုးတာ ။ အရင် ဘမောင် တို့ ရွာ ကတော့ နည်းနည်း စည်လာတယ်ပြော ရမယ် ။ စာသင်ကျောင်း ဆိုလည်း မူလတန်းကျောင်းလေး တစ်ကျောင်း ပဲ ရှိတယ် ။ မူလတန်းအောင် ရင် ငမိုးရိပ်ချောင်း ကို လှေ နဲ့ ကူးပြီး သွား တက်ကြရတာ ။ အိမ်ခြေတွေ အရမ်း များလာ မှာလည်း .. ဘမောင် မကြိုက် ။ ဘမောင် အလုပ် က လယ်ကွင်း ၊ လယ်ကွက် ၊ ရေအိုင်တွေ ရှိမှ အဆင် ပြေမှာလေ ။ တော်ကြာ အိမ်ခြေတွေ အရမ်း များလာပြီး မြို့ကြီး လို ဖြစ် သွားရင် မခက်ပေဘူးလား ။ ဝမ်းရေး အတွက် ငါးရှာ ၊ ဖားရှာ လုပ် နေတာ မဟုတ်ပေမယ့် ဝမ်းရေး ထက် ဝါသနာ က ဘမောင် အတွက် ပို အရေးကြီးတယ် ။

•••••   •••••   •••••

“ ရှုမဆုံးတော့သည် .. စိမ်းလဲ့လဲ့နှစ်စဉ် ... လယ်ကွင်းတွေ က တမျှော်တခေါ် စိုပြေလွင် ...”

သီချင်းလေး တအေးအေး နဲ့ ထုံးစံအတိုင်း ဘမောင်လယ်ကွက်တွေ ဆီ စောစောစီးစီး ထွက်ခဲ့လိုက်တယ် ။ ငမိုးရိပ်ချောင်း ရေ တက်ချိန် ချောင်းလက်တက်တွေ ကနေ တစ်ဆင့် လယ်ကွင်းတွေ ထဲ အိုင်တွေ ထဲ ရေတင် ကျန် ခဲ့တယ် ။ အိုင် ကို အကန့်ကန့်ပြီး တာဖို့ ။ ပါ လာတဲ့ ရေပုံး နဲ့ ပက် ထုတ် လိုက်တယ် ။ ရေ ခန်းပြီ ဆိုတာ နဲ့ ဘမောင် ငါး စမ်း တော့တယ် ။ ငါးရံ့ ၊ ငါးခူ ၊ ငါးမွေထိုး ၊ ငါးဘတ် ၊ ငါးနုသန် ငါးမျိုးစုံ က ဘမောင် ပလိုင်း ထဲ အကျဉ်းချ ခံ ရတော့တာပဲ ။ စိတ်ကြိုက် ဖမ်းပြီး မှ တာ ကို ပြန် ဖောက်တာ ။ ငါး ရလို့ ပြန်ပြီလား မထင် နဲ့ လယ်ပုစွန်လုံး ထပ် နှိုက်သေးတယ် ။ လယ်ပုစွန်လုံး နှိုက် ရင် နည်းနည်းတော့ သတိ ထား ရတယ် ။ မြွေ ဝင် နေတတ်လို့ လေ ။ ဒါကလည်း မသိတဲ့ သူ တွေပါ ။ ဘမောင် ကတော့ ပုစွန်လုံးကျင်း ကြည့် လိုက်တာ နဲ့ ကျစ်စာခဲ ၊ ကျင်း အဝင် ဝ မှာ ပုစွန်လုံး ခြေရာ ရှိလား ၊ .. ပြောင်ချောနေလား ... ကြည့်တာနဲ့ ဒက်ခနဲ သိတယ် ။ ပလိုင်းတွေ လည်း ပြည့် ၊ ပုံးလည်းပြည့် မှ ပေါက်တူး ထမ်း ပြန်တော့တယ် ။

အိမ် ရောက်တာနဲ့ ရှင် တဲ့ ငါးတွေ ကို ရေစည် ထဲ ထည့် လိုက်တယ် ။ ဒါမှ စားချင်တဲ့ အချိန် ထုတ်စား လတ်ဆတ် နေ ရော ။ မြေတီ တော့ တူး ကျွေးထားရတာပေါ့ ။ ပုစွန်လုံး ဆိုရင် ဂုံနီအိတ် ထဲ ထည့် ရေ သာ ဖြန်းထား လုံးဝ မသေတဲ့ အကောင်တွေ ။ စား ချင်သလောက် စား ၊ လာ ဝယ်သူ ရှိရင် ထုတ် ရောင်းလိုက် နဲ့ အဆင် ပြေနေတာပဲ ။ မသေမရှင် ဖြစ် နေတဲ့ ငါးတို့ပုစွန်လုံးတို့ ကတော့ ဘမောင် ရဲ့ ဟင်းလျာတွေ ပေါ့ ။ ရေချိုလေး တစ်မျိုး ၊ အိုးကပ်လေး တစ်ဖုံ နဲ့ စား လို့ စား ၊ ပုစွန်လုံးကို ထောင်း ရလာတဲ့ အဆီ ကို ချဉ်ပေါင်လေး နဲ့ ချက် လို့ ချက် ။ ထမင်း မမြိန်တဲ့ နေ့ ဆို တာ ဘမောင် ဘဝ မှာ မရှိဘူး ။

•••••   •••••   •••••

ဒီနေ့လည်း ထုံးစံ အတိုင်း မိုး တဖွဲဖွဲ အောက်မှာ ဘမောင် အိုင်ပက် နေတယ် ။ အိုင် စ ပက်တော့ မိုးသား ကင်းသေးတယ် ။ ရေခန်းခါ နီးမှ မိုး က ရွာ မလို လုပ် နေတော့ ရ သလောက်ကို မြန်မြန် လုပ် နေရတယ် ။ ရေ ကို မခန်းတခန်း ပက် လိုက်ပြီး ငါး စ နှိုက် လိုက်တယ် ။ မနှိုက်လို့ မရတော့ ။ မိုး သာ ကြီး လာရင် ရေ ပြန် ပြည့်ပြီး တာ ကျိုးသွားရင် ဘာမှ မရဘဲ ပင်ပန်းရကျိုး နပ်မှာ မဟုတ် ။ ထင်သည့်အတိုင်း သိပ်မကြာခင် မိုး က ဝေါခနဲ ရွာ ချတော့တယ် ။ ဘမောင် စိတ်ပျက်လက်ပျက် နဲ့ အိုင် ထဲ က အတက် အိုင်အစပ် မှာ ကလေး တစ်ယောက် ထိုင် ကြည့် နေတာ တွေ့ လိုက်တယ် ။

“ ဟိတ် ကောင်လေး .. ဘာ ထိုင် လုပ်နေတာလဲ .. မိုးတွေ ရွာ နေတာကို ပြန်တော့လေ .. တော်ကြာ အအေးမိဦးမယ် ”

“ ဦး ငါး ဖမ်းနေတာ ကြည့် နေတာပါ ...”

“ ဘာလဲ မင်း က ဖမ်းချင်လို့လား ... ရေ ပြည့်သွားပြီ .. မရတော့ဘူး ကွ .. ”

“ မဟုတ်ပါဘူးဗျာ ... ကြည့်ချင်ရုံ သက်သက်ပါ ”

“ ဒါဆိုလည်း .. နောက် နေ့ မှ သာ ကြည့်တော့ ... ဒီ နေ့ တော့ ငါ လည်း ပြန်တော့မှာ .. ”

“ နောက်နေ့ ဆို ကျောင်း တက်ရမှာဗျ ၊ ဒီ နေ့ က ပိတ်ရက်မလို့ ကစားရင်း ရောက် လာတာ ။ ဦး ငါးတွေ ရောင်း တာလား ”

“ ရောင်း လည်း ရောင်း .. စား လည်းစားပေါ့ကွာ ... မင်း က ဝယ် မလို့လား ... ”

“ ပိုက်ဆံမရှိပါဘူး ဦး ရာ ... ပိုက်ဆံ ရှိရင် လာ ဝယ် မယ်လေ သွားပြီ ဗျို့ ”

ကလေး လည်း ဘမောင် ကို နှုတ်ဆက်ပြီး ထွက် သွားတယ် ။ ကလေး ကို ကြည့်ရင်း ဘမောင် လည်း ဝါသနာတူလေး ဆိုပြီး ပြုံး မိတယ် ။ ဘမောင် ငယ်ငယ် က ဆို ဒီ ကောင်လေး ထက် ပင် ဆိုး သေးတယ် ။ မိုး ကလည်း သည်းသည်းမည်းမည်း ရွာ နေတော့ အိမ် ကို သာ ပြန်ခဲ့ လိုက်တော့တယ် ။

•••••   •••••   •••••

ဒီ ရက်ပိုင်း အတွင်း မိုး ကအဆက်မပြတ် ရွာ နေတော့ ငါးရှာ ၊ ဖားရှာ သိပ် အဆင်မပြေ ။ ဘမောင် ရေစည် ထဲ လှောင်ထားတဲ့ ငါးတွေ ၊ ဂုံနီအိပ် ရေဖြန်းပြီး ထည့် ထားတဲ့ ပုစွန်လုံးတွေ ရှိပေမယ့် ဗီဇ အရ ငါးရှာ ၊ ဖားရှာ ထွက် ချင်နေတယ် ။ ဘမောင် ဆုတောင်း ပြည့် တာလားတော့ မသိ ။ ဆက်တိုက် သည်း လာတဲ့ မိုး က ဒီနေ့ မနက်ပိုင်း မှာ စဲ သွားတယ် ။ ပလိုင်းတွေ ကို လွယ် ၊ ပေါက်တူး နဲ့ ရေပုံး ဆွဲ ကာ လယ်ကွက်တွေ ဘက် ထွက် ခဲ့ လိုက်တယ် ။ ဘမောင် မိုးနံ့ သင်းသင်း ပါတဲ့ လေ ကို အားရပါးရ ရှူ လိုက်ပြီး ကြွေးကျော် လိုက်တယ် ။

“ ကဲ .. ငါးတွေ ၊ ပုစွန်လုံးတွေရေ ... မင်းတို့ ကို ချွတ် ပေးဖို့ ဘမောင် ရောက် လာပြီ ကွ ... ဟား ဟား ဟား ”

လယ်ကွက်တွေ ကို ဖြတ်ကာ ငါး မြူးတဲ့ အိုင် ကို ဘမောင် ရွေးလိုက်တယ် ။ အိုင် ထဲ က ရေ ပက် ထုတ်နေတုန်း တစ်ခါက ရောက် လာတဲ့ ကလေး လျှောက် လာတာ ကို ဘမောင် လှမ်း တွေ့လိုက်တယ် ။

“ ကောင်လေး ရေ ခန်း ရင် မင်း ဆင်း ဖမ်းချင် ဖမ်းလေ ”

“ မဖမ်းပါဘူးဗျာ .. ဖမ်းလည်း မဖမ်းတတ်ဘူး ”

“ ဒါဆိုလည်း ထိုင် ကြည့်နေပေါ့ကွာ .... ”

ကလေး ကို စကား ဖြတ် လိုက်ပြီး လုပ်စရာ ရှိတာ ဆက် လုပ်လိုက်တယ် ။ အိုင် ပက် လို့ ရေ ခန်းခါနီး မှ မိုး က ဝေါခနဲ ရွာ ချလိုက်တော့ လုပ်ထား သမျှ အကုန် သဲထဲ ရေသွန် ဖြစ် သွားသလို ဘမောင် ဒေါသ လည်း ထွက် သွားတယ် ။ မိုး ကို ကျိန်ဆဲ လိုက်ပြီး အိုင် ထဲ က နေ ပြန် တက်ခဲ့လိုက်တယ် ။ ဒီတစ်ခါတော့ ငါး မရလည်း မပြန်ချင်လို့ လယ်ကွက်တွေ ထဲ က ပုစွန်လုံးကျင်း တွေ လိုက် နှိုက်လိုက်တယ် ။ ရသမျှ ပုစွန်လုံးတွေ ကို ပုံးထဲ ထည့် ထားလိုက်တယ် ။ ကလေး ကတော့ ဘေးနား က တောက်လျှောက် လိုက် ကြည့် နေတယ် ။

“ ဦး ပုစွန်လုံးတွေ အောက် မှာ အကောင်သေးသေးလေး တွေ ကပ် နေတယ်ဗျ ”

“ အဲဒါ ပုစွန်လုံး အစ်မ ... သူ့ ကလေးတွေ လေကွာ ... ”

“ ဦးလေး အဲဒီ အကောင်လေးတွေပါ စား တာလား ”

“ စားမလား ဟ ... ဒီမှာ ကြည့် ..  ”

ရေစပ် သွား လိုက်ပြီး ပုစွန်လုံးကို လက် နဲ့ ညှပ် ကိုင်ကာ ရေ နဲ့ လှုပ် ဆေး လိုက်တော့ ... ပုစွန်လုံးပေါက်လေး တွေ ရေ နဲ့ ပါ သွားတော့တယ် ။

“ တွေ့ လား .. မရှိတော့ဘူး ..  ”

“ ဦး အဲလို လုပ် လိုက်တော့ ကလေးတွေ က မအေ မရှိဘဲ သေကုန်မှာပေါ့ ဗျ ... သနားပါတယ် ဗျာ ”

“ သေတာ ရှင်တာ သူတို့ အလုပ် ... ဖမ်း တာက ငါ့ အလုပ် .. သတ္တဝါ ဆိုတာ လူ ချွတ် မှ ကျွတ်တာ ကောင်လေးရ  ”

“ ဦး အဲဒီ ပုစွန်လုံးတွေ ကျွန်တော့် ကိုရောင်း မလား .. ”

“ မင်း ပိုက်ဆံ ရှိလို့လား .... ရောင်း မယ်လေ .. ”

ကလေး က သူ့ ဘောင်းဘီ အိတ်လေး ထဲ ထည့် လာတဲ့ နှစ်ရာတန်လေး တစ်ရွက် ထုတ် ပေး လိုက်တယ် ။ ဘမောင်လည်း နှစ်ရာတန် ကို လှမ်း ယူ လိုက်ပြီး ပုစွန်လုံးပုံး ကို ပေး လိုက်တယ် ။

“ မင်း မလို့ ပေး တာနော် ... ဈေးထဲ သွား ဝယ်ကြည့် မရဘူး ”

ကလေး က ပုံးကို ဆွဲပြီး ရေစပ် မှာ ပုစွန်လုံးတွေ လွှတ်ပေးလိုက်တာ မြင်တော့ ဘမောင် အံ့ဩသွားတယ် ။

“ မင်း ဘာ လုပ်တာလဲ ကောင်လေး ၊ ပိုက်ဆံ ပြန် မပေးဘူးနော် ”

“ မပေးပါနဲ့ .. ဒါပေမယ့် ဒီ ပုစွန်လုံးတွေ တော့ ဦး ပြန် မဖမ်းရဘူးနော် .. ”

“ ငါ က ဖမ်းစရာ နေရာ အများကြီး ... မင်း သာ ဦးနှောက် မရှိ ပြန်လွှတ်တာ ..  ”

“ ကျွန်တော် က … မွေး ကတည်းက အမေ့ ကို မမြင်ခဲ့ရဘူးဗျ ၊ သူငယ်ချင်းတွေ လို အမေ ၊ အဖေ စုံစုံလင်လင် နေချင်တာ အမေ လို့ ခေါ်ချင် ခဲ့တာ ၊ အမေ က ကျွန်တော့် ကိုမွေးပြီး ဆုံး သွားတာလေ ။ ဒီ ပုစွန်လုံးလေးတွေ ကိုလည်း ကျွန်တော့် လို ဘဝမျိုး မဖြစ်စေချင်ဘူး ”

“ ဟား ဟား ဒီ ပုစွန်လုံးတွေ လွတ်လိုက်လို့ မင်း အမေ ပြန် ရှင် လာ မှာလား ကွ ၊ နောက် ဝယ် ရင် ပြော ငါရောင်း ပေးဦးမယ် ”

“ ပြန် မရှင်မှန်းတော့ သိပါတယ် ... ကျွန်တော့် ကို တွေ့ခွင့် မရှိလိုက်တဲ့ အမေ များ ကုသိုလ် ရ မလားလို့ ပါ ။ နောက်လည်း မုန့်ဖိုး စုပြီး ဝယ် မယ်နော် ဦးလေး အခုတော့ ပြန် တော့မယ် ”

“ အေး အေး ပြန်ပြန် ငတုံးလေး ရေ ၊ ငါကတော့ ပုစွန်လုံး ဆက် နှိုက် လိုက်အုံးမယ် ။ နောက်တစ်ခါလည်း လာ ဝယ်ဦး ဟား ဟား ”

ကလေး က သူ့ အိမ် အပြန်လမ်း ကို ဦးလှည့်လိုက်သလို ဘမောင် လည်း အခြားသောလယ်ကွင်းတွေ ဘက် ဦးတည် လိုက်တယ် ။

သူတို့ နှစ်ဦး ရဲ့ လားရာ ကတော့ ဆန့်ကျင်ဘက် သို့ သာ ။

◾ဒီရိပ်ညို

📖 နှလုံးသားဖြင့် စီရင်သည်

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment