❝ ကိုမင်းလူ နှင့် အတူ ❞
‘ ထောင်ပိုင်တန်းစီ မှာ ဘာ တင်ပြစရာ ရှိလဲ ’ ဟု စုတ်ချွန်းချွန်း ၊ မျက်ပေါက်ကျဉ်းကျဉ်း ၊ ခါးကိုင်းကိုင်း တန်းစီးသန်းလွင် က မေးသည် ။ ထောင်ပိုင်တန်းစီ ဆိုသည် မှာ အပတ်စဉ်ဗုဒ္ဓဟူးနေ့ တိုင်း အင်းစိန်ထောင်ဝင်း အတွင်း အကျဉ်းသားများ ကို ထောင်ပိုင်ကြီး က လှည့်လည် စစ်ဆေးခြင်း ဖြစ်ပါသည် ။ အကျဉ်းသားများ က မိမိတို့ နေရာ အကျဉ်းခန်း ( သို့မဟုတ် ) အဆောင်များ တွင် စနစ်တကျ တန်းစီ ထိုင်နေကြရပြီး ခေါင်းငုံ့ ၊ ရင်ကော့ ၊ တင်ပါး နောက်ပစ် ၊ လက်မ ကို လက်သီးဆုပ်ထဲ ထည့်ပြီး လက်သီး နှစ်ဖက် ကို ကျစ်ကျစ်ပါအောင် ဆုပ် ထားရပါသည် ။ ကိုလိုနီခေတ် အမွေဆိုးများ ထဲ မှ အာဏာပိုင် တို့ စိတ်ကြိုက် ပုံစံ တစ်ခု ဖြစ်သည့် အတွက် ယနေ့ တိုင်အောင် အကျဉ်းထောင်များ မှာ ကျင့်သုံးနေဆဲ ပုံစံ ဖြစ်ပါသည် ။
ခေါင်း ငုံ့ ထားသည့် အတွက် မော်ကြည့် ၍ မရပါ ။ လက်မ ကို လက်သီးဆုပ် ထဲ ထည့် ထားရသည့် အတွက် လက်သီးစွမ်း မပြနိုင်ပါ ။ ခေါင်းငုံ့ ၊ ရင်ကော့ ၊ တင်ပါး နောက်ပစ် အနေအထား ဖြစ်သဖြင့် ရိုက်ချင်လျှင် အချိန်မရွေး ရိုက်နှက်မှု ခံရမည့် ပုံစံ ဖြစ်ပါသည် ။
ထောင်ပိုင်ကြီး က အကျဉ်းသားများ အား လှည့်လည်ကြည့်ရှု စစ်ဆေးသည် မှာ အကျဉ်းသားများ ၏ စားရေးသောက်ရေး ၊ နေရေးထိုင်ရေး ၊ ကျန်းမာရေး အဆင် ပြေ မပြေ စူးစမ်း လေ့လာရန် အကျဉ်းထောင်လက်စွဲ ဥပဒေ အရ ဆောင်ရွက်ရခြင်း ဖြစ်ပါသည် ။ အဆိုပါ အချိန် တွင် တန်းစီး ခေါ် အကျဉ်းသားများကို တိုက်ရိုက် ကွပ်ကဲ အုပ်ချုပ်သူ က အကျဉ်းသားများ ကို ‘ ထောင်ပိုင်တန်းစီ မှာ တင်ပြစရာ ရှိလား ’ ဟု အော်ဟစ် မေးမြန်း ပေးရသည် ။ အကျဉ်းသားများ က ‘ မရှိပါဘူး ’ ဟု သံပြိုင် ဖြေကြသည် ။ ရှိသည် ဆို လျှင် မတ်တတ်ရပ် ပုံစံ ဖြင့် မိမိ အခက်အခဲ ကို ထောင်ပိုင် ထံ တင်ပြခွင့် ရှိသည် မှာ အကျဉ်းထောင်လက်စွဲစာအုပ် စာမျက်နှာပေါ်မှာ ပင် ရှိပါသည် ။ လက်တွေ့ မှာမူ ၊ ကိုယ့် သေတွင်း ကိုယ်တူး သည်သာ ဖြစ်ပါသည် ။
မိမိတို့ ကို ထားရှိရာ တိုက်ခန်းများတွင် မူ ထိုသို့ မဟုတ် ။ တိုက်တန်းစီး ဆို သူ က ထောင်ပိုင် မလာမီ တစ်ခန်းချင်း စီ လိုက်ပြီး မေးသည် ။ တင်ပြရန် ရှိ ၊ မရှိ ကြိုတင် စာရင်း ရယူသည် ။ တင်ပြရန် ရှိသည် ဆိုပါက အဆိုပါ ကိစ္စ ကို ထောင်ပိုင် က ဖြေရှင်း ပေးနိုင်လျှင် တင်ပြခွင့် ပြုသည် ။ မဖြေရှင်း ပေးနိုင်လျှင် တင်ပြခွင့် မပြု ဟု ကြိုတင် အကြောင်း ပြန်သည် ။ တင်ပြခွင့် မပြု ဆိုသည့် ကိစ္စ ကို အကျဉ်းသား က တင်ပြလျှင်လည်း အဆိုပါ ကိစ္စ သည် မိမိ သေတွင်း မိမိ တူးခြင်း သာ ဖြစ်ပါသည် ။
ထိုနေ့က တန်းစီးသန်းလွင် က ‘ ဘာ တင်ပြ စရာ ရှိလဲ ’ ဟု မေးလာချိန်မှာ ကိုမင်းလူ က နို့မှုန့် တင်သွင်းခွင့် ရရှိရန် တင်ပြလိုကြောင်း ဆိုပါသည် ။ နို့မှုန့် ဆိုသည် မှာ တရုတ်ပြည် မှ တင်သွင်းလာသော နွားနီတံဆိပ် နို့မှုန့် ဖြစ်ပါသည် ။ နို့ သောက်ရန်မဟုတ်ပါ ။ လက်ဖက်ရည် ဖျော်သောက်ရန် ဖြစ်ပါသည် ။ စာရေးဆရာ ၊ ကဗျာဆရာ ကိုမင်းလူ အဖို့ အကျဉ်း ကျနေစဉ်ကာလအတွင်း စာရေးခွင့် ၊ စာဖတ်ခွင့် ဆုံးရှုံးနေသည့် နည်းတူ လက်ဖက်ရည် သောက် ခွင့်လည်း ဆုံးရှုံးပါသည် ။ သို့စေကာမူ ရေနွေးကြမ်း အမည် ရှိ အရွက်ပြုတ်ရည် သောက်ခွင့် ရသည် ။ ဗာဒံရွက်ခြောက် ၊ ညောင်ရွက် ၊ တမာရွက် အစရှိသဖြင့် အမျိုးအမည် ခွဲခြားမရသော အရွက်များ ကို လက်ဖက်ခြောက် ဟု မှတ်ယူ သောက်သုံးရခြင်း ဖြစ်ပါသည် ။ အဆင် ပြေ၍ မိသားစု က လက်ဖက်ခြောက် ပို့ပေးနိုင်လျှင် ရေနွေးကြမ်း သောက်၍ အဆင် ပြေပါသည် ။ ရေနွေးကြမ်း သောက်၍ အဆင် ပြေလာသည့်အခါ လက်ဖက်ရည် သောက်ရလျှင် ကောင်းလေစွ ဟု ကိုမင်းလူ က တမ်းတလေသည် ။ သို့နှင့် အိုလံပစ်တံဆိပ်လက်ဖက်ခြောက်များ ကို မိသားစု က ထောင်ဝင်စာ ရက်တိုင်း ဝယ် ပို့သည် ။ လက်ဖက်ခြောက် ရပြန်တော့ နို့ဆီ မရှိ ပြန် ။ နို့မှုန့် နှင့် ဖျော်မည် ဟု ကိုစိန်လှိုင် က အကြံ ပြုသည် ။ မိမိ က ထောက်ခံသည် ။ ကိုမင်းလူ က နို့မှုန့် ဆိုသည် မှာ နို့ဆီ အရသာမရှိ ။ ပဲမှုန့် သာဖြစ်ကြောင်း အကျယ်တဝင့် ရှင်း ပြသည် ။ အခန်းနီးချင်း မန္တလေးသား ဒေါက်တာဇော်မြင့်မောင် ကလည်း နို့မှုန့် ဆိုသည် မှာ နိုင်ငံတကာ မှာ လည်း ပဲမှုန့် ကို ပြုပြင် ဖန်တီးထားခြင်းဖြစ်ကြောင်း ၊ မည်သို့ဆိုစေ တရုတ်ပြည် မှ လာသော နို့မှုန့် မှာ လည်း သောက်သုံးရန် သင့်ကြောင်း ထောက်ခံချက်ပေးသည် ။ သို့ဖြင့် အိုလံပစ် လက်ဖက်ခြောက် ၊ တရုတ်နွားနီ နို့မှုန့် ၊ ဆွမ်းအုပ်တံဆိပ်သကြား နှင့် ဖျော်သော ကိုမင်းလူလက်ဖက်ရည် က ကောင်း မှ ကောင်း ဖြစ်လေ၏ ။
ကိုမင်းလူ မှာ လက်ဖက်ရည် ကို ဘယ် အရွယ် က စ၍ သောက်ခဲ့ဖူးသည်မသိ ။ ရေကျော်မောင်အေး လက်ဖက်ရည် ၊ ရန်ကုန် ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ် ထဲ က ဦးချစ်လက်ဖက်ရည် ၊ ၃၃ လမ်းထိပ်က ရွှေကြည်အေး ၊ ၃၃ လမ်း ထဲ က လေထန်ကုန်း ၊ ၃၄ လမ်းထဲက မင်းမင်းကျော် ၊ ဘားလမ်း ထဲ က ရွှေလှေကား ၊ သူ့ နောင်တော် ကိုရူပ ၏ ရွှေကြေးစည် လက်ဖက်ရည်စသည် ဖြင့် လက်ဖက်ရည်ဘွဲ့ ကို နည်းမျိုးစုံ ဖြင့် သုံးသပ် ရှင်းပြတတ်သည် ။ ထို့အပြင် မောင်ထော်လေး လမ်း ထိပ် က ဖာလာ ပါသော လက်ဖက်ရည် ၏ အရသာ ကို လည်း တမ်းတတတ်သေးသည် ။
အင်းစိန်အကျဉ်းထောင် ၅ တိုက် ၊ ၃ ခန်း က ကိုမင်းလူ ၏ လက်ဖက်ရည် သည် အင်းစိန်တိုက် အတွင်း ကျော်ကြား၏ ။ ကိုမင်းလူ လက်ဖက်ရည်သောက် ချင် ၍ လက်ဖက်ရည် ဖျော်ချိန် နှင့် အပြင် ထွက်ခွင့် ရချိန် တိုက်ဆိုင်သူ တို့ က လာရောက် အားပေးကြ၏ ။ ၅ တိုက် ၊ ၃ ခန်း ကား လက်ဖက်ရည် သောက်သုံးသူများ ဖြင့် စည်ကား၏ ။ ကိုမင်းလူ ကား လက်ဖက်ရည်အဖျော် ကောင်း သူ အဖြစ် ကျော်ကြား၏ ။ သို့သော် အားပေးသူ အင်အား များ လာသဖြင့် မိမိတို့ လက်ဖက်ရည် ကိုတာ မှာ တဖြည်းဖြည်း လျော့လာ၏ ။ ထိုအခါ အခန်း လူကြီး အဖြစ် မိမိ ကိုယ် မိမိ ခန့်အပ်ထား သူ ကိုမင်းလူ က အမိန့် တစ်ရပ် ထုတ်ပြန်၏ ။ လက်ဖက်ရည် သောက်သုံးအားပေးလို သူ ရောက်ရှိလာပါက လက် ထဲ တွင် လက်ဖက်ရည် ခွက် ရှိ သူ က မိမိ အစီအစဉ် ဖြင့် မိမိ ဧည့်ခံရန် ဖြစ်၏ ။ ထိုအခါ ကိုစိန်လှိုင် က ကန့်ကွက်ပြီး နို့မှုန့် ၊ လက်ဖက်ခြောက် ထပ်မံ အားဖြည့်ရန် အကြံ ပြုသည် ။ သို့နှင့် မိမိ တို့ အိမ်များ သို့ ထပ်မံ ဖြည့်စွက် မှာကြားကြရန် ဆုံးဖြတ်ချက် ကျ၏ ။
ထောင်ဝင်စာ မှ နို့မှုန့် မှာယူရမည့် လုပ်ငန်း သည် မချောမွေ့လှပါ ။ နို့မှုန့် ဝယ်ယူခွင့် ကို ထောင်ဆေးရုံ ဆရာဝန် မှ ခွင့်ပြုချက် ယူ ရပါသည် ။ ထိုအခါ ကိုမင်းလူ က ထောင်ဆေးရုံ ဆရာဝန် ဒေါက်တာစိုးကြည် မှာ သူ နှင့် ရပ်ဆွေရပ်မျိုး ဖြစ်သဖြင့် နို့မှုန့် အပို ဝယ်ယူခွင့် ရရန် တင်ပြမည် ဟု ဆိုသည် ။ သို့နှင့် ထိုနေ့က ထောင်ပိုင်တန်းစီ မှာ ဘာတင်ပြစရာ ရှိသလဲ ဆိုသည့်အမေး ကို သူ က နို့မှုန့် ပိုမိုဝယ်ယူခွင့် ရရန် တင်ပြမည် ဟု တန်းစီးသန်းလွင် ကို ပြောတော့သည် ။
သို့သော် ထိုနေ့ က ထောင်ပိုင်ကြီး ရောက် မလာပါ ။ ထောင်ပိုင် မလာသဖြင့် နောက်လိုက် နောက်ပါ ဆရာဝန် လည်း မလာပါ ။ နို့မှုန့် ဝယ်ယူခွင့် လည်း မရပါ ။ ညနေပိုင်း တွင်တော့ တန်းစီးသန်းလွင် ရောက် လာသည် ။ “ မနက် က နို့မှုန့် ဝယ်ယူခွင့် တင်ပြမယ် ဆိုတာ ဘယ်သူလဲ ” ဟု လေသံမာမာ မျက်နှာထန်ထန် ဖြင့် မေးတော့သည် ။ မိမိတို့ အတွေ့အကြုံ အရ ကိုမင်းလူ ၏ နောင်တော် စာရေးဆရာမောင်ဝဏ္ဏ က လေမှုတ်ခေါင်းအုံး ထောင်ဝင်စာ မှ ထည့် ပေးလိုက်သဖြင့် အရေးယူ ခံရဖူးသည် ။ ထောင် ထဲ တွင် လေမှုတ်ခေါင်းအုံး သည် ဇိမ်ခံပစ္စည်း ဖြစ်၏ ။ ထောင် ဆိုသည် မှာ သက်ဆိုင်ရာ တရားရုံး မှ အပြစ် ရှိသည် ဟု ဆုံးဖြတ် အပြစ်ပေး ခံရသူများ ကို ထိန်းသိမ်းထားရာ ဌာန ဖြစ်ကြောင်း ၊ မိမိတို့ ဘာသာ မိမိတို့ အပြင် လောက တွင် ဘာကောင်ပင် ဖြစ်ပါစေ ထို ဂုဏ်ပုဒ်များ ၊ အဆောင်အယောင်များ ကို ထောင်ဘူးဝ မှာ ချိတ်ထားခဲ့ရမည် ဖြစ်ကြောင်း ၊ အကျဉ်းသားချင်း အတူတူ ဇိမ်ခံပစ္စည်း လေမှုတ်ခေါင်းအုံးဖြင့် အိပ် သည် မှာ အခွင့်ထူးခံသူများ ဖြစ်ကြောင်း ရှည်လျားထွေပြားစွာ ဆုံးမ စကားပြောသည့် ထောင်အရာရှိ ရှေ့တွင် ပုံစံ ထိုင် ၊ ခေါင်းငုံ့ ၍ တစ်နာရီ နီးပါး မိန့်ခွန်း ခြွေသည် ကို ခံရဖူးသည် ။ ထို့နောက် အကျဉ်းသားအရာရှိ တန်းစီးသန်းလွင် က မိမိတို့ နှစ်ဦး ၏ လေမှုတ်ခေါင်းအုံးကြီး နှစ်လုံး ကို သံချွန် ဖြင့် ထိုးဖောက် ဖျက်ဆီးလိုက်ပြီး “ ဇိမ်ခံပစ္စည်း သုံးစွဲသူတွေ ကျဆုံးပါစေ ” ဟု ကြွေးကြော် လိုက်သည် ကို ကြုံဖူး၏ ။
ထိုသို့ ခါးသီးဖွယ် မဟုတ်သော စိတ်ပျက်ဖွယ် ဖြစ်ရပ်ကြီး က ရှိထားဖူးသည်မို့ ယခု လက်ဖက်ရည် သောက်သုံးရေး ဒို့အရေး နှင့် နို့မှုန့် ပိုမို တင်သွင်းခွင့် ရရှိရေး သည် ကား မဟာအခွင့်ထူးခံ လူတန်းစားတို့ ၏ တောင်းဆို မှု ဖြစ်ချေတော့မည် ။ ထို့ကြောင့်ပင် ကိုမင်းလူ ကို မိမိ စိတ်မောစွာ လှည့် ကြည့်မိသည် ။ ကိုမင်းလူ က “ ဒါ ကျွန်တော့် အခွင့်အရေး ပဲ ၊ ကျွန်တော် တင်ပြစရာ ရှိတာ ပြောတာပဲ ၊ တင်ပြခွင့် မရရင် မရဘူးပေါ့ ဗျာ ။ ဘာမှ အရေးကြီးတဲ့ ကိစ္စ မှ မဟုတ်ဘဲ ” ဟု ပြောရင်း ဆေးလိပ် မီး ညှိ၏ ။ အခန်းဖော် ကြည်ဖေကျော် က အခြေအနေ ကို ရိပ် မိသည် ။ တန်းစီးသန်းလွင် က မျက်စိတစ်ဖက် မှိတ် ပြလိုက်သည် ။ “ ခင်ဗျား ပစ္စည်းတွေ သိမ်း ” အသံ က မာကျောကျော ဖြစ်သည် ။ အခြေအနေ က ကိုမင်းလူ ကို အရေး ယူတော့မည့် သဘောလား ဟု ဆင်ခြင် ကြည့်နေရသည် ။ “ ဟေ့လူ မြန်မြန်လုပ် အချိန် မရှိဘူး ” ဟု ဆိုပြန်သည် ။
ထို အချိန် က နဝတအစိုးရ မှ နအဖ သို့ ပြောင်းပြီး ၁၁/၉၂ ကြေညာချက် ဖြင့် အကျဉ်းသားများ ကို လွှတ်နေဆဲ ကာလ ဖြစ်သည် ။ သို့သော် လူလွှတ်ပွဲများ အရှိန် လျော့နေပြီ ဖြစ်သဖြင့် လွှတ်ရန် လာခေါ်သည် ဟုတ် မဟုတ် ဆုံးဖြတ်၍ မရနိုင် ဖြစ်ရသည် ။ သို့သော် အကင်း ပါးသော ကြည်ဖေကျော် က ရုတ်တရက် မတ်တတ် ရပ်လိုက်ပြီး “ ကိုမင်းလူ အဝတ် လဲ ၊ ခင်ဗျား အိမ်ပြန်ရမှာ ” ဟု အလောတကြီး ဆိုသည် ။ ကိုမင်းလူ က ထိုင်ရာမှ တော်တော် နှင့် မထ ။ မိမိ က သန်းလွင် ကို မျက်နှာ အမူအရာ နှင့် ပင် မေး လိုက်သည် ။ သန်းလွင် က မျက်နှာ အမူအရာ နှင့်ပင် ပြန် ဖြေသည် ။ ကိုမင်းလူ လွတ်ပြီ ဟု မိမိ သိ လိုက်သည် ။ ချက်ချင်း ပင် အဝတ် လဲစေသည် ။ ကိုမင်းလူ မယုံကြည်လှ ။ “ ဟေ့လူ ကိုသန်းလွင် ခင်ဗျား လာ နောက်မနေနဲ့ ” ဟု ဘု တောသည် ။ ထိုအခါမှ သန်းလွင် က “ လုပ်ပါ ကိုမင်းလူ ရာ ၊ ခင်ဗျား ကို လွှတ်ဖို့ ထောက်လှမ်းရေး က လူတွေ ရောက် နေပြီ ၊ အဝတ် လဲ စမ်းပါ ” ဟု ဆိုသည် ။ ကိုမင်းလူ မှာ အဝတ် လဲစရာ ထွေထွေထူးထူး မရှိပါ ။ ထိုင် ရမလို ထ ရမလို ဖြစ် နေရင်းကပင် တံခါး အဖွင့် မှာ အားလုံးက တွန်းတွန်းထိုးထိုး လုပ်ပြီး တံခါး အပြင် ပို့လိုက်သည် ။ ကိုမင်းလူ လက်တစ်ဖက် က အပေါက် အဝင် ဝ မှာ ချိတ်ထားသည့် ကြွပ်ကြွပ်အိတ် ထဲ က ဆေးလိပ် ကို နှိုက်ယူ နေသေးသည် ။
တန်းစီးသန်းလွင် လက် ဆွဲခေါ်သွားသည့် နောက် ပါ သွားပြီး တိုက်ဝင်းတံခါး ရောက် မှ နောက်ပြန် လှည့်ပြီး ပြေးလာသည် ။ “ ကိုမျိုး ကျွန်တော် သွားတော့မယ် ” ဟု မျက်ဝန်း မှာ မျက်ရည်များ ဖြင့် ဆိုလေသည် ။ ထိုနေ့က အမှန်တကယ်ပင် မိသားစုများ နှင့် ကိုမင်းလူ ဆုံတွေ့ ခွင့် ရခဲ့ပါသည် ။ ကိုမင်းလူ လွတ်မြောက်သွားခဲ့ပြီးနောက် ဆယ်စုနှစ် တစ်ခု မျှ အကျဉ်းထောင် ထဲ တွင် မိမိ ဆက်လက် ရှင်သန်ရပါသည် ။ မိမိ အကျဉ်းထောင် မှ လွတ်မြောက်ခဲ့ပြီး နောက် စာပေလောက မှာ ပြန်လည် ရပ်တည်သည့် အခါ သူ က မိမိ နှင့် အတူ ရှင်သန်နေပြန်သည် ။
ပြီးခဲ့သည့် နှစ် မှာတော့ သူ့ ကျန်းမာရေး ချို့ယွင်း လာသည် ။ ဆေးလိပ် သောက်ခြင်း ကတော့ မူလ အတိုင်းပင် ။ လက်ဖက်ရည်ဆိုင် ကောင်းကောင်း တွေ့ လျှင် မှတ်ထားလေ့ ရှိပြီး မိမိ နှင့် အတူ သွား သောက်လေ့ ရှိပြန်သည် ။ ထိုအခါများ မှာ အင်းစိန်အကျဉ်းထောင် ၅ တိုက် ၊ ၃ ခန်း က လက်ဖက်ရည် အကြောင်း စားမြုံ့ ပြန်တတ်သည် ။ ရယ်မောတတ်သည် ။ လှောင်ပြောင်တတ်သည် ။ ခနိုးခနဲ့ ပြောတတ်သည် ။ မည်သို့ပင် ဖြစ်စေ လွမ်းမောဖွယ်ရာများ ဖြစ်ပါသည် ။ မကွယ်လွန်မီ ရက်များ မှာ သူ နှင့် မကြာခဏ သွားရောက် တွေ့ဆုံခဲ့သည့် ဝိတိုရိယဆေးရုံ ပေါ် က ညများ မှာ သူ အိပ်ပျော် နေတတ်သည် ။ အိပ်ချင်ယောင် ဆောင်နေတာလည်း ဖြစ်နိုင်သည် ။
၂၀၁၃ ၊ ဩဂုတ် ( ၁၄ ) ရက် တွင် သူ ကွယ်လွန်သွားလေသည် ။ ဘာရယ်ကြောင့် မသိ ။ မိမိ ကို ဒီ တစ်ကြိမ် မှာတော့ သူ နှုတ်ဆက် မသွားခဲ့ပါ ။ ထို့အတူ သူ့ လက်ထဲ မှာလည်း ဆေးလိပ်တစ်လိပ် ပါ မသွားခဲ့ ။
◾မျိုးမြင့်ညိမ်း
📖 သို့ ... မင်းလူ ... ဒေဝတာမြို့တော်
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment