❝ နေရာမှန် ❞
အမေရိကန်နိုင်ငံ ဘရုတ်ကလင်းမြို့ ၊ လမ်းထောင့် တစ်နေရာ တွင် အဘိုးအိုတစ်ဦး ရုတ်တရက် သတိ လစ်ပြီး လဲကျ သွားသည် ။ ချက်ချင်း ဆိုသလိုပင် သူနာပြုယာဉ် ရောက်လာပြီး အဘိုးအို ကို ကင်းန် ဆေးရုံကြီး သို့ သယ်ဆောင် သွားတော့သည် ။
ဆေးရုံကြီး သို့ ရောက်သောအခါ ပြန်လည် သတိရလာသော အဘိုးအို ၏ ပါးစပ် မှ “ သား ၊ သားလေး ” ဟု ခေါ်ပြီး သတိ လစ် သွား ပြန်သည် ။ နှလုံးရောဂါ ဝေဒနာ ခံစားပြီး သတိလစ် နေသည့် အဘိုးအို ၏ ခန္ဓာကိုယ် မှ ရှာဖွေ လို့ ရသမျှ စက္ကူ အပိုင်းအစလေးများ အရ ဆေးရုံ အမှုထမ်းများ ကောက်ချက် ချ နိုင်သည် မှာ အဘိုးအို တွင် ဆွေမျိုးသားချင်း ဆိုလို့ မြောက်ကာရိုလိုင်းနား တွင် အခြေစိုက်ထား သည့် မရိန်းတပ်ဖွဲ့ မှာ သား တစ်ယောက် ရှိသည် ဟူ၍ သာ ဖြစ်သည် ။
ဆေးရုံ မှ တာဝန်ရှိသူ တစ်ဦး က ကြက်ခြေနီ အဖွဲ့ ကို အကူအညီ တောင်းသည် ။ ဘရုတ်ကလင်း ကြက်ခြေနီ အဖွဲ့ သည် မြောက်ကာရိုလိုင်းနား ကြက်ခြေနီ အဖွဲ့ ကို ဆက်သွယ်ပြီး အဘိုးအို ၏ အခြေအနေ မှာ နာရီ ပိုင်း မျှသာ ကျန်တော့၍ အမြန်ဆုံး ကူညီပါရန် မေတ္တာ ရပ်ခံလိုက်သည် ။
မြောက်ကာရိုလိုင်းနား မှ ကြက်ခြေနီ အရာရှိ သည် ချက်ချင်းပင် ဂျစ်ကား တစ်စီး ပေါ် ခုန် တက်ပြီး မရိန်းတပ်ဖွဲ့ ရှိရာသို့ အပြေးအလွှား မောင်း ထွက်သွားသည် ။ မရိန်းတပ်မှူး ကို အကြောင်း စုံ ရှင်းပြသည် ။ မရိန်း တပ်ဖွဲ့ မှ စီစစ်ပြီး ခွင့်ပြုချက် ရ သည်နှင့် တစ်ပြိုင်နက် သက်ဆိုင်သူ ရဲဘော် ကို ကားပေါ် ဆွဲတင်ပြီး လေဆိပ်သို့ အမြန်ဆုံး မိုင်နှုန်းဖြင့် မောင်း ထွက်သွားတော့သည် ။ မြောက်ကာရိုလိုင်းနား မှ ဘရုတ်ကလင်း သို့ ထွက်မည့် နောက်ဆုံး လေယာဉ် ကို မီရန် အတွက် မိနစ်ပိုင်းမျှသာ လိုတော့၍ ဖြစ်သည် ။
ထိုနေ့ ညနေ မိုးချုပ် မှ ဘရုတ်ကလင်း ဆေးရုံကြီး သို့ ရဲဘော်လေး ရောက်သွားသည် ။ စိတ်မော လူမော ဖြစ် လာသော ရဲဘော်လေး ကို သူနာပြု ဆရာမလေး တစ်ဦး က ခရီးဦးကြို ပြုပြီး လူနာ အဘိုးအို ရှိရာ ကုတင် သို့ လိုက်ပို့ပေးပါသည် ။
“ အန်ကယ် ... အန်ကယ် ... ၊ အန်ကယ့် သား ရောက် လာပြီ ...”
ဆရာမလေး က အဘိုးအို ၏ လက် ကို ညင်သာစွာ ကိုင် လှုပ်ပြီး အကြိမ်ကြိမ် ပြော တော့မှ မိန်းမောနေသည့် အဘိုးအို သည် ငွေ့ငွေ့လေး ပြန် လည် သက်ဝင် လှုပ်ရှားလာသည် ။ အနည်းအကျဉ်း သာ မြင်နိုင်စွမ်း ရှိတော့သည့် အရောင်အဆင်း ကင်းမဲ့နေသော မျက်လုံး အစုံ ကို အားယူ ဖွင့် ကြည့်သည် ။ မခံသာအောင် နာကျင် မွန်းကျပ်နေ သည့် နှလုံးရောဂါ ဒဏ် ကြောင့် သား ဖြစ်သူ ရဲဘော်လေး ကို သဲကွဲစွာ ကြည့်နိုင် မြင်နိုင်စွမ်း ပင် မရှိတော့ပါ ။ အောက်ဆီဂျင် ဗူးကြီး အနီး မှာ ယူနီဖောင်း ဝတ်စုံ ဖြင့် ရပ်နေသည့် လူငယ်တစ်ဦး ၏ ပုံသဏ္ဍာန် ကို မှုန်မွှားမွှား မြင်လိုက်ရ၍ ကျေနပ်သွားပြီး မျက်စိ ပြန်မှိတ်သွားလေတော့သည် ။ အတော်အတန် ကြိုးစားရဟန် တူသည့် လှုပ်ရှားမှုဖြင့် သားလေး ရှိရာဘက် သို့ သူ့ လက် ကို ကမ်း ပေးသည် ။
ရဲဘော်လေး သည် အဘိုးအို ၏ လက် ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး သွေး ဆုတ်စ ပြု နေပြီ ဖြစ်သည့် လက်ချောင်းအိုများ ကို ညင်သာစွာ ဆုပ်နယ် ဖျစ်ညှစ်ပေးနေသည် ။ ဖခင် အပေါ် မှာ တုံ့ပြန် ထားရှိသည့် သား တစ်ယောက် ၏ မေတ္တာအကြင်နာမျိုး ဖြင့် အားပေးနေသည့် သင်္ကေတ ပင် ဖြစ်တော့သည် ။ အလိုက် သိတတ်သော ဆရာမလေး က ကုလားထိုင် တစ်လုံး ယူလာပြီး ကုတင် အနီး မှာ ချ ပေးသဖြင့် ရဲဘော်လေး သည် အဘိုးအို နှင့် အနီးဆုံး နေရာ သို့ ဆွဲယူရွှေ့ ထိုင်ပြီး အဘိုးအို ကို ယုယကြင်နာစွာ ဆုပ်နယ် ပွတ်သပ်ပေး နေလေသည် ။
ညဉ့်နက်လာပြီ ဖြစ်၍ လူနာခန်းများ မှ မီးရောင်များ မှိန်သွားလေပြီ ။ ဆရာမလေး သည် တစ်ခန်းဝင် တစ်ခန်းထွက် ဖြင့် များပြားလှသည့် တာဝန်တွေ ကို ဆောင်ရွက်ရင်း အဘိုးအို အခန်း သို့ တစ်ခေါက် လာ ကြည့် ပြန်သည် ။ အဘိုးအို ၏ လက် ကို ကိုင်ပြီး အားပေးစကား ပြော နေသော ရဲဘော်လေး ကို သနား ၍ ဆရာမလေး က ( ရှင် ပင်ပန်းလာတယ် ... ခဏ နား လိုက်ပါလား ) ဟု အကြံ ပေးသည် ။ ရဲဘော်လေး က ငြင်း လိုက်သောအခါ ဆရာမလေး သည် ပုခုံး နှစ်ဖက် ကို တွန့် ၍ ပြန်လှည့် ထွက်သွားတော့သည် ။
ည တကာ တို့ တွင် နိုက်ကလပ်တို့၏ ည များသည် တိုတောင်းသော်လည်း ဆေးရုံ တို့ ၏ ည များသည် ရှည်လျားလှသည် ။ ရှည်လျားလှသည့် ဆေးရုံ ည တွင် အခြင်းအရာ နှင့် အသံဗလံများ စုံလင်နေတတ်သည် ။ သေမင်း ကို အံ မတုနိုင်တော့ ၍ လည်စင်း ပေး နေရသူ တို့၏ တိတ်ဆိတ်ခြင်း က ကြက်သီးထဖွယ် ကောင်းသည် ။ အသနား ခံနေသူ တို့ ၏ ညည်းညူသံ တွေ က ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းသည် ။ အောက်ဆီဂျင် စလင်ဒါ ဗူးကြီးများ ကို ဖွင့်သံ ပိတ်သံ နှင့် တာဝန်ကျ ဆရာ ဆရာမ တို့ ၏ တာဝန် လွှဲပြောင်းသံ တွေ က အစဉ်အလာ ဆန် လွန်း၍ ပျင်းရိ ငြီးငွေ့ဖွယ် ကောင်းလှသည် ။
ရှည်လျားလှသည့် အနိဌာရုံ ည ထဲ မှာ လှပသည့် မြင်ကွင်း တစ်ခု တော့ ရှိသည် ။ စကား မပြောနိုင်တော့ပဲ မှိန်းမောနေသည့် အဘိုးအို ၏ လက် ကို ညင်သာစွာ ဆုပ်နယ်ပွတ်သပ်ပေးရင်း အားပေးစကားလေးတွေ ပြော နေသည့် ရဲဘော်လေး ၏ အကြင်နာ ရှုခင်း ပင် ဖြစ်သည် ။ တစ်နာရီ တစ်ခါ လူနာ ကို စစ်ဆေးရန် ဆရာမလေး လာတိုင်း တွေ့ရသည့် ဣဌာရုံ မြင်ကွင်းလေး ဖြစ်သည် ။
နံနက် အာရုဏ်တက်ချိန် လောက် မှာ တော့ အဘိုးအို သည် နောက်ဆုံး ထွက်သက် ကို ဖြည်းညှင်းစွာ မှုတ် ထုတ်လိုက်ပြီး ဝိညာဉ် ချုပ် ငြိမ်း ၍ ဘဝ ဇာတ် သိမ်းသွားလေသည် ။ ရဲဘော်လေး သည် အသက် မရှိတော့သည့် အဘိုးအို ၏ လက်ကို ကုတင် ပေါ် တွင် အနေအထား လှအောင် တင် ထားလိုက်ပြီး ထိုင် ရာမှ ထလိုက်သည် ။ တာဝန်ကျ ဆရာမလေး ၏ ရုံးခန်း သို့ ဖြည်းညှင်းစွာ လျှောက် သွားပြီး အဘိုးအို ကွယ်လွန်သွား ပြီ ဖြစ်ကြောင်း သတင်း ပို့ လိုက်သည် ။
ဆရာမလေး သည် စိတ်မကောင်း သည့် အမူအရာ ပြပြီး သူ့ ဘက် က ဆက်လုပ်စရာ ရှိသည်များကို စတင် လုပ်ကိုင်နေစဉ် မှာ ရဲဘော်လေး သည် မနေ့ညနေ က စပြီး ယခု အချိန် အထိ တစ်လိပ် မှ မသောက်ရသေး သည့် စီးကရက်ဗူး မှ စီးကရက် တစ်လိပ် ကို ထုတ်ပြီး မီးညှိ ဖွာ ရှိုက်လိုက်သည် ။
“ တကယ့်ကို ဝမ်းနည်းပါတယ် ရှင် ... ကျွန်မ လည်း ရှင် နဲ့ ထပ်တူ ထပ်မျှ ”
ဆရာမလေး ၏ စကား မဆုံးမီ ရဲဘော်လေး က စီးကရက် မီးခိုး မှုတ် ထုတ်ရင်း လက် ကာ ပြလိုက်သည် ။
“ နေပါဦး အဲဒီ အဘိုးကြီး က ဘယ်သူလဲ ”
“ ဟောတော့ …. အဲဒါ ရှင့် အဖေ မဟုတ်ဘူးလား ”
ရဲဘော်လေး သည် ရှိုက်ဖွာထားသော မီးခိုး ကို မှုတ်ထုတ်ပြီး ခေါင်း ခါ ပြလိုက်သည် ။
“ ဒီ အဘိုးကြီး ကို ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး ၊ ဒါ ပထမဆုံး အကြိမ် မြင်ဖူးတာပဲ ”
ဆရာမလေး သည် ရေးလက်စ ဘောလ်ပင် ကို ချထားပြီး လုပ် လက်စ အလုပ် ကိုပင် ဆက် မလုပ်နိုင်လောက်အောင် အံ့သြသွားလေသည် ။
“ ရှင့် ကို ကျွန်မ ခေါ် သွားပြီး အဘိုးကြီး ကို ပြတော့ ရှင် ဘာမှ မပြောပါလား ”
ရဲဘော်လေး သည် သူ့ စီးကရက် ကို နောက်ဆုံး တစ်ရှိုက် ဖွာလိုက်ပြီး ပြာခံ ခွက် ထဲ မှာ ထိုးချေ ငြိမ်း သတ်လိုက်သည် ။
“ အဘိုးကြီး ကို မြင် လိုက် ကတည်း က တစ်ခုခုတော့ မှားယွင်းနေပြီ ဆိုတာ ကျွန်တော် သိ လိုက်ပါတယ် ။ ဒါပေမယ့် ဒီ အဘိုးကြီး အတွက် သူ့ သား လို့ ထင် ရမယ့် လူ တစ်ယောက် လို နေပြီ ဆိုတာ ကို လည်း ကျွန်တော် သိ လိုက်ပါတယ် ။ တကယ့် သူ့ သား အစစ် က ဒီ ကို ရောက် မှ ရောက် မလာနိုင်သေးပဲ ၊ အဘိုးကြီး ဟာ ဝေဒနာ အပြင်းအထန် ခံစားနေရပြီး မှိန်းမောနေတဲ့ အတွက် ကျွန်တော် ဟာ သူ့ သား ဟုတ်တယ် ၊ မဟုတ်ဘူး ဆိုတာကို မသိ နိုင်တော့ဘူး လေ ၊ ဒီတော့ ကျွန်တော် ဟာ သူ့ အနား မှာ ရှိ နေဖို့ လိုအပ်တယ် မဟုတ်လား ၊ ဒါကြောင့် ကျွန်တော် ထိုင် နေခဲ့တာပါ ”
ရဲဘော်လေး ထိုင် ရာမှ ထပြီး နှုတ်ဆက် ထွက်ခွာသွားသည့် အချိန် မှာတော့ ဆရာမလေး မှာ အံ့သြပြီး မတုန်မလှုပ် ကျန် နေခဲ့ပါတော့သည် ။
နောက် ၂ - ရက် ခန့် အကြာတွင် ဘရုတ်ကလင်း ကြက်ခြေနီအဖွဲ့ သို့ မြောက်ကာရိုလိုင်းနား မရိန်းတပ်ဖွဲ့ မှ ကြေးနန်း တစ်စောင် ဝင် လာသည် ။ ( ကွယ်လွန်သူ အဘိုးအို ၏ အမှန်အကန် သား ဖြစ်သူ ရဲဘော် သည် အသုဘ ရှုရန် လာနေပြီ ) ဟူ၍ ဖြစ်သည် ။
ဖြစ်ရပုံက မရိန်းတပ်ဖွဲ့ မှ တာဝန် ရှိသူ သည် ကမန်းကတန်း အလောသုံးဆယ် ဆောင်ရွက် ပေး လိုက်ရ၍ အဘိုးကြီး ၏ သား နှင့် နာမည် တူ ၊ ကိုယ်ပိုင်နံပါတ် နီးစပ်စွာ တူ သူ ရဲဘော် တစ်ယောက် ကို မှားထည့် ပေးလိုက်ခြင်း ဖြစ်သည် ဟု သိရသည် ။
ဘာပဲဖြစ်ဖြစ် မွန်းကြပ် ပင်ပန်းနေသော လူသားတို့ ၏ နောက်ဆုံး မျှော်လင့်ချက် တစ်ခု ကို ကူညီ ဖြည့်ဆည်း ပေးနိုင်မည့် သူ ဆိုပါလျှင် လူ မှား ပင် ဖြစ်လင့်ကစား နေရာ မှန် သည် ဟု ပြော နိုင်ပေလိမ့်မည် ။
( ၁၉၆၅ - ခုနှစ် ၊ စက်တင်ဘာလ ထုတ် READER', DICEST' S
ROY POPKIN \ NIGHT WATC ကို ပြန်ဆိုပါသည် ။ )
◾ အဏ္ဏဝါစိုးမိုး
📖 ရွှေအမြုတေ
နိုဝင်ဘာလ ၊ ၁၉၉၅ ခုနှစ်
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment