❝ နေရစ်တော့ အတုပညာ ❞
( ၁ )
ပြဇာတ် နှင့် ရုပ်ရှင်မင်းသမီး မေထားကြူ သည် ပြဇာတ် နှင့် ရုပ်ရှင် ရန်ပုံငွေ အတွက် ခင်းကျင်း ကပြသော ကပွဲ မှ မိမိ ၏ အခန်း အပြီး တွင် ကမန်းကတန်း သူမ ၏ လက်ကိုင်ပဝါကလေး ဖြင့် နီမို့လျက် ရှိသည့် မိမိ ၏ မျက်နှာ ကို ဖုံးကွယ်ရင်း လှိုက်လှိုက်ကျိတ်ကာကျိတ်ကာ ရှိုက်လျက် ထွက်လာလေသည် ။
သူမ ၏ မျက်နှာ ပေါ်တွင် ခြယ်မှုန်းထားသော မိတ်ကပ်များ ပင် မပျောက်သေးပေ ။ သို့ရာတွင် မျက်ရည်များ တို့ကြောင့် လည်းကောင်း ၊ သူမ ၏ လက်ကိုင်ပဝါ ဖြင့် ထပ်ကာ ထပ်ကာ ပွတ်သပ်ခြင်းကြောင့် လည်းကောင်း ညီညီညာညာချောမွေ့ သိပ်သည်းခြင်း မရှိတော့ပါ ။ ဒါပေမဲ့ ထိုကဲ့သို့ ကပိုကရို အလှကလေး ကပင် သူမ ကဲ့သို့သော တိုင်းပြည်အသည်းစွဲ အနုပညာသည် မင်းသမီးကလေး တစ်ယောက် အဖို့ တမင် အသစ်အဆန်း ထွင်ကာ လုပ်ထားသော မိတ်ကပ်တစ်မျိုး ဟု အများ က ထင်ကောင်း ထင်ကြမည် ဖြစ်လေသည် ။
ဟုတ်ပါသည် ။ ထင်ကြပါသည် ။
“ ကောင်မ က တကယ့် ကို အိုက်တင် မှာ တော့ ပြိုင်ဘက်ကင်းတာပဲ ၊ ကြည့်ပါလား အခုလို သူ့ ကပိုကရို မိတ်ကပ် နဲ့ သူ့ ပူပုံပန်း ဟန်ကလေး နဲ့ ဟာ ဘယ်လောက် လိုက်သလဲ ဟပ်နေတာပဲ ”
ရုပ်ရှင် နှင့် ကပွဲများ ထုတ်လုပ်သူများ အသိုက်အဝန်း ထဲ မှ ဂုဏ်ရည်တန် မကျတကျ ဇာတ်သမား မကျတက အမျိုးသမီး တစ်ဦး က အောက်နှုတ်ခမ်း ထောင့်စွန်းကလေး ကို မကွေးတကွေး လုပ်ကာ မှတ်ချက်ချလိုက်သည် တွင် ...
“ အို ... ယူ ကလည်း ကွယ် ၊ အိုက်တင် လုပ်နေတာ မဟုတ်ရှာပါဘူးကွယ် ၊ တကယ် ဆွေးနေရှာတာနဲ့ တူပါတယ် ။ ဘယ့်နှယ် ခုလို အခါမျိုးမှာ အိုက်တင် လုပ်ရှာနိုင်ပါ့မလဲ ၊ ကိုယ်ချင်းများ စာကြည့်ပါဦး ၊ ကြည့်ပါလား သူ့ အခန်းမှာ တုန်းက ဆိုတဲ့ ဟာ မှာ တကယ့်ကို ငို ပြီး ဆိုတာ ၊ ကိုယ် တောင် မငို မိအောင် အတော် မျက်ရည် ဆည်ထားလိုက်ရတယ် ”
“ အို .. ယူ ကလည်းကွာ ၊ ဒါရိုက်တာကြီး တစ်ယောက် ရဲ့ ခယ်မ ဆိုပြီးတော့ ဒီလောက်ပဲ ဂနိုင် ကျရသလား ကွယ် ၊ ဘယ်က တကယ် ငို ရမှာလဲ ၊ အိုက်တင် လုပ်တာပါ ဟင်း ... ဟင်း ၊ ဩ .. ယူ က မျက်ရည်တွေ ကျလာတာ မြင်လို့ တကယ် ငိုတယ် ထင် လိုက်တာလား ၊ အမယ်လေးကွယ် မျက်ရည် ဆိုတာ သူတို့ အဖို့မှာ ဘယ်က နှိုက်နှိုက် ဘိုးဘိုးအောင် လွယ်အိတ် လို ကိုယ် လိုချင်သလောက် ရတာ ဒါများ အဆန်း လုပ်လို့ ၊ အင်းလေ ဒါပေမဲ့ လူတွေ က အခက်သား ၊ ဒီလိုမှန်း သိရက်သားနဲ့လည်း လိုက်ပြီး မျက်ရည် ကျမိလိုက်တာပဲ ၊ ကိုယ် လည်းပဲ အဲဒီ အခန်း တုန်းက သူ ဆို လိုက်တော့ ငိုချင် သလိုဖြစ်အသွားသား ၊ အခုလိုတော့ အပြင်ဘက်မှာ သူ ဘယ်မှာ ဘယ်လောက် ငို ပြရုံ မက လို့ တက်ပဲပြ နေနေ ၊ မထိခိုက်ပါဘူး ၊ အယုံအကြည် လည်း မရှိပါဘူး ”
“ ဟာ ... ဒီလို မပြောပါနဲ့ကွယ် ၊ အခုဟာကတော့ သူ အိုက်တင်လုပ် နေတာမှ မဟုတ်ဘဲ ၊ တကယ် လှိုက်လှိုက်လှဲလှဲ ငိုနေတာပဲ ၊ သူ့ ယောက်ျား သေသွားပြီးတာ ပူပူနွေးနွေး ရှိသေးတာပဲ ။ ဘယ်မှာ ဟန်ဆောင် ငိုနေတယ်လို့ ပြော နိုင်ပါ့မလဲ ၊ ပူပူနွေးနွေး လွန်ခဲ့တဲ့ လေးငါးရက် လောက်ကပဲ သင်္ဂြိုဟ် ပြီးတယ် မဟုတ်လားလို့ ၊ ဒီလောက်တော့ အထင် မသေးလိုက်ပါဘူးကွယ် ”
“ အို .. သူတို့ မှာ လင် သေတာလောက် အဆန်း မှ မဟုတ်ဘဲ ဟာ ၊ အခုပဲ ကြည့်ပါဦး ၊ လင် သေလို့ ပူတဲ့ မိန်းမကလား ၊ ဒီညလာ က နိုင်တာ ၊ ကဲ ... ပြောပါဦးလေ ၊ ဘယ့်နှယ်လဲ မေထားကြူ ဘက်က ဘယ်လိုများ ရှေ့နေ လိုက်ဦးမလဲ ၊ ဟင်း ... ဟင်း ၊ ပါးစပ် ပိတ်သွားပြီလား ၊ ဒါကြောင့်မို့ ကိုယ် ပြောတာ ယုံပါကွာ ၊ အိုက်တင်တွေပါ ... လို့ ”
ကဲ ... ထင်လိုက်ကြပြီ မဟုတ်ပါလား ၊ မည်သူမျှ မေထားကြူ အား သူမ ၏ ချစ်လင် တစ်ယောက်လုံး သေ သွားသည် ကို စဉ်းစားလျက် တကယ် ဆွေး နေရှာပေသည် ဟု မထင်ကြ ။ ဆွေး သည့် အမူအရာ တစ်ခု ကို လုပ်ပြနေသည် ဟု သာ ထင် လိုက်ရလေသည် ။
အမြင် သေးလှ သည် ဟု ဆိုသော မိန်းမ ပရိသတ် ထဲ ကသာ ထိုသို့ ထင်လိုက်ကြသည် မဟုတ် ။ အမြင် ကျယ်လှသည် ဟု ဆိုသော ယောက်ျားများ က တောင်မှပင် ထို ည က မေထားကြူ သည် ကပွဲ မှာ လက်ကိုင်ပဝါကလေးမျက်နှာ အုပ်ကာ ငိုရှိုက်၍ ဆင်းအသွား ၌ မထေ့တထေ့ အပြုံးကလေးများဖြင့် ကြည့်လိုက်မိကြပါသေးသည် ။
ဒါပေမဲ့ သူတို့ မှာ လည်း တကယ်ဆိုတော့ ခင်ထားကြူ ကို အသည်းစွဲ ကြိုက်ခဲ့ကြသည့် ပရိသတ် ထဲ၌ ပါဝင်ကြသူများပါပေ ။ နောက်ပြီး ယနေ့ညနေ ကပင် ခင်ထားကြူ ၏ ချစ်လင် ဈာပန ပြီး သွားရှာသည့် အဖြစ်ကိုလည်း မသိမဟုတ် သိကြပါသည် ။ ဒါနဲ့တောင် မှ ကရုဏာ သက်ဖို့ အဘယ်ကြောင့် ဒီလောက် ဝေခွဲဆန်းစစ်နေရပါသေးသလဲ ။
မေထားကြူ သည် ထိုသို့သော ဝမ်းနည်းဖွယ်ရာ အဖြစ်များကို လုံးလုံး မသိတော့ မဟုတ်ပါ ။ သိတန်သရွေ့တော့ သိ လိုက်ပါသည် ။ ညနေ အသုဘ တွင် မှာပဲ မိမိ ထိုမျှ ပရိဒေဝ မီး တောက်လောင်နေရှာသည့်ညကြားထဲ က ပင် အနည်းငယ် ရိပ်မိလိုက်ပါသည် ။ မိမိ အား ရုပ်ရှင် ရိုက်ရင်း အိုက်တင် လုပ်နေသည့် အခါမျိုးတွင် ကြည့်ကြ ၊ သဘောထားကြ ၊ ခံစားကြသည် ထက် ပင် မပိုကြသည် ကို သတိ ထား လိုက်မိလေသည် ။
ထို့ကြောင့် သူမ သည် မိမိ အဖြစ် ကို ပို၍ ယူကျုံး မရဖြစ်ရှာရင်း မိမိ ကား ရှိရာ သို့ လူတွေ ထဲ မှ ရွံရှာစွာ မုန်းတီးစွာ ဒေါသဖြစ်စွာ အသွား၌ ..
“ အို .... အမယ်လေး .. ”
ခင်ထားကြူ သည် လန့်သွားပြီးနောက် ပြာ သွားသော မျက်လုံးများကို ပွတ် နေလိုက်စဉ် ..
“ ဆောရီး မထားကြူ ၊ စိတ် မရှိနဲ့နော် ၊ ကျွန်တော် ဟိုနေ့ က နယ်သတင်း တစ်ခု အတွက် ကို တိုက် က အရေးတကြီး လိုက်ခိုင်း နေလို့ ကိုအာယု ကိစ္စကို မလာနိုင်ဘူး ၊ အခု ကျွန်တော် မနက်ဖြန် အတွက် ထည့် ပေးချင်လို့ ခွင့် မတောင်းဘဲ ရိုက်လိုက်မိတာ ”
'ဪ ... ဪ ... မဆိုးပါဘူးရှင် ၊ မဆိုးပါဘူး ၊ ထား က မျက်စိ ထဲ ဝင်းခနဲ ဖြစ်တော့ ရုတ်တရက်မို့ လန့်သွားမိတာပါ ”
အမှန်ပင် မေထား သည် နည်းနည်းကလေး မျှ စိတ်မဆိုးမိလိုက်ပါ ။ အဘယ်ကြောင့် ဆိုသော် သူ သည် ယခုလို အခါမျိုးမှာ မိတ်ဆွေကောင်း ပီသစွာ သူ တတ်နိုင်သည့် နည်းဖြင့် ကူညီခြင်း ဖြစ်သောကြောင့် ဟု ဆိုရပေမည် ။ ခါတိုင်းမှာလည်း ထိုကဲ့သို့ မိမိအတွက် အကျိုး ရှိစေမည့် သတင်းမျိုး ဆိုလျှင် သူ သည် သူ့ သတင်းစာ ထဲ၌ ထည့်၍ ပေးတတ်လေသည် ။ သို့ရာတွင် သူ့ သတင်းစာ မှာ သိပ် နာမည် ကြီး သော သတင်းစာ တစ်စောင် မဟုတ် ။ မည်သို့ပင်ဖြစ်စေ သူ သည် ကိုအာယု ၏ မိတ်ဆွေ ကောင်းတစ်ယောက် ဟု ဆိုကလည်း မမှားနိုင်ပေ ။
ယခုလည်း သူ သည် မေထားကြူ ၏ သတင်း ကို မနက်ဖြန် သူ ၏သတင်းစာ ထဲ ၌ ဖော်ပြနိုင်ရန် ရိုက်ယူခြင်းဖြစ်သည် ဟု ဆိုသည် ။ ဒါတင်မက မိတ်ဆွေကောင်း ဟူသည် နှင့် အညီ ကူညီလိုခြင်း လည်း ဖြစ်သည် ။ ဒီတော့ မေထားကြူ သည် သူ့ အား စိတ် မဆိုးသည့်အပြင် ကျေးဇူးတောင် မှ တင်ရဦးမည် ဖြစ်လေသည် ။
ခါတိုင်းဆိုလျှင် ထို့ ထက်ပင် ကျေးဇူး တင်ကောင်းတင်လိုက်မည် ဖြစ်လေသည် ။ အဘယ်ကြောင့် ဆိုသော် မိမိ ကဲ့သို့သော ရုပ်ရှင် နှင့် ပြဇာတ်လောက မှ လူများ အဖို့ ထိုကဲ့သို့ သတင်းစာ ထဲ၌ ပါရသော အခွင့်အရေး သည် နည်းလှသော အခွင့်အရေး တစ်ခုမဟုတ်ပေ ။ နာမည် ကြီးရန် ထို အခွင့်အရေးရဖို့ လိုအပ်ပေသည် ။ မေထားကြူ သည် နာမည်ကြီး မင်းသမီး တစ်ယောက် ဖြစ်ခဲ့သည့်အတိုင်း ထို အကြောင်းများ ကို ကောင်းစွာ သိခဲ့ပြီး ဖြစ်လေသည် ။ တစ်ခါတုန်း က အသံထွက် ဇာတ်ကား တစ်ခုဖြင့် အစွဲကြီး စွဲခဲ့ဖူးရာ သတင်းထောက်တွေ ၊ ဓာတ်ပုံဆရာတွေ ၊ အယ်ဒီတာတွေ ၊ အနုပညာ ဝါသနာအိုးတွေ ၏ ဝိုင်းဝိုင်းလည်အောင် မေးမြန်းခြင်း ၊ အရေးယူခြင်း ကို ခံရခဲ့ဖူးလေသည် ။ ဒါပေမဲ့ မိမိ ၏ ဝမ်းရေး အတွက် သဏ္ဌာန် လုပ် သရုပ် နဲ့ တူအောင် စွမ်းဆောင်ရာ၌ အောင်မြင်ခဲ့ခြင်းများ ကို အရေးတယူ ဂရုတစိုက် ပြုကြသလောက် ၊ ယနေ့ မိမိ ၏ အသည်းနှလုံး တကယ်လောင်ကျွမ်းခြင်း ခံခဲ့ရသည့် တကယ့် အရေးကိစ္စတွင် အရေးမစိုက် လျစ်လျူရှုထားခဲ့ကြလေသည် ။ မေထားကြူ မှာ မိမိ ၏ ဘဝ ကို စိတ်အနာကြီးနာ မိတော့သည် ။ ဪ ... အသည်းကွဲတမ်း ခဏခဏ ကစား နေရသည့် မင်းသမီးတစ်ယောက် ဟာ ဘယ်တော့မှ တကယ် အသည်း မကွဲနိုင်ဘူးလို့ ယူဆထားရက်ကြပါသလား ။ ဒါမှမဟုတ် ၊ အသည်း မရှိဘူးလို့ ပဲ ယူဆထားကြသလား ။
မေထားကြူ သည် ဘယ်မှာ စိတ် မနာဘဲ နေရှာမည်နည်း ။
ထို့ကြောင့် သူမ သည် ထိုဘဝ ကို အပြီးတိုင် ကျောခိုင်းရန် ယနေ့ည မိမိ အခန်း ကပြီး စ ကတည်း က ပင် ဆုံးဖြတ်လိုက်ပြီ ဖြစ်ရကား မနက်ဖြန် ပါလာမည် ဖြစ်သော သူမ အား အထောက်အပံ့ ပြုစေမည့် သတင်း အတွက် အနည်းငယ်မျှ ဝမ်း မသာမိလိုက်ပေ ။
ထို့ကြောင့် ...
“ မနက်ဖြန် ကျွန်တော် လာခဲ့ပါဦးမယ် မထားကြူ ”
သူမ အား ကားနား သို့ အထိ လိုက်ပို့ရှာသော မိတ်ဆွေသတင်းထောက် က ပြောလေသည် ကို -
“ ဟုတ်ကဲ့ ကိုဘရီ လာခဲ့ပါ ၊ သတင်းထူး တစ်ခုလည်း ကိုဘရီ ယူရင်း ဆက်ဆက် လာခဲ့ပါ ”
“ ဗျာ ... သတင်းထူး ဟုတ်လား မထားကြူ ၊ ဘယ်လို သတင်းထူးလဲ ၊ အခု ပေးနိုင်ရင် ”
သတင်းထောက် ဆိုသည့်အတိုင်း သတင်းထူး ဆိုလျှင် ဣန္ဒြေ မရအောင် ဖြစ်သွားသည့် အတွက် ပျာပျာသလဲ မေးလိုက်လေသည် ။
ဒါပေမဲ့ သူ ၏ စကား မဆုံးမီပင် မေထားကြူ သည် ကားကလေး ကို စက်နှိုးပြီး မောင်း ထွက်သွားလေတော့သည် ။
( ၂ )
မေထားကြူ သည် သူမ လက်ထဲ ၌ သတင်းစာ တစ်စောင် ကို ကိုင် ထားလျက် ရှိရင်း အောက်နှုတ်ခမ်းကလေးများကို ခပ်တင်းတင်း ကိုက် ထားမိလေသည် ။ သူမ ၏ အပြာခံမျက်လုံးအိမ်များထဲမှ မျက်ရည်ဥများ မှာလည်း အပြင် သို့ ထွက် နေကြသကဲ့သို့ ထင်မှတ်ရလေသည် ။ ခဏကြာမျှ သူမ သည် ငေးမိဝေးရာ နေရင်း က တစ်ဖန် သတိ ဝင်လာသလို လက် ထဲမှ သတင်းစာ ကို ဖြန့် လိုက်ပြီးလျှင် တစ်ခေါက် ဖတ်ကြည့်မိပြန်သည် ။ သူမ သည် မျက်ရည်များ ကျလာမိအောင်လည်း အံကလေး ကို ပါ ကြိတ် ထားရလေသည် ။
ထို သတင်း မှာ အခြား မဟုတ် ၊ ည က သူမ ပါဝင်ခဲ့သော ပြဇာတ် နှင့် ရုပ်ရှင်ကပွဲ သတင်း ဖြစ်လေသည် ။ ကပွဲကြီး ၏ အောင်မြင် ထမြောက်ပုံကို ဦးစွာ ဖော်ပြပြီးနောက် အသီးသီး ပါဝင်သည့် အခန်းများ ကို ဆက်လက်ရေးသားရာတွင် မေထားကြူ ၊ မင်းသမီး အဖြစ် ကပြခဲ့သည့် ကိန္နရီပြဇာတ် အလှည့်သို့ ရောက်သောအခါ အထူးသဖြင့် စန္ဒကိန္နရီဇာတ်ကွက်ကလေး မှာ အတော်ပင် အလွမ်း မိလှကြောင်း ၊ ပါဝင် ခေါင်းဆောင်သူ မင်းသမီး မေထားကြူ မှာ မကြာမီက ကွယ်လွန် သွား သူ စာရေးဆရာ နှင့် ဒါရိုက်တာ ဦးအာယု ၏ ဇနီး ဖြစ်သည့် အတွက် ထို လွမ်းခန်း ၌ အထူးသရုပ်ပါစွာ ကပြသယ်ယူ သွားနိုင်ကြောင်း ၊ မင်းဗြဟ္မဒတ် ၏ မြားချက်ဖြင့် ကိန္နရာ မောင်တော် ပြော သွားသည့် အခန်းတွင် လည်းကောင်း ၊ ဗြဟ္မဒတ်မင်း က အတင်းအဓမ္မ ချစ်တင်းဆိုသည့် အခန်း တွင် လည်းကောင်း ပြောဆိုပုံများ မှာ တကယ်ပင် ငို နေသလား ဟု ထင်မှတ်ရကြောင်း ၊ သီချင်း ဆို၍ ငိုသည့် အခါမှာလည်း တကယ်ပင် အရှိုက်အပင့်များဖြင့် ပိုင်ပိုင်နိုင်နိုင်ကြီး သရုပ်ဝင် ကာ အိုက်တင် လုပ်သွားပုံမှာ ပရိသတ် ၏ စိတ် ကို အထူးဆွဲဆောင်နိုင်ကြောင်း ရေးသားထားလေသည် ။
မေထားကြူ သည် ထိုသို့ ဖတ်အပြီးတွင် မငိုရှိုက် မိအောင် အတော် သတိ ထားလိုက်ရလေသည် ။ နောက်ပြီး အံကလေးကို တင်း၍ ကြိတ်ထားရသည် ။
“ ရော့ မမ ကော်ဖီပူပူကလေးသောက် လိုက်ပါဦးလေ ၊ လာချထားတာ အတော် ကြာသွားပြီ အေးကုန်ပါဦးမယ် ”
သူငယ်မလေး တစ်ယောက် က သူမ အား ထိုသို့ သတိ ပေးလိုက်တော့မှ မေထားကြူ သည် သတင်းစာ ဆီ မှ မျက်လုံးများကို ပြောင်းလွှဲလိုက်ရင်း ...
“ အေး ... အေး ... အတင် ထားခဲ့လေ ၊ သောက်တာပေါ့ကွယ် ”
အတင် ကား သူမ ၏ လူယုံတော်မကလေး ဖြစ်လေသည် ။ ဘယ်သွားသွား သူကလေး ကို လက်ကသုံးတောင်ဝှေး အဖြစ် ခေါ်သွားတတ်လေသည် ။ ပြဇာတ် ကသွားသည့် အခါပဲဖြစ်ဖြစ် ၊ ရုပ်ရှင် ရိုက်သွားသည်ပဲ ဖြစ်ဖြစ် သူမ နှင့် အတူ ပစ္စည်းထိန်း အဖြစ် လိုက်ရသူ ဖြစ်လေသည် ။ သူမ ၏ မောင် ကိုအာယု က လွဲလျှင် သူမ သည် အတင် အား အခင်ဆုံး ဖြစ်လေသည် ။
ယခုလည်း သူမ အား တကယ် လှိုက်လှိုက်လှဲလှဲ နှစ်သိမ့်မည့် သူ သည် အတင် တစ်ယောက် သာ ရှိလေသည် ။ တကယ်ဆိုတော့ သူမ ကို အတင် တစ်ဦးသာ လူသား တစ်ယောက်အနေဖြင့် သဘော ထားလေသည် ။ ထို့အတွက် သူမ ဆွေးနေသည် နှင့်အမျှ အတင် မှာလည်း စိတ်မကောင်း ဖြစ် နေရှာလေသည် ။
“ မမ အတွက် စိတ် ညစ်ပါတယ် မမ ရယ် ၊ ည ကလည်း တစ်ညလုံး မအိပ်ဘူး ”
သူမ သည် တကယ် ကရုဏာဖြင့် ပြော ရှာလေသည် ။ မေထားကြူ သည် သူမ အား ကျေးဇူးတင်သည့် မျက်နှာဖြင့် ကြည့်လိုက်မိသည် ။
“ အတင် ဘယ့်နှယ်လုပ် သိသလဲကွယ် ၊ အတင် လည်း မအိပ်လို့ပေါ့ ဟုတ်လား ”
“ ဟုတ်တယ် မမ ၊ မမ က တစ်ညလုံး သက်ပြင်း ချလိုက် ငိုလိုက်နဲ့ လုပ် နေတော့ အတင် ဘယ့်နှယ် လုပ် အိပ်လို့ ရတော့မလဲ ၊ ဒါပေမဲ့ အတင် အိပ်ပျက်တာက အရေး မကြီးပါဘူး ၊ မမ အိပ်ပျက် ရင်သာ တော်တော်ကြာကျ အလှတွေ ပျက်ကုန်မှာ စိုးမိပါတယ် ။ နောက်ပြီး အိပ်ပျက် ရင် အသံ လည်း ဝင်တတ်တယ် ”
သူမ သည် သူမ စေတနာ အရင်းခံ အတိုင်း ရိုးသားစွာ ပြော လိုက်လေသည် ။
မေထားကြူ က သူမ အား ခပ်လျော့လျော့အပြုံး ကလေး တစ်ခု ဖြင့် ပြုံး၍ ကြည့်လိုက်သည် ။
ပြီးနောက် ...
“ မမ အဖို့လည်း အရေးမကြီးတော့ပါဘူး အတင် ”
“ ဘယ့်နှယ် အရေးမကြီး ရမှာလဲ မမရယ် ၊ မမ ရုပ် နဲ့ အသံကြောင့် ဒီလောက် လူတွေ ရဲ့ အသည်းစွဲ ဖြစ်နေရတယ် မဟုတ်လား ”
“ အသည်းစွဲ မဖြစ်ချင်တော့ပါဘူး အတင် ရယ် ၊ သူတို့အသည်းစွဲ ပုံမျိုး က မမ က မောင့် ကို အသည်း စွဲပုံမျိုး မောင်က မမ ကို အသည်းစွဲပုံမျိုး ၊ ဒီလို အသည်းစွဲပုံမျိုးတွေမှ မဟုတ်ဘဲ ကွယ် ။ ဘာ မက်စရာလဲ ။ အခေါ်ချင်း သာ တူတာ ၊ အဓိပ္ပာယ်ချင်း ကတော့ တခြားစီ ပဲ ။ အဲဒီလို မပြောနဲ့ ၊ အတင် နဲ့ မမကြူ နဲ့ ခင်မင်ကြသလောက် ရဲ့ အပုံ တစ်ရာ ပုံ တစ်ပုံ တောင် ရှိတဲ့ အသည်းစွဲတွေ မျိုးလည်း မဟုတ်ပါဘူး ကွယ် ။ သူတို့ မျက်ရည် ကျတဲ့ အရသာတွေ ၊ ရယ်ရတဲ့ အရသာတွေ ကို ခံစားနိုင်အောင် ဖျော်ဖြေနိုင်တဲ့ လူတွေ အဖြစ်နဲ့ စွဲလမ်းနေတာမျိုးပါ အတင် ။ နောက်ပြီးတော့ မမ တို့ မှာ အဲဒီလို ငရုတ်သီး နဲ့ ပရုတ်ဆီ နဲ့ ပွတ်ပြီး ကျတဲ့ မျက်ရည်မျိုး နဲ့ ကလိထိုးပြီး ရယ်ရတဲ့ ရယ်ခြင်းမျိုး က လွဲပြီး တကယ့် လူသား တစ်ယောက် ရဲ့ မျက်ရည်မျိုး နဲ့ အပြုံးမျိုး မရှိကြဘူးလို့ ယူဆ ထားကြတာ ကွဲ့ ၊ နောက်ပြီး မမ တို့ ဟာ ခဏခဏ အသည်း ကွဲတမ်းကစား နေကြတဲ့ လူတွေ မို့ တကယ် အသည်း ကွဲတဲ့ အခါရယ်လို့ မရှိတော့ဘူး ယူဆထားကြတာ ။ ဒီလို မမ တို့ အပေါ် အထင် သေးထားတဲ့ လူတွေ ရဲ့ အသည်းစွဲ မဖြစ်လည်း မမ ဂရုမစိုက်တော့ပါဘူးကွယ် ”
မေထားကြူ သည် လွန်ခဲ့သည့် တစ်ပတ်ခန့် အတွင်းက ခံစားခဲ့ရသမျှ တို့ ကို အတင် အား အန် ထုတ်လိုက်သည့်တိုင်အောင် အတင် ကတော့ သူမ ပြောသည် တို့ကို နားမလည် နိုင်ဘဲ ဖြစ်နေလေသည် ။ သူမ သိသည် မှာ တော့ သူမ ၏ မမ သည် နာမည်ကြီး မင်းသမီးတစ်ယောက် ။ ရုပ် ချောသည် ၊ အသံ ကောင်းသည် ၊ အမူအရာကောင်းသည် ။ သူမ ၏ ရူပါရုံတွင် ပုထုဇဉ်လူသား တို့ သည် ငါးမျှားချိတ် တွင် မိသော ငါးများ ကဲ့သို့ မိ ကြကုန်သည် ။ သူမ ၏ တင်းပြည့်ကျပ်ပြည့် ဣတ္ထိယ ဆန်သော ကိုယ်လုံးကလေး ကို လူးကာ လှည့်ကာတွန့်ကာ ဗန်းပြသည့် အခါများ၌ သူတို့ ၏ အကြောပေါင်း တစ်ထောင် တို့သည် လေခတ်သော ကိုင်းပင်ပျို တို့ ကဲ့သို့ တယမ်းယမ်း တသွက်သွက်လှုပ်ကြရကုန်သည် ။ သူမ ငိုပြသည့်အခါ နို့မျက်ကလေး ကဲ့သို့ သနားစရာ လိုက်၍ ငိုကြရသည် ။ သူမ က ရယ် ပြသည့်အခါတွင်လည်း ပါးစပ်ကြီးများ နားစပ်သို့ ရောက် သည် အထိ သွားဖြဲ ပါးဖြဲ ရယ်ကြရသည် ။ ဒါလောက်သာ အတင် သိလေသည် ။
ဒါပေမဲ့ ပိတ်ကား ပေါ် တွင် မေထားကြူ ၊ အပြက်အပြက် ငိုပြသည့်အခါတွင် သာ သူတို့ မေထားကြူ အား သနားကြပြီး လွန်ခဲ့သော ရက်သတ္တတစ်ပတ်လောက် က မေထားကြူ ၊ တကယ် မျက်ရည် ကျခဲ့သည့် အခါများမှာတော့ သူတို့ မသနားမိကြ ။ အဘယ်မျှလောက် ရူး ကြသလဲ ။ ဒါကို အတင် သည် မသိရှာ သေး ။ ထို့ကြောင့် ...
“ ဘာပဲဖြစ်ဖြစ် မမ ရယ် ၊ မမ ကိုတော့ သူတို့ ကြိုက်ကြတာပဲ မဟုတ်လား ။ မမ ပါတဲ့ ကားတွေ ဆိုရင် လူတွေ တိုးနေတာပဲ မဟုတ်လား ။ ဒါကြောင့်မို့လည်း မမ မှာ နာမည် လည်းကြီး ၊ ပိုက်ဆံ လည်း ရ နေတယ် မဟုတ်လား မမရဲ့ ” ဟု သူမ သိသလောက် ကိုသာ ပြောလိုက်လေသည် ။
မေထားကြူ သည် အတင် အား ဘာမျှ ပြန် မပြောဘဲ ပြုံး မဲ့မဲ့ကလေးဖြင့် နေလိုက်လေသည် ။
တကယ်ဆိုတော့ အတင် မြင်သကဲ့သို့ပင် သူမ လည်း အစက မြင်ခဲ့လေသည် ။ တစ်ခါတစ်ရံ နာမည်ကြီး မင်းသမီး တစ်ယောက် ဟု သူမ ကိုယ် သူမ မာန တက်မိသည် ။ ကျေနပ် မိသည် ။ ဒါပေမဲ့ တကယ်တမ်း ရဲရဲဝံ့ဝံ့ တက် ကြည့်လို့ မရ ။ တစ်ခုခု ကို မလုံသလို ဖြစ်မိသည် ။ လှိုက်လှိုက်လှဲလှဲ လည်း သိပ် မရှိလှ ။ သို့ဖြစ်မှန်း သိလျက် နှင့် အတင်း ဟန်ဆောင် အားတင်းကာ ခေါင်း ကို မော့ ရင်ကို ကော့ မသိမသာ လက်မကလေးတွေ ကို ထောင် ကြည့်ဖူးလေသည် ။ အရသာ ကား မြိန်ရှက်သလို မမြိန်ရှက်သလို ခွဲခြား၍ မရ ။ လူတွေ ကိုလည်း တစ်ခါတစ်ရံ မျက်ခုံးချီ ပင့်၍ ကြည့် သလိုလိုနှင့် မျက်လွှာ ချမိ သလိုလို ဖြစ်သွားသည့် အခါမျိုးကိုလည်း ကြုံရဖူးသည် ။ ဒါပေမဲ့ နာမည်ကြီး တစ်ယောက် ဟု အတင်း ပဲ ဂုဏ်ယူခဲ့လေသည် ။ ထိုမျှမက ...
“ နာမည် ကြီးရုံနဲ့ အပို ပါပဲကွာ ၊ လောက မှာ နာမည် ကြီးဖို့ ဖြစ်လာတဲ့ အကြောင်းတွေ က အပေါသား ကလား ၊ ဒီတော့ နာမည်ကြီးတယ် ဆိုတာ ထက် အဲဒီ နာမည်ကြီး တဲ့ အကြောင်းရဲ့ ဇာစ်မြစ် ရဲ့ မှန်ကန်မှု ၊ မူမှန်မှုနဲ့ ခိုင်လုံမှု က ပိုအရေးကြီးတယ် ကြူကြူ ရဲ့ ။ နာမည် သာကြီး ပြီး ကိုယ့် ရဲ့ ပတ်ဝန်းကျင် ရဲ့ အခြေအနေ ၊ လူများစု ရဲ့ နေရေး ထိုင်ရေး ၊ စားရေး သောက်ရေး ကိစ္စ တွေ ကို ဘာ တစ်ခုမှ အကျိုး မပြုနိုင်ရင် ဘာများ ချီးမွမ်းစရာ ကောင်းသလဲ ၊ ဘယ်လို နှစ်သိမ့်မှု မျိုး ကိုကော ရနိုင်မလဲ ”
သူမ ၏ မောင် ကိုအာယု က ပြောဆို သတိပေးခဲ့သည်များကိုလည်း မေထားကြူ သည် နည်းနည်းကလေး မှ သဘောသက်ဝင် မယုံကြည်ခဲ့ ။ နားလည်း မလည်ခဲ့ ။ သူ့ ကို လက်ဝဲသမား တစ်ယောက် အနေဖြင့်ပင် ခပ်ပြုံးပြုံးကလေး ပြန်၍ ကြည့် နေလိုက်သည် ။ အမှန်မှာတော့ ကိုအာယု သည် စာပေသမား သို့မဟုတ် စာရေးဆရာတစ်ယောက် သာ ဖြစ်လေသည် ။ ဒါပေမဲ့ သူ သည် စာပေ ကို အပျော်တမ်းသက်သက် သဘောမျိုးဖြင့်သော် လည်းကောင်း ၊ ပိုက်ဆံဖြစ်အောင် ဟူသော သဘောမျိုးဖြင့် သော်လည်းကောင်း ၊ နောက်ပြီး နာမည် ကြီးရန်အတွက် လည်းကောင်း ၊ ထိုသို့သော ရည်ရွယ်ချက်မျိုးဖြင့် ရေးနေသူ မဟုတ်ဘဲ ၊ စာပေကို မြတ်မြတ်နိုးနိုး ခုံခုံမင်မင် စာပေဂန္ထဝင် ၏ ကျောင်းတော်ကြီး ၏ ကျောင်းသားတစ်ယောက် အနေမျိုး နှင့် သစ္စာရှိရှိ ရေး နေသူ ဖြစ်လေသည် ။
ထိုသို့ စာပေသမား သက်သက် စာရေးဆရာ လုပ်ရင်း က မျက်စိ လည် လမ်းမှား ပြီး ရုပ်ရှင်လောက နှင့် သဘင်လောက ထဲ သို့ ရောက်လာလေသည် ။ ရောက်လာပုံ မှာ စာရေးဆရာအသင်း ၏ ရန်ပုံငွေ ကပွဲအတွက် ကိုအာယု သည် လုံးပန်းရင်း အစ ၊ အခြား ပြဇာတ်တိုကလေးများ ၊ ဇာတ်ညွှန်းကလေးများ ရေးရာမှ ရောက်လာခြင်း ဖြစ်သည် ။ အမှန်မှာတော့ ရုပ်ရှင်သဘင် နှင့် စာပေ သည် ဆက်စပ်၍ နေသည့် အတွက် ကိုအာယု တစ်ယောက် ရုပ်ရှင် နှင့် ပြဇာတ်နယ် ထဲသို့ ရောက်လာခြင်း မှာ အံ့သြစရာ မကောင်းပါ ။
ထို့ထက် အံ့သြစရာ မကောင်းသည့် အချက် တစ်ခု မှာ ကိုအာယု သည် ရုပ်ရှင် နှင့် ပြဇာတ် မင်းသမီး မေထားကြူ နှင့် တွေ့ဆုံကာ ချစ်ကြိုက်ရည်ငံကြပြီး အကြင်လင်မယားအဖြစ် လက်ထပ်ပေါင်းသင်း လိုက်ခြင်းပင် ဖြစ်လေသည် ။
လင် နှင့် မယား ဖြစ်ကြပြီးသည် ၏ အခြားမဲ့ ၌ သူတို့ ၏ အိမ်ထောင်ရေး မှာ ဘေးလူများ မြင်ကြသည် ထက် အဆင်ပြေကာ ချောချောမွေ့မွေ့ ရှိခဲ့လေသည် ။ ရုပ်ရှင် ထဲ တွင် ခဏခဏ ချစ်တမ်းကြိုက်တမ်း ကစားခဲ့ဖူးသည် ကို စဉ်လျက် လည်းကောင်း ၊ ကိုအာယု နှင့် မရခင်က မေထားကြူ သည် ရုပ်ရှင်မင်းသမီး ပီပီ ခပ်ပေါ့ပေါ့ ခပ်ကြော့ကြော့ ခပ်လျော့လျော့ကလေး နေခဲ့သည် ကို စဉ်လျက် လည်းကောင်း ၊ သူမ ၏ ချစ်လင် အပေါ်တွင် ထူးထူးခြားခြား လှိုက်လှိုက်လှဲလှဲ ချစ်ခဲ့လေသည် ။ ဒါပေမဲ့ အများအမြင် တွင်တော့မူ ထိုသို့ဟုတ်ချင် မှ ဟုတ်ပေလိမ့်မည် ။ အဘယ်ကြောင့် ဆိုသော် သူတို့ မြင် ထားသည် က မေထားကြူ ဟာ မင်းသမီး တစ်ယောက်သာပဲကိုး ။
“ မောင် ရေးတဲ့ စာတွေ ကိုလေ ကြူ သိပ် ကြိုက်တာပဲ ။ ကြူ မဖတ်ဖူးတာ မရှိသလောက်ပဲ ။ မယုံရင် ကြူ စာအုပ်သေတ္တာ ထဲမှာ ကြည့်ပါလား ။ ဒါမှ မယုံသေးရင်လည်း မောင် စမ်းချင် စမ်းကြည့် ၊ တကယ့် ကို ကြူ အားလုံး ဖတ်ဖူးတာချည်းပဲ သိလား ”
ထိုကဲ့သို့ ကိုအာယု နှင့် ရခါစတုန်းက သော် လည်းကောင်း ၊ ရပြီးသည့် အခါများတွင် လည်းကောင်း စကားအလျဉ်း သင့်၍ သူမ ၏ အချစ်ကို သက်သေ ပြသည့်အခါတိုင်း ထိုသို့ မေထားကြူ ပြောသည်များ ကို ကြား ရပါလျှင် ဘာဖြစ်လို့ ကိုအာယု အပေါ် သူမ ချစ်ပါသနည်း ဆိုသည့် အဖြေ မှာ ထွက်လာနိုင်ပေလိမ့်မည် ။ ထိုအခါ ကိုအာယု ကတော့မူ နှုတ်နည်းသူ ဖြစ်သည့် အတိုင်း ရုပ်ရှင် ထဲကလို ဓာတ်လိုက်ဆန်ဆန် ကလေးကလား အမူအရာဖြင့် နှုတ်တုံ့ မပြန်ဘဲ
“ ဒီ အတိုင်းဆိုရင် ကြူ ကို အတော် စာပေဆန်တဲ့ မိန်းကလေး တစ်ယောက် လို့ ယူဆရမှာပေါ့ ”
ထိုသို့သာ ခပ်ဣန္ဒြေ ရရ နှင့် ချီးမွမ်းသလိုလို ပြန် ပြောတတ်လေသည် ။
အမှန်မှာလည်း မေထားကြူ သည် စာပေ ကို ဝါသနာပါသူကလေး တစ်ယောက် ဖြစ်လေသည် ။ သူမ သည် အထက်တန်းပညာလောက် အထိ ဆည်းပူးထားဖူးသော အခြေခံ နှင့် လောက ၏ အဆိုးအကောင်း အတွေ့အကြုံများ ၊ သူမ ၏ ဘဝ ၏ အခြေအနေ အရ ကြိုးပမ်းခဲ့ရသဖြင့် ရရှိသည့် ဗဟုသုတများ ကို ပေါင်းစပ်လိုက်သောအခါ အတော်အတန် အရည်အချင်း ဖြင့် ပြည့်စုံခဲ့သော မိန်းကလေး တစ်ယောက် ဟု ဆိုရပေမည် ။
အထူးသဖြင့် သူမ သည် ကိုအာယု အား လူချင်း မတွေ့ခင်ကပင် သိထားနှင့်ပြီး ဖြစ်လေသည် ။ အထင် ကြီးထားလေသည် ။ သို့နှင့် စာရေးဆရာ ကပွဲတစ်ခု အတွက် လူချင်းတွေ့ မိသောအခါ သူမ သည် အနည်းငယ်တောင်မှပင် တုန်လှုပ်ချောက်ချားသလို ဖြစ်သွားမိလေသည် ။ အဝေး က ကြည်ညိုခဲ့သူ တစ်ဦး အား ကိုယ်တိုင် တွေ့ရခြင်းကြောင့် ထူးထူးခြားခြား ဝမ်းသာမိလေသည် ။ သူ နှင့် စကား ပြောရသည့် အခါများမှာလည်း မရဲ သလိုလို ရင်ဖို သလိုလို ဖြစ်မိလေသည် ။
ထိုမျှပင် မေထားကြူ သည် ကိုအာယု အား မမြင်ရမီ ကတည်းက ကြည်ညိုရင်းစွဲ စိတ် ရှိခဲ့ရာမှ တဖြည်းဖြည်း ရင်းနှီးလာကြပြီး ကိုအာယု က စတင် ၍ ချစ်တင်း ဆိုလိုက်သောအခါ သူမ ၏ ဝမ်းသာခြင်း မှာ ပြောမပြနိုင်အောင် ဖြစ်သွားမိသည် ။
သူတို့ နှစ်ဦး ရုံး တွင် လက်မှတ် ထိုး၍ ထိမ်းမြားလိုက်သည့်သတင်း ကို သတင်းစာ ထဲ၌ ကြေညာ လိုက်သောအခါ ကိုအာယု ၏ ရှေ့ရေး ကို စိုးရိမ်မိလိုက်ကြသည်နှင့်အမျှ မေထားကြူ ဘက်က ရင်းနှီးသူများကလည်း မလွမ်းလောက်ပါဘူး ဟု ယူဆလိုက်ကြလေသည် ။ အဘယ့်ကြောင့် ဆိုသော် မေထားကြူ အား ချစ်ရေး ကြိုက်ရေးတွင် သစ္စာ ရှိလိမ့်မည် မဟုတ်ဟု မှတ်ချက် ချသော သူများက တစ်ဖက် ၊ နောက်ပြီး ရုပ်ချော၍ နာမည် ကြီးသော မင်းသမီးတစ်ယောက် သည် သာမန် စာရေးဆရာလေး တစ်ယောက် နှင့် အိမ်ထောင် ကျသည် ထက် ကားတစ်စီး တိုက်တစ်လုံး နှင့် တားနိုင်သည့် သူဌေးတစ်ဦး ၏ မယားငယ် အဖြစ် နေရသည်က အဓိပ္ပာယ် ရှိပေသည် ဟု ယူဆ ကြသူများ က တစ်ဖက် ရှိကြသောကြောင့် ဖြစ်လေသည် ။
တကယ်ဆိုတော့ သူတို့ အတွေးနှင့် အယူအဆများ မှာ မှန်ကန်၍ အဓိပ္ပာယ် ရှိလှပေသည် ။ တွေးသင့် တွေးထိုက်သော အတွေးများ ဖြစ်ပေသည် ။ မေထားကြူ ၏ ရာဇဝင်ကို ပြန်ကြည့်ခဲ့သော် ကုမ္ပဏီ သူဌေး တစ်ဦး နှင့် ဘာလိုလို သတင်း ဖြစ်ပွားခဲ့သည် ။ ကောလိပ်ကျောင်းသား တစ်ဦးနှင့်လည်း တစ်ခါက အတွဲကြီး တွဲ လိုက်သေးသည် ။ စစ်ဗိုလ်တစ်ယောက် နှင့်လည်း မရှင်းမလင်း ဟု ပြောကြသည် ။ ထိုသို့သော မင်းသမီး တစ်ယောက် ၏ ဘဝတွင် ဖြစ်ရိုးဖြစ်စဉ် ဖြစ်သော အဖြစ်ပေါင်းစုံကလေးများ ဖြင့် မကင်း ရှိခဲ့လေသည် ။ အကယ်၍ မေထားကြူ ကသာ လက်ခံမည် ဆိုလျှင် ကားတစ်စီး တိုက်တစ်လုံး နှင့် ထားမည့်သူဌေး နှစ်ဦး သုံးဦး သူမ ၏ လက်ထဲ တွင် အမြဲ ရှိလေသည် ။ သို့ဖြစ်ရာ ဘေးပန်း မှ လူများ ၏ စိုးရိမ်ခြင်းများ နှင့် ယူဆချက်များ သည် အမှန်မှာ ဆိုလျှင် ယုတ္တိ တန်ကြသည် ချည်းသာ ဖြစ်လေသည် ။
ဒါပေမဲ့ လက်တွေ့အားဖြင့် ထိုမျှော်မှန်း ယူဆချက်များ မှာ လုံးလုံး မှားကြောင်း ကို မေထားကြူ က သက်သေ ပြလိုက်လေသည် ။ အကြောင်းကား မေထားကြူ ၏ ဘဝသည် အပြောင်းလဲကြီး ပြောင်းလဲ သွားသောကြောင့် ဖြစ်လေသည် ။ သူမ ၏ သာယာမှု ၊ ပျော်ရွှင်မှု နှင့် နှစ်သိမ့် မှုအဝဝများ ကို သူမ အကြည်ညိုကြီး ကြည်ညိုခဲ့ သည့် လင်ယောက်ျား ကိုအာယု အား ချစ်ခြင်း ၌ မြှုပ်နှံ ထားလိုက်လေသည် ။ ကိုအာယု ကလည်း သူမအား ရိုးရိုးအေးအေး နှင့် တည်တည်တံ့တံ့ ရှိလှသော အချစ်မျိုးကို တုံ့ပြန်လေသည် ။ ထိုကဲ့သို့သော အချစ်မျိုး ကိုပင် မေထားကြူ က တန်ဖိုး ထား ကာ ကျေနပ်နေလေ တော့သည် ။
သို့နှင့် သူတို့ ၏ အိမ်ထောင်ရေးမှာ အစစ်အမှန် တရားများဖြင့် ပြည့်ဝသော အခြေခံအုတ်မြစ်ပေါ်တွင် နှစ်များ မကြာမီ အတွင်း တည်ဆောက်ပြီးသား ဖြစ်ခဲ့လေသည် ။ သာယာစိုပြည်သော အိမ်ထောင် တစ်ခု ၏ အဆင့်အတန်း သို့ ပင် တင်းပြည့်ကျပ်ပြည့် ရောက်လာသည် ဟု ဆိုနိုင် လောက်ပေသည် ။
ဒါတောင်မှ သူတို့ နှစ်ယောက် ၏ စိတ်သဘောချင်း သည် နေရာတိုင်းမှာ ကိုက်ညီလှသည် မဟုတ်သေး ။ ကွဲသည့် နေရာ၌ အတော်ပင် ကွဲလွဲနေကြသေးသည် ။ မေထားကြူ က လောက တွင် ငွေ အရေးကြီးဆုံး ဟု သဘော ထားကာ ငွေ ကို မက်မောစွာ အရင်းခံ ထား၍ ငွေ ရအောင် လုပ်လေသည် ။ သို့သော် ကိုအာယု ကမူ ငွေ ရရမရရ သူ မှန်သည် ထင်မှ လုပ်တတ်လေသည် ။ ထို့ကြောင့် သူတို့ အိမ်ထောင်ရေး တွင် မေထားကြူ က ငွေရှာသမား ဖြစ်၍ ကိုအာယု က အဖြုန်းသမား ဖြစ်လေသည် ။
ကိုအာယု ထုတ်သည့် စာအုပ်များမှာ ငွေ အရ အားဖြင့် စွံချင်မှ စွံ သည် ။ အရှုံး ကသာ များလေသည် ။ ဒါပေမဲ့ စာပေအဆင့်အတန်း မြင့်သည် ဟု စာပေသမား တို့ ၏ ချီးကျူးခြင်း ကိုတော့ ခံရသည် ။ ထို့နည်းအတူ သူ သည် ရုပ်ရှင်ဒါရိုက်တာ ဟု ဆိုရသည့်တိုင်အောင် တစ်ကား နှစ်ကား သာ ရိုက် ဖူးလေသည် ။ သူ ၏ ကားများမှာ အဆင့်အတန်းမြင့်လှသည် ဟုတော့ တကယ့်ပုဂ္ဂိုလ်များ ၏ ချီးမွမ်းခြင်း ခံရပါ၏ ။ သို့သော် ထုတ်လုပ်သူမှာ ထို ကားများ ဖြင့် မွဲလုနီးနီး ဖြစ်သွားလေသည် ။
မည်သို့ပင် ဖြစ်စေ မေထားကြူ သည် သူမ ၏ ချစ်လင် လုပ်သမျှ အတွက် ဂုဏ် ယူသည် ။ ပိုက်ဆံ ကုန်သည် ဟူ၍လည်း ဘယ်အခါမျှ မညည်း ။ ဒါပေမဲ့ သူမ ဘက်ကမူ ဝင်ငွေ များအောင် တတ်နိုင်သမျှ ရှာလေသည် ။ သူမ ၏ အလုပ်များ မှာတော့ အားလုံး စွံ လေသည် ။ နာမည်လည်း ကြီး ၊ ဝင်ငွေ လည်း ကောင်းလေသည် ။ ဒါပေမဲ့ သူမ ကိုယ်တိုင်ကတော့ သူမ ၏ အောင်မြင်ခြင်းများ ကို ကိုအာယု ၏ မအောင်မြင်ခြင်းများ လောက် တန်ဖိုး မထားပေ ။
ကိုအာယု နှင့် မေထားကြူ မတူကြသည့် အခြား အချက်များမှာလည်း ရှိသေးသည် ။ မေထားကြူ မှာ သူမ ၏ ရုပ်ရှင်များ ထဲ က အရောင် ဟပ်နေခြင်းကြောင့် သူမ စုဆောင်းမိထားသည့် ပိုက်ဆံများ ဖြင့် သူမ ရုပ်ရှင်ကား ထဲ မှာ နေရ သည့် အနေမျိုး နေ ချင်သည် ။ သူဌေးသမီး အခန်း မှာ နေရသည့် တိုက်မျိုး က တစ်လုံး ၊ ရုပ်ရှင် ထဲ က ကဲ့သို့ လှပသော လှေကားကြီးမျိုးလည်း ထို တိုက်ထဲမှာ ရှိရမည် ။ ရုပ်ရှင် ထဲ က ပန်းအိုး ၊ ရုပ်ရှင်ထဲက စားပွဲ ၊ အို ...အကုန်လုံး ရုပ်ရှင် ဆန်ဆန် နေချင်သည် ။ ဒါပေမဲ့ ...
“ ဒါတွေက အပိုတွေပါ ကြူ ရာ ၊ ဘာလုပ်မလဲ ၊ စိတ်အေးချမ်းသာမယ့် နေရာမှာ ဝင်း နဲ့ ခြံ နဲ့ အိမ်ကလေး တစ်လုံးလောက်ဆို တော် ရောပေါ့ ။ ကြူ မှာ ငွေတွေ သိပ် ပိုနေရင် ဒီလို အပိုတွေ သုံးမယ့် အစား တခြား အကျိုး ရှိမယ့် နေရာတစ်ခုခု မှာ သုံး လိုက်စမ်းပါ ၊ သိပ် ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ကြိုက်တဲ့လူတွေ လာ နေပါဦးမယ် ၊ အဲဒီလူတွေနဲ့ မောင် တော့ ဆက်ဆံရတာ သိပ်ပြီး စိတ် အိုက်ပါတယ် ကြူ ရာ ”
ထိုသို့ သူမ ၏ မောင် ကိုအာယုက ကန့်ကွက်သည့် အတွက် မေထားကြူ သည် သူ့ သဘော ကျ ကုက္ကိုင်း ဘက် တွင် ခြံကလေး တစ်ခြံ ဝယ်ကာ အသင့်အတင့် ရှိသော တိုက်ကလေး တစ်လုံး နှင့် သာ နေလိုက်ရလေတော့သည် ။
သူ ၏ အလိုအတိုင်း လိုက်လျောလိုက်ရသည့် အတွက် မေထားကြူ သည် အနည်းငယ်မျှ ဝမ်း မနည်းရုံမျှ မက နှစ်လိုနှစ်သိမ့်ပင် ဖြစ်လိုက်မိလေသေးသည် ။
မေထားကြူ မှာ ထိုမျှပင် သူမ ၏ ယောက်ျား ကိုအာယု အား ချစ်ခဲ့လေသည် ။ မိန်းမ တစ်ယောက် က သူမ လင်အပေါ် တွင် သစ္စာရှိရှိ စွဲစွဲမြဲမြဲချစ်ပါသည် ဆိုသည့် အချစ်မျိုးမှာ မေထားကြူ ထားသကဲ့ သို့သော အချစ် ကို မဆိုလိုပါလျှင် လောက တွင် အချစ် ဆိုသည့် အဓိပ္ပာယ် မှာ ရှိပါဦးမလား ။
ဒါပေမဲ့ မေထားကြူ မှာ မြွေသမား သည် မြွေ နှင့် ခဏခဏ ယဉ်ပါးနေရသည့် အတွက် မြွေဆိပ် ပြီးသည် ဟု အများကထင် သကဲ့သို့ အချစ်ပြီးနေသည် ဟု လူများ က ထင်ခဲ့ကြလေသည် ။ ထို့ကြောင့် မဟုတ်လော ၊ ကိုအာယု ၏ အသုဘ နေ့တုန်းက လူ တွေ သည် မေထားကြူ ၏ မျက်ရည်များ ကို မျက်ရည်တု ဟု အမှတ် ထားကြလေသည် ။ မေထားကြူ ၏ ငိုရှိုက်ခြင်းများကို လည်း တကယ် အယုံအကြည် မရှိကြ ။ မေထားကြူအား ကိုယ်ချင်း စာပြီး သနားကြဖို့ ရန် ထက် ကြည့်ကောင်းကောင်း ဖြင့် ကြည့် နေကြလေသည် ။ တချို့ ကလည်း ရုပ်ရှင် ပိတ်ကား ပေါ် မှာ ပဲလားဟု ဝေခွဲ မရအောင် မေထားကြူ ၏ အဖြစ်မှန် ကို မေ့ရက်သား ကောင်းနေကြလေသည် ။
ထိုမျှပင် မကလိုက်သေး ၊ ကိုအာယု ကိစ္စ မြေ ကျသည့်နေ့ နောက် တစ်နေ့ မှာပင် မေထားကြူ အား ရိုက်လက်စ ကား တစ်ကား အတွက် ရိုက်ရန် လာ၍ ခေါ်သည် ။ နောက်ပြီး သုံးလေးရက် မကြာမီ ကပင် ကပွဲ အတွက် မေထားကြူ အား လာ၍ တာဝန် ချလေသည် ။
သူမ သည် ဝတ္တရား ကို နားလည်ပါသည် ။ ဒါပေမဲ့ မိမိ ၏ ထိုမျှ ကြေကွဲ နေရသည့်အဖြစ် ကို အနည်းငယ်မျှ မထောက်မထားကြသည် ကိုတော့ ယူကျုံးမရ ဖြစ်မိလေသည် ။ မထောက်ထားနိုင်သည် ကို ထားဦးတော့ ၊ အယုံအကြည်လည်း မရှိကြ ။
မေထားကြူ သည် နှုတ်ခမ်း ကို တင်းတင်း ကိုက် ကာသာ နေလိုက်ရသည် ။ သူမ ၏ ရင်တွင်း ၌မှု ရှိလှသည် မဟုတ် ၊ အားရပါးရ ငို လိုက်ချင်သည် ။ ဒါပေမဲ့ မေထားကြူ က မငိုမိပါ ။ အဘယ်ကြောင့် ဆိုသော် သူတို့က ငိုသည် ဟု ထင်ကောင်း မှ ထင်ပေလိမ့်မည် ။ မျက်ရည်များ ကို ထုတ်သည့် အတတ် ၌ ကျွမ်းကျင်သူတစ်ယောက် ဟု သာ အောက်မေ့ ကြပေ လိမ့်မည် ။ ထို့ကြောင့် သူမ သည် ဒေါသ ဖြစ်ဖြစ်နှင့် သူတို့ ထင် ကြသည့် အတိုင်း အဖြစ် ခံလိုက်လေသည်၏ အဆုံးတွင် ဓာတ်ခုံ ပေါ် သို့ တက်၍ သူမ ကပြရသည့် လွမ်းခန်း ၌ မျက်ရည်များကို ဒလဟော သွန်ချလိုက်လေသည် ။ ဒါပေမဲ့ မျက်ရည်များကား ခါတိုင်းကဲ့သို့ ဇာတ်ခုံပေါ်တွင် လည်းကောင်း ၊ ကင်မရာ ရှေ့တွင် လည်းကောင်း သွန်ချသည့် မျက်ရည်မျိုး မဟုတ်ပေ ။ ယခင်က မျက်ရည်မျိုးသည်ကား ကိုယ့် အခန်း ပြီး၍ ကားကြားထဲ သို့ ပြန်ဝင်သွားခဲ့သောအခါ ဟက်ဟက်ပက်ပက် ရယ်စေ မူ၍ ယခု မျက်ရည်များ ကတော့ နောက်ကွယ် ကျ မှ အသည်း နစ်သထက် နစ်စေလေသည် ။
သို့သော်လည်း အများ ၏ အမြင် မှာတော့ အတူတူပင် ဖြစ်လေသည် ။ ထို့ကြောင့်ပင် ...
“ မေထားကြူ ဖို့ တမင် ဆရာ ဒီ ဇာတ်ကွက် ကို ရွေးထားတာ ၊ ခုတော့ အံကို ကိုက်နေတာပဲ မဟုတ်လား ၊ နဂိုကလည်း အလွမ်းကောင်း ၊ ဒီ အပေါ်မှာ လွမ်းစရာ တစ်ခုကလည်း ရှိပြီးသား ဆိုတော့ ပြောစရာ မလိုတော့ဘူး ။ အချို ပေါ် သကာ လောင်းပြီးသား ဖြစ်သွားတာပေါ့ ။ ဒါကြောင့် ပရိသတ်တွေ ကို ငြိမ်ကျ သွားတာပဲ ၊ ဟဲ ... ဟဲ ... မေထားကြူ နာမည် ကြီးဘသထက် ကြီးသွားဦးမှာ မုချပဲ ၊ ဆရာ့ ကို ကျေးဇူး တင်ရမယ် နော် ဒါပဲ ”
ထို အခန်း အတွက် ဒါရိုက်တာလုပ် သူ က မေထားကြူ ဆီသို့ လာပြီး ဝမ်းသာစကား ပြော ယူရလေသည် ။ မုဆိုးမအသစ်စက်စက်ကလေး အား ထိုသို့ အားပေးစကားများ ကို ဝမ်းမြောက်ဝမ်းသာ ဆိုလေသည် ။
မေထားကြူ ကမူ ဘာမှ ပြန် မပြောချင်လောက်အောင် သူ့အား ချီးကျူးလိုက်မိပါသည် ။ ဟုတ်တယ်လေ ဒုက္ခရောက်နေသူ မင်းသမီးတစ်ဦး ရဲ့ မျက်ရည် ကို ချက်ကျကျ သုံးနိုင်သူ ဒါရိုက်တာ တစ်ဦးအား ဘယ်မှာ မချီးမွမ်းထိုက်ဘဲ ရှိပါ့မလဲ ။ နောက်ပြီး တစ်ခုရှိသေးသည် ။ ပရိသတ် မှာလည်း အတော် ထိသွားသတဲ့ ၊ မျက်ရည် ကျရှာကြသတဲ့ ။
ဒီလိုပဲ မေထားကြူ က ငိုပြတိုင်း သူတို့ လိုက်၍ ငို ကြသည် ။
မေထားကြူ သည် ကိုအာယုပြောခဲ့သည့် စကားများ ကို ကြားယောင်နေမိသည် ။
“ တကယ်တမ်း ကျတော့ မူမမှန်ဘဲ သစ္စာတရား မပြည့်ဝတာတွေနဲ့ အခြေခံ တဲ့ အောင်မြင် မှုတွေဟာ ဝမ်းသာဖို့ မဟုတ်ပါဘူး ကြူ ၊ တကယ် နှစ်သိမ့်မှုကိုလည်း ပေးစွမ်းနိုင်မယ် မဟုတ်ပါဘူး ၊ လူတွေ ကို ငိုအောင် ရယ်အောင် လုပ်နိုင်တဲ့ အတတ် ကို အနုပညာ လို့ ခေါ်ကောင်း ခေါ် လိမ့်မယ် ။ ဒါပေမဲ့ ဘယ်လို ရည်ရွယ်ချက် မှ မရှိဘဲ ပိုက်ဆံရဖို့ ရည်ရွယ်ချက် တစ်ခုတည်းနဲ့ အရယ် ခိုင်း အငို ခိုင်း တာဟာ မွန်မြတ်တဲ့ အလုပ်တစ်ခု လို့ ခေါ်နိုင်မလား ၊ နောက်ပြီးတော့ ငိုဖို့ အကြောင်းတွေ ဟာလည်း တကယ်တမ်း မည်မည်ရရ လေးလေးနက်နက် မရှိတဲ့ အပြင် မှန်ကန်တဲ့ သဘောတွေလည်း မပါဘူး ။ ဥပမာ ဇာတ်လိုက်မင်းသား ကို အတင်း အဆိပ် သောက် ခိုင်းပြီး အငို ခိုင်း ၊ ရည်းစား လူ လု ခံရပြီးတော့ အငိုခိုင်း ၊ ဒါတွေဟာ ဘာများ အရေးကြီးသလဲ ၊ လူလောက ကို ဘာများ အကျိုးပြုသလဲ ၊ တကယ်လို့ လူတွေရဲ့ အမှားတွေ ကို ညွှန်ပြပြီး အဲဒီအမှားတွေ အတွက် နောင်တ ရလို့ သံဝေဂ ရသွားပြီး ငိုချင်လာအောင် လုပ်နိုင် မှ တကယ့် အနုပညာ ရဲ့ တန်ဖိုး ရှိမယ်မဟုတ်လား ။ ဥပမာ ဆင်းရဲသားတွေ ရဲ့ ငိုစရာကောင်းတဲ့ ဘ၀ မှန် တွေ ၊ သူတို့ တကယ် ရယ်ကြရမယ့် ဝမ်းသာရမယ့် ရှေ့ဆောင်လမ်းပြသဘောတွေ ၊ ဒါတွေကို စွမ်းဆောင်နိုင်မှ လူထု ကို အကျိုးပြုနိုင်မယ် မဟုတ်လား ၊ ဒါမှလည်း အခြေခံမူ မှန်မယ် မဟုတ်လား ၊ အဲဒါမှလည်း ဂုဏ်ယူစရာ ကောင်းမှာ ၊ နို့မို့ရင် ... ”
မေထားကြူ သည် ယခုမှ ကောင်းစွာ သဘော ပေါက်မိကာ မိမိ ၏ ဆုံးဖြတ်ချက် ကို ခိုင်မြဲစေလိုက်လေသည် ။
( ၃ )
နောက်တစ်နေ့ နံနက်မှ မထင်ရှား၍ စောင်ရေ သိပ်မများလှသော နေ့စဉ် သတင်းစာ ကလေးတစ်စောင် မှ “ ရုပ်ရှင်နှင့် ပြဇာတ်မင်းသမီး မေထားကြူ ရုပ်ရှင်ပြဇာတ်လောကမှ ထွက်တော့မည်တဲ့ ” ဟူသော ခေါင်းစဉ် နှင့် သတင်းတစ်ခု ကို လက်ဖက်ရည်ဆိုင် တစ်ခုအတွင်း၌ ဝိုင်း ၍ ဖတ်နေကြသော လူတစ်စု သည် များမကြာမီ ရက်အတွင်း က ရုပ်ရှင်မင်းသမီး မေထားကြူ ၏ ခင်ပွန်း ဒါရိုက်တာ ကိုအာယု ကွယ်လွန်ကြောင်းသတင်း ကို ဖတ်ရသည့်အခါတုန်းက ထက် ဝမ်းနည်း ယူကျုံးမရ ဖြစ်မိလိုက်လေတော့သတည်း ။
◾မောင်စည်သူ ( ၁၉၆၀ )
📖 ၂၀ ရာစု မြန်မာဝတ္ထုတို
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment