❝ ကောင်းလိုက်တဲ့ အောင်သွယ် ❞
ဒီနှစ် ကျောင်း ပိတ်တော့ မနှစ်က မပြန်ဖြစ်သော ရွာ ကို ပြန်ဖို့ ကိစ္စ ကို ထွန်းကျော် အသေအချာ စဉ်းစားနေမိသည် ။ ထွန်းကျော် စဉ်းစားရတာက ဇာတိချက်ကြွေ မွေးရပ်မြေ သည် ရန်ကုန်မြို့ မှ ဆိုလျှင် အလွန် ဝေးသည့် အပြင် ခေါင်လည်း ခေါင်လှသော ရွာကလေး ဖြစ်သည် ။
သူ့ မွေးရပ်မြေ “ ပင်လှဒေါ ” ရွာကလေး မှာ စစ်ကိုင်းတိုင်း အစွန်အဖျား မှာ ဖြစ်သည် ။ ရန်ကုန် မှ မန္တလေး ၊ မန္တလေး မှ ကျွန်းလှ ၊ ကျွန်းလှ မှ ချပ်သင်း ၊ ချပ်သင်း မှ သူ့ ရွာ “ ပင်လှ ” သို့ ရောက်ရန် လှည်း စီးပြီးနောက်ဆုံး လမ်း မှာ လှည်းလမ်း ပင် မပေါက်သောကြောင့် လမ်း လျှောက်ယူရလေသည် ။ ထို့ကြောင့် ကျွန်းလှ မှ နေ၍ ချပ်သင်း ရောက်လျှင် လမ်းအတူ လျှောက်ဖော် ရအောင် တစ်ရက် ၊ နှစ်ရက် စောင့် ရတတ်သည် ။
ဒီလို နေရပ် ဝေးသည့် အတွက် အိမ် က မိဘများ က ကျောင်းပိတ်ရက် ကို မပြန်ဖို့ တားတတ်ကြသည် ။ ပညာ တော် သည့် လူ သည် နယ် မရွေးဆိုတာ ထွန်းကျော် အတွက် ထားတာပဲ ဖြစ်ရမည် ။ ဒီလောက် ခေါင် လှသည့် ရွာက “ ဒီ ” သုံးလုံး ပါပြီး ရန်ကုန်စက်မှုတက္ကသိုလ် ( RIT ) မှာ ကျောင်းတက်ရတာ ချပ်သင်း ၊ ကျွန်းလှအထိ ထွန်းကျော် တစ်ယောက် တည်း သာ ရှိသည် ။ ထို့ကြောင့် ထွန်းကျော် တို့ အိမ် ကလည်း ထွန်းကျော် ကို ရန်ကုန် မှာ အချိန် ကြာကြာ နေစေချင်ကြသည် ။ ( အင်္ဂလန် မှာ ကြာကြာ နေရင် စာ ပိုတတ်တယ် ထင် ကြသလိုမျိုး ဖြစ်သည် ။ ) ဒီအတွက် ထွန်းကျော် ရွာ ကို ပြန် မလာတာ ကို ပို သဘော ကျကြသည် ။
မနှစ်က ထွန်းကျော် တို့ အိမ် ကို မပြန်ဘဲ Computer သင်တန်း တက်သည် ။ အိမ် က ကျေနပ်လို့ မဆုံး ။ ဒီအကြောင်း ကို တစ်ရွာလုံး က သိရအောင် ထွန်းကျော် အဖေ က ရွာဦးကျောင်း ဆရာတော် ကို လျှောက်တော့ ဆရာတော် ကလည်း ဂုဏ်ယူ လို့ မဆုံး ၊ ပြောလို့ မဆုံး ပေါ့ ။
“ ရွာ မှာ ကတည်း က အားရင် စာအုပ် နဲ့ မျက်နှာ မခွာတဲ့ ကောင် ”
ဟု ဆရာတော်ဘုရား က ဝမ်းသာကျေနပ် ညည်းကလေး ညည်းရင်း နဲ့ ပြောတတ်တာခံရတဲ့ ထွန်းကျော် ဖြစ်သည် ။ ထွန်းကျော် ကတော့ သူ့ ကိုယ် သူ သိပ် အထင်ကြီးတတ်သူ မဟုတ်ပါ ။ “ ရွာ က ခေါင် လွန်းတော့ ဘာမှ လုပ်စရာ မရှိလို့ အားရင် စာ ပဲ ဖတ် ဖြစ်နေရတာပေါ့ ” ဟု သူငယ်ချင်း တွေ ကို မျက်နှာ ရိုးရိုးကြီး နှင့် ရှင်းပြတတ်လေ့ရှိသည် ။
ဒီ နှစ်တော့ ထွန်းကျော် ကို ရွာ ကို ပြန်လာဖို့ အိမ် က စာ ရေးသည် ။ရေး တာမှ သုံးစောင် ။ပြီးတော့ တစ်ယောက် တည်းသော ရည်းစား မမြဝင်း ကလည်း ရွာ ကို ပြန် လာဖို့ ရေးတာ ငါးစောင် ရှိ နေသည် ။ ရည်းစား ဆိုတော့ လွမ်း လို့ ပူဆာတယ် ဆိုရင်လည်း တစ်မျိုးစီ ပူဆာဖို့ ကောင်းသည် ဟု ထွန်းကျော် ထင် သည် ။ အခုတော့ မမြဝင်း ပူဆာပုံ က တစ်စောင် နှင့် တစ်စောင် ရေးထားသော စာသားတွေ က ငါးစောင် စလုံး တူ နေသည် ။
မမြဝင်း က ထွန်းကျော် ကို တစ်ခါတည်း တအား လွမ်းပြီး တအား သတိရလို့ စာ ငါးစောင် တစ်ပြိုင်တည်း ရေး ပြီးတော့မှ ရက်ခြားပြီး ပို့တာ ဟု အဆောင် နေ သူငယ်ချင်း တွေ က အထူးအဆန်း မို့ နောက်ကြသည် ။ ထွန်းကျော် နာမည် ကိုလည်း Nick Name အဖြစ် ငါးစောင် ဟု ခေါ်ကြသည် ။ ထွန်းကျော် အဖေ စာ ကတော့ အပြင် အကြောင်းတရားတွေ ကွဲသည် ။ ရွာ ကို ပြန် လာဖို့ မှာ တာတော့ စာလုံး အသုံးအနှုန်း က အတူတူပင် ဖြစ်၏ ။
“ ငါတို့ စိတ် ထင်တော့ မင်း ကောင်မလေး နဲ့ ကိစ္စ သိ ကုန်ကြပြီ နဲ့ တူ တယ်ကွ ၊ ဒါကြောင့် နှစ်ဖက်စလုံး အတင်း မှာ နေကြတာ နေမှာပေါ့ ”
“ မဟုတ်သေးဘူးကွ ၊ မမြဝင်း နဲ့ ကြိုက်တာကို အဖေ နဲ့ အမေ သိတာပဲ ၊ မမြဝင်း အဖေ နဲ့ အမေ ကလည်း သိ နေတာပဲ ”
“ တရားဝင် မပြောရသေးဘူး မဟုတ်လား ”
“ ဒီလိုပဲ ပြောနေကြတာပဲ ”
“ မင်း မသိတဲ့ ပြဿနာ တစ်ခုခု တက် နေတာ နေမှာပေါ့ ။ ဘာပဲဖြစ်ဖြစ် ဒီနှစ် တော့ မင်း ပြန်သင့်တာ အမှန်ပဲ ၊ ငါတို့ ကတော့ စား ရတော့မယ် ထင် တာပဲဟေ့ ”
သူငယ်ချင်းတွေ ထင် သလို မဟုတ်ဘူး ဆိုတာ ကိုတော့ ထွန်းကျော် က ကောင်းကောင်း သိတယ် ။ ကိုယ့် ရွာ က ကိုယ့် လူတွေ အကြောင်းပဲ ။မသိဘဲ နေပါ့မလား ။ နှစ်ဖက်စလုံး က ဒီလို ပြဿနာမျိုး မရှိဘူး ဆိုတာ သေချာသည် မို့ တွေးမရ ဖြစ်ပြီး ပဟေဠိလေး နဲ့ ထွန်းကျော် အိမ် ကို ပြန် လာခဲ့သည် ။
အိမ် ကို ရောက်တော့လည်း သာမန် ပျော်ကြ ဝမ်းသာကြတာမျိုး ပဲ ဖြစ်နေသည် ။ အဖေ နဲ့ အမေ ကလည်း ဘာမျှ မထူးခြား ။ နောက် တစ်နေ့ ညနေ မှာ ထွန်းကျော် က -
“ အဖေ .. ကျွန်တော် မမြဝင်း တို့ အိမ် ဘက် လက်ဆောင်လေးတွေ သွား ပေးလိုက်ဦးမယ် ”
“ အေး .. သွားလေကွာ ၊ မနေ့ ကတည်း က သွားဖို့ ကောင်းတာပေါ့ ”
ဟု အဖေ ဆိုတော့ ထွန်းကျော် အေးအေးဆေးဆေးပင် မမြဝင်း ထံသို့ ထွက် လာခဲ့သည် ။ မမြဝင်း နှင့် တွေ့ ရင်တော့ မေးမည် ဟု စိတ်ကူး ထားလိုက်၏ ။
သူ ချစ်ရသော မြ ထံ သို့ ရောက်တော့ မြ က ရွာ တောင်ဘက် ကြာကန်လေး ဆီ သွားရအောင် ဆိုသဖြင့် ထွက်ခဲ့ရသည် ။ သူ သုံးနှစ် ခန့် ခွဲခဲ့ရသော ရွာ သည် ဒီ လမ်း ၊ ဒီ အိမ် ၊ ဒီ တံတား ၊ ဒီ သစ်ပင် နှင့်ပင် ဖြစ်သည် ။ ဘာမျှ ပြောင်းလဲခြင်း မရှိ ၊ ပြောင်းလဲလာတာတစ်ခု က သူ့ ချစ်သူ မမြဝင်းလေး နှင့် သူ ရွာလယ်လမ်း မှာ ဒီလို တွဲ လျှောက် ခွင့် ရခြင်းသာဖြစ်သည် ။ အရင်တုန်းက သူ ဒီ အခွင့်အရေး ကို မရခဲ့ ။ ရန်ကုန်မြို့ မှာ ကျောင်း တက်နေသည့် အင်ဂျင်နီယာကျောင်းသား ဆိုသော ဂုဏ်ပုဒ်ကြောင့် အခုလို အခွင့်အရေး ရခဲ့သည် ဆိုလျင် မမှား ဟု သူ သိသည် ။ပညာ ၏ တန်ဖိုး သည် တန်ခိုးကြီးသည် ဟု ဆိုရမလို ဖြစ်နေသည် ။
“ မြလေး က ကိုယ့် ကို ဘာကိစ္စ နဲ့ တွေ့ချင်ရတာလဲ ဟင် ၊ ပြီးတော့ မြလေး ရေးတဲ့ စာ တွေကလည်း တစ်စောင် နဲ့ တစ်စောင် အတူတူတွေ ချည်းပဲ ”
“ ကိုပုကျော် မြို့တက်တုန်း က စာတိုက် ကနေ ထည့် ပို့ပေးလိုက်ရတာလေ ၊ တစ်စောင် နှစ်စောင် နဲ့ မရောက် မှာ မပို့ မှာ စိုး တာနဲ့ တစ်ခါတည်း လေးငါးစောင် ရေး ပေးလိုက်တာ ”
ထွန်းကျော် သက်ပြင်း ကိုသာ ချရသည် ။ သူ့ ရည်းစား မြလေး ကို ဘာမျှ ပြော မနေတော့ ။ သူတို့ ရွာ မှာ စာတိုက် မရှိတာရော သူတို့ ရွာ က လူတွေ စာရေးလေ့ရေးထ မရှိတာရော သူ သိပြီးသားမို့ ဖြစ်သည် ။ စာ ထည့်တာကိုပင် တစ်ပုံစံတည်း လေးငါးစောင် ရေးပို့မှ စာတိုက် က အားနာပြီး ပို့ ပေးမှာ ဟု သူ့ ချစ်သူ မြလေး က ထင် နေလိုက်သေး၏ ။ ဒါပေမဲ့ ထွန်းကျော် မြလေး ကို အချစ် မပျက်နိုင်ပါ ။
“ ကိုယ် ပြောတာ က ဘာကိစ္စ နဲ့ ဒီလောက် အရေးတကြီး တွေ့ချင်တာလဲ လို့ပါ မြလေး ရဲ့ ”
“ အင်း ... အဖေ ပေါ့ ၊ အဖေ က တွေ့ချင်တာလေ ၊ ဒီနှစ် ကျောင်းပိတ်ရင် ကိုထွန်း ကို ဆက်ဆက် ပြန်လာခဲ့ဖို့ စာ ရေးချည် ဆို လို့ ”
မြလေး ၏ အဖေ ဦးဒင်္ဂါး က တွေ့ချင်တာ ဆိုရင်တော့ သူတို့ ကိစ္စပဲ ဖြစ်ရမည် ။ ဒါပေမဲ့ မြလေး ရဲ့ မျက်နှာ မှာလည်း ရှက်နေ ပြုနေတာ က မရှိ ဆိုတော့ ထွန်းကျော် ပြောရတာ ခက်နေသည် ။
“ အင်း ... မြလေး ကလည်း ခက်တာပဲ ၊ ကဲ ... ကိုယ် ပြောင်ပဲ မေးတော့မယ် ၊ ဦး က တွေ့ချင်တာ ဆိုရင် ကိုယ် နဲ့ မြလေး ကိစ္စလား ”
“ အောင်မယ် ... အောင်မယ်... မဟုတ်ပါဘူးနော် ၊ မဟုတ်ပါဘူး ၊ဘယ့်နှယ် ကြံကြီးစည်ရာတော် ၊ ဒီ အဖေ နဲ့ ဒီ သမီး ရှိတာ ၊ ကျုပ် က ပြောရဲပါ့မလား တော့ ၊ မဟုတ်ရပေါင် တော် ”
“ မြလေး ကလည်း ... မြလေး က မပြောလည်း တစ်ရွာလုံး က သိနေတာပဲ ၊ တခြား လူတွေ က ပြောချင် ပြောမှာပေါ့ ”
မြလေး ပုံစံ က မရှက်သည့် အပြင် ဒေါသ ပင် ထွက် နေလိုက်သေး၏ ။
“ ဘေး လူ က ပြောလည်း သားအဖ ချင်း ဒီလောက်အရှက် နည်းပြီး ကိုထွန်း ကို ခေါ်ခိုင်းရအောင် ဒီက ကောင်မ က ဘာ ဖြစ်နေလို့လဲ ၊ ယောက်ျား တစ်ယောက် ရဖို့ စာတစ်တန် ပေတစ်တန် ရေးပြီး ခေါ်ရမှာ ဆို မြဝင်း တို့ က မယူတော့ဘူး ၊ သိလား ”
ရွာ ပြန်လာရသည့် အကြောင်း ကို မေး မိရာက ချစ်သူ ၏ ဒေါသကြောင့် ထွန်းကျော် မပျော်ရဘဲ စိတ်ကောက်တာ ချော့ပြီး ပြန် ခဲ့ရသည် ။ လမ်း တစ်လမ်း လုံး စိတ်ထဲ မှာ မကျေမနပ် ဖြစ်နေခဲ့ရသည် ။ အိမ် ရောက်တော့မှ အဖေ့ ကို မေးတော့မည် ဟု ဆုံးဖြတ်လိုက်၏ ။
အိမ် ကို ရောက် ပြန်တော့ အဖေ့ ကို မတွေ့ရ ။ အရှေ့ကျောင်း ကို သွားသည် ဟု ဆိုသည် ။ ဒါနှင့် ထွန်းကျော် လည်း ရွာ ထဲ က သူငယ်ချင်းဟောင်း တွေ နှင့် သွားတွေ့သည် ။ သူငယ်ချင်းတွေ တော်တော်များများ က အိမ်ထောင်ရက်သား ကျကုန်ကြသဖြင့် သူ နှင့် သိပ်မတွေ့ ။ လယ်ထဲ ကိုင်းထဲ ဆင်း သူက ဆင်း ၊ ရွာ ပြောင်း သူ က ပြောင်း ဖြစ်ကုန်ကြသည် ။
ညနေ ပြန်ရောက်သည် အထိ သူ့ အဖေ ကို မတွေ့ရ ။ သူ့ အဖေ လာရင်တော့ မြလေးအဖေ ဦးဒင်္ဂါး က ဘာကြောင့် သူ့ ကို ခေါ်သည် ဆိုတာကို သိရမှာ ကျိန်းသေသည် ။သူ့ အဖေကလည်း သူ့ ကို ဒီနှစ် ဆက်ဆက် ပြန် လာဖို့ စာ ရေးထားတာ မဟုတ်လား ။
ည မိုးချုပ်ကာ နီးတော့မှ သူ့ အဖေ နှင့် ဦးဒင်္ဂါး ကိုယ်တိုင် ရွာ က လူကြီး သုံးလေးယောက် နှင့် အတူ ပြန် လာကြတာ တွေ့ရလေသည် ။
“ အတော်ပဲ လူလေးရေ ၊ ကဲ ... ကျုပ် ပြောတဲ့ ကျုပ် သား ဆိုတာ အဲဒီ ကောင် ပဲဗျ ”
အဖေ နှင့် အတူ ပါလာသော လူသုံးယောက် က ထွန်းကျော် ကို ကြည့်သည် ။ ထွန်းကျော် ထို လူ သုံးယောက် ကို မမြင်ဘူးချေ ။
“ ဒါ ကန်ပက်လက်ရွာ က ရွာလူကြီး တွေ ကွ ၊ မောင်ထွန်းကျော် ရေ မနက်ဖြန် မနက် ( ၁၀ ) နာရီ မှာ ရွာဦးကျောင်းမယ် တို့ ရွာ က ရွာလူကြီးတွေ နဲ့ ကန်ပက်လက်ရွာ က ရွာလူကြီးတွေ စုပြီး အစည်းဝေး လုပ်ကြမလို့ ၊ အဲဒါ မင်း ကို လာ ဖိတ်တာကွာ ”
မြလေး အဖေ ဦးဒင်္ဂါး စကားကြောင့် ထွန်းကျော် ကြောင်သွားသည် ။ ကန်ပက်လက်ရွာ က လူကြီးတွေ ကလည်း သူ့ ကို ထူးထူးဆန်းဆန်း လူ ကို စူးစူးစိုက်စိုက် ကြည့်ပြီး တရိုတသေ ပြုံး ပြရင်း ခေါင်း ကို ညိတ်ကြသည် ။
“ အာ ... ကျွန်တော် နဲ့ ဘာဆိုင်လို့လဲ ခင်ဗျ ၊ ကျွန်တော် က လူကြီး မှ မဟုတ်တာ ၊ အဖေ့ ကို ဖိတ်တယ် မဟုတ်လား ၊ အဖေ့ ကို ဖိတ်ရင် တော်ရောပေါ့ဗျာ ”
“ ဟာ ... မင်း နဲ့ ဆိုင်တာပေါ့ကွ ၊ ဆရာတော်ဘုရား ကိုယ်တိုင် က မင်း ကို စောင့် နေတာ ၊ မင်း လာမှ အားလုံး အဆင်ပြေမှာမို့ မင်း ဆီ ကို တောင် မိမြ ကို ငါ စာ ရေးခိုင်းရတာ ၊ မနက်ဖြန်အစည်းအဝေး မှာ မင်း ကအဓိက ပဲ ”
ထွန်းကျော် ဘာမျှ နားမလည်တော့ဘဲ ဖခင် ဖြစ်သူ ကိုသာ ကြည့် ရတော့သည် ။ ဒီလိုရပ်ကွက် ကိစ္စတွေ ဘာတွေ ကို သူ တစ်ခါမျှ ဝင် လုပ်ခဲ့ဖူးတာ ဘာညာ မရှိပါ ။ အခု ဘယ်လိုဖြစ်တယ် ဆိုတာ ကို သူ လုံးဝစဉ်းစားလို့ မရပါ ။
“ ဒီလိုကွ သားရ ၊ ကျောင်းထိုင်ဆရာတော်ဘုရား က ငါတို့ ရွာ နှစ်ရွာ အတွက် ဓမ္မာရုံ ဆောက်လုပ် မလို့ တဲ့ ၊ လှူတဲ့ အလှူရှင် ကလည်း ရှိပြီ ဆိုပါတော့ ကွာ ၊ အဲဒါ မင်း က ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ဆို တော့ ကျောင်း ပုံစံ ဆွဲ ခိုင်းမလို့ တဲ့ ၊ ရွာ မှာ က ပညာတတ် ဆိုလို့ မင်းတစ်ယောက် ပဲ ရှိတာ မဟုတ်လား ”
ဖခင် စကား ကြား တော့မှ ထွန်းကျော် မျက်လုံး ပြူး၍သွား၏ ။ မှား ကုန်ပြီ ဆိုတာ ကိုလည်း သိလိုက်ရသည် ။
“ ဟာ ... ပြဿနာပဲ အဖေ ရာ ၊ ကျွန်တော် က စက်မှုတက္ကသိုလ် ကျောင်းသား ပေမယ့် ကျွန်တော် ယူ ထားတဲ့ ဘာသာက “ ချည်မျှင် ” အဖေ ရ ၊ ရက်ကန်းတွေ ၊ စောင်စက်တွေနဲ့ပဲ ဆိုင်တာ ၊ အဆောက်အအုံဆောက်တာ တို့ ၊ ပုံစံထုတ်တာ တို့ က ကျွန်တော် နဲ့ ဘာမှ မဆိုင်ဘူး ၊ သင်လည်း မသင်ရဘူး အဖေ ”
ထွန်းကျော် စကား ကို ကြားတော့ ဦးဒင်္ဂါး က ခေါင်း ကိုယမ်းသည် ။
“ ထွန်းကျော် ရာ ... ငါတို့ က ကိုယ့် ရွာသား မို့ ကိုယ် ဂုဏ်ယူပြီး ပြောတာ မဟုတ်ပါဘူး ၊ မင်း ဒါတွေ တတ်တယ် ဆိုတာ ငါ တို့ အကုန် သိပါတယ်ကွာ ၊ ကဲ ... ကတိုးဆည်ကြီး ဆောက်တော့ ဘယ်သူတွေ ဆောက်သလဲ ။အင်ဂျင်နီယာတွေ ပဲ မဟုတ်ဘူးလား ၊ မင်း တတ်ရဲ့သား နဲ့ ပညာ တော့ မလျှိုပါနဲ့ ကွ ”
“ မဟုတ်ဘူး ဦးလေး ၊ စက်မှုကျောင်းသား ဆိုပေမယ့် သင်ရတဲ့ ဘာသာတွေ က ခွဲ ထားတာမို့ပါ ဦးလေးဒင်္ဂါး ရယ် ၊ လမ်းတံတား က သပ်သပ် ၊ လျှပ်စစ် က သပ်သပ် ၊ အဆောက်အအုံ ဆောက်တာ က ... ”
" မောင်ထွန်းကျော် ရေ အဲ့ဒီ ကိစ္စတွေ ငါ့ ကို လာ ရှင်းပြ မနေနဲ့ကွာ ၊ ငါတို့ ကတော့ မင်း ကို အာမ ခံခဲ့ပြီ ၊ ဒီတော့ မနက်ဖြန် မင်း ဆရာတော် နဲ့ သာ ရှင်းပေတော့ ၊ ငါတို့ လူကြီးတွေ ကတော့ မင်း ကို တလေးတစား ဖိတ်ကြတာပါပဲ ”
ဦးဒင်္ဂါး တို့ ပြန် သွားကြတော့ ထွန်းကျော် က ဖခင် ဖြစ်သူ ကို ဓမ္မာရုံပုံစံ အကြောင်း သူ ဘာမျှ မသိကြောင်း ကို ရှင်းပြသော်လည်း သူ ရှင်းပြနေတာတွေ ကို သူ့ ဖခင် ဦးပုကျော် က တစ်လုံးမျှ မသိ ၊ သူ့ ဖခင် သိတာ က သူသည် စက်မှုကျောင်းသား ၊ စာ တော်သည် ၊ ဓမ္မာရုံ ပုံစံ လောက်တော့ သူ့သား က အပျော့ ပင် ဖြစ်သည် ။
ဘယ်လိုမျှ ရှင်းပြလို့ မရ ။ ထွန်းကျော် စိတ် ညစ်နေတုန်း မမြဝင်း ရောက် ချလာသည် ။ မမြဝင်း မျက်နှာ ပေါ် မှာ က စိတ်ဆိုး နေသည့် ပုံလည်းပေါ်သည် ။ အရေးကြီး နေဟန်လည်း ရှိသည် ။
“ ကဲ ... ကိုထွန်း က ဖေဖေ့ ကို ဘယ်လို လုပ် လွှတ် လိုက်တာတုံး ”
“ ကိုထွန်း က ဘာ လုပ်လို့လဲ မြလေး ရဲ့ ၊ အဲဒီကိစ္စ ကို အခုပဲ ဒီမှာ အဖေ နဲ့ ပြော နေတာ ”
“ ဒီမှာ ကိုထွန်း ရဲ့ ၊ ကိုထွန်း မသိတာတွေ ကို မြလေး က ပြောပြရဦးမယ် တော့ ၊ အဖေ က ကိုထွန်း ကို ကွယ်ရာမှာ ဘယ်လောက် အထင် ကြီး ထားတယ် မှတ်သလဲ ၊ ဟိုလူ နဲ့ တွေ့ရင် ကိုထွန်း အကြောင်း ပြောရ ၊ ဒီလူ နဲ့ တွေ့ရင် ပြောရ နဲ့ သူ့သား အေးတင် အကြောင်း တောင် ဒီလောက် ပြောတာ မဟုတ်ဘူး ၊ အခု ဓမ္မာရုံ ကိစ္စ ကို ကန်ပက်လက် က လူကြီးတွေ နဲ့ အိမ် မှာ ပြောကြတိုင်း ကိုထွန်း အကြောင်း က မပါရင် မပြီးပါ တော် ၊ အခု ကိုထွန်း က ဟိုဘက် က ရွာ လူကြီးတွေ ရှေ့ မှာ ဒီလို အရှက် ခွဲ ချလိုက်တော့ အဖေ့ မျက်နှာ ဘယ်လောက် ပျက် ခဲ့ရသလဲ ”
“ အဲဒါကိုပဲ ကိုထွန်း က ပြောနေတာလေ မြ ရဲ့ ၊ ကိုထွန်း ကျောင်း မှာ သင်ရတာက ရက်ကန်းခတ် တဲ့ စက် ၊ ချည်မျှင် ကနေ အဝတ် ဖြစ်အောင် ရက်တဲ့ စက်တွေ အကြောင်းပဲ သင် ရတာ ၊ ဒီ ဓမ္မာရုံ ကိစ္စ က ... ”
မမြဝင်း က ထွန်းကျော် ပျာပျာသလဲ ရှင်း ပြနေတာကို နားမလည် ။ ခါး ကို ထောက် ၍ ခေါင်း ကို သာ ယမ်း နေသည် ။
“ ကိုထွန်း တို့ အိမ် က ပြန် လာပြီး ကတည်း က အဖေ က မျက်စိမျက်နှာ ပျက် နဲ့ ထိုင် နေလိုက်တာ ၊ ထမင်း ကျွေးတော့လည်း မစားဘူး ၊ တော်တော် စိတ် မကောင်း ဖြစ်နေတဲ့ ပုံပဲ ၊ အဲဒါ မေးတော့ မှ ပြောတာ ကိုထွန်း ရယ် ၊ ကိုထွန်း က ရွာ ကို မျက်စိ လည် လာတဲ့ အင်္ဂလိပ်ကြီးတွေ နဲ့ တောင် စကား ပြောနိုင်တာပဲ ၊ သူတို့ ဆွဲ ခိုင်းတာ ကို ဆွဲ ပေးလိုက်စမ်းပါ ၊ တတ်ရဲ့ သားနဲ့ မကတ်စမ်းပါ နဲ့ ၊ ဆွဲပေးလိုက်ပါ ကိုထွန်း ရယ် နော် ”
မမြဝင်း စကား ဆုံးတော့ ထွန်းကျော် ဖင်ကုတ် ခေါင်းကုတ် ဘာ စကား ကို ဆက် ပြောရမှန်းမသိ ဖြစ် နေသည် ။ ကျောင်း သို့ ပထမနှစ် သွား တက်ပြီး နွေ ကျောင်းပိတ်ရက်ကလေး ပြန် လာစဉ်က သူတို့ ရွာ ဘက် ကို ငှက် ကြည့်သည့် တိုးရစ်အဖွဲ့ မျက်စိ လည်ပြီး ရောက် လာခဲ့ဖူးသည် ။ တစ်ရွာလုံး က ဝိုင်းအုံနေသဖြင့် ထွန်းကျော် ရောက်သွားတော့မှ လမ်း မှားနေမှန်း သိပြီး စကား နည်းနည်းပြောကာ ရွာ မှာ ခဏ နားကြသည် ။ ဒီတော့ ထွန်းကျော် က မြန်မာ ပီပီ လိုအပ်တာလေးတွေ ကူညီရင်း လမ်းညွှန်ပေးခဲ့ဖူး၏ ။ တိုးရစ်တွေ က သူတို့ လုပ်နေကျ အတိုင်း ငှက်တွေ ကို တင် မဟုတ် ၊ ရွာ က လူတွေ ကိုပါ ကြည့် သွား ၊ ဓာတ်ပုံ ရိုက်သွား လုပ် သွားကြသဖြင့် ထွန်းကျော် တော်တော် နာမည် ကြီးသွားခဲ့ရဖူးသည် ။
အဲ့သည် ကတည်းက သူတို့ တစ်ခါမျှ မမြင်ဖူးသော အင်္ဂလိပ်ကြီးတွေ နှင့် ရယ်ရယ်မောမော စကား ပြောနိုင်သော ထွန်းကျော် မှာ အကုန်သိ အကုန်တတ် သူ တစ်ဦး ဖြစ်သွား၏ ။ ထွန်းကျော် သည် သူတို့ “ ပင်လှဒေါ ”ရွာ အတွက်တော့ “ ဂျိန်းစဘွန်း ” ဖြစ်၍ သွား၏ ။ အခုတော့ ဂျိန်းစဘွန်း ဒုက္ခ ရောက်ပြီ ဖြစ်သည် ။
“ ဒုက္ခပါပဲ မြလေး ရာ ၊ ကိုထွန်း တော့ ဘယ်က စပြီး ဘယ်လို ရှင်း ရမှန်း ကို မသိတော့ဘူး ”
“ ဘယ်လို မှ မရှင်းနဲ့တော့ ကိုထွန်း ၊ အဖေ က ကိုထွန်း ကို နောက်ဆုံး စကား ပြော လိုက်ပြီ ၊ ကိုထွန်း ရွာဦးကျောင်း ဓမ္မာရုံ ဒီဇိုင်း ကို ဆွဲပေးရင် ကျုပ် နဲ့ အပ်ကျမတ်ကျပဲ တဲ့ ၊ မဟုတ်ရင်တော့ ပြီးပြီ တဲ့ ၊ ကျုပ် ကလည်း အဖေ့ သမီး အဖေ့ စကား အတိုင်းပဲ ၊ ကိုင်း ... ကျုပ် အဲဒါ လာ ပြောတာ ၊ ရှက်ရှက်နဲ့ပဲ တော့ ၊ ညဉ့်နက်နေပြီ ၊ ကျုပ် ပြန်တော့မယ် ”
“ မြလေး... မြလေး... နေဦးလေ ၊ ကိုထွန်း ရှင်းပြမယ် ”
ဆင်းသွားသော မမြဝင်း ကို လိုက် ဖမ်းနေသော ထွန်းကျော် ကို ဖခင် ဖြစ်သူ က အတင်း ဆွဲသွား၏ ။
“ လိုက် မနေနဲ့တော့လေ ၊ သား မင်း ကောင်မလေး ပြော တာက ရှင်းနေပြီပဲ ၊ မနက်ဖြန် ဆွဲပေး လိုက်ပေါ့ကွ ၊ ဘာ အရေးလဲ ”
••••• ••••• •••••
ထွန်းကျော် က စကား ကို ရပ်ထားလိုက်သဖြင့် Final ကျောင်းသား တွေ အားလုံး စိတ်ဝင်စားမှု က အထွတ်အထိပ်သို့ ရောက်သွား၏ ။
ဒီနှစ် ကျောင်း အပိတ် အိမ် အပြန် တွင် အိမ်ထောင် ကျလာသော ထွန်းကျော် ကို ဝိုင်း မေးကြရာမှ ထွန်းကျော် က သူ့ ရွာ ပြန် ဇာတ်ကြောင်း ကို ရှင်း ပြနေခြင်း ဖြစ်သည် ။
“ ဒါဆို မင်း အိမ်ထောင် ကျလာတယ် ဆိုတော့ ပုံစံ ထုတ် ပေးလိုက်တယ်ပေါ့ ”
“ ထုတ် ပေးလိုက်တာပေါ့ကွ ”
“ ဟာ ... မင်း တို့ ရွာ က ဓမ္မာရုံ ကတော့ သွားပါပြီကွာ ၊ ရက်ကန်းစင် ပုံစံကလေး လား ”
“ ဘယ် ဟုတ်မလဲကွ ၊ ငါ က စက်မှုကျောင်းသား ဆိုပေမယ့် ယူထားတဲ့ ဘာသာ က ချည်မျှင်ဖြစ်ကြောင်း ၊ ဓမ္မာရုံ နဲ့ ဘာမှ မဆိုင်ကြောင်း ၊ လက်သမား သာ ခေါ်ပြီး ကြည့် လုပ်ပါ ပြောတာ ဆရာတော်ဘုရား က လုံးဝ လက် မခံဘူး ကွ ၊ ဟိုဘက် ရွာ က လူတွေ လာရင် ဒါတွေ မပြောဘဲ နဲ့ ပုံစံ သာ ဆွဲပေးပါ လို့ ပြော တာကိုး ကွ ”
“ အဲဒီတော့ မင်း က ... "
“ လူ စုံတော့ သူတို့ က ပြောစရာ ဆိုစရာတွေ ပြီးတာ နဲ့ ငါ့ ကို ပုံစံ ဆွဲ ခိုင်းတော့ ငါ လည်း ချက်ချင်းပဲ ပုံ တစ်ပုံ ဆွဲပေး လိုက်တယ် ၊ ငါ့ ပုံ လည်း ကြည့်ပြီးရော ၊ သူတို့ တော်တော် လန့်သွားကြတယ် ကွ ”
“ ဒါတော့ မဖြစ်နိုင်ဘူး ကွာ ၊ ပိုက်ဆံ အများကြီး ကုန်လိမ့်မယ် လို့ ပြောတယ် ၊ ငါ ကလည်း အဲဒါ ငါ တတ် ထားတဲ့ အထဲ က အနိမ့်ဆုံး ပုံ ကို ဆွဲပေးတာ ပဲ လို့ ပြော လိုက်တော့ ငါ့ ကို ဘာမှ မပြောဘဲ ပြန် လွှတ်လိုက်ကြတယ် ”
“ မင်း က ဘာပုံ ဆွဲပေးလိုက်လို့လဲ ”
“ ရန်ကုန်ဘူတာကြီး ပုံ လေ ”
“ ကောင်းတယ်ကွာ ”
“ အဲဒါ နောက် တစ်ပုံ ထပ်ဆွဲခိုင်းတာ တို့ ၊ နောက် တစ်ခုခု ဆောက် ရင် ဆွဲခိုင်း မှာ တို့ ကြောက် တာနဲ့ ငါ လည်း မြလေး ကို တစ်ခါတည်း လက်ထပ်ခဲ့တာ ကွ ”
“ ကောင်းလိုက်တဲ့ အောင်သွယ်ကြီးပါပဲကွာ ”
◾နီကိုရဲ
📖 ကြက်ဖ
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment