❝ ကိုမင်းလူ သက်တော်ရာကျော် ရှည်ပါစေသတည်း ❞
သူ့ လက်ရာ စာတွေ ကို ဖတ်ရင်းသာ စာရေးဆရာ တစ်ယောက် ကို သတိရနေကြမည် ဟု ကျွန်မ ထင် ခဲ့ဖူး၏ ။ သို့သော် မထူးဆန်းဘူးလား ။ အခုအခါ ဆူဇူးကီး အာပလပ်စ် အမျိုးအစား ကြံရည်ရောင် ကားလေး ကို မြင်တိုင်း ကျွန်မ က ကိုမင်းလူ ကို သတိရ နေမိသတဲ့ ။ ကိုမင်းလူ ၏ ကား ကို ကျွန်မ စီးဖူးဖို့ မဆိုထားနှင့် တစ်ခါမှတောင် မမြင်ဖူးပါ ။ သို့သော် သူ့ ထုတ်ဝေသူတွေ ထဲ က တစ်ယောက် ဖြစ်သော ‘ ဝိုင်း ’ က တစ်ခါ ပြော ထားဖူးသည့် စကား ကို အမှတ်ရနေတော့ သူ့ ကားအမျိုးအစား ကို စိတ် မှန်းဖြင့် မှတ် ထားမိသောကြောင့်ပါ ။ ကိုမင်းလူ မရှိတော့မှဘဲ ဆူဇူးကီး အာပလပ်စ် ကြံရည်ရောင်တွေ ကို ဟိုမှာလည်း တွေ့ ၊ ဒီမှာလည်း တွေ့ ။ ကိုမင်းလူ ကား က ဒီကားမျိုး တဲ့ သိလား ။ အတူပါလာသူ အများအားဖြင့် နွယ်နွယ် ၊ ယုယု တို့ကို ခဏခဏ ပြော နေမိခဲ့သည် ။ ဆိုတော့ သာမန် သတိရနေကျ အချိန်တွေ နေရာတွေ ၏ အပို အဆောင်း အဖြစ် ကျွန်မ ကိုမင်းလူ ၏ ကားလမ်းပေါ် မှာ ဟိုမှာလည်း သတိရ ၊ ဒီမှာလည်း သတိရပေါ့ ။
အခုလို ဘောလုံးပွဲရာသီ ဆိုလျှင် ကိုမင်းလူ ကို သတိရ နေမိသည်မှာ ကျွန်မ နှင့် အတူ ပရိသတ် ထောင်ပေါင်းများစွာ ဖြစ်လိမ့်မည် ။ သေချာပါသည် ။ ဘောလုံး နှင့် ပတ်သက်သည့် စကားလုံးတွေ ၊ ဟာသတွေညကို ကျွန်မတို့ သူ့ စာတွေ ထဲ မှာ ဖတ်နေကျ မဟုတ်လား ။ ဝတ္ထုတွေ ထဲ က ဇာတ်ကောင်တွေပြောသည့် စကားလုံးတွေ သာမကဘဲ ဘောလုံး ကန်သည့် ဇာတ်ကောင်တွေ လည်း ရှိတာကိုး ။ ရယ်စရာ မောစရာ ဆိုသည့် ရုပ်ရှင်ဇာတ်ကား ကို ဦးလှိုင် တို့ မိသားစု နှင့် အတူ ကျွန်မတို့ တပျော်တပါးကြီး သွား ကြည့်ခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပေမယ့် မနေ့ တစ်နေ့ က လိုပဲ အာရုံ မှာ ပုံရိပ်တို့ လတ်ဆတ်နေဆဲ ။ ကိုမင်းလူ ၏ ဇာတ်ကောင်တွေ က ကျွန်မတို့ မြင်တွေ့နေကျ ရပ်ကွက် ထဲက လူတွေ မို့ ကျွန်မ တို့ နှင့် ရင်းနှီးနေသည် ။ ‘ လှထုံ ’ ကို ကျွန်မ ချစ်သည် ။ ‘ လှထုံ ’ အဖြစ် သရုပ်ဆောင်သော မျိုးသန္တာထွန်း ကို အဲဒီ ဇာတ်ကား မှာ သဘော ကျခဲ့သည် ။ ဘောလုံး ကန် ကြသည့် အဖြစ်အပျက်တွေ ကို ကျွန်မ သတိ ရနေသည် ။ သူ့ ဝတ္ထုတိုတွေ က ကျွန်မ နှင့် တော်တော် ရင်းနှီးပါသည် ။
နောက်ကျောမှီ မြင့်မြင့် နှင့် ကုလားထိုင် တွေ ကို ထိုင် မိလျှင် အထူးသဖြင့် ဧည့်ခံပွဲတွေမှာပေါ့ ၊ ကိုမင်းလူ ကို သတိရတတ်သည် ။ ဒင်း သာ ငါ့ အနား မှာ ရှိရင် စလို့ နောက်လို့ ကောင်းလိုက်ဦးမဲ့ ဖြစ်ခြင်း ဆိုပြီးတော့လေ ။ အလွန်တရာ ပုလှသော ကျွန်မ ၏ အရပ် က သူ့ အတွက် ဟာသ လုပ် လို့ ကောင်း နေတာ ကိုး ။ ညစာစားပွဲ တစ်ခုတွင် ကျွန်မ ကုလားထိုင်နောက် သို့ ကိုမင်းလူ ရောက် လာခဲ့ပြီး ထိုင်ခုံ နောက်မှီ ကို အသာ လှုပ်သည် ။ ပြီးတော့ ပြောသည် ။ ထိုင်ခုံ အလွတ် မှတ် လို့ပါ ဗျာ ။ အခုမှ မဂျူး ထိုင် နေတာမှန်း သိတော့တယ် တဲ့ ။ ကဲ ကြည့် ၊ ဘယ်လောက်တောင် ပြောင် မြောက်လိုက်တဲ့ ဟာသ လဲ ။ သူ့ မျက်နှာ က ပြုံးစစ ပေါ့ ။ လက်စားချေသည့် အနေ နှင့် သူ့ ကို ပြန် စနောက် လိုက်မည် စဉ်းစားတော့လည်း ဘယ်တုန်းက မှ ဟာသ ဉာဏ် မရှိခဲ့ သူမို့ စကားလုံး ရှာတွေ့ဖို့ ဝေး ပါသေးသည် ။ အခံရ ခက်ခက် နှင့် မျက်စောင်း သာ နာနာထိုး ဖြစ်လေသည် ။
ဟိုစဉ်ကတော့ စာရေးဆရာ မင်းလူ ကို မျက်စောင်းထိုး ရယ်မော ရလောက်အောင် ခင်မင် ခွင့် ရလိမ့်မည် ဟု နည်းနည်းမျှပင် မထင်ခဲ့မိ ။ ကျွန်မ တက္ကသိုလ်ကျောင်းသူ ဘဝ စာ ရေးဖို့ ကြိုးစားနေစဉ် တွင် သူ့ စာတွေ ကို စ သိခဲ့ရသည် ။
သူ့ ကို တောကျောင်းဘုန်းကြီး အဖြစ် စ သိခဲ့တာလား ။ မင်းလူ အဖြစ် စ သိခဲ့တာလား ကျွန်မ အတိအကျ မမှတ်မိတော့လောက်အောင် ကလောင် နာမည် နှစ်ခု စလုံး နှင့် ကျွန်မ ရင်းနှီးခဲ့သည် ။ အချစ်လားဟေ့ ဝင်ခဲ့လေကွယ် ဆိုသည့် ကဗျာစာအုပ်လေး ထဲ က ကဗျာ တချို့ ကို စကားလုံးတွေ အတိအကျ မမှတ်မိပေမယ့် သတိ ရနေတာ ခဏခဏ ။ နုနယ်စဉ် က နှလုံးသား အတွက် နုနယ်သည့် ကဗျာလေးတွေ ပေါ့ ။
သော့ခတ်ထားတဲ့ သံမဏိတံခါးကို
လာခေါက်တယ် ။
သွယ်လျတဲ့လက်ချောင်းကလေးတွေရှိတဲ့
ပန်းနုရောင်လက်သည်းလေးတွေရှိတဲ့
ရွှေဝါရောင်မွေးညင်းလေးတွေရှိတဲ့
လက်ကလေးမှန်း
ဒီကလည်း သိလိုက်ပါရဲ့ ။
သွေးတွေကို ခဲသွားစေတဲ့
ဦးနှောက်တွေကို ဆူဝေလာစေတဲ့
ခြေဖျားလက်ဖျားတွေကို အအေးမိစေတဲ့
နှလုံးသားကို ချွေးစို့လာစေတဲ့သူဟာ
မင်းရယ် အမုန်းရယ်
နှစ်ယောက်ပဲ ရှိတယ် ။
ခု အမုန်းဟာ ခရီးလွန်နေတယ်ဆိုတော့
တံခါးကို လာခေါက်တဲ့သူဟာ
မင်းပဲ ဖြစ်ရမယ်ဆိုတာ
ဒီကလည်း သိလိုက်ပါရဲ့ ။
အချစ်လားဟေ့ ဝင်ခဲ့လေကွယ် ။
တောကျောင်းဘုန်းကြီး ၏ ကဗျာ ထဲ မှာ နောက်ထပ် ကျွန်မ မှတ်မိနေတာက မြားနတ်မောင် ကဗျာ ။ ချစ်စရာလေး ။ အမည်ပြောင်းခြင်း ဆိုသည့် ကဗျာ ရော မကောင်းဘူးလား ။ ‘ ယနေ့မှ စ၍ ကျွန်တော့် မောင်မင်းလူ အား နွားကြီး ဟု ခေါ်ကြပါရန် ’ တဲ့ ။ အခံရ ခက်ခက် နာကျင်မှု အပြည့်ဖြင့် အရာရာ ကို ချစ်သူ အား အရှုံး ပေးလိုက်သည့် ကောင်လေးတစ်ယောက် ၏ ရင်ထဲက ခံစားချက် ကို ကျွန်မ မြင်တွေ့ခွင့် ရလိုက်သည် ။ ရယ်စရာ ၊ ပြီးတော့ ကြင်နာစရာပေါ့ ။
ကိုယ့် ကိုယ် ကိုယ် စာရေးဆရာ ဖြစ်လိမ့်မည် ဟု မမျှော်လင့်ရဲသည့် အချိန်ကာလတွေ မို့ မောင်ဝဏ္ဏ ၊ သုမောင် ၊ မင်းလူ ဆိုသည့် စာရေးဆရာ ညီအစ်ကိုများ ကို ကျွန်မ အား ကျခဲ့ရလေသည် ။ ကြည့်စမ်း ညီအစ်ကို တွေ သုံးယောက် တောင် စာရေးဆရာတွေ ဖြစ်ကြတယ်နော် ။ ကျွန်မတို့ ကလည်း စာပေဝါသနာ ပါတာ ညီအစ်မ နှစ်ယောက် ရှိတော့ သူတို့ လို ဖြစ်ရင် ကောင်း မှာ ဟု တွေးမိတာပေါ့ ။ သို့သော် သူတို့ညီအစ်ကို တွေ ၏ အနုပညာလက်ရာများ တွင် ကျွန်မ အနှစ်သက်ဆုံး မှာ ကိုမင်းလူ ပဲ ဖြစ်သည် ။
ရန်ကုန် မှာ အခြေ ချလိုက်လို့ စာရေးဆရာတွေ နှင့် ခင်မင်သိကျွမ်းရသည့် အခါ ကိုမင်းလူ ကို လူ ကိုယ်တိုင် ရင်းနှီးရသည် ။ မမွှေး က ဝတ္ထုတွေ စုထုတ်ချင်လို့ စာမူ တောင်းတော့ ပေးဖြစ်သည့် အခါ ကိုမင်းလူ နှင့် တွဲပြီး စာအုပ် ထုတ်ခွင့် ရခဲ့သည် ။ ချစ်တယ်ကြိုက်တယ်ဆိုတာ ဘယ်လိုဟာမျိုးခေါ်ပါသလဲလို့ မောင်ဘုရားကို ပြောစမ်းပါ နှမတော်လေးရယ် နှင့် အခြား ဝတ္ထုတိုများ စုစည်းမှု တဲ့ ။ အဲဒါ ကိုမင်းလူ ၏ ဝတ္ထုခေါင်းစဉ် လေ ။ ထို ခေါင်းစဉ် ကို ချက်ချင်း အလွတ် ရဖို့ ဆိုတာ က ရွှေမန်းတင်မောင် ၏ သီချင်း ကို ငယ်စဉ် ကတည်း က စွဲလမ်း နှစ်သက်စွာ ဆိုညည်းနေခဲ့သူ မဟုတ်လျှင် တော်တော် ခက်မည့် အဖြစ် ။ ကျွန်မ ကတော့ ရွှေမန်းတင်မောင် ၏ ဓာတ်ပြား နှစ်ပါးသွားတွေ ၊ ဇာတ်ထုတ်တွေ နှင့် ရင်းနှီးခဲ့သူ မို့ ထို ဝတ္ထုခေါင်းစဉ် ကို ချက်ချင်း ရွတ်နိုင်၏ ။ စီစဉ်သူ မမွှေး ရော အလွတ် ရွတ်နိုင်ပါရဲ့လား ။ နောင် ကြုံမှ ပြန် အလွမ်းသယ်ရင်း မေး ကြည့်ရဦးမည် ။ သူ့ခေါင်းစဉ်တွေ က ချစ်စရာ ချစ်မှာလားကွယ် ကြိုက်မှာလားကွယ် မေးစမ်းပါရစေ တိုးတိုးတိတ်တိတ်ရယ် တဲ့ ။ ထိုခေါင်းစဉ် ရှည်လျားသော်လည်း ကျွန်မ တို့ ကောင်းကောင်း သိသော မမြရင် ၏ သီချင်းမို့ အစီအစဉ်မပျက် ချောနေအောင် ရွတ်နိုင်ကြသည် ။ သူတို့ ညီအစ်ကို တွေက ဝတ္ထုခေါင်းစဉ် ပေးတာလည်း မိုက်သည် ။ မောင့်အပြင် မောင့်ညီကိုတွေ့ မေ့အလွမ်းပြေ တဲ့ ။ အဲဒါ ကိုဝဏ္ဏ ၏ ကျွန်မနှစ်သက်သည့် ခေါင်းစဉ်တစ်ခုပါ ။
ကိုမင်းလူ ၏ စာတွေ ကို ကျွန်မ ကြိုက်သည် ။ ဘာကြောင့်လဲ ဆိုတော့ သူ့ စာတွေက သွက်လက်နေပြီး ဖတ်သူ ကို ကြည်နူးစေသည် ။ သူ့ ဇာတ်ကောင်တွေ ၏ အဖြစ်အပျက်တွေ ကလည်း သာမန် ဘဝတွေ အကြောင်းတွေ ချည်း ဖြစ်သည် ။ သူ့ စာတွေ ထဲမှာ တရား ဟောတာ မပါ ။ စာရေးဆရာ က နေရာ ယူပြီး ပညာ ပေးတာ မပါ ။ ဆရာဝန် ဆို လျှင်လည်း ဆရာဝန်လေး သည် ရပ်ကွက် ထဲ မှာ ဆေးခန်းဖွင့်ပြီး သာမန် အတိုင်း နေ့စဉ်လှုပ်ရှားနေသူ သာ ဖြစ်သည် ။ အဆင့်မြင့် စကားလုံးတွေ မပြော ။ ရပ်ရွာကောင်းကျိုးတွေကို ပျင်းစရာ ကောင်းလောက်အောင် သိသိသာသာကြီး တရား မဟော ၊ ဇာတ်ကောင်သည် ချစ်တတ်သော ၊ ကြင်နာတတ်သော ၊ တစ်ခါတစ်ရံ အူကြောင်ကြောင် နိုင်သော သာမန် ယောက်ျား တစ်ယောက် သာ ဖြစ်သည် ။ သူ့ ဘေး က လူနာတွေ ကလည်း ရပ်ကွက် ထဲ မှ စရိုက်စုံ နှင့် ပုံမှန်အတိုင်း လည်ပတ်နေသော ချစ်စရာ လူတွေပဲ ဖြစ်သည် ။ ရယ်ရအောင် ဇွတ် ဖန်တီးထားတာ မဟုတ်ဘဲ ရယ်ချင်စရာ ပြုံးချင်စရာကောင်းသော အဖြစ်တွေ ၊ စကားလုံးတွေ နှင့် မို့ ကျွန်မ သူ့ ဇာတ်ကောင်တွေ ကို ချစ်ပါသည် ။
သူ ဟာ ဟာသဓာတ်ခံ ကို ရှိသည် ။ တစ်ခါတုန်းက ကျွန်မ နှင့် ဆရာသုမောင် ဟောပြောပွဲ အတူ သွားပြီး ရန်ကုန် ပြန် လာကြတော့ ကိုသုမောင် အတွက် လက်ဆောင် ပုဆိုး တစ်ထည်လား နှစ်ထည် လား မသိ ။ ကျွန်မ ကို ပေးသည့် လက်ဆောင် အထုပ် ထဲ တွင် မှားပြီး ပါ လာသည် ။ ကျွန်မ က ကိုသုမောင် ၏ ဖုန်းနံပါတ် ကို မသိ ။ ကိုမင်းလူ ဆီ ပဲ လှမ်းဆက်ပြီး သတင်း ပေးရသည် ။ ဘယ်လို ပေးရမလဲ ၊ ဘယ်မှာ ချိန်းကြမလဲ မေး ပေးပါ ဟု မေးတော့ ကိုမင်းလူ က ဒုက္ခ ရှာလို့ လာ ပေး မနေပါနဲ့ ဗျာ ။ အဲဒီ ပုဆိုး ကို မဂျူး ပဲ ထဘီ ချုပ် ဝတ်လိုက်ရင် ပြီး နေတာပဲ ဟု ရယ်ရင်း အကြံ ပေးသည် ။ သူ့ အိမ် က ညီအစ်ကိုတွေ တစ်စုတည်း တစ်ဝင်းတည်း နေသည့် အိမ်တွေ ထဲ က တစ်ခုမို့ ကိုသုမောင် ဆီ သွားလျှင် သူ့ အိမ် သို့ လည်း ရောက်သည် ။ ကိုသုမောင် အိမ် သို့ သွားဖြစ်ခဲ့သလား ။ သို့မဟုတ် ကိုမင်းလူ အိမ် မှာ ပဲ ကိုသုမောင် အတွက် ပုဆိုး ကို ထားခဲ့မိသလား ကျွန်မ မမှတ်မိတော့ပါ ။ ကျွန်မ ကိုမင်းလူ အိမ် သို့ ရောက်ခဲ့တာ နှစ်ခါ ။ တစ်ခါက အစိုးရ မဟုတ်သည့် အဖွဲ့အစည်း တစ်ခုအတွက် စာရေးဆရာတွေ အနုပညာရှင်တွေ ကို အိပ်ခ်ျအိုင်ဗွီ / အိတ်တ်ဒ်စ် နှင့် ပတ်သက်သည့် ဆွေးနွေးပွဲဖိတ်စာ ပေးသည့် အချိန်က ဖြစ်သည် ။ ပွဲတွေ ကို တက်ဖို့ အလွန် ဝန်လေးသည့် ကိုမင်းလူ သည် ထို ပွဲ ကိုတော့ တက်ရောက်ဆွေးနွေးပေးခဲ့သဖြင့် ကျေးဇူး တင်ရပါသည် ။
သူ က ဟောပြောပွဲ လိုက်ခြင်းလည်း အလေ့အထ သိပ် မရှိ ။ သို့သော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဟောပြောပွဲသို့ ကျွန်မ တို့ အတူ သွားခဲ့ကြသည် ။ စင်ပေါ် အတူ တက်ဖို့ ဂုဏ်ယူရသည့် စာရေးဆရာတစ်ယောက် ဖြစ်ပါသည် ။ သူ့ဟာသတွေ က ဘဝ နှင့် ယှဉ်ပြီး သဘာဝ ကျသည့် အဖြစ်တွေအပေါ် ပြက်လုံး ထုတ်ထားတာမို့ အိန္ဒြေကြီးသော ၊ သိက္ခာရှိသော ဟာသများ ဖြစ်တာကိုး ။ သူ့ ဇနီး မစန်းစန်းအောင် အလုပ် လုပ်ရာ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ဟောပြောပွဲ သို့ ကျွန်မ သူ နှင့်အတူ ဟောပြောဖူးသည် ။ ဟောပြောပွဲ ပြောလျှင် သူ က အေးအေးလေး နှင့် တော်တော် အပြော ကောင်းသည် ။ ထိုစဉ်က ကျွန်မ အစ်ကို ဆုံးပြီးခါစမို့ စိတ် တွေ နွမ်းခွေနေတာတောင် သူ နှင့် ဆရာချစ်ဦးညို ကို နားထောင်ပြီး ကျွန်မ စိတ်တွေ ရွှင်လန်းချမ်းမြေ့ခဲ့ရပါသည် ။
နောက်ပိုင်း နှစ်တွေ မှာ သူ ကျွန်မ တို့ စာရေးဆရာ တချို့အား နောက်တီးနောက်တောက်ဖြင့် စာတွေ ထဲ မှာ ထည့် ရေးခဲ့သည် ။ ကျွန်မ စိတ်ဆိုးသလား ဆိုတော့ စိတ်မဆိုးပါ ။ သို့သော် သူ့ အစအနောက် ကို ခံရသူတွေ အားလုံး ( အန်တီ ဒေါ်ခင်ခင်ဝင်း ‘ ကလျာ ( ဝိဇ္ဇာ / သိပ္ပံ ) ’ မှ အစ ) စိတ်ဆိုးချင်ယောင် ဆောင်ခဲ့ကြသည် ။ သူ ကဖြင့် နည်းနည်း မှ ဂရု မစိုက်ပေ ။ ရေးမြဲ ရေးလျက် ။ ဂျူးရှန့်ကုံးအဖြစ် ဟာသ လုပ်ပြီး သူ သရော်စာ ရေးတုန်းက ထို ကိုရီးယားကား ကို ကျွန်မ မသိခဲ့သေးပေ ။
‘ ရွှေဂျူး ရေ … ကိုမင်းလူ ရဲ့ဆောင်းပါး ထဲ မှာ ညည်း ကို သရော် ထားတယ် တော့ ။ ဝိုင်းရှန့်ကုံး နဲ့ ဂျူးရှန့်ကုံး ဟင်းချက်ပြိုင်ကြတာတဲ့ ’ ဟု မသန်းမြင့်အောင် က ထို သတင်းဆိုး ကို အားရပါးရ လာ ပေးသည့်အခါ ကျွန်မ က ရှန့်ကုံးတွေ ကို မသိပေမယ့် ဟင်းချက် ပြိုင်သည်ဆိုတာနှင့် ပဲ ရလဒ် ကို စိတ်ဝင်စားသွားမိသည် ။
‘ ဟင် မေးစရာလား တဲ့ ။ ဟင်းချက် ပြိုင်ပါတယ် ဆိုမှ ညည်း က နိုင် ချင်သေးလို့လား ။ ညည်း က ဘာများ ချက်တတ်လို့တုန်း ’
ဟု ပြန် မေးခဲ့သည် ကို ကျွန်မ မှတ်မိသည် ။ ထိုအခါ ကျမှ ကျွန်မ ကလည်း ကိုယ့် ကိုယ်ကိုယ် သတိရ သွားကာ ပြုံးလိုက်မိလေသည် ။ မယ်မယ်ဝင်း နှင့် မယ်မယ်ဦး ဟု အန်တီကလျာ နှင့် မေဦး ကို ပါ ထည့်ပြီး နောက်ပြောင် ထားတော့ အံမယ် သူ ရေးထားတာက ဖတ်လို့ တော်တော် ကောင်းတာကိုး ။ ကိုမင်းလူ ရေး တာ နှင့် ထိုဇာတ်ကား ကို တစ်ပိုင်းစ နှစ်ပိုင်းစ ပြတ်တောက်ပြတ်တောက် ကြည့် ဖြစ်သည် ။ ကြည့်ရင်း နှင့် ကိုမင်းလူ ၏ ဟာသကို သတိ ရကာ ရယ်ချင်နေခဲ့၏ ။
အိုဘားမား မြန်မာနိုင်ငံလာမည် ဆိုပြီး မရောက်လာသေးသည့် အချိန် တစ်ခုတွင် မသီတာ ( စမ်းချောင်း ) ၏ စမ်းချောင်း ၊ အင်းစိန် ၊ ဟားဗတ် စာအုပ်မိတ်ဆက်ပွဲ ပြုလုပ်သည် ထင်ပါရဲ့ ။ ကိုမင်းလူ က အမှတ်တရ စကား ပြောတော့ အိုဘားမား ဗီဇာ ဘယ် ရမလဲ ။ နာမည် ကို က အိုဘားမား ဖြစ် နေတာကိုး ။ အိုမြန်မာ လို့ ပြောင်း လိုက်ရင် ချက်ချင်း ဗီဇာ ရ မှာ တဲ့ ။ သူ မို့လို့ နောက်ပြောင်ဖို့ အကွက် ကို ရှာ တတ်ပလေ ။ ကျွန်မ သဘောကျလို့ အသံ ထွက်ပြီးတောင် ရယ်မောမိခဲ့သည် ။
ကျွန်မ တို့ အန်တီဒေါ်ကလျာ အိမ် မှာ ပွဲတစ်ခုခုပြုလုပ်ပြီး မိတ်ဆုံစားပွဲ အဖြစ် ဆုံတွေ့ကြလျှင် အမျိုးသမီးစာရေးဆရာမတွေ အုပ်စု ထဲ သို့ အတူ လာ ဆုံဖြစ်သည့် ယောက်ျားစာရေးဆရာ နည်းနည်းလေးတွင် သူ ပါဝင်သည် ။ စာရေးဆရာမတွေ သုံးလေးယောက် ပေါင်းပြီး သူ့ ကို နှိပ်ကွပ်လျှင်တောင် သူ က ပြုံးပြုံးပဲ ။ သူ တစ်ချက် ပြောလိုက်လျှင် ပြန် စောဒက တက်ဖို့ အချက်အလက် တော်တော်နှင့် မရနိုင် ။ သူ က စားသောက်ပြီးလျှင် အိမ် အပြင် ဘက်သို့ ထွက်ပြီး ဆေးပေါ့လိပ်လေးဖြင့် ဇိမ်ယူ နေတတ်သည် ။ ဆေးလိပ် တော့ အတော်သောက်နိုင်သူပဲ ဟု ကျွန်မ စိတ်မသက်မသာ တွေးမိနေကျ ။ ကျွန်မ က ဆေးလိပ် အလွန်သောက်သည့် မေမေ့ ကို အဆုတ်ကင်ဆာ ဖြင့် ဆုံးရှုံးလိုက်ရ ပြီး ပြီ မို့ သူ့ ကို ဆေးလိပ် လျှော့ဖို့ ပြောချင်သည် ။ သို့သော် သူ အလွန် ကြိုက်မှန်း သိနေသဖြင့် ပြောလို့ မထွက် ။ သူ့ လက်ဖျားတွေ နှင့် လက်သဲတွေ ကို ကျွန်မ ဆရာဝန်မျက်စိ ဖြင့် သတိထား ကြည့် မိသည် ။ စိုးရိမ်ရသည့် လက္ခဏာတော့ မဟုတ် ဟု ကိုယ့် ကိုယ် ကိုယ် ဖြေသိမ့်ရသည် ။ သူ အဆုတ်ကင်ဆာ လိုလို ၊ ဦးနှောက်ကင်ဆာ လိုလို ဝေဒနာ ခံစားနေရသည့် သတင်း ကို သိသိချင်း ကျွန်မ ယူကျုံးမရ ကိုယ့် ကိုယ် ကိုယ် အပြစ် တင် လိုက်မိသေးသည် ။ ငါ သူ့ ကို ခဏခဏ တွေ့ပါလျက်နှင့် ဆေး စစ်ကြည့်ခိုင်းဖို့ ဘာဖြစ်လို့ မတိုက်တွန်းလိုက်မိသလဲ ။ စိတ် ထဲ မှာ ကိုမင်းလူ ကို အသက်ရှည်ရှည် နေပြီး ဟာသတွေ လုပ် နေဦးမှာ ဟု သာ စိတ်ချ နေမိခဲ့သည် ။
သူ့ ကို လူနာ အဖြစ် သတင်းမေး အလည်အပတ် သွားဖြစ်ခဲ့တာ နှစ်ခါ ။ ထို နှစ်ကြိမ် က တော်တော် ကွာခြားပါသည် ။ ဆီးလမ်းကြောင်း ဒုက္ခ ပေးသည့် ဝေဒနာ ၊ သူ ကလည်း သူ့ ရောဂါ သူ့ အဖြစ် ကို ဟာသ အပြောကောင်းကောင်း နှင့် ရှင်းပြနေတော့ လူနာ သွားမေးသည့် ကျွန်မ တို့ မှာ သူ့ ကို သနား လည်း သနား ၊ တဝါးဝါး တဟားဟား ရယ် လည်း ရယ်နေခဲ့မိသည့် အဖြစ် ။ ထိုစဉ်ကတော့ ရယ်ရွှင်ခဲ့ရသည့် လူနာ မေးခြင်း အတွေ့အကြုံ ပေါ့ ။
ဒုတိယ တစ်ကြိမ် က ရန်ကုန် မှာ ။ ဝိတိုရိယဆေးရုံ မှာ ။ ထို အကြိမ် ကတော့ ရင် မှာ မရွှင်သာသည့် အခြေအနေ ပါ ။ သူ့ ဆေးမှတ်တမ်း ကို ကျွန်မ ခွင့်တောင်းပြီး ဖတ် ကြည့်မိသည် ။ ရောဂါ က ထူးဆန်းသည် ။ ဘယ်မှာ စပြီး ဖြစ်သော ကင်ဆာ မှန်း မသိ ။ လည်ပင်းအကျိတ် တဲ့ ။ ပြီးတော့ ဦးနှောက်အကျိတ် တဲ့ ။ ဒါဖြင့် ပြီးတော့ မှ အဆုတ် သို့ ပျံ့နှံ့ခြင်း လား ။ ကင်ဆာဆေးတွေ သွင်း နေသည် မို့ ၊ ဓာတ်လည်း ကင် ထားရသည် မို့ သူ့ အခြေအနေ က ယိုင်နေသည် ။ ဒီ ကြား ထဲ ကနေ ကျွန်မ တို့ ကို ဟာသ စကားတွေ ပြောဖို့ ကြိုးစားအောင်မြင်ခဲ့သေးသည် ။ ဝိုးတိုးဝါးတားပဲ ဘာ မှ မမြင်ရဘူး ။ ကောင်းတယ် ဆိုလား ။ ကျွန်မ ရယ်လိုက်ဖို့ သင့် ပေမယ့် မရယ်နိုင်ခဲ့ပါ ။
သူ့ ကို ဆုံးရှုံးရတော့မည် ဟု သိ နေသော်လည်း ဒီလောက် မြန်မြန် ဆုံးရှုံးရမည် ဟု တော့ မထင်ခဲ့မိပေ ။ သူ ကွယ်လွန်ပြီ ဆိုတော့ ကိုသန်းအုန်း ကွယ်လွန် သည့် သတင်း ကို ကြားရတုန်းက အတိုင်းပင် ခေါင်း ထဲ မှာ မူးမိုက်သွားသည် ။ သူ့ ကို သင်္ဂြိုဟ်သည့် နေ့ က ကျွန်မ ကို ဂျာနယ်သမား မီဒီယာသမားတစ်ယောက်လား အင်တာဗျူး အဖြစ် မေးခွန်း လာ မေးခဲ့၏ ။ ဆရာမင်းလူ ကွယ်လွန်သွားတဲ့ အပေါ် ဆရာမ အနေနဲ့ ဘယ်လိုခံစား ရပါသလဲ တဲ့ ။ ဖြစ်မှ ဖြစ်ရလေ ။ ဒါ အခုအချိန် မှာ မေးစရာ မေးခွန်း မဟုတ်ဘူး ။ မမေးသင့်ဘူး ။ ကျွန်မ ဒေါသ ကို မထိန်းနိုင်ခဲ့ပါ ။ ထို့အတွက် ထိုသူ ကို ကျွန်မ ဘယ်လို တုံ့ပြန်လိုက်မိသလဲ ကျွန်မ မမှတ်မိတော့ပါ ။ အသံတိုးတိုး ဖြင့် ခပ်ဆတ်ဆတ် ပြန် ပြောပစ်လိုက်မိသည် ထင်သည် ။ နောက်တော့ ထိုမေးခွန်း ကို အမေး ခံရသူ မှာ ကျွန်မ တစ်ယောက်တည်း မဟုတ်ဘဲ စာရေးဆရာတွေ အများကြီး ဖြစ်ကြောင်း ပြန်သိရသည် ။ ထူးဆန်းတာ က ထိုမေးခွန်း ကို ကိုမင်းလူ ၏ မိသားစုဝင် သမီး ဖြစ်သူ ယုယ ကို ကွယ်လွန်သည့် နေ့ ကပင် တစ်ယောက်သော ဂျာနယ်သတင်းသမား က မေးခဲ့ပြီးပြီ တဲ့ ။ ကျွန်မ တို့ စာရေးဆရာတွေ ၊ အပေါင်းအသင်းတွေ ကို မေးတာ ကို လွန် လှပြီ ဟု ထင်ထားခဲ့ရာ သမီး ကို ပါ ထိုမေးခွန်း မေးသည် ဆိုတော့ ဘယ်လို အဖြေ ကို များ မျှော်လင့်ထားလို့လဲ ဟု ကျွန်မ နားမလည်နိုင်အောင် ဖြစ်မိသည် ။ အမှန်ကတော့ မေးခွန်း ကို မရွေးတတ်တာ ဖြစ်ပါလိမ့်မည်ဟု ကျွန်မ စိတ် ကို ပြန် လျှော့လိုက်ရသည် ။
ကိုမင်းလူ သာ အသက် ထင်ရှားကျန်ရစ်ခဲ့ပြီး ကွယ်လွန်သူ က တခြား စာရေးဆရာ ( ဥပမာ ကျွန်မ ) ဖြစ်ခဲ့လျှင် ထို မေးခွန်းမျိုး သူ့ အား သတင်းသမားတစ်ယောက် က မေး လာခဲ့လျှင် သူ ဘယ်လို ဖြေမလဲ ဟု ကျွန်မ တွေး ကြည့်မိသည် ။ သူ့ ထုံးစံအတိုင်း ဟာသ မြောက်အောင် ဖြေရင်း ပညာ ပေးလိုက်လေမလား ။ အင်း ကျွန်မ ကတော့ အခုချိန်ထိ ကိုမင်းလူ ၏ အသောအထေ့ လွှမ်းသော တော်လှန်စိတ် နှင့် ဟာသဉာဏ် ကို အားကိုးနေမိဆဲပါ ။
◾ဂျူး
📖 သို့ ... မင်းလူ ... ဒေဝတာမြို့တော်
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment