❝ ကိုယ်တွေ့ ကြုံမှ ယုံမှာလား ❞
“ ဟယ် , သူငယ်ချင်း မြင့်မြင့် ၊ နင် ဘယ်တုံးက ရောက် နေတာလဲ ၊ ငါ ဝမ်းသာလိုက်တာ ဟယ် ... လာ ... လာ ... အထဲ ဝင် ”
မခင်စောဦး သည် အိမ်ရှေ့ဧည့်ခန်း ၌ စက်ချုပ် နေရာ မှ ကျောင်းနေဖက် သူငယ်ချင်း ဖြစ်သူ ခင်မြင့်မြင့် ရောက်လာသဖြင့် ဝမ်းသာအားရ ဖြစ်သွားသည် ။
“ ထိုင် သူငယ်ချင်း ၊ ဟောဒီမှာ ရေနွေး သောက် လိုက်ဦး ၊ နင် ဒီရွာ ကို ဘယ်တုံးက ရောက် နေတာလဲ ၊ ခွင့် နဲ့ လာတာလား ၊ အလည် သက်သက်ပဲလား ၊ တာဝန် နဲ့ လား ”
“ အမလေး , ခင်စော ရယ် ၊ ဖြည်းဖြည်း မေးပါဟာ ၊ မောနေပါဦးမယ် ၊ နင် ကတော့ ငယ်ငယ် က အကျင့် ကို မဖျောက်နိုင်သေးဘူး ၊ အမြဲတမ်းပျာယာခတ် နေတုန်းပဲ ”
“ အို ... အဲဒါကတော့ ငါ့အကျင့် ၊ ငါ့ ဗီဇပေါ့ဟာ ၊ ကဲ , ပြော အေးအေးဆေး ဆေးပဲလား ”
မခင်စောဦး နှင့် မခင်မြင့် တို့ မှာ တစ်ရွာတည်း နေ ၊ တစ်ရေတည်း သောက် ခဲ့ ကြ သည့် ကျောင်းနေဖက် သူငယ်ချင်းများ ထဲတွင် အချစ်ဆုံး သူငယ်ချင်းများ ဖြစ်ခဲ့ကြ သည် ။ မခင်မြင့်မြင့် က ( ၁၀ ) တန်း အောင်ပြီး နောက် မိဘများ နှင့် အတူ ရန်ကုန် သို့ ပြောင်းရွှေ့သွားသည် ။ မခင်စောဦး မှာ မူ ( ၁၀ ) တန်း ကို ( ခ ) ဖြင့် အောင်မြင်ပြီး ကျေးရွာ သမဝါယမ ၌ အရောင်းစာရေးမ အဖြစ် ဝင်ရောက် လုပ်ကိုင်နေခဲ့သည် ။ ရွာကျောင်း မှ မူလတန်းပြဆရာ တစ်ယောက် နှင့် အိမ်ထောင် ကျပြီး ကလေး တစ်ယောက် ရရှိပြီး ချိန် တွင် သမဝါယမစာရေး အလုပ် မှ နှုတ်ထွက်၍ အိမ် ဆိုင် ဖွင့် ထားရင်း ကိုယ်ပိုင် စက်ချုပ်လုပ်ငန်း ကို လုပ်ကိုင်နေခဲ့သည် ။ တစ်ဖက်မှာလည်း အိမ်နောက် ခြံ ထဲရှိ မြေကွက်လပ် တွင် ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုး၍ ပိုလျှံသည်များ ကို ရောင်းချခြင်း ဖြင့် စီးပွားရေး ချောင်လည် နေခဲ့သည် ။
သူငယ်ချင်း မခင်မြင့်မြင့် မှာ ရန်ကုန် သို့ ပြောင်းရွှေ့သွားပြီးသည့် နောက် ရန်ကုန်တက္ကသိုလ် မှ စီးပွားရေးဘွဲ့ ရရှိခဲ့သည် ။ ကွန်ပျူတာသင်တန်းများ ကို တစ်ဆင့် ပြီးတစ်ဆင့် တက်ပြီး မှ အစိုးရဌာန တစ်ခု တွင် အလုပ် ဝင်ခဲ့သည် ။ နောက်ပိုင်း၌ စစ်ဗိုလ်တစ်ဦး နှင့် အိမ်ထောင် ကျပြီး သားသမီးများ ရရှိနေပြီ ဖြစ်ကြောင်း စာအဆက် အသွယ် အရ သိရှိခဲ့ရသည် ။ နောက်ပိုင်း၌ အဆက်အသွယ် ပြတ်သွားခဲ့ကြသည် ။ လူချင်း မတွေ့ဖြစ်ခဲ့ကြသည် မှာ နှစ်၂၀ နီးပါး ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည် ။
“ ဒီလိုဟ ၊ ငါ့ အမျိုးသား က လုပ်ငန်းတာဝန် တစ်ခု နဲ့ ဒီ နယ် ဘက် ကို လာ ရလို့ ငါ လည်း ခွင့်ယူပြီး လိုက်လာခဲ့တယ် ။ ကိုယ့်ဒေသ ကို သတိ ရလို့ပေါ့ဟာ ၊ အထူးသဖြင့် နင့် ကို ပေါ့ ၊ နင့် ကို ငါ တကယ် သတိရတယ် ဟာ သိလား ”
“ တော်စမ်းပါ မြင့်မြင့် ရာ ၊ မြို့ကြီးသူ လေသံမျိုး နဲ့ ချွဲ မနေစမ်းပါနဲ့ ၊ ဒီလိုသာ သတိ ရနေခဲ့ရင် အခုမှ ဘာဖြစ်လို့ လာ ရတာလဲလို့ ၊ ကဲ ပြောပါအုံး ”
နှစ်ပေါင်း၂၀ နီးပါး ကွဲကွာခဲ့ကြသော သူငယ်ချင်း နှစ်ယောက် တွေ့တုန်း တွေ့ခိုက် လွတ်လွတ်လပ်လပ် ပြောကြ ဆိုကြ ၊ အလွမ်းသယ်ကြ နှင့် အချိန် ကုန်ခဲ့ ကြသည် ။
“ ဟဲ့ .. နေစမ်းပါဦး မြင့်မြင့် ရယ် ၊ နင် ဒီလောက်တောင် ဘာဖြစ်လို့ ဝ နေရ တာလဲ ဟာ ၊ ကြည့်စမ်းပါဦး ၊ ဗိုက်ခေါက် ထူပြီး ဝက်မကြီး ကျနေတာပဲ ၊ ကြည့်စမ်း ဟီး .. ဟီး .. ဟီး ”
“ ဪ , ဒါကတော့ ခင်စောရယ် ၊ ငါတို့ မိန်းမတွေ ဆိုတာကတော့ အသက်ကလေး ရလာလေလေ ဗိုက်ခေါက် ထူလာလေပေါ့ ဟာ ၊ဒါ သဘာဝ ပဲ ၊ နင့် မှာ သာ စီးပွါးရေး သောင်းကျန်းနေလို့ အညောင်း မိပြီး ပိန်နေ တာ ဖြစ်မှာပါ ဟာ ၊ ကြည့်လည်း လုပ်အုံးနော် ခင်စော ၊ နင် က , မ စားရက် မသောက်ရက် ဘဲ ရှာဖွေ စုဆောင်းခဲ့သမျှ ညီမလေး အတွက် ဖြစ်သွားမယ်နော် ၊ ဟဲ .. ဟဲ .. ဟဲ .. အဲ ... ဒါထက် နင့် ယောကျာ်း နဲ့ ကလေးတွေ မမြင်ပါလား ”
မခင်မြင့်မြင့် က တစ်အိမ်လုံး ကို အကဲခတ် စောင်းငဲ့ ကြည့်လိုက်ပြီး မေး လိုက်သည် ။
“ သမီးအကြီး နဲ့ သူ့ အဖေ ကတော့ ကျောင်း သွား ကြတယ်လေဟာ ၊ အငယ် ကောင် ကတော့ အခန်းထဲ မှာ အိပ်နေတယ် ၊ ညနေ ကျောင်းဆင်းတဲ့ အထိတော့ နေဦးပေါ့ ဟာ ၊ အချိန် ရရင်ညနေစာ ကို အိမ် မှာ စားပေါ့ ၊ ရောက်တုန်းရောက်ခိုက် အေးအေး ဆေးဆေးပေါ့ဟာ ၊ ဩော် , မြင့်မြင့် ခဏနော် ၊ ငါ နောက်ဖေး မှာ ပြောင်းဖူး ပြုတ်ထား တာ ရှိတယ် ၊ ခဏ ထိုင်ဦးနော်သူငယ်ချင်း ”
မခင်စောဦး က ပြောလက်စ စကား ကို ဖြတ်ထားခဲ့ပြီးနောက် မီးဖိုချောင် ဘက် သို့ ပြေး ဝင်သွားသည် ။ မခင်မြင့်မြင့် တစ်ဦး သာ ဧည့်ခန်းတွင် ကျန်နေရစ် ခဲ့သည် ။ အိမ်ရှေ့ခန်း တွင်လည်း အပ်ချုပ်စက် နှင့် ချုပ်လက်စ အဝတ်အထည်များ ဖြတ်စညှပ်စများ ... ကလေးကစားစရာများ မှ အစ ပြန့်ကြဲရှုပ်ထွေး နေသည် ။ အိမ်ရှေ့ခန်း တွင် လည်း ကုန်စုံဆိုင်မှ အရောင်းပစ္စည်းများ ၊ အာလူး ၊ ကြက်သွန် ၊ ဆပ်ပြာနှင့် အိမ်သုံးပစ္စည်းများ ၊ မုန့်ပဲသရေစာများ အပြင် မီးဖိုချောင်သုံး ပစ္စည်းများ ဖြင့် ရှုပ်ပွနေသည် ။ သည်လို မြင်ကွင်းကို ကြည့် လိုက်ရုံဖြင့် သူငယ်ချင်း ခင်စောဦး ၏ စီးပွါးရေး ခြေလှမ်းကျဲနေမှု ကို သတိ ပြုလိုက်မိသည် ။
“ ကဲ , သူငယ်ချင်း ၊ ပြောင်းဖူးပြုတ် ပူပူလေး စားလိုက်ပါဦး ၊ ဒါ ကိုယ့် ခြံ က ထွက်တဲ့ ပြောင်းဖူးတွေ ပဲ ၊ သိပ် ချို တာပဲဟ ၊ စားကြည့်ပါဦး ”
မခင်စောဦး က ပြောင်းဖူးပြုတ်လေးငါးဖူး ကို ကြွေရည်သုတ် သံလင်ဗန်း တစ်ချပ် တွင် ထည့်၍ လာ ချပေးသည် ။
“ ဪ ရပါတယ် သူငယ်ချင်းရယ် ၊ နင့် ကလေးတွေ စားဖို့ ထား လိုက်ပါဟယ် ”
“ အိုး , စားသာ စားစမ်းပါ ဟာ ၊ ဝယ်ရတာ မဟုတ်ပါဘူး ၊ အိမ်နောက် ဘက် မှာ ငါ ကိုယ်တိုင် စိုက် ထားတာ ဟ ၊ နင် ပြန် ရင်ထည့် ပေးလိုက်ဦးမယ် ”
“ အမလေး တော်ပါတော့ ခင်စော ရယ် ၊ ဒါတွေကို ငါ မသယ်နိုင်ပါဘူး ဟာ ၊ နင့် ဈေးဆိုင် မှာသာ တင် ရောင်းပစ်လိုက်စမ်းပါ ၊ ဟောဟိုမှာ နင့် သားလေး နိုးလာ ပြီဟ ၊ ဒီကောင် ဘယ်နှနှစ် ရ သွားပြီလဲ ၊ ကဲ .. ကဲ အန်တီ့ ဆီ လာပါဦးကွ ၊ အန်တီ ပြောင်းဖူး ပေးပါ့မယ် ”
သူငယ်ချင်း နှစ်ယောက်သား စကား ပြော နေကြစဉ်မှာပင် သားသားလေး အိပ်ရာမှ နိုးလာပြီး မိခင် ရင်ခွင်ထဲ သို့ ဝင်ထိုင်လိုက်သည် ။ မိခင် က ပြောင်းဖူး တစ်ပိုင်း ချိုးဖဲ့ပေးလိုက်သဖြင့် ငြိမ်သက်စွာထိုင် စားနေလိုက်သည် ။
“ သားသားလေး က သုံးနှစ် ရှိပြီ ၊ အကြီးမ က ကိုးနှစ် ထဲ မှာရောက်နေပြီ ၊ ဒီနှစ် လေးတန်းပေါ့ ဟာ ၊ သူတို့လေးတွေ လိမ္မာကြပါတယ် ။ သူတို့ လိမ္မာကြလို့လည်း ငါ့ အလုပ် ကိုဖြောင့်ဖြောင့် လုပ် နိုင်တာပေါ့ ”
မခင်မြင့်မြင့် သည် မိခင် ရင်ခွင်ထက် တွင် ပြောင်းဖူး စားရင်းငြိမ်သက်စွာ ထိုင် နေသော သားငယ်ကလေး အား ဆွဲယူ ပွေ့ချီလိုက်သည် ။
“ အန်တီ့ ဆီ ကို လာစမ်းပါဦးကွ ၊ သားသားလေး က လူချောလေးပဲ ကြည့်စမ်း ၊ အသားကလည်း ဖြူဖွေးဥနေတာပဲ ကွာ ၊ ကြီးလာရင်တော့ မိန်းမ ဘယ်နှယောက် တောင် ရမလဲမသိဘူး ၊ ပြစမ်း ၊ အန်တီ လက္ခဏာ ကြည့်ဦးမယ် ၊ လက်ဖဝါးလေးတွေ က နု နေတာပဲ ”
မခင်မြင့်မြင့် က သားငယ်ကလေး ၏ လက်ဖဝါးနုကလေးများ ကို တယု တယ ပွတ်သတ် ဖြန့် ကြည့်နေလိုက်ရာ -
“ ဟယ် ... ”
မခင်မြင့်မြင့် အလန့်တကြား အော် လိုက်စဉ် မခင်စောဦး ၏ မျက်နှာ အမူအရာမှာ ချက်ချင်း ပျက်ယွင်းသွားသည် ။
“ ဒါ ... ဒါ့ ဘယ်လို ဖြစ်တာလဲ ခင်စော ရယ် ၊ ကြည့်စမ်းပါဦး ၊ ငါ စိတ်မကောင်း လိုက်တာဟယ် ၊ မှန်းစမ်း ... ဒီဘက် လက် ၊ ဟယ် ... နှစ်ဖက်စလုံးပါပဲလား ၊ ကဲ ... သူငယ်ချင်း ၊ ဒါ ... ဘယ်လို ဖြစ်တာလဲ ၊ ငါ့ ကို ပြောပြစမ်းပါဦးဟာ ၊ မွေးရာ ပါလား ၊ မွေးပြီး မှ ဖြစ်တာလား ၊ ကြည့်စမ်းပါဦး ၊ ငါ စိတ်မကောင်းလိုက်တာ ခင်စောရယ် ၊ တကယ်ပဲ ဟာ ”
မခင်မြင့်မြင့် က ကလေးငယ် ၏ လက်ဖဝါး နှစ်ဖက် ကို ဖြန့်ကြည့်ရင်း စိတ် မကောင်းဖြစ်နေသည် ။ ကလေးငယ် ၏ လက်ချောင်း ဆယ်ချောင်းစလုံး တွင် လက် တစ်ဆစ် စီ ပြတ်တောက်နေပြီး လက်သည်းခွံ များ မပါကြသဖြင့် လက်ထိပ်ဖျား ကလေးများ မှာ ပျော့စိစိ ဖြစ်နေသည် ။
“ ဟုတ်တယ် မြင့်မြင့် ရယ် ၊ သားလေး အတွက် ငါတော်တော် ခံစားခဲ့ရတယ် ၊ ငါ့ သားလေး ဘယ်လို ဝဋ်ကြွေးကြောင့် ဒီလို ခံစားနေရတယ် မသိတော့ပါဘူး သူငယ်ချင်း ရယ် ၊ သားသားလေး ခမျာ လက်ချောင်းကလေးတွေ တင် မကပါဘူး ၊ ခြေချောင်း ကလေး မှာ လည်း ဒီအတိုင်း ပဲဟာ ”
“ ဟယ် , ဟုတ်လား ၊ ပြစမ်းပါးဦး ၊ ဟယ် , ဟုတ်တာပေါ့ ဟာ ၊ အမလေး ခင်စော ရယ် ဘယ်လို ဖြစ်တာလဲ ဟာ ၊ နေစမ်းပါဦး ၊ နင် အိုင်အိုဒင်းဆား ကို မသုံးခဲ့ဘူး ထင်တယ်ဟာ ၊ အိုင်အိုဒင်းဆား ကို ကိုယ်ဝန် မဆောင်မီ မှာရော ကိုယ်ဝန်ဆောင် ထား တဲ့ အချိန်မှာပါ အမြဲ စား ရတယ် ၊ နင် မစားဘူး ထင်ပါတယ် ဟာ ”
မခင်စောဦး က မည်သို့မျှ တုံ့ပြန် ပြောဆိုမှု မပြုဘဲ သားသားလေး ကို သာ စိုက် ကြည့်ပြီး စိတ်မကောင်း ဖြစ်နေသည် ။ မျက်လုံးအိမ် မှ မျက်ရည်ဥ တို့ ယီးလေး ခို၍ စီးဆင်းလာကြသည် ။ ကျဆင်းလာသော မျက်ရည်များ ကို လက်ဖမိုးဖြင့်ပွတ်သုတ်ရင်း တုန်ရီနေသောအသံ ဖြင့် ပြော လိုက်သည် ။
“ အိုင်အိုဒင်းဆား ကြောင့် တော့ မဟုတ်ဘူးလို့ ထင်ပါတယ်ဟာ ၊ ငါ လည်း ကျန်းမာရေး ပညာပေးစာစောင်တွေ ကို ဖတ်ပါတယ် ၊ ကြားလည်း ကြားဖူးပါတယ် ၊ ဒါကြောင့် ငါ့ အိမ် မှာ အိုင်အိုးဒင်းဆား ကို ပဲ အမြဲစားသုံးတယ်ဟ ၊ ငါ့ သားကလေးခမျာ ဘယ်လို ဝဋ်ကြွေးကြောင့် ဒီလို ဖြစ်ရတာ ဆိုတာတော့ မတွေးတတ်တော့ပါဘူး သူငယ်ချင်း ရယ် ”
မခင်စောဦး က ခေါင်း ငုံ့ပြီး တရှုပ်ရှုပ်ဖြင့် ငိုနေသည် ။ မခင်မြင့်မြင့် က စိတ်မကောင်းစွာဖြင့် ကလေးငယ် ကို သာ ငေးစိုက် ကြည့်နေလိုက်သည် ။
“ အင်း - အခုမှတော့ ဘာတတ်နိုင်တော့မှာလဲ သူငယ်ချင်း ရယ် ၊ သူ့ ဝဋ်ကြွေး ပါလို့ပဲ ပေါ့ ဟာ ၊ အေး ... ဒါပေမယ့် နင့်ကလေး ကြီးလာရင်သာ လူ့ အောက်တန်း မကျ ရအောင် မျက်နှာ မငယ်ရအောင် ပညာ ကို ထူးချွန်အောင် သင်ပေးရမှာပေါ့ဟာ ။ ကဲ ... ကဲ စိတ် မကောင်း ဖြစ်မနေပါနဲ့တော့ သူငယ်ချင်း ရယ် ၊ ကဲ , သားလေး ပြောင်းဖူး စားလို့ကောင်းရဲ့လား ၊ အန်တီ့ ကိုပေးစားပါဦးကွ ”
“ မြင့်မြင့် သူငယ်ချင်း ”
“ ဘာလဲ ခင်စော ၊ နင် ဘာ ပြောချင်လို့လဲ ဟင် ”
“ ဒီလို ဟ ၊ ငါ့ စိတ်ထဲ မှာ မတင်မကျ ဖြစ်နေတာ တစ်ခု ရှိနေတာ ကြာပြီ ၊ နင် , ယုံမလားတော့ မသိဘူး ၊ ငါ့ အမျိုးသားကတော့ ယုံတယ် လို့ ပြောတယ် ၊ အဲဒါ ဇဝေဇဝါ ဖြစ် နေတယ်သူငယ်ချင်း ”
“ ဘာကိုလဲ ခင်စော ၊ ဘာကို မယုံတာလဲ ပြောလေဟာ ”
မခင်စောဦး က လမ်းဘက်သို့ ငေးကြောင်၍ ကြည့် နေသဖြင့် မခင်မြင့်မြင့် က သူ့ သူငယ်ချင်း အပေါ် အားမလို အားမရ ဖြစ်ပြီး ၊ မခင်စောဦးအား ကိုင်လှုပ် ပစ် လိုက်သည် ။
“ ပြောလေ ခင်စော ၊ နင် ဘာကို မယုံတာလဲ လို့ ”
“ ဒီလို ဟာ ဝဋ် ဆိုတာ တကယ် ရှိ ၊ မရှိ နဲ့ ၊ ရှိ ရင်လည်း နောက်ဘဝ မှာ မှ ခံရ တာမျိုးလား ၊ ဒီ ဘဝ မှာပဲ ခံစားရမှာလား ဆိုတာကို ငါ သိချင်နေတာကြာပြီ သူငယ်ချင်း ”
“ ဪ , ခင်စော ရယ် ၊ နင် လည်း ခေတ်ပညာတတ် လူငယ် တစ်ယောက် ပါဟာ ၊ စာတွေ ထဲ မှာလည်း ဖတ်ဖူးမှာပေါ့ ကြားလည်း ကြားဖူးမှာပေါ့ ၊ ငရဲ မှ အပ - ဝဋ် မှာ အမြဲ တဲ့ ၊ အင်း , ငရဲ ဆိုတာတော့ ကုသိုလ်ကောင်းမှု နဲ့ ပြန် ချေရင်တော့ ပေါ့ လျော့ချင် ပေါ့လျော့ သွားနိုင်ပေမယ့် ခံတော့ ခံရမှာပဲ ၊ အဲ , ဒါပေမယ့် ဝဋ် ဆိုတာ ကိုတော့ ဘယ်လိုမှချေဖျက်လို့ မရနိုင်ဘူး ဟာ ၊ တစ်နေ့နေ့ မှာတော့ ဝဋ်ကြွေး ကို ဆပ် ကို ဆပ်ရမှာပဲ ၊ ပြေးမလွတ်ဘူး ၊ ကိုယ် မကောင်းမှု လုပ်ခဲ့တဲ့ အတွက် တူသော အကျိုး ၊ တူသော အပြစ် ကို ခံကြရမယ်လေ ၊ ငါတို့ ဂေါတမ မြတ်စွာဘုရား ကိုယ်တော်မြတ် ကြီး တောင် မှ ပရိနိဗ္ဗာန် မဝင်မီ စပ်ကြား မှာ ဝဋ်ကြွေးတွေ အများကြီး ခံခဲ့ရသေးတာပဲ ၊ ပြီးတော့လည်း တန်ခိုးအရာ မှာ ဧတဒဂ်ဘွဲ့ ရ ထားတဲ့ ရဟန္တာ အရှင်မောဂ္ဂလန် ကိုယ်တော်ကြီး ဟာ ဟိုး နုစဉ်ဘဝ တုန်း က မိခင်အရင်း ကို ခိုးသားဓားပြ အယောင် ဆောင်ပြီး ကိုယ်တိုင် ရိုက်နှက်သတ်ပုတ်ခဲ့တဲ့ ဝဋ်ကြွေးကြောင့် တန်ခိုးကြီးမားတဲ့ ရဟန္တာ ဘဝ ကို ရောက်နေတာ တောင် မှ အဲဒီမကောင်းမှု ဝဋ်ကြွေး ကို တူသော ဝဋ်ကြွေး အဖြစ် ခိုးသားငါးရာ ဆီ မှာ အရိုက်အနှက် ခံခဲ့ရသေးတာပဲ ဟာ ၊ ဒါကြောင့် ဝဋ်ကြွေး ဆိုတာ အမှန်တကယ် ပြန်လည်ပေးဆပ်ရတာမျိုးပေါ့ ခင်စောရယ် ၊ ဒါနဲ့ နေပါဦး နင် က ဒီ ဝဋ်ကြွေး နဲ့ ဘယ်လို ပတ်သက်နေလို့ ဒီလောက် စိတ်ဝင်စား နေရတာလဲ ငါ့ ကို ပြောပြစမ်းပါဦး ”
မခင်မြင့်မြင့် က ဝဋ်ကြွေးအကြောင်း နှင့်ပတ်သက်၍ စိတ်ရှည်လက်ရှည် ရှင်းပြနေသည် ကို မခင်စောဦး က စိတ်ဝင်စားစွာဖြင့် ငြိမ်၍ နားထောင်နေသည် ။ မခင်မြင့်မြင့် စကား အဆုံးသတ်လိုက်သည်နှင့် တစ်ပြိုင်နက် မခင်စောဦး က ဝင် ပြော လိုက်သည် ။
“ ဒီလိုဆိုရင် ဟုတ်ပါပြီသူငယ်ချင်း ၊ ငါ , ယုံသွားပြီ ၊ အခု ငါ အမှန်တကယ် ဝဋ်ကြွေး ခံနေရတာပဲ ၊ ဒါပေမယ့် ငါ့ဝဋ်ကြွေး ကို ငါ့ သားလေး ခံနေရတာပဲ သူငယ်ချင်း ၊ ငါ ယုံသွားပြီ ”
မခင်စောဦး မှာ သားသားလေး ၏ ခြေထောက် နှစ်ဖက် ကို ဆုပ်ကိုင်ရင်း ငို ချလိုက်သည် ၊ မခင်မြင့်မြင့် က နားမလည်သည့် အမူအရာဖြင့် အော်ပြောလိုက်သည် ။
“ ဟဲ့ ခင်စော ၊ နင် က ဖြစ်ပြန်ပြီဟာ ၊ နင် ဘာ လုပ်မိခဲ့လို့ လဲ ၊ နင့် သားလေး က နင့် အစား ဝဋ်ကြွေး ခံရတယ် ဆိုတာ ဘယ်လိုကြောင့်လဲ ၊ ငါ့ ကိုပြောပြပါဦး ဟာ ”
“ သူငယ်ချင်း ၊ ငါ ... ငါ လေ , သိပ် မှားခဲ့တယ် သူငယ်ချင်းရယ် ငါ , စိတ်လိုက် မာန်ပါ နဲ့ မဆင်မခြင် လုပ်ခဲ့မိတဲ့ ဝဋ်ကြွေးကိုပါ ၊ အခု ပြန် ခံနေရတယ် ဆိုတာ ၊ ငါ ယုံကြည်လိုက်ပြီ သူငယ်ချင်း ၊ သူငယ်ချင်း ကို ငါ ပြောပြမယ် ၊ ဟိုး ... လွန်ခဲ့တဲ့ လေးငါးနှစ် လောက် က ပေါ့ ”
••••• ••••• •••••
“ မေမေကြီး .. မေမေကြီး ”
“ ဘာလဲ သမီးလေး ”
“ ခြံ ထဲ မှာ ကြက်တွေအများကြီး ၊ သမီးတို့ စိုက်ထားတဲ့ အပင်တွေ အားလုံး ကျိုးသွားပြီ ၊ မေမေကြီး လာကြည့် လာကြည့် ”
“ ဟင် ၊ ဒီ ကြက်နာတွေ ... ရောက် နေကြပြန်ပြီလား ”
မခင်စောဦး မှာ အပ်ထည်အင်္ကျီများ အရေးကြီးနေသဖြင့် စက်ခုံပေါ်မှ မထနိုင် ။ အပ်ထည်များ မှာ ယနေ့ အပြီးချုပ်ပေးရမည် ဖြစ်၍ နေ့လယ်စာ ထမင်း ကိုပင် မစားနိုင်သေးဘဲ ၊ ကြိုးကြိုးစားစားချုပ် နေရသည် ။ အိမ်မှုကိစ္စ မှန်သမျှကိုလည်း အလျဉ်မီအောင် လုပ်ဆောင်ရသည် ။ စက်ချုပ်လုပ်ငန်း ၊ အိမ်ဆိုင်လုပ်ငန်း ၊ အိမ် နောက်ဖေးစိုက်ပျိုးရေးလုပ်ငန်း နှင့် အိမ်မှုကိစ္စ ၊ စားသောက်ရေးကိစ္စမှ အစ အချိန်နှင့် တစ်ပြေးညီ အပြေးအလွှား လုပ်ကိုင်နေရသဖြင့် တစ်ယောက်တည်း အလွန် ပင်ပန်း လှသည် ။ ထို့ကြောင့်လည်း မခင်စောဦး တစ်ယောက် အမြဲလိုလို စိတ် တိုနေတတ် သည် ။
ယခုလည်း ထွေထွေပြားပြား အလုပ် မအားရသည့် ကြားထဲ ၊ နောက်ဖေးစိုက်ခင်း သို့ ကြက်မတစ်အုပ် ရောက်နေပြန်ပြီ ဖြစ်ကြောင်း သမီးလေး က လာ ပြောသဖြင့် ဒေါသ မထိန်းနိုင်တော့ဘဲ ၊ စက်ခုံ ပေါ် မှ ဝုန်းခနဲ ထ လိုက်ပြီး ၊ နောက်ဖေး စိုက်ပျိုးရေး ခြံဘက် သို့ အပြေး ဆင်း လိုက်သည် ။ မခင်စောဦး သည် စိုက်ခင်းထဲ ၌ ကြက်မတစ်အုပ် သောင်းကျန်းချင်တိုင်း သောင်းကျန်းနေသည် ကို မြင် လိုက်ရသည်နှင့် တစ်ပြိုင်နက် ဒေါသ ကို ချုပ်တည်း မထားနိုင်တော့ဘဲ နီးရာ ထင်းခြမ်းချောင်း ကို ကောက်ယူ၍ တအားကုန် ပစ်ပေါက်လိုက်သည် ။
“ ကောက်ကောက် .. ကတောက် ကတောက် .. ကတော်ကတော် .. ကျလိကျလိ"
ကြက်မိသားစု ၏ အော်ဟစ်သံ ၊ မခင်စောဦး ၏ အော်ဟစ်ဆဲဆိုကြိမ်းမောင်းသံ တို့ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး ဆူညံသွားသည် ။
မခင်စောဦး ပစ်ပေါက်လိုက်သော သစ်သားချောင်း ကြောင့် လသား အရွယ် ကြက်ငယ် တစ်ကောင် ကို ထိမှန်ပြီး လဲကျနေခဲ့သည် ။ ကြက်ကလေး မှာ တောင်ပံတဖျပ်ဖျပ် ဖြင့် ဆန့်ငင်ဆန့်ငင် ဖြစ်နေသည် ။ မခင်စောဦး ၏ ဒေါသ မှာ မပြေ ပျောက်နိုင်သေးဘဲ ဆန့်ငင်ဆန့်ငင် ဖြစ်နေသော ကြက်ငယ်ကလေး ၏ ခြေထောက် တစ်ဖက် ကို ဆွဲကောက်ကိုင်မြှောက်၍ ခြံအပြင် ဘက် သို့ လွှင့်ပစ်လိုက်သည် ။ ထို့နောက် ပျက်စီးသွားသော ဘူးပင် ၊ ခရမ်းပင် ၊ သခွါးပင် ၊ ငရုတ်ပင် ၊ ပန်းပင် စသည် များကို ပြန်လည် ပြုပြင်ပေးရင်း ၊ ပါးစပ်မှ လည်း ဗျစ်တောက်ဗျစ်တောက် ဖြင့် ဆဲဆို ကြိမ်းမောင်းနေလိုက်သည် ။
“ ဟေး ... ကြက်ပိုင်ရှင်တွေ ၊ ကိုယ့်ကြက် ကို နိုင်အောင် ထိန်းထားကြဦးဟေ့ ၊ အပင်ပန်းခံပြီးစိုက်ပျိုးထားတဲ့ ငါ့ အပင်တွေအကုန်လုံး ပျက်စီးကုန်ပြီ ၊ ဒီတစ်ခါ ကိုယ့် ကြက် ကို နိုင်အောင်မထိန်းနိုင်လို့ ကတော့ ၊ ငါ့ ကို အပြစ် မဆိုကြနဲ့ ၊ ဒါနောက်ဆုံးပဲ ”
မခင်စောဦး မှာ သူ စိုက်ပျိုးထားသော အပင်များ ပြိုလဲပျက်စီးသွားကြသဖြင့် ကြက်ပိုင်ရှင်များ ကြား နိုင်လောက်အောင် အော်ဟစ်ပြောဆိုကြိမ်းမောင်းကာ အိမ်ပေါ် သို့ပြန် တက်လာခဲ့ပြီး စက်ခုံ တွင် ထိုင်၍ စက်ချုပ် နေလိုက်ပြန်သည် ။ အိမ်ရှေ့ ဈေးဆိုင် တွင် ဈေးဝယ်များ ရောက်လာသဖြင့် ၊ စက်ခုံ မှ ထ၍ ဈေး ရောင်း လိုက်ရပြန် သည် ။ စက်ခုံ တွင် ပြန် ထိုင်ရင်း ၊ ခေါင်းရင်း ဘက် စားပွဲပေါ် တွင် တင်ထားသော နာရီ ကို လှမ်း ကြည့်မိလိုက်ရာ ( ၃ ) နာရီ ထိုးနေပြီ ဖြစ်၍ ၊ ထမင်း ချက် ရန်မီးဖိုချောင်ဘက် သို့ ပြေးဝင်လိုက်ရပြန်သည် ။
“ သမီးလေး ၊ မေမေ ထမင်း ချက်လိုက်ဦးမယ်နော် ၊ ဈေးဆိုင် ကို ခဏ ထိုင် စောင့်နေဦးနော် သမီး ၊ ခဏ ကြာရင် ဖေဖေကြီး ပြန် လာတော့မယ် ၊ စောင့်နေနော် သမီးလေး ”
အသက် ( ၄ ) နှစ် အရွယ် သမီးလေး ကို အိမ်ရှေ့တွင် ထိုင် စောင့်ခိုင်းပြီး မခင်စောဦး က ထမင်းဟင်းလျာများ ချက်ပြုတ် နေလိုက်သည် ။
“ ဟေး ၊ ဖေဖေကြီး ပြန်လာပြီ ၊ ဖေဖေ ဒီ မှာ သမီး ဈေးရောင်းနေတာလေ ”
“ အို ဖေဖေ့ သမီးလေး က လိမ္မာလိုက်တာကွာ ၊ သမီးလေး က ဈေးရောင်း တတ်လို့လား ၊ ဟား , ဟား , ဟား ၊ မေမေကြီးရော ဘာ လုပ်နေလဲ သမီး ”
“ မေမေကြီး က ထမင်း ချက်နေတယ် ၊ ဖေဖေကြီး သမီး ရေခဲချောင်း စားချင် တယ် ၊ နော် , ဖေဖေကြီး ”
“ ဟေ , စားချင် စားပေါ့ သမီးရဲ့ ၊ ဟိုမှာ မေ့မေ့ ဈေးဆိုင် ထဲ မှာ ရေခဲပုံး ရှိ နေ သားပဲ ၊ ဘာလဲ , မေမေကြီး က မကျွေးဘူးလားဟင် သမီး ”
“ ဟင့်အင်း ၊ ချောင်းဆိုးလို့ မစားရဘူး တဲ့ ၊ ဘီစကစ်မုန့်ပဲ စားရတယ် ၊ သမီး က ရေခဲချောင်း စားချင်နေတာ ၊ နော် .. ဖေဖေကြီး ”
“ ကြည့်စမ်း … သမီး , သေသွားချင်လို့လား ဟင် ၊ သမီး ည က ချောင်းဆိုး တယ်လေ ၊ ရေခဲချောင်း စားရင် နေမကောင်း ဖြစ်မှာပေါ့ သမီး ရဲ့ ၊ သမီး က ဘီစကစ် မုန့်တစ်ထုပ်တောင် ကုန်အောင် စားထားပြီးပြီပဲ သမီးရယ် ၊ တော်ရောပေါ့နော် , သမီး ”
မိခင် အသံ ကို ကြား လိုက်တော့မှ သမီးလေး ငြိမ်သွားသည် ။ သမီးလေး မှာ အသက် ( ၄ ) နှစ် မပြည့်တတ်သေးသော်လည်း စကားအရာ မှာ တတ်ကျွမ်းလိမ္မာသည် ။ လူကြီးများ ၏ အရိပ်အကဲ ကို သိတတ်သည် ။ သို့ကြောင့်လည်း မိဘ နှစ်ပါးလုံး က အချစ်ဆုံး ဖြစ်နေကြသည် ။
“ ကဲ ... မိန်းမ ကို အစ်ကိုတစ်ခု မေးမယ် ၊ စိတ် မဆိုးရဘူးနော် ”
“ အမယ် .. ဒီနေ့ ထူးထူးဆန်းဆန်းပါပဲလား ၊ မေး ဘာမေးမလို့လဲ ”
ညနေ ထမင်းစားပြီး၍ အေးအေးဆေးဆေး စကားထိုင် ပြောနေကြခိုက် ၊ မခင်စောဦး ၏ ခင်ပွန်း ကျောင်းဆရာ ‘ ကိုသန်းစိန် ’ က မေးခွန်း တစ်ခု မေးလိုက်သည် ။
မခင်စောဦး မှာ ခင်ပွန်းသည် ထံ မှ မမျှော်လင့်ထားသော မေးခွန်းမျိုး ကို အမေး ခံလိုက်ရသဖြင့် မျက်နှာ အမူအရာ ပျက် သွားသလို ဒေါသလည်း ဖြစ်သွား သည် ။
“ ဒီနေ့ ကိုယ့် မိန်းမ ကြက်တစ်ကောင် ကို ရိုက် သတ်လိုက်တယ် ဆို ၊ ဦးကျော်ကြီး က အစ်ကို့ ကို ပြောပြလိုက်တယ် ။ နောက် , ဒီလို မလုပ်နဲ့ကွာ ၊ သူတို့ တစ်အိမ်သား လုံး စိတ်ထား ကောင်းကြပါတယ် ၊ သဘောထားလည်း ပြည့်ဝကြပါတယ် ၊ အခုလည်း သူတို့ စိတ်ဆိုး လို့ ပြောတာ မဟုတ်ပါဘူး .. ”
“ အမယ် , ကြီးကျယ်လိုက်တာ ၊ စိတ် မဆိုးဘူး ဆိုရင် အစ်ကို့ ကို ဘာဖြစ်လို့ တိုင် လိုက်တာလဲ. . ”
“ ဪ .. ဒီလို သဘောမျိုးနဲ့ တိုင်တာ မဟုတ်ပါဘူးကွာ ၊ သူတို့ ကြက် ခြံ ထဲ ဝင်တဲ့ ကိစ္စ နဲ့ပတ်သက်လို့ စိတ် မဆိုးပါနဲ့ တဲ့ တောင်းပန်ပါတယ် တဲ့ ၊ အဲ .. ဒါပေမယ့် ပေါ့ကွာ ၊ သူတို့ က တောင်းပန်တယ် ဆိုမှတော့ ကိုယ်တို့က သဘောထား ကြီးကြီး နဲ့ ခွင့်လွှတ်ရမှာပေါ့ ၊ အပြောအဆို အပြုအမူတွေ ကို ဆင်ခြင်ရမှာပေါ့ ၊ မိန်းမ က ကိုယ့် အပင်လေးတွေ ကို နှမြောသလို သူတို့ က လည်း သူတို့ ကြက် ကို နှမြောမှာ ပေါ့ ၊ ကိုယ့် ခြံ ထဲ ဝင် လာရင် မောင်းထုတ် လိုက်ပေါ့ကွာ ၊ မိန်းမ တန် မဲ့ ဒီလို ပုံစံမျိုး ရက်ရက်စက်စက် ရိုက်သတ် လိုက်တယ် ဆိုတာ လူ ကြားလို့လည်း မကောင်းပါဘူး နော် , မိန်းမ ”
“ အိုး ... ဒါဆိုလည်း ကြက်တွေ ကို ခြံ ထဲ မဝင်လာစေနဲ့ပေါ့ ၊ ဟင်း .. သူတို့ ကပဲ တိုင်လားပြောလား လုပ်သေးတယ် ၊ မှတ်ထားကြဦးပေါ့ ၊ ဒီတစ်ခါ ဝင် လာ ကြည့် ၊ ကောင်းကောင်း ပညာ ပေး လိုက်ဦးမယ် ”
မခင်စောဦး မှာ ခင်ပွန်းသည် ၏ ဖျောင်းဖျဆိုဆုံးမမှု ကို ပင် လက်မခံနိုင် လောက်အောင် စိတ် တိုနေသည် ။ သူမ ၏ ဒေါသ ကို ဆွ ပေးလိုက်သလို ဖြစ် သွားခဲ့ ရသည် ။
သည်လိုနှင့်ပင် နောက် တစ်ပတ်ခန့် အကြာ တွင် ပြဿနာ တစ်ခု တက်လာ ပြန်သည် ။
“ လာပြန်ပြီ ဒီကြက်နာတွေ ၊ ရှူး ရှူး ရှူး, ဟင်း, ဒီ ကြက်နာတွေ ကို မောင်းနေ ရ တာနဲ့ ဘာ အလုပ် မှ မလုပ်ရတော့ဘူး , သိမယ် ၊ ငါ့ အကြောင်း ကို သိစေရမယ် ”
မခင်စောဦး မှာ မီးဖိုချောင် ထဲ ၌ ဟင်း ချက်နေရာမှ ကြက်မိသားစု တစ်အုပ် ကို လှမ်းအော် မောင်းထုတ်နေသည် ။ ကြက်မ မိသားစု မှာ မခင်စောဦး စိုက်ပျိုးထားသော ဘူးပင် ၊ ခရမ်းပင် ၊ သခွားပင် ၊ ငရုတ်ပင် နှင့် အခြား စားပင် သီးနှံပင်များ အကြား တွင် သောင်းကျန်းချင်တိုင်း, သောင်းကျန်း နေကြသည် ။ မခင်စောဦး ကလည်း ဟင်းအိုး တန်းလန်း ဖြစ်နေ၏ ။ ပါးစပ် က သာ တရှူးရှူးရှူးဖြင့် အော်ဟစ်မောင်းထုတ်ရင်း ကြိမ်းမောင်း နေရသည် ။ ခဏအကြာ တွင် ဟင်းအိုး ကို မီးဖိုပေါ် မှ ချထားခဲ့ပြီး ၊ ဝါးဖြင့်ပြုလုပ်ထားသော အုပ်ဆောင်းအဟောင်း တစ်ခု ကို လှမ်းဆွဲ ဆုပ်ကိုင်လျက် စိုက်ခင်းထဲ သို့ တစ်ဟုန်ထိုး ပြေးဆင်းသွားတော့သည် ။
“ ကဲ , ငါ လာပြီ , နင်တို့ ပဲ သောင်းကျန်း နိုင်မလား ၊ ငါ က ပဲ ထိန်းနိုင်မလား ၊ ကဲ ကဲဟာ , ကဲဟာ , မှတ်ထား , ဟာ , အေး , အေး လွတ်သွားတဲ့ အကောင်တွေ နေကြဦး ”
မခင်စောဦး မှာ အုပ်ဆောင်းကြီး ကို ကိုင်မ , ပြီး ကြက်မကြီးနှင့် ကြက် ပေါက် ကလေးများကို လိုက် ဖမ်းနေသည် ။ ကြက်ဖ ၊ ကြက်မကြီး နှင့် ကြက်ငယ် ကလေးများ ကြောက်လန့်ပြီး အော်ဟစ်ပျံလွှားပြေးသွားကြသည် ။ ကြက်သံ , လူသံ များ ဖြင့် ဆူညံသွားသည် ။
“ ကဲ မှတ်ထား, နင် တို့ ကို ပညာ ပေးရမယ် လွတ်သွားတဲ့ ကောင်တွေ လည်း နောက်မှ ပညာ ပေးရမယ် ၊ လာ လိုက်ခဲ့ကြ ”
မခင်စောဦး မှာ အုပ်ဆောင်းကြီး ဖြင့် ဖိအုပ် , ဖမ်းမိလိုက်သော လသား အရွယ် ကြက်ပေါက်ကလေး သုံးကောင် ကို အိမ်ပေါ် သို့ ယူ လာခဲ့သည် ။ အိမ်ပေါ် သို့ ရောက်သည်နှင့် တစ်ပြိုင်နက် မီးဖိုချောင် ထဲ တွင် အုပ်ဆောင်း ဖြင့် ခေတ္တ ချုပ်ထား လိုက်သည် ။ ပြီးတော့ အဝတ်ညှပ် သည့် ကပ်ကျေးအဟောင်း တစ်လက် ကို ဆွဲယူ လာပြီး အုပ်ဆောင်း ထဲ မှ ကြက်ပေါက်ကလေးများ ကို တစ်ကောင် စီ ထုတ်ယူ၍ ခြေချောင်းငယ်ကလေးများအား ခြေသည်းနား မှ ကပ်လျက် တစ်ဒေါက်ဒေါက်ဖြင့် ဖြတ်တောက် ပစ်လိုက်သည် ။ ကြက်ငယ်ကလေး သုံးကောင်လုံး ၏ ခြေချောင်း ကလေးများမှ သွေးများ ယိုစီးကျနေကြသည် ။ ထို့အတူ ကြက်ပေါက်ကလေးများ ၏ နာကျင်မှုဒဏ်ကြောင့် အော်မြည်သံများ မှာလည်း ဆူညံ၍ နေသည် ။
“ ကဲ , မှတ်ထား ၊ ယက်ဦး ဟ ၊ ငါ့ အပင်တွေ ကို ယက်ကြဦး ၊ ဖျက်ကြဦး ကဲ ၊ ငါ့ အကြောင်း ကို သိကြပြီ မဟုတ်လား ၊ မှတ်ထားကြ ”
မခင်စောဦး မှာ အရူး တစ်ယောက် ပမာ ၊ အော်ဟစ်မြည်တမ်းနေလိုက် သည် ။ သမီးငယ်ကလေး မှာ အိပ်ခန်းထဲ၌ အိပ်ပျော်နေသည် ။ ခင်ပွန်းသည် မှာ လည်း ကျောင်း မှ ပြန် မရောက်သေးသဖြင့် ၊ သူမ တစ်ဦးတည်း စိတ်ကြိုက် လုပ်နေခြင်း ဖြစ်သည် ။ သို့သော် မကြာပါ ၊ ခင်ပွန်းသည် ရောက်လာပါသည် ။
“ ဟော ... ငါ့ မိန်းမ တစ်ယောက်တည်း ဘာ ဖြစ်နေတာလဲ ၊ ပါးစပ် ကလည်း ဗျစ်တောက် ဗျစ်တောက် နဲ့ ပါလားကွ ၊ ဘယ်သူ နဲ့ ရန်ဖြစ်နေပြန် ပြီလဲ ၊ ဟင် ... ဟို အုပ်ဆောင်း ထဲ မှာ ကြက်ကလေးတွေ ပါလား ၊ ဘာဖြစ်လို့ အုပ်ထားရ တာလဲ ၊ လွှတ်လိုက် , လွှတ်လိုက် ကွာ ”
ခင်ပွန်းသည် ကိုသန်းစိန် က ကျောင်း မှ ပြန် ရောက်လာပြီး ၊ မခင်စောဦး အုပ်ထားသော ကြက်ကလေးများ ကို လွှတ်ပေးရန် အုပ်ဆောင်း ကို , မ၍ ဖမ်းယူ လိုက်သည် ။
“ ဟိုက် ... ကြက်ကလေးတွေ ခြေထောက် မှာ သွေးတွေနဲ့ပါလား ၊ မိန်းမ မင်း ... မင်း ဘာလုပ် လိုက်တာလဲကွာ ”
“ ဘာ လုပ်ရမှာလဲ ၊ ပညာပေးထားတာလေ ၊ မှတ်လောက်သားလောက် အောင် ကို ပညာ ပေးထားတာ ”
ကိုသန်းစိန် က ကြက်ကလေးများ၏ ခြေထောက် ကို ကရုဏာသက်စွာဖြင့် သေချာစွာ စိုက်ကြည့်နေလိုက်သည် ။
“ ဟာ ... မိန်းမ ၊ မင်း ရက်စက်လိုက်တာကွာ ၊ ကြည့်စမ်းပါဦး ၊ သနားစရာ လေးတွေ ကွာ သူတို့က တိရစ္ဆာန်တွေပဲ ၊ လူ့ လောက်တော့ ဘယ် အသိရှိပါ့မလဲကွာ ။ မိန်းမ ကွာ, မင်း ဝဋ် လိုက်မှာ မကြောက်ဘူးလား ”
ကျောင်းဆရာ ကိုသန်းစိန် မှာ ကြက်ကလေးများ ကို ညင်သာ လျက် မီးဖိုချောင် ထဲ မှ နနွင်းမှုန့်များ နှိုက်ယူ၍ ကြက်ကလေးများ ၏ ခြေထောက် အနာများ ကို သေချာစွာ သုတ်လိမ်းပေးလိုက်ပြီး ညင်သာစွာ ပြန်လည် လွှတ် ပေး လိုက်သည် ။ ကြက်ကလေးများ မှာ ခြေချောင်းကလေးများ နာကျင်လွန်း၍ လမ်း ကောင်းကောင်း မလျှောက်နိုင်ကြတော့ဘဲ ကြောက်ရွံ့အော်ဟစ်ကြပြီး သူတို့ မိခင် ကြက်မကြီး ရှိရာသို့ ဒယီးဒယိုင် ဖြင့် ထွက်ပြေးသွားကြသည် ။
“ ဪ ... မိန်းမ ရယ် ၊ မင်း ဝဋ် လိုက် မှာ မကြောက်ဘူးလား ကွာ ၊ မင်း ကလေးတွေ သာ ဒီလို ဖြစ်သွားရင် မင်း ဘယ်လို ခံစားရမှာလဲ ၊ သူတို့လေးတွေ ခမျာ မှာလည်း ခြေချောင်း အပြတ်ကလေးတွေ နဲ့ တစ်သက်လုံး ဒုက္ခိတ ဘဝ နဲ့ ဘယ် လောက် ဒုက္ခ ရောက်လိုက်ကြမလဲ ဆိုတာ မင်း မစဉ်းစားမိဘူးလားကွာ ၊ မင်း လည်း ခေတ်ပညာတတ်အမျိုးသမီး လူငယ် တစ်ယောက် ပါကွာ ၊ နောက်နောင်ကို အရာရာ မှာ စိတ်လိုက်မာန်ပါ မလုပ်မိပါစေနဲ့ ၊ ကိုယ် တောင်းပန်ပါတယ် မိန်းမ ရယ် နော် , ဆင်ခြင်စမ်းပါကွာ ”
မခင်စောဦး တစ်ယောက် မည်သို့မျှပင် ပြန် မပြောနိုင်တော့ဘဲ ငြိမ်သက်စွာ ရပ်နေမိသည် ။ မိမိ မျက်စိ ရှေ့မြင်ကွင်း တွင် ကြက်ကလေးများ ကြောက်ရွံ့အော်ဟစ် ပြီး ဒယီးဒယိုင် ထွက်ပြေးသွားကြသည်ကို မြင်တွေ့ လိုက်ရ၍လည်း စိတ်မကောင်း ကြီးစွာ ဖြစ်သွားရသည် ။ ခင်ပွန်းသည် ၏ ဆိုဆုံးမ စကားသံများ ကို ကြား လိုက်ရပြီး နောက်တွင်လည်း ပို၍ ပို၍ နောင်တ တရားများ ရလာကာ မိမိ ၏ အမှားကို မိမိ သိရှိလိုက်ရပြီ ဖြစ်သဖြင့် စိတ်မကောင်း ကြီးစွာဖြင့် အိပ်ခန်း ထဲ သို့ ပြေးဝင်သွားကာ အိပ်ရာ ပေါ် တွင်ညမှောက်လျက် အားရပါးရ ငိုချလိုက်ပါတော့သည် ။
••••• ••••• •••••
“ အဲဒါပါပဲ မြင့်မြင့် ရယ် ၊ ငါလည်း မဆင်မခြင် စိတ်လိုက် မာန်ပါ လုပ်ခဲ့မိ တယ် ၊ ဒီလိုနဲ့ နောက်များ မကြာခင်မှာပဲ ငါ့ မှာ ကိုယ်ဝန် ရရှိလာပြီး အခုသား ကလေး ကို ဒီလို ပုံစံမျိုးနဲ့ မွေးဖွားခဲ့တာပါပဲ ဟာ ၊ ဒါ့ကြောင့် ဝဋ် ဆိုတာကို ငါ ယုံပါပြီဟာ ၊ ငါ ကြောက် လည်း သိပ်ကြောက် သွားပြီ သူငယ်ချင်း ၊ နောင်တ တရား လည်း သိပ်ကို ရသွား ပါပြီ သူငယ်ချင်း ရယ် ”
“ အေးပါဟာ ... ဒီဘဝ ဒီမျှနဲ့ပဲ ဝဋ်ကြွေး ကျေပါစေလို့ ဆုတောင်းပေါ့ သူငယ်ချင်း ရယ် ၊ နောက်ထပ် ဘယ်လိုဝဋ်ကြွေးမျိုး ကို မှ မဆုံတွေ့ရအောင် တရား အလုပ် ကို လုပ် ၊ လူတိုင်း အပေါ် ခွင့်လွှတ် စေတနာ ထားပြီး ၊ ကောင်းမှုကုသိုလ်တွေ လုပ် ပေါ့ သူငယ်ချင်း ရယ် ၊ ပြီးတော့ ဟောဒီ သားလေး အတွက် ဒီဘဝ နဲ့ နောင် ဘဝ တွေ မှာ ဒီလိုကံကြမ္မာဆိုးတွေ နဲ့ မကြုံတွေ့ရပါစေနဲ့ လို့ ဆုတောင်း ပေး ၊ ကုသိုလ်ကောင်းမှု တွေ များများ လုပ်ပေးပေါ့ သူငယ်ချင်းရယ် နော် ၊ တရား ရှာ ကိုယ် မှာ တွေ့ ဆိုသလို သူငယ်ချင်း မှာ အသိတရားတွေ ရ နေပြီပဲ ၊ အချိန် မီ ပါသေးတယ် ၊ မနှောင်းသေးပါဘူး ဟာ နော် ”
“ မေမေကြီး က ကြက်ကလေးတွေ ခြေထောက် ကို ကတ်ကြေး နဲ့ ဖြတ်ပစ်ခဲ့လို့ သားသား ရဲ့ ခြေချောင်းလေးတွေ ပြတ် နေရတာ နော် ... မေမေ နော် ... ”
“ ဪ .. သားလေး ရယ် ၊ မေမေ့ အပြစ်ပါကွယ် ၊ အဟီး ... ဟီး ... ဟီး... ”
စကား တတ် လှသော သားငယ်ကလေး ၏ ပြော စကားသံကြောင့် မိခင် ဖြစ်သူ မခင်စောဦး ခမျာ မှာ ပို၍ ပို၍ သောက ရောက်ရပြီး ယူကျုံးမရ ဖြစ်ကာ သားငယ်လေး ၏ ခြေထောက်အစုံ ကို ဆုပ်နယ်နမ်းရှုပ်ရင်း အားရပါးရ ယူကျုံး မရ ငိုချလိုက်ပါတော့သည် ။
◾မင်းရွှေမင်း ( တောင်ကုတ် )
📖 အလင်္ကာရပ်ဝန်း
ဝတ္ထုတိုစာစု ( ၇ )
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment