Tuesday, May 10, 2022

သုညဒီဂရီ စင်တီဂရိတ်


 

❝ သုညဒီဂရီ စင်တီဂရိတ် ❞

“ ဟေ့ ... စံပယ်ဖူးစ ဆီးယောက်မ ”

“ ဘာလဲ ”

ခပ်ငေါက်ငေါက် ထူးလိုက်သည် ။ ဆတ်ခနဲ လှည့် ကြည့်လိုက်သည် ။ နာမည် “ ငွေမှုန် ” ကို မခေါ်ဘဲ စံပယ်ဖူးစ ဆီးယောက်မ ခေါ်ကတည်းက မျက်စောင်း ထိုး ပစ်လိုက်သည် ။ နှုတ်ခမ်း စူ ပစ်လိုက်သည် ။

ကြည့် ... သူ ... ဖိုးထောင် ။

လက်တစ်ဖက် ကို နောက်မှာ ဝှက်ထားပြီး ရယ်ဖြဲဖြဲ နှင့် ကြည့်နေသည် ။ ငွေမှုန် ကြောက်တတ်သော အကောင် တစ်ကောင် ဖမ်းလာပြီ ထင်သည် ။

“ အေးပါ ၊ ငါ က စံပယ်ဖူးစ ဆီးယောက်မ ဟုတ်ပါတယ် ။ ဒါပေမဲ့ နင့် လိုတော့ မော်ဒန်ကာတွန်း ထဲ မပါဘူး ဟဲ့ ”

မော်ဒန်ကာတွန်း တို့ ၊ ကလေးဂျာနယ် တို့ ကို ငွေမှုန် တို့ ၊ ဖိုးထောင် တို့ ကြိုက်လှသည် ။ “ စိတ်ကူးယဉ်သွားလို့ပါ ဖေဖေ ” ဟု သူ့ အဖြေ ကို မျက်နှာချို သွေးတတ်သော ဖြူဖြူ ကို ငွေမှုန် အမြဲ ဖတ်သည် ။ ဖြူဖြူ အပြင် အခြား ကာတွန်းအဖော်များ ဖြစ်သော မြားနတ်မောင် တို့  ၊ ဖိုးဝ တို့  ၊ မောင်ကမ္ဘာ တို့  ၊ အင်္ဂါဂြိုဟ် တို့ ကို လည်း ဖတ်သည် ။

မော်ဒန်ကာတွန်း ထဲ မှ ဖိုးထောင် ဟူ သော ကာတွန်းဇာတ်လိုက်လည်း အမြဲ ပါသည် ။ ထို့ကြောင့် ငွေမှုန် က ဖိုးထောင် ကို မော်ဒန်ကာတွန်း နှင့် စ,သည် ။

“ နင် က လည်း … စိတ်ချည်းပဲ ။ ဒီမှာ နင့် ဖို့ ”

ဖိုးထောင် က နောက် မှာ ဝှက်ထားသော လက် ကို မြှောက် ပြလိုက်သည် ။

“ ဟာ နင် သိပ် သဘောကောင်းတာပဲ ဖိုးထောင် ရယ် ”

ပြုံးစစ နဲ့ ဘယ့်နှယ်ရှိစ မျက်နှာပေး နှင့် ဖိုးထောင် ငွေမှုန့် ကို ကြည့်နေသည် ။ ငွေမှုန် သည် သူ လုပ်နေကျအတိုင်း ဂါဝန်လေး ကို လက် နှစ်ဖက် နှင့် စုလုံး ကိုင်လိုက်ပြီး ဖိုးထောင် ဆီ ပြေး လာတော့သည် ။

ဖိုးထောင် က တမင် နောက်ဆုတ် နောက်ဆုတ် လုပ်၍ …

“ ငါ ဝှက်တဲ့ စကားထာ ဖြေ မှ ပေးမယ် ”

“ ဘာလဲ ”

ငွေမှုန် က ပြန်ငေါက်သည် ။

“ အသီး ပေါ် အပင် ပေါက် ၊ ခြေထောက် တစ်ချောင်း ထောက် ”

“ နာနတ်သီးကြီး ပြပြီး ဝှက်တဲ့ စကားထာများ ငါ က အပျော့ပေါ့  ။ ဟင်း ... နာနတ်သီး ၊ နာနတ်သီး ”

ရွှန်းရွှန်းဝေဝေ အော်ဟစ်ပြီး ဖိုးထောင် လက် ထဲ က နာနတ်သီး ကို ဆတ်ခနဲ ဆွဲလု ယူလိုက်သည် ။ ကြက်တောင်စည်း မှ ကိုင် ၍ အားပါးတရ ကြည့်ကာ ...

“ ဖိုးထောင် ရယ် … ကောင်းလိုက်တာဟယ် ။ သွား ခွဲမယ် ”

“ နင် က ခွဲ တတ်လို့လား ”

“ မမကြီး ကို ခွဲခိုင်းမှာပေါ့ ”

ငွေမှုန့် မမကြီး ကို သွား ခွဲခိုင်းကြသည် ။

မမကြီး သည် နာနတ်သီး ကို ဘယ်လက် နှင့် ကိုင်၍ ညာဘက် က ဓားပါးလေး နှင့် ခပ်သွက်သွက် မွန်းနေသည် ။

“ နာနတ်သီး မှာ မျက်စိ မစင်ရင် လျှာ ယားတတ်တယ် ”

ဖိုးထောင် က ဆရာ လုပ် ပြောနေသည် ကို ငွေမှုန် က မျက်စောင်း ထိုး လိုက်သည် ။ မမကြီး က ကလေးနှစ်ဦး အလိုကျ နာနတ်သီး ကို ခွဲပေးလိုက်သည် ။

စောစောကမူ ကြက်တောင်စည်း နှင့် ကျောက်ပေါက်မျက်နှာ နှင့် အလွန် မှ အရုပ်ဆိုးလှသော နာနတ်သီး သည် ယခုမှ အသားလေး ဝါဝါဝင်းဝင်း မှာ ထစ်ထစ် ရစ်ခွေခွေလေး နှင့် ။

ဖိုးထောင် ကတော့ လိမ္မော်သီး ကြိုက်သည် ။

ငွေမှုန် နာနတ်သီး ကြိုက်တာ ဖိုးထောင် မှာ မထိခိုက်လှသော်လည်း ဖိုးထောင် လိမ္မော်သီးကြိုက်တာ ငွေမှုန့် မှာ ထိခိုက်သည် ။ လိမ္မော်ခွံ ကို မျက်စိထဲ လိုက်ညှစ်၍ ငွေမှုန့် ကို စ တတ်သောကြောင့် ဖြစ်သည် ။

“ နင် ကြိုက်ပုံ က ကြီးကိုကျယ်တယ် ”

“ ဘာလဲ ”

“ အေးလေ ရှားရှားပါးပါး သူဌေး စားတဲ့ လိမ္မော်သီး မှ ကြိုက် ရသလား လို့ ”

“ စိတ် က ကြိုက်တာ ငါ ဘယ်တတ်နိုင်မလဲ ”

အရွယ်လေး ရလာ၍ လူပျိုဘော် ၊ အပျိုဘော် ဝင်ခါနီးသည် နှင့် ဖိုးထောင် သည် ငွေမှုန် နားမလည်သော စကား အချို့ကို ပြောတတ်နေသည် ။ စိတ် က ကြိုက်တာ ငါ ဘယ် တတ်နိုင်မလဲ ။ စိတ် နဲ့ ငါ နဲ့ မတူဘူး လား ဟု ငွေမှုန် တွေးနေသည် ။

နာနတ်သီး ပေါ်ချိန် တွင် ဓားတစ်ချောင်း ကို ကိုင်၍ နာနတ်သီး အခွံတွေ ၊ မျက်စိတွေ ဖြတ် ချလိုက်တော့ ကြက်တောင်စည်းပင် တွေ ပွလျက် နှင့် ငွေမှုန် တစ်ယောက် အလုပ် ရှုပ်နေတတ်သလို ၊ လိမ္မော်သီး ပေါ်ချိန်တိုင်း ဖိုးထောင့် လက်ထဲ တွင် ဝါဝါဝင်းဝင်း တစ်လုံး ၊ တစ်လုံး အမြဲလိုလို တွေ့ရသည် ။

“ နင် ကြိုက် ပုံကလည်း ကြီးကျယ်တာပါပဲ ”

ဖိုးထောင် က အားကျမခံ ပြန်ပက်သည် ။

“ ဘာလဲ ”

ငွေမှုန် ပြန် ငေါက်ပြန်သည် ။

“ နာနတ်သီးစိတ် များ ဘယ်နား ဝယ်စား ၊ ဝယ်စား ရတာကို ။ ခုတော့ အလုံးလိုက် ဆွဲ လာရတာနဲ့ ။ ပြီး သူ့ အလုံးကလည်း လိမ္မော်သီး လို လှလှပပ မဟုတ်ဘူး ”

“ အောင်မာ .. နင် ကရော ဘာ ထူးလို့လဲ ။ လိမ္မော်သီး တော့ ကြိုက်ပြီး လိမ္မော်ရည်တော့ မသောက်ဘူး ”

“ ပိန်ပိန် ၊ ရှုံ့ ရှုံ့ ၊ ချိုချို ၊ ချဉ်ချဉ် လိမ္မော်သီးက လိမ္မော်သီး ပဲ ။ လိမ္မော်ရည် က လိမ္မော်သီး မှ မဟုတ်ဘဲ ”

ငွေမှုန် သည် ဖိုးထောင် ပြောစကား ကို သိပ် စိတ်ဝင်စားပုံ မရဘဲ မျက်နှာ ခပ်တည်တည် ဖြစ်နေသည် ။ စကားလမ်းကြောင်း လည်း ပြောင်းသွားသည် ။

“ ငါတို့ တွေ တခြားမြို့ကို ပြောင်း မလို့တဲ့ ။ လူကြီးတွေ ပြော နေသံ ကြားတယ် ”

“ ဟုတ်လား ”

ငွေမှုန့် မိဘများ သည် ငွေအရင်းအနှီး များစွာ စိုက်ထုတ်၍ စီးပွားရေး လုပ်နေသော စီးပွားရေးသမားများဖြစ်သည် ။ စီးပွားရေး ဉာဉ် ၊ စီးပွားရေး မျက်စိ ၊ စီးပွားရေး စိတ်ဓာတ် ၊ စီးပွားရေး ကို သာ ဦးတည်နေသော လူမှုပေါင်းသင်းဆက်ဆံရေး .. အရာရာ သည် စီးပွား ရှာဖို့ ၊ စီးပွား တက်ဖို့ ၊ ရှိပြီးရင်း ရှိဖို့ ၊ ကြွယ်ဝပြီးရင်း ကြွယ်ဝဖို့ သာ အဓိက ထားသည် ။ ငွေမျက်နှာ ကြည့်တတ်မှန်း မသိသာရ လေအောင်လည်း သကာအပြုံး ၊ သကာစကားလုံးများ နှင့် အရာရာ ကို ဖုံး တတ်သည် ။ ကုန်ရောင်းကုန်ဝယ် ၊ ကုန်လှောင် ကုန်ဖလှယ် လုပ်ငန်းကို မြို့တိုင်း ၊ ဆိုင်တိုင်း တွင် လုပ်ငန်းခွဲများ ထားရှိသည် ။ ယခုလည်း ဤမြို့ထက် ပို၍ လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်ကာ အခြားပစ္စည်းများပါ ကိုင်တွယ် ဈေး ကစားနိုင်သောမြို့သို့ ပြောင်းရွှေ့ရန် စီစဉ်နေသည် ။

“ နင် တကယ် ပြောင်း တော့မှာလား ဟင် .. ငွေမှုန် ။ ငါ တော့ ပျင်း ကျန်ခဲ့ပါပြီဟာ ”

“ ဖိုးထောင် ရယ် ငါလည်း နင့် လို ပေါ့ ဟယ် ။ နင် ရော ၊ ငါ ရော တက္ကသိုလ် ရောက်ရင်တော့ ပြန် တွေ့ကြမှာပေါ့ ”

ဖိုးထောင် က သဘောကျစွာ ပြုံးရင်း .….

“ နင် တော်တော် စိတ်ကူးယဉ်တာပဲ ငွေမှုန်  ။ ခုမှ နင် က ငါးတန်း ၊ ငါ က ခြောက်တန်း ၊ တက္ကသိုလ် ဆိုတာ အဝေးကြီး ။ အေးလေ .. ဒါပေမဲ့ ”

ငွေမှုန် က ဖြတ်၍ ...

“ နင် ကလည်း ငါ့ အကြောင်း မသိတာ ကျလို့ ။ မော်ဒန်ကာတွန်း ထဲ က ဖြူဖြူ လို စိတ်ကူးယဉ်သွားလို့ပေါ့  ။ မော်ဒန်ကာတွန်း ဖတ်ရတိုင်း ငါ့ သတိရပေါ့ ”

“ ယဉ်ပြန်ပြီ စိတ်ကူး ။ မော်ဒန်ကာတွန်း က နင် နဲ့ ငါ နဲ့ ကြီးလာတဲ့ ထိ ရှိဦးမှကိုး ”

•••••   •••••   •••••

လိမ္မော်ရည် ကို သိပ်မကြိုက်ပါ.. နေပါစေ ငါ မသောက်ဘူး .. ချိုနေအောင် ပြင်ဆင်ထားလိုက်တာ ... ဒါ သဘာဝ မဟုတ်ဘူး ... ငါ လိမ္မော်ရည် ကို မသောက်ဖြစ်တာ ... ကြာပြီဆိုပါတော့ .. ငါ ဘယ်လို လိမ္မော်သီး ကြိုက်တာ … အိုကွယ် … မင်း အသိဆုံး ..

ကဖီး သည် လက်ဖက်ရည် အရသာ ရော တေးသံစုံ ရော နေရာထိုင်ခင်း ရော ခေတ်မီ ရုံ သာမက အပေါ်စီး မှ မြင်နေရသဖြင့် မျက်စိပသာဒ ပါ ရှိလှသည် ။

“ ဆက်ပါဦး ကိုတင်မောင်ထိုက် ။ ဒီတော့ ခင်ဗျား ချာတိတ်မ ဘယ်သူ ...  အဲ ..  ငွေမှုန် ။ ခင်ဗျား အတွေးအခေါ် ကတော့ စံပယ်ဖူးစ ဆီးယောက်မ ပေါ့ ။ သူ့ အတွက် ဖွင့်နေရတဲ့ ခင်ဗျားရဲ့ ရှာပုံတော် ”

ကိုဇော်လ က စကား ကို ထောက် ပေးလိုက်သည် ။ တိုက်တိုက်ဆိုင်ဆိုင် ပင် ဆောင်းဘောက် ( စ် ) ထဲမှလည်း လိမ္မော်သီး သီချင်းသံ က လျှံ ထွက်နေသည် ။ တင်မောင်ထိုက် ဒီ သီချင်း ကို စ ထွက် ကတည်း က ကြိုက် လှ၍ အလွတ် ရနေသည် ။ ကိုဇော်လ က သူ့ စကား ကို ဆက်သည် ။

“ ခင်ဗျား တို့ ဇာတ်လမ်း က စိတ် ဝင်စားစရာကြီးဗျ ။ သူများ ချစ်သူ တွေ ပိတောက်ပန်း တို့  ၊ နှင်းဆီပန်း တို့ ၊ စွယ်တော်ရွက် တို့ သင်္ကေတ ပြု ကြတာပဲ ကြားဖူးပါတယ် ။ ခင်ဗျားတို့ ကျမှ နာနတ်သီး နဲ့ လိမ္မော်သီး ဖြစ်နေတယ် ။ အဲ ... နိမိတ်တော့ ကောင်းသဗျို့ ။ ဒီ လားရှိုး မှာ က နာနတ်သီး ချိန် နာနတ်သီး ပေါ့  ။ လိမ္မော်သီး ချိန် လိမ္မော်သီး ပေါ့  ။ ဆုံစည်းမယ့် နိမိတ်ပဲ ”

နံရံပေါ်မှ “ မိုမိုကို ” သည် ပြုံးပြီး နားထောင်သည် ။

တင်မောင်ထိုက် က ခွန်းတုံ့ မပြန်သေးဘဲ ရေနွေးကြမ်းဓာတ်ဘူး ကို ကောက်ကိုင်၍ ကိုဇော်လ ရှေ့ရှိ ပန်းကန်ထဲ ထည့် လိုက်သည် ။ သည် မှာက ရေနွေးကြမ်းဓာတ်ဘူး ကို ဖော့ဆို့ မသုံး ။ သပွတ်အူဖတ် နှင့် ဆို့ထားသည် ။ လက်ဖက်ခြောက်ဖတ်များ သပွတ်အူ တွင် စစ် ကျန်ရစ်သည် ။ အနေတော် လှော်ထားသော လက်ဖက်ခြောက် လှော် နံ့ သင်းနေသည့် အကြမ်းရည် သည် ကမ္ဘောဇ ၏ သင်္ကေတ တစ်ခု ဖြစ်သည် ။

“ ချစ်သူ လို့ ပြောလို့ မရဘူးဗျ ။ သူ နဲ့ ကျွန်တော် နဲ့ ကွဲသွားတော့ ကျွန်တော် က ၆ တန်း ၊ သူ က ၅ တန်း ”

“ ဒါပေမဲ့ ခင်ဗျား သူ့ ကို ဒီလောက် ပြန်ရှာနေတာ ချစ်လို့ပေါ့ ”

“ အေးဗျာ ”

သိန္နီလမ်း သည် ကွေ့ကောက်စွာ လဲလျောင်း နေသည် ။ သိန္နီ ၊ ကွတ်ခိုင် ၊ မူဆယ် ၊ နမ့်ခမ်း သွား ကားများ ကို လည်း ကားထဲ လူ အပြည့် ၊ ကားအမိုး ကုန် အပြည့် နှင့် တွေ့နေရသည် ။ ဟိုဝေးဝေး တွင် မန်ဆူစေတီ ကို လွမ်းမောဖွယ် လှမ်း၍ ဖူးရသည် ။

ကိုဇော်လ က မေးလိုက်ပြန်သည် ။

“ ဒါနဲ့ ခင်ဗျား အကြား အရ သူ ဒီ လားရှိုး ရောက် နေတယ်ပေါ့  ”

“ အဲ .. ဟုတ်တယ် ။ သေသေချာချာ ကို ကြားခဲ့ရတာဗျ ။ သူ့ မိဘတွေ လည်း ဆုံးပြီ တဲ့ ။ သူ့ မမကြီး နဲ့ သူ နဲ့ ညီအစ်မ နှစ်ယောက် ဒီ လားရှိုး ရောက်နေတယ် တဲ့ ။ ခက်တာက ဒီပြင် ဘာမှ စုံစမ်းလို့ သေသေချာချာ ရေရေရာရာ မရတာဘဲ ဗျ ”

ကိုဇော်လ က ကျောက်မဲ မခမ်းမှတ် ဆေးလိပ် ကို မီး ညှိနေသည် ။ တစ်ချက် နှစ်ချက် ဖွာ ပြီးမှ ...

“ လားရှိုးမြို့ကတော့ ခင်ဗျား အမြင်ပဲ ။ စည်းကားတယ် ပြောမလား ၊ ရှုပ်ထွေးတယ် ခေါ်မလား ၊ မပြောတတ်ပါဘူးဗျာ ။ ခင်ဗျား ရောက်လာတာ သုံးလ လောက် ရှိပြီ ။ ငွေမှုန် ဆိုတဲ့ နာမည် တစ်လုံး ပဲ ခင်ဗျား မှာ ရှာစရာ ပါ လာတယ် ။ လူ မြင်ရင်ကော မှတ်မိမလား ”

ကိုတင်မောင်ထိုက် ကမူ မြင်းခြံဆေးလိပ် ပဲ သောက်သည် ။ နေရာ ပြောင်းသည် နှင့် ဆေးလိပ်ပါ လိုက်ပြောင်း၍ မရ ။ မလွှဲသာ လျှင် တော့ မပြောတတ် ။ တစ်ချက် တည်း ရှိုက်ဖွာလိုက်ကာ ...

“ ဟာ .. ကိုဇော်လ ဘယ်လိုများ မေးလိုက်ပါလိမ့်ဗျာ ။ သိပ် မှတ်မိတာပေါ့ ”

“ ဒီလိုလုပ် ။ အကြံ ရပြီ ”

“ အောင်သီရိရုပ်ရှင်ရုံ မှာ စာတန်းထိုး ၊ နာနတ်သီး ကြိုက်တတ်သော စံပယ်ဖူးစ ဆီးယောက်မ ကို အမြန်တွေ့ချင်သည် ။ ပုံ - ဖိုးထောင် လို့ ။ ဒါဆို ခင်ဗျား ငွေမှုန် ရုံမန်နေဂျာ ကို မေးပြီး ခင်ဗျား ဆီ ရောက်လာမှာပဲ ”

တင်မောင်ထိုက် လိုက်ရယ်ရန် အတော် ကြိုးစားရသည် ။

•••••   •••••   •••••

ဒီနေ့ က အိပ်ရာ က နိုးကတည်း က ထူးထူးခြားခြား ခံစားနေရသည် ။ ဘယ်လိုကြီးမှန်း မသိ ။ အမျိုးအမည် မဖော်ပြတတ် ။ ကိုဇော်လ ကလည်း အလုပ်ကိစ္စ နှင့် သီပေါ ဆင်းသွားသည် ။ တစ်ယောက်တည်း ပဲ မြို့ထဲ ထွက်ခဲ့သည် ။ လူစည်ကားရာ သုခလမ်း ကို ပဲ ခြေဦး လှည့်လာမိသည် ။ အောင်သီရိရုံလမ်း အတိုင်း ဆင်း လာခဲ့သည် ။

နာနတ်သီးပုံတွေ တွေ့ရတော့ တစ်ယောက်သော သူ ကို ပြန်တွေ့ချင် စိတ် က ပြင်းပြလာပြန်သည် ။

သည်မှာ က မိုင်းရော် မှ လာသော မိုင်းရော်နာနတ် တွေ များသည် ။ တာပုံနာနတ် လည်း အနည်းအကျဉ်း ရှိသည် ။ မိုင်းရော် နာနတ်သည် ရွှေလီ ကို ပင် ကူးသည် ဆို၏ ။ အလုံး ကြီးသည် ။ အသား ပြည့်သည် ။ ဝါရဲရဲကြီး မဟုတ် ။ ဖြူဝါရောင် ဖြစ်သည် ။ စား ရသည်မှာ ပျစ်နှစ် သိပ်သည်းလှသည် ။ အစိတ်လိုက် ရောင်းသော နာနတ်သီးစိတ် တွေ မှာ တုတ်တစ်ချောင်း ကို ရေခဲပေါက်စီ လို ထိုးထားသည် ဖြစ်၍ အမြင် ထူးနေသည် ။ ဝယ်စားသူ အဖို့ ကိုင်ရ လွယ်ရန် ဖြစ်သည် ။ ထို့ပြင် ရေခဲစိမ်နာနတ်သီး ဟူ၍ လည်း နာနတ်သီးစိတ် ကို ရေခဲဘူး တွင် ထည့် ရောင်းတာလည်း ရှိသည် ။

“ ဆန်ချို ” ကဖီး သို့ ဝင်ခဲ့သည် ။ လက်ဖက်ရည် ကျကျ တစ်ခွက် သောက်ပြီး သည် အထိ ရင်ထဲ ဘာလိုနေမှန်း မသိသေး ။

တဖြည်းဖြည်း နှင့် ဆန်ချို မှာ လူ များလာသည် ။ တောတွင်းသားလေး ကို ချစ်မိသော သီချင်းသည်မလေး သည် ဆိုင် ထဲ မှာ နေရာ ယူလာသည် ။ လက်ဖက်ရည်ဖိုး ရှင်းပြီး တာဇံမလေး ကို ချန်ရစ်၍ ထွက်လာခဲ့သည် ။

အပြင် မှာ မိုးရွာလုလု အုံ့ပြာနေသော ကောင်းကင် ကို တွေ့ရသည် ။

“ ရှမ်းတောင်တန်း ” ကားဂိတ် သည် စည်ကားလှသည် ။ ဘာရယ် မဟုတ် ၊ ရပ် ကြည့်နေမိပြန်သည် ။ မန္တလေး သို့ ဆင်းမည့် ဟိုင်းလပ်ကားတွေ ၊ ခရီးသည်တွေ စုရုံးစုရုံး ၊ ရွရွလှုပ်လှုပ် အလုပ် ရှုပ်နေကြသည် ။ အမိုးပေါ် သို့ ပစ္စည်းတွေ လှမ်းပေးသူတွေက ပေးနေသည် ။ အမိုး ပေါ် မှ အလုပ်သမားတွေ ကလည်း ပစ္စည်းတွေ ကို လှမ်း ယူပြီး နေရာချနေသည် ။ ကားတိုင်း ကားတိုင်း အမိုး ပေါ် မှ တာပေါ်လင် ထု သည် ကားဘော်ဒီ လောက်ရှိနေသည် ။

လားရှိုး လေ သည် တဖြည်းဖြည်း ချမ်းစိမ့်စိမ့် ဖြစ်လာသည် ။ ကားဂိတ် အဆောက်အဦ အမိုး အောက် သို့ ဝင် မိသည် ။ ထိုစဉ် ..

“ လာမယ့် တနင်္ဂနွေ ၊ ရှေ့ခန်း လုပ်ပေးပါ မန္တလေး ကို မနက် ၆ နာရီ နော် ”

သည် အသံ ၊ ခပ်ငေါက်ငေါက် အသံကလေး ...

“ စိတ်ချ ဖိုးထောင် ။ ငါ နာနတ်သီး ကို အမြဲ ကြိုက်သလို နင့် ကို လည်း ဘယ်တော့မှ မမေ့ဘူး ” ဆိုသော အသံ ။

အသံ လာရာ ကောင်တာ နား သွားလိုက်သည် ။ ကြည့် မိသည် ။ ဟုတ်ပါ့မလား ထင်ရသည် ။

ကောင်တာ လက်မှတ်ရောင်းတာဝန်ခံ က ကား ထိုင်ခုံဇယား ပါသော စာရွက် ကို လှန်လှောနေသည် ။

“ ရပါတယ် အစ်မ ။ နာမည် ... ”

“ ဖြူငွေနှင်း ... ဒေါ်ဖြူငွေနှင်း ပါ ”

“ မှတ်ပုံတင် အမှတ် ”

“ အမ်ဂျီအီး ... ”

ဟုတ်ပြီ ။ အို .. ငွေမှုန် ရယ် ။ ရှာ လိုက်ရတာ ။ တွေ့မယ့် တွေ့တော့ ... ကြည့် နေမိသည် ။

မြောက်ပိုင်း ကမ္ဘောဇ နှင့် အရှေ့မြောက် အငွေ့အသက် သည် ငွေမှုန့် ကိုယ်ပေါ် မှာ ဝေနေသည် ။ တရုတ်မင်းသမီးဖက်ရှင် ကောက်ထားသော ဆံပင်တိုတို မှ အစ ဝတ်ထားသော ဖဲပြားပြောင်ပြောင် ဘရိုကိတ် ပြောင်ပြောင် အဆုံး ။ စိတ်ကူးထဲ မှာ မူ ငွေမှုန် သည် ဆံပင်ရှည်ကလေး နှင့် ဖြစ်သည် ။ ခေတ် နှင့် အညီ အကြေကောက် ကောက်ချင်လည်း ကောက်မည် ။ အဖွာ ကောက် ကောက်ချင်လည်း ကောက်မည် ။ ဆံပင်ရှည်တော့ ဆံပင်ရှည် ဖြစ်သည် ။

ဒေါ်ဖြူငွေနှင်း ... တဲ့ ။

ရဲရဲတင်းတင်း ပဲ အနား တိုး ရပ်မိသည် ။ လူရိပ် ကြောင့် သူ မော့ ကြည့်သည် ။ ကြည့်ရင်း ကြည့်ရင်း ...

“ ဟယ် ... ဖိုးထောင် ”

ဟင် ... သူ မှတ်မိတာပဲ ။ ကိုယ်က ဘာ စကားမျှ မစပ်လိုက်ရ ။ အကောက်အလိပ် ၊ အပြောင်အလက်တွေ သည် ဘာမျှ မဟုတ်တော့ ။ ငွေမှုန် ပဲ ဟုတ်နေသည် ။

“ ကဲ ... လာ ၊ ကား ပေါ် တက် ။ အိမ် လိုက်ခဲ့ ”

“ စပရင်တာ သည် ညက်လှသည် ။ တစ်လမ်းဝင် ၊ တစ်လမ်းထွက် နှင့် ထုထည်ကြီး၍ ပိတ်ဆည်းလှသော အုတ်တံတိုင်း တစ်ခု ၏ ဝင်ပေါက် တွင် ကားရပ်သည် ။ တစ်လမ်းလုံးလည်း တွေ့ရတာ ဝမ်းသာကြောင်း ၊ မိဘတွေ ဆုံးပါးပုံ ဆုံးပါးနည်း ၊ နှစ်မြို့ သုံးမြို့ ပြောင်းပြီး မှ ဒီ လားရှိုး ရောက်လာကြောင်း ။

အိမ်ထဲ ဝင်ခဲ့သည် ။

တိုင်းရင်းသား မဆန်သော အိမ်ပုံစံ ကို သတိပြုမိသည် ။ ခြံစည်းရိုး အုတ်တံတိုင်း ထုသည် ကြီးမားလွန်းနေသည် ။ ခြံပေါက် မှ အိမ် ထဲ ထိ အင်္ဂတေ တောက်လျှောက်ကိုင်ထားသည် ။ ညာဘက်ဘေး မှ အခန်း ကို ညွှန်၍

“ အဲဒီမှာ ည ည ဗီဒီယို ပြတယ်လေ ”

ပြောမှပင် ကြည့်မိသည် ။ ကြည့်မိမှပင် ဘာတစ်လုံးမှ နားမလည်သော အက္ခရာ စာလုံးတွေ ပြည့်နှက်နေအောင် ရေးထားသော ကြော်ငြာသင်ပုန်း ကို မြင်ရသည် ။ စိတ်ထဲမှာ မနက် ကတည်း က ခံစားနေရသော ဝေဒနာ သည် ပျောက်သွားသလိုလိုနေရာမှ ယခု ပြန်၍ နှစ်ခုခု ၊ သုံးခုခု လိုနေသည် ။

ရင်ညွန့် အရပ် မှာ နင့်နင့်နဲနဲ ဖြစ်လာသည် ။

မချိတင်ကဲ ဖြစ်လာသည် ။

ဝမ်းနည်းတကြီး ရှိုက်ကြီးတငင် ခံစားရသည် ။ ဧည့်ခန်း ထဲ ရောက် လာသည် ။ အနီရောင် ကဲသော ဧည့်ခန်း အပြင်အဆင် ၊ အနီရောင် ကဲ၍ ဘာတစ်လုံးမျှ မဖတ်တတ်သော စာများပါသည့် ပန်းချီကားများ အခြေအနေ ကို မသုံးသပ်ရဲ ။ အဖြေ မထုတ်ရဲ ။ မှတ်ချက် မချရဲ ။

ထိုစဉ် အိမ် ထဲ မှ အဝတ် လဲပြီး ပြန်ထွက် လာသော သူ့ ကို တွေ့ရသည် ။ သူ့ အိမ် နေရင်း အဆင်အပြင် သည် အထွက် များသော ဘာသာပြန် သိုင်း စာအုပ် မျက်နှာဖုံး နှင့် တူနေသည် ။

“ ကဲ ... ဧည့်သည် လာတော့မှပဲ ကိုယ့် အိမ်ဦးနတ် က ခရီး ထွက်နေတယ် လေ ။ မူဆယ် ကို ။ ကိုယ် လက်ထပ် တာ ၆ လ ရှိပြီ ။ မှတ်ထားဦး ကိုယ့် အမျိုးသား နာမည် ...   ...  တဲ့ ”

မဝံ့မရဲ စိုးရိမ်စိတ် သည် သေချာသွားသည် ။ အိပ်မက် ထဲ က စံပယ်ပင် သည် အရှေ့မြောက် လေဒဏ် ကို ကြံ့ကြံ့ မခံနိုင်ပါလား ။

“ ကိုယ့် နာမည် က အခု ဖြူငွေနှင်း တဲ့ ”

“ ကောင်းပါတယ် ”

အေးစက်စက် ပဲ ဖြေ မိသည် ။ သူ က ဆက် ပြောပြန်သည် ။

“ စံပယ်ဖူး စ ဆီးယောက်မ မဟုတ်တော့ဘူး နော် ”

မဟုတ်တာဘဲ ကောင်းပါတယ်ဟု ပြန် ပြောလိုက်ချင်သည် ။ သတိရသေးတာ ကျေးဇူးပဲ ဟု လည်း ငေါ့ ချင်သည် ။

သူ ရုတ်ခြည်း ထိုင်ရာမှ ထလိုက်သည် ။ ရေခဲသေတ္တာ ကို သွား ဖွင့်သည် ။ အေးစက်၍ ရေဥကလေးများ သီးနေသော တင်း ( န် ) သံဘူးလေး တစ်ဘူး ကို ထုတ်ယူလာသည် ။ တင်း ( န် ) ဘီယာ မဟုတ် ၊ ဆဲဗင်းအပ် မဟုတ် ။ ဂန္ဓာလရာဇ် စာလုံးများ ကြား မှ “ လိမ္မော်ရည် ” ဟူသော အင်္ဂလိပ် စာလုံးပေါင်း ပါသည် ။ ဧည့်သည် ရှေ့မှာ လာချသည် ။

ရေခဲသေတ္တာ ထဲ မှ နောက်ထပ် ထုတ် ယူနေပြန်သည် ။ ပန်းကန် အပက် တစ်ချပ် ။ အစိတ်လိုက် မဟုတ်သော နာနတ်သီး တုံးကလေးများ ဖြစ်သည် ။ တူ နှစ်စုံ ကို ပန်းကန်ပေါ်တွင် ကန့်လန့် ဖြတ်လျက် တွေ့ရသည် ။

ဒေါ်ဖြူငွေနှင်း သည် ရေခဲစိမ် နာနတ်သီးလေး တစ်တုံး ကို တူ နှစ်ချောင်း ဖြင့် ကျင်ကျင်လည်လည် ညှပ်ယူလိုက်သည် ။

◾ခင်ပန်နှင်း (မြောင်းမြ)

📖 ချယ်ရီမဂ္ဂဇင်း
       ဇွန် ၊ ၁၉၈၈ ။

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment