❝ ရန်သူတော် ( သို့မဟုတ် ) သူငယ်ချင်းကောင်း တစ်ယောက် ❞
တစ်ရာ့ကိုးဇင် ရဲ့ ရန်သူတော် ကိုမျောက်လူ ( ကိုမင်းလူ ခေါ် ကိုဉာဏ်ပေါ် ) တစ်ယောက် ကွယ်လွန်သွားပါပြီ ။ တစ်ရာ့ကိုးဇင် ကို မခံချင်အောင် စာပေ နဲ့ နှိပ်ကွပ်မယ့် ပုဂ္ဂိုလ် တစ်ယောက် တော့ သေဆုံးသွားခဲ့ပါပြီ ။ သို့ပေမဲ့ တစ်ရာ့ကိုးဇင် မပျော်နိုင်ပါဘူး ။ တစ်ရာ့ကိုးဇင် တို့ က ကိုဉာဏ်ပေါ် လို့ ခေါ်ကြတဲ့ ဆရာ ကိုမင်းလူ ခေါ် ကိုမျောက်လူ တစ်ယောက် အဆုတ်ကင်ဆာ ကြောင့် ဓာတ်ကင်လိုက် ၊ ဆေးရုံတက်လိုက် ၊ ဆေးသွင်းလိုက် လုပ် နေရတုန်း တစ်ရာ့ကိုးဇင် မရောက်လိုက်ပါဘူး ။ နောက်ဆုံး ကွယ်လွန်ခါနီး သူ သတိတွေ မေ့ ကုန်ပြီ ၊ ကင်ဆာအကျိတ် က ဦးနှောက်အာရုံကြော ကို ဖိမိလို့ ဆိုပြီး သူငယ်ချင်း တစ်ယောက် က ပြောပါတယ် ။ မိသားစုဝင်တွေ အားလုံး တောင် ဆရာဝန် က ပေး မတွေ့ဘူး လို့ ပြောထားလို့ ဆေးရုံ ကို တစ်ရာ့ကိုးဇင် မရောက်တော့ပါ ။ ဒါပေမဲ့ သည်လောက် မြန်မယ် မထင်ပါဘူး ။
အခုတော့ တစ်ရာ့ကိုးဇင် ရဲ့သူငယ်ချင်း တစ်ယောက် ပျောက်ဆုံး သွားခဲ့ပါပြီ ။ တစ်ရာ့ကိုးဇင် ရဲ့ခင်ပွန်း ပေတူးအုန်း ဆုံးတာ နဲ့ ၂ နှစ် ပဲ ကွာခြားပါတယ် ။
ပေတူးအုန်းကြီး ဆုံး တော့ ကိုမျောက်လူ က အလင်းတန်းဂျာနယ် မှာ ‘ သန်းအုန်းမှတ်ကျောက် ’ ဆိုပြီး ဆောင်းပါး ရေးပါတယ် ။ ပေတူးအုန်း ကို ချစ်ခင်သူ ပေါတာကြောင့် သူ့ ဈာပန မှာ လူတွေစည်ကားခဲ့တာ ကို ပါ ။ ကိုမျောက်လူ ဈာပန က ပို စည်ပါတယ် ။ မီဒီယာတွေ ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ၊ စာနယ်ဇင်းလောက က မိတ်ဆွေတွေ ၊ စာဖတ်ပရိသတ်တွေ ၊ နယ်ပယ်စုံ က ပေးပို့ကြတဲ့ လွမ်းသူ့ပန်းခွေတွေ ။ ပန်းချီကိုညိုဝင်း ရဲ့ ပုံတူ ပန်းချီကားထဲ က ကိုမျောက်လူ က ရောဂါဖိစီးမှု ကို မခံရ သေးခင် မနေ့တစ်နေ့ က တွေ့ခဲ့ရတဲ့ သူ့ ရဲ့ပုံစံ အတိုင်းပါပဲ ။ ဆရာကိုမျိုးမြင့် ရဲ့လက်ရာ ပုံတူကတော့ ကျွန်မ တို့ ရန်ကုန်တက္ကသိုလ် မှာ တက်စဉ် က သူ နဲ့ ပန်းချီခန်းမ မှာ တွေ့ဆုံခဲ့ကြစဉ် က ပုံစံမျိုးပါ ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၇ နှစ် ခန့် က တောကျောင်းဘုန်းကြီး လို့ ကလောင် အမည် ယူ ခဲ့ဖူးတဲ့ လူငယ် ကဗျာဆရာတစ်ယောက်ရဲ့ ရုပ်ပုံလွှာ ပါ ။ တောကျောင်းဘုန်းကြီး ရဲ့ကဗျာတွေ က ဆန်းပါတယ် ။ အချစ် ကို ဖွဲ့တာတောင် ပါဠိစကားလုံး တွေ ထည့်ပြီး ရေး ပါတယ် ။ ရန်ကုန်တက္ကသိုလ်နယ်မြေ မှာ သူ့ ကဗျာတွေ က ကျော်ကြားပါတယ် ။ အဲသည် အချိန် က ကျွန်မတို့ က ပန်းချီခန်းမနံရံကပ်စာစောင် မှာ ကလောင်သွေး နေကြတုန်းပါ ။
အဲသည်တုန်း က စွယ်တော်ပွင့်ချိန် ဆို တဲ့ ကဗျာစာအုပ်ကလေး စု ထုတ်ကြပါတယ် ။ ပန်းချီနံရံကပ်စာစောင်မှာ ပါဝင်ရေးသားကြတဲ့ လူငယ်တွေ တစ်ယောက် ၂၅ ကျပ် စီ နဲ့စုပြီး ဖယောင်းလှည့် ( စာကူးစက် ) နဲ့ ရိုက် ထုတ်တဲ့ စာအုပ်ကလေး ပါ ။ သု ( ဥပဒေ ) ၊ မောင်မောင်မြင့် ၊ တိုးမိုး ၊ သျှင်ညို ( စီးပွားရေး ) ၊ မစံ ၊ ခင်မြဇင် တို့ ပါဝင်ရေးသားကြပါတယ် ။ သရုပ်ဖော်ပုံ အများစု က ကိုဘာဘာကျော် လက်ရာ ဖြစ်ပါတယ် ။ တော်ကျောင်းဘုန်းကြီး ရဲ့ ကဗျာခေါင်းစဉ် က တဏှာကြိုက်တဲ့ အမိုက်တွေမှာ တဲ့ ။
သူ့ ကဗျာခေါင်းစဉ် က တကယ့် ကို ယပ်လှဲတရား ဟောတော့မယ့် ပုံပါ ။ ကဗျာ လည်း ဖတ်ကြည့်ပါဦး ။
သဲအင်းဂူဆရာတော်ရဲ့
ရှက်စရာတွေးတော့ သမုဒယတဏှာ
မဂ္ဂဆေး နဲ့ ကုရမှာဆိုတဲ့
တရားတော်ကိုလည်း နာဖူးပါရဲ့ ။
မှောင်တဏှာခွင် ခြေစုံဝင်က
ဆင်ခြင်ကင်းစွာ ပျက်စီးရာ၏ဆိုတဲ့
တိကဂုတ္တရအဋ္ဌကထာကိုလည်း ဖတ်ဖူးပါရဲ့ ။
ခြောက်ခုအာရုံကာမဂုဏ်ဆန္ဒ
ပဋိစ္စသမုပ္ပါဒ် ရှုပ်ပြန်အတွင်းအပတဏှာ ဆိုတဲ့
ဗုဒ္ဓရဲ့တရားတော်ကိုလည်း သိလိုက်ပါရဲ့ ။
ဒါပေမဲ့ ချစ်သူ က ပြုံးပြတဲ့အခါ
ပီတိသောမနဿ ဖြစ်ရတယ် ။
တဏှာဆိုတဲ့ ဖမ်းစားတတ်သောအရာဟာ
ချစ်စရာသိပ်ကောင်းပါကလား ။
ချစ်သူက မုန်းတဲ့အခါ
သောကပရိဒေဝမီး တောက်လောင်ရတယ်
စိတ်ကို စိတ်အတိုင်း ထားရမယ်
ဒုက္ခကို ဒုက္ခအတိုင်း ထားရမယ်ဆိုတာကို
ဘယ်လိုလုပ် ဆင်ခြင်လိုက်နာနိုင်ပါ့မလဲ ။
ရင်ခွင်ထဲက ချစ်သူဆီက မွှေးပျံ့တဲ့
ကိုယ်သင်းနံ့ကို ရတဲ့အခါ
ကာယအပုပ်ကောင်ဟာ ဟုတ်ယောင်သာ
ရုပ်ဆောင်စွာ သူ လှည့်စားဆိုတာ
ရယ်စရာကလေး ကောင်းလိုက်လှပါကလား ။
အရှင်ဘုရား … ဘုရားတပည့်တော်သည်
ဇာတိစသော မီးဆယ့်တစ်မီးတို့ လောင်ကျွမ်းရာ
ဤဒုက္ခကမ္ဘာကြီးထဲ၌ပင် ပဋိစ္စသမုပ္ပါဒ် သဘောအရ
ဘဝအသစ်အသစ်တို့ဖြစ်၍ တဏှာအချစ်အချစ်တို့၏
ဖမ်းစားမှုကို ဆက်လက်၍ ခံစားနေပါရစေဦး ဘုရား … ။
◾ တောကျောင်းဘုန်းကြီး
ကိုယ့် ဟာ ကိုယ် အချစ်ကဗျာ ရေးတာများ စတန့် ထွင်နေရသေးတယ် အောက်မေ့ခဲ့ဖူးပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ပန်းချီခန်း ရောက်ရင် ရှုတည်တည် နဲ့ ဆရာကြီး ပုံ ဖမ်းနေတယ် ထင်လို့ပါ ။ တစ်ခါတော့ ရန်ကုန်တက္ကသိုလ် ငွေရတု အထိမ်းအမှတ် ပြပွဲ မှာ သူငယ်ချင်းတွေ က တစ်ရာ့ကိုးဇင် ရဲ့ ဗလာစာအုပ်လေး ထဲ ပုံတွေ ဆွဲပေး ၊ ကဗျာတွေ ရေးပေး ကြပါတယ် ။ တောကျောင်းဘုန်းကြီး ကို လည်း ရေးခိုင်းတော့ ‘ ခင်ဗျား စိတ်မဆိုးရဘူးနော် ’ ဆိုပြီး
“ အမြီးမြှောက်လိုက် အီးပေါက်လိုက်ဖြင့် အကြိုက်တွေ့နေ တို့တစ်တွေကို အဆွေကြည်ဖြူသဘောတူလျှင် နတ်လူသာဓုခေါ်စေသော် ”
ဆိုပြီး ရေးပေးပါတယ် ။ တစ်ရာ့ကိုးဇင် ကို တစ်ယောက် ယောက် နဲ့ စနောက်ပြီး ရေးပေးလိုက်တာ ထင်ပါတယ် ။ တစ်ရာ့ကိုးဇင် ရဲ့ ရုပ်ပုံလွှာ ကိုလည်း ကျောင်းပြီးစ ထုတ်တဲ့ သူ့ လုံးချင်းဝတ္ထု တစ်ပုဒ် ထဲမှာ ဘဲဥ ကို ရွှံ့သုတ်ထားတဲ့ ပုံမျိုး လို့ ရေးပါသေးတယ် ။ တစ်ရာ့ကိုးဇင် လည်း ကိုမျောက်လူ ကို တော်တော်လေး အမြင်ကတ်ပေမဲ့ အဲသည့်တုန်းက တစ်ရာ့ကိုးဇင် က သိပ် ရှက်တတ်တော့ ပြန် မရေးရဲပါဘူး ။ ကိုယ့် ကိုယ် ကိုယ် လည်း တစ်နေ့မှာ စာရေးဆရာ ဖြစ်မယ် မထင်ခဲ့ပါဘူး ။ စာ ရေးတာထက် စာဖတ်တာ နဲ့ ပန်းချီ ကို ပိုပြီးဝါသနာ ပါခဲ့လို့ပါ ။
နှစ်များစွာ ကြာပြီးနောက် ဘားလမ်း ( မဟာဗန္ဓုလပန်းခြံလမ်း ) မှာ လျှောက်လာတုန်း လက်ဖက်ရည်ဆိုင် မှာ ထိုင်နေတဲ့ ကိုမျောက်လူ က နှုတ်ဆက်တော့ ‘ ကျွန်မ ကို နာမည်တော့ ထည့် ရေးတယ် ။ စာအုပ်တော့ မပေးဘူး ’ လို့ ပြောလိုက် လို့ စာအုပ် လက်ဆောင် ပေးပါတယ် ။ သူ့ ကို စိတ်မဆိုးဘူး လို့ ထင်သွားပုံ ရပါတယ် ။ ကိုမျောက်လူ ရဲ့ ဝတ္ထု ထဲ က လူငယ်တွေ က အပြင်က လူငယ်တွေ ရဲ့ပုံရိပ်တွေ ထင်ဟပ် နေပါတယ် ။ ပထမဆုံး လုံးချင်း ချစ်သော ပန်းကလေး က စပြီး နာမည် ကြီးခဲ့တာပါ ။ တစ်ရာ့ကိုးဇင် အကြိုက်ဆုံး က ငှက်ကလေး ဆိုတဲ့ လုံးချင်း ဝတ္ထု ပါ ။ အိမ်ထောင် ပြိုကွဲသွားတဲ့ မိဘနှစ်ပါး ကြောင့် အထီးကျန် ဖြစ်နေရှာတဲ့ ကလေးတစ်ယောက်အကြောင်းပါ ။
တစ်ရာ့ကိုးဇင် လည်း ပေတူးအုန်းကြီး နဲ့ အိမ်ထောင် ကျတော့ အံ့ဩကြတဲ့ သူငယ်ချင်းတွေ ထဲ မှာ သူ လည်း ပါပုံ ရပါတယ် ။ ပေတူးအုန်းကြီး က မျက်မှန် တပ်ထားတော့ တစ်ရာ့ကိုးဇင် ကို မျက်စိမှုန်မှုန် နဲ့ ရွေးချယ်ခဲ့တယ် ထင်ခဲ့ပုံ ရပါတယ် ။ တစ်ရာ့ကိုးဇင် လည်း အင်စတော်လေးရှင်း တို့ ၊ ပါဖော့မန့် တို့ ခေတ်စားစက သူများ လုပ်သလို လိုက်လုပ်တတ်ပါတယ် ။ ပေတူးအုန်းကြီးက နောက် က အထုပ် ထမ်းပြီး ပါရမီ ( ကားလိုင်း မဟုတ်ပါ ) ဖြည့်ရပါတယ် ။ ဒါတောင် ကိုယ် ကြောင် တာကို ပေတူးအုန်း ကြောင်တာ လုပ်ပြီး ဝတ္ထုတစ်ပုဒ် ရေး ထားပါတယ် ။ တစ်ခုသော ဂန့်ဂေါ်ရွာပန်းချီပြပွဲ မှာ ကိုမျောက်လူ ကြွရောက်ချီးမြှင့်တော့ အဲသည်ဝတ္ထု ကို ပေးဖတ်ဖြစ်ရာက ဖတ်ရင်း ရယ်နေတော့ အားတက် ရပါတယ် ။ မဟေသီမဂ္ဂဇင်း ကို ပို့ဖို့ အားပေးပြီး ရှေ့နောက် နည်းနည်းပြင် ရေးခိုင်းပါတယ် ။ အင်စတော်လေးရှင်းအတ် နဲ့ ကျွန်မ ရဲ့အိမ်ဦးနတ် ဆိုတဲ့ ဝတ္ထုတို ပါ ။ အဲသည့် နောက်ပိုင်း တစ်ရာ့ကိုးဇင် ဆိုတဲ့ ခပ်ကြောင်ကြောင်မိန်းမတစ်ယောက် အဲသည်လို ရေးရမှာ မရှက်တော့ဘဲ ရေးရဲလာပါတော့တယ် ။
ဒါကြောင့် တစ်ရာ့ကိုးဇင် ရဲ့ ဆရာ ဟာ ကိုမျောက်လူ ပါ ။ မဆုံးခင်က သိ မသွားလို့ တော်ပါသေးတယ် ။ သိများ သိရင်တော့ တစ်ရာ့ကိုးဇင် ကို နှိပ်ကွက်မှာ တွေးဝံ့စရာတောင် မရှိပါဘူး ။ သူ က ဘာပဲဖြစ်ဖြစ် စာရေးဆရာ စစ်စစ် တစ်ယောက်ပါ ။
လုံးချင်းဝတ္ထု လောက မှာ အောင်မြင်နေတဲ့ ဘဝ ကို စွန့်လွှတ်ပြီး ၈၈ အရေးတော်ပုံ နှစ်နှစ်ပြည့် မှာ ရေးခဲ့တဲ့ ကဗျာ ကြောင့် ထောင် ထဲ ကို ရောက်ခဲ့ရပါတယ် ။ ၁၉၉၀ ခုနှစ်လောက်က တစ်နေ့ မှာ ဘာလမ်း အချုပ်ခန်း ဘက် ကို ရုံးထုတ်ပြီး ပြန်လာပုံ ရတဲ့ ကိုမင်းလူ နဲ့ ဆရာမျိုးမြင့်ညိမ်း တို့ကို တစ်ရာ့ကိုးဇင် တို့ စာရင်းရုံးအခန်း ထဲ က အမှတ်မထင် လှမ်း မြင်လိုက်ရပါတယ် ။ လက် တွေ ကို ကျွဲတွေ နွားတွေချည်တဲ့ ကြိုးမျိုး နဲ့ တွဲချည်လို့ပါ ။ လူအုပ် ကလည်း သူတို့ဘေး မှာ ဝိုင်းရံလို့ပါ ။ တစ်ရာ့ကိုးဇင် တော်တော်လေး ရင်နာမိပါတယ် ။ လက်ထိတ် ခတ်တာတောင် မဟုတ်ဘဲ လူ မဆန်စွာ ရုံးထုတ်လာ တဲ့ ပုံစံ ကို မကြည့်ရက်အောင်ပါပဲ ။ အဲသည့် နေ့က စ လို့ တစ်ရာ့ကိုးဇင်တစ်ယောက် ကိုဉာဏ်ပေါ် ခေါ် ကိုမျောက်လူ ( သို့မဟုတ် ) ကိုမင်းလူ အပေါ် မှာ အမြင်မကြည်တာတွေ လုံးဝ မရှိတော့ပါဘူး ။
ထောင် က ထွက် လာတော့လည်း ရသ လည်း မြောက် ၊ ဟာသဓာတ် လည်း ပါတဲ့ လုံးချင်းတွေ ဆက် ရေးခဲ့ရာမှာ ပရိသတ် က ပိုပြီးတောင် အားပေးကြပါတယ် ။ လူ့ စရိုက်ကို ဖော်ရာမှာ သူ့ အပေါင်းအသင်းတွေ ၊ လူတွေရဲ့ တကယ့် ဘဝတွေ ကို အခြေ ခံပြီး သူတို့ ရဲ့ ခပ်ကြောင်ကြောင် စရိုက်ကလေးတွေ နဲ့ တွဲပေးလိုက်တော့ သူ့ဇာတ်ကောင်တွေ က ရယ်စရာလည်း ကောင်း ၊ ဖတ်ရတာလည်း စိတ် မပင်ပန်းဘဲ စာဖတ်ပရိသတ် ကို ဆွဲဆောင်နိုင်စွမ်း ကြီးမားပါတယ် ။
သူ့ ဝတ္ထုတွေ ကို လူငယ်တွေလည်း ကြိုက် ကြပါတယ် ။ အင်တာနက် မှာ ဖတ် နိုင်ဖို့ တင်ပေးကြပါတယ် ။ သူ တောင် မသိပါဘူး ။ ဝတ္ထုတို တွေ မှာတော့ သူ့ ရဲ့ခပ်လောင်လောင်ဓလေ့အတိုင်း စာပေလောက အပေါင်းအသင်းတွေ ကို သူ့ကလောင် နဲ့ အမျိုးမျိုး သရုပ်ဆောင် ခိုင်းခဲ့ပါတယ် ။
ကျွန်မ ရဲ့ ဆည်းဆာချိန်တိမ်နီများ လုံးချင်း ဝတ္ထု ရေးပြီးတော့ စာမူကြမ်း ကို သူ့ ကို ပေးဖတ် ဖြစ်ပါတယ် ။ သမိုင်းနောက်ခံ မို့ ကျွန်မ စိတ် ထဲ မှာ စိုးရိမ် နေလို့ ဝေဖန်ပေးခိုင်းတာပါ ။ စစ်ပွဲတွေ ၊ လူစရိုက်တွေ ဖော်ရာမှာ ခက်ခဲလို့ပါ ။ ကိုမျောက်လူ က ‘ ခင်ဗျား ဝတ္ထု ဟိုခေတ် တုန်းကသာ ဆိုရင် အရမ်း အောင်မြင်မှာ ’ လို့ ပြောပါတယ် ။ စရိုက်အဖွဲ့တွေ ကို သူ ကြိုက်တယ် လို့ ပြောပါတယ် ။
ကျွန်မ မျက်စိ မှာ အတွင်းတိမ် ရှိတယ်လို့ ကြားတော့ ခင်စောဦး ( မောင်မောင်စနေ ဇနီး စာရေးဆရာ မခင်ဖြူ ) နဲ့ ဦးလာဘ မျက်ကွင်းဆေး ဝယ်ပေးလိုက်ပါသေးတယ် ။ ကျွန်မ ကတော့ သူ ဆေးရုံ တက်နေတာတောင် မရောက် လိုက်ပါဘူး ။
ကျွန်တော် ကတော့ စာဖတ်ပရိသတ် ကို
ကြွေးရှင်တွေ ဟု သဘောထားသည် ။
ကျွန်တော့် စာတစ်ပုဒ် ကို ဝယ်ဖတ် ငှားဖတ် လိုက်ပြီ ဆိုတာနဲ့
သူတို့ အကြွေး ကိုယ့် ပေါ် တင်ပြီ ဟု ယူဆသည် ။
ဒါတွေကို တစ်သက်လုံးကြိုးစားပြီး
ပြန် ဆပ်ရပေဦးမည် ။
မြီစား မှန် လျှင် မြီရှင် ကို ရိုသေရစမြဲ
လို့ ဆိုခဲ့ဖူးပါတယ် ။
၁၈ - ၈ -၂၀၁၃ နေ့ ရေဝေးခန်းမ ထဲ က မှန်ခေါင်း ထဲ မှာ လဲလျောင်းနေတဲ့ ဆရာ ကိုမျောက်လူ အနေ နဲ့ စာဖတ်ပရိသတ် အပေါ် ကြွေးကျန် ဘာမျှ မရှိပါ ။ သူ့ စာဖတ် ပရိသတ်နဲ့ သူ့ မိတ်ဆွေတွေ ရဲ့ နှလုံးသား ထဲ မှာသာ သူ့ စာတွေနဲ့ အတူ သူ့ ရဲ့နွေးထွေးတဲ့ အပေါင်းအသင်း စိတ်ဓာတ် ကို သတိရ နေတော့မှာပါ ။ သူ့ ကလောင် နဲ့ နောက်ပြောင်ကလိခံခဲ့ရတဲ့ သူ့ မိတ်ဆွေအပေါင်းအသင်း စာရေးဆရာတွေ ရဲ့ မျက်လုံးတွေ ထဲ မှာတော့ သူ့ အတွက် မျက်ရည်စတွေ တွဲ ခိုလို့ ။
◾ခင်မြဇင်
📖 သို့ ... မင်းလူ ... ဒေဝတာမြို့တော်
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment