❝ နတ်ပြည်က ဝတ္ထု ❞
လူ့ပြည် တွင် သက္ကရာဇ် ၁၂၉၆ ခု တော်သလင်း လဆုတ် ၉ ရက် နေ့ နံနက် အချိန် တွင် “ ကသစ်ပွင့်ကာ ဝတိသာ သူရာနိုင်နိုးနိုး ” ဟူဘိ သကဲ့သို့ တာဝတိံသာ သို့ စစ် ပြုလာမည် ဖြစ်သော အသူရာနတ်စစ်သည် တို့ အား ကင်းစောင့် အဖြစ်ဖြင့် စောင့်ကြည့်လျက်နေ ရသော ပုဏ္ဏကနတ်ဘီလူး သည် ကင်း လှည့်ရင်း လူ့ပြည် နား သို့ ချဉ်းကပ်လာသဖြင့် ဆူညံစွာ ပြောဆို နေကြသော တက္ကသိုလ် ဖလားလု ဘောပွဲသတင်း ကို ကြား လိုက်မိလေ သတည်း ။ ထို ထူးခြားသော သတင်း ကို ကြား ခဲ့သော ပုဏ္ဏက လည်း သိကြားမင်း ထံ သို့ အသူရာ တို့ မပေါ်လာ သေးကြောင်း ကင်းလှည့် အစီရင်ခံစာ တင်သွင်းရန် တာဝတိသာ သို့ တက် လာသောအခါ နန္ဒာကန်ပေါင်ရိုး ပေါ်တွင် ခေါင်းချင်း ဆိုင် ကာ တိုင်ပင်နေကြသော မိတ်ဆွေ မာတလိ ၊ ဝိသကြုံ နှင့် ပဉ္စသီခနတ်သား တို့ ကို မြင်လိုက် လေ၏ ။
ပဉ္စသီခနတ်သား မှာ သုရိယဝစ္ဆ နတ်သမီး သည် အလွန် လှဂုဏ်ကိုးကြောင်း ၊ ယခု ထက်တိုင် ဗေလုဝနတ်စောင်း ဖြင့် မြှောက်ပင့် ဖွဲ့နွဲ့၍ နောက်ပိုးသော်လည်း မအောင် မြင်သေးကြောင်း ၊ သူ့ အတွက် အများကြီး စိတ်ညစ်ရကြောင်းများ ကို ပြောပြလျက် နေလေ၏ ။ မာတလိ နှင့် ဝိသကြုံ တို့ မှာ လည်း ငေးမောကာ နားထောင်၍ နေကြလေသ တည်း ။
ပုဏ္ဏက လည်း မိမိ ၏ သိန္ဓော မြင်း နှင့် ၎င်းတို့ ၏ အနီး သို့ ချဉ်းကပ်လာ ၍ “ အို အချင်း ကိုကြီးသီသီ ၊ သီသီ ၌ နေ့စဉ်တစေ ဝန်တိုသော နတ်သမီး ကို သာ စွဲလမ်းနေလျက် ဘိတကား ။ ပင်ပန်းလေစွ ” ဟု ဆိုလိုက်လေ၏ ။ ထို အခါ ပဉ္စသီခနတ်သား လည်း မော့ ကြည့်၍ အချင်း ပုဏ္ဏက သင် ကား သင် ချစ်ကြိုက်သော ဣရန္ဓတီ ကို ရပြီးသဖြင့် ငါ့ အား ကဲ့ရဲ့ပြစ်တင်သည် မှာ မသင့်လျော်လေ ” လို့ ပြန် ပြောလိုက်လေ၏ ။ ထိုအခါ ဝိသကြုံ လည်း “ အချင်း ပုဏ္ဏက ငါတို့ အား မနှောင့်ယှက်ကုန်လင့် ။ ငါ ကား နန္ဒာကန် ဆန်းကြယ်ခြင်း ကို သာ ရှုစားလျက် နေလေသည် ” ဆို ပြန်၏ ။ ပုဏ္ဏက လည်း “ ကြွပါမည် အချင်းတို့ ၊ သို့ရာတွင် ကျွန်ုပ် လူ့ပြည် မှ သတင်းတစ်ခု ပါလေသည် ” ဟု ဆို ရာ မာတလိနတ်သား လည်း ပုဏ္ဏက အား မေး လေ၏ ။
ပဉ္စသီနတ်သား သည် ရည်းစားပူ မိနေသောကြောင့် ဘာမျှ မကြားလို ၊ ဝိသကြုံ မှာ လည်း ရေကန် ၏ ဆန်းကြယ် မှု ကိုသာ ရှုလျက် နေလေသည် ။ မာတလိ မှာကား ရထား မှူး ဖြစ်နေသည့် အားလျော်စွာ ဟိုစပ်စပ် သည်စပ်စပ် သိ လို၏ ။ ( ဒရိုင်ဘာ တို့၏ သဘောတည်း ) ထို့ကြောင့် မာတလိ လည်း အပန်းတကြီး မေးသတည်း ။ ထို အခါ ပုဏ္ဏက ကလည်း လေသံ ကြား နှင့် တက္ကသိုလ်ဖလားလုပွဲ ဘောသတင်း ကို လင်းကျင်းလိုက်လေသတည်း ။ လင်း ကျင်း ပြီးသည်နှင့် အဆုံး ၌ ဝေဇယန္တာ နတ်နန်း သို့ သိန္ဓော မြင်း ကို ရှေးရှု နှင်လေ၏ ။ လူ့ သတင်း ကို နတ်ချင်း ဆောင် လိုက်ခြင်းပင် တည်း ။
သတင်း ကို ကောင်းစွာ နာယူပြီးသော မာတလိ က ဤသို့ ဆို၏ ။
“ အချင်းမောင် ပဉ္စသီ ၊ အမောင် သည် ထို တက္ကသိုလ်ဘောလုံးပွဲ ကို ကြည့်သင့် ၏ တကား ။ လူသား ပြည် ၌ ဤမျှလောက် ကျော်စောသော ဖလားပွဲ ၏ ဂုဏ် ကို ချီးကျူး ပြောဆိုသွားသော ပုဏ္ဏက ၏ စကား ကို မယုံမကြည် မရှိရာ ။ အမောင် သွားရောက် ရှုစားမိပါက အမောင် ၏ အဆွေး သည် ပြေအံ့တကား ”
ဤသို့လျှင် မာတလိနတ်သား သည် ပဉ္စသီခ အား နှစ်သိမ့်စေပြီး နောက် ဝိသကြုံ အား ဤသို့ ဆိုပြန်၏ ။
“ အချင်း ဝိသကြုံ ၊ အမောင် ကား ဆန်းကြယ်မှု တို့ ကို ဖန်ဆင်းတတ် သူ ဖြစ်သည်ကား မှန်၏ ။ သို့ရာတွင် လူ့ပြည် ၌ လည်း ဆန်းကြယ်မှု တို့ လည်း များစွာ ရှိကုန်၏ ။ အို ဝိသကြုံ ထ လော့ ... ထ လော့ ”
ဟု ဆို၍ သုံးဦး သောနတ်သား တို့လည်း ဝေဇယန္တာရထား ပေါ် သို့ တက် ကြလေ၏ ။ ရထား လည်း လေ ၏ အဟုန်ဖြင့် ဘီအေအေ ဘောကွင်း သို့ ရုတ်ခြည်း နှင် ထွက်သွားလေ သတည်း ။
နောက်တစ်နေ့ တွင် သိကြားမင်း သည် ဝေဇယန္တာ ရထား ၏ နံရံတွင် ရွံ့ ကွက်ကြီး တစ်ကွက် ကို တွေ့ရှိသဖြင့် မာတလိ ကို ခေါ်၍ စစ်ဆေးရာ မာတလိ မှာ အံ့အားသင့် လျက်နေလေ၏ ။ ရထား ခိုးစီးမှု လည်း ပေါ်လေ၏ ။ နက်သား သုံးပါး တို့ “ ချောက် ” ကျ ကြလေသတည်း ။ ထို ရွံ့ ကွက် မှာ အခြား မဟုတ် ၊ ထိုနေ့ ညနေ က တက္ကသိုလ်ဘော အသင်း ကပ္ပတိန် ကိုဝင်း သည် ဘောလုံးမြှောက်၍ ကန် လိုက်ရာ ရထားနံရံ ကို ထိ မှန်သော ရွှံ့ ကွက် ပင်တည်း ။ ထိ မှန်စဉ် အခါက လေ ထဲ၌ ပန်းဆိုင်း ဆွဲ ထားသကဲ့သို့ တည် နေသော ရထား မှာ ငြိမ့် ခနဲပင် ဖြစ်သွားလေသေးသည် ။ မာတလိနတ်သား လည်း သုဇိတာမိဖုရားကြီး ကို ကပ် လေ သည် ။ သုဇိတာမိဖုရားကြီး လည်း သနားသဖြင့် သိကြား မင်း အား ကောင်းပန်ရာ “ အဘယ်ချစ်မငြီး သုဇိတာ ၊ ငါ သည် သင့် အား မိဖုရားတကာ တို့ ထက် မြတ်နိုး ချစ်ခင်ပါ ၏ ။ အသင် လည်း ငါ့ အား ချစ်ခင်ပါမူ သင်းတို့ အတွက် မတောင်းပန်လေလင့် ၊ သည်းခံ၍ အေးချမ်းစွာ စံလေလော့ ” ဟူသော စကားကို သာ ရသဖြင့် သုဇိတာ မိဖုရား လည်း လက်မှိုင် ချကာ နေရရှာသတည်း ။
သိကြားမင်း လည်း
“ မောင်နတ်သား တို့ ၊ အမောင် တို့ ၌ လူသားတို့ ၏ ဘောပွဲ ကို ကြည့်သည် လည်း တစ်ပြစ် ၊ ရထား ခိုး စီး သည်လည်း တစ်ပြစ် ၊ ဤ နှစ်ပြစ် ရှိ၏ တကား ၊ အမောင်နတ်သား တို့ အဘယ် ဆိုဖွယ်ရာအကြောင်း ရှိသေး သနည်း ”
ဟု မေးမြန်း၏ ။
ထိုအခါ မာတလိ လည်း
“ မှန်လှ ပါ ထို ဘောပွဲကို ကြည့်စဉ် အခါက ကျွန်တော်တို့ သာ ကြည့်သည် မဟုတ်ပါ ။ ဝါဝါဝတ်များ လည်း ပါပါသေး သည် ဘုရား ”
ဟု လျှောက်ထားလေ၏ ။
သိကြားမင်း လည်း
“ အင်း ဝါဝါဝတ်များ ပင် ကြည့်လျှင် သင်းတို့ ကို အပြစ် မဆိုသာပြီ ”
ဟု စဉ်းစားမိသဖြင့်
“ ကောင်းပြီ မောင် နတ်သားတို့ ၌ ရထား ခိုးစီးသော အမှု ရှိသေးသည် ။ ဆိုစရာ ရှိသေးသလော ”
ဟု မေးပြန်၏ ။
ထိုအခါ မာတလိနတ်သား သည် အားတက်လာ၍
“ မှန်လှပါ အရှင်ဘုရား ၏ ရထား ကို စီးနင်းသွားသဖြင့် သာ ဘောပွဲ ကို မီရုံ ရောက်ရှိ ပါသည် ။ လူသားတို့ မှာ မွန်းတိမ်းချိန် လောက်က စ၍ ကျပ် နေကြပါသည်ဘုရား ”
ဟု လျှောက်တင်ပြန်ရာ သိကြားမင်း လည်း
“ ကောင်းပြီ မောင်နတ်သား တို့ ၊ အမောင်တို့ ကြည့်ရှု ခဲ့သော ဘောပွဲ နှင့် အလားတူ ဘောပွဲ ကို မကြာမီ ကျင်းပမည် ဖြစ်သော ငါ ၏ ကသစ်သဘင် ၌ ခင်းကျင်း ပြသရမည် ။ အကယ်၍ ငါ ကိုယ်တော် သဘော ကျပါမူ အမောင် တို့ အား အပြစ်ဒဏ် မှ လွတ်မည် ”
ဟု တစ်ချက်လွှတ် အမိန့်ပြန် ၍ မျက်နှာတော် လွှဲသွားလေသတည်း ။
မာတလိနတ်သား လည်း
“ အမောင် ဝိသကြုံ နှင့် ပဉ္စသီ တို့ ၊ နောင်တော် ၏ တာဝန် ဖြင့် ကုန် လေပြီ ။ မောင်တို့ ၏ တာဝန် လက်စွမ်းများ ကို ပြဦးလော့ ”
ဟု ဆိုရာ နတ်သား နှစ်ဦး တို့လည်း အသီးသီး ဝန်ခံ ၍ ခွဲခွာသွားကြလေသတည်း ။ ထိုနေ့မှ စ၍ ဝိသကြုံနတ်သား သည် မြင်းမိုရ်တောင် ခြေရင်း သို့ ဆင်း ၍ စိတ်ကူးခန်း ဝင်လျက် နေလေ သည် ။ ပဉ္စသီခနတ်သား မှာ လည်း မိမိ ၏ ဘုံဆောင် ကို လုံစွာ ပိတ်၍ ဗေလုဝနတ်စောင်း ကို စမ်းသပ်ခါ တီးခေါက်နေ လေသတည်း ။
များမကြာခင် ကသစ်သဘင် ကျင်းပမည့် နေ့လည်း ကြုံ လာလေ၏ ။ ကသစ်ပင်ရင်း တွင် နတ်သမီး ၊ နတ်သား ပရိသတ်အပေါင်းတို့ လည်း စုဝေးလျက် ရှိကြလေပြီ ။ သိ ကြားမင်း လည်း ဧရာဝဏ် ဆင်တော် ကို စီး လျက် မိဖုရား လေးပါး ခြံရံကာ ကြွလာတော်မူ၍ ကသစ်ပင်ရင်း ခင်းအပ်သော ဗန္ဓုကမ္ဗလာ မြကျောက်ဖျာ ပေါ်၌ ထက်ဝယ်ဖွဲ့ခွေ စံ နေတော် မူလေသတည်း ။
ဝိသကြုံ လည်း နတ်တို့ ၏ တန်ခိုးဖြင့် တက္ကသိုလ် ဘောပွဲ ကို ဖန်ဆင်း ပြ လိုက်လေ၏ ။ သိကြားမင်း လည်း ကစားသူ တို့ ၏ ဖျတ်လတ်ပုံ ၊ လျင်မြန်ပုံများ ကို မြင်မိသော အခါ
“ ဝိသကြုံ လူသားတို့ ၏ ပြည် ၌ ယခုကဲ့သို့ ဖျတ်လတ်လျင်မြန်သော လူသားများ ရှိပါ့မလား ။ ယခင်တစ်ခါ အနော်ရထာမင်းတရားကြီး လက်ထက်တော် တွင် ရွှေစည်းခုံဘုရား ကို ငါ ကိုယ်တော် နှင့် တကွ နတ်အပေါင်း တို့ ဝိုင်းဝန်း၍ တည် ပေးစဉ်အခါက ကျန်စစ်သား ၊ ငထွေရူး ၊ ငလုံးလက်ဖယ် ၊ ညောင်ဦးဖီး သူရဲကောင်း တို့ ကို မြင်ဖူးခဲ့ပြီ ။ သို့ရာတွင် ဤ လူများ လောက် မဖျတ်လတ် ပါ တကား ”
ဟု လက်ဖျားတခါခါ နှင့် မိန့် တော် မူလေသတည်း ၊ နတ်ပရိသတ်အပေါင်း တို့ လည်း သောင်းသောင်းဖြဖြ ဟစ်အော်ကြွေးကြော် သြဘာ ပေးကြလေသတည်း ။ နတ် တစ်ပါး မှာ အော်ဟစ်ရင်း လက်ကတီး ကြား မှ ချွေး ယို၍ စုတေ ရ ရှာ၏ ။ ထိုအခိုက် တွင် သိကြားမင်း လည်း ပုဏ္ဏက ကို မြင်လိုက်သဖြင့် အခေါ် စေလွှတ်တော် မူ၍ ပုဏ္ဏက ရှေ့တော် သို့ ရောက် လာသောအခါ
“ ဟဲ့ ပုဏ္ဏက ငါ သည် သင့် အား အသူရာ နတ်စစ်သည် တို့ ၏ အလာကို စောင့်ကြည့်ရန် ယုဂန္ဓိုရ် တောင်စောင်း တွင် ထားသည် မဟုတ်လော ။ အဘယ့်ကြောင့် ဤ နေရာသို့ ရောက်လာသနည်း ။ နင် ဒဏ် သင့်အံ့ ”
ဟု ကြိမ်းဝါးလေ၏ ။
ထိုအခါ မှ ပုဏ္ဏက က လည်း ဒူး တုပ် ၍
“ မှန်လှပါ ၊ စိုးရိမ်တော်မမူပါနှင့်ဘုရား ။ အသူရာနတ်စစ်သည် တို့ မှာ တက္ကသိုလ်ကျောင်းသားများ ကန် သော ဘောသံ ကို ကြား ရုံမျှနှင့် ဤ အသံကား ကက္ကဋ စည် သံ ထက် ပြင်းလှ ၏ တကား ၊ ကြောက်မက်ဖွယ် ကောင်းစွ တကား ဟု မြည်တမ်းကာ လက်လွတ် ထွက် ပြေး ကုန်သဖြင့် ၎င်းတို့ အား စောင့်ကြည့်ရန် မလိုတော့ ကြောင်းပါဘုရား ”
ဟု လျှောက်ထား လိုက်လေ၏ ။ ထိုအခါ သိကြားမင်း လည်း လွန်စွာ အားရတော် မူပြန် သတည်း ။
ဘောပွဲ ကို ခင်းကျင်း ပြသပြီးသော အခါ သျှောင် ငါး လုံး ကို ချောမွတ် နေအောင် ထုံး ထားသော ပဉ္စသီခ နတ်သား လည်း ဗေလုဝနတ်စောင်းကြီး ကို ပိုက်လျက် သိကြား မင်း ၏ ရှေ့တော်မှောက် သို့ ရောက်လာလေ၏ ။ ထိုအခါ နတ်ပရိသတ်အပေါင်း တို့ သည် “ ဘော ကောင်းသည် ကို ဤနောက်ပိုး မျက်နှာရူး နတ်သား သည် နောက်ပိုးသီချင်း နှင့် ဖျက် လာပြန်တော့မည် ၊ အရှက်နည်းလေစွ ” ဟု တီးတိုးကြ ၏ ။ မေးကြ၏ ။ မျက်စောင်း လည်း ထိုး ကြသတည်း ။ သုရိဝစ္ဆနတ်သမီး မှာ လည်း “ ဤ နောက်ပိုး နတ်သား အား ရှက်စရာကောင်း သောသီချင်း တို့ဖြင့် ဖွဲ့နွဲ့ ဦး မှာ တကား ” ဟု တစ်ကိုယ်တည်း ညည်းညူ၏ ။ ရှက် လည်း ရှက် ၏ ။ တခြား သို့ ထ သွားချင်၏ ။ သို့ရာတွင် နတ်သမီး တို့ ကာယိန္ဒြေ ပျက်ယွင်း မည် စိုးသဖြင့် ထိုင် နေရှာလေသတည်း ။
သို့ရာတွင် ပဉ္စသီခနတ်သား လည်း ဗလုဝစောင်း ကြိုး များ ကို စမ်းသပ် လိုက်သောအခါ နတ်ပရိသတ် တို့ လည်း ကြက်သေ သေလျက် နေကြလေသည် ။ အဘယ့်ကြောင့် ဆိုသော် ယခု ခတ် လိုက်သော နတ်စောင်း သံ မှာ ကြားနေကျ ဖြစ်သော ဥသဘ ၊ ဓေဝတ ၊ ဆဇ္ဇ ၊ ဂန္ဓာရ စသော နွားလားဥဿဘ ၊ မြင်း ၊ ဥဒေါင်း ၊ ဆိတ် တို့ မြည်သော အသံ နှင့် တူသော အသံများ မဟုတ် ။ တစ်ခါမျှ မကြားဖူးသေး သော ဘောသံ နှင့် တူသော သာယာသော အသံ ဖြစ်နေသော ကြောင့် ပင်တည်း ။ ပဉ္စသီခနတ်သား လည်း အောက်ခြေ နှင့် ခတ် လိုက်သော အသံ ၊ နှစ်ယောက်ကြား တွင် လု ကြ၍ မြည်ထွက်သော အသံ ၊ ဂိုးတိုင် ကို ထိရိုက် ၍ မြည်ထွက် လာသော အသံ အမျိုးမျိုး တို့ ကို တီး၍ ပြလေသတည်း ။ နတ် ပရိသတ် တို့သည် များစွာ နှစ်သက်ကြလေသတည်း ။ တစ်ဖန် သီဆို လိုက်သော သီချင်းမှာလည်း ကြား နေကျ ဖြစ်သော ပေါင်တန် ကဘယ်လို ၊ လည်ပင်း က ဘယ်သို့ ၊ ပန်းနှစ်ပွင့် က ဘယ်နည်း စသော သုရိယဝစ္ဆနတ်သမီး ကို ချီးကျူးသော စောင်းချင်း ဂါထာများ မဟုတ် ။ တစ်ခါမျှ မကြားဖူးသော ဂိုးစောင့်ကိုကိုလေး က ဘယ်လို ၊ ဆီဘာရတ် နှင့် လက်စထရိန်း တို့ ကဘယ်သို့ ၊ ဘွန်ဘောက် ၊ ကိုဧငွေ ၊ မန်ရိုး တို့ က ဘယ်နည်း ၊ ကိုယုတ်ကွင်း ၊ ကိုကံညွန့် ၊ ကိုဝင်း ၊ စတီဗင် ၊ ကိုမောင်ကလေး တို့ က ဘယ်လို ဘောလုံး ကို ယူပြီး ဘယ်လို ဂိုး သွင်းလိုက်တာ လား စသော တာဝတိံသာ ခေတ်စမ်းဘောသီချင်းများ ပင် တည်း ၊ ဩဘာသံကြီး လည်း ဆူညံ သွားလေသတည်း ။
ယင်းကဲ့သို့ ကသစ်သဘင် ၌ တာဝတိသာ ခေတ်စမ်း ဘောသံ ဘောသီချင်းများ ကို သီဆို တီးခေါက် ပြီးသည့် အဆုံး၌ သုရိယဝစ္ဆ နတ်သမီး လည်း ပဉ္စသီခနတ်သား ၏ နောက်သို့ ကောက်ကောက် ပါအောင် လိုက် သွားရာ နောင် အခါတွင် ၎င်းတို့ နှစ်ဦး သည် နတ်တို့ ၏ အခမ်းအနား ဖြင့် မင်္ဂလာ ဆောင်ကြလေသတည်း ဟူ၍ ။ အဲ - ဒါလိုများ ကိုယ် တို့ လူတွေ ရဲ့ ဂုဏ် ကို ရွှန်းရွှန်း ဝေ နေအောင် လေပေါပေါ နဲ့ လျှောက် “ ဖြီး ” လိုက် ရရင် သိပ္ပံကိုဝ က “ ကွယ့် ... ကိုဇော်ဂျီ ရဲ့ ၊ မောင့် စာ ဟာ လွန်လွန်းသည် ပင် ” လို့များ ပြောဦး မ လား မပြောတတ်ပါဘူးဗျာ ။
( ဘောလုံးပွဲ အောင်တော်မူ မှတ်တမ်း ၊ ၁၉၃၄ )
◾ ဇော်ဂျီ
📖 မြန်မာဝတ္ထုတို ( ၁၉၁၂ - ၁၉၆၄ )
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment