Friday, May 20, 2022

အသိုက်အမြုံလေး မှ တမ်းတခြင်း


 

❝ အသိုက်အမြုံလေး မှ တမ်းတခြင်း ❞

ကိုယ့် ကို မဟုတ်တာတွေ ရေးလည်း စိတ် မဆိုးသည့်အပြင် ချစ်ခင် သဘောကျ မဆုံးဖြစ်ရသည့် “ တစ်ဦးတည်းသော စာရေးဆရာ ” အတွက် ဒီလို စာတွေ ရေးရမည် ဆိုတာ ဘယ်လိုမှ မျှော်လင့်မထား ။

ဘယ်တော့မှ ထပ်မံ ဖတ်ရလိမ့်မည် မဟုတ်သော သူ့ စာတွေ ကို တမ်းတရင်း လက်ရာရှင် စာရေးဆရာ အကြောင်း ရေးရတာ ဘယ်လောက် နာကျင် ကြေကွဲစရာ ကောင်းလိုက်ပါလဲ ။ ထို့ထက် “ သူ့ ” ကို ကျွန်မတို့ ဘယ်လောက် ချစ်ခင်ရသလဲဆိုတာ “ သူ ” မရှိတော့မှ တဖြည်းဖြည်း သိ သိလာရတာ ကျွန်မ တို့ ရင်နာမဆုံး ဖြစ်ကြရပါသည် ။

တကယ်ဆို …

“ သူ့ ” လို မရေးတတ် ပေမဲ့ “ သူ ” ရေး သမျှတွေကို စိတ်ဆိုးချင်ယောင် ဆောင်ပြီး စိတ် ထဲက ကျေနပ် သဘောကျ မဆုံး ဖြစ်ရတာတွေ ကတော့ ပြန် တွေးမိတိုင်း “ သူ့ ” ကို လွမ်းရတဲ့ စိတ်ခံစားမှုနဲ့ အတူ “ သူ ” ဟာ ကျွန်မတို့ အနား မှာ အမြဲ ရှင်သန် နိုးကြားရင်း ကျွန်မတို့ ကို စိတ်ခွန်အားတွေ ထာဝရ ပေးစွမ်းသွားနိုင်တော့မှာပါ ။

တကယ်ဆို ကျွန်မ တို့ အသိုက်အမြုံလေး နှင့် “ သူ ” က ဘယ်လို မှ ခွဲခြားရစကောင်းသည် မဟုတ်ခဲ့ချေ ။

ကျွန်မတို့ အသိုက်အမြုံလေး ဆိုတာ အမေတို့ ကို ဗဟို ပြုပြီး စုပေါင်းဝိုင်းဖွဲ့မိသော စာရေးဆရာ တစ်သိုက် ဖြစ်သည် ။

“ အမေတို့ ” ဟု ဆို ရတာက ဟိုယခင် စာရေးဆရာမကြီး ခင်နှင်းယု ( စုမေ ) ရှိစဉ် ကတည်း က အမေ့ သုဝဏ္ဏ အိမ်လေး မှာ စုမေ ရယ် ၊ “ အမေ ” ဟု ကျွန်မက ခေါ်သော စာရေးဆရာမကြီး ကလျာ ( ဝိဇ္ဇာသိပ္ပံ ) ရယ် ၊ “ မေဦး ” ဟု အားလုံးက ခေါ်သော စာရေးဆရာမကြီး ခင်ဆွေဦးရယ် စသည့် စာပေဩဇာ ကြီးလှသော စာရေးဆရာမကြီးများကို ဗဟို ပြုကာ ဝါသနာတူ ၊ စရိုက်တူ ၊ စကားများကြတာလည်းတူ ၊ ဗရုတ်သုတ်ခ နိုင်လှတာလည်း တူညီကြသော စာရေးဆရာ ( မ ) များ အများစု ဆုံလေ့ ရှိကြ၍ ဖြစ်သည် ။

ခေါင်းစဉ်အမျိုးမျိုး တပ်ကာ အစာတွေ စုစား ၊ စကားတွေ များကြသော ကျွန်မတို့အသိုက်အမြုံလေးကို “ ဝက်ဝက်ကွဲအဖွဲ့ ” ဟု အမေ က ကင်ပွန်း တပ်ကာ ကျွန်မ တို့ လာရောက် စုစည်းဝိုင်းဖွဲ့ကြတိုင်း အမေ က တပြုံးပြုံး နှင့် ပျော်နေကာ ကျွန်မ တို့ မှာလည်း တကယ် ကို ဝက်ဝက်ကွဲ သောင်းကျန်းပျော်ရွှင်ကြရလေသည် ။

ဝိုင်းဖွဲ့သည် ဟု ဆိုသည့်အတိုင်း စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ၏ ချွေးမ ချော “ ဝိုင်း ” ကလည်း စာရေးဆရာကြီး ၏ သား ကို တစ်သက်တာ အရင်းအနှီး ပြုကာ ( တက္ကသိုလ်ဘုန်းနိုင် ၏ စာတွေ ကို အလကား တစ်သက်လုံး ထုတ်ဝေခွင့် ရအောင် ) အပီအပြင် ယောက်ျား တော်ထားသည် ဟု ကျွန်မ တို့ က အမြဲ စလေ့ ရှိသော ကံ့ကော်ဝတ်ရည်စာပေ မှ အမျိုးသမီး ထုတ်ဝေသူ လည်း ဖြစ်သည်နှင့်အညီ ကျွန်မ တို့ အသိုက်အမြုံလေး မှာ “ ဝိုင်းဖွဲ့ ” ပါဝင်မြဲဖြစ်သည် ။ “ ဝိုင်း ” က သွက်လက်ချက်ချာပြီး လုပ်တတ်ကိုင်တတ် သဖြင့် ကျွန်မတို့ အထဲမှာ အမြဲ ဦးဆောင်လေ့ ရှိသူ ဖြစ်ကာ ဆရာ မင်းလူ ၏ အဓိက ပစ်မှတ် သဖွယ် အမြဲ ကလိ ခံရသူ လည်း ဖြစ်၏ ။

ထို ဝိုင်းကလေး ကို စည်ကားနေအောင် ( မညာတမ်း ပြောရလျှင် ) ဝက်ဝက်ကွဲသောင်းကျန်းသူများ ဖြစ်အောင် တက်ညီလက်ညီ ( အစားလည်း ညီ ၊ စကားများတာလည်း ညီ ၊ ဗရုတ်ကျတာလည်း ညီသော ) စုဝေးကြသူများ အဖြစ် အစ်မ သန်းမြင့်အောင် ၊ အစ်မ မိချမ်းဝေ ၊ မဂျူး ၊ မမွှေး ၊ ရာသက်ပန် ၊ ဇွန်ပွင့် ၊ သင်းသင်းသာ ၊ သွန်းနှင်းအိမ် စသည့် စာရေးဆရာမ ၊ ပန်းချီဆရာမများ က ဦးဆောင် စုဝေးတတ်ကြ၏ ။

သူတို့ လောက် ဗရုတ် မကျပေမဲ့ အပေါင်းအသင်း မကောင်း၍ ရောပါကြားညပ် နေရသူများမှာ မချို ( စာရေးဆရာမ မစန္ဒာ ) ၊ တိုင်းရင်းမေ ခင်သန်းမြင့် ၊ အန်တီပြုံး ( ပြုံးစာပေ ) ၊ မခင်မြဇင် ၊ စုသဲမွန် စသူတို့ ဖြစ်ကာ စာပေအသိုင်းအဝိုင်း မှ မိတ်ဆွေစာရေးဆရာများလည်း ညီညီညာညာ မကြာခဏ စုစည်းလေ့ ရှိကြပါသည် ။

အမေ ( ကလျာ - ဝိဇ္ဇာသိပ္ပံ ) က သဘောမနော ဖြူစင်ပြီး စိတ်ရင်း စေတနာ ကောင်းလှသည့် စာရေးဆရာမကြီး ဖြစ်ကာ ကလျာမဂ္ဂဇင်း ကို နှစ် လရှည်ကြာ စာပေသိက္ခာ ဖြင့် ထုတ်ဝေနေသည့် စာအုပ်တိုက်ပိုင်ရှင် မို့ စာပေသမား အားလုံးကလည်း လေးစားချစ်ခင်ကာ အမေ အိမ် မို့ ပွဲ လုပ်လျှင် စုဝေးလာရောက်ကြစမြဲ ။

ထို အထဲတွင် ကံ မကောင်းအကြောင်း မလှ စွာ ကျွန်မ တို့ နှင့် လာရောက် အဖွဲ့ ကျမိသော ရှားရှားပါးပါး ယောက်ျားသားစာရေးဆရာ နှစ်ယောက် မှာ ဘကြီးမိုး ( မောင်မိုးသူ ) နှင့် ဆရာ မင်းလူ တို့ ဖြစ်၏ ။ သူတို့က ပဲ ကံ မကောင်းတာလား ။ ကျွန်မတို့ က ပဲ ကံမကောင်းတာလားတော့ မပြောတတ်ပေ ။

တကယ်တော့ ဘကြီးမိုး ကို ရိုသေလေးစားသလို ဆရာမင်းလူ ကို လည်း ကျွန်မ တို့ ခင်မင်ကျွမ်းဝင်ကြပါသည် ။ ကျွန်မတို့ တစ်သိုက် နှင့် ဆရာတို့ က ကီး ကိုက်သည် ဆိုရမလား ။ ပြောဆို ဆက်ဆံရတာ တကယ့်ကို ပွင့်ပွင့်လင်းလင်း နှင့် ခင်မင်စရာကောင်းလှသည် ။ သို့သော် ခင်မင်ရင်းနှီးစွာ ပြောဆိုနောက်ပြောင် နေကြပေမယ့် မလေးမစား စိတ်တော့ မရှိပါ ။ တစ်ဦး နှင့် တစ်ဦး ဘယ်လောက်ပဲ အနိုင်ယူ ပြောဆိုကြပေမဲ့ စိတ်ထဲ မှာ အရိုးခံအတိုင်း သဘောကျ ကျေနပ်ကြပြီးသား ။ ပို၍ပင် ရင်းနှီးပွင်းလင်းကြပြီးသား ။

အမေ ( စာရေးဆရာမကြီး ကလျာ - ဝိဇ္ဇာ/သိပ္ပံ ) က သောင်းကျန်းသူ တစ်သိုက် ဟု ကင်ပွန်းတပ်လေ့ ရှိသော ကျွန်မတို့ အမျိုးသမီးတွေ ကြား မှာ သည်းခံ နားထောင်လေ့ ရှိပြီး အမြဲ လိုလို ပြုံးပြုံး ပြုံးပြုံး နှင့် ငြိမ်နေလေ့ ရှိသော ယောက်ျားသား စာရေးဆရာ နှစ်ယောက် အနက် ဘကြီးမိုး မှာ လေအေးအေး နှင့် ခပ်တည်တည် နောက်တတ် သူ ဖြစ်ကာ ဆရာမင်းလူ ကတော့ လူ ရှေ့တွင် သူ ဘာမှ မသိသလို ခပ်အေးအေး ကုပ်ကုပ်လေး နေပြီး သူ့ စာတွေ ထဲ မှာတော့ ရစရာ မရှိအောင် နောက်ပြောင်ရေးသားတတ်သည် ။

ဘကြီးမိုး ကတော့ သဘောမနော ကောင်းလှစွာ အနေအေးဆေးပြီး ခင်မင်ရင်းနှီးစွာ ပြောဆို နေတတ်သော်လည်း ဆရာ က မူ အမြဲလို လွယ်အိတ်တစ်လုံး လွယ်ကာ ငြိမ်ကုတ်နေလေ့ရှိ၏ ။ သူ့ ကြည့်လျှင် ဤစာမျိုးတွေ ရေး တာ “ သူ ” မှ ဟုတ်ပါလေစ ထင် ရအောင် သူ ဘာမှ မသိသလို နှင့် ခပ်တည်တည်ပင် နေ တတ်လေသည် ။ သို့ပေမဲ့ သူ့ ဘေး မှာ ဘယ်သူ ဘာ ပြောသည် ၊ ဘာ လုပ်သည်ဆိုတာတွေ ကတော့ သူ မတူအောင် အမြင်စူးစူး နှင့် မှတ်ထားကာ သူ့ စာတွေ ထဲမှာ အချက် နှင့် အလက် နှင့် ကွက်တိ နှိပ်ကွပ် ရေးသားလေတော့သည် ။

သူ နှိပ်စက်နေကျ စာရေးဆရာများ ထဲတွင် မကြာခဏ သူ မျက်စိ ကျ ( လက်ကျ ) လေ့ရှိသူများ မှာ ဆရာမ ခင်မြဇင် ၊ ဆရာချစ်ဦးညို ၊ မမ နုနုရည် ( အင်းဝ ) ၊ မစန္ဒာ ၊ အစ်မ သန်းမြင့်အောင် ၊ ဝိုင်း ၊ မဂျူး ၊ မေဦး ၊ ကလျာ ၊ ဦးဝင်းငြိမ်း တို့အဖွဲ့ “ သ ” ညီအစ်မများ စသူတို့မှာ သူ့ ကလောင်ဖျား မှာ အလှည့်ကျ အသုံးတော် ခံရသူများဖြစ်ပြီး အတော်လည်း အကွက်ကျကျ နှိပ်စက်တတ်လေသည် ။

စာရေးဆရာတွေ ကိုယ်တိုင် သာမက ပါရမီဖြည့်ဖက်များလည်း သက်သာရာ မရဘဲ သူ့ကလောင်ဖျား မှာ ရစရာ မရှိအောင် အရေး ခံကြရသည် ။

အစ်မ သန်းမြင့်အောင် တို့ ဆိုလျှင် “ ဒင်းတော့ နေပေစေဦး ၊ ငါတို့ လည်း ပြန် ရေးမှာ ” ဟု ကြုံးဝါးကြတော့ ဆရာ က ခပ်အေးအေးပင် “ ဖားတုလို့ ဝက်ခုန် ၊ အိုင်ပျက်ရုံ သာ ရှိတော့မပေါ့ ” ဟု အနည်းငယ် “ ဝ ” သော အစ်မသန်းမြင့်အောင် ကို “ ဝက် ”နှင့် ခိုင်းနှိုင်းကာ မခံချင်အောင် ပြန် စတတ်ရာ နောက်ဆုံး တော့ အစ်မ သန်းမြင့်အောင် တို့သာ ဆွေ့ဆွေ့ခုန် ဖြစ် ကျန်ရစ်ရလေသည် ။

အနေ အေးဆေးပြီး စိတ်မနောဖြူစင်ကာ ရန် မတွေ့တတ်သော အစ်မ ခင်မြဇင် ကိုလည်း သူ ဘယ်လို နှိပ်စက်ပေမဲ့ ရန်ပြန် မတွေ့တတ်ပုံ ကို သီလရှင်များ ရန် တွေ့လျှင် အတော်အချိုး မကျဘဲ ထော်လော်ကန့်လန့် ဖြစ်တတ်ပုံ နှင့် ခိုင်းနှိုင်းကာ အစ်မ ခင်မြဇင် ရန် ပြန်တွေ့လျှင်လည်း “ ဒါနရှင်များ ရှင် ” ဟု သာ ပြော တတ်သော သီလရှင်များ နည်းတူ “ သေနာကောင်လေးများရှင် ” ဟု သာ ဖြစ်နေမည့် အကြောင်း ရေး ထားရာ ကျွန်မတို့ မှာ အူတက် မတတ် ပြောဆိုရယ်မောကြရပြီး ကာယကံရှင် ခမျာလည်း စိတ်ဆိုးရ အခက် ၊ ရယ်ရ အခက် နှင့် တနုံ့နုံ့ ဖြစ်နေတာ ကျွန်မ တို့ မျက်မြင်ဖြစ်သည် ။

သူ နှိပ်စက်သမျှ ခံရသူတစ်ယောက်ဖြစ်သည့် စာရေးဆရာမ မစန္ဒာ က တစ်ခါက သူ့ စာအုပ်လေး ဆရာ့ ကို လက်ဆောင်ပေးတော့ စာအုပ် ထိပ် မှာ “ သေနာလေး အတွက် ” ဟု ရေး ပေးသည် ကို “ သေနာ ” နောက် မှာ “ ပတိ ” ဟု ရေး ထည့်ပြီး သူ့ ဟာ သူ “ သေနာပတိ ” အဖြစ် ပြင် ရေးလိုက်ဖူးသည် ။ လျှပ်တစ်ပြက် ချက်ချင်း ဟာသဉာဏ် ရှိသူဖြစ်ပြီး သူ့ ကို ကျွန်မတို့ ဘယ်တော့မှ မနိုင်ကြပေ ။

ကျွန်မ ကို လည်း ကလောင်အမည် ( ဆေး - ၁ ) ဆိုတာ ကျောင်းတက်စဉ်က ဆေးကျောင်း မှာ စာမေးပွဲတွေ မအောင်ဘဲ တစ်တစ်နေ၍ ဖြစ်ကြောင်း စာ ထဲထည့်ရေးကာ နှိပ်ကွပ်တတ်သည် ။ အမေ က ဘာလေးပဲ ဖြစ်ဖြစ် ဆရာဝန် တစ်ယောက် အဖြစ်ရော ၊ သမီး လို ပါ ကျွန်မ ကိုအားကိုးပြီး ဆေးကု ခိုင်းတာကို သူ ဘယ်တုန်းက အမြင်ကပ်သွားသည် မသိ ။ ရှာရှာဖွေဖွေ ကျွန်မ က အမေ့ ရောဂါ ရှာတော့ အမေ့ ခြေသည်း ကို ကွန်ပျူတာဓာတ်မှန် ( စီတီ ) ရိုက်ကြည့်ခိုင်းသည် ဟု လှောင်တတ်သေးသည် ။ ကျွန်မ မှာ ငိုအားထက် ၊ ရယ်အားသန် “ ခြေသည်းကို  ဓာတ်မှန် ရိုက်ကြည့်သည့်ဆရာဝန် ” အဖြစ် အချောင် ရယ်စရာ ဖြစ်ရသေးသည် ။

အရေး ခံကြရသူ တို့ မှာ သူ့ ကို လည်း ဘယ်လိုမှ ပြန် မပြော ၊ ပြန် မရေး နိုင်ကြဘဲ သူ နှိပ်စက်သမျှ ခံကြရပေမဲ့ သူ အင်မတန် ချစ်ခင်ရင်းနှီးလို့ သည်လို ရေးတတ်တာ သိကြတော့လည်း ကိုယ့် ကို ဒီလို ရေးတာပင် စိတ်ဆိုးသယောင် နှင့် သဘောကျကျေနပ်မဆုံး ဖြစ်ကြရပြီး သူ့ကို ပိုလို့သာ ချစ်ခင်ကြရသည်မှာ ရှာမှရှားသည့် သူ့ကလောင် ( ကလော် ) စွမ်း ပင် ဖြစ်သည် ။

သူ ကလည်း သူ အင်မတန် ခင်မင်လျှင် စာထဲ မှာ သာ မက အပြင် မှာ လည်း ခပ်တည်တည် နောက် တတ်သည် ။ ကျွန်မ တို့ အမေ့ အိမ် မှာ စုဝေး မုန့်စားကြစဉ် က သူ လာလျှင် မုန့်လေးတွေ ဝယ်လာတတ်သည် ။ တစ်နေ့ သူ ဝယ်လာသည့် မုန့်လုံးလေးတွေ က အရောင်စုံတွေ နှင့် အတော် လှလှပပ ဖြစ်သဖြင့် ကျွန်မတို့ မှာ ရင်သပ်ရှုမော အံ့ဩမဆုံးဖြစ်ကာ “ ဟယ် လှလိုက်တာတော့ ၊ ဒီလိုတော့လည်း တော်သားပဲ ” ဟု ကျွန်မတို့ ကို ရေးချင်တိုင်း ရေးပြီး ပြန် ချော့သည် ထင်ကာ သဘောကျမဆုံး ဖြစ်နေချိန် မှာ သူ က ကျွန်မတို့ ကို ခပ်တည်တည် မျက်စောင်းကြီး ထိုး ကြည့်ကာ -

“ အဲဒါ ဆိုင်ထဲ ဝင်တော့ ဈေးအနည်းဆုံး ဘယ်ဟာလဲ မေးပြီး ရွေး ဝယ်လာခဲ့တာ ” ဟု ကျေးဇူးတင်သူတွေ ရင် ဆို့အောင် ပြန် နောက်တတ် သူဖြစ်သည် ။ သည်တော့ ဝိုင်းပြီး မေတ္တာပို့ကြ ၊ ရေရွတ်ကြ နှင့် ပွက်လော ရိုက်ကြရပြန်သည် ။

ဘာပဲဖြစ်ဖြစ် ပျော်ကြရသည်မှာတော့ ဘယ်တော့မှမမေ့ ။

တစ်ခါကလည်း ကျော်သူ ၏ ပန်းချီပြပွဲ ကို ဖိတ်သဖြင့် သွားကြည့်ပြီး အပြန် မှာ အစ်မ သန်းမြင့်အောင် က “ ညီမရေ … ဘယ်ပြန်မှာလဲ ၊ ဆရာမင်းလူ ကို ခေါ်သွားစမ်းပါ ၊ အိမ်ပြန်မလို့ တဲ့ ” ဟု အကူအညီ တောင်းပါသည် ။

ထိုစဉ်က သူတို့ လက်ရှိ နေသည့် အိမ် သို့ မပြောင်းသေးခင် သာဓုခြံ မှာ ပင် နေစဉ် ဖြစ်ပြီး ကျွန်မ ကလည်း သုဝဏ္ဏအင်ကြင်း မှာ နေရာ လမ်းသင့်သဖြင့် သူ့ ကို ထည့်နေခြင်း ဖြစ်သည် ။ ကျွန်မ လည်း အိမ် သို့ပင် ပြန်မည် ဖြစ်သဖြင့် သူ့ ကို ကား ဖြင့် တင် ခေါ်လာခဲ့ပါသည် ။

ကားပေါ် ရောက်ရောက်ချင်း ပင် သူ က ကြက်သီး ထ ဟန် ဖြင့် -

“ အမယ်လေး အစ်မကြီး က သူ ပို့မယ် ဆိုတော့ မပို့ပါနဲ့ ဆိုပြီး မနည်း ပြေး လာရတယ် ။ သူ ပို့တာတော့ မခံ ရပါစေနဲ့ဗျာ ”

ဟု အလန့်တကြား ရေရွတ်သည် ။ ရုတ်တရက်တော့ သဘော မပေါက် ။ သူ ဘာကို ဆိုလိုပါလိမ့် ဟု ကြောင် သွားသေးသည် ။ ပြီးမှ အစ်မ သန်းမြင့်အောင် က နာရေးကူညီမှုအသင်း မှ ဖြစ်ရာ အသုဘများ အမြဲ ပို့နေကျ ဖြစ်တာကို တွေးမိပြီး ဟက်ဟက်ပက်ပက် ရယ်မောရသည် ။

ကားပေါ် ရောက် မှ သူ က ခပ်တည်တည် နှင့် “ သူ က လူသေတွေပဲ ပို့နေကျမဟုတ်လား ” ဟု ခပ်တိုးတိုး ပြော သည်ကိုတော့ အစ်မကြီး ခမျာ ကြားလိုက်ဟန် မတူဘဲ ကား နောက် မှ လက်ပြကျန်ရစ်ရှာသည် ။ ကြားများကြားလျှင် သူ ကတော့ စေတနာနှင့် ကားကြုံ ရှာပေးရသည် ။ သူ့ ကျ မဟုတ်တာ ပြောသည် ဟု ဒေါပွမဆုံး ဖြစ်ဦးမည် ။ သို့ပေမဲ့ တကယ် ဒေါပွသည် ထက် ရယ်မောရင်း သူ့ မှ ငါ ကလည်း ပြန်ပို့ဖို့ လောကွတ် ချော်မိတာကိုး ။ ခံပေါ့ ဟု ပြော မဆုံး ၊ သဘောကျ မဆုံး ဖြစ်ကြရဦးမည် ။

ထိုစဉ်က အပြန် ကား ပေါ် မှာ ဆရာ က ကျွန်မ ၏ ကားလေး ကို စီးရင်း သဘောကျနေသည် ။ အမေ့ အိမ် မှာ ဆုံကြတိုင်း ကျွန်မ က ထိုစဉ်က တီကိုအစိမ်းလေး မောင်းပြီး ရောက်သွားတတ်မြဲ ဖြစ်ရာ ယခင် ကတည်း က ကျွန်မ ကားလေး ကို ဆရာ က မျက်စိ ကျခဲ့သည် ။ ကျွန်မ က လည်း ကား လဲဖို့ စကား စပ်မိပြီး ဆရာ ကလည်း ကား ဝယ်ဖို့ ကြံစည်နေသူ ဖြစ်ရာ ကျွန်မ ကားလေး ကို လှည့်ပတ် ကြည့်ရင်း ကားလေး က သေးပေမဲ့ အထဲ မှာ ကျယ်သားပဲ ဟု သဘော ကျနေသည် ။

ကျွန်မ က ကားအကြောင်း သိပ် နားလည် လှတယ် မဟုတ်ဘဲ ထို ကားလေး ကို လည်း တော်တော် နှင့် မလဲဖြစ်ခဲ့တာမို့ ဆရာ့ ကို တေ့တေ့ဆိုင်ဆိုင် ကားလေး မရောင်းပေးဖြစ်ခဲ့သည် ကို ယခု မှ စိတ်ထဲ  တနုံ့နုံ့ ဖြစ်မဆုံး ရှိသည် ။ တလောက ဆရာ့ သမီး “ ယုယ ”နှင့် စကား စပ်မိရင်း “ အစ်မ ကားလေး ကို အဖေ က သိပ် သဘောကျတာ ” ဟု ပြောတော့ ကျွန်မ ပို၍ စိတ် မကောင်း ဖြစ်ရသည် ။ တစ်ခါတစ်ခါ ကိုယ် ချစ်ခင်သူတစ်ယောက် အသက်ရှင်စဉ်တုန်းက ကိုယ် လုပ်ပေးနိုင်တာ လုပ် မပေးခဲ့မိတာဟာ တစ်သက်တာ ရင်နာစရာ ဖြစ်ဖြစ် သွားတတ်လေသည် ။

သည်လိုပါပဲ …

တစ်ခုသော ရွှေအမြုတေ စာပေဆုပေးပွဲ ဆရာဦးဝင်းငြိမ်း မွေးနေ့အမှတ်တရပွဲ မှာ အမေ နှင့် ကျွန်မ လိုက်သွားဖြစ်တော့ အမေ့ ခမျာ သူ့ မဂ္ဂဇင်းအတွက် ဆရာ့ စာမူ အမြဲ တောင်းနေကျ ဖြစ်သည့် အတိုင်း “ အန်တီ မသေခင်လေး စာမူ ပေးပါနော် ” ဟု အားငယ်စိတ် အခံ ဖြင့် စာမူတောင်း ရာ ဆရာ က ဘေး မှ ကျွန်မ ဘက် လှည့်ပြီး …

“ အဲဒီလိုတွေ ပြော ပြောပြီး သူ ပဲ ကျန် နေခဲ့တာပဲ ” ဟု ပြောလေသည် ။ ပထမ တော့ ကျွန်မ လည်း ဘာ ပြောမှန်း မသိ ၊ ကြောင် နေတုန်း အမေ က ဟက်ဟက်ပက်ပက် ရယ်မောရင်း …

“ အေးလေ ဟုတ်ပါရဲ့ ၊ အန်တီ ကလည်း သေ မှ မသေနိုင်တာ နော် ” ဆိုတော့မှ အမေ က သူ မသေခင် ပေးပါ ဟု ပြောတာ ကို ဒီလို ပြောသည့် အမေ က သာ ကျန်ရစ်ပြီး သူများတွေ သေ သေကုန်တာ ကို ဆိုလိုမှန်း ကျွန်မ ရိပ်စားမိရင်း တဖြည်းဖြည်း မှ သဘောကျ ရယ်မောရသည် ။ ထိုစဉ်က မောင်ဝဏ္ဏ ၊ သုမောင် တို့ ကွယ်လွန်ကုန်ပြီး ဖြစ်ရာ သူ့ ခမျာ သူ့ ညီအစ် ကိုတွေ သေ ကုန်ပြီး နောက်တစ်ခါ သူ့ အလှည့် ပဲ ဟုလည်း ကိုယ့် ကိုယ် ကိုယ် နောက်ပြောင်စ ပြု နေပြီဖြစ်သည် ။

စကား နောက် တရား ပါ နိမိတ်တွေ ဘာတွေ အယုံအကြည် မရှိဘဲ သူ နောက်ပြောင်တိုင်း ရယ်မောနေကြပေမဲ့ အမေ့ ကို သူ ဒီလို ပြော တာကိုလည်း ထိုစဉ် ကတော့ ပေါက်ပေါက်ရှာရှာ သူပဲ ပြောတတ်ပလေ ဟု သဘောကျ မဆုံး ဖြစ်ရင်း သူ က ဒီလောက်စောစွာ ထွက်ခွာသွားမယ် လို့ တော့ ဘယ်လိုမှ တွေးထင် မထားခဲ့ ။

ခုလို သူ မရှိတော့ မှ အမေ နှင့် ကျွန်မ ထိုအကြောင်း စကားစပ်မိတိုင်း သူ ပြောခဲ့သလို အမေ က မသေခင်လေး စာမူပေးပါ တောင်းပေမဲ့ ၊ အမေ ကသာ ကျန် ခဲ့ပြီး ခုတော့ “ သူ ” က ပါ မရှိရှာတော့ပါလား ဆိုတာ တွေးရင်း ရင်ထဲ မချိပေ ။ “ မသေခင်လေး စာမူပေးပါ ” ဆိုတာ အမေ မသေခင် မဟုတ်ဘဲ “ သူ ” မသေခင်များ ဖြစ်နေလေသလား ဟု လည်း ကြေကွဲဝမ်းနည်းမဆုံးတော့ပေ ။

ဆရာ့ စာမူ အသစ်တွေ နောင် ဘယ်တော့မှ ကျွန်မတို့ ဖတ်ရတော့မှာလဲ ။ ကျွန်မတို့ ကို ချစ်ခင်သော “ သူ့ ” ထံ မှ ကျွန်မတို့ကို နောက်ပြောင်ကျီစယ်သော အရေးအသားတွေ ၊ အထေ့အငေါ့တွေ ဘယ်တော့မှ ဘယ်တော့မှ ထွက် မလာနိုင်တော့ပေ ။

စာပေသမိုင်း တွင် တန်ဖိုး မဖြတ်နိုင်သော “ သူ့ ” စာပေလက်ရာတွေ အသစ် မရ နိုင်တော့တာ အလွန်တရာ ကြီးမားသော အစားထိုး မရသည့် ဆုံးရှုံးမှုကြီး ဖြစ်သည် ။ တကယ်တော့လည်း သူ့ စာတွေ ဟာ စာပေသမိုင်း မှာ မှတ်တိုင် စိုက်ထူရမည့် စာပေ လက်ရာများ အဖြစ် “ မင်းလူ ” တစ်ခေတ် တွင် ခဲ့တာ အထင်အရှားဖြစ်သည် ။ မြန်မာစာပေ နှင့် “ မင်းလူ ” ဆိုတာ ဘယ်တော့မှ ကွဲပြားသွားတော့မည် မဟုတ် ၊ ဘယ်တော့မှ မှေးမှိန်ပျောက်ကွယ်သွားတော့မှာလည်း မဟုတ်ပေ ။

သို့ပေမဲ့ …

ကျွန်မတို့ အသိုက်အမြုံလေး ထဲမှ အစ်မ စာရေးဆရာမများက “ ဒင်းတော့လား တစ်နေ့ သိမယ် ” ဟု ဘယ်လိုပင် မကျေနိုင်မချမ်းနိုင် ကြုံးဝါးကြိမ်းမောင်းထားခဲ့ကြပေမဲ့ သူ နှိပ်စက်တာ ခံကြရသည့် စာရေးဆရာများ က သူ့ ကို ဘယ်လို ပြန် ရေးလိုက်မယ် ဟု အခါခါကြံစည် ချောင်းမြောင်းကြပေမဲ့ “ သူ့ ” ကို ကျွန်မတို့ ဘယ်တော့မှ ပြန် မရေးနိုင်ခဲ့ ။

ခုတော့ …

“ သူ့ ” အတွက် ကျွန်မတို့ ရေး နေကြရပြီ ။

ကျွန်မတို့ ရည်ရွယ်ခဲ့သလို “ သူ့ ”ကို ပြန်လည်ထေ့ငေါ့ အနိုင်ယူဖို့ မဟုတ်ဘဲ “ သူ့ ” ကို တမ်းတ ဦးညွှတ် နေရသည့် စာတွေ ဖြစ်မှန်း မသိ ဖြစ် နေရတာ ကိုတော့ အဝေး တစ်နေရာ မှ “ သူ ” မြင်နိုင် သိနိုင်ပါ့မလား ။

သေချာတာ ကတော့ ကျွန်မ တို့ စာတွေ မှာ ဝမ်းနည်းကြေကွဲမှု မျက်ရည်စက်တွေ နှင့် စိုစွတ်နာကျင်နေ တော့ မှာ ပဲ ဖြစ်သည် ။

◾အမရာ ( ဆေး - ၁ )

📖 သို့ ... မင်းလူ ... ဒေဝတာမြို့တော်

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment