Tuesday, May 3, 2022

သူတော်ငတေ ၏ ဝရဇိန်လက်နက် မိုးကြိုးစက်


 

❝ သူတော်ငတေ ၏ ဝရဇိန်လက်နက် မိုးကြိုးစက် ❞

တစ်နေ့ ညနေပိုင်း၌ သူတော်ငတေ သည် ဗေဒင်သင် ကျောင်းသားကြီးများ အား

“ ခြောက်ရွာသူမ ရေခပ်လာ ၊ လမ်း က ခုနစ်ဖြာ ၊ ခပ်ပါလေ သူငယ်ချင်း ၊ တွင်း က သုံးတွင်း ” နှင့် “ အလံတစ်ရာ မြွေ တွင်းမှာခွေ ၊ တစ်နေ့ လက်ရှစ်သစ် ၊ ကျွန်တော်မ သက္ကရာဇ် ”

စသည်ဖြင့် ဗေဒင်ဉာဏ်စမ်း ပဟေဠိများ ကို အစမ်း တွက်ခိုင်းနေစဉ် နတ်ကတော် တစ်ယောက် နတ်ဝင်သည် တစ်ယောက် ၊ ပတ်တီး ဆရာ နှစ်ယောက်နှင့် ခေါစာပစ်သော သူ တစ်ယောက် သည် ကျွန်ုပ်တို့ ကျောင်း နား ဘက် ကို နတ်သီချင်း ပတ်သံချပ် ထိုး၍ ခေါစာပစ်ရန် လာနေကြသည် ။

ပတ်သံချပ် မှာ

“ ကိုင်းချောင်းနားမြှောင် ငကူတောင် ၊ ပန်းရောင်ဆိုး ဆေးခွေး ( --- ) လား ၊

ကွန်ပစ်ငါးရှာ မြစ်ချောင်းမှာ ၊ သေခါရေထဲ မောင် ( -- ) လား ၊

ကြက်တေအိပ်ငိုက် ကျားဝင်ကိုက် ၊
အ,ထစ် ရွှေသီး ( --- ) လား ၊

အလှလှ ဖြူနုမ ၊ ကြွရွနှံ့ပျံ ( --- ) လား ”

မြစ်ချောင်း ထဲ ငါး သွားရှာရင်း ရေနစ် သေ သူ ၊ ကြက်တေရင်း ကျား ကိုက်ခံရ၍ သေသူ ၊ စာရင်းငှား လယ်ကူလီ နှင့် ချစ်ကြိုက်နေကြ၍ မိဘများ သဘော မတူသဖြင့် ဆွဲကြိုးချ သေသွားသူ စသည် စသည် အသေဆိုး နှင့် သေခဲ့ကြသော နတ်စိမ်း တစ္ဆေများ ၏ နာမည်များ ကို ငယ်ကျိုးငယ်နာ ဖော်၍ ပတ်ဆရာ က ပတ်သံချပ် ထိုးပြီး တစ်ယောက် စီ ၏ အမည် ဖော်ပြောရန် မေး လာသည် ကိုလည်း ရွာထွက်ဝ ကပင် ကြား လာရ သည် ။

ပတ်ဆရာ က နတ်ဝင်ပူးနေ သူ တစ်ယောက်နှင့် နတ်ကတော် တို့အား မည်သည့် နတ် ဝင်ပူးနေသည် ၊ မည်သည့် နတ် ဖမ်းစားထားသည် ကို နတ်ပတ်သံချပ် ဆို၍ ဖော်ထုတ် မေးမြန်းလာရာ ကျွန်ုပ်တို့ ၏ ကျောင်းနား ရောက် သောအခါ ပတ်ဆရာ က -

“ မဲ ( မည်း ) မဘုတ်ဆုံ ဆောင်းမီးလှုံ ၊ ( --- ) မီးလောင် တက်တက် ပြောင်လား ” ဟု မေးပြီး ပတ်တီးသည် ။

ထိုအခါ နတ်ဖမ်းစား ခံရသူ အမျိုးသမီး နှင့် နတ်ကတော် တို့ မှာ တစ်ကိုယ်လုံး ယိမ်းထိုးကာ လှုပ်ပြီး ကျွန်ုပ်တို့ ကျောင်းတပ်စည်း နား ရှိ လမ်း မှ ကျောင်း နောက်ဘက် သို့ ပြေးလာနေကြသည် ။ နတ်ကတော် နှင့် နတ်ဝင်သည်မ တို့ ၏ ပါးစပ်ကလည်း

“ အလုံးကြီး အုန်းသီး ပေးပါ ၊ အဆစ်တို ကြံချိုစားမယ် ” ဟု တတွတ်တွတ် ရေရွတ် အော်ဟစ်လာ ကြသည် ။

ကျွန်ုပ်တို့ ၏ ကျောင်းနောက် တောင်ကမ်းပါးယံ စောင်း တွင် ပြပင် ကြီး တစ်ပင် ရှိသည် ။ ထို ပြပင်ကြီး တွင် မဲနက်မ မည်သော တစ္ဆေမ တစ်ကောင် ရှိသည် ဟု ယုံကြည်ကြသည် ။

ထို မဲနက်မ တစ္ဆေ မှာ လူ့ဘဝတုန်း က ဆောင်းတွင်း ၌ မီးလှုံရင်း အိမ် မီးလောင် ခံရပြီး သေသွားသူ ဖြစ်သည် ။ ထို မဲနက်မ မှာ ကျွန်ုပ်တို့ အဘိုးအဘီ လက်ထက် ကပင် ကျောင်း တောင်ဘက် ရှိ ပြပင်ကြီး တွင် နေသည် ဟု ဆိုသည် ။ မှောင်ရီဖျိုးဖျ မိုးချုပ်စ တွင် ကန်သို့ ရေခပ် သွား သူ ၊ ရေခပ် ပြန်လာ သူ များကို မကြာခဏ ခြောက်လှန့်တတ်သည် ။ ထို မဲနက်မ ဖမ်းစားခြင်း ၊ ဝင်ပူးခြင်းခံရသူများမှာ အုန်းသီး ၊ ကြံ တို့ ကို တောင်းသဖြင့် အုန်းသီး ၊ကြံ တို့ နှင့် ခေါစာ လာ ပစ်လေ့ ရှိကြသည် ။ မီးလောင် သေသော မဲနက်မ မှာ လူ့ ဘဝတုန်းကပင် အုန်းသီး နှင့် ကြံ ကို ကြိုက်နှစ်သက်သည် ဟု ဆိုသည် ။ ထို့ကြောင့်လည်း ယခု ပတ်ဆရာ က နတ်စဉ်ချ၍ မေးသောအခါ -

“ အလုံးကြီး အုန်းသီးပေးပါ ၊ အဆစ်တို ကြံချို စားမယ် ”

ဟု မဲနက်မ အမှန်တကယ် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလာသည် ။

ကျောင်း အနောက်ဘက် ရှိ တပ်စည်း ရေခပ်လမ်း နား သို့ သူတို့ ရောက်လာကြသောအခါ ဗေဒင်ဉာဏ်စမ်းပဟေဠိ တွက်နေကြသော ကျောင်းသားများ က ချက်ချင်း မတ်တတ်ရပ် ထ ကြည့်ကြသည် ။ သူတော်ငတေ က မူ နတ်ဆရာမ နှင့် ပတ်ဆရာ တို့ ကို ကြည့် နေပြီး ဆဲဆို ရေရွတ်လိုက်သည် ။

“ ကျောင်းနား ကန်နား လာပြီး အယုတ္တ အနတ္တတွေ ၊ ဟို မီးလောင် သေတဲ့ ကောင်မ ကို လည်း ဒီ အပင် မှာ မနေပါ နဲ့ ငါ နားကြားပြင်း ကတ်လာပြီ ၊ ပြောတာ မရဘူး ၊ ငါ နဲ့ တော့ တစ်နေ့ တွေ့ တော့မှာပဲ ”

“ အဲဒီ ပြပင်ကြီး မှာ မဲနက်မတစ္ဆေ တကယ်ကော နေလို့လား ဘဘ ”

ပြပင်ကြီး ရှိရာဘက် ကို နတ်သီချင်း ၊ ပတ်သံချပ်တွေ ညစ်တီးညစ်ပတ် ဆို၍ ထွက်သွားကြသော ခေါစာပစ်လာသူများ ကို လှမ်း ကြည့်ရင်း ကျောင်းသားကြီး တစ်ယောက် သူတော်ငတေ ကို မေးလိုက်သည် ။

“ ရှိလို့ပဲ ခဏခဏ လာပြီး ခေါစာ လာ လာ ပစ်နေကြတာ ၊ မင်းတို့ အမြင်ပဲလေ ”

“ ခေါစာ လာ ပစ်ကြတာကိုတော့ မြင်တာပေါ့ ဘဘ ။ ဒါပေမဲ့ ကျွန်တော်တို့တော့ နွေဆို ညကြီးမှောင်ကြီးလည်း ရေ သွားချိုးကြတာပဲ ၊ မဲနက်မ တစ္ဆေ ကို တစ်ခါမှ မတွေ့မိကြဘူး ။ အခြောက် လည်း မခံရဖူးပါဘူး မဲနက်မတစ္ဆေ က အဘ ကို တော့ ခြောက်ဖူးလား ”

“ ဒီကောင်မ ခြောက်တာ ငါ မှ မကြောက်တာ ၊ တစ္ဆေ ဝင် ပူး ခံရတယ် ၊ ဆိုတာ နတ်ဖမ်းစား ခံရတယ် ကြောက်တတ်တဲ့ လူ ကိုမှ ဖမ်းစားတတ်တာကွ ”

“ ဒါဆို မဲနက်မတစ္ဆေ ကိုတော့ အဘ မြင် ဖူးတာပေါ့ နော် ”

“ မြင်ဖူးရုံတင် ဘယ် ကမလဲကွ ၊ ဟို တစ်လောကလည်း ဒီလိုပဲ ပတ်ဆရာ နတ်ကတော်တွေ နဲ့  … ခေါစာ လာပစ်သွားကြတာ မင်းတို့ တွေ့ လိုက်မှာပေါ့ ”

“ ဟုတ်ကဲ့ ၊ တွေ့ပါတယ် ဘဘ ”

“ အေး ၊ ခု မင်းတို့ ကြားတဲ့အတိုင်းပဲ ကျောင်းနား က အယုတ္တ အနတ္တတွေ အော်ဟစ် သွားကြပြန်ပြီ ။ အဲဒါ ကြောင့် ငါ က ဒီ ကောင်မ ကို တို့ရဲ့ ကျောင်းနား မှာ မနေထိုင်ဖို့ အယုတ္တ အနတ္တ အသံတွေ နဲ့ ဘုန်းကြီး ရဟန်း ကျောင်းကန် နဲ့ လည်း မအပ်စပ်ပါဘူးလို့ ငါ သွား သွားပြောတာ လေးငါးခါ ရှိနေပြီး ၊ ဒါလည်းခုထိ မပြောင်းသေးဘူး ၊ ငါ သွား ပြောတော့ ငိုငိုရယ်ရယ်လေး နဲ့ သူ က မုဆိုးမ ပါ ။ လူ့ ဘဝတုန်းကပင် အသားမည်း အရုပ် ဆိုးရတဲ့ ထဲ မီးလောင်လို့ တစ်ခါ သေ တော့ တစ္ဆေဘဝ မှာ လည်း  ပိုမည်း ၊ ပိုပြီး အရုပ် ဆိုးနေလို့ ဘယ် တစ္ဆေ က မှ သူ့ ကို ယူမယ့် တစ္ဆေ ၊ လက်ခံမယ့် တစ္ဆေ မရှိလို့ နေစရာ မရှိ ဖြစ်ပြီး နေ နေရတာပါတဲ့ ”

သူတော်ငတေ ၏ စကား ကို ကျောင်းသားများ က ဝိုင်း ရယ်ကြသည် ။

“ အေး ၊ နင် ဒီ ကျောင်းကန်ဇရပ်နား က ပြောင်းမလား မပြောင်းဘူးလား ။ ။ဒီ ည တစ်ခါ ငါ သွား မေးဦးမယ် ။ ခုနကမှ ပတ်ဆရာတွေ ကလည်း အယုတ္တ အနတ္တ တွေ ကျောင်း နား က အော်ဟစ် သွားကြတော့ ပို ပြီး ပြောအားရှိတာပေါ့ ။ ပြောင်း ရင် ပြောင်း မပြောင်းရင် ဒီ ကောင်မ ကို ငါ ဝရဇိန်လက်နက် နဲ့ ပစ်ခိုင်းရတော့မယ် ”

ကျောင်း နား က ပြပင်ကြီး တွင် နေ နေသည် ဆိုသော မည်းနက်မ တစ္ဆေ ကို သိကြားမင်း အား မိုးကြိုး ပစ်ခိုင်းဦးမည် ဟု ဆိုသော သူတော်ငတေ ၏ စကား ကိုကျောင်းသားများ က အံ့ဩတကြီး ပင် ဖြစ်သွားကြသည် ။

“ တကယ်လားဟင် ဘဘ ”

“ ခက်လိုက်တာ တကယ်ပါဆို ။ ခု မင်း တို့ မြင်တဲ့ သိတဲ့ အတိုင်းပဲ ။ ငါ့ မှာ မိန်းမ ရှိလား ”

“ မရှိပါဘူး ဘဘ ”

“ ကျောင်းကြီး ပေါ် က ဆရာတော် မှာ ကော ”

“ ဟာ ဘုန်းကြီး မှာ ဘယ်က မိန်းမ ရှိ ရမှာလဲ ဘဘ ”

“ အေး ၊ တို့ မှာ မိန်းမ မရှိတော့ သီလ ၊ သမာဓိ ရှိတယ် ။ ဒီတော့ သမာဓိ ရှိတဲ့ လူ က ခိုင်းရင် သိကြားမင်း လည်း မနေနိုင်ဘူး ။ အေး အဲဒါကြောင့်လည်း တို့ လူ့ပြည် က လူ တွေ သီလ ၊ သမာဓိ ရှိခဲ့ကြရင် သိကြားမင်း ကို ခိုင်း လို့ အကူအညီ တောင်း လို့ ရတယ် ၊ ဇာတ်တော် ထဲ မှာ သီလဝတီ မင်းသမီးလေး ကို သိကြားမင်း ဆင်း လာ ကယ်တာ ကုန်ခဲ့တဲ့ နှစ် က မင်းရွာဘုရားပွဲ မှာတောင် ဇာတ် ကပြသွားသေးတယ် မဟုတ်လား ၊ လူမင်း ဘုန်းကြီး တော့ နတ်မင်း မနေနိုင်ဘူး ဆို မဟုတ်လား ”

“ ဟုတ်ကဲ့ပါ ဘဘ ”

“ အဲဒါကြောင့် ခုလည်း ဒီ မိစ္ဆာမ ကို မိုးကြိုး ပစ်ပေးဖို့ ဘဘ သိကြားမင်း ကို အကူအညီ တောင်းရလိမ့်မယ် ၊ မင်း တို့ မယုံရင် စောင့်သာ ကြည့်ကြတော့ ”

ဟု သူတော်ငတေ က ပြောလေသည် ။

•••••   •••••   •••••

သည်လိုနှင့် မိုးဦးကျစ တစ်နေ့သ၌ သူတော်ငတေ ၏ လက်ရင်းတပည့် ဖြစ်သူ ဒေါင်းသိန်း သည် ခရုမျက်ပြဲ သုံးလေးလုံး ကို ခါးပိုက်ထောင်ထဲ ထည့် ယူလာပြီး ကျောင်းရေသုံးခန်း အောက်ရှိ မြေပျော့ပျော့ ထဲ ထိုးဝှက် နေသည်ကို ကိုရင်သာဗြည့် က သွား တွေ့သည် ။

“ ဘာလုပ်မလို့လဲ ကွ ”

ဟု ကိုရင်သာဗြည့် က မေးရာ

“ ဟင်းမကောင်း ရင် ဖုတ်စားမလို့ ”

ဟု ဒေါင်းသိန်း က ရယ်ကျဲကျဲ နှင့် မလုံမလဲ ပြော၏ ။

ခရုမျက်ပြဲ များ မှာ နွေလ ဆိုလျှင် လယ်ကွင်း ထဲ မြုပ် နေတတ်သည် ။ မိုးဦးကျ မိုးရွာ၍ မြေ ပျော့သွားမှ မြေထဲ က ထွက်လာတတ်ကြ၏ ။ ယခု ဒေါင်းသိန်း ဤ ခရုများ ကို လယ်ကွင်း ထဲ မှ တူးယူလာပုံ ရ၏ ။

ဒေါင်းသိန်း မှာ သူတော်ငတေ ၏ အန္တဝါသိက ပီပီ သူ့ ဆရာ ကို အတု လိုက်၍ မဟုတ်တရုတ် လုပ်ကြံပြော မှန်းသိသဖြင့် ကိုရင်သာဗြည့် လည်း ဆက် မမေး ၊ ဆက် ကြည့်မနေတော့ဘဲ ကျောင်းအပေါ် သို့ တက်လာလေသည် ။

နောက် တစ်ရက် နှစ်ရက် အကြာ မှာ ပင် သူတော်ငတေ ၏ လက်ရင်း တပည့်ကြီး ဖြစ် သူ နေဆန်း က လက်ညှိုးနီးပါး ရှိသော မျှော့ကြီးတစ်ကောင် ကို ဘုန်းကြီးရေချိုးရုံ နား မြေပျော့ ထဲ တူး မြှုပ်နေပြန်၏ ။

ဤသည်ကိုလည်း ကုဋီ တက်ရာမှ ပြန် လာသော ဦးပဉ္စင်းကြီး သောဘဏ က တွေ့ သွားလေသည် ။

“ ဟေ့ကောင် ၊ မျှော့ကြီးပါလား ၊ မရွံမရှာ ဘယ်က ယူလာတာတုံး ” ဟု မေးရာ -

“ ဦးဇင်းတို့ ကို တပည့်တော် ဟင်းချိုချက် တိုက် မလို့ ကျွဲလူးအိုင် ထဲ ဖမ်းလာတာ"

ဟု နေဆန်း က ခပ်တည်တည် ဖြင့် ပြောပြန်သည် ။

မျှော့ မှာလည်း ရေ နှင့် မထိလျှင် အသေ လို မြေပျော့ ထဲ မလှုပ်မယှက် နှစ် နှင့် ချီ၍ မြေထဲ နေနိုင်သော အကောင် ဖြစ်သည် ။ ရေ နှင့် ထိ မှ လှုပ်ရှား လာတတ်သည် ။

“ ခွေးကောင် ငတေ တပည့် ၊ ငရဲကြီး ငအုံကြီး ပေါက်တတ်ကရ ၊ မျှော့ များ ကျွဲလူးအိုင် ထဲ သွား ဖမ်းလာရတယ်လို့ ၊ ဘုန်းကြီး သိရင် နင် ကျော ကွဲလိမ့်မနော် ”

ဦးပဉ္စင်းကြီး က လည်း နေဆန်း ကို ဤမျှသာ ပြောပြီး လှည့်ထွက်လာခဲ့သည် ။

ထိုအချိန် ထိ သူတော်ငတေ နှင့် သူ့ လက်ရင်း တပည့်ကြီးတို့ ၏ လျှို့ဝှက်ချက် ဂမ္ဘီရ ကို မည်သူ တစ်ဦးတစ်ယောက် မျှ မရိပ်မိကြသေး ။ ထို့နောက်မှာ ငထီး ၊ ဒေါင်းသိန်း နှင့် နေဆန်း တို့ သည် ခရု နှင့် တွေသာ မဟုတ် ယင်ရိုင်းမည်းမ ၊ ကျွတ် ၊ တီ ၊ လိပ်ပြာ စသည်တို့ ကိုလည်း ရှာဖမ်းပြီး စုစည်း မွေးမြူ ထားကြသည်ကို မည်သူမျှ မသိကြရအောင် လျှို့ဝှက်လုပ်ဆောင် နေကြလေသည် ။

သူတော်ငတေ ၏ လက်ရင်းတပည့် သုံးယောက် က ထိုသို့ ပေါက်ကရ အကောင်ဗလောင်တွေ ကို ရှာဖွေ မွေးမြူနေကြချိန် တွင် ဆရာတေ က ဖယောင်းဖြူ ၊ ဖယောင်းမည်းများ ကို ရှာ၍ ဆင်ရုပ် တစ်ရုပ် နှစ်ရုပ် လုပ်နေသည်ကိုတော့ ဗေဒင်သင် ကျောင်းသားများ အားလုံး မြင်မိ တွေ့မိနေကြသည် ။

ထိုအခါတွင် မသိသော ဗေဒင်သင် တပည့်များ က

“ ဘဘ ၊ အဲဒီ ဆင်ဖယောင်းရုပ်တွေကို ဘာ လုပ်မလဲ ” ဟု မေးကြရာ

“ ဘဘ ကလည်း ခု သူငယ် ပြန်ချင်သလို တွေ့လို့ ဆင်ရုပ်ကလေးတွေ လုပ် ကစားနေတာ ဟ ၊ နင် တို့ အိမ် တွေမှာ ဖယောင်းမည်း ဖယောင်းဖြူတွေများ ရှိရင် ဘဘ ကို ယူလာပေးကြပါကွယ် ” ဟု ဆို ပြန်သည် ။

ကျွန်ုပ်တို့ အရပ်တွင် တောတောင် ထူထပ်သဖြင့် ပျားဖယောင်း မှာ အိမ်တိုင်းလိုလို ၌ ရှိကြ၏ ။ အထူးသဖြင့် သင်္ကြန် ရက် နီးလျှင် ရွာသားများ က သူတို့ တောထဲတောင်ထဲ တွေ့ထားကြသော ပျားအုံများ ကို သင်္ကြန်တွင် မုန့်ကြာစေ့ လုပ်ရန် သွား ဖွပ်တတ်ကြသည် ။ ကျွန်ုပ်တို့ ဆီတွင် မုန့်ကြာစေ့ ကို သကြား ၊ ကြံသကာ ထန်းလျက် တို့ နှင့် မလုပ်ကြဘဲ ပျားရည် ပေါများသော အရပ် ပီပီ ပျားရည် နှင့် သာ မုန့်ကြာစေ့ ကို ချက်တတ်ကြသည် ။

အထူးသဖြင့် မုန့်ကြာစေ့ လုပ်ရသော ပျားများ မှာ ဖယောင်းဖြူ မှ ရသော သစ်ခေါင်းပျား ခေါ် ပျားရည်ချို ဖြစ်သည် ။ ပျားရည် တိုင်း ကား ချိုသည်ချည်း မဟုတ် ၊ မွေးလိမ်ပျား နှင့် ယင်ပျား တို့မှာ ဖယောင်းမည်း သာ ရသလို အချို နည်းသည် ။ အချဉ် ကဲတတ်သည် ။ ထို့ကြောင့် မွေးလိမ် ၊ ယင်ပျား တို့ နှင့် ချက်လုပ်ကြသော မုန့်ကြာစေ့ မှာ တစ်မွန်းတည့် သာ ခံပြီး ညနေပိုင်း သို့ ရောက် ပါက ချဉ် သွား တတ်သဖြင့် မွေးလိမ်ပျား ၊ ယင်ပျား တို့နှင့် မုန့်ကြာစေ့ ကို ချက်လေ့ ချက်ထ မရှိကြပေ ။

ယခု သူတော်ငတေ က ပျားဖယောင်း တောင်း သောအခါ ကျောင်းသားများ သည် အိမ်က ဖယောင်းဖြူ ၊ ဖယောင်းမည်း များ ကို ယူလာပြီး သူတော်ငတေ ကို ပေးကြသည် ။ ထို့ကြောင့်လည်း သူတော်ငတေ သည် ပျားဖယောင်း ကို ဆင်မည်း ၊ ဆင်ဖြူ  ၊ အရုပ် နှစ်ရုပ် လုပ်နေကြောင်း ကျောင်းသားများ က သိကြရခြင်းဖြစ်သည် ။

သည်လိုနှင့် သင်္ကြန် လွန်ပြီး မိုးဦးကာလ ဆီ သို့ ရောက်လာ၏ ။

ပထမဦးဆုံး ၌ မိုးသား တိမ်လိပ်တွေ စပြီး တက်လာသော နေ့တွင် သူတော်ငတေ နှင့် သူ့ လက်ရင်း တပည့်ကြီး သုံးယောက် တို့ သည် ဆေးမြစ်ရှာရန် တော ထဲ ထွက်သွားကြလေသည် ။ ခါတိုင်းလည်း အဖိတ် ၊ ဥပုသ် ကျောင်းပိတ်ရက်များ တွင် သူ့ တပည့်ကြီးများ နှင့် သူတော် တို့ မှာ ဤကဲ့သို့ပင် သွားနေကျ ဖြစ်သဖြင့် မည်သူကမျှ အလေးဂရု မပြုမိလိုက်ကြ ။

ညနေ လေးနာရီ မထိုးမီ သူတော်ငတေ နှင့် သူ့ တပည့်ကြီး သုံးယောက် တို့ ကျောင်း သို့ ပြန် ရောက်လာကြသည် ။ သို့သော် ယခင် ရက်များ ကလို သူတို့ ဆီ ၌ ဆေးမြစ်ဆေးပင် များများ ပါ မလာသည်ကိုလည်း မည်သူမျှ သတိ မထားမိလိုက်ကြပြန်ချေ ။ သူတို့ သည် ကျောင်း ကို ပြန်ရောက်သည် နှင့် မိုးပေါ် မော့ကြည့် လိုက် ဤနေ့ မိုးရွာနိုင် ၊ မရွာနိုင် ကို မိုး ၊ စေ့ ၊ အံ့ ၊ ခါ ၊ ရွာတုံ ၊ သာ လည်း မိုးကိန်း ချ၍ တွက်လိုက် မိုး ရွာလာလျှင် မည်သည့် အတိုင်းအတာ ထိ ရွာ နိုင်သည် ကိုလည်း ကြာဖက်အင်း ၊ သူကောင်မျော စသည် ဖြင့် တွက်ချက် လုပ်နေကြသည် ။

မကြာမီ မှာ ပင် မိုးဖွားလေးတွေ တဖြောက်ဖြောက် ကျ လာ၏ ။

ထိုအခါ သူတော်ငတေ နှင့် သူ့ တပည့် သုံးယောက် တို့သည် မိုး တွက်ကိန်း တွက်ချက် နေကြသော သူတော်ငတေ ၏ ဖိုရုံ ထဲ မှ ကမန်းကတန်း ထွက် လာကြကာ ကျောင်းနောက်ဘက် ရှိ မဲနက်မ တစ္ဆေ နေသည် ဆိုသော ပြပင်ကြီး ဘက် ကို ဒေါင်းသိန်း က ပုဆိုး ခြုံ ၍ ပြေးသွားလေသည် ။ ဘာ သွားလုပ်သည် ကိုမူ မည်သူမျှ မသိကြ ။ သူတော်ငတေ နှင့် ကျန် တပည့်များ က ဒေါင်းသိန်း ပြေးသွားရာ ပြပင်ကြီး ဘက် လှမ်း ကြည့် နေကြသည် ။ ခဏအကြာ မှာ ပင် ပြပင်ကြီး အောက် မှ ဒေါင်းသိန်း ပြေး ချ လာသည် ။

ဒေါင်းသိန်း သူတော်ငတေ တို့ အနား အရောက် မှာ ပင် လျှပ်စီးတွေ တဝင်းဝင်း လက် လာကာ မိုးကြိုးပစ်ချ လိုက်သလို နား ကွဲလု မတတ် ကြား လိုက်ကြရသည် ။ သို့သော် ထို အချိန်ထိ သူတော်ငတေ နှင့် သူ့ တပည့်ကြီး တို့ မှာ မိုးကြိုးစက်ကွင်း သွား ဆင်ကြသည်ကို မည်သူမျှ မရိပ်မိကြသေး ။

မိုးဦးကျ မိုး ရွာလာလျှင် လျှပ်စီး လက်ခြင်း ၊ မိုးကြိုး ပစ်ချခြင်းတို့မှာ နှစ်စဉ်နှစ်တိုင်း ပင် ဖြစ်ပေါ်နေကျ ဥတု သဘာဝ မို့ သူတော်ငတေ နှင့် သူ့ တပည့်ကြီး တို့ ၏ အနေအထိုင် ထူးခြားနေသည် ကို ပင် များစွာ ဂရု မထားမိလိုက်ကြ ။

ညနေ ငါးနာရီကျော် ခန့်တွင် လျှပ်စီး တဖျပ်ဖျပ် လက် ပြီး၍ ပစ်ချလိုက်သော မိုးကြိုး မှာ ကျွန်ုပ်တို့ ကျောင်း နှင့် နီးသဖြင့် မြေကြီးတွေပင် တုန်ခါသွားကာ ကျောင်းကြီး ပင် ယိမ်းလှုပ်သွား သလို ခံစား လိုက်ကြရသည် ။

ဤတစ်ခါ ပစ်ချလိုက်သော မိုးကြိုး မှာ ကျောင်း ၏ နောက်ဘက် ချောက် နှုတ်ခမ်း တောင်စောင်းပေါ်ရှိ မဲနက်မ တစ္ဆေ နေသည် ဆိုသော ပြပင်ကြီး ကို ပစ်ချခြင်း ဖြစ်သည် ။

ပုဆိုး တစ်ပတ်စာခန့် ရှိသော ပြပင်ကြီး မှာ အပေါ် သုံးပုံတစ်ပုံ ၏ ကိုင်းရင်း မှ ကျိုးကျသွားသည် ။ မိုးကြိုးသွား သည် ပင်စည်ကြီး ကို အရင်းထိ တိုင် လှည့်ပတ်ရစ်ဆင်း သွားသည် ။ ပင်စည်လုံးပတ် မှ တစ်ထွာ နီးပါးရှိသော အက်ကွဲကြောင်း အထဲ က သစ်ခေါက်ခွံတွေ မှာ ဘေးသို့ လွင့်စဉ် ထွက်ကျကုန်သည် ။

ထိုအခါတွင် မှ ကျွန်ုပ်တို့ ကျောင်းသား အားလုံး မှာ လွန်ခဲ့သော နှစ်လလောက် တုန်းက သူတော်ငတေ ပြောဖူးသည့် မဲနက်မ တစ္ဆေ အား သိကြားမင်း ကို မိုးကြိုး ပစ်ခိုင်းရမည် ဆိုသော စကား ကို သတိရသွားကြသည် ။ တစ်နေ့လုံး ဂနာမငြိမ် ဖြစ်နေကြသော သူတော်ငတေ နှင့် သူ့တပည့်ကြီး သုံးယောက် တို့ ကိုလည်း ကျွန်ုပ်တို့ ကျောင်းသား အားလုံး တို့ က ထိုအချိန်ကျမှ သတိရ ဝိုင်းကြည့်မိကြသည် ။

မဲနက်မတစ္ဆေ နေ သည် ဆိုသော ပြပင်ကြီး ကို မိုးကြိုး ပစ်ချလိုက်သော အခါ သူတော်ငတေ ၏ ပင်ကို မချိုမချဉ်မျက်နှာ က စပ်ဖြဲဖြဲ ဖြစ်လာပြီး သူ့ အနားတွင် မတ်တတ် ရပ်ပြီး သူတော်ငတေ နှင့် အတူ ပြပင်ကြီး ကို လှမ်း ကြည့်နေသော ငထီး အား သူတော်ငတေ က

“ ဟေ့ကောင် မှော်ဆရာ ၊ မင်းတို့ လုပ်လိုက်တာနဲ့ ဒုက္ခပဲကွ ”

ဟု ပြော ကာ တင်ပါး ကို လက် နှင့်ပွတ် ပြီး သူ့ ဖိုရုံ ထဲ ဝင် သွားလေသည် ။

◾ ဝေယံလင်းခေါင်

📖 သူတော်ငတေ ၏ ပိတုန်းတစ်ထောင် နှင့် အခြားဝတ္ထုတိုများ

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment